အမည် - ကျန်းမင်
ကျင့်ကြံခြင်း အဆင့် - အဆင့် ၇
ဂုဏ်ထူးဆောင် -
အဆင့် ၃ - စင်မြင့် ၆ ခု မှတ်တမ်း၊ လှေကားထစ် ၂၁ ဆင့် မှတ်တမ်း၊ အထူးစွမ်းရည် ၉၉၂ ယူနစ်
အဆင့် ၄ - စင်မြင့် ၆ ခု မှတ်တမ်း၊ လှေကားထစ် ၁၅ ဆင့် မှတ်တမ်း
အဆင့် ၇ မှာ မူလဝိညာဉ် အဆင့်နှင့် ညီမျှပြီး ကျန်းမင်က စေတီ၏ ပဉ္စမမြောက် အထပ်သို့ ရောက်ရှိလာခဲ့လေပြီ။
သူ ဘာမှ မစမ်းသပ်ရသေးခင် ရင်ပြင်ပေါ်သို့ ရောက်သည်နှင့် သူ့အရှေ့တွင် လူနှစ်ယောက် ရှိနေသည်ကို တွေ့လိုက်ရ၏။
တစ်ယောက်မှာ သိသာထင်ရှားစွာပင် မိစ္ဆာ တစ်ကောင် ဖြစ်သည်။ သူ့ခေါင်းပေါ်တွင် ချိုနှစ်ချောင်း ရှိပြီး ကျောဘက်တွင် အတောင်ပံ နှစ်ဖက်နှင့် သံမဏိ ကြိမ်လုံးကဲ့သို့ အမြီးတစ်ခု ပါရှိ၏။ သူ့အနား ကပ်လာသူတိုင်း ကြက်သီးထသွားစေမည့် မှောင်မိုက်သော မိစ္ဆာ အငွေ့အသက်များကလည်း သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထားသသည်။
"ဒီ မိစ္ဆာ အငွေ့အသက်တွေက..."
ကျန်းမင်က သူ့ရှေ့ရှိ မိစ္ဆာကို ကြည့်ရင်း အံ့အားသင့်သွားရသည်။
'ဒီ မိစ္ဆာ ထုတ်လွှတ်နေတဲ့ မိစ္ဆာ အငွေ့အသက်က အန္တိမအဆင့် ဖြစ်တဲ့ ချင်းမင်ထက်တောင် ပိုပြင်းထန်နေသေးတယ်...'
မိစ္ဆာ၏ ဘေးတွင် ရပ်နေသူမှာ မိန်းမငယ်လေး တစ်ဦး ဖြစ်သည်။ သူမထံမှ မင်းမျိုးမင်းနွယ် အငွေ့အသက်များ ထွက်ပေါ်နေပြီး မျက်လုံးများက ကြယ်ရောင်များကဲ့သို့ တောက်ပကာ သွားများက ပုလဲလုံးများကဲ့သို့ ဖြူဖွေးနေ၏။ မြင့်မြတ်သော အလင်းတန်းများက သူမကို ဝန်းရံနေပြီး ပို၍ပင် လောကီကမ္ဘာနှင့် မသက်ဆိုင်သလို ထင်ရစေသည်။
သူမက တစ်ချက်ကြည့်ရုံဖြင့် လူတိုင်း၏ နှလုံးသားကို အရည်ပျော်သွားစေနိုင်လောက်အောင် ချစ်စရာ ကောင်းလွန်းလှပေသည်။
ကျန်းမင် အမြင်အရ သူမက အသက် နှစ်ဆယ့်ရှစ်နှစ် ခန့်သာ ရှိသေးသည်။
"အဖော်အသစ် တစ်ယောက် ရောက်လာပြန်ပြီပဲ..."
မိန်းကလေး၏ တက်ကြွသော အသံလေး ထွက်ပေါ်လာပြီး ကျန်းမင်ကို အတွေးကမ္ဘာထဲမှ ဆွဲထုတ်လိုက်၏။ သူမက အပြုံးတစ်ခု ဖန်တီးကာ ကျန်းမင်ဆီ လျှောက်လာသည်။
"ဒီကို ရောက်တာ ဒါ ပထမဆုံးအကြိမ်ပဲလား"
'ပထမဆုံးအကြိမ်... ဒါဆို သူမကကော အထွတ်အထိပ် စေတီကို လာတာ ဒါ ပထမဆုံးအကြိမ်လား...' ကျန်းမင် တွေးလိုက်မိသည်။
သူ့ရှေ့ရှိ မိန်းမငယ်လေးမှာ အပြစ်ကင်းစင်သော အသွင်အပြင် ရှိသော်လည်း ထိုသည်မှာ ဟန်ဆောင်မှုတစ်ခု ဖြစ်နိုင်ချေ ရှိပေသည်။ သို့သော် သူ့ အကဲခတ်မှုအရ ထိုသို့ ဖြစ်နိုင်ချေ အလွန် နည်းပါးလှကြောင်း တွေးမိလိုက်၏။
"မဟုတ်ပါဘူး... ငါက အောက်ထပ်ကနေ တက်လာတာပါ"
မိန်းကလေး၏ မေးခွန်းကို ဖြေကြားပြီးနောက် သူက လူသား လမ်းစဉ်မှတ်တမ်းကို ဖွင့်ကြည့်လိုက်သည်။
အမည် - တုန်ဖန်းချန်းရှီ
လူမျိုး - လူသား
လိင် - မ
ကျင့်ကြံခြင်း အဆင့် - မူလဝိညာဉ် အဆင့်
နောက်ခံသမိုင်း - ရွှမ်ဟွမ် မဟာစကြာဝဠာမှ ကောင်းကင်ဘုံ ဧကရာဇ် တုန်ဖန်း၏ သမီးတော်
ရင်းနှီးမှု အဆင့် - ၅၂
မွေးရာပါ ပါရမီ - အင်မော်တယ် (မွေးရာပါ သူတော်စင် တာအိုခန္ဓာကိုယ်)
အခြေအနေပြ မှတ်တမ်း - သူမ မမွေးဖွားမီကပင် ဖခင်ဖြစ်သူက သူမ ကိုယ်တွင်း၌ ကမ္ဘာလောကငယ် တစ်ခုကို ဖန်တီးပေးခဲ့သည်။ လောကီကမ္ဘာမှ သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေကြီး၊ လေ၊ မိုးကြိုး၊ အလင်း၊ အမှောင်၊ လဟာပြင်နှင့် အချိန် ဟူသော အခြေခံ တာအို ကြိုးတန်း ဆယ့်တစ်မျိုးလုံး အပြင် ကမ္ဘာလောကငယ်၏ မူလစွမ်းအင်များကိုပါ ထုတ်ယူ၍ သူမ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ထည့်သွင်းပေးခဲ့သည်။
ထို့နောက် ကြီးမားလှသော မြင့်မြတ်သည့် စွမ်းအားများဖြင့် အကြိုအင်မော်တယ်ကို ဖိနှိပ်ထားပြီး သူမ၏ အသက်ဝိညာဉ် အနက်ရှိုင်းဆုံး နေရာအထိ စွမ်းအင် အမြောက်အမြား ထိုးသွင်းပေးခဲ့၏။ အကယ်၍ သူမက မူလဝိညာဉ်ကို စတင် ဖွဲ့စည်းနေဆဲ မဟုတ်ဘဲ ချိတ်ပိတ်ခံမထားရပါက မွေးမွေးချင်း အင်မော်တယ် တစ်ပါး အဖြစ် တိုက်ရိုက် မွေးဖွားလာသင့်ပေသည်။ ငယ်စဉ်ကတည်းက စိတ်ဆန္ဒစွမ်းအားနှင့် အထူးစွမ်းရည်များကို စတင် လေ့ကျင့်ခဲ့သည်။ အသက် နှစ်ဆယ့်ရှစ်နှစ် အရွယ်တွင် အထွတ်အထိပ် အမိန့်တော်ကို ရရှိခဲ့ပြီး ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
ကျန်းမင်လည်း အလွန် အံ့အားသင့်သွားသဖြင့် ဘာမှတ်ချက် ပေးရမှန်းပင် မသိတော့ချေ။ တကယ်တမ်း သူမကို မနာလိုပင် ဖြစ်မိသွားသည်။ မည်သို့ပင်ဆိုစေ သူမက မဟာစကြာဝဠာမှ လာသူ ဖြစ်ရုံသာမက မမွေးဖွားမီကပင် ကိုယ်တွင်း၌ ကမ္ဘာလောကငယ် တစ်ခု ပိုင်ဆိုင်ထားသည် မဟုတ်ပါလား။ သူမတွင် မွေးရာပါ သူတော်စင် တာအိုခန္ဓာကိုယ် ရှိပြီး မွေးမွေးချင်း အင်မော်တယ် တစ်ပါး ဖြစ်သင့်သူပင်။ ယခုအခါ အထွတ်အထိပ် အမိန့်တော်ကိုပါ ရရှိထားလေပြီ။
"ရှင်က အောက်ကနေ တက်လာတာလား... မိုက်တာပေါ့... ကျွန်မ နာမည်က တုန်ဖန်းချန်းရှီပါ... ရှင့်နာမည်က ဘယ်သူလဲ"
"ငါ့နာမည် ကျန်းမင်ပါ"
"ဒါဆို ရှင့်ကို အစ်ကိုကျန်းလို့ပဲ ခေါ်မယ်နော်... ဘယ်လို သဘောရလဲ"
"ဒါဆိုရင်တော့ ဝမ်းသာရမှာပေါ့"
"ဒီနေရာ အကြောင်း နည်းနည်းလောက် ပြောပြနိုင်မလား"
"ရတာပေါ့"
ကျန်းမင်က နားရွက်တိုင်အောင် ပြုံးဖြီးနေရင်း ပြန်ဖြေလိုက်၏။
သူက ဆိုဖာတစ်လုံး၊ ဝိုင်တစ်ပုလင်းနှင့် အိမ်သုံး ရုပ်ရှင်ကြည့်စနစ် တစ်ခုကို ထုတ်ယူသည်။ ထို့နောက် စက်ကို ဖွင့်ကာ သီချင်း ဖွင့်တော့၏။
"ဝါး... ဒါတွေက ဘာတွေလဲ"
တုန်ဖန်းချန်းရှီက မျက်လုံးများ အရောင်လက်သွားပြီး မေးလာသည်။
ကျန်းမင်လည်း အစားအသောက်နှင့် ဝိုင်များကို တည်ခင်းရင်း သူမကို တစ်ခုချင်းစီ သေချာ ရှင်းပြနေတော့သည်။
လူသား လမ်းစဉ်မှတ်တမ်းကျမ်းပေါ်တွင် သူတို့၏ ရင်းနှီးမှု အဆင့်က တက်လာပြီး တစ်နာရီ အကြာတွင် ၇၅ သို့ ရောက်ရှိသွားလေပြီ။
'ဒါ သိပ်ကောင်းတာပဲ...'
ဘေးရှိ မိစ္ဆာမှာ အခြား ကမ္ဘာလောက တစ်ခုမှ လာသူ ဖြစ်ကြောင်း ကျန်းမင် သိထားသည်။ သူ့တွင် ကြယ်ဆယ်ပွင့် မွေးရာပါ ပါရမီ ရှိပြီး ဤနေရာတွင်တော့ ကြယ်ဆယ်ပွင့် သို့မဟုတ် ယင်းထက် ပိုမြင့်သော ပါရမီ ရှိသူများ အားလုံးမှာ အင်မော်တယ်များ ဖြစ်ကြောင်း ကျန်းမင် နားလည်ထား၏။
"အစ်ကိုကျန်း... ကျွန်မ ကောင်းကင် တိုက်ပွဲစင်မြင့် ဒါမှမဟုတ် ကောင်းကင် လှေကားထစ်ကို အရင် စမ်းသင့်တယ်လို့ ထင်လဲ"တုန်ဖန်းချန်းရှီက မေးလာသည်။
"ငါ ထင်တာကတော့ ညီမလေး အနေနဲ့ ကောင်းကင် လှေကားထစ်ကို အရင် စမ်းသင့်တယ်... အဲ့ဒါက ညီမလေးရဲ့ စိတ်စွမ်းအားကို စမ်းသပ်ပေးပြီး ကိုယ့်ရဲ့ ကန့်သတ်ချက်ကို ပိုသိလာစေလိမ့်မယ်" ကျန်းမင်က အကြံပြုချက်ပေးသည်။
"ဟုတ်ပြီလေ... ဒါဆို ကောင်းကင်ဘုံ လှေကားထစ်ကိုပဲ စမ်းလိုက်မယ်"
တုန်ဖန်းချန်းရှီက ကောင်းကင်ဘုံ လှေကားထစ်ဆီသို့ ဦးတည်သွားတော့သည်။
ကျန်းမင်က သူမ နောက်မှ လိုက်သွားရင်း စိတ်ထဲတွင် မှတ်ချက်ချမိ၏။
'တကယ်ကို အပြစ်ကင်းတဲ့ မိန်းမငယ်လေးပဲ... သူမသာ ငါ့ကမ္ဘာကို ရောက်လာရင် သေချာပေါက် အလိမ်ခံရမှာ...'
"အစ်ကိုကျန်း... ကျွန်မ သွားတော့မယ်နော်" တုန်ဖန်းချန်းရှီက ပြောလိုက်သည်။ ထို့နောက် ကျောက်စိမ်းဖြူများဖြင့် ပြုလုပ်ထားသော လှေကားထစ်များပေါ်သို့ တက်လှမ်းသွား၏။ သို့သော် သူမက ဘာဒဏ်မှ မခံရသကဲ့သို့ တစ်ဆင့်ပြီး တစ်ဆင့် အလွယ်တကူ တက်လှမ်းသွားတော့သည်။
ကျန်းမင်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားရလေပြီ။
ဤသည်မှာ အထွတ်အထိပ် စေတီ၏ ပဉ္စမမြောက် အထပ် ဖြစ်သည်။ ၎င်းက အဆင့် ၇ ကျင့်ကြံခြင်း သို့မဟုတ် မူလဝိညာဉ် အဆင့်နှင့် ညီမျှပေသည်။
ကောင်းကင်ဘုံ လှေကားထစ် ပထမ အဆင့် အနည်းငယ်မှာပင် အန္တိမအဆင့်၏ စိတ်ဆန္ဒစွမ်းအား လိုအပ်လှသည်။ သို့သော် တုန်ဖန်းချန်းရှီကတော့ အနည်းငယ်မျှပင် တုန်လှုပ်ခြင်း ရှိမနေချေ။
မကြာမီမှာပင် သူမက ကိုးဆင့်မြောက် အထပ်သို့ ရောက်ရှိသွားခဲ့သည်။
ဆယ်ဆင့်မြောက် အထပ်သို့ ခြေလှမ်းလိုက်သည့် အချိန်တွင် သူမ တစ်ခဏမျှ ရပ်တန့်သွား၏။ ထို့နောက် ခေါင်းလှည့်ကာ ကျန်းမင်ကို လှမ်းအော်ေပြာသည်။
"အစ်ကိုကျန်း... ဒီရောက်မှ တစ်ခုခုကို စတင် ခံစားလာရပြီ"
"တော်တယ်... ဆက်ကြိုးစားပါဦး"
ကျန်းမင်က ပြန်ဖြေလိုက်သော်လည်း စိတ်ထဲတွင်မူ ကျိန်ဆဲနေမိ၏။
'ဆယ်ဆင့်မြောက် လှေကားထစ်မှာမှ ခံစားရတယ်တဲ့လား... ငါသာ မမှားဘူးဆိုရင် ဆယ်ဆင့်မြောက် အထပ်က အကြိုအင်မော်တယ် တစ်ယောက်ရဲ့ စိတ်ဆန္ဒစွမ်းအားနဲ့ ညီမျှတာ...'
ကျန်းမင်မှာ သူမကို ဆွဲချပြီး ရိုက်နှက်ချင်စိတ်များပင် ပေါက်လာတော့သည်။
အကယ်၍ လိုဟန်သာ ဤနေရာတွင် ရှိနေခဲ့ပါက သူ့ကို သေချာပေါက် လှောင်ပြောင်ပေလိမ့်မည်။ "ငါ ဘယ်လို ခံစားခဲ့ရလဲ ဆိုတာ မင်း အခု သိပြီမလား" ဟုပင် ပြောလောက်၏။
မိစ္ဆာပင်လျှင် တုန်ဖန်းချန်းရှီကို အံ့အားသင့်စွာ ကြည့်နေမိသည်။
"ခဏလေး စောင့်ဦး... အသံတစ်သံ ကြားလိုက်ရတယ်... အထွတ်အထိပ် စကားပြောခန်းထဲ ဝင်လို့ရပြီတဲ့"
တုန်ဖန်းချန်းရှီက အော်ပြောလိုက်၏။
"ဘာပဲဖြစ်ဖြစ် ကျွန်မ အရင် ဆက်သွားလိုက်ဦးမယ်... စကားပြောခန်းကို နောက်မှပဲ ဝင်ကြည့်တော့မယ်"
"ကောင်းပြီ... ဆက်ကြိုးစား"
"ဟုတ်"
တုန်ဖန်းချန်းရှီက ဆက်လက်၍ အထက်သို့ တက်လှမ်းသွားသည်။
၁၁ ဆင့်မြောက်၊ ၁၅ ဆင့်မြောက်၊ ၁၈ ဆင့်မြောက်...
သူမက ၁၈ ဆင့်မြောက် အထပ်အထိ တစ်ရှိန်ထိုး တက်သွားခဲ့ပြီး ၁၉ ဆင့်မြောက် အထပ်မှာ အဆင့် ၁၁ ကျင့်ကြံသူ တစ်ဦး၏ စိတ်ဆန္ဒစွမ်းအားနှင့် ညီမျှပေသည်။
သူမ ၁၉ ဆင့်မြောက် အထပ်သို့ ခြေချလိုက်ချိန်တွင် ကျန်းမင်က စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။
'သူမ သေချာပေါက် လိမ်နေတာပဲ...'
သို့သော် တုန်ဖန်းချန်းရှီ ၂၈ ဆင့်မြောက် အထပ်သို့ ခြေချလိုက်ချိန်တွင် သူမ၏ ခန္ဓာကိုယ် တုန်ယင်သွားပြီး လှေကားပေါ်မှ ပြုတ်ကျလာတော့သည်။
"အပေါ်ကို ရောက်လေ ပိုခက်လာလေပဲ..."
မြေပြင်ပေါ်မှ ထလာပြီးနောက် တုန်ဖန်းချန်းရှီက ပြောလိုက်သည်။ သူမက ခေါင်းခါယမ်း၍ ဆက်ပြော၏။
"ကျွန်မ စိတ်ထဲကို တစ်ခုခုက ထိုးဖောက်ဝင်ရောက်လာသလို ခံစားရတယ်... အဲ့ဒါကို မခံနိုင်တော့လို့ သတိလစ်သွားတာ"
ကျန်းမင်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြန်သည်။
"အစ်ကိုကျန်း... ကျွန်မ အမှတ် ၉၉၉ မှတ် ရတယ်... ၁,၀၀၀ တောင် မပြည့်ဘူး... အဲ့ဒါက ကျွန်မ ကျရှုံးသွားတယ် ဆိုတဲ့ အဓိပ္ပာယ်လား" တုန်ဖန်းချန်းရှီက မေးလိုက်၏။
ဘုန်း...
မိစ္ဆာမှာ မြေပြင်ပေါ်သို့ ပုံကျသွားလေပြီ။
ကျန်းမင်က ခေါင်းမော့၍ ကောင်းကင်ကို စကားမဲ့စွာ ကြည့်နေမိသည်။ သတိပြန်ဝင်လာပြီး ပြန်ဖြေရန် သူ့အတွက် အချိန်အတော်ကြာ ယူလိုက်ရ၏။
"ငါ တွေ့ဖူးတဲ့ ပါရမီရှင် တချို့ဆို ၁၀ မှတ်ထက် ပိုတောင် မရကြဘူး"
"တကယ်လား... ဘယ်လိုဖြစ်လို့လဲ... ဒီ ကောင်းကင်ဘုံ လှေကားထစ်က လွယ်လွယ်လေးကို... ကျွန်မ ဘာဖိအားမှတောင် မခံစားရပါဘူး"
တုန်ဖန်းချန်းရှီက ရှုပ်ထွေးနေဟန်ဖြင့် ပြန်ဖြေသည်။
"အင်း... ညီမလေး အနေနဲ့ စကားပြောခန်းကို အရင် ဝင်ကြည့်သင့်တယ်" ကျန်းမင်က ပြောလိုက်၏။ သူ့ကိုယ်သူ တည်ငြိမ်အောင် အချိန် အနည်းငယ် ယူဖို့ လိုအပ်သည်ဟု သူ ခံစားလိုက်ရသည်။
တုန်ဖန်းချန်းရှီက ခေါင်းညိတ်မိသည်။
အထွတ်အထိပ် စကားပြောခန်းထဲတွင်တော့ ဝမ်ယဲ့နှင့် ဖုန်းဝူတို့က ထွက်ခွာသွားကြလေပြီ။ သို့သော် ယဲ့ချင်ရှန်းနှင့် လိုဟန်တို့ နှစ်ယောက်လုံး ဝင်ရောက်လာပြီးနောက် စကားပြောခန်းထဲရှိ အဖွဲ့ဝင် အရေအတွက်မှာ အတူတူပင် ဖြစ်နေ၏။
(ကျန့်ကော - တုန်ဖန်းချန်းရှီလား... နာမည်ကို ကြည့်ရတာ ချစ်စရာကောင်းပြီး လှပတဲ့ မိန်းကလေးလေး ဖြစ်ရမယ် မဟုတ်လား...)
(တုန်ဖန်းချန်းရှီ - ဒါက စကားပြောခန်းလား... ရှင်တို့က ဘယ်သူတွေလဲ... ကျွန်မက မိန်းကလေးလေး ဆိုတာကို ဘယ်လို သိတာလဲ...)
(မင်ဖေး - နင်ကတော့ ကိုယ့်ဘာသာ ဖော်ကောင်လုပ်လိုက်ပြီ ကောင်မလေးရေ... ဒါနဲ့ နေပါဦး နင် အသက် ဘယ်လောက်ရှိပြီလဲ... ၃၀ လား...)
(တုန်ဖန်းချန်းရှီ - ကျွန်မ အသက် ၁၆ နှစ်ပဲ ရှိသေးတာပါနော်...)
(မင်ဖေး - ...)
(ကျန့်ကော - ...)
(လိုဟန် - မင်းက အသက် ၁၆ နှစ်ပဲ ရှိသေးတာကို အဆင့် ၇ ရောက်နေပြီလား... ဒါ မယုံနိုင်စရာပဲ... ဘော့စ်... ခင်ဗျားအတွက် ပြိုင်ဘက် ပေါ်လာပြီဗျ...)
(ကျန်းမင် - ငါ သူမနဲ့ အတူရှိနေတယ်ဟေ့...)
(လိုဟန် - ဘာ... ခင်ဗျား ထွက်သွားပြီလား... ကျွန်တော့်ကို မချစ်တော့ဘူးလား...)
(ကျန်းမင် - သွားစမ်းပါ...)
(မင်ဖေး - ဘုရားရေ...)
(ကျန့်ကော - ဘာ...)
(အောက်ကျို - တောက်...)
(ထျန်းဖိုကျီ - အို ဘုရားရေ... သူမက အသက် ၁၆ နှစ်ပဲ ရှိသေးတာ... အဆင့် ၇ ကို ရောက်နေပြီ... ဒါပေမဲ့ သူမမှာ အဆင့် ၁၁... မဟုတ်ဘူး... အဆင့် ၁၂ ကျင့်ကြံသူ တစ်ယောက်ရဲ့ စိတ်စွမ်းအား ရှိနေတယ် ဟုတ်လား... ဒါ ရူးသွပ်စရာပဲ...)
(ကျန်းမင် - ဟေး... စကားပြော ဆင်ခြင်ကြဦး... ချန်ရှီးက ငယ်ပါသေးတယ်... ဘာပဲဖြစ်ဖြစ် မင်းတို့ထဲက အားတဲ့သူ တစ်ယောက်လောက် သူမကို စည်းကမ်းတွေနဲ့ ဒီမှာ ဘယ်လို အလုပ်လုပ်လဲ ဆိုတာ ရှင်းပြပေးလိုက်ကြပါဦး...)
ထို့နောက် ကျန်းမင်က စကားပြောခန်းထဲမှ ထွက်လာခဲ့၏။
တုန်ဖန်းချန်းရှီ အနေဖြင့်ကတော့ ဤကဲ့သို့ အရာမျိုးကို ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်သောကြောင့် စကားပြောခန်းထဲတွင် နေထိုင်ကာ ကျန်သည့်လူများနှင့် စကားပြောနေတော့သည်။
ကျန်းမင်က နှုတ်ခမ်းကို စုပ်သပ်ရင်း ကောင်းကင်ဘုံ လှေကားထစ်ဆီသို့ ဦးတည်သွားသည်။
သူ ဤတစ်ကြိမ် အထပ် ဘယ်နှထပ်အထိ ရောက်နိုင်မည်ကို သိချင်နေမိ၏။
တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ်... ရှစ်... ကိုး... ဆယ်...
ဆယ်ဆင့်မြောက် အထပ်တွင် သူ လှေကားပေါ်မှ ပြုတ်ကျလာခဲ့လေပြီ။
ဆယ်ဆင့်မြောက် အထပ်မှာ အကြိုအင်မော်တယ် တစ်ဦး၏ စိတ်စွမ်းအားနှင့် ညီမျှပြီး ကျန်းမင်ကတော့ ကျရှုံးသွားခဲ့ပေသည်။
နောက်ဆုံးတွင် သူက ကိုးမှတ်သာ ရရှိခဲ့၏။
ထို့နောက် သူက ကောင်းကင် တိုက်ပွဲစင်မြင့်ဆီသို့ သွားလိုက်သည်။
ပထမ စင်မြင့်တွင် သူ့ပြိုင်ဘက်များမှာ သုခဘုံအဆင့် နှစ်ဦး ဖြစ်သည်။
ဒုတိယ စင်မြင့်တွင် သုံးဦး ဖြစ်၏။
တတိယ စင်မြင့်တွင်တော့ ပရဒိသု ကျင့်ကြံသူ လေးဦးနှင့် ယှဉ်ပြိုင်ရသည်။
သူက စင်မြင့် သုံးခုလုံးကို အခက်အခဲ မရှိ ဖြတ်ကျော်နိုင်ခဲ့ပြီး စတုတ္ထမြောက် စင်မြင့်သို့ ရောက်ရှိလာခဲ့၏။
ဤတစ်ကြိမ်တွင် သူ့ပြိုင်ဘက်မှာ သူ့မိတ်ဆွေဟောင်း ကျွင်းစန်းချန် ဖြစ်နေသည်။
"မင်း ထပ်လာပြန်ပြီပဲ"
ကျွင်းစန်းချန်က ပြုံးလိုက်၏။ သူက လှည့်၍ တုန်ဖန်းချန်းရှီကို လှမ်းကြည့်လိုက်သည်။
"ခင်ဗျား သူမကို သိလို့လား" ကျန်းမင်က မေးခွန်းထုတ်မိ၏။
"မင်းလို အနံ့အသက်ဆိုးတဲ့ ကောင်လေး... မင်းက ပုရွက်ဆိတ် တစ်ကောင်လို အားနည်းနေတာကိုများ ကြယ်တွေကို လှမ်းမီချင်နေတယ်" ကျွင်းစန်းချန်က မှတ်ချက်ပေးလာသည်။ "လာစမ်းပါ... မင်း ဘယ်လောက် တိုးတက်လာလဲ ကြည့်ရအောင်..."
End
***