ကျန်းမင် အနေဖြင့် ကျွင်းစန်းချန်ကို အနိုင်ယူရန် ခွန်အားများစွာ စိုက်ထုတ်ခဲ့ရသည်။
နောက်တစ်ဆင့်သို့ ရောက်သောအခါ ကျွင်းစန်းချန်နှင့် ထပ်မံ ရင်ဆိုင်ရပြန်၏။ သို့သော် ဤတစ်ကြိမ်တွင် ကျွင်းစန်းချန်မှာ ယခင်အဆင့်ထက် များစွာ ပိုအစွမ်းထက်နေပေသည်။ သူက အန္တိမ အဆင့်၏ အလယ်အလတ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ဤတစ်ကြိမ်တွင်တော့ ကျန်းမင် ကျရှုံးသွားခဲ့ရတော့သည်။
ကျန်းမင် ပြန်လည် ထွက်ပေါ်လာချိန်တွင် ဤတစ်ကြိမ် တိုက်ပွဲကို မစတင်တော့ချေ။ ထိုအစား သူ့ကို ကြည့်၍ မေးလိုက်၏။
"စီနီယာ... အထွတ်အထိပ် စေတီရဲ့ တတိယမြောက် အထပ်မှာတုန်းက ကျွန်တော် ကောင်းကင်ဘုံ တိုက်ပွဲစင်မြင့်ရဲ့ ဆဋ္ဌမမြောက် စင်မြင့်ကို ဖြတ်ကျော်နိုင်ခဲ့ပြီး ကောင်းကင် လှေကားထစ်မှာလည်း အမြင့်ကြီးအထိ ရောက်ခဲ့တယ်... ဒါပေမဲ့ ကျွန်တော် ပိုသန်မာလာလေ ရလဒ်တွေက ပိုဆိုးလာလေ ဖြစ်နေတယ်... ကျွန်တော့်ကိုယ်ကျွန်တော် ပါရမီရှင် တစ်ယောက်လို့ သတ်မှတ်ထားပေမဲ့ ဘာလို့ ကွာဟချက်က ဒီလောက်တောင် ကြီးမားနေရတာလဲ"
"ရှင်းပါတယ်" ကျွင်းစန်းချန်က ပြန်ဖြေလိုက်သည်။ "အဆင့် ပိုမြင့်လေ အဆင့်တွေကြားက ကွာဟချက်က ပိုကြီးမားလာလေပဲ... မင်း အန္တိမ အဆင့်ကို ရောက်တဲ့အခါ လောကီကမ္ဘာက တာအိုတွေကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည် ရလာလိမ့်မယ်... တာအို ဆိုတာ စွမ်းအားတွေရဲ့ မူလအစ၊ ကမ္ဘာလောကရဲ့ အခြေခံ အုတ်မြစ်နဲ့ အရာအားလုံးရဲ့ အနှစ်သာရပဲ... စွမ်းအား အားလုံးက တာအိုတွေကနေ မွေးဖွားလာတာဆိုတော့ မင်းက ဘယ်လိုလုပ်ပြီး အဲ့ဒါကို ပြန်တိုက်ခိုက်နိုင်မှာလဲ... ရိုးရိုးသားသား ပြောရရင် မင်းရဲ့ နောက်ခံနဲ့ ပဉ္စမမြောက် စင်မြင့်ကို ဖြတ်ကျော်နိုင်တာကိုပဲ အံ့ဖွယ် တစ်ခုလို့ သတ်မှတ်လို့ ရနေပြီ"
"ဒါပေမဲ့ ကျွန်တော် အများကြီး တိုးတက်လာခဲ့ပြီး အထူးစွမ်းရည်တွေလည်း အများကြီး ရထားတယ်လေ..."
"အင်း... မင်းပြောတာ မှန်ပါတယ်... မင်း အထူးစွမ်းရည် အများကြီးကို နားလည် သဘောပေါက်ထားပြီး အများစုက အထွတ်အထိပ် အဆင့်တွေချည်းပဲ ဆိုတာ မှန်တယ်... ဒါပေမဲ့ မင်း အဲ့ဒါတွေကို အပြည့်အဝ မကျွမ်းကျင်သေးဘူး ဆိုတာ မမေ့နဲ့... မင်းက တာအိုတွေရဲ့ အသုံးဝင်မှုကို ထုတ်မသုံးနိုင်သေးဘူး... အဲ့ဒါတွေက အစွမ်းထက်ပုံ ပေါ်ပေမဲ့ တကယ့် လက်တွေ့မှာတော့ အားနည်းနေတုန်းပဲ... ကောင်းကင် တိုက်ပွဲစင်မြင့်ရဲ့ စတုတ္ထမြောက် စင်မြင့်ကို မင်း ဖြတ်ကျော်နိုင်ခဲ့တဲ့ တစ်ခုတည်းသော အကြောင်းရင်းက မင်းရဲ့ မူလဝိညာဉ်နဲ့ ကြီးမားလှတဲ့ ချီစွမ်းအင်တွေကြောင့်ပဲ... မင်းရဲ့ ချီစွမ်းအင် သိုလှောင်မှုက အရမ်း ကြီးမားလွန်းလို့ ငါ့ကိုတောင် ကျော်လွန်နေတယ်... မင်းက အရာအားလုံးကို ပကတိ စွမ်းအားနဲ့ ချေမှုန်းနိုင်ပေမဲ့ အဲ့ဒီလို ဖြစ်လာဖို့အတွက် အဲ့ဒီစွမ်းအားက ပမာဏအားဖြင့် အဆတစ်ရာ၊ အဆတစ်ထောင် ဒါမှမဟုတ် အဆ တစ်သောင်းလောက်တောင် ပိုများနေဖို့ လိုတယ်"
"သဘောပေါက်ပြီ... ဒါဆို ကျွန်တော် ဆက်ပြီး ဘာလုပ်သင့်လဲ စီနီယာ"
"တာအို တစ်ခုကို နားလည် သဘောပေါက်အောင် ကြိုးစားကြည့်"
"အဲ့ဒါက ဖြစ်နိုင်လို့လား"
"မင်းမှာ ဘာလို့ မေးခွန်းတွေ ဒီလောက် များနေရတာလဲ... မင်း တိုက်မှာလား၊ မတိုက်ဘူးလား"
"တိုက်နေလည်း အဓိပ္ပာယ်မှ မရှိတာ... စီနီယာ... ကျွန်တော် အခု တာအို တစ်ခုကို သွားပြီး နားလည် သဘောပေါက်အောင် ကြိုးစားတော့မယ်... တကယ်လို့ ကျွန်တော် လုပ်နိုင်ခဲ့ရင် စီနီယာကို အနိုင်ယူနိုင်မလား"
"တာအိုကို နားလည် သဘောပေါက်တယ် ဆိုတာက အခြေခံ သက်သက်ပဲ... အဲ့ဒါကို ဘယ်လို သုံးရမလဲ ဆိုတာ မင်း သိဖို့ လိုသေးတယ်... ကောင်းကင် ကျောက်တိုင်တွေနဲ့ တာအို ကျောက်တိုင်တွေပေါ်က တာအိုကို မင်း နားလည် သဘောပေါက်ပြီး ကိုယ်ပိုင် အထူးစွမ်းရည်ကို ဖန်တီးနိုင်ရင် နောက်တစ်ဆင့်မှာ ပြိုင်ဘက်ကိုတောင် ချေမှုန်းပစ်နိုင်လိမ့်မယ်"
"ဒါဆို ကျွန်တော် အခုပဲ သွားရမလား... ဒါမှမဟုတ် အဆင့်တက်သွားတဲ့ အထိ စောင့်သင့်လား"
"စောလေ ကောင်းလေပဲ"
"အရမ်း ကျေးဇူးတင်ပါတယ် စီနီယာ"
ကျန်းမင်က ထွက်မသွားမီ ကျေးဇူးတင်စကား ဆိုလိုက်၏။
ကျွင်းစန်းချန်က သူ့ကို ခေါင်းညိတ်ပြသည်။ တုန်ဖန်းချန်းရှီကို နောက်ဆုံးအကြိမ် လှမ်းကြည့်ပြီးနောက် လေထုထဲသို့ ပျောက်ကွယ်သွားတော့၏။
အမည် - ကျန်းမင်
ကျင့်ကြံခြင်း အဆင့် - အဆင့် ၇
ရရှိထားသော အမှတ်ပေါင်း - ၄၉၁ မှတ်
ဂုဏ်ထူးဆောင် -
အဆင့် ၃ - စင်မြင့် ၆ ခု မှတ်တမ်း၊ လှေကားထစ် ၂၁ ဆင့် မှတ်တမ်း၊ အထူးစွမ်းရည် ၉၉၂ ယူနစ်
အဆင့် ၄ - စင်မြင့် ၆ ခု မှတ်တမ်း၊ လှေကားထစ် ၁၅ ဆင့် မှတ်တမ်း
အဆင့် ၅ - စင်မြင့် ၄ ခု မှတ်တမ်း
သူက စုစုပေါင်း ၄၁ မှတ် ရရှိခဲ့သဖြင့် ယခုအခါ ၄၉၁ မှတ် ရှိနေပြီ ဖြစ်သည်။ ပဉ္စမမြောက် အထပ်ရှိ သူ့ အောင်မြင်မှုကို ဂုဏ်ထူးဆောင် မှတ်တမ်းတွင် မှတ်တမ်းတင်ထားသော်လည်း တတိယမြောက်နှင့် စတုတ္ထမြောက် အထပ်တို့ရှိ သူ့ ယခင် အောင်မြင်မှုများနှင့် နှိုင်းယှဉ်လျှင် ဘာမှ မဟုတ်တော့ပေ။
ဂုဏ်ထူးဆောင်တွင် မှတ်တမ်းတင်ခံရရန်အတွက် ကောင်းကင်ဘုံ တိုက်ပွဲစင်မြင့်၏ စင်မြင့် အနည်းဆုံး လေးခုနှင့် ကောင်းကင်ဘုံ လှေကားထစ်၏ လှေကားထစ် ၁၀ ဆင့်ကို ဖြတ်ကျော်ရန် လိုအပ်ကြောင်း သိသာထင်ရှားလှပေသည်။
ကျန်းမင်က မိစ္ဆာကို တစ်ချက် လှမ်းကြည့်လိုက်သည်။ မိစ္ဆာ၏ မျက်နှာပေါ်တွင် အံ့အားသင့်နေသော အမူအရာ ရှိနေသည်ကို သတိပြုမိလိုက်ပြီး ထိုမိစ္ဆာက တီးတိုး ရေရွတ်နေ၏။
"သူမက ဒီကို အသစ်ရောက်လာတာတောင် ကောင်းကင်ဘုံ လှေကားထစ်ရဲ့ ၂၈ ဆင့်မြောက် အထပ်ကို ဖြတ်ကျော်နိုင်ခဲ့တယ် ဟုတ်လား... အခု ဟိုဘက်က လူငယ်လေးကလည်း ကောင်းကင်ဘုံ တိုက်ပွဲစင်မြင့်ရဲ့ စတုတ္ထမြောက် စင်မြင့်ကို ဖြတ်ကျော်သွားပြန်ပြီ... ငါကျတော့ကော... ငါက နှစ်တစ်သန်းမှာ တစ်ခါမှ ပေါ်ပေါက်လာတတ်တဲ့ ပါရမီရှင် တစ်ယောက်လို့ လူသိများပြီး မိစ္ဆာသခင်ကိုတောင် ကျော်လွန်ဖို့ ကံပါလာတဲ့သူလေ... ဒါပေမဲ့ ကောင်းကင်ဘုံ လှေကားထစ်ရဲ့ ပဉ္စမမြောက် အထပ်မှာတင် ရပ်တန့်သွားခဲ့တယ်... ကောင်းကင်ဘုံ တိုက်ပွဲစင်မြင့်ရဲ့ ဒုတိယမြောက် စင်မြင့်မှာတောင် ပြိုင်ဘက်ကို အနိုင်ယူဖို့ ခွန်အားတွေ အကုန်လုံး နီးပါး ထုတ်သုံးလိုက်ရတယ်... ငါသာ ပါရမီရှင် ဆိုရင် သူတို့က ဘာတွေလဲ..."
"ငါက တကယ်ပဲ ပါရမီရှင် ဟုတ်ရဲ့လား..."
"ဒါပေမဲ့ သူတို့က လူသားတွေလေ... မျိုးနွယ်စု အားလုံးထဲမှာ အနိမ့်ကျဆုံးေတွလေ.."
"အထွတ်အထိပ် စေတီက ငါ့ကို လှောင်ပြောင်နေတာလား... ဒါမှမဟုတ် ငါ အိပ်မက် မက်နေတုန်းပဲလား..."
မိစ္ဆာက သူ့ကိုယ်သူ သံသယဝင်နေလေပြီ။
အစပိုင်းတွင် ကျန်းမင်က သူ့ကို နှုတ်ဆက်ရန် ရည်ရွယ်ထားသော်လည်း လူသားများနှင့် ပတ်သက်သည့် သူ့ မှတ်ချက်ကို ကြားလိုက်ရချိန်တွင် မျက်နှာထား တင်းမာသွားတော့၏။
အကယ်၍ ဤနေရာတွင် တစ်စုံတစ်ယောက်ကို သတ်ဖြတ်နိုင်ပါက ထိုမိစ္ဆာမှာ သူ့ ပထမဆုံး ပစ်မှတ် ဖြစ်လာပေလိမ့်မည်။
"အစ်ကိုကျန်း... အစ်ကိုက အဖွဲ့စီမံခန့်ခွံသူ ဆိုတာကို ဘာလို့ ကျွန်မကို မပြောပြတာလဲ"
တုန်ဖန်းချန်းရှီက ဝမ်းသာအားရ တောက်ပနေသော မျက်လုံးများဖြင့် လျှောက်လှမ်းလာသည်။
"စကားပြောခန်းက တအား မိုက်တာပဲ... အဲ့ဒီက လူတွေ အားလုံးက ကမ္ဘာလောက အမျိုးမျိုးကနေ လာကြတာ... အထွတ်အထိပ် စေတီက အရမ်း အံ့ဩဖို့ ကောင်းတာပဲ... ကျွန်မ အဖေထက်တောင် ပိုအစွမ်းထက်သလိုပဲ"
တုန်ဖန်းချန်းရှီ၏ စကားကို ကြားလိုက်ရချိန်တွင် မိစ္ဆာမှာ နောက်တစ်ကြိမ် ဆွံ့အသွားပြန်သည်။
'အဲ့ဒီက လူတွေ အားလုံးက လောက အမျိုးမျိုးက လာကြတာ ဟုတ်လား... အဖွဲ့စီမံခန့်ခွံသူ... သူမ အဖေထက်တောင် ပိုအစွမ်းထက်တယ်... သူမ ဘာတွေ ပြောနေတာလဲ... ဒီမိန်းကလေးက ဘယ်ကနေ ရောက်လာတာလဲ... ဘယ်လိုလုပ် သူမ အဖေကို အထွတ်အထိပ် စေတီနဲ့ နှိုင်းယှဉ်ရဲတာလဲ... ပြီးတော့ အဖွဲ့စီမံခန့်ခွံသူ ဆိုတာက ဘာကြီးလဲ...'
သူ့ခေါင်းထဲတွင် မေးခွန်းပေါင်း များစွာ ပြည့်နှက်နေသော်လည်း ကျန်းမင်နှင့် တုန်ဖန်းချန်းရှီတို့က သူ့ကို ဂရုမစိုက်ကြပေ။
သူက သွားရောက် ပူးပေါင်းချင်သော်လည်း သူ့မာနက ခွင့်မပြုချေ။ ထို့ကြောင့် နားစွင့်ကာ သူတို့၏ စကားဝိုင်းကို ခိုးနားထောင်နေေတာ့သည်။
"ငါသာ စောစော မရောက်လာခဲ့ရင် မင်းက အဖွဲ့စီမံခန့်ခွဲသူ ဖြစ်သွားနိုင်တယ်" ကျန်းမင်က ရယ်မောလိုက်သည်။ "စကားပြောခန်းထဲက အဖွဲ့ဝင်တွေ အပေါ် ဘယ်လို ထင်လဲ"
သူတို့ စကားပြောနေရင်း ဆိုဖာရှေ့တွင် ဝင်ထိုင်လိုက်ကြသည်။
လိုဟန် ပေးထားသော သရေစာထုတ် အနည်းငယ်နှင့် သောက်စရာများကို ထုတ်ယူကာ ဧည့်ခံပေး၏။
ပမာဏက အများကြီးပင်။ လိုဟန် ပေးထားသော အစားအသောက်နှင့် သောက်စရာများမှာ မြို့တစ်မြို့လုံးရှိ လူများကို ကျွေးမွေးရန်ပင် လုံလောက်သည်ထက် ပိုနေပေသည်။
လိုဟန် နေထိုင်ရာ ကမ္ဘာလောကတွင် အရင်းအမြစ်များ ပေါများကြွယ်ဝကြောင်း သူ ပြောပြဖူး၏။ စားလွန်း၍ မသေနိုင်သရွေ့ ထာဝရ စားသောက်နေနိုင်ပေသည်။ လိုဟန်၏ အဆင့်အတန်းမျိုး ရှိသူ တစ်ဦးမှာ စကားတစ်ခွန်းတည်းဖြင့် ဂလက်ဆီ တစ်ခုလုံးရှိ အရင်းအမြစ်များကို စုဆောင်းနိုင်စွမ်း ရှိလေသည်။
"အားလုံးက သဘောကောင်းကြတယ်" တုန်ဖန်းချန်းရှီက ပြန်ဖြေ၏။ "အပြင်ဘက်မှာ ကမ္ဘာလောက အများကြီး ရှိတယ် ဆိုတာ အဖေ့ဆီကနေ ကြားဖူးတယ်... အဖေ့ လက်အောက်က စစ်သည်တွေက မဟာစကြာဝဠာတွေကို သိမ်းပိုက်နေကြပေမဲ့ ကျွန်မကတော့ အဲ့ဒါတွေ အကြောင်း သိပ်မသိဘူး... ဒါပေမဲ့ အခု သူတို့ ကမ္ဘာလောကတွေရဲ့ အထူးလက္ခဏာတွေ အကြောင်း ပြောနေတာကို နားထောင်ရတာ တကယ့်ကို မျက်စိပွင့်သွားစေတာပဲ"
ကျန်းမင်က ခေါင်းငုံ့၍ နှာခေါင်းကို ကုတ်လိုက်မိသည်။
'ဘုရားရေ... မဟာကမ္ဘာစကြာဝဠာတွေကို သိမ်းပိုက်နေတယ်... ဒါ စစ်ပွဲတွေ ဖြစ်နေတာလား...'
"ဒါဆို မဟာကမ္ဘာစကြာဝဠာတွေရဲ့ အပြင်ဘက်မှာ ဘယ်လို စကြာဝဠာတွေ ရှိလဲ ညီမလေး သိလား" ကျန်းမင် မေးလိုက်မိသည်။
"ရှိတယ်လို့တော့ ထင်တယ်... ဒါပေမဲ့ အများကြီးတော့ မသိဘူး" တုန်ဖန်းချန်းရှီက ပြောလာသည်။ "ဒါပေမဲ့ မဟာကမ္ဘာလောက တစ်ခုရဲ့ အောက်မှာ တခြား စကြာဝဠာတွေ၊ အလယ်အလတ်နဲ့ အသေးစား စကြာဝဠာတွေ အများကြီး ရှိတယ် ဆိုတာကိုတော့ သိတယ်"
"ဒါဆို မဟာစကြာတဠာရဲ့ အပြင်ဘက်မှာက ဘာရှိလဲ"
"သေချာပေါက် ကမ္ဘာဦးပျက်သုဉ်းခြင်း ဟင်းလင်းပြင်ကြီးပဲပေါ့"
"ကမ္ဘာဦးပျက်သုဉ်းခြင်း ဟင်းလင်းပြင်ကြီး ဖြစ်မယ်လို့ ထင်တယ်"
ယခုအခါ ကျန်းမင် အနေဖြင့် စကြဝဠာနှင့် ပတ်သက်၍ အခြေခံ နားလည်မှု တစ်ခု ရရှိသွားလေပြီ။
တုန်ဖန်းချန်းရှီက အရာအားလုံးကို အလွန် စူးစမ်းချင်စိတ် ပြင်းပြနေပုံဖြင့် သူ့ကို ဆက်လက် စကားပြောနေ၏။
ကျန်းမင်က ကောင်းကင် တိုက်ပွဲစင်မြင့်ကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။
"အဲ့ဒါကို စမ်းကြည့်ချင်လား"
"တိုက်ပွဲစင်မြင့်လား... အင်း... ပျင်းစရာ ကောင်းပုံပဲ... ခဏလောက်တော့ စောင့်ဦးမယ်"
"အထူးစွမ်းရည် တချို့ကို နားလည် သဘောပေါက်အောင် စမ်းကြည့်ဖို့ကော ဘယ်လိုလဲ"
သူက တာအိုကျောက်တိုင် တစ်သန်းကို လက်ညှိုးထိုးပြလိုက်၏။
"ရိုးရိုးသားသား ပြောရရင် ကျင့်ကြံရတာကို အမုန်းဆုံးပဲ... ကျင့်ကြံနေချိန်မှာ ဘာမှ မလုပ်ဘဲ ထိုင်နေရုံပဲ တတ်နိုင်တာလေ... အရမ်း ပျင်းစရာ ကောင်းတာပဲ"
"အင်းလေ... ညီမလေး ပျော်သရွေ့ ကြိုက်တာ လုပ်လို့ ရပါတယ်..."
ကျန်းမင် စကားမဲ့သွားရတော့သည်။
"အစ်ကိုကျန်း... အစ်ကိုက အဖွဲ့စီမံခန့်ခွဲသူဆိုတော့ ကျွန်မတို့ကို တခြား ကမ္ဘာလောကဆီ ခေါ်သွားပေးနိုင်တဲ့ လုပ်ဆောင်ချက် ရှိမရှိ သိထားလား" တုန်ဖန်းချန်းရှီက မေးခွန်းထုတ်လာ၏။ "ကျွန်မတို့သာ တခြား ကမ္ဘာလောကဆီ ခရီးသွားလို့ ရရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ... ပျင်းတဲ့အခါကျရင် တခြား ကမ္ဘာလောက တစ်ခုမှာ အပန်းဖြေ ခရီးထွက်လို့ ရတာပေါ့"
"ဒါ အကြံကောင်းပဲ..."
ကျန်းမင်က အတွေးနက်သွားရင်း အဖြေပေးသည်။ အထွတ်အထိပ် စေတီက လူများကို စေတီထဲသို့ အလွယ်တကူ ခေါ်ဆောင်လာနိုင်ပုံကို ထောက်ရှုလျှင် သူတို့ကို တခြား ကမ္ဘာလောကသို့ ခေါ်ဆောင်သွားရန်မှာ ပြဿနာ မရှိနိုင်ပေ။
"နောင်ကျရင် ရလာနိုင်လောက်တယ်"
သူတို့ ဆက်လက် စကားပြောနေရင်း ကျန်းမင်က သူ့ရှေ့ရှိ မိန်းကလေး အကြောင်းကို အကြမ်းဖျင်း နားလည်သွားလေပြီ။
သူမ၏ အဆင့်အတန်းကြောင့် မိဘများက အလွန် စိုးရိမ်ကြသဖြင့် အလွန် သေးငယ်သော လူမှုပတ်ဝန်းကျင် တစ်ခုတွင်သာ နေထိုင်ခဲ့ရခြင်း ဖြစ်သည်။
သူမက ပျော်ရွှင်ပြီး ပူပင်သောက ကင်းမဲ့သော ဘဝတစ်ခုကို ပိုင်ဆိုင်ထားပုံ ရ၏။ အမှန်တကယ်တော့ သူမက လှောင်ချိုင့်ထဲတွင် ပိတ်လှောင်ခံထားရသော ရွှေပြည်တေးငှက်လေး တစ်ကောင်နှင့် တူနေပေသည်။
'ငါက မင်းရဲ့ ပူပင်သောက ကင်းမဲ့တဲ့ ဘဝကို အားကျပြီး မင်းက ငါ့ရဲ့ လွတ်လပ်မှုကို အားကျနေတာပဲ...'
ထိုစကားစုက ကျန်းမင်၏ ခေါင်းထဲတွင် ပေါ်လာခဲ့၏။
ဤလောကရှိ သက်ရှိတိုင်းတွင် သူတို့နှင့် သက်ဆိုင်သော ပူပင်သောကများ အသီးသီး ရှိကြသည်ဟု သူ ထင်မြင်မိလေသည်။
ခဏအကြာတွင် တုန်ဖန်းချန်းရှီက စကားပြောခန်းထဲသို့ ပြန်လည် ဝင်ရောက်သွား၏။ ကျန်းမင်ကတော့ ကောင်းကင်ဘုံ ကျောက်တိုင်များဆီသို့ လျှောက်သွားသည်။
သူ ပတ်ပတ်လည်ကို ကြည့်ရှုပြီးနောက် သစ်သား ကောင်းကင် ကျောက်တိုင်များဆီသို့ ဦးတည်သွားလိုက်၏။
'သစ်သားက သက်ဝင်လှုပ်ရှားမှုကို ကိုယ်စားပြုတယ်... သက်ရှိ အားလုံးရဲ့ မူလအစပဲ...'
ကျန်းမင်က ကျောက်တိုင်ရှေ့သို့ ရောက်လာပြီး ထိုင်ချကာ ရေရွတ်နေသည်။
တစ်ချိန်တည်းမှာပင် အချိန် တစ်နာရီ ကုန်ဆုံးတိုင်း တစ်မှတ် လျော့သွားမည် ဖြစ်ကြောင်း ပြောလာသည့် အသံတစ်သံက သူ့နားထဲ ဝင်ရောက်လာ၏။
သူ ခေါင်းမော့၍ မျက်လုံးများကို မှိတ်လိုက်သည်။
သစ်သား ကောင်းကင်ဘုံ ကျောက်တိုင်အတွင်းတွင် အလွှာများစွာ ရှိနေပုံရပြီး အလွှာတစ်ခုစီက သက်ဆိုင်ရာ တာအိုတစ်ခုကို ကိုယ်စားပြုနေပေသည်။ အလွှာတစ်ခုကို ဖြတ်ကျော်နိုင်ရန်အတွက် ခိုင်မာသော စိတ်ဆန္ဒစွမ်းအား လိုအပ်ပြီး ယခင်အလွှာကို အပြည့်အဝ နားလည် သဘောပေါက်ထားရန်လည်း လိုအပ်ပေသည်။
"ကောင်းကင်ဘုံ ကျောက်တိုင်ထဲက တာအိုကို နားလည် သဘောပေါက်ဖို့ ခိုင်မာတဲ့ စိတ်ဆန္ဒစွမ်းအား လိုအပ်ပုံပဲ..." ကျန်းမင်က သူ့ကိုယ်သူ တီးတိုး ရေရွတ်မိတော့သည်။
မည်သို့ပင်ဆိုစေ ခိုင်မာသော စိတ်ဆန္ဒစွမ်းအား မရှိဘဲနှင့် တာအိုတစ်ခုကို မည်သို့ ကျွမ်းကျင်နိုင်မည်နည်း။
မကြာမီမှာပင် ကျယ်ဝန်းသော နေရာတစ်ခုသို့ သူ ရောက်ရှိသွားလေပြီ။ ထိုနေရာမှာ သက်ဝင်လှုပ်ရှားမှု စွမ်းအင် အမြောက်အမြားဖြင့် ပြည့်နှက်နေပြီး တကယ့် သစ်သား တာအိုအတွင်း ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။ ငါးများကဲ့သို့ ကူးခတ်မျောပါနေသော အပိုင်းအစများစွာ ရှိနေ၏။
ရုတ်တရက် သူ့ရှေ့တွင် သံကြိုးများကို မြင်လိုက်ရသလိုပင်။
"အဲ့ဒါက... တာအို အပိုင်းအစလား... တာအို ကြိုးတန်းလား..." ကျန်းမင် အံ့အားသင့်သွားရသည်။
စက္ကန့်မျှပင် အချိန်မဆွဲဘဲ သူ့ရှေ့ရှိ လဟာပြင်ထဲသို့ ပစ်ဝင်သွားလိုက်၏။ ထိုအခိုက်အတန့်တွင် အဆုံးမရှိသော သစ်သား တာအို စီးကြောင်းက သူ့ ကိုယ်တွင်းသို့ ဝင်ရောက်လာပြီး သူ့စိတ်နှင့် ခန္ဓာကိုယ် နှစ်ခုလုံးကို အားဖြည့်ပေးနေသည်ကို ခံစားလိုက်ရသည်။
သူ့ချီစွမ်းအင်များ လျှံတက်လာပြီး သူ့ စိတ်ဆန္ဒစွမ်းအားနှင့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ပင်လျှင် ပိုသန်မာလာခဲ့လေပြီ။
"နောက်ဆုံးတော့ သစ်သား တာအိုရဲ့ အခြေခံတွေကို နားလည် သဘောပေါက်သွားပြီ..." ကျန်းမင်က အာမေဋိတ်သံဖြင့် ရေရွတ်လိုက်သည်။
သုံးနာရီသာ ကြာမြင့်ခဲ့ခြင်း ဖြစ်သည်။
အခြေခံများကိုသာ နားလည် သဘောပေါက်နိုင်ခဲ့သော်လည်း သူ့အတွက်တော့ ကြီးမားသော တိုးတက်မှု တစ်ခုအဖြစ် သတ်မှတ်နိုင်နေပြီ ဖြစ်၏။
သူ့ စိတ်စွမ်းအားနှင့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်တို့ များစွာ ပိုသန်မာလာသည်ကို သူ ခံစားသိရှိနိုင်ပေသည်။
အကယ်၍ သစ်သား တာအိုကို သူ အပြည့်အဝ နားလည် သဘောပေါက်နိုင်ခဲ့လျှင်ကော... အကယ်၍ တာအို (၃,၀၀၀) လုံးကို နားလည် သဘောပေါက်နိုင်ခဲ့လျှင်ကော...
ထိုအချိန်ကျလျှင် မည်သည့်အရာများ အောင်မြင်နိုင်မည်ကို ကျန်းမင် စိတ်ကူးပင် မယဉ်ရဲတော့ချေ။
End
***