အထွတ်အထိပ်စေတီမှာ အမှန်တကယ်ပင် အခွင့်အရေးများနှင့် ပြည့်နှက်နေသော နေရာတစ်ခု ဖြစ်ပေ၏။
ကျန်းမင်က သစ်သား တာအိုအား ၃၀ ရာခိုင်နှုန်းအထိ နားလည်သဘောပေါက်ရန် လေးရက်ကြာ အချိန်ယူခဲ့ရသည်။ ထို့ကြောင့် သူ့ စိတ်စွမ်းအား၊ မူလဝိညာဉ်၊ ချီစွမ်းအင်၊ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နှင့် အခြားအရာများမှာ အဆမတန် တိုးတက်လာခဲ့လေပြီ။
သူ ရှေ့ဆက်ရန် ကြိုးစားချိန်တွင် ထပ်မံ တိုးတက်မှု ရရှိရန် အလွန် ခက်ခဲသွားကြောင်း တွေ့လိုက်ရ၏။ ယခုအချိန်တွင် ဤသည်မှာ သူ့ လက်ရှိအဆင့်အတွက် အကန့်အသတ် ဖြစ်ကြောင်းနှင့် သစ်သား တာအိုအား ၃၀ ရာခိုင်နှုန်းအထိ နားလည်နိုင်ခြင်းမှာ သစ်သား ကောင်းကင်ကျောက်တိုင်၏ အထောက်အပံ့ကြောင့်သာ ဖြစ်ကြောင်း သူ သဘောပေါက်သွားတော့သည်။
အကယ်၍ သူသာ အထွတ်အထိပ်စေတီသို့ မလာခဲ့လျှင် သစ်သား တာအို၏ ၃၀ ရာခိုင်နှုန်းကို နားလည်ရန် အနှစ်လေးဆယ်ထက်မက အချိန်ယူရပေမည်။ အခြားလူများ အတွက်ဆိုလျှင် ထိုထက်ပင် အချိန်ပိုကြာနိုင်သေး၏။
လေးရက်၊ ၄၈ နာရီနှင့်အတူ အမှတ် ၄၈ မှတ် ကုန်ဆုံးသွားခဲ့ချေပြီ။
ကျန်းမင်က ရပ်တန့်ရမည့် အချိန်ရောက်ပြီဖြစ်ကြောင်း သိလိုက်သည်။ မည်သို့ပင်ဆိုစေ ဆက်လက် လုပ်ဆောင်ရန်အတွက် ကုန်ကျစရိတ်မှာ သူ့အတွက် ကြီးမားလွန်းနေသည် မဟုတ်ပါလား။
ကျန်းမင် အခြားနေရာ တစ်ခုသို့ ပြောင်းရွှေ့သွားပြီး ဤတစ်ကြိမ်တွင်တော့ မီးတောက် ကောင်းကင်ကျောက်တိုင်ဆီသို့ ရောက်ရှိလာခဲ့၏။
အချိန်များက လျင်မြန်စွာ ကုန်လွန်နေပြီး သူ့ အမှတ်များလည်း အလျင်အမြန် လျော့ကျသွားတော့သည်။
အမှတ်များ အားလုံး ကုန်ဆုံးသွားပြီးနောက် သူက တာအို သန်းပေါင်းများစွာ ပုံရိပ်ကားချပ်ထံ လာခဲ့ပြီး အမှတ်များ ပြန်လည် ဖြည့်တင်းနိုင်ရန် မျှော်လင့်ချက်ဖြင့် အထူးစွမ်းရည်များကို စတင် လေ့လာတော့၏။
သူက တုန်းဖန်းချန်ရှီနှင့် တစ်ခါတစ်ရံ စကားပြောဖြစ်သော်လည်း သူမက မကြာမီတွင်ပင် ငြီးငွေ့သွားသဖြင့် နောက်ဆုံး၌ သူမ၏ ကိုယ်ပိုင်ကမ္ဘာဆီသို့သာ ပြန်သွားခဲ့သည်။
သူတို့အနေဖြင့် အထွတ်အထိပ် စကားပြောခန်းမှတစ်ဆင့် ဆက်သွယ်နိုင်သေးသောကြောင့် ကျန်းမင်က သူမနှင့် အဆက်အသွယ် ပြတ်တောက်သွားမည်ကို စိုးရိမ်မနေခဲ့ပေ။
မျက်တောင်တစ်ခတ် အတွင်းမှာပင် နှစ်ပေါင်း သုံးရာ ကုန်လွန်သွားခဲ့ချေပြီ။
ကျန်းမင်က သတ်ဖြတ်ခြင်းခြင်း တာအိုကျောက်တိုင်ရှေ့မှ မတ်တပ်ရပ်လိုက်သည်။
"ငါ ကျင့်ကြံတာ အနှစ်နှစ်ဆယ်ကျော်လောက်ပဲ ရှိသေးတယ်... ဒါပေမဲ့ ဒီတစ်ခါ ကျင့်ကြံခြင်းမှာ နှစ်ပေါင်း သုံးရာတောင် အချိန်ယူခဲ့ရတာပဲ"
ကျန်းမင်က အံ့ဩတကြီး ရေရွတ်လိုက်မိ၏။
သူက စင်မြင့်ပေါ်တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်လှမ်းရင်း စိတ်ကို ဖြည်းဖြည်းချင်း တည်ငြိမ်အောင် ထားလိုက်သည်။
ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်ချိန်တွင် သူ့ နှလုံးသား နက်ရှိုင်းရာဆီမှ ပြင်းထန်သော ခံစားချက် တစ်ခုက လှိုက်တက်လာ၏။
နှစ်ပေါင်း သုံးရာ ကုန်လွန်သွားခဲ့လေပြီ။ အတိတ်နှင့် နှိုင်းယှဉ်လျှင် သူ့ ကျင့်ကြံခြင်း အဆင့်မှာ အတူတူပင် ဖြစ်သော်ငြား တိုက်ခိုက်ရေး စွမ်းအားကမူ များစွာ တိုးတက်လာခဲ့သည်။
သစ်၊ မီး၊ မြေ၊ သံ၊ ရေ၊ လေ၊ မိုးကြိုး၊ အလင်း၊ အမှောင်၊ ဟင်းလင်းပြင်၊ အချိန်၊ သံသရာ၊ ဖျက်ဆီးခြင်း၊ ကံကြမ္မာ၊ အကန့်အသတ်မဲ့၊ ဓား၊ စိတ်ချောက်ချားမှု အစရှိသည်တို့ အားလုံး၏ ၃၀ ရာခိုင်နှုန်းကို သူ နားလည်သဘောပေါက်ခဲ့ပြီ ဖြစ်၏။
ဓာတ်ကြီးငါးပါး၊ ယင်နှင့်ယန်၊ ရှင်သန်ခြင်းနှင့်သေဆုံးခြင်း၊ အမှောင်နှင့်အလင်း၊ စစ်မှန်သော ပုံရိပ်ယောင်၊ ဟင်းလင်းပြင်နှင့်အချိန် ကဲ့သို့သော အဆင့်မြင့် တာအိုများမှာမူ ကျွမ်းကျင်ရန် ပိုခက်ခဲသောကြောင့် ၁၀ ရာခိုင်နှုန်းခန့်သာ နားလည်နိုင်ခဲ့ပေသည်။
သတ်ဖြတ်ခြင်းနှင့် ပတ်သက်၍မူ... ထိုအကြောင်းကို သူ မပြောချင်တော့ပေ။
အမည် - ကျန်းမင်
ကျင့်ကြံခြင်း အဆင့် - အဆင့် ၇
စုဆောင်းရရှိသော အမှတ် - ၈၁ မှတ်
ဂုဏ်ပြုမှတ်တမ်း -
အဆင့် ၃ - စင်မြင့် ၆ ခု မှတ်တမ်း၊ အထပ် ၂၁ ထပ် မှတ်တမ်း၊ အထူးစွမ်းရည် ၉၉၂ မျိုး
အဆင့် ၄ - စင်မြင့် ၆ ခု မှတ်တမ်း၊ အထပ် ၁၅ ထပ် မှတ်တမ်း
အဆင့် ၅ - စင်မြင့် ၄ ခု မှတ်တမ်း၊ အထူးစွမ်းရည် ၆၈,၆၇၂ မျိုး
ကျန်းမင်က အထွတိအထိပ်စေတီ အတွင်းရှိ သူ့ အချက်အလက်များကို တစ်ချက် အကဲခတ်လိုက်သည်။ သူ့ လက်ကျန်အမှတ်မှာ ၈၁ မှတ်သာ ရှိတော့သော်လည်း အထူးစွမ်းရည် အမျိုးအစား (၆၀,၀၀၀) ကျော်ကို နားလည်သဘောပေါက်ခဲ့လေပြီ။
ဤသည်မှာ သူ အမှတ်အချို့ ကျန်ရှိနေသေးခြင်း၏ အကြောင်းရင်းလည်း ဖြစ်ပေ၏။
ကျန်းမင်၏ မျက်လုံးများက အတိုင်းအဆမဲ့သော ယုံကြည်ချက်များဖြင့် တောက်ပလာပြီးနောက် သူက တီးတိုးရေရွတ်သည်။
"ကောင်းကင် တိုက်ပွဲစင်မြင့်နဲ့ ကောင်းကင်လှေကားထစ်ဆီ သွားပြီး ငါ ဘယ်လောက်အထိ သွားနိုင်မလဲ ကြည့်ရအောင်"
အကယ်၍ တုန်းဖန်းချန်ရှီနှင့် ရင်ဆိုင်ရလျှင်ပင် သူမအား အနိုင်ယူနိုင်စွမ်း ရှိသည်ဟု သူ ယုံကြည်ထား၏။
ရုတ်တရက် အဝေးမှ လူတစ်ယောက်ကို သူ သတိထားမိလိုက်သည်။ ကျန်းမင်က မျက်လုံးများကို မှေးစင်းကြည့်လိုက်ပြီး ထိုသူ မည်သူဖြစ်ကြောင်း မြင်လိုက်ရချိန်တွင် ပြုံးလိုက်မိတော့သည်။
သူက ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လိုက်၏။
"အစ်ကိုလို... ပဉ္စမအဆင့်ကို ရောက်လာတဲ့အတွက် ဂုဏ်ယူပါတယ်"
ထိုသူမှာ အခြားသူ မဟုတ်ဘဲ လိုဟန်ပင် ဖြစ်သည်။
"ညီအစ်ကိုကျန်း... မင်း ဒီမှာ ရှိနေတုန်းပဲလို့ ထင်မထားဘူး... မင်းကို တွေ့ရတာ ဝမ်းသာလိုက်တာကွာ... သွား... စားသောက်ပွဲလေး လုပ်ကြရအောင်" လိုဟန်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ဟား ဟား... ကောင်းတာပေါ့"
သူတို့ နေရာယူပြီးနောက် လိုဟန်က စားစရာများနှင့် ဝိုင်ခွက်များကို စားပွဲပေါ် ချတင်သည်။
စားပွဲပေါ်တွင် ဟင်းလျာ စုစုပေါင်း ၈၁၀ ပွဲ ရှိနေ၏။
ကျန်းမင်က အံ့အားသင့်သော လေသံဖြင့် မေးမိတော့သည်။
"ဒါတွေအကုန်လုံး ငါတို့ စားနိုင်ပါ့မလား... စကားမစပ် ဒါတွေအကုန်လုံးက အဆင့်မြင့် ဟင်းလျာတွေချည်းပဲ"
"ဒါက ဘာမှမဟုတ်သေးပါဘူး... ငါ့ရဲ့ ဟင်းလင်းပြင် လက်စွပ်ထဲမှာ ဟင်းလျာ သိန်းဂဏန်းလောက် သိမ်းထားတဲ့ အကျင့်ရှိတယ်... ဟင်းလင်းပြင် လက်စွပ်ထဲမှာ အချိန်နဲ့ အပူချိန်က ရပ်တန့်နေတော့ အစားအစာတွေက မသိုးနိုင်ဘူးလေ... ငါစားချင်တဲ့အချိန် ထုတ်စားလို့ရသလို မင်းလို သူငယ်ချင်းမျိုးနဲ့ တွေ့ရင်လည်း ဧည့်ခံဖို့ ထုတ်သုံးလို့ရတာပေါ့... ထားပါတော့... စားကြရအောင်... မလောက်ရင် ပြောဦး... ငါ ထပ်ယူပေးမယ်" လိုဟန်က ပေါ့ပေါ့ပါးပါးပင် တုံ့ပြန်၏။
ကျန်းမင်က လိုဟန်အား လက်မထောင်ပြရင်း ချီးကျူးလိုက်သည်။
"ဒါ တကယ် မိုက်တာပဲ"
လိုဟန်က ခါးသီးစွာ ပြုံးရင်း…
"အင်း... ဒါက ငါတတ်နိုင်ဆုံး လုပ်နိုင်တာပါပဲ... ရိုးရိုးသားသား ပြောရရင် စကားပြောခန်းထဲက တခြားအဖွဲ့ဝင်တွေနဲ့ ယှဉ်ရင် ငါက အများကြီး အားနည်းတယ်... ငါအားအနည်းဆုံး ဖြစ်လောက်တယ်... မင်းနဲ့ တုန်းဖန်းချန်ရှီကို ထည့်မတွက်ရင်တောင် ရဲ့ချင်းရှန်က ငါ့ထက် အများကြီး ပိုသန်မာနေပြီ... ငါတို့ တတိယအဆင့်မှာ ဆုံခဲ့ကြပေမဲ့ သူက အဆင့်ခြောက် ရောက်သွားပြီး အဆင့် ၈ ကျင့်ကြံမှုကိုပါ ရရှိသွားပြီ... ငါကတော့... ဟူး... အခုနေရာကို ရောက်ဖို့တောင် အချိန်ရော၊ ကြိုးစားအားထုတ်မှုရော နှစ်ဆလောက် ပေးဆပ်ခဲ့ရတာ... ငါ တကယ်ကို သနားစရာ ကောင်းလှပါတယ်ကွာ"
"သန်မာလာဖို့ စိတ်ဆန္ဒနဲ့ ရည်ရွယ်ချက် ရှိနေသရွေ့တော့ နောက်ဆုံးမှာ မင်းလိုချင်တာကို ရလာမှာပါ... နောင်များ တစ်ခုခု လိုအပ်ရင် ငါ့ကိုသာ ပြောပါ... ငါ အတတ်နိုင်ဆုံး ကူညီပေးပါ့မယ်" ကျန်းမင်က နှစ်သိမ့်ပေးလိုက်သည်။
"ကောင်းပါပြီ... ကျေးဇူးအများကြီး တင်ပါတယ် ညီအစ်ကိုကျန်း"
"ပြီးတော့ တကယ်လို့ ပြဿနာ တစ်ခုခု ကြုံလာရင် ဒါမှမဟုတ် အထွတ်အထိပ်စေတီရဲ့ အဆင့်မြင့် စမ်းသပ်မှုတွေကို အောင်မြင်ဖို့ ယုံကြည်မှု မရှိဘူးဆိုရင် မိန်းကလေး တုန်းဖန်းဆီကနေ အကြံဉာဏ် တောင်းကြည့်လို့ ရတယ်နော်"
"အဲ့ဒီနေ့မျိုး မရောက်လာဖို့ မျှော်လင့်ပါတယ်ကွာ"
သူတို့နှစ်ယောက် စကားပြောရင်း ဟင်းလျာ ၈၁၀ ပွဲလုံးကို အကုန်အစင် စားသောက်လိုက်ကြသည်။
ကျန်းမင်က အတော်လေး ပျော်ရွှင်နေခဲ့သော်လည်း လိုဟန်က ဟင်းလျာများ ထပ်ထုတ်လာရန် ပြင်နေသည်ကို မြင်လျှင် အလျင်အမြန် တားဆီးရတော့၏။
ထို့နောက် သူတို့နှစ်ယောက် ကောင်းကင်လှေကားဆီသို့ ရောက်လာခဲ့ကြသည်။
"အစ်ကိုလို စမ်းကြည့်ချင်သေးလား"
"ကိုယ့်ကိုယ်ကိုယ် အရူးလုပ်ရတာ သိပ်ဝါသနာ မပါလို့ ငါတော့ နေခဲ့တော့မယ်... မင်းဆီက ရလဒ်ကောင်းတွေကိုပဲ စောင့်နေပါ့မယ်... လောလောဆယ်တော့ အမှတ်လေး နည်းနည်းပါးပါး ရအောင် အထူးစွမ်းရည် တချို့ကိုပဲ သွားလေ့လာဦးမယ်"
"ကောင်းပြီလေ... ငါ သွားတော့မယ်"
"မင်း ငါ့ကို ထပ်ပြီး ဂုဏ်ယူရအောင် လုပ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်ကွာ"
"သေချာပေါက်ပါပဲ"
ကျန်းမင်က ကောင်းကင်လှေကားပေါ် တက်လှမ်းလိုက်ပြီး တစ်ရှိန်ထိုး တက်သွားရာ နဝမ လှေကားထစ်သို့ ချက်ချင်းပင် ရောက်ရှိသွားတော့သည်။
သူက ခေါင်းမော့၍ အထက်သို့ ကြည့်ရင်း တိတ်ဆိတ်သွား၏။
ထို့နောက် မည်သည့် တွေဝေမှုမျှ မရှိဘဲ ဒသမမြောက် လှေကားထစ်သို့ လှမ်းတက်လိုက်သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် အဆင့် ၁၉ ထိ ရောက်ရှိသွားလေပြီ။ ဤအဆင့်မှာ အဆင့် ၁၁ ၏ စိတ်စွမ်းအားနှင့် ညီမျှပေသည်။ ကျန်းမင်၏ ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်သွားပြီး မျက်နှာမှာလည်း ဖြူဖျော့သွားတော့၏။
သူ သတိပြန်လည်လာပြီး ရှေ့ဆက်တက်ရန် အချိန်အတော်ကြာ ယူလိုက်ရသည်။
အောက်မှနေ၍ ကြည့်နေသော လိုဟန်မှာ အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေခြင်းမှလွဲ၍ ဘာမှ မလုပ်နိုင်တော့ပေ။
ကျန်းမင် ၂၂ ဆင့်မြောက်သို့ ရောက်ရှိချိန်တွင်တော့ အမြင်အာရုံများ မှောင်မိုက်သွားပြီး ပြုတ်ကျသွားတော့သည်။
လိုဟန်က အားကျစွာ ပြောလာသည်။ "ညီအစ်ကိုကျန်း... မင်းက တကယ့်ကို ငါ့ရဲ့ စံပြပါပဲကွာ"
ကျန်းမင်က ဘေးဘက်ရှိ ကျောက်တိုင်ကို လက်ညှိုးထိုးပြရင်း ပြန်ပြောလိုက်၏။ "ငါက ဒုတိယ နေရာမှာပဲ ရှိသေးတာပါ"
ပထမနေရာတွင် ရှိနေသူမှာ အခြားသူ မဟုတ်ဘဲ အဆင့် ၂၇ အထိ ရောက်ရှိထားသော တုန်းဖန်းချန်ရှီပင် ဖြစ်သည်။
လိုဟန်က ခေါင်းခါယမ်းရမ်းရင်း…
"သူမက မိစ္ဆာမလေးပဲ... ထည့်တွက်စရာ မလိုဘူး"
ကျန်းမင် ခပ်ဟဟ ရယ်မောလိုက်မိသည်။
အင်အားများ ပြန်လည် ဖြည့်တင်းပြီးနောက် သူက ကောင်းကင် တိုက်ပွဲစင်မြင့်ဆီသို့ ရောက်လာခဲ့၏။
လူသွားစင်္ကြံကို ဖြတ်ကျော်လျှောက်လှမ်းလာပြီးနောက် ပထမဆုံး စင်မြင့်ပေါ်သို့ ခြေချလိုက်သည်။
ဘန်း…
သူက သုခဘုံအဆင့် ကျင့်ကြံသူ နှစ်ယောက်ကို လက်သီးနှစ်ချက်တည်းဖြင့် အနိုင်ယူလိုက်လေသည်။
ဒုတိယ စင်မြင့်တွင် လက်သီး သုံးချက် သုံးလိုက်ရပြီး တတိယ စင်မြင့်တွင်တော့ လက်သီး လေးချက်သာ လိုအပ်ခဲ့သည်။
"သူလည်း နောက်ထပ် မိစ္ဆာကောင် တစ်ကောင်ပါပဲလား... ဒီတစ်ခါ စင်မြင့် ဘယ်လောက်အထိ ဖြတ်ကျော်နိုင်မလဲ မသိဘူး" လိုဟန်က အာမေဋိတ်သံဖြင့် ရေရွတ်လိုက်သည်။
စတုတ္ထ စင်မြင့်တွင်တော့ ကျွင်းစန်းချန် ထွက်ပေါ်လာသည်။ သူက ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လာ၏။ "မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ... မင်း ဘယ်လောက်အထိ တိုးတက်လာလဲ ကြည့်ရအောင်"
"ခင်ဗျား မမြင်ရဘူးလား" ကျန်းမင်က ပြန်မေးသည်။
"တကယ်လို့ ငါ မြင်နိုင်ရင်တောင် အဓိပ္ပာယ်ရှိမှာ မဟုတ်ဘူးလေ" ကျွင်းစန်းချန်က ပြောရင်း လက်သီးဆုပ်လိုက်ရာ ဓားတစ်လက် ထွက်ပေါ်လာသည်။ သူ့ ခန္ဓာကိုယ် ပတ်လည်တွင် ရွှေရောင် အလင်းတန်းများ လှည့်ပတ်နေပြီး စကားဆက်၏။ "ဒီတစ်ခါ ငါ မြေတာအိုကို သုံးမယ်... မင်း ငါ့ကို အနိုင်ယူဖို့ အချိန် ဘယ်လောက် ယူရမယ်လို့ ထင်လဲ"
ကျန်းမင်၏ နှုတ်ခမ်းထောင့်တွင် မာရ်နတ်ဆန်သော အပြုံးတစ်ခု ပေါ်လာပြီး ပြန်ဖြေလိုက်သည်။ "လက်သီးတစ်ချက်တည်းနဲ့ ခင်ဗျားကို အနိုင်ယူနိုင်မလားဆိုတာ စမ်းကြည့်ရမှာပေါ့"
"လက်သီး တစ်ချက်တည်း"
"ဟုတ်တယ်... လက်သီး တစ်ချက်တည်း"
"ကောင်းပြီလေ"
"ကျုပ် အကုန်မြင်ပြီးပါပြီ စီနီယာ... စတုတ္ထ စင်မြင့်မှာ ခင်ဗျားရဲ့ ကျင့်ကြံခြင်း အဆင့်က အန္တိမအဆင့်ရဲ့ ကနဦးအဆင့်နဲ့ ညီမျှပြီး တာအိုစွမ်းအားရဲ့ ၃၀ ရာခိုင်နှုန်းကို ကိုင်စွဲထားတယ်... ပဉ္စမ စင်မြင့်မှာတော့ ခင်ဗျားက အန္တိမအဆင့်ရဲ့ အလယ်အလတ်အဆင့်မှာ ရှိပြီး တာအိုစွမ်းအား ၆၀ ရာခိုင်နှုန်းကို ကိုင်စွဲထားမယ်... အဲ့ဒီနောက် ဆဋ္ဌမ စင်မြင့်မှာတော့ ခင်ဗျားက အန္တိမအဆင့်ရဲ့ နောက်ဆုံးအဆင့်မှာ ရှိနေပြီး တာအိုစွမ်းအား အကုန်လုံးကို အပြည့်အဝ ကျွမ်းကျင်သွားပြီ... ကျုပ် ပြောတာ မှန်တယ်မလား"
"မှန်တာပေါ့... လာ... မင်း ဘယ်လောက်အထိ တိုးတက်လာလဲဆိုတာ ပြစမ်း"
"စီနီယာ့ကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး"
ဤတစ်ကြိမ်တွင်တော့ ကျန်းမင်က မည်သည့် လက်နက်ကိုမျှ ရွေးချယ်မထားပေ။ စကားဆုံးသည်နှင့် သူ့ ခန္ဓာကိုယ်မှာ ကြီးထွားလာပြီး နောက်တစ်စက္ကန့်တွင်ပင် တိုက်တန်ဘီလူးကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။
သူ့ သွေးချီများက ရုတ်တရက် ထကြွလာပြီး ဟင်းလင်းပြင်ကိုပင် ပုံပျက်သွားစေ၏။
ဤသည်မှာ ရုပ်ခန္ဓာ မြင့်မြတ်သော ကြယ်တာရာ အသွင်ပြောင်းခြင်း၏ ပဉ္စမမြောက် အဆင့်ပင်။ သူ့ အရပ်အမောင်းမှာ စင်တီမီတာ (၃,၃၃၃) အထိ ကြီးထွားလာမည် ဖြစ်ပြီး ခွန်အားမှာလည်း (၃၂) ဆအထိ တိုးပွားလာပေမည်။
ကျန်းမင်က ကျွင်းစန်းချန်ထံ အားပါသော လက်သီးတစ်ချက် ပစ်သွင်းရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "အကန့်အသတ်မဲ့ သတ်ဖြတ်ခြင်း လက်သီး... ကောင်းကင် အရုဏ်ဦး"
"ဘယ်လောက်တောင် အားပါတဲ့ လက်သီးလဲ" ကျွင်းစန်းချန်၏ မျက်နှာထားမှာ တည်ကြည်သွားပြီး သူ့ အထူးစွမ်းရည်များကို အသက်သွင်းလိုက်သည်။ "ဆွဲငင်အား ပြောင်းလဲခြင်း... ဆွဲငင်အား ဝဲကတော့... မြေဓား ချေမွခြင်း"
သူက ဓားကို အသုံးပြု၍ အထူးစွမ်းရည် သုံးခုကို တစ်ပြိုင်နက် အသက်သွင်းလိုက်ခြင်း ဖြစ်၏။
လေဟာနယ်ထဲမှ ဆွဲငင်အား တစ်ခု ထွက်ပေါ်လာသည်။ ကျန်းမင် အနေဖြင့် သူ့ ခြေလက်များ၊ ဦးခေါင်းနှင့် ခန္ဓာကိုယ်ပေါ်တွင် အားကောင်းသော ဆွဲငင်အားကြီး ဖိစီးလာသည်ကို ခံစားလိုက်ရသည်။
ကျင်ွးစန်ချန်း ဓားကို အောက်သို့ ခုတ်ချလိုက်သည်နှင့် ကောင်းကင်ယံတွင် အဝါရောင် နတ်တောင်ကြီး တစ်လုံး ထွက်ပေါ်လာပြီး ကျန်းမင်ထံသို့ ကျဆင်းလာတော့သည်။
အကယ်၍ အခြားလူများသာ ဖြစ်ခဲ့လျှင် ရှုံးနိမ့်သွားလောက်ပြီ ဖြစ်သော်လည်း ကျန်းမင်ကမူ ကွာခြားလှပေသည်။ သူ့ ခန္ဓာကိုယ် တစ်ချက် တုန်ယင်သွားပြီးနောက် ကျွင်းစန်းချန် အပါအဝင် တိုက်ခိုက်မှု အားလုံးကို လက်သီးတစ်ချက်တည်းဖြင့် ကြေမွသွားစေတော့၏။
"ငါ တကယ်ပဲ သူ့ကို လက်သီးတစ်ချက်တည်းနဲ့ အနိုင်ယူလိုက်တာလား"
ကျန်းမင်မှာ ကျွင်းစန်းချန်အား လက်သီးတစ်ချက်တည်းဖြင့် အနိုင်ယူနိုင်မည်ဟု ယုံကြည်ထားသော်ငြား ထွက်ပေါ်လာသော ရလဒ်ကြောင့် အံ့အားသင့်နေဆဲပင်။
"ဒါကိုသာ စောစောသိခဲ့ရင် ရုပ်ခန္ဓာ မြင့်မြတ်သော ကြယ်တာရာ အသွင်ပြောင်းခြင်းကို သုံးခဲ့မှာ မဟုတ်ဘူး... ငါ့ရဲ့ ကိုယ်ပိုင် ရုပ်ပိုင်းဆိုင်ရာ ခွန်အားသက်သက်နဲ့ အနိုင်ယူနိုင်မလားဆိုတာ စမ်းကြည့်သင့်တာ"
ထိုသို့ တွေးတောရင်း သူက ခုန်ပျံလိုက်ကာ ပဉ္စမမြောက် စင်မြင့်ဆီသို့ ရောက်ရှိလာခဲ့သည်။
ကျွင်းစန်းချန်က အာမေဋိတ်သံဖြင့် ပြောလာ၏။ "မင်း တကယ် လုပ်နိုင်ခဲ့တာပဲ... ကြည့်ရတာ ဒီစင်မြင့်မှာလည်း ငါ မင်းကို နိုင်တော့မှာ မဟုတ်ဘူးထင်တယ်"
"သေချာပေါက် ခင်ဗျား ကျုပ်ကို နိုင်မှာ မဟုတ်ပါဘူး" ကျန်းမင်က ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။ "ကျုပ် ခင်ဗျားကို အနိုင်ယူဖို့ လက်သီး ဘယ်နှချက် လိုမယ်လို့ ထင်လဲ စီနီယာ"
"လက်သီး ဘယ်နှချက် ဟုတ်လား... ငါ့ကို အထင်မသေးစမ်းနဲ့"
ဒါဆိုလည်း စမ်းကြည့်ကြတာပေါ့။
ကျန်းမင်၏ ခန္ဓာကိုယ်မှာ နောက်တစ်ကြိမ် ထပ်မံ ကြီးထွားလာပြန်သည်။ ဤတစ်ကြိမ်တွင်တော့ အရပ်အမောင်းမှာ စင်တီမီတာ (၆,၆၆၆) အထိ ရောက်ရှိသွားပြီး ခွန်အားများမှာလည်း (၆၄) ဆ တိုးပွားလာခဲ့လေပြီ။ သူက မေးလိုက်၏။ "ဒါက ကျုပ် လက်ရှိအခြေအနေမှာ သုံးနိုင်တဲ့ အမြင့်ဆုံး စွမ်းအားပဲ... စီနီယာ တားဆီးနိုင်မယ် ထင်လား"
ဖောင်း...
ကျွင်းစန်းချန် တစ်ကိုယ်လုံး ပေါက်ကွဲထွက်သွားတော့သည်။
End
***