ရုပ်ခန္ဓာ မြင့်မြတ်သော ကြယ်တာရာ အသွင်ပြောင်းခြင်းမှာ သုံးဆင့် ကြယ်တာရာ အသွင်ပြောင်းခြင်းမှ ဆင်းသက်လာခြင်း ဖြစ်၏။ ယခုကျင့်စဉ်တွင် အဆင့်သုံးဆင့် အစား အဆင့်ခြောက်ဆင့် ပါဝင်ပေသည်။ ကျန်းမင်က ဆဋ္ဌမအဆင့်အထိ အောင်မြင်ထားပြီး ထိုအဆင့်တွင် သူ့ ခန္ဓာကိုယ်မှာ စင်တီမီတာ (၆,၆၆၆) အထိ ကြီးထွားလာမည် ဖြစ်ကာ ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာလည်း (၆၄) ဆအထိ တိုးပွားလာမည် ဖြစ်ချေသည်။
သူက အန္တိမအဆင့်၏ အလယ်အလတ် အဆင့်တွင် ရှိနေသော ကျွင်းစန်းချန်ား လက်သီးတစ်ချက်တည်းဖြင့် ထိုးခွဲပစ်လိုက်လေပြီ။
ကောင်းကင် တိုက်ပွဲစင်မြင့်၏ ဆဋ္ဌမမြောက် စင်မြင့်ထက်တွင်...
ကျန်းမင်က ရုပ်ခန္ဓာ မြင့်မြတ်သော ကြယ်တာရာ အသွင်ပြောင်းခြင်းကို ရုပ်သိမ်းလိုက်သော်ငြား သူ့ ခန္ဓာကိုယ်ကို ကြီးမားလှသော သွေးချီများက ဖုံးလွှမ်းထားဆဲပင်။ သူက ကျွင်းစန်းချန်ကို ကြည့်ကာ အနေခက်စွာဖြင့် စကားဆိုလာ၏။ "အင်း... ဒါက ကျုပ် မျှော်လင့်ထားတာထက် လွန်သွားတယ်"
ကျွင်းစန်းချန်၏ နှုတ်ခမ်းထောင့်များ တုန်ယင်သွားတော့သည်။ သူ ကျန်းမင်ကို အသေအလဲ ထိုးကြိတ်ချင်စိတ်များ ပေါက်သွားသော်လည်း အေးစက်စွာ နှာမှုတ်၍ ပြန်ပြောလိုက်သည်။ "မင်း ဒီလောက်အထိ သန်မာလာလိမ့်မယ်လို့ ငါ မထင်ထားဘူး... တော်တော် ကောင်းတယ်... တကယ်လို့ မင်းရဲ့ အထူးစွမ်းရည်က နဝမအဆင့်အထိ ရောက်သွားရင် ဒီလောကမှာ မင်းကို နိုင်မယ့်သူ ဘယ်သူမှ ရှိတော့မှာ မဟုတ်ဘူး"
ကျန်းမင်က ရိုသေစွာ တုံ့ပြန်လိုက်၏။ "ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ... ခင်ဗျားကို တိုက်ခိုက်ဖို့ ကျုပ် ဒီအထူးစွမ်းရည်ကိုပဲ ဆက်သုံးပါရစေ... ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါဦး"
ကျွင်းစန်းချန်၏ နှုတ်ခမ်းထက်တွင် ထူးဆန်းသော အပြုံးတစ်ခု ထွက်ပေါ်လာပြီး ခေါင်းညိတ်လိုက်သည်။ "ရတာပေါ့... ငါက အခု အန္တိမရဲ့ နောက်ဆုံးအဆင့်မှာ ရှိနေပြီး တာအို နှစ်ခုကို အပြည့်အဝ ကျွမ်းကျင်ထားတယ်"
ကျွင်းစန်းချန်၏ အော်ဟစ်သံက ဟင်းလင်းပြင် တစ်ခွင် ပဲ့တင်ထပ်သွားတော့၏။ "စလိုက်ကြရအောင်"
ကျန်းမင် တီးတိုး ရေရွတ်လိုက်မိသည်။ "အသိစိတ် တာအိုနဲ့ ပုံရိပ်ယောင် တာအို... ဟုတ်လား"
ထိုအချိန်မှာပင် သူ့ ခန္ဓာကိုယ်မှာ စတင် ကြီးထွားလာပြီး မျက်တောင်တစ်ခတ် အတွင်း မီတာ (၆၀) အထိ မြင့်မားသွားလေပြီ။ ဤအခွင့်အရေးကို ဆုပ်ကိုင်ကာ သူ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းအား မည်မျှအထိ သန်မာလာနိုင်သည်ကို စမ်းသပ်ကြည့်ချင်နေ၏။
"ကောင်းကင် အရုဏ်ဦး"
ထိုသည်မှာ အကန့်အသတ်မဲ့ သတ်ဖြတ်ခြင်း လက်သီး၏ ပထမဆုံး သိုင်းကွက်ပင်။ အာကာသ ဟင်းလင်းပြင်ကြီး ပုံပျက်သွားပြီး ကြီးမားလှသော စွမ်းအားကြီးက လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးကို ကြေမွသွားစေမည့်အလား။
သို့သော် ကျွင်းစန်းချန်က ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းရန် ခြေတစ်လှမ်းမျှပင် မရွေ့ခဲ့ချေ။ ရုတ်တရက် သူ့ ပတ်ဝန်းကျင်ရှိ နေရာလပ်မှာ မှန်တစ်ချပ်ကဲ့သို့ အက်ကွဲလာတော့သည်။
"ပုံရိပ်ယောင် ဆိုတာ အစစ်အမှန် မဟုတ်ဘူး... မင်း ဒါကို မြင်နိုင်ရင်တောင် တိုက်ခိုက်နိုင်ပါ့မလား" ကျွင်းစန်းချန်က လက်နောက်ပစ်ထားလျက် တည်ငြိမ်စွာ ဆိုလာ၏။
ကျန်းမင် ဘာမှပြန်မပြောဘဲ ကျွင်းစန်းချန်ထံ နောက်ထပ် လက်သီး အချက်အနည်းငယ် ပစ်သွင်းလိုက်သည်။
"မြေပြင် ခွဲဖြာ လက်သီး... ကောင်းကင်နှင့် မြေကြီး တိုက်ခိုက်မှု... ကြယ်တာရာ ပေါက်ကွဲခြင်း လက်သီး"
တိုက်ပွဲစင်မြင့်မှာ အဝန်းအဝိုင်းအားဖြင့် မိုင်တစ်သောင်းခန့် ကျယ်ဝန်းပေသည်။ ဤနေရာရှိ ကျောက်တုံးများမှာ လက်တွေ့ကမ္ဘာမှ ကျောက်တုံးများထက် ပိုမာကျောသော်ငြား ကျန်းမင်၏ တိုက်ခိုက်မှုအောက်တွင် ကြေမွသွားရမည့် ကံကြမ္မာမှ မလွတ်မြောက်နိုင်ခဲ့ပေ။ တိုက်ပွဲစင်မြင့်၏ နေရာအများစုမှာ ပျက်စီးသွားပြီး ကြီးမားနက်ရှိုင်းသော ချိုင့်ခွက်ကြီးများပင် နေရာအနှံ့ ထွက်ပေါ်လာတော့၏။
ကျွင်းစန်းချန်၏ အသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။
"မင်းရဲ့ တိုက်ခိုက်မှုတွေက အစစ်အမှန် ဖြစ်ပေမဲ့ ငါက ပုံရိပ်ယောင်ထဲမှာ တည်ရှိနေတာ... မင်း တိုက်ပွဲစင်မြင့် တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်ရင်တောင် ငါ့ကို တစ်ချက်လေးတောင် ထိနိုင်မှာ မဟုတ်ဘူး... ဒါက ပုံရိပ်ယောင် တာအိုရဲ့ စစ်မှန်တဲ့ စွမ်းအားပဲ... ကာကွယ်ရေးအပိုင်းနဲ့ ပတ်သက်လာရင် ဘယ်စွမ်းအားကမှ ဒီကို ယှဉ်နိုင်မှာ မဟုတ်ဘူး"
ကျန်းမင် ခပ်ဟဟ ပြုံးရင်း…
"တကယ်လား... ရုပ်ပိုင်းဆိုင်ရာ တာအိုက အပြင်ပန်း မြင်ရသလောက် ရိုးရှင်းမနေဘူးလို့ ခင်ဗျား အရင်က ပြောခဲ့တယ်လေ... ပုံရိပ်ယောင် တာအိုက ဘာတွေ လုပ်နိုင်လဲ သိနေတာတောင် ကျုပ်မှာ အစီအစဉ် မရှိဘူးလို့ ခင်ဗျား တကယ် ထင်နေတာလား... ဒါကို ခံကြည့်စမ်း... တုန်ခါမှု လှိုင်းလုံး လက်သီး"
ကျန်းမင် အော်ဟစ်လိုက်သည်နှင့် သူ့ သွေးချီများက ဒီရေလှိုင်းများအလား ထကြွလာတော့သည်။ ထိုစွမ်းအင်များက အာကာသ ဟင်းလင်းပြင်ထဲ ပေါင်းစပ်သွားပြီး တာအိုစွမ်းအားကို နှိုးဆွလိုက်လေပြီ။
ထူးဆန်းသော မုန်တိုင်းတစ်ခုက တိုက်ပွဲစင်မြင့် တစ်ခွင် ဖြတ်သန်းတိုက်ခတ်သွားရာ ကျွင်းစန်းချန်၏ မျက်နှာထားမှာ တင်းမာသွား၏။ သူ့ ခန္ဓာကိုယ် ပုံရိပ်မှာ တုန်ခါသွားပြီး ပြိုကွဲသွားတော့မည့်အလား ထင်မှတ်ရသည်။
ရုတ်တရက် သူ့ မျက်လုံးများ တောက်ပလာပြီး အာမေဋိတ်သံဖြင့် ပြောလာသည်။ "မင်းက ငါ့ကို ပုံရိပ်ယောင်ထဲကနေ အတင်း ထွက်လာအောင် လုပ်ပြီး သတ်ဖို့ မင်းရဲ့ လက်သီးတွေထဲမှာ သွေးချီတွေ ပေါင်းထည့်ထားတာလား... အထင်ကြီးစရာပဲ... မင်းက တကယ့်ကို အံ့ဩစရာတွေနဲ့ ပြည့်နေတဲ့ ကောင်ပဲ"
ထိုအချိန်မှာပင် သူ့ ခန္ဓာကိုယ်မှာ ရုတ်တရက် ခိုင်မာလာတော့သည်။ ပင်လယ်ထဲရှိ ကျောက်ဆောင်တစ်ခုအလား လှိုင်းလုံးများ မည်မျှပင် ကြီးမားနေပါစေ မလှုပ်မယှက် ရပ်တည်နေဆဲပင်။
"ဒါ အသိစိတ် တာအိုပဲ"
"ကြယ်တာရာ ပေါက်ကွဲခြင်း လက်သီး"
ကျန်းမင် မျက်လုံးများကို မှေးစင်းသွားပြီး ကျွင်းစန်းချန်ထံ နောက်ထပ် လက်သီးတစ်ချက် ပစ်သွင်းလိုက်ရာ သူ့ ခန္ဓာကိုယ်ပင် ပုံပျက်သွားတော့သည်။
"ဒါက လူလည်ကျတာပဲ" ကျန်းမင် မကျေမနပ် ညည်းညူလိုက်သည်။
ကျွင်းစန်းချန် ကျယ်လောင်စွာ ရယ်မောပြီး…
"ဟား ဟား... ဒါကို ဘယ်လိုလုပ် လူလည်ကျတယ်လို့ ခေါ်လို့ရမှာလဲ... ဒါက အစစ်အမှန်နဲ့ ပုံရိပ်ယောင်ကြားက ပြီးပြည့်စုံတဲ့ အသွင်ပြောင်းခြင်းလေ... မင်းရဲ့ တိုက်ခိုက်မှုအပေါ် မူတည်ပြီး ငါ့ပုံစံကို ပြောင်းလဲလိုက်ရုံပဲ"
"ဟွန့်... ဒါဆို ဒါကကော ဘယ်လိုလဲ... သုတ်သင်ခြင်း လက်သီး"
ကျန်းမင် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ကျွင်းစန်းချန်ထံ အပြင်းထန်ဆုံး လက်သီးတစ်ချက် ပစ်သွင်းလိုက်လေပြီ။
ဤတိုက်ခိုက်မှုကို သုတ်သင်ခြင်း လက်သီးဟု ခေါ်ဆို၏။ ယင်းက တုန်ခါမှု လှိုင်းလုံး လက်သီးထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းလှပေသည်။ အစစ်အမှန် ဖြစ်စေ၊ ပုံရိပ်ယောင် ဖြစ်စေ လမ်းကြောင်း တစ်လျှောက်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိပေ၏။
ဤတိုက်ခိုက်မှုက ကျွင်းစန်းချန်ား အနိုင်ယူလုနီးပါး ဖြစ်သွားစေခဲ့သည်။ တခြားတစ်ဖက်တွင် သူ ပြန်လည် ထွက်ပေါ်လာချိန်၌ သွေးတစ်ပွက် ပန်းထုတ်လိုက်ရ၏။ သို့သော် ကျန်းမင်၏ စွမ်းအားကြောင့် တုန်လှုပ်သွားမည့်အစား သူ့ မျက်လုံးများတွင် ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်နေတော့သည်။
"မယုံနိုင်စရာပဲ... မင်းရဲ့ ဒီတိုက်ခိုက်မှုက သာမန် အကြိုအင်မော်တယ် တစ်ယောက်ကို အနိုင်ယူဖို့ လုံလောက်တယ်"
"ဒါပေမဲ့ ကျုပ် ခင်ဗျားကို မနိုင်သေးဘူးလေ" ကျန်းမင်က ချက်ချင်း တုံ့ပြန်လိုက်သည်။
ကျွင်းစန်းချန်က ခေါင်းညိတ်ပြကာ…
"တာအို နှစ်ခုကို အပြည့်အဝ ကျွမ်းကျင်ထားတဲ့ ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်တယ် ဆိုကတည်းက မင်း သန်မာတယ်ဆိုတာ သက်သေပြနေပြီပဲ... အခု ငါ့အလှည့် ရောက်ပြီ"
"ထူးဆန်းသော မှော်ကမ္ဘာ သုံးထောင်... ကျဆင်းလာစေ"
သူ လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် များပြားလှသော ကမ္ဘာများက ကျန်းမင်အပေါ် ကျဆင်းလာတော့သည်။ တစ်ချိန်တည်းမှာပင် သူ့ အသံက ပတ်ဝန်းကျင်၌ ပဲ့တင်ထပ်သွား၏။
"ဒါက စစ်မှန်တဲ့ ပုံရိပ်ယောင် တာအိုကို ပေါင်းစပ်ပြီးနောက်မှာ ငါ ဖန်တီးထားတဲ့ အစွမ်းထက် အထူးစွမ်းရည်ပဲ... တကယ်လို့ မင်း ဒါကို ကျော်လွှားနိုင်ရင် မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ တာအိုက အထင်ကြီးလောက်စရာ ဖြစ်နေပြီ ဆိုတဲ့ အဓိပ္ပာယ်ပဲ... ဘာပဲဖြစ်ဖြစ် ကံကောင်းပါစေ လူငယ်လေး"
နောက်တစ်စက္ကန့်တွင်တော့ ကျန်းမင်က မြို့တစ်မြို့၏ လမ်းမပေါ်၌ မတ်တပ်ရပ်နေကြောင်း သူ့ကိုယ်သူ သတိထားမိလိုက်သည်။
သူ့ ပတ်ပတ်လည်တွင် လူများစွာ ရှိနေ၏။ အချို့က လမ်းလျှောက်နေကြပြီး အချို့က ဈေးရောင်းချနေကြသည်။ သူ့ ဘေးတွင် ပြည့်တန်ဆာအိမ် တစ်ခုရှိပြီး မိန်းကလေးများက ဖောက်သည်များကို ဆွဲဆောင်ရန် ပဝါများ ဝှေ့ယမ်းနေကြပေသည်။
ဤနေရာရှိ အရာအားလုံးမှာ အလွန် အစစ်အမှန်ဆန်ပြီး တကယ်ပဲ တည်ရှိနေသကဲ့သို့ ခံစားရသည်။ သို့သော် ထိုအရာများ အားလုံးမှာ အတုအယောင်များသာ ဖြစ်ကြောင်း ကျန်းမင် သိထားလေ၏။
"သခင်လေး... သစ်တော်သီးလေး ဘာလေး ယူမလားဟင်... အရမ်းချိုတာပဲ... ဒီမနက်မှ ခူးလာတာ... ကျေးဇူးပြုပြီး တစ်လုံးလောက် ဝယ်ပါနော်... တစ်လုံးမှ အကြွေတစ်ပြားတည်းပါ"
အသက်ဆယ်နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးက သူ့ဘေးမှ ဖြတ်လျှောက်သွားသည်။ သူမက ခြင်းတောင်း တစ်လုံးကို ကိုင်ထားပြီး မျက်လုံးများထဲတွင် တောင်းပန်နေသော အရိပ်အယောင်များ ပြည့်နှက်နေ၏။
ကျန်းမင် ခေါင်းငုံ့ကြည့်ကာ ပြုံး၍ ပြန်ဖြေလိုက်သည်။ "ကောင်းပြီလေ... တစ်လုံးလောက် ယူမယ်"
"တကယ်လား... ကျေးဇူးအများကြီး တင်ပါတယ် သခင်လေး... အကြီးဆုံး တစ်လုံး ရွေးပေးမယ်နော်"
မိန်းကလေးက ပျော်ရွှင်စွာ ပြန်ဖြေရင်း သစ်တော်သီး အကြီးကြီး တစ်လုံးကို ကျန်းမင်ထံ ကမ်းပေးလာသည်။
သို့သော် နောက်တစ်စက္ကန့်တွင်တော့ ထိုသစ်တော်သီးမှာ ဓားစွမ်းအင် အဖြစ် ပြောင်းလဲသွားပြီး ကျန်းမင်၏ လည်ချောင်းဆီသို့ တည့်တည့် ထိုးဖောက်ဝင်ရောက်လာတော့၏။
ထိုတိုက်ခိုက်မှုကို မျှော်လင့်ထားပြီးသား ဖြစ်သည့်အလား ကျန်းမင်က လက်မြှောက်၍ ဓားစွမ်းအင်ကို တစ်ချက်တည်း ရိုက်ချိုးပစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့ရှေ့ရှိ မိန်းကလေးကိုပါ လွင့်ထွက်သွားစေ၏။ သူမက မီတာ အနည်းငယ် အကွာရှိ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့လေပြီ။
စည်ကားနေသော လမ်းမကြီးမှာ ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။ အားလုံးက သူ့ကို လှည့်ကြည့်လာကြပြီး ထိုအထဲမှ တစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ "လူသတ်မှု... လူသတ်မှုဟေ့"
"နေ့ခင်းကြောင်တောင်ကြီး လူသတ်ရဲတယ်ပေါ့... အဲ့ဒါက ကလေးမလေး တစ်ယောက်တောင် ဖြစ်နေသေးတယ်... မကောင်းဆိုးဝါး... မင်းက သေချာပေါက် မကောင်းဆိုးဝါးပဲ ဖြစ်ရမယ်"
"သူ့ကို အစိုးရ ရုံးတော်ဆီ ခေါ်သွားကြစို့"
လူများက သူ့ပတ်လည်တွင် စတင် စုရုံးလာကြသည်။ အချို့က သူ့ အပေါ်သို့ ပုပ်သိုးနေသော ကြက်ဥများနှင့် ဟင်းသီးဟင်းရွက်များကိုပင် ပစ်ပေါက်ကြလေ၏။
ကျန်းမင် သက်ပြင်းချလိုက်မိသည်။
ဤအရာများ အားလုံးမှာ အစစ်အမှန် မဟုတ်ကြောင်း သိထားသည့်တိုင် ထိုလူများ၏ ဆဲဆိုကြိမ်းမောင်းမှုကို ခံရသည့်အခါ စိတ်ထဲ အနည်းငယ်တော့ ခံရခက်နေဆဲပင်။
ထိုစဉ် အစိုးရ အရာရှိ ဒါဇင်ခန့် ထွက်ပေါ်လာ၏။ သူတို့က လက်ထဲတွင် သံကြိုးများ ကိုင်ဆောင်ထားပြီး ခါးတွင်လည်း ဓားများ ချိတ်ဆွဲထားကြသည်။
သူတို့က ကျန်းမင်ထံ ပြေးလာရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "ဖယ်ကြ... ဖယ်ကြစမ်း... တရားခံ ဘယ်မှာလဲ"
လူအုပ်ကြီးက ဘေးဘက်သို့ အလျင်အမြန် ဆုတ်ခွာပေးလိုက်ကြ၏။
တပ်မှူးဖြစ်သူက ကျန်းမင်ကို မြင်လိုက်ချိန်တွင် အံ့အားသင့်သွားတော့သည်။ "နတ်ဘုရားတွေ ကယ်တော်မူပါ... မင်းက ရုပ်ရည်သန့်သန့်နဲ့ လူကောင်းပုံစံ ပေါက်နေပေမဲ့ လက်နက်မဲ့ ကလေးမလေးကို သတ်ရက်လောက်အောင် စိတ်ထား ယုတ်မာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ... သူ့ကို ဖမ်းစမ်း"
လူနှစ်ယောက်က သံကြိုးများ ကိုင်ဆောင်လျက် သူ့ထံ တိုးလာသည်ကို မြင်လျှင် ကျန်းမင်၏ မျက်တောင်များ လှုပ်ခတ်သွား၏။ ထိုသံကြိုးမှာ တာအို သံကြိုးပင်။ ၎င်းတွင် တာအို စွမ်းအားများ မြှုပ်နှံထားပြီး အကယ်၍ သူသာ ထိုသံကြိုးဖြင့် အချည်ခံရပါက ပြဿနာ ကြီးသွားပေမည်။
သူက လက်ချောင်း တစ်ချက် တောက်လိုက်ရာ သံကြိုးမှာ အစအနမကျန် ကြေမွသွားလေပြီ။
တပ်မှူးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "မင်းကတော့လေ... ငါတို့နဲ့ အေးအေးဆေးဆေး မလိုက်ချင်မှတော့ မင်းကို ဒီနေရာမှာပဲ သတ်ပစ်ရုံကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး"
ရွှီး...
သူတို့အားလုံး ဓားများကို ဆွဲထုတ်ကာ ကျန်းမင်ထံ ပြေးဝင်လာကြတော့၏။
သူတို့၏ လှုပ်ရှားမှုများမှာ နှေးကွေးနေသော်လည်း သူ့အနီးသို့ ရောက်လာချိန်တွင် ဓားများ တောက်ပနေသည်ကို သူ သတိပြုမိလိုက်သည်။ ထိုသည်မှာ အစွန်းရောက် လမ်းစဉ်၏ စွမ်းအား ဖြစ်ကြောင်း သဘောပေါက်ရန် အချိန်သိပ်မကြာလိုက်ပေ။
ကျန်းမင် အနေဖြင့် ဤနေရာတွင် ဘာမှမလုပ်ဘဲ မတ်တပ်ရပ်နေမည် မဟုတ်သည်မှာ သေချာလှ၏။ သူ လက်မြှောက်လိုက်ပြီး အစိုးရ အရာရှိ အားလုံးကို တစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်လေပြီ။
လမ်းမကြီး တစ်ခုလုံး သွေးညှီနံ့များဖြင့် ပြည့်နှက်သွားပြီး လူတိုင်းမှာ နောက်တစ်ကြိမ် ထပ်မံ တိတ်ဆိတ်သွားကြတော့သည်။
နောက်တစ်စက္ကန့်တွင်တော့ ထိုအထဲမှ တစ်ယောက်က အော်ဟစ်လိုက်ပြန်၏။
"သူက မကောင်းဆိုးဝါးပဲ... သူ့ကို ထွက်သွားခွင့် ပေးလို့ မဖြစ်ဘူး... အားလုံး ဝိုင်းပြီး သူ့ကို ဖမ်းကြ"
ဆိုင်များ သို့မဟုတ် ပြည့်တန်ဆာအိမ်များထဲမှ လူများစွာ ထွက်လာကြသည်။ အချို့က ကတ်ကြေးများ ကိုင်ဆောင်ထားပြီး အချို့ကမူ ဂေါ်ပြားများနှင့် တံစဉ်များကို ကိုင်ဆောင်ထားကြ၏။
သူတို့အားလုံး ကျန်းမင်ထံ ပြေးဝင်လာကြပြီး ကျန်းမင် လေထဲသို့ ခုန်တက်ရန် ပြင်လိုက်ချိန်တွင်တော့ လှုပ်ရှား၍ မရနိုင်တော့ကြောင်း တွေ့လိုက်ရသည်။ သူ့ ခြေထောက်များမှာ မြေကြီးပေါ်တွင် အခိုင်အမာ တွယ်ကပ်နေသကဲ့သို့ ဖြစ်နေပြီး မည်မျှပင် ကြိုးစားပါစေ မြေပြင်မှ ခွာ၍ မရတော့ချေ။
အခြား ရွေးချယ်စရာ မရှိတော့သဖြင့် သူက လက်များကို လေထဲ မြှောက်လိုက်၏။ သူတို့အားလုံးကို သတ်ဖြတ်ရန် ပြင်လိုက်ချိန်တွင်တော့ သူ့ရှေ့၌ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကို မြင်လိုက်ရသည်။ သူမက လက်ထဲတွင် ဓားမြှောင် တစ်လက်ကို ကိုင်ထားပြီး မျက်လုံးများထဲ၌ အမုန်းတရားများ ပြည့်နှက်နေပေသည်။
သူ့ ဘယ်ဘက်တွင်တော့ လူငယ် အမျိုးသမီး တစ်ဦးက ကတ်ကြေး တစ်လက်ဖြင့် သူ့ထံ ပြေးဝင်လာ၏။ ညာဘက်တွင်မူ ကလေးမလေး တစ်ဦးက သူ့ခြေထောက်များကို လာရောက် ဖက်တွယ်ထားလေသည်။
အဘိုးအို၊ အဘွားအို အချို့ကလည်း သူ့ထံ ပြေးဝင်လာကြသေး၏။
ရုတ်တရက် သူ့ နှလုံးခုန်သံ တစ်ချက် ရပ်တန့်သွားတော့သည်။
ဤတိုက်ခိုက်မှုများကို သူ အလေးအနက် မထားခဲ့သော်ငြား သူ့အနီးသို့ ရောက်လာချိန်တွင် ထိုတိုက်ခိုက်မှုများ၌ တာအို စွမ်းအားများ ပါဝင်နေပြီး ထိုစွမ်းအားများက တိုက်ခိုက်မှုများကို ကြောက်မက်ဖွယ် ကောင်းလောက်အောင် အဆမတန် ကြီးမားသွားစေကြောင်း တွေ့လိုက်ရလေပြီ။
End
***