ကျန်းမင် ညင်သာစွာ သက်ပြင်းချလိုက်၏။ ကျွင်းစန်းချန်က သူ့အား စွမ်းအားမဲ့ သာမန်လူ တစ်သောင်းနှင့် ရင်ဆိုင်စေခြင်းဖြင့် ဘာလုပ်ချင်နေသနည်း ဆိုသည်ကို သူ နားလည်ထားပေသည်။ သူ တကယ်ပဲ ထိုလူများကို သတ်ဖြတ်နိုင်ပါ့မလား။
သူ ရင်ဆိုင်နေရသည့် အရာမှာ စစ်မှန်သော ပုံရိပ်ယောင် တာအို၏ အမြင့်မားဆုံး အစွမ်းသက်ရောက်မှု ဖြစ်တန်ရာသည်ဟု သူ ကောက်ချက်ချမိသည်။ ဤလူများ အားလုံးမှာ အသက်ရှင်နေသော လူသားစစ်စစ်များပင်... အနည်းဆုံးတော့ ကျန်းမင်၏ အမြင်တွင် ထိုသို့ ထင်မှတ်ရပေ၏။
သို့သော် သူ တကယ်ပဲ ထိုလူငယ် မိန်းကလေးများ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် လယ်သမားအိုများကို သတ်ဖြတ်ရက်ပါ့မလား။
သူ့ရှေ့တွင် ရှိနေသော လူအုပ်ကြီး၏ အသက်အိုးအိမ်စည်းစိမ်များမှာ ကျန်းမင်၏ လက်ထဲတွင်သာ ရှိနေချေပြီ။ သူ ကိုယ်ကျင့်တရားကို ဘေးဖယ်ထားပြီး သူတို့၏ အသက်များကို နုတ်ယူနိုင်ပါမည်လော။
"ခင်ဗျားက သွေးအေးလွန်းတယ်" ကျန်းမင်၏ မျက်ဝန်းများ ကျောက်တုံးတစ်တုံးကဲ့သို့ အေးစက်သွားပြီး ခပ်ဟဟ ပြုံးလိုက်သည်။ "ခင်ဗျားရဲ့ ဒီ အစစ်အမှန် ဆိုတာကြီးကို တကယ်လို့ ထင်သွားအောင် လုပ်နေတာလား... စီနီယာ ကျုပ်ကို အရမ်း အထင်သေးလွန်းနေတယ်လို့ မထင်ဘူးလား"
"ကောင်းကင်နှင့် မြေကြီး တိုက်ခိုက်မှု"
ပုံရိပ်ယောင်များကြောင့် တုန်လှုပ်သွားခြင်း မရှိဘဲ ကျန်းမင်က ကောင်းကင်နှင့် မြေကြီး တိုက်ခိုက်မှု သိုင်းကွက်ကို ထုတ်ဖော်လိုက်သည်။ ရိုးရှင်းသော လက်သီးတစ်ချက်တည်းဖြင့် တစ်မြို့လုံးကို ဖျက်ဆီးပစ်လိုက်ပြီး သူရောက်နေသော ကမ္ဘာကြီးကိုပါ ဆုတ်ဖြဲပစ်လိုက်လေပြီ။
ဟင်းလင်းပြင်ထဲမှ သိမ်မွေ့သော အတက်အကျ တစ်ခုကို ခံစားလိုက်ရပြီးနောက် သူက ဆွဲဆောင်မှုရှိသော မိန်းမပျိုများ ဝန်းရံထားသည့် ရေကန်တစ်ခု အလယ်သို့ ရောက်နေကြောင်း သတိပြုမိလိုက်၏။ အမျိုးသမီးများက သူ့ပတ်လည်ရှိ ရေကန်ထဲတွင် ရေကစားနေကြပြီး ဆွဲဆောင်မှုရှိစွာ တခစ်ခစ် ရယ်မောနေကြရာ ယောက်ျားတစ်ယောက်၏ နားထဲတွင်တော့ နတ်သံကဲ့သို့ပင်။
သူတို့မှာ ပုံပန်းသဏ္ဌာန် မျိုးစုံ၊ အရွယ်အစား မျိုးစုံ ရှိကြပြီး သေးသွယ်ကျစ်လျစ်သူများမှစ၍ ပြည့်ဖြိုးရင့်ကျက်သူများအထိ ပါဝင်ပေသည်။ အချို့တွင် အမွေးပွ ကြောင်နားရွက် သို့မဟုတ် ယုန်နားရွက်များပင် ပါရှိပြီး ကျောဘက်တွင် နှင်းကဲ့သို့ ဖြူဖွေးသော မြေခွေးမြီးများ ရှိနေသူများလည်း ပါဝင်သေး၏။ အနီးကပ် ကြည့်လိုက်ချိန်တွင်တော့ အမျိုးသမီး တစ်ဦး၏ ဖြူဖွေးနူးညံ့သော ကျောပြင်မှ နတ်သမီး အတောင်ပံ တစ်စုံ ထွက်ပေါ်နေသည်ကိုပင် သူ သတိထားမိလိုက်သည်။ တစ်ယောက်ချင်းစီမှာ ထူးခြားနေသော်ငြား တူညီသော အချက်တစ်ခုတော့ ရှိပေ၏။ သူတို့အားလုံးမှာ တိုင်းပြည်ကိုပင် လှုပ်ခတ်သွားစေနိုင်လောက်အောင် လှပသော မျက်နှာပိုင်ရှင်များ ဖြစ်ကြခြင်းပင်။
သေးသွယ်သော ကြောင်မလေး တစ်ဦးက ကျန်းမင်အနီးသို့ ကူးခတ်လာပြီး သူ့ပတ်လည်တွင် လှည့်ပတ်ကာ မေးခွန်းထုတ်သည်။
"ဟေး... လူချောလေး... ကာမသုတ္တံရဲ့ နည်းလမ်း ၃၆ မျိုးလုံးကို ငါ သိထားတယ်... သီချင်းလေး တစ်ပုဒ်လောက် နားထောင်ချင်လား"
ကျန်းမင် တုံ့ပြန်မှု မပေးနိုင်ခင်မှာပင် အခြား ရေသူမ တစ်ဦးက အခြားတစ်ဖက်မှ ကူးခတ်လာ၏။
"ငါ့ကို ရွေးပါ... ငါက ၇၂ မျိုးတောင် သိတာနော်"
ကျန်းမင် အနေဖြင့် မကြာမီ နှာခေါင်းသွေး ထွက်လာတော့မည်ကို ခံစားနေရသည်။ ဆွဲဆောင်မှုရှိသော အမျိုးသမီးများက ရေထဲတွင် ရေကစားနေကြသည် မဟုတ်ပါလား။ တကယ့်ကို ရှုမငြီးနိုင်သော မြင်ကွင်းပင်။
"ငါလည်း ပါမယ်... ငါလည်း ပါမယ်... အားလုံး အတူတူ လုပ်ကြရအောင်"
ပို၍များပြားသော အမျိုးသမီးများက ကျန်းမင်၏ ပတ်လည်တွင် စတင် ဝိုင်းရံလာကြတော့သည်။
ကျန်းမင်မှာ စိတ်လှုပ်ရှားလာပြီး သူ့ ဆန္ဒများကို ဖိနှိပ်ရန် ကြိုးစားရင်း အာမေဋိတ်သံဖြင့် ပြောလိုက်၏။ "ဒါက ယောက်ျားတွေရဲ့ အကြီးမားဆုံး အိပ်မက်ပဲ... ရွေးချယ်ခွင့်သာ ရှိမယ်ဆိုရင် ဒီနေရာမှာ နှစ်အနည်းငယ်၊ ဒါမှမဟုတ် နှစ်တစ်သောင်းလောက်တောင် နေချင်သေးတယ်"
သူ့ အတွေးများကို ဘေးဖယ်ထားလိုက်ပြီး ထိုပုံရိပ်ယောင် တစ်ခုလုံးကို အမှုန့်ဖြစ်သွားအောင် လက်သီးဖြင့် ထိုးခွဲလိုက်သည်။ သို့သော် သူက ဆွဲဆောင်မှုရှိသော အမျိုးသမီး ရာပေါင်းများစွာ ဝန်းရံထားသည့် ဧရာမ ကုတင်ကြီး တစ်လုံးပေါ်တွင် အနားယူနေကြောင်း ထပ်မံ တွေ့လိုက်ရပြန်၏။
ဒေါသထွက်နေသော ကျန်းမင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ဒါက ပြီးဆုံးတော့မှာ မဟုတ်ဘူးလား"
သူ့ နှုတ်ခမ်းများကို သပ်လိုက်ရင်း ဤအခြေအနေကို ဆက်လက် ခွင့်ပြုထား၍ မဖြစ်တော့ကြောင်း သူ သိလိုက်လေပြီ။
"မှော်ကမ္ဘာ သုံးထောင်... ခင်ဗျားက ဒီကမ္ဘာ သုံးထောင်လုံးကို ဖန်တီးထားတာလား... ဒါဆိုလည်း အကုန်လုံးကို ဖျက်ဆီးပစ်လိုက်ရုံပေါ့"
"လက်မအား လက်သီးတစ်ထောင်"
ကျန်းမင် လေထဲသို့ ခုန်တက်လိုက်သည်နှင့် သူ့ ခန္ဓာကိုယ်မှ အစိုင်းသက်သက် စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ အရပ်မျက်နှာ အနှံ့အပြားသို့ လက်သီးတစ်ထောင်ကို အလွန် လျှင်မြန်သော အရှိန်ဖြင့် ပစ်သွင်းလိုက်ရာ သူ့ ကိုယ်ပွားပုံရိပ်ယောင် များစွာကိုပင် ဖန်တီးလိုက်သကဲ့သို့ ဖြစ်သွား၏။
သူ ကောင်းကင်ယံသို့ လက်သီးများ ပစ်သွင်းလိုက်ချိန်တွင် နားကွဲမတတ် ပေါက်ကွဲသံကြီးများကို ကြားလိုက်ရသည်။ ဟင်းလင်းပြင်ကို ထိုးဖောက်ပြီး တာအိုများကိုယ်တိုင် ကြေမွသွားကာ ကမ္ဘာဦး ပျက်သုဉ်းခြင်းများကိုပါ ဖြတ်သန်း ပေါက်ကွဲသွားလေပြီ။
ဤပုံရိပ်ယောင်များ ဖန်တီးခံရလေလေ၊ တစ်ခုပြီးတစ်ခု ကြေမွပျက်စီးသွားလေလေပင်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် ကျန်းမင်က ဆဋ္ဌမမြောက် တိုက်ပွဲစင်မြင့်ဆီသို့ ပြန်လည် ရောက်ရှိသွားတော့သည်။
ကျွင်းစန်းချန်က အာမေဋိတ်သံဖြင့် ပြောလာ၏။ "လက်မအား လက်သီးတစ်ထောင်... မရေမတွက်နိုင်တဲ့ လျှို့ဝှက်ဆန်းကြယ် စွမ်းအင်တွေ ပေါင်းစပ်ထားတဲ့ သိုင်းကွက်ပဲ... လက်သီး တစ်ချက်ချင်းစီက သိပ်ပြီး အရာမရောက်ပေမဲ့ ပေါင်းစပ်လိုက်တဲ့ စွမ်းအားကတော့ အရာအားလုံးနီးပါးကို ဖျက်ဆီးပစ်နိုင်တယ်"
သူ့ မျက်နှာမှာ ယခုအခါ ဖြူရော်နေပြီး နှုတ်ခမ်းထောင့်တွင် သွေးကွက် တစ်ကွက်ပင် ရှိနေချေပြီ။ ကျန်းမင် တစ်ယောက်တည်းဖြင့် ဤမျှများပြားသော လျှို့ဝှက်ဆန်းကြယ် သိုင်းကွက်များကို ထုတ်ဖော်နိုင်ခြင်းအပေါ် သူ အံ့အားမသင့်ဘဲ မနေနိုင်တော့ချေ။ တကယ့်ကို စိတ်ကူးကြည့်ရန်ပင် မဖြစ်နိုင်သော အောင်မြင်မှု တစ်ရပ်ပင်။
"စီနီယာ... ခင်ဗျားက နည်းနည်းတော့ မရိုးသားဘူး... ကျုပ်ကို သာမန်ပြည်သူတွေကို သတ်ခိုင်းတယ်၊ မြို့တွေကို ဖျက်ဆီးခိုင်းတယ်၊ ပြီးတော့ ကမ္ဘာတွေကိုပါ ချေမှုန်းခိုင်းသေးတယ်... အဲ့ဒါက တော်တော်လေး ရက်စက်လွန်းတယ်" ကျန်းမင်က မကျေမနပ်ဖြင့် ညည်းညူလိုက်သည်။
ကျွင်းစန်းချန်က ပါးစပ်မှ သွေးများကို သုတ်လိုက်ရင်း…
"ငါ သူတို့ကို ဉာဏ်ပညာ တချို့ ထည့်သွင်းပေးခဲ့ပေမဲ့ သူတို့က အစစ်အမှန် မဟုတ်ဘူးလေ... ဟုတ်တယ်မလား... ဒါကို ရက်စက်တယ်လို့ သတ်မှတ်လို့ ရမလား... မင်း အစစ်အမှန် ကမ္ဘာကို ပြန်သွားရင် မင်းရဲ့ ကျင့်ကြံခြင်း အဆင့်တူ ကျွမ်းကျင်သူတွေနဲ့ အဆုံးတိုင်အောင် တိုက်ခိုက်ရလိမ့်မယ်... အဲ့ဒီအခါကျရင် မင်းက တိုက်ပွဲစင်ပြင် ပတ်လည် မိုင်သောင်းချီ အကွာအဝေးအထိ ပျက်စီးဆုံးရှုံးမှုတွေ သေချာပေါက် ဖြစ်ပေါ်စေမှာပဲ... အဲ့ဒီ ကျယ်ပြောတဲ့ မြေပြင်မှာ အသက်ပေါင်း ဘယ်လောက်တောင် ရှင်သန်နေထိုင်နေမလဲ... မြို့ရွာပေါင်း ဘယ်လောက်များများ မင်းတို့ရဲ့ တိုက်ပွဲစင်ပြင်အဖြစ် နင်းခြေခံရမလဲ... အဲ့ဒါကိုကော မင်း တွေးကြည့်ဖူးရဲ့လား"
ကျန်းမင်က စကားတစ်ခွန်းမှ မဆိုဘဲ တိတ်ဆိတ်နေလိုက်သည်။ အနန္တဆေးလုံးစံအိမ်မှ သူတော်စင် သားတော် ပိုင်ယွီအား သူ သတ်ဖြတ်ခဲ့စဉ်က အချိန်ကို ပြန်လည် တွေးတောမိသွား၏။ ပိုင်ယွီရော သူပါ ယခုလောက် မသန်မာခဲ့ကြသေးသော်လည်း အထူးစွမ်းရည် များစွာကို တွေဝေမှုမရှိဘဲ ထုတ်ဖော်ခဲ့ကြရာ ထိုဘေးဒုက္ခအတွင်း အသက်ပေါင်း ဘယ်လောက်များများ ပါဝင်သွားခဲ့ပြီနည်း။
သူ ပိရွှေ ဂိုဏ်းကို ချေမှုန်းခဲ့စဉ်က အပြစ်မဲ့ အသက်ပေါင်း ဘယ်လောက်များများ ဆုံးရှုံးခဲ့ရသနည်း။
ထျန်းစစ်အား သတ်ဖြတ်ရန် ကြိုးစားရင်း အင်မော်တယ် အကြိုအဆင့် ကျင့်ကြံသူများကိုပါ ဆွဲသွင်းခဲ့မိချိန်က တိုက်ပွဲ၏ နောက်ဆက်တွဲ ဆိုးကျိုးမှာ မည်မျှ ကြီးမားခဲ့သနည်း။ ထိုစဉ်က အသက်ပေါင်း ဘယ်လောက်များများ ပါဝင်သွားခဲ့ပြီနည်း။
မကြာသေးမီက ချင်ဖုန်းဇီနှင့် ချင်ရွှီဇီတို့ နှစ်ဦးလုံးကို တိုက်ခိုက်ရေး ရုပ်သေးရုပ် အသုံးပြု၍ ရင်ဆိုင်ခဲ့ရာ တိုက်ပွဲမှာ မိုင်သန်းပေါင်းများစွာ အထိ ကျယ်ပြန့်သွားခဲ့သည်။ ပျက်စီးဆုံးရှုံးမှုနှင့် သေဆုံးမှုများကို အတတ်နိုင်ဆုံး လျှော့ချရန် ကြိုးစားခဲ့သော်ငြား အပြစ်မဲ့ ပြည်သူ ဘယ်လောက်များများ ထိုပရမ်းပတာ အခြေအနေထဲ ဆွဲသွင်းခံလိုက်ရသနည်း။
သူ့ ဂျူနီယာ ညီမလေးအား ကာကွယ်ရန် ဟူသော အမည်ခံဖြင့် ကျန်းမင်က ချင်းယွင် ဂိုဏ်း၊ ယင်မို ဂိုဏ်း၊ ပိရွှေ ဂိုဏ်းနှင့် အခြား ဂိုဏ်းများစွာကို လျှို့ဝှက်စွာ သွေးထိုးလှုံ့ဆော်ခဲ့သည်။ ထိုအရာများ အားလုံးက အရှေ့ပိုင်းဒေသ တစ်ခုလုံးကို တုန်လှုပ်သွားစေသည့် တိုက်ပွဲကြီး တစ်ခု ဖြစ်ပေါ်စေခဲ့ပြီး အသက်ပေါင်း ဘီလီယံနှင့်ချီ၍ ဆုံးရှုံးစေခဲ့၏။ သို့တိုင် ဤအချက်က ကျန်းမင်၏ စိတ်ထဲ ဘယ်သောအခါမှ ရောက်မလာခဲ့ပေ။
'ငါ့စိတ်နက်ရှိုင်းရာမှာ... ငါက အစကတည်းက သွေးအေးနေခဲ့တာလား'
ကျန်းမင် သူ့ကိုယ်သူ စတင် သုံးသပ်မိချိန်တွင် ထိုအတွေးက သူ့ ကျောရိုးထဲအထိ စိမ့်တက်သွားစေတော့သည်။
ကျွင်းစန်းချန်က ပြုံးရုံသာ ပြုံးလိုက်ပြီး ဆက်လက် ဟောပြောလာ၏။
"တာအို လမ်းစဉ်မှာ လျှောက်လှမ်းတဲ့အခါ အမှားအမှန် ဆိုတာ မရှိဘူး... အရာအားလုံးက မင်းအပေါ်မှာပဲ မူတည်တယ်... မင်း လုပ်တာ မှန်တယ်လို့ ထင်ရင် အဲ့ဒါ အမှန်ပဲ... အလားတူပဲ မင်း မှားတယ်လို့ ထင်ရင် မင်း မှားနေတာပဲ... အင်မော်တယ် ဖြစ်ဖို့ လမ်းကြောင်းက ရှည်လျားပြီး ကွေ့ကောက်တယ်... တာအို တာအိုတွေမှာ ပုံသဏ္ဌာန် မရှိဘူး... ရှေ့ဆက်ရမယ့် လမ်းက သွေးထွက်သံယိုမှုတွေ၊ သတ်ဖြတ်မှုတွေနဲ့ သန်းပေါင်းများစွာသော အလောင်းတွေ ခင်းကျင်းထားတဲ့ လမ်းပဲ... ဘာပဲဖြစ်ဖြစ် ဒါတွေဖြစ်လာအောင် ဘာက ဦးဆောင်သွားလဲဆိုတာ မင်း သိလား"
"စွမ်းအားကို အပြည့်အဝ မထိန်းချုပ်နိုင်လို့လေ" ကျန်းမင်က ချက်ချင်း ဝင်ပြောလိုက်သည်။
"မှန်တာပေါ့"
ကျွင်းစန်းချန်က အာမေဋိတ်သံဖြင့် ပြောရင်း သူ့ ဝတ်ရုံလက်များကို ကျောဘက်သို့ ပစ်တင်ကာ ဆက်ပြော၏။ "စွမ်းအားကို စစ်မှန်စွာ မထိန်းချုပ်နိုင်ခြင်းက ပရမ်းပတာ ဖြစ်မှု အားလုံးရဲ့ အမြစ်ပဲ... နတ်ဆိုးတွေ၊ မိစ္ဆာတွေ၊ ဗုဒ္ဓ ဒါမှမဟုတ် အင်မော်တယ်တွေပဲ ဖြစ်ဖြစ်... အမှန်တရားကတော့ သူတို့ တစ်ယောက်ချင်းစီတိုင်းက တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ့်ကိုယ်ကိုယ် ဗဟိုပြုကြတာချည်းပဲ... သူတို့ ပိုင်ဆိုင်ထားတဲ့ စွမ်းအားတွေကို ထိန်းချုပ်ဖို့ ဘာမှမရှိတဲ့အခါ စွမ်းအားရှိသူတွေက ကြီးစိုးလာလိမ့်မယ်... စွမ်းအားမဲ့သူတွေဆို ထားလိုက်ပါတော့ သူတို့အတွက်ဆို အသက်တွေက တန်ဖိုး သိပ်မရှိဘူး... ဒါက အကန့်အသတ်မဲ့ ကမ္ဘာတွေရဲ့ စစ်မှန်တဲ့ သဘာဝပဲ... မဟာ တာအိုကို ကျင့်ကြံခြင်းက ရက်စက်ကြမ်းကြုတ်တဲ့ လမ်းစဉ် တစ်ခုပဲ"
ကျန်းမင်က ထိုအရာကို လက်ခံရန် ဆန္ဒမရှိသည့်အလား ပြန်လည် ချေပလိုက်သည်။
"စွမ်းအားကို ဘယ်တော့မှ မထိန်းချုပ်နိုင်ဘူးလား"
"ရတာပေါ့... ဥပမာ မင်းရဲ့ ကမ္ဘာကိုပဲ ကြည့်လိုက်... အကယ်၍ အကြိုအင်မော်တယ် တစ်ယောက်က ရှေ့ထွက်လာပြီး လိုက်နာရမယ့် စည်းကမ်းတွေ ဖန်တီးလိုက်ရင် တခြားသူတွေက အသိအမှတ် ပြုပါ့မလား... သေချာပေါက် မပြုဘူးလေ... သူတို့တွေ အသတ်ခံရဖို့တောင် ရှိသေးတယ်... ဘာလို့လဲ... အရာအားလုံးကို လွှမ်းမိုးနိုင်တဲ့ စွမ်းအားမျိုး မရှိလို့ပဲ"
"ခေတ်တစ်ခေတ်မှာ အရာအားလုံးကို လွှမ်းမိုးနိုင်စွမ်းရှိတဲ့၊ ဘယ်သူ့ကိုမဆို စီရင်ချက် ချနိုင်စွမ်းရှိတဲ့ ပြိုင်ဘက်ကင်း ကျင့်ကြံသူ တစ်ယောက် ထွက်ပေါ်လာတဲ့အခါ သူက စည်းကမ်းတွေကို သတ်မှတ်မယ့်သူ ဖြစ်လာလိမ့်မယ်... ဒါပေမဲ့ သူ့ကိုကော ဘယ်သူက ထိန်းချုပ်မလဲ... အဲ့ဒီလို ပြိုင်ဘက်ကင်း ကျွမ်းကျင်သူတွေ စုပေါင်းပြီး စည်းကမ်း သတ်မှတ်ဖို့ အဖွဲ့အစည်း တစ်ခု ဖန်တီးကောင်း ဖန်တီးနိုင်တယ်... ဒါပေမဲ့ မေးခွန်းက ကျန်နေသေးတယ်လေ... အဲ့ဒီအချိန်ကျရင် သူတို့ကိုကော ဘယ်သူက ထိန်းချုပ်မလဲ"
"ဒါဆို ဘယ်လို ထိန်းချုပ်နိုင်မလဲ" ကျန်းမင်မှာ ကျွင်းစန်းချန်၏ ရှေ့နောက် မညီသော စကားများကြောင့် ရှုပ်ထွေးသွားရသည်။
ကျွင်းစန်းချန်က စိတ်ရှည်လက်ရှည် ရှင်းပြလာ၏။ "အင်း... အရာအားလုံးကို လွှမ်းမိုးနိုင်ရုံသာမက တစ်ကိုယ်ကောင်းမဆန်ဘဲ ကြီးမြတ်တဲ့ ဖြစ်တည်မှု တစ်ခုသာ ရှိမယ်ဆိုရင် အပြည့်အဝ ထိန်းချုပ်နိုင်လိမ့်မယ်"
"အဲ့လို ဖြစ်တည်မှုမျိုး ရှိလို့လား... တစ်ကိုယ်ကောင်းမဆန်ဘဲ ကရုဏာကြီးမားတဲ့ ဖြစ်တည်မှုမျိုးလေ... အားလုံးအပေါ် မျက်နှာလိုက်မှု မရှိနိုင်တဲ့သူပေါ့" ကျန်မင်းက မေးလိုက်သည်။
"အင်း... ဘာလို့ မရှိရမှာလဲ... မဟာ တာအိုက အဲ့ဒီ ဖြစ်တည်မှု မဟုတ်ဘူးလား" ရိုးရှင်းသော အဖြေကြောင့် ကျန်းမင် စကားအသွားတုန်း ကျွင်းစန်းချန်က ဆက်ပြောသည်။
"မဟာ တာအိုက အားလုံးကို တန်းတူ သဘောထားတယ်... မင်းက ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အရေးမကြီးဘူး... ကမ္ဘာကြီးက မဟာ တာအိုရဲ့ စည်းကမ်းတွေအပေါ် လှည့်ပတ်ပြီး ဆက်လက် တည်ရှိနေဆဲပဲ... ဥပမာ သက်ရှိတိုင်းက မွေးဖွားခြင်း၊ ကြီးထွားခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်း၊ အိုမင်းခြင်းနဲ့ မလွဲမသွေ သေဆုံးရခြင်း ဆိုတဲ့ သံသရာကို ဖြတ်သန်းရတယ်... ဒါကို ရက်စက်တယ်လို့ ထင်ရတာက ဒီသံသရာမှာ ကိုယ်ကျင့်တရားတွေ၊ ဥပဒေတွေ မရှိလို့ပဲ... ပြီးတော့ အရာအားလုံးက ဒီသဘာဝ တာအို အစီအစဉ်ကို ဖြတ်သန်းရမှာပဲ"
ထိုအဖြေကြောင့် ကျန်းမင် ဆွံ့အသွားတော့၏။
ကျွင်းစန်းချန်က ထပ်လောင်း ပြောဆိုလာသည်။
"ကောင်းပြီ... ဒီလောက်ဆို တော်ပါပြီ... သက်ရှိ တစ်ခုအနေနဲ့ မင်း ဘယ်နေရာမှာ ရပ်တည်နေလဲ ဆိုတာ အရေးမကြီးဘူး... အရေးကြီးတာက မင်းရဲ့ တာဝန် ဒါမှမဟုတ် နှလုံးသားအပေါ် ခိုင်ခိုင်မာမာ ရပ်တည်ဖို့၊ မင်းရဲ့ အကန့်အသတ်တွေနဲ့ ကိုယ်ပိုင် အသိစိတ်ကို သိဖို့ပဲ... ဒါတွေဆို လုံလောက်ပါပြီ"
'ကိုယ်ပိုင် နှလုံးသား၊ အကန့်အသတ်နဲ့ အသိစိတ်...'
ကျန်းမင်က ထိုစကားစု သုံးခုကို ထပ်ခါတလဲလဲ ရေရွတ်ပြီးနောက် ဦးညွှတ်၍ ကျေးဇူးတင်စကား ဆိုလိုက်သည်။
"အလင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
တိုက်ပွဲအတွက် ပြင်ဆင်ရင်း ကျွင်းစန်းချန်က နောက်တစ်ကြိမ် အော်ဟစ်၏။
"အသင့်ပြင်ထား... ငါတို့ရဲ့ တိုက်ပွဲကို အဆုံးသတ်လိုက်ကြရအောင်"
"ကောင်းပါပြီ"
ကျန်းမင်၏ တိုက်ခိုက်မှုကို မြင်လျှင် ကျွင်းစန်းချန်က စွမ်းအင်များ ပေါက်ကွဲထုတ်လွှတ်လိုက်ပြီး သူ့ ကိုယ်ပွား ပုံရိပ်ယောင် များစွာကို ဖန်တီးကာ ကျန်းမင်အား အခက်တွေ့စေတော့သည်။
ကြာရှည်သော တိုက်ပွဲအပြီးတွင်တော့ ကျန်းမင်က ပုံရိပ်ယောင် အားလုံးကို အဆုံးသတ်နိုင်ခဲ့ပြီး သတ္တမမြောက် တိုက်ပွဲစင်မြင့်သို့ တက်လှမ်းသွားနိုင်ခဲ့လေပြီ။
သတ္တမမြောက် တိုက်ပွဲစင်မြင့်သို့ ရောက်ချိန်တွင် သူ့ ပြိုင်ဘက်မှာ နောက်တစ်ကြိမ် ကျွင်းစန်းချန် ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ကျန်းမင် အံ့အားသင့်သွားရ၏။ သို့သော် ဤတစ်ကြိမ်တွင် တစ်ယောက်တည်း မဟုတ်ဘဲ နှစ်ယောက် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခြင်းပင်။
ဘယ်ဘက်တွင် ရပ်နေသော တာအိုဝတ်ရုံနှင့် တစ်ယောက်က ရယ်မောလိုက်သည်။
"ဟား ဟား... ဒါကို မမျှော်လင့်ထားဘူးမလား"
ညာဘက်တွင် ရပ်နေသော အနက်ရောင် ဝတ်စုံနှင့် အခြားတစ်ယောက်က နှာခေါင်းရှုံ့၍…
"ဒီကောင်လေး အံ့ဩသွားတာ သေချာတာပေါ့"
"လုံးဝပဲ... ကျုပ် သုခဘုံ အဆင့်မှာတုန်းက ပြိုင်ဘက် နှစ်ယောက်ကနေ လေးယောက်အထိ ရင်ဆိုင်ခဲ့ရတာ... အန္တိမ အဆင့်ကလည်း အတူတူလောက် ဖြစ်မှာပေါ့... မဟုတ်ဘူးလား" ကျန်းမင်က ပြုံးရင်း ပြန်ဖြေလိုက်သည်။
ဝတ်စားဆင်ယင်မှုမှလွဲ၍ ထိုနှစ်ယောက်လုံးမှာ တစ်ယောက်နှင့်တစ်ယောက် ထူးဆန်းစွာ တစ်ပုံစံတည်း တူညီနေကြပေသည်။
တာအိုဝတ်ရုံနှင့် ကျွင်းစန်းချန်က ခေါင်းညိတ်ကာ…
"မင်းပြောတာ မှန်တယ်... ငါက ယင်ယန် တာအိုကို ပိုင်ဆိုင်ထားတယ်"
"ငါကတော့ သံသရာ တာအိုကို ပိုင်ဆိုင်ထားတယ်" အနက်ရောင် ဝတ်စုံနှင့် အခြား ကျွင်းစန်းချန်ကလည်း ဝင်ပြောသည်။
"လာစမ်းပါ စီနီယာ... ဒီတစ်ခါတော့ ကျုပ် အစွမ်းကုန် ထုတ်သုံးမှာနော်... မဟာ အာကာသ ကျင့်စဉ်... အကန့်အသတ်မဲ့ ကမ္ဘာများ၏ တံခါးပေါက်" ကျန်းမင်က စိတ်အားထက်သန်စွာဖြင့် အော်ဟစ်လိုက်၏။
သူ လှုပ်ရှားလိုက်သည်နှင့် ဟင်းလင်းပြင်ထဲမှ များပြားလှသော တံခါးပေါက်များက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး တံခါးပေါက် တစ်ခုစီတိုင်းတွင် ကျန်းမင်၏ ပုံရိပ် တစ်ခုစီ ပါဝင်နေသည်။ တံခါးပေါက် အားလုံးမှ တူညီသော အရှိန်အဝါများ ထွက်ပေါ်နေပြီး နေရာအနှံ့ ပြည့်နှက်နေသော်ငြား တစ်ခုချင်းစီမှာ သူတို့၏ ကိုယ်ပိုင် အခြား ဟင်းလင်းပြင် တစ်ခုစီ၌ တည်ရှိနေသကဲ့သို့ပင်။
ဤသိုင်းကွက်မှာ ဟင်းလင်းပြင် တာအိုကို ကျင့်ကြံရာတွင် သူ့ ကျွမ်းကျင်မှုကို အသုံးပြု၍ ဖန်တီးထားခြင်း ဖြစ်သည်။ ၎င်းက အာကာပြင် သဏ္ဍာန်မဲ့ ဓားချီ၊ အာကာပြင် ခြေလှမ်း၊ အာကာပြင် သဏ္ဍာန်မဲ့ လက်ဝါးနှင့် အခြား သိုင်းကွက်များစွာကို ပေါင်းစပ်ထားပြီး လျှို့ဝှက်ဆန်းကြယ် ဟင်းလင်းပြင် သိုင်းကွက်များဖြစ်သည့် မဟာ အာကာသ ကျင့်စဉ် အဖြစ်သို့ ပေါင်းစည်းသွားခြင်း ဖြစ်လေသတည်း။
End
***