ကျန်းမင်က ထျန်းယွမ် ကျောင်းတော်မှ ယဲ့မင်နှင့် အရင်က တိုက်ခိုက်ခဲ့ဖူးသည်။ သူက ဟင်းလင်းပြင် ပုံရိပ်ယောင် နတ်ခန္ဓာကို ပိုင်ဆိုင်ထားပြီး ဟင်းလင်းပြင် တာအိုအား အမြင့်ဆုံးအထိ ကျွမ်းကျင်ထားသော အန္တိမအဆင့် တစ်ဦး ဖြစ်ပေ၏။
ယဲ့မင်က အာကာသ တံခါးပေါက် ကျင့်စဉ်ကို အရင်က ထုတ်ဖော်ခဲ့ဖူးသည်။
ကျန်းမင် အနေဖြင့် ဟင်းလင်းပြင် တာအိုတွင် ကျင့်ကြံခြင်း စတင်ချိန်၌ သူ့ အလိုအလျောက် သိစိတ်ကို အသုံးပြု၍ ထိုသိုင်းကွက်ကို တစ်ပုံစံတည်း ပြန်လည် ထုတ်ဖော်နိုင်ခဲ့၏။ သူ့ အာကာသ တံခါးပေါက် ကျင့်စဉ်မှာ ယဲ့မင်လောက် မသန်မာသော်ငြား ကြောက်မက်ဖွယ် ကောင်းသော သိုင်းကွက်တစ်ခု ဖြစ်နေဆဲပင်။
"ဟင်းလင်းပြင် ဓားသိုင်း"
ကျန်းမင်က ထိုအဆင့်မှ သူရွေးချယ်ထားသော အကြိုအင်မော်တယ် ဓားရှည်ကြီးကို ဝှေ့ယမ်းလိုက်သည်။
"စကြဝဠာကို ကြီးစိုးမယ့်ဓား... ကျယ်ပြောလှတဲ့ ဟင်းလင်းပြင်ကို ထိုးခွဲပြီး ယင်နဲ့ယန်ကို ဖျက်ဆီးပစ်စမ်း"
ကျန်းမင် တိုက်ခိုက်လိုက်သည်နှင့် အာကာသ တံခါးပေါက်များ အတွင်းရှိ ကိုယ်ပွားတိုင်းကလည်း တစ်ပြိုင်နက်တည်း ဓားချက်များ ပစ်လွှတ်လိုက်ကြ၏။ ဓားချက်များမှ အဆုံးအစမရှိသော အလင်းတန်းများ ထွက်ပေါ်လာပြီး ၎င်း၏ လွှမ်းမိုးနိုင်စွမ်းရှိသော ပြင်းထန်မှုက ဟင်းလင်းပြင်ကို ရပ်တန့်သွားစေကာ အရပ်မျက်နှာ အနှံ့အပြားမှ တိုက်ခိုက်မှုများ အဆက်မပြတ် ဝင်ရောက်လာတော့သည်။
အနက်ရောင် ဝတ်စုံနှင့် ကျွင်းစန်းချန်က လေထဲတွင် ဟိုဟိုဒီဒီ ပျံသန်းကာ အနက်ရောင် တွင်းပေါက်များ တစ်ခုပြီးတစ်ခု ဖန်တီး၍ ဓားချက်များ အားလုံးကို မျိုချပစ်လိုက်လေပြီ။ ထို့နောက် ထိုဓားချက်များက အခြား အနက်ရောင် တွင်းပေါက် တစ်ခုမှ ပြန်လည် ထွက်ပေါ်လာပြီး ပိုအားကောင်းသော စွမ်းအားများဖြင့် ကျန်းမင်ထံသို့ ပြန်လည် ဦးတည်လာတော့၏။ ဤသည်မှာ သံသရာ တာအို၏ ထူးခြားချက်ပင် ဖြစ်ပေသည်။
"ယင်နဲ့ယန် သုတ်သင်ခြင်း"
တာအိုဝတ်ရုံနှင့် ကျွင်းစန်းချန်က ယင်နဲ့ယန် စွမ်းအားကို နှိုးဆွ၍ ကြောက်မက်ဖွယ် တိုက်ခိုက်မှု တစ်ခုအဖြစ် ပုံဖော်လိုက်ပြီး ကျန်းမင်၏ အာကာသ တံခါးပေါက်များကို တစ်ခုပြီးတစ်ခု ဖျက်ဆီးပစ်လိုက်လေသည်။
သူတို့၏ ပထမဆုံး အကြိမ် အပြန်အလှန် တိုက်ခိုက်မှုမှာ မျက်တောင်တစ်ခတ် အတွင်းမှာပင် ပြီးဆုံးသွားတော့၏။
"မဟာ ဓာတ်ကြီးငါးပါး ကျင့်စဉ်"
"ဓာတ်ကြီးငါးပါး အကျဉ်းချခြင်း... ထာဝရ အကျဉ်းထောင်ကို ဖန်တီးစမ်း"
"ဓာတ်ကြီးငါးပါး မဟာ ကြိတ်ဆုံ... သက်ရှိတွေကို ချေမွပစ်စမ်း"
"ဓာတ်ကြီးငါးပါး ဓားအလင်းတန်း... ကောင်းကင်နဲ့ မြေကြီးကို ထိုးခွဲစမ်း"
ကျန်းမင် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး တိုက်ခိုက်မှုများကို မိုးရွာချသကဲ့သို့ ဆက်တိုက် ပစ်လွှတ်လိုက်သည်။ သူ့ ချီစွမ်းအင်များက ပြင်းထန်စွာ ထကြွလာပြီး စွမ်းအား တာအိုများနှင့် ပေါင်းစပ်ကာ ကြောက်မက်ဖွယ် အထူးစွမ်းရည် များစွာကို နှိုးဆွလိုက်လေပြီ။ ထွက်ပေါ်လာသော မျက်စိကျိန်းမတတ် အလင်းရောင်များက ပတ်ဝန်းကျင် တစ်ခွင်လုံး လင်းထိန်သွားစေတော့၏။
မဟာ ဓာတ်ကြီးငါးပါး ကျင့်စဉ်မှာ အမျိုးမျိုးသော ဓာတ်ကြီးငါးပါး အထူးစွမ်းရည်များနှင့် ဓာတ်ကြီးငါးပါး တာအိုများကို ပေါင်းစပ်၍ သူဖန်တီးထားသော အထူးစွမ်းရည် တစ်ခု ဖြစ်ပေသည်။ မဟာ ဓာတ်ကြီးငါးပါး ကျင့်စဉ်ကို ထုတ်ဖော်လိုက်သည့် တစ်နေ့တွင် ကောင်းကင်နှင့် မြေကြီး အတွင်းရှိ ဒြပ်စင်တာအို ငါးခုလုံး သူ့ အပြည့်အဝ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိလာစေရန် သူ ရည်ရွယ်ထားသေးသည်။
လိုဟန်က ရင်ပြင်ထက် ကောင်းကင်ယံရှိ တိုက်ပွဲ တစ်ခုလုံးကို အံ့အားသင့်စွာဖြင့် မျက်လုံးပြူး၍ ကြည့်နေမိသည်။ သူက တီးတိုး ရေရွတ်လိုက်၏။ "ဒါက ငါနဲ့ တူတူပဲ အဆင့် ၇ လို့ ခေါ်နိုင်သေးလို့လား... ညီအစ်ကိုကျန်း ရှေ့မှာ ငါက ဘာလို့ ဒီလောက်တောင် အားနည်းနေသလို ခံစားနေရတာလဲ... တကယ်လို့ သူသာ ငါ့ကို သတ်ချင်ရင် စက္ကန့်ပိုင်း အတွင်း သေသွားမှာ သေချာတယ်"
လိုဟန် တစ်ယောက် အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေတော့သည်။ "သူက ပါရမီရှင် တစ်ယောက်မှန်း ငါသိပါတယ်... ဒါပေမဲ့ ငါကိုယ်တိုင်ကလည်း သိပ်ညံ့တဲ့အထဲ မပါပါဘူး... ဘယ်လိုလုပ် ကွာဟချက်က ဒီလောက်တောင် ကြီးမားနေရတာလဲ"
ကျန်းမင်အား ယှဉ်နိုင်ရန် ခက်ခဲကြောင်း သူ သိထားသော်ငြား သူ့တွင် ကိုယ်ပိုင် ဂုဏ်သိက္ခာ ရှိပြီး အရှုံးမပေးလိုသော စိတ်ဓာတ် ရှိပေသည်။ ကွာဟချက် ကြီးမားနေလျှင်ပင် အမီလိုက်နိုင်ရန်နှင့် ကွာဟချက်ကို ကျဉ်းမြောင်းသွားစေရန် ယုံကြည်ချက် ရှိထား၏။ ယနေ့ တိုက်ပွဲကို ကြည့်ပြီးနောက်တွင်မူ လိုဟန် အနေဖြင့် ကျန်းမင်အား တကယ်ပဲ အမီလိုက်နိုင်ပါ့မလား ဆိုသည်ကို ကြီးစွာသော သံသယ ဝင်လာတော့သည်။
"ဟူး... ငါ့နှလုံးသားရော... ငါ့ဂုဏ်သိက္ခာရော အကုန် ကြေမွသွားပြီပဲ... ငါ တကယ်ကို လက်မခံနိုင်ဘူး... ရိုးရိုးသားသား ပြောရရင် အဲ့ဒီ မရေမတွက်နိုင်တဲ့ အထူးစွမ်းရည်တွေက တကယ့်ကို ကြောက်စရာ ကောင်းလောက်အောင် သန်မာလွန်းတယ်... သူက ကောင်းကင်နဲ့ တာအို ကျောက်တိုင်တွေ အကုန်လုံးကို နားလည်သွားတာလား" လိုဟန် သူ့ကိုယ်သူ တွေးနေမိရင်း… ကြည့်လေလေ ပို၍ စိတ်လှုပ်ရှားလေလေ ဖြစ်လာတော့သည်။
"အဲ့ဒါက မဟာ ဓာတ်ကြီးငါးပါး ကျင့်စဉ်ပဲ... ဟိုဟာက သံသရာ တာအိုလေ... ဘုရားရေ... အဲ့ဒီ ဓားချက်ရဲ့ ဖျက်ဆီးနိုင်စွမ်းက ရူးလောက်တယ်... အဲ့ဒါ ဖျက်ဆီးခြင်း တာအိုများ ဖြစ်နေမလား"
တိုက်ပွဲစင်မြင့်ထက်တွင်...
ကျန်းမင် လက်သီးဆုပ်လိုက်ရာ သူ့ လက်ဖဝါးထဲတွင် သွေးလတ်လတ်ဆတ်ဆတ် တစ်စက် ထွက်ပေါ်လာ၏။
"ကျိန်စာတိုက် သတ်ဖြတ်ခြင်း ကျင့်စဉ်"
ကျန်းမင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်နှင့် သူ့ မျက်လုံးများမှ နတ်အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာပြီး မီးခိုးရောင် အလင်းတန်းများ စီးဆင်းလာကာ သွေးစက်ထဲသို့ ပေါင်းစပ်သွားတော့သည်။
ရွှီး...
အနက်ရောင် ဝတ်စုံနှင့် ကျွင်းစန်းချန်က တစ်ကိုယ်လုံး တုန်ယင်သွားပြီး သူ့ ဒဏ်ရာများပေါ်တွင် မရေမတွက်နိုင်သော မှော်စာလုံးများ ရုတ်တရက် ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။ ထိုမှော်စာလုံးများက သူ့ ခန္ဓာကိုယ်ထဲ စိမ့်ဝင်သွားပြီး မျက်တောင်တစ်ခတ် အတွင်း ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ သူ့ သက်စောင့်ကြိုးမှာလည်း သိသိသာသာ ပြိုကျသွားလေပြီ။ အကယ်၍ သူသာ သံသရာ တာအို၏ ပျက်စီးဆုံးရှုံးမှုကို မချေဖျက်နိုင်ခဲ့ပါက သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားလောက်ပြီ ဖြစ်၏။
တာအိုဝတ်ရုံနှင့် ကျွင်းစန်းချန်က အကူအညီပေးရန် လာနေသည်ကို မြင်လျှင် ကျန်းမင်က ချက်ချင်း တုံ့ပြန်လိုက်သည်။ "အလင်းနှင့် အမှောင် မဟာ စွမ်းအားမြှင့်တင်ခြင်း"
သူက အလင်းနှင့် အမှောင် တာအိုကို အလျင်အမြန် ထုတ်ဖော်၍ တာအိုဝတ်ရုံနှင့် ကျွင်းစန်းချန်အပေါ် အကန့်အသတ်ရှိသော နယ်မြေတစ်ခု ဖန်တီးလိုက်လေပြီ။
တစ်ချိန်တည်းမှာပင် သူ့ ခန္ဓာကိုယ်မှ ကိုယ်ပွားတစ်ခု ထွက်ပေါ်လာပြီး အနက်ရောင် ဝတ်စုံနှင့် ကျွန်းစန်းချန်ထံ အလင်းနှင့် အမှောင် သုတ်သင်ခြင်း ဓားချက်ကို ပစ်လွှတ်လိုက်၏။
ကန့်သတ်နယ်မြေက တာအိုဝတ်ရုံနှင့် ကျွင်းစန်းချန်အပေါ် လက်တစ်ဆုပ်စာမျှ ကျဉ်းမြောင်းသွားကာ ပြိုကျသွားတော့သည်။
"မဟာ ဘေးဒုက္ခ ကျင့်စဉ်... လေ၊ မီး၊ ရေ၊ သဘာဝ၊ မိုးကြိုး၊ အတွင်းပိုင်း မိစ္ဆာ ဘေးဒုက္ခများ... ကျဆင်းလာစေ... သေစမ်း"
ကျန်းမင် ဓားကို ဆွဲထုတ်၍ မဟာ ဘေးဒုက္ခ ကျင့်စဉ်ကို ထုတ်ဖော်လိုက်သည်နှင့် အဆုံးအစမရှိသော ဘေးဒုက္ခ စွမ်းအားများက ရှေ့သို့ လှိုင်းလုံးကြီးအလား တိုးဝင်သွားပြီး ကန့်သတ်နယ်မြေ၏ ပြိုကျနေသော ဟင်းလင်းပြင်ထဲမှ ယခုလေးတင် လွတ်မြောက်လာသည့် တာအိုဝတ်ရုံနှင့် ကျွန်းစန်းချန်အား ဖျက်ဆီးပစ်လိုက်လေပြီ။
ထိုနှစ်ယောက်ကို အနိုင်ယူပြီးနောက် ကျန်းမင်က အဋ္ဌမမြောက် တိုက်ပွဲစင်မြင့်သို့ တက်လှမ်းသွားတော့၏။
အဖြူရောင် ဝတ်စုံနှင့် ကျွင်းစန်းချန်က တိုက်ပွဲစင်မြင့်ထက်တွင် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။
"ကောင်းမွန်တဲ့ နည်းဗျူဟာတွေနဲ့ ပေါင်းစပ်ထားတဲ့ ကြီးမြတ်လှတဲ့ အထူးစွမ်းရည်တွေပဲ... ဓာတ်ကြီးငါးပါး၊ ယင်နဲ့ယန်၊ အလင်းနဲ့ အမှောင်၊ သံသရာ တာအိုတွေကို ကိုယ့်လက်ဖမိုးလို ကျွမ်းကျွမ်းကျင်ကျင် ဖန်တီးနိုင်တာပဲ... မင်းရဲ့ တာအိုတွေကို နားလည်နိုင်စွမ်းက တကယ်ကို ထူးချွန်တယ်... မင်းရဲ့ ရည်မှန်းချက်တွေက ငါ့ကိုတောင် အံ့ဩသွားစေတယ်"
အဖြူရောင် ဝတ်စုံနှင့် ကျွန်းစန်းချန်မှာ အံ့အားသင့်နေပုံ ရလေသည်။
သူ့ ခန္ဓာကိုယ် တစ်ခုလုံးမှ အဖြူရောင် အလင်းတန်းများ စနစ်တကျ ဖြာထွက်နေသည်ကို ကြည့်လျှင် သူက အလင်း တာအို၏ သခင်တစ်ဦး ဖြစ်ကြောင်း သိသာလှပေ၏။
သူ့ ဘယ်ဘက်တွင်တော့ အမှောင် တာအိုကို ကျွမ်းကျင်သော အနက်ရောင် ဝတ်စုံနှင့် ကျွင်းစန်းချန် ရှိနေပြီး ညာဘက်တွင်မူ မိုးကြိုး တာအို၏ သခင်ဖြစ်သော ခရမ်းရောင် ဝတ်စုံနှင့် ကျွန်းစန်းချန် ရှိနေပေသည်။
ကျန်းမင်က တိုက်ခိုက်ရန် အလျင်စလို မလုပ်သေးဘဲ ပြန်လည် မေးခွန်းထုတ်သည်။
"ဒီအထူးစွမ်းရည်တွေကို မပိုင်ဆိုင်ထားရင် ကျုပ် ခင်ဗျားတို့ကို ဘယ်လိုလုပ် နိုင်နိုင်ပါ့မလဲ"
"အမှန်ပဲ... မတူညီတဲ့ တာအိုတွေကို နားလည်သဘောပေါက်တာက မင်းရဲ့ ဝိညာဉ်၊ မူလဝိညာဉ်၊ ချီစွမ်းအင်နဲ့ ရုပ်ခန္ဓာကို ပိုသန့်စင်စေပြီး ကျင့်ကြံခြင်း အဆင့်ကို စိတ်ကူးမယဉ်နိုင်တဲ့ အမြင့်တစ်နေရာအထိ ရောက်အောင် ကူညီပေးနိုင်တယ်... မင်း အခု ပြသနေတာက တကယ်တော့ မတူညီတဲ့ ပုံစံနဲ့ တာအို အများအပြားကို ထိုးဖောက်ကျော်လွန်တဲ့ နောက်ထပ် လုပ်ရပ်တစ်ခုပဲ... လာ... ငါတို့ ပြန်စကြရအောင်" ကျွင်းစန်းချန်က ကျန်းမင်၏ မေးခွန်းကို ခေါင်းညိတ် ထောက်ခံလိုက်၏။
"စီနီယာ... လာပါ"
တိုက်ပွဲက နောက်တစ်ကြိမ် စတင်သွားပြန်၏။ ယင်းမှာ အထူးစွမ်းရည်များ၏ သက်သက်မျှသော ပွတ်တိုက်မှု ဖြစ်ပြီး သူတို့၏ စွမ်းအားများကို စစ်မှန်စွာ ဖွင့်ဆိုခြင်းလည်း ဖြစ်ပေသည်။ ကျန်းမင် အနေဖြင့် နောက်တစ်ဆင့်သို့ မရောက်မီ အစွမ်းကုန် ကြိုးစားခဲ့ရလေသည်။
နဝမမြောက် တိုက်ပွဲစင်မြင့်ထက်တွင်တော့ ဤတစ်ကြိမ်၌ ကျွန်းစန်းချန် လေးယောက် ရှိနေပြီး တစ်ယောက်စီတိုင်းမှာ မတူညီသော တာအိုများကို ကျွမ်းကျင်ထားကြ၏။
"မင်း ဒီအဆင့်ကို ကျော်ဖြတ်ဖို့ တော်တော်လေး ခက်ခဲလိမ့်မယ်လို့ ငါထင်တယ်... စင်မြင့်ရဲ့ အစောင့်အရှောက်တွေ ဖြစ်တဲ့ ငါတို့ တစ်ယောက်စီတိုင်းက တာအို တစ်မျိုးကို အမြင့်ဆုံးအထိ ကျွမ်းကျင်ထားပြီး လောကမှာ အစွမ်းထက်ဆုံး အထူးစွမ်းရည်ကို ပိုင်ဆိုင်ထားတယ်... ကောင်းကင်နဲ့ လောကီကမ္ဘာမှာဆိုရင် ငါတို့က နှစ်ထောင်ပေါင်းများစွာ ကြာမှ တစ်ခါပေါ်လာတတ်တဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တွေလို့ ပြောလို့ရတယ်... ငါတို့ထဲက တစ်ယောက်ယောက်က သာမန် အကြိုအင်မော်တယ် တစ်ယောက်ကို ရင်ဆိုင်ဖို့ဆိုတာ ပြဿနာ မဟုတ်ဘူး... ဒါပေမဲ့ မင်းက အခု ငါတို့ လေးယောက်လုံးကို တစ်ပြိုင်နက်တည်း ရင်ဆိုင်နေရတာ... ငါတို့ထဲက တစ်ယောက်ဆို ဟင်းလင်းပြင် တာအိုကိုတောင် ကျွမ်းကျင်ထားသေးတယ်"
ကျန်းမင်က သူကိုယ်သူ ယုံကြည်မှု ရှိနေဆဲ ဖြစ်သော်လည်း သတိဝီရိယကို အမြင့်ဆုံးအထိ တင်ထားလိုက်သည်။ သူက ကျွင်းစန်းချန် ပြောခဲ့သည့် စကားကို သဘောတူလိုက်၏။
"ကျုပ်တို့ မစမ်းကြည့်ဘဲ ဘယ်လို သိနိုင်မှာလဲ... ကျုပ်မှာ အစွမ်းထက်ဆုံး အထူးစွမ်းရည် နှစ်ခု ကျန်သေးတယ်"
လောကီကမ္ဘာကို လွှမ်းခြုံကြည့်လျှင် အဆင့်မြင့် တာအိုများကို နားလည်သဘောပေါက်သူ အနည်းငယ်သာ ရှိပြီး သူတို့၏ အထူးစွမ်းရည်များမှာ အသင့်အတင့်သာ ရှိပေသည်။ သို့သော် ဤနေရာရှိ ကျွန်းစန်းချန်မှာ အဆင့်တူ ကျင့်ကြံသူများကြားတွင် အမြင့်ဆုံးအထိ ရောက်ရှိနေသော ဖြစ်တည်မှု တစ်ခု ဖြစ်လေ၏။
အကယ်၍ ကျန်းမင်သာ တာအို တစ်မျိုးတည်းကို နားလည်ခဲ့ပါက ဆဋ္ဌမအဆင့်ကိုပင် ကျော်ဖြတ်နိုင်မည် မဟုတ်ပေ။ နဝမအဆင့် ဆိုလျှင်တော့ အထူးပြောစရာပင် မလိုတော့ချေ။ သို့တိုင် ဟင်းလင်းပြင် တာအိုကို ကျွမ်းကျင်ထားသော ကျွင်းစန်းချန်ကို ရင်ဆိုင်ရမည် ဖြစ်သဖြင့် သူ စိုးရိမ်နေဆဲပင်။
ကျွင်းစန်းချန်က လက်ထဲတွင် ဓားရှည်တစ်လက်ကို အသင့်ကိုင်ဆောင်လျက် အော်ဟစ်လိုက်သည်။ သူ့ အရှိန်အဝါများက ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ဝတ်ရုံများပင် တလူလူ လွင့်ခတ်သွားတော့၏။
"တကယ့်ကို ရည်မှန်းချက် ကြီးတာပဲ... လာစမ်းပါ"
"ကောင်းပြီလေ"
ကျန်းမင်က တိုတုတ်စွာ ပြန်ဖြေပြီး ချက်ချင်းပင် တိုက်ခိုက်မှုကို စတင်သည်။
သူက ဘာကိုမျှ ဖုံးကွယ်မထားတော့ဘဲ သူ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အား အားလုံးကို မတူညီသော အထူးစွမ်းရည်များ၏ လျှို့ဝှက်ချက်များနှင့် ပေါင်းစပ်ကာ ထုတ်ဖော်လိုက်တော့၏။
ကျန်းမင် အနေဖြင့် အထူးစွမ်းရည်များကို မိမိလက်ဖမိုးလို ကျွမ်းကျွမ်းကျင်ကျင် ဖန်တီးနိုင်စွမ်း ရှိသဖြင့် မီး၊ မြေ၊ ရွှေ၊ ဓာတ်ကြီးငါးပါး၊ ယင်နှင့်ယန်၊ ဘေးဒုက္ခ၊ အလင်းနှင့် အမှောင်၊ သံသရာ၊ အကန့်အသတ်မဲ့ သတ်ဖြတ်ခြင်း လက်သီးနှင့် ကံကြမ္မာ အစရှိသည့် အခြားသော မတူညီသည့် တာအို သိုင်းကွက်များစွာကို ကျွင်းစန်းချန်ထံ မိုးရွာချသကဲ့သို့ ပစ်လွှတ်လိုက်လေပြီ။
အဆုံးအစမရှိသော စွမ်းအားများမှာ တကယ့်ကို အံ့ဩမှင်တက်ဖွယ် ကောင်းလှသော်ငြား ကျန်းမင်မှာ အရေးနိမ့်နေဆဲပင်။
တိုက်ပွဲ တစ်ခုလုံးကို ကြည့်ရှုနေသော တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည့် လိုဟန်မှာ ဖြစ်ပျက်နေသည့် တိုက်ပွဲကြောင့် အလွန်အမင်း ထိတ်လန့်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်နေတော့သည်။
လိုဟန်၏ မျက်လုံးများမှာ ထိန်းမရသိမ်းမရ တောက်ပလာပြီး အာမေဋိတ်သံဖြင့်…
"နတ်ဘုရားတွေ ကယ်တော်မူပါ... နဝမအဆင့်မှာ အစောင့်အရှောက် လေးယောက် တစ်ပြိုင်နက်တည်း ရှိနေပြီး ဟင်းလင်းပြင် တာအိုကို ကျွမ်းကျင်တဲ့သူတောင် ပါသေးတယ်... ဒါကို ဘယ်သူက တိုက်ခိုက်နိုင်မှာလဲ... ကြည့်နေရင်းနဲ့တောင် ငါ့ခေါင်းတွေ ထုံကျင်လာပြီး နှလုံးတွေ တုန်လာပြီ... ဒီအချိန်မှာ ညီအစ်ကိုကျန်းက ပိုပြီးတော့တောင် ကြောက်စရာ ကောင်းနေသေးတယ်... သူ့ရဲ့ လက်ရှိ တိုက်ခိုက်ရေး စွမ်းအားနဲ့ဆို အပြင်လောကက သာမန် အဆင့် ၁၀ ကျွမ်းကျင်သူတွေကို အလွယ်လေး သတ်နိုင်မှာ သေချာတယ်"
သူက တိုက်ပွဲ တစ်ခုလုံးကို ကြည့်ရှုနေရုံသာမက သူရနိုင်သမျှ အတွေ့အကြုံ အားလုံးကိုပါ စုပ်ယူကာ သူ့ကိုယ်ပိုင် အဖြစ် အသုံးပြုရန် ကြိုးစားနေ၏။ အထူးသဖြင့် သူတို့၏ တာအိုများ အသုံးပြုပုံနှင့် အထူးစွမ်းရည်များ ထုတ်ဖော်ပုံက သူ့ကို အလွန် အံ့အားသင့်စေခဲ့သည်။
ကျွင်းစန်းချန်၏ နားကွဲမတတ် ကျယ်လောင်သော အသံက ထွက်ပေါ်လာ၏။
"အထွတ်အထိပ်စေတီရဲ့ ကောင်းကင်လှေကားက လူတစ်ယောက်ရဲ့ စိတ်စွမ်းအားကို စမ်းသပ်ဖို့အတွက် အသန်မာဆုံး ကျွမ်းကျင်သူတွေကို စံသတ်မှတ်ချက် အဖြစ် အသုံးပြုထားတယ်... ကောင်းကင် တိုက်ပွဲစင်မြင့်မှာလည်း အတူတူပဲ... အဲ့ဒီနှစ်ခုလုံးက အဆင့်မြင့် တာအို တစ်မျိုးကို စံသတ်မှတ်ချက် အဖြစ် သုံးပြီး လူတစ်ယောက်ကို စမ်းသပ်နေတာ... ဒါပေမဲ့ အမှန်တရားကတော့ အဲ့ဒီ စံသတ်မှတ်ချက်က သူ့ရဲ့ စစ်မှန်တဲ့ အမြင့်ဆုံး အဆင့်ကို မရောက်သေးဘူး... ဒီစင်မြင့်ပေါ်က လက်ရှိ ငါက အချိန်စွမ်းအားရဲ့ စစ်မှန်တဲ့ အနှစ်သာရ ဒါမှမဟုတ် ဟင်းလင်းပြင် စွမ်းအင်ရဲ့ လျှို့ဝှက်ချက်ကို အပြည့်အဝ မကျွမ်းကျင်သေးဘူး... ဒါပေမဲ့ ဟင်းလင်းပြင် တာအိုကို တခြား မတူညီတဲ့ တာအို သုံးခုနဲ့ ပေါင်းစပ် နားလည်ထားတာက ဒီနေရာမှာတော့ အကန့်အသတ် တစ်ခုလို့ ပြောလို့ရတယ်"
ကျန်းမင်က နောက်ကျောမှ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်သူအား လက်ဝါးဖြင့် ရိုက်ချလိုက်စဉ် သူ့ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာတစ်ခု ထွက်ပေါ်လာ၏။ သူက ပြန်လည် မေးခွန်းထုတ်လိုက်သည်။
"သတ်ဖြတ်ခြင်းကကော ဘယ်လိုလဲ"
သတ်ဖြတ်ခြင်း ဆိုသော စကားလုံးကို ကြားသည်နှင့် ကျွင်းစန်းချန်က ကျယ်လောင်စွာ ရယ်မော၍ ပြန်ဖြေလေသည်။
"မင်း နားလည်ထားတဲ့ သတ်ဖြတ်ခြင်းက စစ်မှန်တဲ့ ကမ္ဘာဦး ပျက်သုဉ်းခြင်း မဟုတ်ဘူး... ဒီမှာရှိတဲ့ သတ်ဖြတ်ခြင်းတာ တကယ်တော့ မတူညီတဲ့ တာအိုတွေ အများကြီး ပေါင်းစပ်ထားတာဆိုတာ မင်း သိပြီးသား ဖြစ်မှာပါ... ဥပမာတစ်ခု ပြောရရင် ဓာတ်ကြီးငါးပါး တာအိုဆိုတာ ရွှေ၊ သစ်သား၊ ရေ၊ မီး နဲ့ မြေ တို့ကို ပေါင်းစပ်ထားတာလေ"
ကျန်းမင်က ဆက်မေးသည်။
"ဒါဆို စစ်မှန်တဲ့ သတ်ဖြတ်ခြင်း ကကော"
"မင်းက အရမ်း ရည်မှန်းချက် ကြီးနေပြီ လူငယ်လေး... မင်းမှာ ကျန်သေးတဲ့ လျှို့ဝှက် သိုင်းကွက်တွေကို မထုတ်သေးဘူးဆိုရင် မင်း ရှုံးတော့မယ်... ဟင်းလင်းပြင် အကျဉ်းချခြင်း"
ကျွင်းစန်းချန် အော်ဟစ်လိုက်သည်နှင့် ဟင်းလင်းပြင်မှာ ရုတ်တရက် အေးခဲသွားတော့သည်။
ကျန်းမင်၏ ခန္ဓာကိုယ်မှာ နေရာတွင်ပင် ရပ်တန့်သွား၏။ ဟင်းလင်းပြင်ထဲတွင် ပြေးလွှားနေသော မရေမတွက်နိုင်သည့် သံကြိုးများက အရပ်မျက်နှာ အားလုံးကို ပိတ်ဆို့ထားပြီး သူ့ ခန္ဓာကိုယ်ကို ချုပ်နှောင်ထားကြောင်း တွေ့လိုက်ရသည်။ ထိုသံကြိုးများက ကောင်းကင်နှင့် မြေကြီးကိုပါ အကျဉ်းချထားပြီး ထိုနေရာကို ရပ်တန့်သွားစေတော့သည်။
သူ့ ကြွက်သား တစ်ထစ်မျှ မလှုပ်ရှားနိုင်သော်ငြား အချိန်စွမ်းအား မဟုတ်သောကြောင့် သူ့ အတွေးများက ပြေးလွှားနေဆဲပင်။ ကျန်းမင် အနေဖြင့် ဤမျှလောက်ကို မျှော်လင့်ထားပြီး ဖြစ်သောကြောင့် ထိတ်လန့်မသွားခဲ့ပေ။
ရုတ်တရက် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ဟိန်းဟောက်သံများ ထွက်ပေါ်လာ၏ ။
သူ့ ခန္ဓာကိုယ်ထဲရှိ အရိုးများ တုန်ခါသွားပြီး ကြွက်သားများ ကျုံ့ဝင်သွားတော့သည်။ သွေးများက သွေးကြောများထဲ ပြင်းထန်စွာ စီးဆင်းလာပြီး ကြောက်မက်ဖွယ် စွမ်းအားတစ်ခုက ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာလေပြီ။ အဆုံးအစမရှိသော ချီစွမ်းအင်များက ရုတ်တရက် ပေါက်ကွဲထွက်လာသော စွမ်းအင်များနှင့် ဟန်ချက်ညီသွားကာ သူ့ ပေါက်ကွဲမှုအား အမြင့်ဆုံးသို့ ရောက်ရှိသွားစေ၏။ သူက ဟင်းလင်းပြင်ကို ရုတ်တရက် တုန်လှုပ်သွားစေပြီး တာအိုများကို ပုံပျက်သွားစေကာ အကျဉ်းချခံထားရမှုမှ ဖောက်ထွက်လာတော့သည်။
သူ အကျဉ်းချခံထားရမှုမှ လွတ်မြောက်လာချိန်တွင် ကျွင်းစန်းချန်၏ တိုက်ခိုက်မှုမှာ သူ့အနီးသို့ ရောက်လုနီးပါး ဖြစ်နေချေပြီ။
ကျန်းမင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "မဟာ ခန္ဓာကိုယ် ကာကွယ်ခြင်း ကျင့်စဉ်"
သူက ကာကွယ်ရေး အထူးစွမ်းရည်၏ စွမ်းအားကို နှိုးဆွလိုက်သည်နှင့် မတူညီသော တာအို စွမ်းအင် လှိုင်းများ ဖြာထွက်လာပြီး အချင်းချင်း ရစ်ပတ်ကာ မတူညီသော တာအို စွမ်းအင်များဖြင့် ပြည့်နှက်နေသည့် ရောင်စုံ အလင်းတန်း အတားအဆီး တစ်ခုကို ဖန်တီးလိုက်လေပြီ။
သူ ထုတ်ဖော်လိုက်သည့် အရာမှာ သူကိုယ်တိုင် ဖန်တီးထားသော အစွမ်းထက် ကာကွယ်ရေး သိုင်းကွက် တစ်မျိုးပင် ဖြစ်ပေသည်။
တစ်ချိန်တည်းမှာပင် သူ့ ခန္ဓာကိုယ်မှာ စတင် ကြီးထွားလာပြီး မီတာ (၆၀) မြင့်သော ဘီလူးကြီး တစ်ကောင် ဖြစ်လာတော့၏။။
ဘန်း…
ကျွင်းစန်းချန်၏ တိုက်ခိုက်မှုက ကျန်းမင်အပေါ် တည့်တည့် ကျရောက်လာပြီး သူ့ ကာကွယ်ရေး သိုင်းကွက်ကို ဖောက်ထွက်ရန် ခက်ခက်ခဲခဲ ကြိုးစားနေစဉ် ဓားသွား လေးခုက သူ့ ရင်ဘတ်နှင့် ကျောကို ထိုးစိုက်ကာ တဖြည်းဖြည်း ရှေ့သို့ တိုးဝင်လာလေပြီ။
မဟာ ခန္ဓာကိုယ် ကာကွယ်ခြင်း ကျင့်စဉ်မှာ ကျန်းမင်၏ ပထမဆုံး ကာကွယ်ရေးလိုင်း ဖြစ်ပြီး သူ့ ကိုယ်ပိုင် ခန္ဓာကိုယ်က ဒုတိယ ကာကွယ်ရေးလိုင်း ဖြစ်ပေသည်။
ကျန်းမင်က လုံးဝ ခုခံမနေတော့ဘဲ ဓားရှည်ကို အောက်မှနေ၍ အထက်သို့ ဝှေ့ယမ်းကာ ဟင်းလင်းပြင် တာအို ကျွမ်းကျင်သူ ကျွင်းစန်းချန်ထံ ဓားချက်တစ်ချက် ပစ်လွှတ်လိုက်ရင်း အော်ဟစ်လိုက်၏။
"မဟာ ထောင်စုနှစ် ကျင့်စဉ်... အထီးကျန် သဲကန္တာရ"
ယင်းမှာ ကျယ်ပြောလှသော သဲကန္တာရကို ဖြတ်သန်းသွားသည့် မီးခိုးငွေ့ လှိုင်းတစ်ခုနှင့် တူလှပေသည်။
ကျွင်းစန်းချန် မြင်လိုက်ရသည်မှာ အဆုံးအစမရှိသော ကောင်းကင်ယံထက်မှ နီရဲသော နေဝင်ဆည်းဆာဆီသို့ တည့်မတ်စွာ တက်သွားသော မီးခိုးငွေ့ တစ်တန်းပင်။ သို့သော် သူမြင်လိုက်ရသော မီးခိုးငွေ့မှာ တကယ်တော့ ဓားရှည်၏ အသွားဖြစ်ပြီး နေဝင်ဆည်းဆာမှာမူ ဓား၏ အလင်းရောင်ကြောင့် ထွက်ပေါ်လာသော မျက်စိကျိန်းမတတ် အလင်းတန်းသာ ဖြစ်လေ၏။
ကျွင်းစန်းချန်၏ စိတ်ထဲတွင် အတွေးများ ပြေးလွှားသွားတော့သည်။ "ဒါ အချိန်စွမ်းအားပဲ... ဒီတိုက်ခိုက်မှုကို အချိန် တာအိုနဲ့ပဲ ကာကွယ်နိုင်မယ်... ဒါမှမဟုတ် ငါ့ရဲ့ စစ်မှန်တဲ့ ခန္ဓာကိုယ်ထဲက အသက်စွမ်းအင် အရင်းအမြစ်ကို သုံးပြီး အတင်းအကျပ် ခံယူရမယ်... တကယ်လို့ ငါ ဒါကို မကာကွယ်နိုင်ရင် သေချာပေါက် သေရလိမ့်မယ်... အချိန်စွမ်းအားရဲ့ လွှမ်းမိုးမှုအောက်မှာ လူတစ်ယောက်ရဲ့ တွေးခေါ်နိုင်စွမ်းတောင် ရပ်တန့်သွားနိုင်တယ်"
ထိုအတွေးများ ဝင်လာချိန်မှာပင် ဓားချက်က သူ့ကို နှစ်ပိုင်း ပိုင်းဖြတ်သွားပြီး မူလဝိညာဉ်ကိုပါ ဖျက်ဆီးပစ်လိုက်လေပြီ။
End
***