ကျန်းမင်က အနိုင်ရရှိသွားပြီး (၉) ခုမြောက် တိုက်ပွဲစင်မြင့်ထက်တွင် မားမားမတ်မတ် ရပ်နေ၏။
သူ့ ဘယ်ဘက်လက်မောင်း ပြတ်တောက်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်သော ဒဏ်ရာများဖြင့် စုတ်ပြတ်သတ်နေသော်ငြား မျက်တောင်တစ်ခတ် အတွင်းမှာပင် မူလအခြေအနေသို့ ပြန်လည် ကောင်းမွန်လာခဲ့လေပြီ။
"အချိန်စွမ်းရည်သာ မရှိခဲ့ရင် ငါ ဒီအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့မှာ မဟုတ်ဘူး..." ကျန်းမင် တိတ်ဆိတ်စွာ တွေးလိုက်မိသည်။ သဲကန္တာရ အထီးကျန် ဆိုသည်မှာ မဟာထောင်စုနှစ် ကျင့်စဉ်ထဲရှိ ပထမဆုံးသော အထူးစွမ်းရည် တစ်ခုသာ ဖြစ်သည်။ ယင်းက သူ့ပတ်ဝန်းကျင်ရှိ အချိန်ရေစီးကြောင်းကို ကွေးညွတ်နှေးကွေးသွားစေသော်လည်း သူ့ကိုယ်သူတော့ သက်ရောက်မှု မရှိစေပေ။
အချိန်၏ စွမ်းအားမှာ ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်သည်ဟု ဆိုရပေမည်။
ကျန်းမင်က လျင်မြန်စွာ လှည့်ထွက်လာပြီး (၁၀) ခုမြောက် တိုက်ပွဲစင်မြင့်ဆီသို့ တက်လှမ်းလာခဲ့၏။
ကျွင်းစန်းချန် တစ်ယောက် သူ့ရှေ့တွင် ထပ်မံ ပေါ်လာပြန်သည်။
"မင်း (၁၀) ခုမြောက် အဆင့်ထိ ရောက်လာလိမ့်မယ်လို့ ငါ တစ်ခါမှ မထင်ထားခဲ့ဘူး... ရိုးရိုးသားသား ပြောရရင် (၉) ခုမြောက် တိုက်ပွဲစင်မြင့်က တချို့နေရာတွေမှာ (၁၀) ခုမြောက်ထက် ပိုကြောက်စရာ ကောင်းတယ်..." ကျွင်းစန်းချန်က ကျန်းမင်အား မျက်နှာထက် အံ့ဩမှုများ ပြည့်နှက်နေသည့် အမူအရာဖြင့် ကြည့်လာသည်။
"ဒါက ကျွန်တော် အချိန်ရဲ့ စွမ်းအားကို နားလည် သဘောပေါက်သွားလို့ပါ... ဒါပါပဲ..." တိုက်ပွဲအတွက် အင်မော်တယ်တပိုင်း လက်နက်အဆင့်ရှိ ဓားတစ်လက်ကို ရွေးချယ်ရင်း ကျန်းမင်က ရှင်းပြလိုက်သည်။
"ရေတွက်လို့မရတဲ့ ကမ္ဘာမြေတွေ အများကြီးထဲမှာ အချိန်တာအိုကို နားလည် သဘောပေါက်နိုင်တဲ့ ထူးခြားတဲ့ သတ္တဝါ အနည်းငယ်ပဲ ရှိတယ်... တကယ်ကို ခက်ခဲလွန်းလို့ပဲ... တစ်နည်းအားဖြင့် ပြောရရင် အချိန်ရဲ့ စွမ်းအားက တားမြစ်ချက် တစ်ခုလို သတ်မှတ်ခံထားရတာ... မင်းက အချိန်စွမ်းအားရဲ့ အခြေခံအဆင့်ကို နင်းတက်နိုင်ရုံတင် မကဘဲ အချိန်ရဲ့ အထူးစွမ်းရည်ကိုပါ ဖော်ထုတ်နိုင်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ... မင်းက တကယ်ကို အံ့ဩစရာကောင်းတဲ့ ကောင်လေးပဲ..." ကျွင်းစန်းချန် အလွန်အမင်း အံ့အားသင့်နေ၏။
"အချိန်စွမ်းအားကနေ ရုန်းထွက်နိုင်ဖို့ နည်းလမ်း သုံးသွယ်ပဲ ရှိတယ်... ပထမတစ်ခုက ကိုယ်တိုင် အချိန်တာအိုကို ကျွမ်းကျင်ပြီး မီးကို မီးနဲ့ ပြန်တိုက်သလို တိုက်ခိုက်ဖို့ပဲ... ဒုတိယက အချိန်ရဲ့ တိုက်စားမှုကို ခံနိုင်ရည်ရှိလောက်တဲ့ စွမ်းအားရှိဖို့ လိုတယ်... တတိယကတော့ အချိန်စွမ်းအားကို ဖိနှိပ်နိုင်လောက်တဲ့အထိ မြင့်မားတဲ့ ကျင့်စဉ်အဆင့် ရှိဖို့ပဲ..." ကျွင်းစန်းချန် ဆက်လက် ရှင်းပြနေသည်။
"အကြိုအင်မော်တယ် တစ်ယောက်ကကော အချိန်စွမ်းအားကို ဖိနှိပ်နိုင်သလား..." ကျန်းမင်က မေးလိုက်၏။
"အဲ့ဒါက အဲ့ဒီ အကြိုအင်မော်တယ်က ဘယ်လောက် စွမ်းအားကြီးလဲ ဆိုတဲ့အပေါ် မူတည်တယ်..." ကျွင်းစန်းချန် ပြုံးလိုက်ပြီး သူ့ဓားကို လှည့်ကာ မြေပြင်ကို ညွှန်ပြလိုက်သည်။ "စလိုက်ရအောင်... မင်း (၁၂) ခုမြောက် အဆင့်အထိတောင် ရောက်ကောင်း ရောက်သွားနိုင်တယ်..."
"ကောင်းပြီလေ..."
ကျန်းမင်က တုံ့ပြန်လိုက်ပြီး လက်ကို မြှောက်ကာ ဓာတ်ကြီးငါးပါး မဟာကြိတ်ဆုံကို ဖော်ထုတ်လိုက်တော့သည်။ ဓာတ်ကြီးငါးပါး စွမ်းအားများ စတင် လည်ပတ်လာပြီး ထိတွေ့သမျှ အရာအားလုံးကို ဖျက်ဆီး ကြေမွသွားစေ၏။ ဓာတ်ကြီးငါးပါးကြားရှိ တည်ဆောက်ခြင်းနှင့် ဖျက်ဆီးခြင်း ဆက်နွယ်မှုက ဤတိုက်ကွက်အား ကာကွယ်ရန် အလွန် ခက်ခဲသွားစေသည်။
သို့သော် ကျွင်းစန်းချန်က ရိုးရှင်းသော လက်ချောင်းလှုပ်ရှားမှု တစ်ချက်ဖြင့်ပင် ဓားခုတ်ချက် တစ်ခု ဖန်တီးကာ ဓာတ်ကြီးငါးပါး မဟာကြိတ်ဆုံ၏ တိုက်ကွက်ကို ချေဖျက်ပစ်လိုက်သည်။ သူက ရှည်လျားသော ဓားကို ဆက်လက် ဝှေ့ယမ်းကာ ဓားချီခုတ်ချက် (၈၁) ချက်ကို ဖန်တီးလိုက်ရာ ခုတ်ချက်တိုင်းမှာ လေဟာနယ်ကို ဆုတ်ဖြဲနိုင်ပြီး ယင်း၏ လမ်းကြောင်းရှိ တာအိုများကိုပါ ဖြတ်တောက်သွားနိုင်စွမ်း ရှိ၏။
ကျန်းမင်က အထူးစွမ်းရည် မည်မျှပင် ထုတ်သုံးပါစေ တစ်ဖက်လူမှာ လေဟာနယ်ကိုပင် ဖြတ်တောက်နိုင်သော ရိုးရှင်းသည့် ဓားခုတ်ချက် တစ်ချက်ဖြင့် လွယ်ကူစွာ ချေဖျက်ပစ်လေသည်။
"အဆင့် (၁၀) ဆိုတာ မင်းကမ္ဘာက အကြိုအင်မော်တယ် အဆင့်နဲ့ တူညီတယ်... လူတစ်ယောက်က အင်မော်တယ် အကြိုအဆင့်ကို ရောက်သွားတဲ့အခါ သူတို့ရဲ့ မူလဝိညာဉ်၊ ချီစွမ်းအင်နဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်တွေက အဆင့်သစ် တစ်ခုဆီကို တက်လှမ်းသွားပြီး သူတို့ရဲ့ အနှစ်သာရက အင်မော်တယ် တစ်ပါးရဲ့ လက္ခဏာတွေနဲ့အတူ မြင့်မားလာတာ..."
"အန္တိမအဆင့် ဆိုတာ လူသားဘုံမှာ ကန့်သတ်ချက် တစ်ခုပဲ... အင်မော်တယ် အကြိုအဆင့်ကတော့ လူသားတွေရဲ့ ကန့်သတ်ချက်ကို ကျော်လွန်သွားပြီလေ... အကြို အင်မော်တယ် အဆင့်ရဲ့ ချီစွမ်းအင် တစ်စက်က အန္တိမအဆင့်ရဲ့ ဆယ်ဆနဲ့ ညီမျှတယ်... ဒါပေမဲ့ သူပိုင်ဆိုင်ထားတဲ့ ဖျက်ဆီးနိုင်စွမ်းကတော့ အဆတစ်ရာလောက် ပွားများသွားပြီး အဆုံးမရှိတဲ့ တာအိုတွေကိုတောင် ဖြိုခွင်းနိုင်စွမ်း ရှိတယ်..." ကျွင်းစန်းချန်က ကျန်းမင်အား ရှင်းပြသည်။
အကြိုအင်မော်တယ် အဆင့်မှာ သာမန် စွမ်းအားအဆင့်မျိုး မဟုတ်ပေ။
ကျန်းမင်မှာ အရှုံးမပေးဘဲ သန်းနှင့်ချီသော အထူးစွမ်းရည်များကို ကျွင်းစန်းချန်ထံ ဆက်လက် ပစ်လွှတ်နေခဲ့သော်လည်း သူတို့၏ တိုက်ခိုက်မှုများက သရေသာ ကျနေခဲ့၏။ သူ ကျွင်းစန်းချန်ား လုံးဝ အနိုင်မယူနိုင်ခဲ့ချေ။
"သဲကန္တာရ အထီးကျန်..." ကျန်းမင်လည်း ကျွင်းစန်းချန်အား အနိုင်ယူရန် အချိန် အထူးစွမ်းရည်ကို မတတ်သာဘဲ ထုတ်သုံးလိုက်ရတော့သည်။
နောက်တစ်ဆင့်သို့ ကူးပြောင်းသွားချိန် (၁၁) ခုမြောက် တိုက်ပွဲစင်မြင့်မှ ကျွင်းစန်းချန်မှာ ယင်ယန်တာအိုကို အကာအကွယ်အဖြစ် အသုံးပြု၍ သူ့ ခုခံကာကွယ်မှု စွမ်းရည်ကို သိသိသာသာ မြှင့်တင်ထားရုံသာမက အချိန်တာအို ကျွမ်းကျင်မှုကိုပါ ပိုင်ဆိုင်ထားလေပြီ။ ကျန်းမင် အနေဖြင့် တစ်ဖက်လူ၏ ကာကွယ်ရေး အတားအဆီးကို ဖြိုခွင်းနိုင်သော်လည်း ဓားတစ်ချက်တည်းဖြင့် အဆုံးမသတ်နိုင်တော့ပေ။ ထိုသူအား ထပ်မံ သတ်ဖြတ်ရန်မှာ ပိုခက်ခဲလာခဲ့၏။
‘သဲကန္တာရ အထီးကျန်’ သိုင်းကွက်ကို ထပ်မံ ဖော်ထုတ်ရင်း ကျန်းမင်က ဟာကွက်တစ်ခု ရှာဖွေကာ အဆုံးမဲ့တာအို အပြန်လမ်း လက်ချောင်း သိုင်းကွက်ဖြင့် ကျွင်းစန်းချန်န်ထံ ပစ်လွှတ်လိုက်သည်။ ကျန်းမင်၏ လက်ချောင်းက ကျွင်းစန်းချန်၏ ခန္ဓာကိုယ်နှင့် ထိတွေ့သွားသည်နှင့် ယင်ယန်တာအို၏ ထိုးဖောက်မရနိုင်သော ကာကွယ်ရေး အတားအဆီးကို ဖြိုခွင်းသွားပြီး တစ်ဖက်လူ၏ နဖူးတွင် အပေါက်တစ်ခု ချန်ရစ်ခဲ့တော့သည်။
ထိုသိုင်းကွက်မှာ အဆုံးမဲ့ တာအိုများကို လက်ချောင်း တစ်ချောင်းတည်း၌ စုစည်းထားခြင်း ဖြစ်ရာ မည်သည့်အရာကိုမဆို ထိုးဖောက်နိုင်စွမ်း ရှိပြီး မည်သည့် တာအို စွမ်းအားမျိုးကိုမဆို ဖျက်ဆီးပစ်နိုင်စွမ်း ရှိပေသည်။
(၁၂) ခုမြောက် တိုက်ပွဲစင်မြင့်ဆီ တက်လှမ်းသွားချိန်တွင်တော့ ကျန်းမင်က အဆုံးမဲ့တာအို အပြန်လမ်း လက်ချောင်း သိုင်းကွက်ကိုပင် ထပ်မံ ထုတ်သုံးလိုက်ပြန်သည်။
"အဆုံးမဲ့ တာအိုတွေကို လက်ချောင်း တစ်ချောင်းတည်းမှာ စုစည်းထားတဲ့ ကြောက်စရာကောင်းတဲ့ အထူးစွမ်းရည်ပဲ... မင်းရဲ့ သိုင်းကွက်က အပြည့်အဝ မဖွံ့ဖြိုးသေးဘူး... တာအို ၃,၀၀၀ ကို တစ်ခုတည်းအဖြစ် ပေါင်းစပ်နိုင်သွားပြီ ဆိုရင်တော့ ဒီသိုင်းကွက်က လွှမ်းမိုးနိုင်လောက်အောင် အစွမ်းထက်လာပြီး အရာအားလုံးကို ထိုးဖောက်နိုင်သွားလိမ့်မယ်... မင်းရဲ့ သိုင်းကွက်မှာ အဆုံးမရှိတဲ့ အလားအလာတွေ ရှိတယ်... ဂရုတစိုက် လေ့ကျင့်ပါ ကောင်လေး..."
(၁၂) ခုမြောက် တိုက်ပွဲစင်မြင့်မှ ကျွင်းစန်းချန်က ထိုသိုင်းကွက်ဖြင့် အဆုံးသတ် မခံရမီလေးတွင် အကြံဉာဏ် ပေးသွားခဲ့၏။
ကျန်းမင်က (၁၃) ခုမြောက် တိုက်ပွဲစင်မြင့်သို့ ရောက်ရှိသွားချိန် ဤတစ်ကြိမ်တွင်တော့ စင်မြင့်ထက်၌ ကျွင်းစန်းချန် နှစ်ယောက် ရှိနေခဲ့သည်။ ကျန်းမင်က သူတို့ထဲမှ တစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့သော်လည်း ကျန်တစ်ယောက်၏ လက်ချက်ဖြင့် ချက်ချင်း အသက်ခံလိုက်ရလေပြီ။
(၁၃) ခုမြောက် တိုက်ပွဲစင်မြင့်တွင် ရှုံးနိမ့်သွားသော်လည်း ကျန်းမင်က တွေဝေမနေဘဲ အဆင့် (၁၃) မှ ကျွင်းစန်းချန်အား နှုတ်ဆက်ရန် ထိုအဆင့်ဆီသို့ နောက်တစ်ကြိမ် ပြန်သွားခဲ့၏။
ကျန်းမင် ပြန်ရောက်လာသည်ကို မြင်လျှင် တစ်ဖက်လူက လှမ်းမေးလာသည်။ "မင်း ဘာကြောင့် ရှုံးနိမ့်သွားလဲ ဆိုတာ သိလား..."
"စီနီယာ... ခင်ဗျားရဲ့ လက်ရှိ အခြေအနေက ကျွန်တော့်ကို လုံးဝ လွှမ်းမိုးနိုင်တဲ့ စွမ်းအား ရှိပါတယ်... ဒါပေမဲ့ ကျွန်တော့်ရဲ့ ကာကွယ်ရေး သိုင်းကွက်တွေနဲ့ ပြိုင်ဘက်ကင်း ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နဲ့တောင်မှ ခင်ဗျားရဲ့ တိုက်ကွက် တစ်ကွက်ကိုတောင် တကယ်ပဲ မခံနိုင်တာလား..." ကျန်းမင်က ရိုးသားစွာ မေးမြန်းလိုက်သည်။
"အင်းလေ... လက်ရှိ မင်းအနေနဲ့ ငါ့ရဲ့ တိုက်ကွက်ကို မခံနိုင်တာ သေချာတာပေါ့... ငါက မတူညီတဲ့ အထူးစွမ်းရည် အဆုံးမရှိ ပိုင်ဆိုင်ထားတဲ့ အကြိုအင်မော်တယ် အဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိနေတာကိုး..." ကျွင်းစန်းချန်က ရယ်မောရင်း ဆက်ပြောလာသည်။
"ငါက မင်းရဲ့ အချိန်တာအို တိုက်ကွက်ကို မကာကွယ်နိုင်လို့ မင်း ငါ့ကို သတ်ခွင့်ရသွားတာ... ဒါပေမဲ့ မင်းက ငါ့ကို သတ်နိုင်သလို ငါလည်း မင်းကို သတ်နိုင်တာပဲလေ... အဲ့ဒါက ဘယ်သူ အရင် ဟာကွက် ရှာတွေ့လဲ ဆိုတဲ့အပေါ်မှာပဲ မူတည်သွားတာ... မင်း ကမ္ဘာလောကကို ပြန်ရောက်ပြီး အကြို အင်မော်တယ် အဆင့် ကျွမ်းကျင်သူ တစ်ယောက်နဲ့ တိုက်ခိုက်ရတဲ့အခါ သူတို့ကို ဘယ်တော့မှ အခွင့်အရေး မပေးဘဲ အသက်ကို တိုက်ရိုက် နှုတ်ယူလိုက်... သေချာတာပေါ့... မင်းကမ္ဘာက သာမန် အကြိုအင်မော်တယ် အဆင့် ကျွမ်းကျင်သူတွေကတော့ ငါ့လောက် စွမ်းအားကြီးမှာ မဟုတ်ပါဘူး..."
"စီနီယာ့ရဲ့ လမ်းညွှန်မှု ကျေးဇူးကြောင့် အခု ကျွန်တော့်မှာ အတွေ့အကြုံ ရသွားပါပြီ... ဘယ်လို ပြိုင်ဘက်မျိုးနဲ့ပဲ ရင်ဆိုင်ရပါစေ တိုက်ကွက် တစ်ကွက်တည်းနဲ့ သေချာပေါက် သတ်ဖြတ်ပစ်ပါ့မယ်..." ကျန်းမင်က ကျွင်းစန်းချန်၏ လမ်းညွှန်မှုအတွက် အထပ်ထပ် ကျေးဇူးတင်စကား ဆိုလိုက်သည်။
ကျန်းမင်၏ အဖြေကြောင့် ကျွင်းစန်းချန် မျက်နှာထက်၌ အပြုံးကျယ်ကြီး တစ်ခု ထွက်ပေါ်လာ၏။ ဖြည်းဖြည်းချင်းပင် သူ့မျက်နှာထားမှာ တည်ကြည်သွားပြီး ကျန်းမင်အား စိုက်ကြည့်ကာ မေးလာသည်။
"မင်းက လူသားမျိုးနွယ်ပဲ... မင်း လက်တွေ့ကမ္ဘာကို ပြန်ရောက်သွားပြီး သန်းနဲ့ချီတဲ့ လူသားတွေ သတ်ဖြတ်ခံရ၊ ကျွန်ပြုခံရ ဒါမှမဟုတ် ဖမ်းဆီး ချုပ်နှောင်ခံရတာကို တွေ့လိုက်ရရင် ဘာလုပ်မလဲ..."
ထိုမေးခွန်းကို ကြားသည်နှင့် ကျန်းမင်၏ အမူအရာလည်း တည်ကြည်သွားပြီး ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။
ကျွင်းစန်းချန်က ဆက်မေးလာ၏။
"တကယ်လို့ မင်းက ဒီဖြစ်ရပ်တွေကို ဖြစ်စေခဲ့တဲ့ အကြောင်းရင်းတွေထဲက တစ်စိတ်တစ်ပိုင်း ဖြစ်နေခဲ့ရင် ဘာလုပ်မလဲ... ဒါကို ဖြေရှင်းနိုင်စွမ်းကော မင်းမှာ ရှိရဲ့လား... မင်း လှုပ်ရှားလိုက်တာနဲ့ မင်းကိုယ်တိုင် အသတ်ခံရနိုင်တဲ့ အန္တရာယ် ရှိတယ်နော်..."
မေးခွန်းကြောင့် တုန်လှုပ်သွားသော်လည်း ကျန်းမင် တိတ်ဆိတ်စွာပင် ဆက်နေလိုက်သည်။ သို့တိုင် ကျွင်းစန်းချန် ဆိုလိုသည်မှာ သူ့ကမ္ဘာရှိ အရှေ့ဘက်ဒေသ၏ လက်ရှိ အကျပ်အတည်း အကြောင်း ဖြစ်ရမည်ကိုမူ နားလည်ထား၏။
စစ်ပွဲကြီး၏ နောက်ဆက်တွဲ ဆိုးကျိုးများထဲမှ တစ်ခုအဖြစ် လူသားများမှာ ယခုအခါ သတ်ဖြတ်ခံနေရသည်။
ကျွန်ပြုခံရခြင်းနှင့် ဖမ်းဆီး ချုပ်နှောင်ခံရခြင်းများကော... ထိုအရာများလည်း ဖြစ်လာနိုင်ခြေ ရှိပေသည်။
မိစ္ဆာ အများစုမှာ ယခင်က လူသားများ ဖြစ်ခဲ့ကြသော်လည်း သူတို့ထဲမှ အများစုက လူ့သဘာဝကို ဆုံးရှုံးခဲ့ပြီး ဖြစ်သည်။ ထို့အပြင် အခြားသော မိစ္ဆာမျိုးနွယ်များထဲမှ အမှန်တကယ် စစ်မှန်သော မိစ္ဆာများစွာလည်း ရှိနေသေး၏။
"ထည့်သွင်း စဉ်းစားရမယ့် ပင်လယ်မျိုးနွယ်စုလည်း ရှိနေသေးတယ်... သူတို့သာ အရှေ့ဘက်ဒေသ ပိုင်နက် အများစုကို လွှမ်းမိုးသွားနိုင်ရင် သူတို့ရဲ့ နောက်တစ်လှမ်းက သေချာပေါက် ကမ္ဘာကြီးကို လွှမ်းမိုးဖို့ပဲ ဖြစ်လိမ့်မယ်..."
သူတို့၏ လွှမ်းမိုးမှုက မည်သို့ ရှိမည်နည်း။ မိစ္ဆာမျိုးနွယ်များ အတွက်တော့ လူသားများမှာ အစာအာဟာရ တစ်ခုသာ။ နတ်ဆိုးများကမူ လူသားများကို ကပ်ပါးကောင်များ မျိုးပွားရန် နည်းလမ်း တစ်ခုအဖြစ်သာ ရှုမြင်ကြသည်။
"ငါက သာမန်ပဲ နေချင်ခဲ့တာ... ဒါပေမဲ့ ငါ့ညီမငယ်လေးကို ကာကွယ်ဖို့နဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ အတွက် ရန်သူ အများကြီးကို မသိမသာ သတ်ပစ်ခဲ့မိတယ်... အဲ့ဒါက အရှေ့ဘက်ဒေသရဲ့ စစ်ပွဲကြီးကို တိုက်ရိုက် ဦးတည်သွားစေခဲ့ပြီး ကပ်ဘေးတွေနဲ့ ဗြောင်းဆန်မှုတွေကို ဖြစ်ပေါ်စေခဲ့တာပဲ..."
"ဒါ ငါ့အမှားလား... မဟုတ်ဘူး... သေချာပေါက် မဟုတ်ဘူးလေ... သူတို့က ငါ့ညီမငယ်လေးကို အဆုံးစီရင်ချင်နေမှတော့ သူတို့ကို ငါက ဘယ်လိုလုပ် မသတ်ဘဲ နေနိုင်မှာလဲ..."
"အဲ့ဒီတုန်းက ကာကွယ်နိုင်စွမ်း မရှိခဲ့လို့ မိစ္ဆာတွေနဲ့ နတ်ဆိုးတွေ ငါတို့ လူသားမျိုးနွယ်ကို အကြောက်တရား သွင်းနေတာကို တိတ်တဆိတ် ကြည့်နေခဲ့ရုံပဲ တတ်နိုင်ခဲ့တာ... ဒါပေမဲ့ အခု ငါ့မှာ သူတို့ကို ကယ်တင်နိုင်စွမ်း ရှိလာပြီဆိုတော့ ဘာလုပ်သင့်သလဲ... လူသားအဖြစ် မွေးဖွားလာမှတော့ လူသားအဖြစ်ပဲ သေဆုံးရမှာပေါ့..."
ကျန်းမင်က အချိန်အတော်ကြာ တွေးတောနေပြီးနောက် သူ့ကိုယ်သူ လှောင်ရယ် ရယ်မောလိုက်မိသည်။
သူက မိမိ၏ မှတ်တမ်းကို လျင်မြန်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် အရိုအသေ ပေးကာ တိုက်ပွဲစင်မြင့်မှ ထွက်ခွာလာခဲ့တော့သည်။
အမည် - ကျန်းမင်
ကျင့်စဉ်အဆင့် - အဆင့် (၇)
စုဆောင်းရရှိသော အမှတ်များ - ၉၉၁ မှတ် (၈၁+၃၉၉+၅၁၁)
ဂုဏ်ပြုမှတ်တမ်းများ -
အဆင့် (၃) - စင်မြင့် (၆) ခု စံချိန်၊ (၂၁) ဆင့်၊ အထူးစွမ်းရည် (၉၉၂) ခု
အဆင့် (၄) - စင်မြင့် (၆) ခု စံချိန်၊ (၁၅) ဆင့်
အဆင့် (၅) - စင်မြင့် (၉) ခု စံချိန်၊ (၂၁) ဆင့်၊ အထူးစွမ်းရည် (၆၈,၆၇၂) ခု
ကျန်းမင်၏ စုဆောင်းရရှိသော အမှတ်များမှာ ထောင်ဂဏန်းအထိ ထိုးတက်လာခဲ့လေပြီ။
သူ့မှတ်တမ်းတွင် အနည်းငယ် ပြောင်းလဲမှုများ ရှိသော်လည်း ထိုကိန်းဂဏန်းများမှာ အခြားသူများ အတွက်တော့ အစွန်းရောက်နေဆဲဟု ဆိုရပေမည်။
"ညီအစ်ကိုကျန်း... မင်းက လူရော ဟုတ်ရဲ့လား..."
လိုဟန်က တုန်လှုပ်နေဆဲ မျက်နှာဖြင့် သူ့ထံ လျှောက်လာသည်။ ဤတစ်ကြိမ်တွင်တော့ လိုဟန်မှာ အံ့ဩလွန်း၍ ထုံထိုင်းနေခဲ့ပြီ ဖြစ်သည်။ တစ်စုံတစ်ယောက်က စင်မြင့် (၉) ခု စံချိန်ကို ရယူနိုင်လိမ့်မည်ဟု သူ အိပ်မက်ပင် မမက်ရဲခဲ့သော်လည်း ထိုသူမှာ ယခု သူ့ရှေ့တွင် ရပ်နေသည် မဟုတ်ပါလား။
"မင်း ငါ့ကို လှောင်နေတာလား ဒါမှမဟုတ် ချီးကျူးနေတာလား ဆိုတာတောင် သေချာ မသိတော့ဘူး..."
ကျန်းမင်က အတွေးများကို ရှင်းထုတ်လိုက်ပြီး လိုဟန်ကို ပြန်လည် ပြုံးပြလိုက်သည်။ သူက အရက်အိုး နှစ်အိုး ထုတ်ယူ၍ တစ်အိုးကို လိုဟန်ထံ ပစ်ပေးလိုက်၏။ အရက်အိုးကို ဖွင့်လိုက်သည်နှင့် တစ်အိုးလုံးကို မော့သောက်တော့သည်။
"ညီအစ်ကိုကျန်း... ဖြည်းဖြည်း သောက်... ဒါက ကောင်းကင်ကိုးထပ် မီးတောက် အရက်... အရှိန် တော်တော် ပြင်းတယ်..." လိုဟန်က သူ့အား သတိပေးရန် ကြိုးစားလိုက်သည်။
"ကျေနပ်စရာပဲ..." ကျန်းမင်က အရက်နံ့များ ထွက်ပေါ်လာအောင် သက်ပြင်းချရင်း အော်ဟစ်လိုက်သည်။ ထိုသက်ပြင်းမှာ မီးတောက်များအဖြစ် ပြောင်းလဲသွားသော်လည်း ယင်း၏ ချိုမြိန်မှုက အလွန် ပြင်းထန်လှ၏။
"ဒါမှ ယောက်ျားတွေ သောက်ရမယ့် အရက်ကွ..." သူက နောက်ထပ် အရက်အိုး တစ်အိုးကို ယူ၍ တစ်ကျိုက်တည်း မော့သောက်ရင်း အော်ပြောလိုက်သည်။ အရက်၏ မီးတောက်များက သူ့စိတ်ထဲရှိ စိတ်ပျက်အားငယ်မှုများကို တဖြည်းဖြည်း လောင်ကျွမ်း ဖယ်ရှားပေးသွားလေပြီ။
"မင်းက ယောက်ျားရော ဟုတ်ရဲ့လား... ငါ ဘာလို့ မတွေ့ရတာလဲ..." လိုဟန်က အောက်ပိုင်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။
"မင်း မိန်းကလေး တစ်ယောက်အဖြစ် ပြောင်းကြည့်လေ... ငါ ဘယ်လောက် ယောက်ျားပီသလဲ ဆိုတာ မင်းကို ပြမယ်..." ကျန်းမင်က လိုဟန်ကို ရယ်ကျဲကျဲ ပြုံးပြရင်း ပြန်လည် ချေပသည်။
လိုဟန်၏ ခန္ဓာကိုယ်မှာ ထိန်းမရအောင် တင်းမာသွားပြီး ချက်ချင်းပင် နောက်သို့ တစ်လှမ်း ဆုတ်လိုက်မိ၏။
"ငါ့ကမ္ဘာမှာ လူတစ်ယောက်ကို သိတယ်... သူ့ရဲ့ ကြီးမားတဲ့ စွမ်းရည်နဲ့ သူက တစ်ခါတလေ သူ့ရဲ့ ဆဲလ်တွေကို ပြန်လည် တည်ဆောက်ပြီး ရုပ်သွင်အပြင်ရော လိင်ကိုပါ ပြောင်းလဲပစ်တယ်... သူက ယောက်ျား မိန်းမ မရွေး သတ်ဖြတ်တတ်သလို လိင်နှစ်မျိုးလုံး အပေါ်မှာလည်း တပ်မက်မှု ရှိတယ်လေ... သူက အရမ်း စွမ်းအားကြီးတော့ လျှို့ဝှက် ကျင့်စဉ်တစ်ခုကိုတောင် ကျင့်ကြံထားသေးတာ... အဲ့ဒီကျင့်စဉ်က သူ့ကိုယ်သူ သွေးသားဆက်ဆံဖို့ အတွက် ကိုယ်ပွားတစ်ခု ဖန်တီးဖို့ သူ့ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုကို ဖြတ်တောက် ခွင့်ပေးထားတာ..." လိုဟန်က အသက်ရှူမှားလုမတတ် ပြောလာသည်။
"သေစမ်း... အဲ့လောက်ထိ ဆိုးသွမ်းတဲ့ အရာမျိုးတောင် ရှိတာလား..." ကျန်းမင် အံ့အားသင့်သွားသည်။
"အင်းလေ... ငါ့ ဇာတိက လူတွေက သိပ်ပြီး တင်းကျပ်မှု မရှိဘဲ လိင်ပိုင်းဆိုင်ရာ လွတ်လပ်ခွင့် ဆိုတာကို လေးစားကြတာကိုး... ဘာမဆို ဖြစ်နိုင်တယ်... ဒါက ဝိညာဉ်တွေကို ညစ်ညမ်းစေရုံသာမက လူတစ်ယောက်ရဲ့ မျက်လုံးတွေကိုပါ လောင်ကျွမ်းစေတာ..." လိုဟန်က ဆက်ပြောနေ၏။
"အဲ့ဒါကို မင်းကိုယ်တိုင် မျက်မြင် တွေ့ခဲ့ဖူးလို့လား..." ကျန်းမင်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"လုံးဝ မတွေ့ဖူးဘူး... ညီအစ်ကိုကျန်း… မင်း ဒါကို ကြည့်ချင်တယ်လို့တော့ မပြောနဲ့... မင်း အတွက် အဲ့လိုမျိုးတွေ ရှာပေးရမလား..." လိုဟန်က တိုးတိုးတိတ်တိတ် ရယ်မောတော့သည်။
"ငါ့နှလုံးသားက ဖြူစင်တယ်... ပြီးတော့ ငါက ယောက်ျားစစ်တယ်..." ကျန်းမင်က ပြတ်သားစွာ ပြောလိုက်သည်။
"မင်း နှလုံးသားက ဖြူစင်ချင် ဖြူစင်မှာပေါ့... ဒါပေမဲ့ မင်း မျက်လုံးတွေက အဲ့လို ဟုတ်ချင်မှ ဟုတ်မှာလေ..." လိုဟန်က မှတ်ချက်ချ၏။
"အဲ့ဒါလည်း အဓိပ္ပာယ် ရှိတာပဲ..." ကျန်းမင် တိုးတိုးလေး ရေရွတ်လိုက်သည်။
သူတို့နှစ်ယောက် အချိန်အတော်ကြာ စကားစမြည် ပြောဆိုနေကြသည်။ စိတ်ကို ပြန်လည် စုစည်းပြီးနောက် ကျန်းမင်က ပတ်ဝန်းကျင်ကို ကြည့်ကာ လိုဟန်အား နှုတ်ဆက်လိုက်တော့သည်။
ချူယန်တောင်ထွတ်၏ အထက် ကောင်းကင်ယံတွင်တော့ လမင်းကြီးက အဆုံးမရှိသော ကြယ်တာရာများကို မှိန်ဖျော့ဖျော့ အလင်းပေးနေ၏။
ကျန်းမင်က အမိုးထက်တွင် ရပ်၍ ညအမှောင်ထုထဲ ငေးကြည့်နေမိသည်။ အရှေ့ဘက်ဒေသ၏ ကျယ်ပြောလှသော နယ်မြေများမှာ မကောင်းဆိုးဝါး ဝိညာဉ်၏ အငွေ့အသက်များဖြင့် အဆုံးမရှိ ဖုံးလွှမ်းခံနေရဆဲ ဖြစ်ကြောင်း သူ သတိပြုမိလိုက်သည်။ ပြင်းထန်သော သွေးချောင်းစီး သတ်ဖြတ်မှုများကြောင့် ထူထပ်သော သွေးအငွေ့အသက်များက ကောင်းကင်ယံသို့ ထိုးဖောက် စိမ့်ဝင်နေသည်ကို မြင်တွေ့နိုင်လေသည်။
မသဲကွဲသော်ငြား အဆုံးမဲ့ အပြစ်ကင်းသော ဝိညာဉ်များက ကျိန်စာတိုက်၍ ငိုကြွေးနေသကဲ့သို့ ခံစားနေရ၏။
ကျန်းမင်လည်း ညင်သာစွာ သက်ပြင်း မချဘဲ မနေနိုင်တော့ပေ။ သူက လူသားလမ်းစဉ် မှတ်တမ်းကို လှန်လှောကြည့်လိုက်ရာ သူ့ညီမငယ်လေး၏ မှတ်တမ်းတွင် ပြောင်းလဲမှုများ မရှိကြောင်း တွေ့လိုက်ရသည်။
သို့သော် ချူယန်တောင်ထွတ် ပထမ အကြီးအကဲ၏ မှတ်တမ်းကို ကြည့်လိုက်ချိန်တွင်တော့ မျက်ခုံး ပင့်သွားပြီး သူ့ မျက်လုံးများထံမှ ကြောက်မက်ဖွယ် ကောင်းသော သတ်ဖြတ်လိုစိတ်များ ဖြာထွက်လာသည်ကို ခံစားလိုက်ရတော့သည်။
End
***