အမည် - ကျန်းမင်
ကျင့်စဉ်အဆင့် - မူလဝိညာဉ် အဆင့်
ကျင့်စဉ် - မဟာတာအို အနန္တတန်ခိုးရှင်ကျမ်း
အထူးစွမ်းရည်များ - မဟာ အာကာသ စွမ်းရည်၊ မဟာ ခန္ဓာကိုယ် ကာကွယ်ခြင်း စွမ်းရည်၊ မဟာ ကပ်ဘေး စွမ်းရည်၊ မဟာ ဓာတ်ကြီးငါးပါး စွမ်းရည်၊ မဟာ ယင်ယန် စွမ်းရည်၊ မဟာ အလင်းနှင့် အမှောင် စွမ်းရည်၊ မဟာ သံသရာ စွမ်းရည်၊ မဟာ အစစ်အမှန် ပုံရိပ်ယောင် စွမ်းရည်၊ မဟာ ကံကြမ္မာ စွမ်းရည်၊ မဟာ ဖျက်ဆီးခြင်း စွမ်းရည်၊ မဟာ အာကာသ ဓားစွမ်းရည်၊ မဟာ အဆုံးမဲ့ စွမ်းရည်၊ မဟာ ထောင်စုနှစ် စွမ်းရည်၊ မဟာ ကိုယ်ပွား စွမ်းရည်၊ မဟာ နတ်ဘုရားတံဆိပ် စွမ်းရည်၊ စိမ်းလန်းသော ဧကရာဇ် ဝိညာဉ်ပြောင်းလဲခြင်း စွမ်းရည်၊ အဆုံးမဲ့ သတ်ဖြတ်ခြင်း လက်သီး၊ ကြယ်တာရာ ပြောင်းလဲခြင်း၊ အဆုံးမဲ့တာအို အပြန်လမ်း လက်ချောင်း...
မွေးရာပါ ပါရမီ - အင်မော်တယ်ခန္ဓာ (ဒုတိယအဆင့်)
ပစ္စည်းများ - လူသားလမ်းစဉ် မှတ်တမ်း၊ အထွတ်အထိပ် အမိန့်တော်
(အင်မော်တယ် လက်နက် - လျှို့ဝှက်ဆန်းကြယ် အလင်းဓား၊ ကောင်းကင်ဘုံ စစ်ပွဲဓား၊ ကောင်းကင်ဘုံ အမွေးအတောင် ဝတ်ရုံ၊ ကောင်းကင် ဝိညာဉ် နာရီ၊ ကြယ်တာရာ ခန်းမဆောင်နှင့် ကောင်းကင် သမ္ဗန်)
(အင်မော်တယ်တပိုင်း လက်နက် - ပျံသန်းခြင်း အမွေးအတောင်ဓား၊ အသက်နှင့် သေခြင်း စိတ်ပျက်အားငယ်မှု ဝင်္ကပါပြား)
(အထွတ်အထိပ်အဆင့် တာအိုလက်နက် - စွမ်းအင်ပိတ်လှောင် စစ်တုရင်ခုံ၊ တိုက်ခိုက်ရေး သစ်သားရုပ်)
(အဆင့်မြင့် တာအိုလက်နက် - အမှောင်ချောက်ကမ်းပါးဓား၊ ကျောက်စိမ်းဖြူ လေ့ကျင့်ရေး လက်အိတ်)
(အထူးစွမ်းရည် ပုတီးစေ့၊ နှစ် (၁၀၀) စာ ကျင့်ကြံခြင်း၊ ငါးမိနစ်စာ အစွန်းရောက် လမ်းစဉ် အတွေ့အကြုံ ကတ်)
အထောက်အပံ့ - အခြေခံ လေ့ကျင့်ရေးဇုန်
မှတ်တမ်းထဲရှိ ကျန်းမင်၏ အခြေအနေတွင် ပြောင်းလဲမှုများစွာ ရှိနေခဲ့လေပြီ။
အထွတ်အထိပ် စေတီထဲတွင် အနှစ် (၃၀၀) ကြာ ကျင့်ကြံပြီးနောက် သူ့ အထူးစွမ်းရည် များစွာမှာ ပေါင်းစပ်ခွဲခြားခံရပြီး ကွဲပြားသော စွမ်းရည် တစ်ဆက်တည်းအဖြစ် ဖွဲ့စည်းသွားသည်။ ၎င်းတို့ထဲမှ တစ်ခုမှာ မဟာ အာကာသ စွမ်းရည်ဖြစ်ပြီး ထိုထဲတွင် သဏ္ဌာန်မဲ့ ဓားချီ၊ အာကာသ ခြေလှမ်းများ၊ နေရာရွှေ့ပြောင်းခြင်း၊ နတ်ဘုရား လက်၊ လှုပ်ရှားမှု၊ အဆုံးမဲ့ ကမ္ဘာ့တံခါး စသည့် အထူးစွမ်းရည်များစွာ ပါဝင်၏။
သူ့ မွေးရာပါ ပါရမီတွင် ပြောင်းလဲမှု မရှိသော်ငြား ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာ ဒုတိယ တာအိုခန္ဓာသို့ ရောက်ရှိသွားခဲ့သည်။ ဤပြောင်းလဲမှုမှာ သူ့ တာအိုမျိုးစုံ ကျင့်ကြံမှုမှ ထွက်ပေါ်လာသော ရလဒ်ပင်။
လက်ရှိ ရုပ်ပိုင်းဆိုင်ရာ ခွန်အားအရ ကျန်းမင်မှာ ခန္ဓာကိုယ် လေ့ကျင့်မှုတွင် အထူးပြုသော အနန္တဆေးလုံး စံအိမ်မှ အင်မော်တယ် အကြိုအဆင့် ကျွမ်းကျင်သူများနှင့်ပင် လက်ဆွဲပြိုင်နိုင်စွမ်း ရှိကြောင်း ယုံကြည်မှု ရှိနေလေပြီ။
အခြား ပြောင်းလဲမှုများကို မတွေ့ရတော့သောကြောင့် ကျန်းမင်လည်း ယခုအခါ မိမိ၏ အခြေအနေကို ပိုရှင်းလင်းစွာ နားလည်သွားတော့သည်။
သူက ကြိမ်ကုလားထိုင်ပေါ် လဲလျောင်းရင်း လူသားလမ်းစဉ် မှတ်တမ်းကို ခေါ်ထုတ်လိုက်၏။
(ကျီယန်တောင်ထွတ် ပထမ အကြီးအကဲ၊ ယွဲ့ချန်၏ အခြေအနေ -)
(ကျိုယန်ဂိုဏ်း၏ အတွင်းရေး အခြေအနေကို ပြန်လည် စစ်ဆေးရန်နှင့် ဟော့တောက်ရန်ထက် ကျင့်စဉ်အဆင့် သာလွန်သူ ရှိမရှိ စုံစမ်းရန် အမိန့်ကို ယခုလေးတင် လက်ခံရရှိခဲ့သည်။ ထို့အပြင် အရှေ့ဘက်ဒေသ စစ်ပွဲကြီး မဖြစ်ပွားမီ ကျိုယန်ဂိုဏ်းကို တိုက်ခိုက်ရန် သူတော်စင် သမီးတော် ဦးဆောင်သည့် တပ်ဖွဲ့ ပျက်စီးသွားခြင်းမှာ ကျိုယန် ပတ်သက်မှု ရှိမရှိကိုလည်း စုံစမ်းရမည် ဖြစ်သည်။ (၁၀) ရက်အတွင်း ပြန်လည် အစီရင်ခံရမည် ဖြစ်ပြီး တစ်လအကြာတွင် ကျိုယန်ဏ်းအပေါ် နောက်ထပ် တိုက်ခိုက်မှု တစ်ခု ရှိလာမည် ဖြစ်သည်။)
‘ဘုရားရေ... ထပ်ပြီးတော့လား... ဒါက အဆုံးသတ် မရှိတော့ဘူးလား’
‘ဒါက အရှေ့ဘက်ဒေသ စစ်ပွဲကြီးပဲလေ... အခု ချင်းယွင်ဂိုဏ်းလည်း ဆုတ်ခွာသွားပြီဆိုတော့ ကျိုယန်ဂိုဏ်းကို တိုက်ရိုက် လက်နက်ချဖို့ အကြောင်းကြားလိုက်ရင် ပိုမလွယ်ဘူးလား... ငါတို့က ဘာလို့ သူတို့ကို ဖျက်ဆီးပစ်ရဦးမှာလဲ... အခု သူတော်စင် သားတော်နဲ့ သမီးတော်တို့ အသတ်ခံလိုက်ရပြီ ဆိုတော့ နောက်တစ်ယောက်က ငါဖြစ်လာတော့မလို့လား’
‘ငါ့အတွက် လွယ်ကူခဲ့လို့လား... အကြောက်တရားတွေ၊ ဆင်းရဲဒုက္ခတွေ ကြားထဲမှာ ရှင်သန်နေရပြီး ငါ့ရဲ့ ကိုယ်ကျင့်တရားတွေတောင် ခွေးစားခံလိုက်ရတာ ကြာပေါ့... ငါတို့က တစ်ကြိမ်မက နှစ်ကြိမ်တောင် ရှုံးနိမ့်ခဲ့ပြီးပြီ... အခု တတိယအကြိမ်အတွက် ပြင်ဆင်နေရပြန်ပြီလား... သောက်ကျိုးနည်း... ငါ ရူးတော့မယ်’
‘သေစမ်း... မင်းတို့က ငါ့ကို အလုပ်လုပ်ဖို့ပဲ တောင်းဆိုနေပြီး ဘာမှလည်း ပြန်မပေးဘူး... ငါက ပထမ အကြီးအကဲ ဖြစ်နေပြီ... အနာဂတ်မှာ ဂိုဏ်းချုပ်တောင် ဖြစ်လာနိုင်သေးတယ်... မင်းတို့ ငါ့ကို ဆေးပင်တွေ၊ ဆေးလုံးတွေ ဒါမှမဟုတ် ရှားပါးတဲ့ ဆေးဘုရင် တစ်ခုခုလောက် ပေးလို့ မရဘူးလား... အဲ့ဒါဆို ငါ့ရဲ့ ကျင့်စဉ်အဆင့်ကို မူလဝိညာဉ် အဆင့်အထိ တိုက်ရိုက် မြှင့်တင်နိုင်ပြီး သုခဘုံ အဆင့်ဆီကို နောက်တစ်လှမ်း ထပ်တိုးနိုင်မှာပေါ့... အဲ့ဒီလိုဆိုရင် ငါက သဘာဝကျကျ ဂိုဏ်းမှာ အသန်မာဆုံး ဖြစ်လာမှာပဲလေ... ဘာလို့ ဒီပြဿနာတွေ အားလုံးကို ဖြတ်သန်းနေရဦးမှာလဲ’
‘ငါ့အတွက် ကံကောင်းစေမယ့် တွေ့ဆုံမှု တစ်ခုလောက် စီစဉ်ပေးပါလား... ဒါမှမဟုတ် တာအိုလက်နက်တွေ၊ အင်မော်တယ် လက်နက်တွေလောက် ပို့ပေးလေ... ဒါက လွယ်လွယ်လေးကို’
‘သောက်ကျိုးနည်း... ဒီငတုံးတွေက ငါ့ကို ခြောက်ကပ်သွားအောင် လုပ်ချင်နေကြတာပဲ’
‘ဒီတစ်ခေါက်သာ ထပ်ရှုံးရင် ငါကတော့... ဂိုဏ်းချုပ်ကြီးကို အကုန်ပြောပြပြီး သူလျှိုနှစ်ဘဝ စားတော့မယ်... အဲ့ဒါမှ ငါ့အတွက် နောက်ဆုတ်စရာ လမ်းရှိမှာ’
‘ဘာလို့... ဘာလို့ ငါ့ဘဝက ဒီလောက်တောင် ခက်ခဲနေရတာလဲ...’
မှတ်တမ်းကို ဖတ်ရှုပြီးနောက် ကျန်းမင်၏ မျက်နှာပေါ်တွင် မည်သည့် အမူအရာမှ မရှိသော်ငြား သူ့ စိတ်ထဲတွင်တော့ ယင်မိစ္ဆာဂိုဏ်းအား အနီရောင် ကြက်ခြေခတ်ကြီး တစ်ခု မှတ်သားလိုက်လေပြီ။
သူက အတွေး တစ်ချက်ဖြင့် နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားပြီး ကျီယန်တောင်ထွတ်တွင် ပြန်လည် ပေါ်လာခဲ့၏။ တပည့် အများစုမှာ ကောင်းကင်နှင့် မြေကြီး၏ အနှစ်သာရကို ရှူသွင်း ရှူထုတ်ကာ ကျင့်ကြံနေကြသည်ကို မြင်တွေ့ရပြီး ပတ်ဝန်းကျင် တစ်ခုလုံး တောက်ပသော သန့်စင်သည့် အလင်းရောင်များဖြင့် လင်းလက်နေသည်။ အချို့မှာ သူတို့၏ တိုက်ခိုက်ရေး စွမ်းအားကို ပိုတိုးတက်စေရန် မှော်ပညာများကို လေ့ကျင့်နေကြ၏။
တာအိုမျိုးစေ့ အဆင့်ရှိ ယွဲ့ချန် အပြင် အခြား အကြီးအကဲ များစွာလည်း ရှိနေပြီး အထူးသဖြင့် သူတို့ထဲမှ နှစ်ဦးမှာလည်း တာအိုမျိုးစေ့ အဆင့်တွင် ရှိနေသဖြင့် ဂိုဏ်းအတွက် အတော်လေး ကောင်းမွန်သည်ဟု ဆိုရပေမည်။
သူတို့မှာ ကျိုယန်ဂိုဏ်း၏ အဆင့်မြင့် ပုဂ္ဂိုလ်များ အဖြစ် သတ်မှတ်ခံထားရသည်။
ကျန်းမင်က ယွဲ့ချန် ရှိနေသော ပင်မခန်းမဆောင်ထဲသို့ အလွယ်တကူ ခိုးဝင်သွားခဲ့၏။ လျင်မြန်သော အကြည့် တစ်ချက်ဖြင့် ပတ်ဝန်းကျင် တစ်ခုလုံးကို အာရုံခံနိုင်ပြီး မည်သည့် အထူးအစီအစဉ် သို့မဟုတ် ထောင်ချောက်မျှ မရှိကြောင်း သတိပြုမိလိုက်သည်။
ထိုအချိန်တွင် ယွဲ့ချန်မှာ ပင်မခန်းမဆောင်ထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် မျက်မှောင်ကြုတ်ကာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး စိတ်ပျက်အားငယ်စွာ အဆက်မပြတ် သက်ပြင်းချနေ၏။
"ငါ့ရဲ့ ဒီလောက် အားနည်းတဲ့ စွမ်းအားနဲ့ ဘာအပြောင်းအလဲ ကြီးကြီးမားမားမှ လုပ်နိုင်မှာ မဟုတ်ဘူး... ရေစီးရာ လိုက်ရုံကလွဲပြီး ငါ ဘာလုပ်နိုင်ဦးမှာလဲ... ဘုရားရေ..." ယွဲ့ချန် အံကြိတ်လိုက်သည်။
ရုတ်တရက် မျက်စိဖြင့် မမြင်နိုင်သော အငွေ့အသက် လှိုင်းတစ်ခု ပေါ်ထွက်လာပြီး ခန်းမဆောင် တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။ လက်တွေ့နှင့် ပုံရိပ်ယောင်များ စတင် ရောယှက်သွားပြီး ပုံရိပ်ယောင် နယ်မြေတစ်ခု ဖြစ်ပေါ်လာ၏။ ယွဲ့ချန်မှာ သူ့ခေါင်းပေါ်ရှိ အမိုး ပျောက်ကွယ်သွားပြီး ကံကောင်းခြင်း တိမ်တိုက် ပင်လယ်ကြီး တစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် အလွန် ထိတ်လန့်သွားတော့သည်။ တိမ်တိုက်များ အထက်တွင် ရွှေရောင် သံချပ်ကာ ဝတ်ဆင်ထားသော သူရဲကောင်း အရေအတွက် မရေမတွက်နိုင်အောင် စုဝေးနေကြပြီး တစ်ယောက်ချင်းစီတိုင်းမှာ သူ့အား လွယ်ကူစွာ သတ်ဖြတ်နိုင်သည့် ခွန်အားများ ပိုင်ဆိုင်ထားကြသည်။
သူတို့ကို ဦးဆောင်နေသူမှာ မီတာ (၁,၀၀၀) အမြင့်ရှိ ရာဇပလ္လင်ပေါ်တွင် ထိုင်နေသော လူတစ်ယောက် ဖြစ်ပြီး ဘေးပတ်လည်တွင် နတ်သမီးများ ကခုန်နေကြကာ မှော်အလင်းတန်း (၃,၀၀၀) က သူ့ ခန္ဓာကိုယ် တစ်ခုလုံးကို လှည့်ပတ်နေသည်ကို မြင်တွေ့ရ၏။
သူ့ထံမှ အလွန် တန်ခိုးကြီးမားပြီး သန့်စင်သော နတ်ဘုရားဆန်သည့် အငွေ့အသက်များ ဖြာထွက်နေသည်။
"ယွဲ့ချန်..." ဘုရင် ရာဇပလ္လင်ထက်ရှိ ပြိုင်ဘက်ကင်း သက်ရှိက ရုတ်တရက် စကားပြောလိုက်ချိန်တွင် သူ့ အသံမှာ နားကွဲမတတ် မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာပြီး ယွဲ့ချန်၏ နှလုံးသားအား ရိုက်ခတ်ကာ ချီစွမ်းအင်များ ပြန့်ကျဲသွားစေပြီး စိတ်ဆန္ဒများကို ချေမွပစ်လိုက်သည်။ ယွဲ့ချန်က သူ့ ခန္ဓာကိုယ်ပေါ်သို့ အဆုံးမရှိသော လေးလံမှုကြီး ကျဆင်းလာသည်ကို ခံစားလိုက်ရပြီး အလိုအလျောက် ဒူးထောက်ကျသွားတော့သည်။
သူ ထိတ်လန့်တုန်လှုပ်နေပြီး မလှုပ်ရဲ၊ ခေါင်းပင် မမော့ရဲတော့ဘဲ ခုခံဖို့ဆိုသည်မှာ ဝေလာဝေးပင်။
"ငါက ဟောက်ထျန်း ရွှေရောင်ရဲတိုက်ရဲ့ အထွတ်အထိပ် သက်ရှိ... သဘာဝတရားရဲ့ စစ်မှန်တဲ့ ကျောက်စိမ်း ဧကရာဇ် နတ်ဘုရားပဲ..." ထိုသက်ရှိက ဟိန်းဟောက်လိုက်သည်။ "ဒီကနေ့ အဆုံးမဲ့ ကမ္ဘာတွေကို ဖြတ်သန်း ခရီးသွားရင်း ဒီကမ္ဘာကို ဖြတ်ကျော်ဖို့ ရုတ်တရက် ခံစားချက် ရလာလို့ ဒီကို ဆင်းသက်ဖို့ ရွေးချယ်လိုက်တာ... ဒါပေမဲ့ မင်းက ကျိုယန်ဂိုဏ်းရဲ့ ပထမ အကြီးအကဲ အဖြစ်သာမက ယင်မိစဆာဂိုဏ်းရဲ့ အကြီးအကဲ အဖြစ်ပါ လှုပ်ရှားနေတာကို တွေ့လိုက်ရတယ်... မင်းကို ဒီဂိုဏ်းက ကြီးမြတ်မှုတွေ အများကြီး ပေးသနားထားပေမဲ့ ယင်မိစ္ဆာဂိုဏ်းက ကျိုယန်ဂိုဏ်းကို ဖျက်ဆီးဖို့ သူတို့ရဲ့ တတိယအကြိမ် တိုက်ခိုက်မှုကို စတင်ဖို့ မင်းကို ဖိအားပေးနေတယ်ပေါ့"
"ဒီနေရာက ငါ သာမန် ကပ်ဘေးတွေကို ခံစားခဲ့ရတဲ့ နေရာပေါင်း (၁၂၉,၆၀၀,၀၀၀) ထဲက တစ်ခုပဲ... ငါ့နေရာကို ညစ်ညမ်းအောင် လုပ်ဖို့ ကြိုးစားတဲ့ ဘယ်သူ့ကိုမှ သည်းခံမှာ မဟုတ်ဘူး"
"မင်းရဲ့ စိတ်ကို ဖွင့်ပြီး မင်းရဲ့ အတိတ်ကို ငါ့ကို မြင်ခွင့်ပေးစမ်း..." ထိုသက်ရှိ၏ အသံ ဟိန်းထွက်လာသည်နှင့် အထက် ကောင်းကင်ယံတွင် မိုးကြိုးများ အဆုံးမရှိ စုဝေးလာတော့သည်။ နဂါးများ ပေါ်ထွက်လာပြီး မီးလောင်နေသော ဖီးနစ်ငှက်များ၏ အော်သံများ၊ ဖြူကောင်ကျား၏ ဟိန်းဟောက်သံများနှင့် အနက်ရောင် လိပ်ကြီး၏ လှုပ်ရှားသံများ ထွက်ပေါ်လာသကဲ့သို့ပင်။
ပြိုကျလာသော ကြောက်မက်ဖွယ် စွမ်းအားကြောင့် ယွဲ့ချန်၏ နှလုံးသားမှာ တုန်ခါသွားပြီး သူ့ စိတ်များလည်း အညံ့ခံတော့မည့် ဆဲဆဲ။
"ဟောက်ထျန်း... နတ်ဘုရား... ကောင်းကင်ဘုံ... ဒါ တကယ့် အင်မော်တယ်လား... ယင်မိစ္ဆာဂိုဏ်းက ဆက်ပြီး အကြံအစည်တွေ လုပ်နေရတာ အံ့ဩစရာ မရှိတော့ဘူး... ကျိုယန်ဂိုဏ်းက ရှင်းပြလို့မရအောင် အန္တရာယ်ကင်းနေတာလည်း အံ့ဩစရာ မရှိတော့ဘူး..." ယွဲ့ချန် တုန်ရီသွားပြီး လုံးဝ မခုခံရဲတော့ချေ။
သူ အသံပင် မထွက်နိုင်တော့ကြောင်း သဘောပေါက်သွား၏။
ရာဇပလ္လင်ပေါ်တွင် ထိုင်နေသော ကျန်းမင်က စတင် ပြုံးလိုက်ပြီး မူလဝိညာဉ် မှော်ပညာကို ဖော်ထုတ်ကာ ယွဲ့ချန်၏ စိတ်ထဲသို့ လွယ်ကူစွာ ဝင်ရောက်၍ သူ့ အတိတ် မှတ်ဉာဏ်များကို ခိုးကြည့်လိုက်တော့သည်။
ယွဲ့ချန်က အနည်းငယ်မျှပင် မခုခံခဲ့ပေ။
သူ့ အတိတ်ကို ကြည့်ရှုပြီးနောက် ကျန်းမင် ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး သတ်ဖြတ်လိုစိတ်များ မြင့်တက်လာသော်လည်း နောက်ဆုံးတွင်တော့ ပြန်လည် တည်ငြိမ်သွားခဲ့၏။ မူလဝိညာဉ် မှော်ပညာကို အသုံးပြု၍ ယခု လက်ရှိ အခိုက်အတန့် မှတ်ဉာဏ်ကို ဖျက်ပစ်လိုက်သည်။
ရွှေရောင် သံချပ်ကာနှင့် စစ်သည်များနှင့်အတူ ကံကောင်းခြင်း တိမ်တိုက်များလည်း ပျောက်ကွယ်သွားပြီး ပင်မခန်းမဆောင်မှာ ဘာမှ မဖြစ်ခဲ့သကဲ့သို့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေပြီ။
ခန်းမဆောင် အလယ်တွင် ဒူးထောက်နေသော ယွဲ့ချန် ရုတ်တရက် တုန်ခါသွားပြီး မျက်လုံးထဲတွင် ရှုပ်ထွေးမှုများ ပြည့်နှက်နေ၏။
‘ငါ ဘာလို့ ဒူးထောက်နေတာလဲ... ဘာလို့ တစ်ကိုယ်လုံး စိုရွှဲနေတာလဲ... သေစမ်း... ငါ သေးတောင် ထွက်ကျသွားတာလား... ဒီမှာ ဘာတွေ ဖြစ်သွားတာလဲ...’ ယွဲ့ချန် ထိတ်လန့်သွားပြီး ပတ်ဝန်းကျင်ကို စတင် အာရုံခံကြည့်သော်လည်း ပုံမှန်မဟုတ်သော အရာ တစ်ခုမျှ ရှာမတွေ့ခဲ့ပေ။
‘ငါ မကောင်းမှုတွေ အများကြီး လုပ်ခဲ့ပြီးတဲ့နောက် အနာဂတ်မှာ ဆိုးဆိုးရွားရွား အဆုံးသတ်ရလိမ့်မယ် ဆိုတဲ့ အတွေးကြောင့် အခုကတည်းက စကြောက်နေတာများလား...’ ယွဲ့ချန် တွေးလိုက်မိပြီး လျှာဆွဲထုတ်ခံရခြင်း၊ ဆီပူအိုးထဲ ကြော်ခံရခြင်း သို့မဟုတ် ကြိတ်ဆုံကြီးဖြင့် ကြိတ်ချေခံရခြင်း စသည့် ညှဉ်းပန်းနှိပ်စက်မှု နည်းလမ်း မျိုးစုံကို စိတ်ကူးကြည့်နေမိတော့သည်။
"ဟူး..." ယွဲ့ချန်က ရှင်းပြ၍မရစွာ သက်ပြင်းချလိုက်ပြီး နောက်တစ်ကြိမ် တုန်ခါသွားပြန်သည်။ "တကယ်လို့များ အဲ့ဒီ ပြစ်ဒဏ်တွေကို ငါ တကယ် ခံစားရရင်... ဘာလို့ ငါ့ဘဝက ဒီလောက် ခက်ခဲနေရတာလဲ..."
ချူယန်တောင်ထွတ်ပေါ်တွင် ရပ်နေသော ကျန်းမင်က ကောင်းကင်သို့ မော့ကြည့်လိုက်၏။ ယွဲ့ချန်၏ မှတ်ဉာဏ်ကို ခိုးကြည့်ခြင်းမှ အရာများစွာ သိရှိခဲ့ရလေပြီ။
ယွဲ့ချန်မှာ ချူယန်တောင်ထွတ်တွင် စီနီယာအစ်ကိုကြီး ကြုံတွေ့ခဲ့ရသော မတော်တဆမှု၏ တရားခံပင်။ သူက တောင်ထွတ်ကို ကမောက်ကမ ဖြစ်စေခဲ့ပြီး ပထမ အကြီးအကဲ နေရာသို့ အလွယ်တကူ တက်လှမ်းနိုင်ရန် ဖန်တီးခဲ့ခြင်း ဖြစ်သည်။
သူက ငယ်စဉ်ကတည်းက ကျိုယန်ဂိုဏ်းသို့ ဝင်ရောက်ခဲ့သည်။ ယင်မိစ္ဆာဂိုဏ်းမှ လျှို့ဝှက်စွာ ထောက်ပံ့ပေးသော ဆေးလုံး အနည်းငယ်ဖြင့် သူ့ ကျင့်စဉ်အဆင့်မှာ ထိုးတက်သွားခဲ့ပြီး ဂိုဏ်း၏ တောင်ထွတ် တစ်ခုအတွက် ပထမ အကြီးအကဲ ဖြစ်လာနိုင်ခဲ့၏။
အတိတ်တွင် ယင်မိစ္ဆာဂိုဏ်းက သူ့အား အသုံးမပြုရသေးသောကြောင့် ယွဲ့ချန်မှာ သူ့ ကိုယ်ပိုင် ဩဇာအာဏာကို တိတ်တဆိတ် စုဆောင်း စီမံနေခဲ့ခြင်း ဖြစ်သည်။
‘လောလောဆယ်တော့ မင်းကို ဒီအတိုင်း ထားလိုက်ဦးမယ်... မင်းက ငါ့အတွက် နည်းနည်းတော့ အသုံးဝင်သေးတာပဲ...’ ကျန်းမင် တွေးလိုက်သည်။
ကျန်းမင်က ရွှယ်ယင်၏ အခြေအနေကို စစ်ဆေးရန် လူသားလမ်းစဉ် မှတ်တမ်းကို ခေါ်ထုတ်လိုက်၏။
အမည် - ရွှယ်ယင်
မျိုးနွယ် - လူ-မိစ္ဆာ (ကောင်းကင် မိစ္ဆာ သွေးကြော ပိုင်ဆိုင်သည်)
လိင် - ကျား
ကျင့်စဉ်အဆင့် - သုခဘုံ အဆင့်
နောက်ခံ - ယင်မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်
ဆက်ဆံရေး - (-၆၀)
မွေးရာပါ ပါရမီ - အင်မော်တယ် (ကောင်းကင် မိစ္ဆာတပိုင်း ခန္ဓာ)
အခြေအနေ - (မွေးကတည်းက ကောင်းကင် မိစ္ဆာ တစ်ကောင် ဖြစ်လာမည့် လက္ခဏာများ ရှိခဲ့သည်။ သူ့ အလွန် မြင့်မားသော အရည်အချင်းများကြောင့် ကျင့်ကြံခြင်းမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပြီး သူ့ထက် အဆင့်မြင့်သူများကို စိန်ခေါ်ခြင်းမှာ သူ့အတွက် ပုံမှန်ကိစ္စ တစ်ခုလို ဖြစ်လာခဲ့သည်။ သူက သူတော်စင် သားတော်ကို အနိုင်ယူပြီး ထိုနေရာကို အတင်းအဓမ္မ အစားထိုး ဝင်ရောက်ခဲ့သည်။ မူလဝိညာဉ် အဆင့်တွင်သာ ရှိနေချိန်၌ ယခင် ယင်မိစ္ဆာဂိုဏ်းချုပ်ကို အနိုင်ယူခဲ့ပြီး မဟာ အကြီးအကဲ များစွာ၏ ထောက်ခံမှုဖြင့် ဂိုဏ်းချုပ် ဖြစ်လာခဲ့သည်။)
(သူ့တွင် ရက်စက်သော ဂိုဏ်း ခြောက်ဂိုဏ်းကို ပေါင်းစည်းရန်နှင့် ကောင်းကင် မိစ္ဆာ၏ စွမ်းအားကို ပြန်လည် ရှင်သန်စေရန် ရိုင်းစိုင်းသော ရည်မှန်းချက် ရှိသည်။)
(ဂိုဏ်းချုပ် ဖြစ်လာသည်နှင့် သူလျှိုများစွာကို ဖြန့်ကျက်ခဲ့ပြီး ထိုအချိန်တွင် ယွဲ့ချန်က ယင်မိစ္ဆာဂိုဏ်းသို့ ဝင်ရောက်လာခဲ့သည်။ သူ့ သွေးကြောကြောင့် ကျိုယန်ဂိုဏ်းတွင် နေမင်း ကြွေကျလာပြီး အင်မော်တယ် များစွာ မြှုပ်နှံခံရသည့် မှတ်ဉာဏ် အပိုင်းအစများကို မြင်တွေ့ခဲ့ရသည်။)
(သူက ကျိုယန်ဂိုဏ်းကို အမြဲတမ်း အကြံအစည်များ ကြံစည်နေသည်။ သံသယ မဖြစ်စေရန်နှင့် အခြားသူများ သူ့ လုပ်ရပ်များ အကြောင်း သဲလွန်စ မရှာဖွေနိုင်စေရန် အထူး ကြိုတင်ကာကွယ်မှုများ မလုပ်ခဲ့ဘဲ အရှေ့ဘက်ဒေသကို တစ်ဖြည်းဖြည်း ကြံစည်ရန်သာ ဆက်လက် ကြိုးပမ်းခဲ့ပြီး ဂျိုယန်ဂိုဏ်းမှာ သူ့လက်ထဲ သဘာဝကျကျ ကျရောက်လာမည်ဟု ယုံကြည်ထားသည်။)
(ကျိုယန်ဂိုဏ်းကို တိုက်ခိုက်ရန် နှစ်ကြိမ် ရှုံးနိမ့်ခဲ့ပြီး သူ့ ဂိုဏ်းမှ သူတော်စင် သားတော်၊ သမီးတော်နှင့် သုခဘုံ အဆင့် ကျွမ်းကျင်သူ အများအပြားပင် အသတ်ခံခဲ့ရသည်။ ဤသည်က ကျိုယန်ဂိုဏ်းမှာ ထင်သလောက် မရိုးရှင်းကြောင်း သူ့ကို သဘောပေါက်သွားစေသည်။)
(အရှေ့ဘက်ဒေသ စစ်ပွဲမှာ သေချာပေါက် အနိုင်ရမည် ဖြစ်သောကြောင့် သူက ဘေးမှနေ၍သာ စောင့်ကြည့်နေခဲ့သည်။ မျှော်လင့်ထားသည့် အတိုင်း ချင်းယွင်ဂိုဏ်း ရှုံးနိမ့် ဆုတ်ခွာသွားခဲ့သော်လည်း ကံမကောင်းစွာဖြင့် ကျုံးပြည်နယ်ရှိ မြင့်မြတ်သော နယ်မြေများစွာ၏ ထောက်ပံ့မှု အမျိုးမျိုးကြောင့် လုံးဝ ဖျက်ဆီး မခံခဲ့ရပေ။)
(စစ်ပွဲအပြီးတွင် ယင်မိစ္ဆာဂိုဏ်းက ချင်းပြည်နယ်၊ ရွှေပြည်နယ်နှင့် ဟိုင်ပြည်နယ်တို့ကို ရရှိခဲ့သည်။ လုံယွမ်က ယွီပြည်နယ်နှင့် မုပြည်နယ်တို့ကို ရရှိခဲ့ပြီး ရေအောက်နဂါး အင်မော်တယ် မဟာမိတ်အဖွဲ့က လေပြည်နယ်နှင့် ဝူပြည်နယ်တို့ကို အုပ်စိုးခဲ့သည်။)
‘လောလောဆယ်တော့ သူတို့ကို ပျော်ခွင့် ပေးထားလိုက်ဦးမယ်... ငါ အားတဲ့အခါကျရင် မင်းတို့ အားလုံးကို ဖျက်ဆီးပစ်မယ်...’
‘အခု လက်ရှိ အစီအစဉ်က ကျိုယန်ဂိုဏ်းကို သိမ်းပိုက်ဖို့ပဲ... ဒါပေမဲ့ အဲ့ဒီမှာ ထူးဆန်းတဲ့ အရာတွေ အများကြီး ဖြစ်နေတယ်...’
(သူက ယွဲ့ချန်ကို သူလျှိုအဖြစ် ထားရှိခဲ့ပြီး ယွဲ့ချန် အနေဖြင့် ဘာမှ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ဟု မျှော်လင့်ထားသော်လည်း ပိုစုံစမ်းရန် အမိန့်ပေးခဲ့ကြောင်း မှတ်မိနေသည်။ မည်သို့ပင် ဖြစ်စေ သူက ကျိုယန်ဂိုဏ်းကို အရင် သိမ်းပိုက်ရန် စီစဉ်ထားပြီး ကျင့်စဉ်အဆင့် တိုးတက်စေရန် ကျင့်ကြံခြင်းကို ဆက်လက် အာရုံစိုက်ရန် ဆုံးဖြတ်ထားသည်။)
ကျန်းမင်က ရွှယ်ယင်၏ နာမည်ကို ယွဲ့ချန်ထံမှ သိရှိခဲ့ရခြင်း ဖြစ်သည်။
ယခင်က သူ မသိခဲ့သော်လည်း ယခု သိလိုက်ရချိန်တွင်တော့ ကျန်းမင်လည်း ပြုံးယောင် မသန်းဘဲ မနေနိုင်တော့ပေ။
‘နေမင်း ကြွေကျလာတယ် ဟုတ်လား... အင်မော်တယ် ကျွမ်းကျင်သူတွေ မြှုပ်နှံခံရတယ်... ပြီးတော့ အဲ့ဒီ မှတ်ဉာဏ်တွေက ကောင်းကင် မိစ္ဆာ သွေးကြောဆီကနေတောင် လာတာလား...’
ကျန်းမင်က အပေါ်သို့ ခုန်တက်ပြီး လေထဲတွင် ရပ်လိုက်ချိန် သူ့ မျက်လုံးများက စတင် တောက်ပလာသည်။ ထောင်နှင့်ချီသော တာအို အလင်းတန်းများက သူ့ မျက်လုံးများထဲတွင် စုဝေးလာပြီး အရာအားလုံးကို ထိုးဖောက် မြင်ယောင်ကာ မည်သည့် ပုံရိပ်ယောင်ကိုမဆို ဖြတ်သန်း စစ်ဆေးလိုက်တော့သည်။
End
***