ရွှေပြည်နယ်တွင် ကြီးမားကျယ်ပြန့်သော တောင်တန်းကြီးများမှာ မိုင်ပေါင်း (၁၈၀,၀၀၀) အထိ ရှည်လျားစွာ တည်ရှိနေ၏။
ယင်မိစ္ဆာဂိုဏ်းမှာ ဤနေရာရှိ တောင်တန်းများစွာ အောက်တွင် အမြဲတမ်း ပုန်းကွယ်နေခဲ့ပြီး အောက်ဘက်တွင် မိစ္ဆာနယ်မြေ တစ်ခုကိုပင် ဖန်တီးထားခဲ့သည်။
ရွှယ်ယင်က ပင်မခန်းမဆောင်တွင် ထိုင်၍ သူ့ နောက်ထပ် လုပ်ဆောင်ရမည့် အစီအစဉ်များကို ရေးဆွဲနေ၏။
"ငါတို့ နောက်လကျရင် ကျိုယန်ဂိုဏ်းကို စမ်းသပ်ကြည့်မယ်... တကယ်လို့ ငါတို့လူတွေ ထပ်အသတ်ခံရရင်တော့ အဲ့ဒီအဘိုးကြီးတွေ တစ်ခုခု မှားနေပြီ ဆိုတာကို သတိထားမိသွားမှာ စိုးရတယ်... အဲ့ဒါဆို နောက်ထပ် အဘိုးကြီး တစ်ယောက်ကို ထပ်လွှတ်ဖို့ အခွင့်အရေး ရလာမှာပဲ"
"ဒီလထဲမှာ ငါတို့ဂိုဏ်းက ပြည်နယ်သုံးခုကို သိမ်းပိုက်ပြီး ငါတို့ကို ဆန့်ကျင်တဲ့ သူမှန်သမျှကို ရှင်းပစ်မယ်... ငါ့မှာ လုံလောက်တဲ့ ကျင့်ကြံခြင်း နှစ်တွေ စုဆောင်းမိနေပြီ ဖြစ်သလို အမှောင်တာအို လမ်းကြောင်းပေါ်ကိုလည်း နင်းတက်မိနေပြီ... ဒီအချိန်ကို အသုံးချပြီး အန္တိမအဆင့်ကို ထိုးဖောက် ဝင်ရောက်နိုင်ဖို့ ကြိုးစားရမယ်... အဲ့ဒီအချိန်ကျရင် ငါ့ရဲ့ ကောင်းကင် မိစ္ဆာ သွေးကြောကို ပိုပြီး လှုံ့ဆော်နိုင်မှာပဲ... ဟား ဟားဟား..."
သူ ရရှိတော့မည့် အရာများကို တွေးမိသောအခါ ရွှယ်ယင်မှာ မိမိကိုယ်ကို မထိန်းနိုင်တော့ဘဲ မတ်တပ်ရပ်ကာ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
"ဘယ်သူလဲ..."
ရွှယ်ယင်က သူ့ရှေ့တွင် လူတစ်ယောက် ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် အော်မေးလိုက်၏။
သူမှာ ယင်မိစ္ဆာဂိုဏ်းချုပ် ပီပီ အနီးအနားတွင် လူတစ်ယောက် ရှိနေကြောင်း သတိပြုမိသည်နှင့် သူ့ တုန့်ပြန်မှုက အလွန် လျင်မြန်လှပြီး အဆင့်မြင့် တာအိုလက်နက် အဆင့်ရှိ စစ်ဝတ်တန်ဆာ တစ်စုံကို ချက်ချင်း ဖော်ထုတ်လိုက်သည်။
ထိုသူမှာ လူသားလမ်းစဉ် မှတ်တမ်းမှတဆင့် ပုံဖော်ထားသော ကျန်းမင်၏ ကိုယ်ပွားပင်။
ရွှယ်ယင်ရှေ့တွင် ရုတ်တရက် ပေါ်လာသည်နှင့် သူက အင်မော်တယ် လက်နက်ဖြစ်သော လျှို့ဝှက်ဆန်းကြယ် အလင်းဓားကို ဖော်ထုတ်ကာ အာကာပြင် သဏ္ဍာန်မဲ့ ဓားချီဖြင့် ရွှယ်ယင်ထံသို့ ခုတ်ချလိုက်တော့သည်။ ထိုဓားတိုက်ကွက်က ရွှယ်ယင် ခန္ဓာကိုယ်ပေါ်ရှိ စစ်ဝတ်တန်ဆာကို အပိုင်းပိုင်း အစစ ဖျက်ဆီးပစ်လိုက်ပြီး သူ့ ခေါင်းကိုပါ နှစ်ခြမ်းခွဲပစ်လိုက်၏။ နောက်ဆုံးတွင် ရွှယ်ယင်မှာ သွေးမြူခိုးများအဖြစ် ပေါက်ကွဲထွက်သွားတော့သည်။
အားနည်းသော သုခဘုံအဆင့် ကျွမ်းကျင်သူ တစ်ယောက်မှာ မွေးမြူရေး တိရစ္ဆာန် တစ်ကောင်ကဲ့သို့ အလွယ်တကူ သတ်ဖြတ်ခံလိုက်ရလေပြီ။
သို့သော် သွေးမြူခိုးများထဲမှ အနီရောင် မျဉ်းတစ်ကြောင်း ထွက်ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် ကျန်းမင် မျက်မှောင်ကြုတ်သွား၏။ ထိုအနီရောင် မျဉ်းက လျင်မြန်စွာ လိမ်ယှက်သွားပြီးနောက် သွေးစွန်းနေသော လူပုံသဏ္ဍာန်အဖြစ် ပြောင်းလဲသွားကာ ဒေါသတကြီး ဟိန်းဟောက်သံ တစ်ခု ထွက်ပေါ်လာသည်။ "ငါ့ရဲ့ လက်ခံသူကို သတ်ရဲတယ်ပေါ့လေ... သေစမ်း..."
အနီရောင် အလင်းတန်း တစ်ခုက ကျန်းမင်၏ နဖူးတည့်တည့်ဆီသို့ ပစ်လွှတ်လာချိန်တွင် ကျန်းမင်က မျက်ခုံး တစ်ချက် ပင့်လိုက်ရုံသာ။ သူက အာကာပြင် သဏ္ဌာန်မဲ့ ဓားချီကို ဖော်ထုတ်လိုက်ပြီး ဓားချီခုတ်ချက်အား ထက်မြက်သော ဓားသွားတစ်ခုအဖြစ် စုစည်းကာ တစ်ဖက်လူ၏ တိုက်ကွက်ကို ချိုးဖျက်ပစ်လိုက်သည်။
ကျန်းမင်၏ လျင်မြန်သော လှုပ်ရှားမှု တစ်ချက်ဖြင့်ပင် အားကောင်းပြီး ပြိုင်ဘက်ကင်းသော စွမ်းအားတစ်ခုက လေဟာနယ်ကို ဖိနှိပ် ချေမွသွားပြီး အရပ်မျက်နှာ အနှံ့အပြားမှနေ၍ သွေးစွန်းနေသော လူပုံသဏ္ဍာန်၏ ပတ်ဝန်းကျင်ကို အေးခဲ ချုပ်နှောင်သွားစေသည်။ ထို့နောက် လျှို့ဝှက်ဆန်းကြယ် အလင်းဓားက ထိုသွေးလူသား၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ခုတ်ချသွားတော့သည်။
မထင်မှတ်စွာဖြင့် သွေးလူသားမှာ ရုတ်တရက် လိမ်ယှက်သွားပြီး ကျန်းမင်၏ ချုပ်နှောင်ခြင်း မှော်ပညာကို ထိုးဖောက် ဖြတ်သန်းသွားနိုင်ခဲ့၏။
"ဒီလောက် အားနည်းတဲ့ ပိုးကောင်လေးကများ ငါ့ကို သတ်ရဲတယ်ပေါ့... မင်းက ငါ့ရဲ့ လက်ခံသူကို သတ်လိုက်ပြီ ဆိုတော့ မင်းကို ငါ့ရဲ့ လက်ခံသူသစ် အဖြစ် အသုံးပြုရတော့မှာပေါ့..."
သွေးလူသားက ဟိန်းဟောက်လိုက်ပြီး ကျန်းမင်ထံသို့ လျင်မြန်စွာ ခုန်အုပ်လာတော့သည်။
ကျန်းမင်၏ သူငယ်အိမ်များ ကျုံ့ဝင်သွား၏။ ထိုသွေးလူသားမှာ လက်တွေ့နှင့် ပုံရိပ်ယောင်ကြား အလယ်အလတ် အခြေအနေ တစ်ခုတွင် ရှိနေပြီး အချိန်၏ တားဆီးမှု သို့မဟုတ် တာအိုများ၏ နှောင့်ယှက်မှုကို မခံရပေ။ ဤသည်မှာ တကယ်ကို အဆင့်မြင့် သိုင်းကွက် တစ်ခုပင်။
"သဲကန္တာရ အထီးကျန်..."
ကျန်းမင်၏ ဓားခုတ်ချက်က အလွန် အစွမ်းထက်လွန်းသဖြင့် ကျယ်ပြောလှသော သဲကန္တာရကြီး တစ်ခု လေဟာနယ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး မီးခိုးငွေ့များက ကောင်းကင်ယံသို့ တဖြည်းဖြည်း တက်သွားကာ နေဝင်ဆည်းဆာနှင့် ပေါင်းစပ်၍ ကောင်းကင် တစ်ခုလုံးကို သွေးနီရောင်အဖြစ် ဆိုးရံသွားစေသည်။
သို့သော် ဤသို့ စွဲမက်ဖွယ် ကောင်းလှသော မြင်ကွင်း၏ နောက်ကွယ်တွင်တော့ အဆုံးမဲ့ သတ်ဖြတ်လိုစိတ်များ ဖုံးကွယ်နေလေပြီ။
သွေးလူသားမှာ ရုတ်တရက် ရပ်တန့်သွားပြီးနောက် လျှို့ဝှက်ဆန်းကြယ် အလင်းဓား၏ တိုက်ခိုက်မှုကြောင့် အလုံးစုံ ပျက်စီးသွားကာ ဗလာနယ်အဖြစ် ပြန့်ကျဲ ပျောက်ကွယ်သွားတော့သည်။ သူ့အပေါ် ဖိနှိပ်ထားသော စွမ်းအားများက ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ပင်မခန်းမဆောင် တစ်ခုလုံးကို အမှုန့်ဖြစ်သွားစေ၏။
ကျန်းမင်က လူသားလမ်းစဉ် မှတ်တမ်းကို အလျင်အမြန် ကြည့်ရှုလိုက်ရာ သူ့ သူငယ်အိမ်များ ကျုံ့ဝင်သွားတော့သည်။ အဝေးမှ တောက်ပသော အလင်းတန်း လှိုင်းများက ဤနယ်မြေ တစ်ခုလုံးကို ချိတ်ပိတ်ရန် ကြိုးစားနေသည်ကို သူ သတိပြုမိလိုက်၏။ ထို့အပြင် ပြိုင်ဘက်ကင်း ကျွမ်းကျင်သူ တစ်ယောက်က သူ့ကို ပစ်မှတ်ထားပြီး အစွမ်းထက် လက်နက်များဖြင့် အပြေးအလွှား လာနေကြောင်းကိုပင် ခံစားမိလိုက်သည်။
ကျန်းမင်လည်း လျင်မြန်စွာ လှည့်၍ လေထဲတွင် ပျောက်ကွယ်သွားတော့သည်။
ကျန်းမင် ပျောက်ကွယ်သွားပြီးနောက် ချက်ချင်းပင် သူရပ်နေခဲ့သော နေရာ၌ အဘိုးအို တစ်ယောက် ပေါ်လာပြီး သူ့ ကြီးမားလှသော ချီစွမ်းအင်များကို ထုတ်လွှတ်၍ ပတ်ဝန်းကျင် တစ်ခုလုံးကို ဖြန့်ကျက် ရှာဖွေလိုက်၏။ သူက ဝိညာဉ်အာရုံကို အသုံးပြု၍ ကျူးကျော်သူကို ရှာဖွေရန် ကြိုးစားခဲ့သော်လည်း အချည်းနှီးသာ။
"ငါတို့ ဒီနေရာက လေဟာနယ်ကို ချိတ်ပိတ်ထားပြီးပြီလေ... ဒါတောင် သူက ဒီအတိုင်း လွတ်သွားနိုင်သေးတာလား... အဲ့ဒီလူက အချိန်တာအိုကို ကျွမ်းကျင်ထားရင်တောင်မှ ဒီလောက် လွယ်လွယ်ကူကူ လွတ်မြောက်သွားဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး... သူက ဘယ်သူလဲ... ပြီးတော့ ဂိုဏ်းချုပ်ကို ဘာလို့ သတ်သွားရတာလဲ... ဂိုဏ်းချုပ်နဲ့ အဲ့ဒီလူရဲ့ အငွေ့အသက်တွေ အပြင် ငါ့ဝိညာဉ်ကို တုန်လှုပ်သွားစေတဲ့၊ ငါ့ရဲ့ အဓိက အနှစ်သာရကို သဘာဝကျကျ ဖိနှိပ်ထားသလို ခံစားရတဲ့ နောက်ထပ် ဖုံးကွယ်နေတဲ့ အငွေ့အသက် တစ်ခုကိုလည်း ခံစားမိနေတယ်... စစ်ပွဲကြီးက အခုမှ ပြီးခါစပဲ ရှိသေးတယ်... သူငယ်ချင်းဟောင်းတွေ အများကြီးလည်း ကျဆုံးသွားပြီ... အခု ဒီလိုကိစ္စမျိုး ထပ်ဖြစ်လာပြန်ပြီ... တကယ်ကို ဒုက္ခပဲ..." အဘိုးအို၏ စိတ်ထဲတွင် အတွေးများစွာ ပြေးလွှားနေပြီဖြစ်သည်။
ထိုသူက ဂိုဏ်း၏ ပင်မခန်းမဆောင်ထဲသို့ မသိမသာ ခိုးဝင်လာပြီး ဂိုဏ်းချုပ်ကို သတ်ဖြတ်သွားရုံသာမက သူ့ နှာခေါင်းအောက်မှနေ၍ ထွက်ပြေး လွတ်မြောက်သွားခဲ့သည် မဟုတ်ပါလား။ ထိုသူ့ စွမ်းဆောင်ရည်က သူ့ နှလုံးသားကို အမှန်တကယ်ပင် ခုန်လှုပ်သွားစေခဲ့လေပြီ။
ချူယန်တောင်ထွတ်ထက်တွင်တော့ ချီစွမ်းအင် ထက်ဝက်ကို အသုံးပြု၍ ဖန်တီးထားသော ကျန်းမင်၏ ကိုယ်ပွားမှာ လူသားလမ်းစဉ် မှတ်တမ်းမှတဆင့် ပြန်လည် ရောက်ရှိလာပြီး ကျန်းမင်၏ ခန္ဓာကိုယ်ထဲသို့ ဂတ်တွင် နတ်ဆိုးဘုရင်၏ ဝါးမြိုမှုနှင့် သိမ်းပိုက်မှုကို ခံရဦးမည်သာ ဖြစ်သည်။ တကယ်ကို ကြောက်မက်ဖွယ် ကောင်းသော ကြမ္မာဆိုး တစ်ခုပင်။
"လူတွေက ကံကြမ္မာ ဆိုတာ ကြိုတင် ခန့်မှန်းလို့ မရဘူးလို့ ပြောကြတာ ဒါကို ဆိုလိုတာပဲ ဖြစ်ရမယ်..." ကျန်းမင် တိုးတိုးလေး သက်ပြင်းချလိုက်သည်။
ကျန်းမင်က လူသားလမ်းစဉ် မှတ်တမ်းကို ထပ်မံ လှန်လှောလိုက်ရာ ဤတစ်ကြိမ်တွင်တော့ သူ့ ကိုယ်ပွား မြင်တွေ့ခဲ့ရသော လူတစ်ယောက် အကြောင်း ပေါ်လာသည်။
အမည် - လိုရှာလီ
မျိုးနွယ် - ရှူလော်
လိင် - ကျား
ကျင့်စဉ်အဆင့် - အကြိုအင်မော်တယ် အဆင့်
နောက်ခံ - ယင်မိစ္ဆာဂိုဏ်း၏ တစ်ဦးတည်း ကျန်ရစ်သော အင်မော်တယ်အဆင့် ကျွမ်းကျင်သူ (ရှူလော်မိုဂိုဏ်း၏ တပည့် ဖြစ်ခဲ့ဖူးသည်)
ဆက်ဆံရေး - ၀
မွေးရာပါ ပါရမီ - အင်မော်တယ် (ရှူလော် ခန္ဓာ)
အခြေအနေ - (ရိုင်းစိုင်းသော ရည်မှန်းချက်များ ရှိသည့် ရှူလော်မိုဂိုဏ်းမှ သူတော်စင် သားတော်၏ တရားမဝင် သား ဖြစ်သည်။ ထို့ကြောင့် သူက အနာဂတ်တွင် အကြံအစည်များ ကြံစည်နိုင်ရန် သူ့သားကို ယင်မိစ္ဆာဂိုဏ်းတွင် လျှို့ဝှက်စွာ နေထိုင်စေခဲ့သည်။)
(သူ့ အစွမ်းထက်သော သွေးကြောနှင့် ဖခင်ဖြစ်သူ့ အစီအစဉ် အမျိုးမျိုးတို့ ပေါင်းစပ်မှုကြောင့် သူက အလျင်အမြန် ကြီးထွားလာခဲ့ပြီး နှစ် (၁၀၀) မပြည့်မီမှာပင် ယင်မိစ္ဆာဂိုဏ်း၏ သူတော်စင် သားတော် ဖြစ်လာခဲ့သည်။ ထို့နောက် တဖြည်းဖြည်း အာဏာ ကြီးမားလာကာ ဂိုဏ်းချုပ် နေရာကို လွှဲပြောင်း ရယူခဲ့ပြီးနောက် တာဝန်မှ အနားယူကာ အင်မော်တယ် အကြိုအဆင့်သို့ တက်လှမ်းနိုင်ရန် ကျင့်ကြံခဲ့ပြီး ယင်မိစ္ဆာဂိုဏ်း၏ အစွမ်းအထက်ဆုံး လျှို့ဝှက်လက်နက် တစ်ခု ဖြစ်လာခဲ့သည်။)
(သူတို့၏ ရှူလော် သွေးကြောက မိစ္ဆာဝိညာဉ်များကို ပြုစုပျိုးထောင်နိုင်ပြီး သူတို့၏ ခန္ဓာကိုယ်ကို သန်မာစေရန် လတ်ဆတ်သော သွေးများကို အသုံးပြုနိုင်ကြောင်း သူ့ ဖခင်က တစ်ခါတွင် ပြောပြခဲ့ဖူးသည်။ သူတို့ အသက်များများ နှုတ်ယူလေလေ ပိုအစွမ်းထက်လာလေလေ ဖြစ်သည်။ သူတို့ သားအဖ နှစ်ယောက်က အမှောင်ထဲတွင် အကြံအစည်များ ပူးပေါင်း ကြံစည်ကာ ရက်စက်သော မိစ္ဆာဂိုဏ်း ခြောက်ဂိုဏ်းကို ပြန်လည် ထွက်ပေါ်လာစေရန်နှင့် အနောက်ဘက်ဒေသမှ ဖိုဂိုဏ်းကို ဖျက်ဆီးပစ်ရန် ဖြည်းဖြည်းချင်း လှုံ့ဆော်ခဲ့ပြီး လုံယွမ်နှင့် ငုပ်လျှိုးနဂါး အင်မော်တယ် မဟာမိတ်အဖွဲ့ကိုလည်း သူတို့၏ အလိုပါများ အဖြစ် ဆွဲသွင်းခဲ့သည်။)
(သူတို့၏ အစီအစဉ်များ အောင်မြင်သွားပြီးနောက် သန်းတစ်သောင်း မိစ္ဆာ တောင်တန်းများနှင့် မဟာမိတ်ဖွဲ့ကာ ကျုံးပြည်နယ်ကို တိုက်ခိုက်ခဲ့ပြီး ကမ္ဘာမြေကို သွေးချောင်းစီးစေခဲ့သည်။ အနာဂတ်တွင် အထက်ဘုံသို့ တက်လှမ်းသည့်အခါ လျင်မြန်စွာ မြင့်တက်နိုင်ရန် သူတို့၏ ရှူလော် ခန္ဓာကိုယ်ကို သန်မာအောင် ပြုလုပ်ခဲ့သည်။)
"ငါတို့ အရှေ့ဘက်ဒေသ စစ်ပွဲကို အနိုင်ရခဲ့ပြီး ချင်းယွင်ဂိုဏ်းလည်း ရှုံးနိမ့် ဆုတ်ခွာသွားခဲ့တယ်... ဒါပေမဲ့ ယင်မိစ္ဆာဂိုဏ်းက အသေအပျောက် များခဲ့လို့ နာလန်ထူဖို့ အချိန်ယူရုံကလွဲပြီး တခြား ရွေးချယ်စရာ မရှိတော့ဘူး..."
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က လုံရီ၊ ရှောင်ကျင်းယွမ်တို့နဲ့ နယ်မြေခွဲဝေရေး အကြောင်း ဆွေးနွေးခဲ့တယ်... လုံရီက သူတို့ရဲ့ ပင်လယ်မျိုးနွယ်စုဟာ မြစ်တွေကို သူတို့ရဲ့ အဓိက နေထိုင်ရာ အဖြစ် သတ်မှတ်ပြီး ကုန်းမြေတွေကို သူတို့ရဲ့ အစာရေစာ ထောက်ပံ့ရာ နေရာအဖြစ် သတ်မှတ်ကာ လူသားတွေကို ဖမ်းဆီး မွေးမြူမယ်လို့ ပြောတယ်... တစ်ချိန်တည်းမှာပဲ ရှောင်ကျင်းယွမ်က တပည့်တွေကို လျင်မြန်စွာ ပြုစုပျိုးထောင်နိုင်ဖို့ အားလုံးကို အချင်းချင်း သတ်ဖြတ်ဖို့ လှုံ့ဆော်ပေးမယ့် နယ်မြေတွေကို ကပ်ပါးကောင် မွေးမြူရာ နေရာအဖြစ် ပြောင်းလဲဖို့ အကြံပြုခဲ့တယ်... ဒါကြောင့် ငါ့မှာ ချင်းပြည်နယ်၊ ရွှေပြည်နယ်နဲ့ ဟိုင်ပြည်နယ်တို့က လူသား အရေအတွက် သုံးပုံတစ်ပုံကို သတ်ဖြတ်ပြီး အင်မော်တယ် အကြိုအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်အောင်နဲ့ အင်မော်တယ် ရှူလော် ခန္ဓာကိုယ်ကို တည်ဆောက်နိုင်အောင် ကူညီပေးမယ့် ငါ့ရဲ့ ကျင့်ကြံခြင်းအတွက် အစားအစာ အဖြစ် ပြောင်းလဲပစ်ဖို့ စဉ်းစားထားတယ်..."
"ဒီကိစ္စကို ရွှယ်ယင် လက်ခံလာအောင် ဘယ်လို ဖျောင်းဖျရမလဲလို့ တွေးနေတုန်း ရုတ်တရက် အဖြစ်အပျက် တစ်ခု ဖြစ်လာပြီး ဂိုဏ်းချုပ် သတ်ဖြတ်ခံလိုက်ရတယ်..."
လိုရှာလီ၏ အခြေအနေကို ဖတ်ပြီးနောက် ကျန်းမင်၏ မျက်ခုံးများ ပြင်းထန်စွာ တွန့်လိမ်သွားပြီး သူ့ နှလုံးသားထဲတွင် သတ်ဖြတ်လိုစိတ်များ ယိုဖိတ်လာတော့သည်။
"လူသားတွေကို အစာအဖြစ် မွေးမြူမယ်... ကပ်ပါးကောင်တွေ မွေးမြူမယ်... ပြည်နယ် သုံးခုက လူသား အရေအတွက် သုံးပုံတစ်ပုံကို သတ်ဖြတ်မယ် ဟုတ်လား..." ကျန်းမင် ရေရွတ်လိုက်ရင်း မတုန်ယင်ဘဲ မနေနိုင်တော့ပေ။ သူ အကြောက်တရား အရိပ်အယောင် တစ်ခုကိုပင် ခံစားလိုက်ရ၏။
စစ်ပွဲကြီးကို အဝေးမှ စောင့်ကြည့်ခဲ့စဉ်က သာမန် ပြည်သူများ အန္တရာယ် ကြုံတွေ့နေရကြောင်း သိထားသော်လည်း အနီးကပ် လေ့လာကြည့်လိုက်ချိန်တွင်တော့ ခံစားချက်က လုံးဝ ခြားနားနေခဲ့လေပြီ။
အထွတ်အထိပ် စေတီ၏ တိုက်ပွဲစင်မြင့်ထက်တွင် ကျွင်းစန်းချန် မေးခဲ့သော မေးခွန်းများက သူ့ကိုယ်သူ ပြန်လည် မေးခွန်းထုတ်မိစေခဲ့သည်။
ယခု လူသားလမ်းစဉ် မှတ်တမ်းမှ လိုရှာလီ၏ အခြေအနေ၊ သူ့ မကောင်းယုတ်မာမှုများက မည်မျှ သွေးထွက်သံယို ဖြစ်စေမည်နှင့် အသက်ပေါင်း မည်မျှ အန္တရာယ် ရှိနေကြောင်းကို မြင်တွေ့လိုက်ရချိန်တွင်တော့ သူ့ နှလုံးသားမှာ တုန်လှုပ်သွားတော့သည်။
သူ ဆင်ခြေများစွာ ပေးနိုင်သော်လည်း အရှေ့ဘက်ဒေသ အပေါ် ကျရောက်လာသော ကပ်ဘေးမှာ သူနှင့် တိုက်ရိုက် သက်ဆိုင်နေသည် ဆိုသည့် အမှန်တရားကိုမူ သူ ဘယ်တော့မှ ပြောင်းလဲ၍ မရနိုင်ပေ။
"ငါက ငါ့ညီမငယ်လေးကို ကာကွယ်ချင်ရုံ သက်သက်ပါကွာ..." ကျန်းမင်က စိတ်ပျက်လက်ပျက်ဖြင့် သူ့ ဆံပင်များကို ဆွဲဖွလိုက်သည်။
"မင်းတို့က ငါ့ကို အေးအေးဆေးဆေး နေခွင့် မပေးမှတော့ ငါ မင်းတို့ အားလုံးကို သတ်ပစ်ရတော့မှာပေါ့..."
ကျန်းမင် ရုတ်တရက် ခေါင်းမော့လိုက်ပြီး ကြယ်များကို ငေးကြည့်လိုက်ချိန် သူ့ မျက်နှာထားမှာ တင်းမာခက်ထန်နေ၏။
မငြိမ်မသက် ဖြစ်နေသော စိတ်ခံစားချက်များကို တည်ငြိမ်စေရန် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။ စိတ်တည်ငြိမ်သွားချိန်တွင် ထူးဆန်းသော အရာတစ်ခုကို သူ တွေးမိသွားသည်။
ဤအထွတ်အထိပ် အကြီးအကဲမှာ ရှူလော်မိုဂိုဏ်းမှ ဖြစ်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ ထင်မထားခဲ့ပေ။ သားအဖ နှစ်ယောက် ပူးပေါင်း၍ အမှောင်ထဲတွင် အကြံအစည်များ ကြိုးကိုင်ကာ ဤကဲ့သို့သော ကပ်ဘေးကြီးကို ဖန်တီးခဲ့ကြသည် မဟုတ်ပါလား။
ဒီလို ဖြစ်လာလိမ့်မယ်လို့ ဘယ်သူကများ ထင်ထားမှာလဲ။
လူသားလမ်းစဉ် မှတ်တမ်းသာ မရှိခဲ့လျှင် ကျန်းမင် အနေဖြင့် ထိုအကြောင်းကို တွေးတောရဲမည်ပင် မဟုတ်ပေ။
တော်ဝင်မြေ တစ်ခုနှင့်ပင် တူညီသော ယင်မိစ္ဆာဂိုဏ်းက လျှို့ဝှက် သူလျှိုအချို့၏ သိမ်းပိုက်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။
ဤဖြစ်ရပ်က ယွဲ့ချန် ကျိုယန်ဂိုဏ်း၏ ပထမ အကြီးအကဲ ဖြစ်နေခြင်းထက်ပင် ပို၍ ဒေါသထွက်စရာ ကောင်းနေတော့သည်။
End
***