ယီရှန်မြို့မှာရှိသော ဖီးနစ်စိမ်းတပ်ဖွဲ့ တပ်မှူးရုံးသည် စတုရန်းပေ ၇၅၀၀၀ ကျော်ကို ဖြန့်ကြက်နေရာယူထားသည်။ ထိုရုံးမှာ ပင်မခန်းမတစ်ဆောင်၊ ဘေးဘက်ခန်းမတစ်ဆောင်၊ အမှုထမ်းများ နားနေစရာတစ်ဆောင်၊ အချုပ်ခန်းတစ်ခန်းနှင့် နောက်ဘက်မှာ အကျဉ်းထောင်တစ်ခုပါဝင်သည်။
ပကတိအဆင့် ၆ တပ်မှူးလောရှောင်က ရုံးစားပွဲတစ်လုံး၏နောက်ဘက်မှာထိုင်နေသည်။
လောရှောင်သည် အသက်သုံးဆယ်ခန့်အရွယ်မှာရှိသည်။ သူသည် ယွီရှုအဆင့် ကိုယ်ခံပညာသိုင်းသမားတစ်ဦးဖြစ်ပြီး ဤနေရာမှာထိုင်နေရုံမျှနှင့် သူ့ထံမှ ပူပြင်းတောက်လောင်သော အော်ရာတစ်ခုဖြာထွက်နေသည်။
သူ့ဘေးမှာ စိတ်ဓာတ်ကျနေပုံရသော လူအိုကြီးတစ်ယောက်ရှိနေ၏။ သူ့နာမည်က ဟဲနျန်ဖြစ်၍ ဒေသခံလက်ထောက်တပ်မှူးတစ်ဦးဖြစ်သည်။ သူသည် ဤရုံးမှ အလုပ်ကိစ္စများအားလုံးနှင့် ရင်းနှီးကျွမ်းဝင်မှုရှိသော ဝါရင့်အမှုထမ်းတစ်ဦးဖြစ်ပြီး တပ်မှူးအတွက် မရှိမဖြစ်လိုအပ်သော လက်ထောက်တပ်မှူးတစ်ဦးလည်းဖြစ်သည်။
ဟဲနျန်၏ အစီရင်ခံတင်ပြမှုကို နားထောင်ပြီးနောက် လောရှောင်က ဝေဖန်လိုက်သည်။
“ဒါ.. ဒီနှစ်ထဲ နှစ်လပိုင်းက အဖြစ်ဆိုးနဲ့ သွားပြီးတော့ဆင်တူနေတယ်”
ဟဲနျန်က ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်… သူတို့တွေက တစ်ဖွဲ့တည်းဖြစ်မယ်လို့ ကျုပ်ထင်တယ်”
လောရှောင်က မေးလိုက်၏။
“အဲဒီတရားခံတွေက ဘယ်ကလို့ မင်းထင်လဲ”
ဟဲနျန်က ခပ်တိုးတိုးပြောလိုက်သည်။
“အဲဒါ ပြောဖို့ခက်တယ်… အဲဒီအလောင်းကို ကျုပ်ကိုယ်တိုင်စစ်ဆေးခဲ့တယ်… နစ်နာသူက သေဆုံးပြီးမှ ခေါင်းဖြတ်ခံထားရတာလို့ ကျုပ်ထင်တယ်… ခေါင်းမဲ့အလောင်းမှာ ဒဏ်ရာအနာတရလည်း မတွေ့ရဘူး.. အဆိပ်လည်း မိမထားဘူး… နောက်ဆုံးအနေနဲ့ အလောင်းကို ရင်ခွဲစစ်ဆေးမှပဲ သေဆုံးရတဲ့အကြောင်းအရင်းကို ကျုပ်ရှာတွေ့တယ်… သူက ပြင်ပမှာ ဘာဒဏ်ရာမှမကျန်ဘဲ သူ့နှလုံးကို ကြေမွသွားစေတဲ့ လက်ဝါးရိုက်ချက်နဲ့ သတ်ဖြတ်ခံထားရတာပဲ… အဲဒီရိုက်ချက်က ကိုယ်ခံပညာသိုင်းသမားတွေနဲ့ ခရီးသွားဓားသမားတွေကြားမှာ အသုံးများတယ်… အဲဒါကြောင့် တရားခံရဲ့ မူလဇာစ်မြစ်ကို ထောက်လှမ်းဖို့က မလွယ်ဘူး”
လောရှောင်က နှာတစ်ချက်မှုတ်လိုက်သည်။
“ဓားသမားတွေနဲ့ ကိုယ်ခံပညာသိုင်းသမားတွေလား… ငါတော့ အဲလောက်ရိုးရှင်းမယ်မထင်ဘူး”
“လူကြီးမင်း… ခင်ဗျား.. ဘာကိုဆိုလိုတာလဲ”
လောရှောင်က ခပ်တိုးတိုးပြောလိုက်သည်။
“မြစ်ကို ဖြတ်သွားတဲ့ စွမ်းအားကြီးမားတဲ့ နဂါးတစ်ကောင်များရှိနေမလား”
ဟဲနျန်က စဉ်းစားတွေးတောကာ ပြောလိုက်သည်။
“အဲဒါက ပြင်ပဂိုဏ်းဂဏတွေရဲ့ လက်ချက်ဖြစ်မယ်ဆိုရင် ငွေကြေးအတွက် ဒါမှမဟုတ် ကလဲ့စားအတွက် ဖြစ်လိမ့်မယ်… နစ်နာသူက ငွေကြေးဥစ္စာကို မဆုံးရှုံးခဲ့ဘူး… ကလဲ့စားဆိုတာကတော့ နစ်နာသူက သေသွားပြီမလို့ ထောက်လှမ်းရမလွယ်တော့ဘူး… နောက်ပြီး ရန်ငြိုးရန်စတချို့က ဆယ်စုနှစ်နဲ့ချီပြီး ကိန်းအောင်းနေတတ်တယ်… အဲဒါကို ထောက်လှမ်းဖို့က ပိုလို့တောင်မလွယ်ဘူး… တစ်ခါတလေမှာ သေဆုံးသူက အဲဒီရန်ငြိုးရန်စကို သတိထားမိလိုက်မှာတောင်မဟုတ်ဘူး”
“ဒါဆိုရင် ဖြစ်နိုင်ခြေတစ်ခုပဲ ရှိတော့တယ်… ဒီအမှုက လျှို့ဝှက်အဖွဲ့အစည်းတွေနဲ့ ပတ်သက်နေတာပဲ”
လောရှောင်၏ လေသံက အနည်းငယ်တည်တံ့လာသည်။
“တာအိုဂိုဏ်းတော်က ဘာတွေလုပ်နေလဲ ငါမသိဘူး… သူတို့က တစ်နှစ်ပြီးတစ်နှစ် လျှို့ဝှက်အသင်းအဖွဲ့တွေကို ဖိနှိမ်ခဲ့တယ်… ဒါပေမဲ့ အဲဒီလျှို့ဝှက်အသင်းအဖွဲ့တွေက သောင်းကျန်းနေတုန်းပဲ”
“လူကြီးမင်း… ကျေးဇူးပြုပြီး စကားအသုံးအနှုန်းကို သေချာလေးရွေးချယ်ပေးပါ”
“ဒုစစ်ကဲက ဘယ်အချိန်ရောက်လာမှာလဲ… အချိန်ဇယားအရဆိုရင် သူက သိပ်မကြာခင် ရောက်လာသင့်ပြီမလား”
လောရှောင်က စကားလမ်းကြောင်းပြောင်းလိုက်သည်။
ဟဲနျန်က တည်တံ့သောလေသံဖြင့် တုံ့ပြန်ပြောဆိုလိုက်၏။
“ကျုပ်ရထားတဲ့ သတင်းအချက်အလက်အရဆို… တောင်ပိုင်းစစ်ဘက်ကွပ်ကဲရေးရုံးကနေ လွှတ်လိုက်တဲ့ အင်ပါယာသံတမန်က ကျုပ်တို့ရဲ့နယ်မြေထဲကို ရောက်လာလောက်ပြီ… ဒုစစ်ကဲက အဲဒီအင်ပါယာသံတမန်နဲ့ ရင်ဆိုင်ဖို့ အလုပ်များနေမယ်ထင်တယ်… လောလောဆယ် သူက ဒီအမှုကို ဂရုစိုက်ဖို့ အချိန်ရမှာမဟုတ်ဘူး”
လောရှောင်၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။
ဟဲနျန်က ထပ်ပြောလိုက်သည်။
“အင်ပါယာသံတမန်က ရှီကျိုးကနေထွက်လာပြီးတဲ့နောက် ပျောက်သွားတယ်လို့ ဒုစစ်ကဲရုံးက ကျုပ်ရဲ့အဆက်အသွယ်ဟောင်းတစ်ဦးဆီကနေ သတင်းရထားတယ်… သံတမန်နဲ့ လက်ခံတွေ့ဆုံရမယ့်သူတွေကလည်း ရက်အတန်ကြာအောင် အချည်းနှီးစောင့်နေရတယ်.. သံတမန်က ရုပ်ဖျက်ပြီးတော့ သွားလာစုံစမ်းနေသလားမသိဘူး”
ခဏမျှ ငြိမ်သက်ပြီးနောက် လောရှောင်က ပြောလိုက်သည်။
“အင်ပါယာသံတမန်က ရှီကျိုးကနေလာတာဆိုရင် သူက ထုံထျန်မြစ်ကနေ ဆင်းလာတာဖြစ်လောက်တယ်”
“မှန်ပါတယ်”
ဟဲနျန်က ထောက်ခံလိုက်သည်။
လောရှောင်က အမိန့်ပေးလိုက်၏။
“လူတချို့ ရွေးချယ်ပြီး အရပ်ဝတ်နဲ့ မြို့ထဲမှာ ဖြန့်ကြက်ခိုင်းထားလိုက်… မြို့ထဲမှာ သတင်းအချက်အလက်စုံစမ်းနေတဲ့ မျက်နှာစိမ်းတွေကို သေချာသတိထားပြီး အာရုံစိုက်ခိုင်းထား… တစ်ခုခုထူးခြားရင် ငါ့ကို ပြန်ပြီးတော့ တင်ပြ”
ဟဲနျန်က ခါးသီးစွာ ပြုံးလိုက်သည်။
“ကျုပ်တို့က အင်ပါယာသံတမန်ရဲ့ အရိပ်အယောင်ကို ရှာတွေ့မယ်ဆိုရင်တောင် သူတို့ကို ဘာများလုပ်နိုင်မှာလဲ”
လောရှောင်က သက်ပြင်းချလိုက်သည်။
“ဘာမှမလုပ်ဘဲ နေတာထက်စာရင်တော့ ကောင်းတာပေါ့.. အနည်းဆုံးတော့ ဖြစ်ပျက်နေတဲ့အရာကို ငါတို့သိရမှာပဲ… အဲဒါဆိုရင် အင်ပါယာသံတမန်က ငါတို့ကို အငိုက်ဖမ်းနိုင်မှာမဟုတ်တော့ဘူး”
ဟဲနျန်က နာခံပြီး စီစဉ်စရာရှိသည်များကို စီစဉ်ရန် ထွက်ခွာသွား၏။
လောရှောင်က မတ်တတ်ထရပ်ပြီး သူ့ရုံးခန်း၏ တံခါးဝသို့ လျှောက်သွားသည်။ သူက ထွက်ခွာသွားသော လူအိုကြီး၏ နောက်ကျောကို ကြည့်ပြီးနောက် ကောင်းကင်ကို မော့ကြည့်လိုက်၏။ သူ့ခေါင်းပေါ်မှာ ညိုမှောင်နေသော တိမ်စိုင်များသည် မုန်တိုင်းတစ်ခုကျရောက်လာတော့မည့် လက္ခဏာတစ်ခုဖြစ်သည်။
ရာသီဥတုလိုပင် သူ၏ ရင်ထဲမှာလည်း ရုတ်တရက် လေးလံထိုင်းမှိုင်းလာသည်။
ချီရွှမ်းစုနှင့် ကျန်းယွဲ့လုက စားသောက်ဆိုင်တစ်ဆိုင်သို့သွားပြီး ဒုတိယထပ် ပြတင်းပေါက်နားက စားပွဲကိုတောင်းလိုက်သည်။
ကျန်းယွဲ့လုက သေရည်တစ်အိုးမှာပြီး သူမဘာသာသူမ ငှဲ့နေ၏။ ချီရွှမ်းစုက နစ်နာသူ၏ခေါင်းကိုထုပ်ထားသည့် အထုပ်ကို ဘေးမှာ သာမန်ကာလျှံကာချထားသည့်အချိန်မှာတောင် သူမက ဣန္ဒြေကို ထိန်းထားနိုင်သည်။
သေရည်သောက်ခြင်းက ခန္ဓာကိုယ်ကို ထိခိုက်စေသော်လည်း ကျန်းယွဲ့လု၏ ကျင့်ကြံမှုအဆင့်မှာ ပြဿနာတစ်ခုမဟုတ်တော့ပေ။ ကျန်းယွဲ့လုသည် သေရည်ကို စွဲလမ်းနေသူလည်း မဟုတ်ပေ။ အနည်းဆုံးတော့ ပုံမှန်အချိန်များမှာဆိုလျှင် သူမ သောက်စားနေသည်ကို ချီရွှမ်းစုမတွေ့မြင်ရပေ။ သူမသည် သီးသန့်အချိန်များမှာ သို့မဟုတ် အားလပ်သည့်အချိန်များမှာ အနည်းအကျဉ်းသာ သောက်တတ်သည်။
ချီရွှမ်းစုက သူမနှင့်အတူ လိုက်မသောက်ဘဲ နစ်နာသူ၏ အကြောင်းကို မေးမြန်းစုံစမ်းဖို့လည်း စိတ်အားထက်သန်မှု ရှိမနေပေ။ သူက အခန်းကိုသာ မသိမသာအကဲခတ်ကြည့်နေသည်။
ကျန်းယွဲ့လုက သေရည်ခွက်ကိုချပြီး အသံနှိမ့်ကာမေးလိုက်၏။
“နင် ဆိုင်ပိုင်ရှင်ကို မေးကြည့်ပါလား”
ချီရွှမ်းစုက ခေါင်းခါပြပြီးပြောလိုက်သည်။
“ဒီနေရာက မူမမှန်ဘူး”
“ဘာများဖြစ်လို့လဲ”
ကျန်းယွဲ့လုက မေးလိုက်သည်။
သူမသည် အစစ်အမှန်လောကမှာ ချီရွှမ်းစုလောက် အတွေ့အကြုံမရှိသည်ကို သိထားပြီး ဤနေရာမှာ သူ့စကားကိုနားထောင်လိုသည်။
ချီရွှမ်းစုက ညင်သာစွာပြောလိုက်သည်။
“ပထမထပ် ဧည့်ကြိုတံခါးနားက ထိုင်နေတဲ့လူတွေကို သတိထားမိလား… အဲဒီသူတွေက သာမန်အရပ်ဝတ်ကို ဝတ်ဆင်ထားပေမဲ့… သူတို့က ပခုံးကျယ်တယ်.. ခြေတံရှည်တယ်.. အေးစက်တဲ့ အမူအရာရှိတယ်… တစ်ချက်ကြည့်ရုံနဲ့ သူတို့က ဖီးနစ်စိမ်းတပ်သားတွေဆိုတာ ပြောလို့ရတယ်”
ကျန်းယွဲ့လုမှာ မြင့်မားသော ကျင့်ကြံမှုအဆင့်ရှိသော်လည်း သူမသည် သိသာထင်ရှားသော အကြောင်းအရင်းမရှိဘဲ အစောင့်တချို့ကို အာရုံစိုက်လိမ့်မည်မဟုတ်ပေ။ သူ့စကားကိုကြားရပြီးနောက် သူမက ထိုလူများကို ပြန်လည်မြင်ယောင်ကြည့်လိုက်သည်။
“ဟုတ်သားပဲ… ငါအခုမှတ်မိပြီ… သူတို့တွေက ဖီးနစ်စိမ်းတပ်သားတွေလို့ နင်ဘယ်လိုသိလဲ”
ချီရွှမ်းစုက ဟက်ခနဲရယ်ကာ ပြောလိုက်သည်။
“ငါ အရင်တုန်းက တစ်ယောက်တည်း ခရီးသွားလာခဲ့တုန်းကဆို ဘယ်အာဏာပိုင်အဖွဲ့အစည်းကိုမှ ကိုယ်စားမပြုခဲ့ဘူး… ငါ့အတွက်တော့ ဖီးနစ်စိမ်းတပ်ဖွဲ့က အာဏာပိုင်အဖွဲ့အစည်းပဲ… အဲဒါကြောင့် သူတို့ကို မဆန့်ကျင်မိအောင် သူတို့ကို ခွဲခြားနိုင်မယ့်နည်းလမ်းတစ်ခုကို လိုအပ်ခဲ့တယ်… ဖီးနစ်စိမ်းတပ်ဖွဲ့က အမှုထမ်းရွေးချယ်တဲ့အခါ စံသတ်မှတ်ချက်တစ်ခုရှိတယ်… အလွယ်မှတ်မိအောင်ပြောရရင် ကျားလက်၊ နကျယ်ခါးနဲ့ နှံကောင်ခြေထောက်ပဲ… အဲဒီအချက်အလက်တွေနဲ့ ကိုက်ညီမှုရှိမယ်ဆိုရင် သူတို့တွေက ဖီးနစ်စိမ်းတပ်ဖွဲ့ကဖြစ်ဖို့ သေချာသလောက်နီးပါးပဲ”
ကျန်းယွဲ့လုက ဒွိဟဖြစ်သွားသည်။
“ကျားလက်၊ နကျယ်ခါးနဲ့ နှံကောင်ခြေထောက်ဆိုတာ ဘာကိုဆိုလိုတာလဲ”
ချီရွှမ်းစုက ရှင်းပြလိုက်သည်။
“ကျားလက်ဆိုတာ… သူတို့မှာ ကြီးမားတဲ့လက်တွေနဲ့ သာမန်လူတွေရဲ့ နှစ်ဆနီးပါး ပခုံးအကျယ်ရှိတယ်လို့ ဆိုလိုတာ… သူတို့က ပခုံးမှာကျယ်ပြီး ခါးမှာရှူးသွားတဲ့ပုံက နကျယ်ကောင်နဲ့တူတယ်… သူတို့မှာ နှံကောင်လို ခြေတံရှည်တွေလည်းရှိတယ်… နောက်ပြီး အဲဒီအစောင့်တပ်သားတွေက အဆီတစ်စက်မှမရှိဘဲ ကျစ်ကျစ်လစ်လစ်နဲ့သန်မာကြတယ်”
“အဲဒီလူတွေက ပခုံးကျယ်တယ်၊ ခြေတံရှည်တယ်၊ အေးစက်တဲ့အမူအရာရှိတယ်လို့ နင်ပြောခဲ့တာ ဒါ့ကြောင့်ကိုး… နင်က ဒီပုံစံနဲ့ ဖီးနစ်စိမ်းတပ်သားတွေရဲ့ သရုပ်သကန်ကို ခွဲခြားလိုက်တာပဲ”
ချီရွှမ်းစုက ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်… သူတို့ရှိနေရင် သူတို့က ဘာမှမပြော ဘာမှလုပ်မနေရင်တောင် ဆိုင်ပိုင်ရှင်က ငါတို့ကို ဘာသတင်းအချက်အလက်မှ ပေးရဲမှာမဟုတ်ဘူး”
“အို… ငါအများကြီးသင်ယူရဦးမှာပဲ”
ကျန်းယွဲ့လုက ချီးကျူးလိုစိတ်ဖြင့် ပြောလိုက်သည်။
“နင်က တကယ့်ကို အတွေ့အကြုံရှိတာပဲ”
ချီရွှမ်းစုက လက်ကာပြလိုက်သည်။
“ဒါက ဘာဟုတ်လို့လဲ… ရှေးဟောင်းအင်မော်တယ်တွေနဲ့ပတ်သက်ရင်လည်း ငါဘာမှသိတာမဟုတ်ဘူး.. အဲဒါကြောင့် ငါတို့ တစ်ယောက်ဆီကနေတစ်ယောက် သင်ယူရလိမ့်မယ်”
ကျန်းယွဲ့လုက ပြောလိုက်သည်။
“ဒါဆိုရင်.. သတင်းအချက်အလက်နဲ့ပတ်သက်ပြီး ငါတို့ ဘယ်လိုစုံစမ်းရမလဲ… ဂမ္ဘီရတွက်ချက်မှုရဲ့ ရလဒ်အရဆိုရင် ဒီယီရှန်မြို့မှာ မသန့်ရှင်းတာတစ်ခုခု ရှိနေလောက်တယ်”
ချီရွှမ်းစုက ခရမ်းရောင်နက္ခတ်ဗေဒင်ကနေတစ်ဆင့် မြင်ခဲ့ရသည့် ရှေးဟောင်းအင်မော်တယ်ယုံကြည်သူများကို ပြန်လည်မြင်ယောင်ကြည့်ပြီး စိတ်ထဲမှာလေးလံစွာဖြင့် ပြောလိုက်သည်။
“အဲဒီ လက်ခြောက်ဖက်ရုပ်တုရှေ့မှာ စုစုပေါင်း လူခုနှစ်ယောက်ရှိတယ်… မင်းလက်ထဲကနေ လွတ်မြောက်သွားတဲ့ နတ်ဆရာမက အဲဒီထဲက တစ်ယောက်ပဲ… ဒီတစ်ခေါက် ငါတို့မှာ နှစ်ယောက်တည်း… ငါတို့ဘက်မှာ အာသာလည်းမရှိ.. ကြီးကြပ်ရေးမှူးလင်းချွမ်လည်းမရှိဘူး… ထျန်ကန်းခန်းမက အမှုထမ်း ၄၀ လည်းပါမလာဘူး.. ငါတို့ သူတို့ကို တကယ်ပဲ တားဆီးနိုင်မှာလား”
“ငါ ဟိုနတ်ဆရာမကို ပုံသဏ္ဍာန်မဲ့ စက္ကူမြားနဲ့ ပစ်ခဲ့တယ်… အဲဒါက အင်မော်တယ်တစ်ပိုင်းပစ္စည်းမလို့ သူက အနည်းဆုံး လနဲ့ချီပြီး အနားယူရလိမ့်မယ်… အဲဒါကြောင့် ငါတို့ သူ့ကို ထည့်တွက်စရာမလိုတော့ဘူး… ကျန်တဲ့ လူခြောက်ယောက်က သူနဲ့ ကျင့်ကြံမှုအဆင့် သိပ်မကွာလောက်ဘူး… အဲဒါကြောင့် ငါ့ရဲ့ အင်မော်တယ်တစ်ပိုင်းပစ္စည်းနဲ့ဆိုရင် သူတို့ထဲက နှစ်ယောက်ကို ငါကိုင်တွယ်နိုင်တယ်… နောက်ပြီး ယီရှန်မြို့မှာ ဖီးနစ်စိမ်းတပ်ဖွဲ့ရဲ့ တပ်မှူးရုံးရှိတယ်… မြို့အပြင်ဘက်မှာလည်း တာအိုဘုရားကျောင်းရှိတယ်… ငါတို့ချည်းပဲ တိုက်ခိုက်ရမှာမဟုတ်ဘူး”
ချီရွှမ်းစုက ခဏမျှစဉ်းစားလိုက်သည်။
“ငါတို့ ဘိုးဘေးကျောင်းတော် ဒါမှမဟုတ် ခွန်လွင်တာအိုစံအိမ်ကို သတင်းပေးလို့မရဘူးလား”
“ရတယ်”
“ဒါပေမဲ့ ထည့်ပြီးတော့ စဉ်းစားရမယ့်အချက်တချို့ရှိတယ်”
“ဘာပြဿနာရှိလို့လဲ”
ချီရွှမ်းစုက မေးလိုက်သည်။
ကျန်းယွဲ့လုက သက်ပြင်းချကာ ပြောလိုက်သည်။
“ထည့်ပြီးတော့ စဉ်းစားစရာ အဓိကအချက်သုံးချက်ရှိတယ်… ပထမအချက် ငါတို့က ဒီကိစ္စကို ဘိုးဘေးကျောင်းတော်ဆီ တင်ပြမယ်ဆိုရင် ဆုံးဖြတ်ချက်ချဖို့နဲ့ လူတွေစေလွှတ်တာကို စောင့်ဖို့အတွက် အချိန်တစ်ခုယူရလိမ့်မယ်”
“ဒုတိယအချက်… အဲဒီရှေးဟောင်းအင်မော်တယ်ယုံကြည်သူတွေက သိပ်ပြီးတော့ စဉ်းလဲတယ်… အခြေအနေက မူမမှန်တာကို ရှာတွေ့သွားတာနဲ့ သူတို့က လူစုခွဲပြီး ချက်ချင်းတိမ်းရှောင်သွားကြလိမ့်မယ်… တာအိုဂိုဏ်းတော်က စုံစမ်းစစ်ဆေးဖို့ လူလွှတ်လိုက်မယ်ဆိုရင်တောင် အဲဒီအယူဝါဒမိစ္စာတွေက သူတို့ရဲ့အစီအစဉ်ကို ဟန့်တားနှောင့်ယှက်နိုင်တယ်… ငါတို့က ဘိုးဘေးကျောင်းတော်ကို သတိပေးလိုက်မယ်ထား.. သူတို့က လူတွေထပ်လွှတ်လိုက်ပေမဲ့ ဒီကို ရောက်လာတဲ့အခါမှာ အရာရာတိုင်းက ပုံမှန်အတိုင်း ဖြစ်သွားနိုင်တယ်… အဲဒီအခါ ငါတို့ရှာတွေ့ထားတာကို သက်သေပြဖို့အတွက် အထောက်အထားလည်းရှိမှာမဟုတ်ဘူး”
“အဲလိုဖြစ်လာမယ်ဆိုရင် ငါတို့က သတင်းအမှားပေးသလိုဖြစ်သွားလိမ့်မယ်… ထင်မြင်ယူဆချက်သက်သက်နဲ့ အကြောင်းကြားတဲ့အတွက် ငါက အပြစ်တင်ခံရလိမ့်မယ်… အဲဒါက ငါ့ရဲ့လမ်းကြောင်းမှာ ကြီးမားတဲ့ ခြေလှမ်းအမှားတစ်ခုဖြစ်သွားနိုင်တယ်… ဘိုးဘေးကျောင်းတော်မှာ ငါ့အနေနဲ့ ကိစ္စတွေက ချောချောမွေ့မွေ့ရှိနေတာနဲ့ပဲ… ငါ့မှာ ရန်သူတွေမရှိဘူးလို့ မဆိုလိုဘူး… တစ်ယောက်ယောက်က ငါ့ကို ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် ဒါကို အသုံးချနိုင်တယ်.. ငါက ပြစ်မှုတစ်ခုကိုတောင်မှ ရရှိသွားနိုင်တယ်”
“ဒီအချက်အလက်တွေအရ ငါတို့က ဘိုးဘေးကျောင်းတော်ကို အစီရင်ခံတင်ပြနိုင်တယ်… ဒါပေမဲ့ အဲဒါမတိုင်ခင် လက်ဆုပ်လက်ကိုင် သက်သေအထောက်အထား ငါတို့မှာ ရှိထားရမယ်”
ချီရွှမ်းစုက ဤစကားးကိုကြားသောအခါ အကြုံပြုလိုက်သည်။
“ဒီနေရာမှာ တာအိုဘုရားကျောင်းတစ်ခုရှိတာပဲ… ငါတို့ ဒေသခံတာအိုဘုရားကျောင်းကိုသွားပြီး အကူအညီတောင်းသင့်လား.. သူတို့က မျက်မြင်သက်သေလုပ်ပေးလို့ရတယ်လေ… တာအိုဘုရားကျောင်းက ဒီတာဝန်ကို မယူရဲဘူးဆိုရင်တောင်မှ ငါတို့က အုပ်ချုပ်ရေးရုံးကို သွားလို့ရတယ်”
“ဘာပဲပြောပြော အုပ်ချုပ်ရေးရုံးက မြို့ရဲ့ ဘေးကင်းလုံခြုံရေးကို တာဝန်ယူထားတယ်… ငါတို့က ဒီမြို့ကနေ ထွက်သွားလို့ရတယ်… တာအိုဘုရားကျောင်းကလည်း တာဝန်ကို ရှောင်လွှဲနိုင်တယ်… ဒါပေမဲ့ အုပ်ချုပ်ရေးရုံးကတော့ ရှောင်လို့မရဘူး… သူတို့က ဒီအမှုကို အလေးအနက်ထားရလိမ့်မယ်… ငါတို့ရဲ့ ခန့်မှန်းချက်က မှားနေမယ်ဆိုရင်တောင် ဒေသခံအုပ်ချုပ်ရေးရုံးနဲ့ တာအိုဘုရားကျောင်းက ငါတို့ကို ပြဿနာရှာနိုင်မှာမဟုတ်ဘူး”
ကျန်းယွဲ့လုက သဘောတူလိုက်သည်။
“မျက်မြင်သက်သေရှိတာကောင်းတယ်… ဒါပေမဲ့ ငါတို့က လက်ဆုပ်လက်ကိုင်သက်သေအထောက်အထားလည်းလိုတယ်… အဲဒါကြောင့် နစ်နာသူရဲ့ခေါင်းက အဓိကအချက်ပဲ… သူ့ရဲ့ခန္ဓာက တပ်မှူးရုံးမှာရှိနေတယ်… အဲဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က ဖီးနစ်စိမ်းတပ်ဖွဲ့နဲ့ ရင်ဆိုင်ရတော့မယ်နဲ့တူတယ်”
“မင်းက လက်ထောက်ခန်းမသခင်အနေနဲ့ ရှေ့ထွက်မှာလား… ဒါမှမဟုတ် ငါ… လက်ထောက်ခန်းမသခင်ရဲ့ လူယုံနောက်လိုက်က မင်းကိုယ်စားရှေ့ထွက်ပေးရမှာလား”
ကျန်းယွဲ့လုက သူ့ကို မျက်လုံးစွေကြည့်လိုက်သည်။
“ငါတို့ လူခွဲသွားကြမယ်… နင်က တာအိုဘုရားကျောင်းကိုသွား… ငါက ဖီးနစ်စိမ်းတပ်ဖွဲ့ဆီကိုသွားမယ်… ဘယ်လိုပဲဖြစ်ဖြစ် တာအိုဘုရားကျောင်းက ငါတို့လူပဲ… အဲဒါကြောင့် သူတို့နဲ့စကားပြောရမှာက ပိုလွယ်လိမ့်မယ်”
“ရတယ်လေ”
ချီရွှမ်းစုက သဘောတူလက်ခံလိုက်သည်။
ကျန်းယွဲ့လုက ရုတ်တရက် တစ်စုံတစ်ရာကိုတွေးမိသွားသည်။ သူမက မှော်သိုလှောင်ပစ္စည်းထဲကနေ သူမ၏ တံဆိပ်ပြားကိုထုတ်ယူပြီး စားပွဲပေါ်တင်ကာ ချီရွှမ်းစုရှေ့သို့ တွန်းပေးလိုက်သည်။
“ဒါက ထျန်ကန်းခန်းမက ပေးထားတဲ့ ငါ့ရဲ့တံဆိပ်ပြားပဲ”
တာအိုဆရာများအတွက် သရုပ်သကန်ခွဲခြားမှု နှစ်မျိုးရှီ၏။ တစ်မျိုးက တာအိုဆရာ၏ အဆင့်ကို ဖော်ပြပေးသည့် အသိအမှတ်ပြုလက်မှတ်ဖြစ်ပြီး နောက်တစ်ခုက တရားဝင်ရာထူးကို ဖော်ပြပေးသည့် တံဆိပ်ပြားတစ်ခုဖြစ်သည်။ ကျန်းယွဲ့လု၏ တံဆိပ်ပြားက ရွှေရောင်နှင့် ခရမ်းရောင်ရှိပြီး ခန်းမသခင်များနှင့် တာအိုစံအိမ်သခင်များ၏ ကျောက်စိမ်းဖြူတံဆိပ်ပြားများထက် ပိုမိုနိမ့်ကျသည်။
ချီရွှမ်းစုသည် ချင်းဖျင်အသင်းတော်က ငါးရုပ်အဆောင်၏ အဆင့်လေးမျိုးကို အမှတ်ရသွားသည်။ သူတို့သည် တာအိုဂိုဏ်းတော်က တံဆိပ်ပြားများနှင့် အရောင်အသွေးချင်း အတော်လေးဆင်တူသည်။
ချီရွှမ်းစုက တံဆိပ်ပြားကိုယူပြီး မတ်တတ်ထရပ်ကာ ပြောလိုက်သည်။
“ဒါဆိုရင် မြို့ပြင်ဘက်က တာအိုဘုရားကျောင်းဆီ ငါသွားတော့မယ်”
“ခဏနေဦး..”
ကျန်းယွဲ့လုက နောက်ထပ်အဆောင်ကျည်ဆန်သုံးတောင့်ကို ထုတ်ယူလိုက်၏။
“ဒါက… ငါ့မှာရှိတဲ့ နောက်ဆုံးလက်ကျန် နဂါးမျက်လုံးကျည်ဆန်တွေပဲ… အဲဒါကို ချွေချွေတာတာသုံး။”