လုယွီသည် အလှပြင်ပစ္စည်းရောင်းသည့်ဆိုင်ကနေ ထွက်လာပြီးနောက် မြို့ပြင်ဘက်ရှိ ချင်းပိုင်ဘုရားကျောင်းရှိရာသို့ အေးအေးလူလူလျှောက်လှမ်းသွားသည်။
သူ့စီနီယာအစ်မ သံသယမဝင်စေရန် သူက ဆရာကတော်နှင့် အချိန်လွှဲကာ သွားခြင်းဖြစ်သည်။ သို့သော်လည်း ချင်းပိုင်ဘုရားကျောင်းသို့ သူပြန်ရောက်သည့်အချိန်မှာ သူ့ဆရာကို တွေ့လိုက်ရသည့်အတွက် အံ့အားသင့်သွားသည်။
သူ့ဆရာ ပိုင်ယုံကွမ်းက မထင်မှတ်ထားစွာဖြင့် ပြန်လည်ရောက်ရှိလာပြီး ခန်းမထဲမှာ ထိုင်နေ၏။
လုယွီက စိတ်ထဲမှာ တထင့်ထင့်ဖြစ်နေသော်လည်း ရှေ့သို့တက်လှမ်းကာ သူ့ဆရာကို ရိုသေလေးစားစွာ နှုတ်ဆက်လိုက်သည်။
ပိုင်ယုံကွမ်း၏ မျက်နှာက မှင်သေသေဖြင့်ရှိနေပြီး သူ့ဆရာက ပျော်နေသလား သို့မဟုတ် ဒေါသထွက်နေသလား လုယွီမသိပေ။ ပိုင်ယုံကွမ်းက သူ့ဘေးမှာမတ်တတ်ရပ်နေသော သူ့တပည့်မ ပိုင်ယွဲ့ကိုသာ ခန်းမထဲတွင် ဖယောင်းတိုင်များ ထွန်းခိုင်းလိုက်သည်။
နေ့ခင်းကြောင်တောင်မှာ ဖယောင်းတိုင်များထွန်းဖို့ ဘာ့ကြောင့်လိုအပ်သလဲ လုယွီက စဉ်းစားနေမိသည်။ ထူးဆန်းစွာပင် ပိုင်ယွဲ့က ဖယောင်းတိုင်များထွန်းပြီး သိပ်မကြာခင် အပြင်ဘက်မှာရှိသော ကောင်းကင်က ရုတ်တရက် မည်းမှောင်ကာအုံ့မှိုင်းလာသည်။ နှင်းမုန်တိုင်းတစ်ခု ကျရောက်လာတော့မည့် အရိပ်လက္ခဏာပင်။
ထိုသို့ဖြင့် ဖယောင်းတိုင်ထွန်းလိုက်သည်မှာ အချိန်မီရုံကလေးဖြစ်သည်။
လုယွီက တုန်လှုပ်သွား၏။ ဒါက ဘယ်လိုလျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းရည်မျိုးလဲ။ ဂမ္ဘီရတွက်ချက်မှုလား။
ဤအချိန်မှာ သူ့စီနီယာအစ်မပိုင်ယွဲ့က ညင်သာစွာမေးလိုက်သည်။
“ဂျူနီယာမောင်… နင် ငါမှာတဲ့ ပါးနီဗူး ဝယ်လာခဲ့လား”
“အင်း… ဝယ်ခဲ့တယ်”
လုယွီက သူဝယ်လာသည့် ပါးနီဗူးကို မြန်မြန်ဆန်ဆန်ထုတ်ယူပြီး သူ့စီနီယာအစ်မကို ပေးလိုက်သည်။
ပိုင်ယွဲ့က ထိုပစ္စည်းကိုယူပြီး သူ့ကို ကျေးဇူးတင်စကားပြောလိုက်၏။
လုယွီက လှည့်ပတ်ကြည့်ရှုပြီး အနည်းငယ် မအီမသာခံစားနေရကာ မေးလိုက်သည်။
“ဆရာကတော် ဘယ်မှာလဲ”
ပိုင်ယုံကွမ်းက ဖြေလိုက်သည်။
“ငါ့ဇနီး နေသိပ်မကောင်းလို့ အနားယူနေတယ်”
လုယွီက ရင်ထဲမှာ ရုတ်တရက် နင့်ခနဲဖြစ်သွားသည်။ လွန်ခဲ့သည့် နှစ်နာရီကမှ သူက ဆရာကတော်နှင့် ချစ်ရည်လူးခဲ့ပြီး သူမက နာမကျန်းဖြစ်နေမည်ဆိုလျှင် သူသိရပေလိမ့်မည်။ သူမက ရုတ်တရက်ကြီး ဖျားနာသွားလိမ့်မည်ဟု သူလက်မခံချင်ပေ။
. . . . .
တစ်ချိန်တည်းမှာပင် ချီရွှမ်းစုသည် ယီရှန်မြို့ကနေ ထွက်လာခဲ့ပြီဖြစ်ပြီး ချင်းပိုင်ဘုရားကျောင်းသို့သွားရာ တောင်တက်လမ်းကို ရောက်ရှိလာသည်။
ချီရွှမ်းစုက တောင်တက်လမ်းပေါ် ခြေချလိုက်သည်နှင့် တစ်ခုခု မှားယွင်းနေသလို ခံစားရသည်။ မြို့ပြင်ဘက်မှာရှိသော ကောင်းကင်က ပို၍ တိမ်ထူနေပုံရသည်။ အေးစက်နေသောလေက ဆီးနှင်းပွင့်တချို့နှင့် ရောထွေးနေသည်။ မကြာခင် သည်းထန်သောနှင်းမုန်တိုင်းတစ်ခု ကျရောက်လာတော့မည့် လက္ခဏာဖြစ်သည်။
သူက တောင်တက်လမ်း၏ အဆုံးမှာ လင်းထိန်တောက်ပ၍ မျက်စိစူးစရာကောင်းသော ချင်းပိုင်ဘုရားကျောင်းကို မော့ကြည့်လိုက်၏။
နှင်းမုန်တိုင်းက ဘာ့ကြောင့် ရုတ်တရက် ဖြစ်ပေါ်လာသလဲ ချီရွှမ်းစုမသိသော်လည်း တစ်ခုခု မူမမှန်သည်ကို သူသိနေသည်။ ဤကဲ့သို့ ရာသီဥတုအပြောင်းအလဲမှာ ရှေးဟောင်းအင်မော်တယ်ယုံကြည်သူများ၏ ပယောဂပါဝင်နေနိုင်သည်။ သို့မဟုတ် ယီရှန်မြို့မှာ ရာသီဥတုက ဒီလိုပဲ အပြောင်းအလဲမြန်တတ်သလား။
လောလောဆယ်မှာတော့ ဘုရားကျောင်းမှ တာအိုဆရာများက သူ့ကို အဖြေတစ်ခုပေးနိုင်ဖို့ မျှော်လင့်ပြီး ချီရွှမ်းစုက ချင်းပိုင်ဘုရားကျောင်းသို့သာ ဦးတည်လိုက်လေသည်။
လက်ခြောက်ဘက်အမျိုးသမီးရုပ်တု၏ရှေ့ မြေအောက်ခန်းမတစ်ခုထဲမှာ အနက်ရောင်ခြုံထည်ကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးက လက်ပိုက်ကာ မတ်တတ်ရပ်နေသည်။ သူ့မျက်နှာကို ခေါင်းစွပ်၏ အရိပ်အောက်မှာ ဖုံးကွယ်ထားပြီး ခပ်တိုတိုမုတ်ဆိတ်နှင့် သူ့မေးကိုသာ ထုတ်ဖော်ထားသည်။
လက်ရှိ လူမှုအဖွဲ့အစည်းမှာ မုတ်ဆိတ်သည် လူတစ်ယောက်၏ အသက်အရွယ်ကိုညွှန်ပြသည့် သင်္ကေတတစ်ခုဖြစ်သည်။ များသောအားဖြင့် ယောင်္ကျားများသည် အသက်သုံးဆယ်မတိုင်ခင် မုတ်ဆိတ်မထားတတ်ကြပေ။ အသက်သုံးဆယ်ကို ကျော်လွန်လာပြီးနောက် ယောင်္ကျားအများစုသည် ဖခင်နေရာကို ရောက်ရှိလာပြီဖြစ်သည့်အတွက် မုတ်ဆိတ်ကို စထားလာကြသည်။ များသောအားဖြင့် ခပ်တိုတိုမုတ်ဆိတ်သာဖြစ်သည်။
အသက်ငါးဆယ်ကျော်သည့်အခါ အဆင့်အတန်းတစ်ခုအဖြစ် မုတ်ဆိတ်ကို အရှည်ထားဖို့လိုလာသည်။ မဟုတ်ပါက သူတို့သည် အကြီးအကဲတစ်ယောက်နှင့်မတူသော်ကြောင့် ဂုဏ်ကျက်သရေ လျော့ကျပေလိမ့်မည်။ များသောအားဖြင့် ထိုအသက်အရွယ်မှာရှိသော အမျိုးသားများက မုတ်ဆိတ်ရှည်ကို ထားတတ်ကြသည်။
လက်ရှိ လူမှုအဖွဲ့အစည်း၏ ခေတ်ရေစီးကြောင်းအရ ဤအမျိုးသားသည် အသက်သုံးဆယ်နှင့် ငါးဆယ်ကြားမှာရှိသော သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးဖြစ်လောက်သည်။
လက်ခြောက်ဖက်အမျိုးသမီးရုပ်တုက ပေသုံးဆယ်ကျော်မြင့်ပြီး ရုပ်တု၏အောက်ခြေမှာ ဖယောင်းတိုင်ရာချီကို စက်ဝိုင်းပုံစံထွန်းထားသည်။ ရုပ်တုကို ဖယောင်းတိုင်များဖြင့် ပြုလုပ်ထားသည့် နှင်းဆီပွင့်ကြီးတစ်ပွင့်ပေါ်မှာ တင်ထားသကဲ့သို့ဖြစ်နေသည်။
ရုပ်တု၏ ရှေ့မှာ လူဦးခေါင်းများ ပုံထပ်နေသည့် ယဇ်ပလ္လင်တစ်ခုရှိလေသည်။ ဦးခေါင်းတချို့သည် အရေပြား သို့မဟုတ် အသားများမရှိတော့သည့် အရိုးစုများဖြစ်နေပြီး တချို့ကတော့ မကြာသေးခင်ကမှ သေဆုံးထားပြီး နစ်နာသူ၏ မျက်လုံးများက ပြူးကျယ်နေဆဲဖြစ်သည်။ သူတို့၏ အကြည့်များက ကြောင်တိကြောင်တောင်နှင့် ထိတ်လန့်တကြားအမူအရာများရှိနေသည်။
ဘုန်းကြီးတစ်ပါးသည် အနက်ရောင်ခြုံထည်ကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ်အမျိုးသားကို ကျောပေးကာ ယဇ်ပလ္လင်ရှေ့တွင် ဒူးထောက်နေသည်။ သူ့လက်နှစ်ဖက်ကို အတူတကွ ယှက်ဖြာပြီး သူ့မျက်လုံးများကိုမှိတ်ကာ မန္တန်များကို ရွတ်ဆိုနေသည်။
သက်လတ်ပိုင်းအရွယ်အမျိုးသားက ရုပ်တုကို မော့ကြည့်ပြီး ပြောလိုက်သည်။
“ဖြစ်စဉ်က အတော်လေး ချောချော့မွေ့မွေ့ရှိနေတဲ့ပုံပဲ”
“အနှောင့်အယှက်ရှိနေတယ်”
ဘုန်းကြီးက မတ်တတ်ထရပ်ခြင်း သို့မဟုတ် ပြန်လှည့်ကြည့်ခြင်းမရှိဘဲ ပြောလိုက်သည်။
အနက်ရောင်ခြုံထည်ကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ်အမျိုးသားက သူ့အကြည့်ကိုရုပ်ပြီး အသံနှိမ့်ကာပြောလိုက်သည်။
“အနှောင့်အယှက်လား”
ဘုန်းကြီးက ရှင်းပြလိုက်သည်။
“ငါတို့က မော်တယ်ဘုံရဲ့ ကန့်သတ်မှုတွေကို ချိုးဖျက်ဖို့အတွက် သက်ရှိဝိညာဉ်ပေါင်းများစွာရဲ့ စွမ်းအားကို အသုံးချနိုင်တယ်… ဒါပေမဲ့ ကောင်းကင်ဘုံရဲ့စည်းမျဉ်းစည်းကမ်းတွေက တိကျမှုရှိတယ်… အင်မော်တယ်တွေတောင်မှ အဲဒါကို မဖီဆန်နိုင်ဘူ.. ငါတို့က ကောင်းကင်ဘုံကို လှည့်စားဖို့အတွက် သင့်လျော်တဲ့ ပေါင်းကူးခန္ဓာတစ်ခုလိုအပ်တယ်… အဲဒါက အပြစ်ဒဏ်ကို ရှောင်လွှဲနိုင်လိမ့်မယ်… ငါတို့ ယိုပေါက်တွေကို ကောင်းကောင်းအသုံးချရမယ်”
“ပေါင်းကူးခန္ဓာလား.. ကိစ္စမရှိဘူး”
သက်လတ်ပိုင်းအရွယ်အမျိုးသားက မှင်သေသေဖြင့် ပြောလိုက်သည်။
“ကျုပ်တို့မှာ နတ်ဘုရားစမ်းသပ်မှုအတွက် သူတို့ရဲ့အသက်ကို စွန့်လွှတ်စတေးလိုတဲ့ ယုံကြည်သူတချို့ရှိတယ်”
“အဲဒါက အလုပ်မဖြစ်လောက်ဘူး”
ဘုန်းကြီးက လက်ခြောက်ဖက်အမျိုးသမီးရုပ်တုကို မော့ကြည့်ပြီး ပြောလိုက်သည်။
“ဒီတစ်ခေါက် နတ်ဘုရားစမ်းသပ်မှုက အရင်တုန်းကထက် အများကြီးပိုပြီးအဆင့်မြင့်တယ်.. အဲဒါကြောင့် မကြုံစဖူးထူးခြားတဲ့ နတ်ဘုရားစွမ်းအား ထွက်ပေါ်လာလိမ့်မယ်… အဲဒါကြောင့် ပေါင်းကူးခန္ဓာက အရမ်းကိုသန်မာနေမှရမယ်.. သူက ကောင်းကင်ဘုံသက်ရှိတစ်ဦး ဖြစ်ချင်ဖြစ် မဟုတ်ရင် ထူးခြားတဲ့ကိုယ်ကာယနဲ့ သန်မာတဲ့စိတ်ဓာတ်ရှိတဲ့လူတစ်ယောက်ဖြစ်ရမယ်”
“ထူးခြားတဲ့ ကိုယ်ကာယနဲ့ သန်မာတဲ့စိတ်ဓာတ်လား”
သက်လတ်ပိုင်းအရွယ်အမျိုးသားက တီးတိုးရေရွတ်လိုက်သည်။
“အဲဒီအချက်တွေက တာအိုစိတ်ဝိညာဉ်တပ်သားတွေနဲ့ ကိုက်ညီမှုရှိတယ်… အဲဒီလူအများစုက တာအိုဂိုဏ်းတော်ကို ဝင်ရောက်သွားပြီ… အဲဒါကြောင့် သူတို့နဲ့ တွေ့ရဖို့မလွယ်ဘူး… ဒါပေမဲ့ ကျုပ် အတတ်နိုင်ဆုံးကြိုးစားပြီး ရှာကြည့်ပါဦးမယ်”
အထက်တန်းလွှာအမျိုးသားတစ်ဦးနှင့် စာပေပညာရှင်တစ်ဦးက သက်လတ်ပိုင်းအရွယ်အမျိုးသား၏ နောက်ဘက်မှာ ပေါ်ထွက်လာကြသည်။
သူတို့ကိုကြည့်ပြီး သက်လတ်ပိုင်းအရွယ်အမျိုးသားက သာမန်ကာလျှံကာမေးလိုက်သည်။
“နတ်မိမယ်ရဲ့ဒဏ်ရာ ဘယ်လိုနေလဲ”
အထက်တန်းလွှာအမျိုးသားက ပြန်ပြောလိုက်၏။
“သိပ်တော့မကောင်းဘူး.. သူ့ကိုယ်သူ ကယ်တင်နိုင်ခဲ့ပေမယ့် သူ့ရဲ့အသက်ဓာတ်နဲ့ ချိတ်ဆက်နေတဲ့ နတ်ဘုရားပေးထားတဲ့ ပုတီးလေးကုံးက လုံးဝပျက်စီးသွားတယ်.. သူက အဲဒီမြားချက်ကနေ ဒဏ်ရာအပြင်းအထန်လည်းရထားတယ်… အဲဒါကြောင့် လောလောဆယ်တော့ ဘာမှလုပ်နိုင်မှာမဟုတ်ဘူး”
သက်လတ်ပိုင်းအရွယ်အမျိုးသားက ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် မှတ်ချက်ပေးလိုက်သည်။
“ငါတို့မှာ လူတစ်ယောက်လျော့သွားပြီ… ငါတို့ခြောက်ယောက်ပဲ ကျန်တော့တယ်… အဲဒီတာအိုဆရာနှစ်ယောက်က ဒီတိုင်းဖြတ်သွားဖြတ်လာတွေဖြစ်ပါစေလို့ပဲ မျှော်လင့်ရတယ်”
အထက်တန်းလွှာအမျိုးသားက မေးလိုက်သည်။
“သူတို့က ဖြတ်သွားဖြတ်လာတွေ မဟုတ်ဘူးဆိုရင်ရော…”
သက်လတ်ပိုင်းအရွယ်အမျိုးသားက ထိုမေးခွန်းကိုမဖြေဘဲ ပြန်မေးလိုက်သည်။
“သူတို့အခု ဘယ်ရောက်သွားပြီလဲ”
အထက်တန်းလွှာအမျိုးသားက ပြောလိုက်သည်။
“သူတို့နှစ်ယောက်က လူခွဲသွားကြပြီ.. တစ်ယောက်က မြို့ထဲမှာနေပြီး တပ်မှူးရုံးကိုသွားဖို့ ပြင်နေတယ်… နောက်တစ်ယောက်ကတော့ ချင်းပိုင်ဘုရားကျောင်းကိုသွားတယ်”
သက်လတ်ပိုင်းအရွယ်အမျိုးသားက အမိန့်ပေးလိုက်၏။
“ချင်းပိုင်ဘုရားကျောင်းက တာအိုဆရာနဲ့ ဖီးနစ်စိမ်းတပ်သားကို အခုလောလောဆယ် မဆင်မခြင်မလုပ်ဖို့ ပြောထားလိုက်… သူတို့နှစ်ယောက်ကို လောလောဆယ်စောင့်ကြည့်ထားဦး”
“ကောင်းပါပြီး လူကြီးမင်း”
အထက်တန်းလွှာအမျိုးသားက တုံ့ပြန်ပြောဆိုပြီး လှည့်ထွက်သွားသည်။
………..
ကျန်းယွဲ့လုက တပ်မှူးရုံးကို တစ်ယောက်တည်းသွားသည်။ သူမ၏ သရုပ်သကန်ကို ထုတ်ဖော်ပြသပြီးနောက် သူမက ဖီးနစ်စိမ်းတပ်ဖွဲ့၏ ဒေသခံတပ်မှူးလောရှောင်နှင့် တွေ့ဆုံလိုက်သည်။
ဖီးနစ်စိမ်းတပ်ဖွဲ့သည် တာအိုအဖွဲ့အစည်းနှင့် တစ်ဖွဲ့တည်းမဟုတ်သော်လည်း ကျန်းယွဲ့လု၏ အဆင့်အတန်းသည် ဒုစစ်ကဲတစ်ဦးနှင့်တူညီပြီး လောရှောင်က လေးစားမှုပြရဆဲဖြစ်သည်။
ကျန်းယွဲ့လုက ဝေ့ဝိုက်မနေဘဲ နစ်နာသူ၏ ဦးခေါင်းကိုထုတ်ကာ ရှေးဟောင်းဘုရားကျောင်းမှာ လူဆိုးဓားပြများနှင့်တွေ့ဆုံခဲ့ပုံကို ပြန်ပြောပြလိုက်သည်။ သူမရောက်လာသည့်ရည်ရွယ်ချက်ကိုလည်း ရှင်းပြလိုက်ပြီး ခေါင်းမဲ့အလောင်းကိုကြည့်ရဖို့ တောင်းဆိုလိုက်သည်။
လောရှောင်က ဤစကားကိုကြားသောအခါ မေးလိုက်၏။
“ပညာရှိကျန်း… ဒီအမှုက ရှေးဟောင်းအင်မော်တယ်တွေနဲ့ ပတ်သက်ဆက်စပ်နေမယ်လို့ ခင်ဗျားထင်လား”
ကျန်းယွဲ့လုက အပြင်လူများ၏ ရှေ့မှာ အေးတိအေးစက်နိုင်နေဆဲဖြစ်သည်။
“ထင်ရုံတင်မဟုတ်ဘူး.. သူတို့ဟုတ်တယ်ဆိုတာ ကျွန်မသိတယ်… တပ်မှူးလော… ရှင်ရော လက်မခံဘူးလား”
“ပညာရှိကျန်း… ခင်ဗျားရဲ့အမြင်ကို ကျုပ်လက်ခံတယ်… ရှေးဟောင်းအင်မော်တယ်တွေရဲ့ နောက်လိုက်တွေကပဲ ဒီလိုမျိုး ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူကို လုပ်နိုင်ကြလိမ့်မယ်”
လောရှောင်က သဘောတူစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
လောရှောင်၏ လမ်းပြမှုဖြင့် ကျန်းယွဲ့လုသည် တပ်မှူးရုံး၏ ရင်ခွဲရုံသို့ လိုက်သွားသည်။ လက်ရှိမြင်ကွင်းသည် ခရမ်းရောင်ကြယ်တာရာနက္ခတ်ကနေတစ်ဆင့် ကျန်းယွဲ့လုမြင်ခဲ့ရသည့်ပုံနှင့် အတိအကျတူနေသည်။
ရင်ခွဲရုံထဲမှာ အလောင်းများစွာရှိပြီး အများစုကို အဝတ်ဖြူများဖြင့်အုပ်ထားသည်။ ကြီးမားသည့် သံသေတ္တာသုံးလုံးကို တစ်ခုပေါ်တစ်ခု ဆင့်ထပ်ထားပြီး နံရံဘေးမှာ ဤကဲ့သို့သော အစုအထပ်ဆယ်ပုံကျော်ရှိနေကာ ဘေးချင်းယှဉ်စီချထားသည်။ ဤသံသေတ္တာများသည် မမြှုပ်နှံရသေးသည့် အလောင်းများကို ယာယီသိမ်းဆည်းထားဖို့ အသုံးပြုခြင်းဖြစ်သည်။
ခေါင်းပြတ်အလောင်းသည် ရင်ခွဲရုံ၏ အနက်ရှိုင်းဆုံးအပိုင်းမှာ ရှိလေသည်။ လောရှောင်က ကျန်းယွဲ့လုကို ထိုအလောင်းထံ ခေါ်ဆောင်သွားပြီးနောက် ခဏမျှတုံ့ဆိုင်းနေကာ ပြောလိုက်သည်။
“အလောင်းက သွေးသံရဲရဲဖြစ်နေလိမ့်မယ်… ခင်ဗျား စိတ်ကို ကြိုပြီးတော့ ပြင်ဆင်ထားသင့်တယ်”
“ကိစ္စမရှိဘူး”
ကျန်းယွဲ့လုက ပြောလိုက်သည်။
“ထျန်ကန်းခန်းမမှာ လူသေအလောင်းတွေအများကြီး ငါမြင်ဖူးတယ်”
လောရှောင်က ဘာမှထပ်မပြောတော့ဘဲ အလောင်းကိုဖုံးအုပ်ထားသည့် အဝတ်ဖြူကို လှပ်ပေးလိုက်သည်။
သို့သော်လည်း ကျန်းယွဲ့လုက အမျိုးသမီးတစ်ဦးဖြစ်နေသည့်အတွက် သူက အလောင်း၏ခန္ဓာကိုယ်အပေါ်ပိုင်းကိုသာ လှပ်ပြပြီး အောက်ပိုင်းကိုတော့ အဝတ်ဖြူဖြင့် ဖုံးအုပ်ထားဆဲဖြစ်သည်။
ခေါင်းပြတ်အလောင်း၏ ရင်ဘတ်ကို ခွဲစိတ်ထားသည်။
ကျန်းယွဲ့လုက အလောင်းကို မှင်သေသေဖြင့်ကြည့်နေ၏။ သူမ၏အကြည့်က ကြေမွနေသောနှလုံးပေါ် ရောက်ရှိသွားပြီးနောက် ရုတ်တရက်မေးလိုက်သည်။
“ဘာလို့ အပုပ်နံ့မရတာလဲ… ဒီမှာ အနံ့လုံးဝမထွက်ဘူးပဲ”
“အဲဒါက ဖော်မလင်ရဲ့ အာနိသင်ကြောင့်ပဲ… အဲဒါက အနောက်ဘက် ကုန်းမြေတိုက်ကနေ ဝင်ရောက်လာတဲ့ ပစ္စည်းအသစ်ပါ… အဲဒါကို ရေများများနဲ့ရောပြီးရင် အလောင်းတွေကို ထိန်းသိမ်းထားဖို့အတွက် အသုံးပြုနိုင်တယ်… ဒါပေမဲ့ ပြင်းအားများရင်တော့ အဲဒါက ဒုတ္ထာစိမ်းဆီထက် ပိုပြီးတော့ အဖျက်စွမ်းအားများတယ်”
လောရှောင်က ရှင်းပြလိုက်သည်။
“အရင်တုန်းက ကျုပ်တို့က အလောင်းတွေကို ထိန်းသိမ်းထားဖို့အတွက် ဆားရေတွေနဲ့ ပြဒါးကိုသုံးခဲ့တယ်… ဒါပေမဲ့ အဲဒီနည်းလမ်းနှစ်မျိုးလုံးက အကုန်အကျများတယ်… ဖော်မလင်လောက်လည်း အသုံးမတည့်ဘူး”
ဒုတ္ထာစိမ်းဆီဆိုသည်မှာ တာအိုဂိုဏ်းတော်ကနေ ဆေးလုံးများကိုထုတ်လုပ်သည့်နေရာမှာ ထွက်လာသည့် စွန့်ပစ်အရည်တစ်မျိုးဖြစ်သည်။ ၎င်းမှာ ပြင်းထန်သော တိုက်စားဓာတ်ရှိသည်။ ထိုပစ္စည်းကို အနောက်ဘက်ကုန်းမြေတိုက်က ဆာလဖျူရစ်အက်ဆစ်ဟုလည်းခေါ်သည်။
ကျန်းယွဲ့လုက ခေါင်းညိတ်လိုက်သည်။
“အနောက်ဘက်ကုန်းမြေတိုက်မှာ တကယ်ကို ပစ္စည်းအသစ်အဆန်းတွေအများကြီးရှိနေတာပဲ”
လောရှောင်က ကျန်းယွဲ့လုယူလာသည့် အထုပ်ကိုဖြည်ပြီး မီးသင့်ထားသော ဦးခေါင်းကို ခေါင်းပြတ်အလောင်း၏ ဘေးမှာ ချလိုက်သည်။
ကျန်းယွဲ့လုက အလောင်းကို စစ်ဆေးကြည့်လိုက်၏။
“နှလုံးကိုခြေမွှပြီး ခေါင်းကိုဖြတ်ထားတာက လျှို့ဝှက်အသင်းအဖွဲ့တွေ သက်ရှိဝိညာဉ်ကို သိမ်းယူတဲ့ပုံစံမျိုးပဲ”
လောရှောင်က မေးလိုက်သည်။
“အဲဒါက ဘယ်လိုအဓိပ္ပါယ်လဲ”
သူမက ရှင်းပြလိုက်သည်။
“ခန္ဓာကိုယ်ရဲ့အသက်သွေးကြောက နှလုံးပဲ… နှလုံးက စိတ်ဆန္ဒအတိုင်း ပြုမူဆောင်ရွက်တယ်.. စိတ်ဆန္ဒရဲ့ အရင်းအမြစ်က ဝိညာဉ်ကနေလာတာပဲ… ဝိညာဉ်ရဲ့ ရုပ်ပိုင်းဆိုင်ရာပုံစံက စိတ်ဝိညာဉ်ဖြစ်တယ်… နှလုံးကို ခြေမွှဖျက်ဆီးလိုက်တာက လူတစ်ယောက်ရဲ့ စိတ်ဆန္ဒကို စိတ်ဝိညာဉ်စံအိမ်ဆီ အတင်းအကျပ် တွန်းပို့လိုက်တာနဲ့တူတယ်… ထူးခြားတဲ့နည်းလမ်းတစ်ခုနဲ့ ခေါင်းကိုဖြတ်လိုက်မယ်ဆိုရင် လူတစ်ယောက်ရဲ့ သက်ရှိဝိညာဉ်က အထဲမှာပိတ်မိသွားလိမ့်မယ်… အဲဒီအခါ သက်ရှိဝိညာဉ်ကို ထိန်းသိမ်းဖို့အတွက် ထူးခြားတဲ့ ထည့်စရာဘူးမျိုး မလိုတော့ဘူး”
“အရင်ဆုံး ကျွန်မတို့က ဒါကို လုယက်မှုတစ်ခုလို့ တွေးခဲ့တယ်… အဲဒါကြောင့် သိပ်ပြီးတော့ မစဉ်းစားဘဲ ခေါင်းပြတ်ထဲမှာ သက်ရှိဝိညာဉ်ရှိမရှိ မစစ်ဆေးမိခဲ့ဘူး… ကျွန်မတို့က အယူဝါဒခေါင်းဆောင်တွေနဲ့ ကြုံတွေ့ပြီးတဲ့နောက် နေရာတစ်ခုလုံးက မီးသင့်လောင်ကျွမ်းသွားတဲ့အတွက် နောက်ကျသွားပြီ… အထူးသဖြင့် ခေါင်းက ပုံပျက်ပန်းပျက် လောင်ကျွမ်းသွားတဲ့အတွက် အထဲမှာရှိတဲ့ဝိညာဉ်ကလည်း အလိုလိုပျက်ပြယ်သွားမှာပဲ”
သက်ရှိဝိညာဉ်များနှင့် ရှေးဟောင်းအင်မော်တယ်များဟူသော ဝေါဟာရမှာ ဖီးနစ်စိမ်းတပ်ဖွဲ့သည် ထျန်ကန်းခန်းမလောက် ဗဟုသုတမကြွယ်ပေ။ သူတစ်ချိန်လုံး အကျပ်ရိုက်နေသည့် ပြဿနာကို တာအိုဂိုဏ်းတော်မှလူတစ်ယောက်က အလွယ်တကူဖြေရှင်းလိုက်သည်။
သူက မေးလိုက်သည်။
“ဒါဆိုရင် အဲဒီမိစ္ဆာအုပ်စုက ကြီးကြီးမားမား ကိစ္စတစ်ခုလုပ်ဖို့ ကြံနေတာလား”
ကျန်းယွဲ့လုက မေးလိုက်သည်။
“သေဆုံးသူနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက် ရှင့်မှာရှိလား… သူ့ရဲ့မွေးနေ့ကိုရမယ်ဆိုရင် အကောင်းဆုံးပဲ”
ဤအချိန်မှာ လူတစ်ယောက်က ဝင်ပြောလိုက်သည်။
“ရှိပါတယ်”
ကျန်းယွဲ့လုက လှည့်ကြည့်လိုက်၏။
ဖြည်းဖြည်းချင်းလျှောက်လှမ်းဝင်ရောက်လာသည့် အစိမ်းရောင်ဝတ်စုံနှင့် လူအိုတစ်ယောက်ကို တွေ့မြင်လိုက်ရသည်။
လောရှောင်က သူ့ကို မိတ်ဆက်ပေးလိုက်သည်။
“ပညာရှိကျန်း… ဒါက ဟဲနျန်… သူက ဒီရုံးရဲ့ လက်ထောက်တပ်မှူးပါ… ဒီမှာရှိတဲ့ စာရွက်စာတမ်းကိစ္စတွေအားလုံးကို သူတာဝန်ယူထားတယ်… ဒီအမှုကိုလည်း သူပဲ ကိုင်တွယ်နေတာ”
ဟဲနျန်က ကျန်းယွဲ့လုကို ဦးညွှတ်လိုက်သည်။
“မင်္ဂလာပါ… ပညာရှိကျန်း… ဒီအလောင်းကို ခွဲစိတ်ထားတဲ့သူက ကျုပ်ပါပဲ။”