ချီရွှမ်းစုသည် တောင်တက်လမ်းအတိုင်းတက်ပြီး နောက်ဆုံးမှာ ချင်းပိုင်ဘုရားကျောင်း၏ ဝင်းတံခါးသို့ ရောက်ရှိလာသည်။ သူက ကြီးမားကျယ်ပြန့်သော တာအိုဘုရားကျောင်းကိုကြည့်ပြီး အတော်လေးအထင်ကြီးစရာကောင်းသည်ကို တွေ့လိုက်ရသည်။ သို့သော်လည်း ဤနေရာက တိတ်ဆိတ်ခြောက်ကပ်လွန်းနေသည်။
တာအိုဘုရားကျောင်း၏ တံခါးကိုပိတ်ထားသည့်အတွက် ချီရွှမ်းစုက တံခါးခေါက်လိုက်ရသည်။
အတန်ကြာပြီးနောက် အတွင်းဘက်တံခါးက ဖြည်းဖြည်းချင်းပွင့်ပြီး လူမျက်နှာတစ်ခု ပေါ်ထွက်လာ၏။
ဤလူက တာအိုဆရာတစ်ဦးမဟုတ်ဘဲ တာအိုယုံကြည်သူတစ်ဦးသာဖြစ်သည်။
ချင်းပိုင်ဘုရားကျောင်းသို့ လာရောက်ပူဇော်ပသသည့်သူမရှိသည်မှာ အတန်ကြာခဲ့ပြီဖြစ်သောကြောင့် တာအိုယုံကြည်သူက မေးလိုက်သည်။
“ခင်ဗျား.. ဘယ်သူ့ကို ရှာနေတာလဲ”
ချီရွှမ်းစုက သူ၏ အဆောင်အယောင်ကို ထုတ်ပြပြီး မိတ်ဆက်လိုက်သည်။
“ကျုပ်က ချီရွှမ်းစုပါ… ထျန်ကန်းခန်းမက အဆင့် ၇ တာအိုဆရာတစ်ဦး… ကျုပ် ကျောင်းထိုင်ဆရာနဲ့ တွေ့ချင်တယ်”
တာအိုယုံကြည်သူက မှင်တက်သွားသည်။ ခဏနေပြီးနောက် သူက သတိပြန်ကပ်လာပြီး တံခါးကို အလျင်အမြန်ဖွင့်ကာ ချီရွှမ်းစုကို ဖိတ်ခေါ်လိုက်သည်။ ထို့နောက် သူက ချီရွှမ်းစုကို ဝင်းစောင့်တဲမှာ စောင့်ခိုင်းပြီး ကျောင်းထိုင်ဆရာကိုသွားရှာသည်။
တာအိုဘုရားကျောင်းက ကြီးမားသော ဧရိယာတစ်ခုကို သိမ်းယူထားသည်။ ဘုရားကျောင်း၏ အနောက်ဘက်တစ်ခြမ်းသည် အချိန်အများစုမှာ လူသူကင်းမဲ့နေပြီး အတန်ကြာအောင် စွန့်ပစ်ခံထားရသည်။ ထိုနေရာမှာ ဝက်များမွေးမြူထားသည့် ခြံတစ်ခြံရှိသည်။
ပိုင်ယုံကွမ်းက ဝက်ခြံ၏ အပြင်ဘက်မှာ မတ်တတ်ရပ်ပြီး အစာလုနေသည့် အဖြူရောင်ဝက်ကြီးများကို ငေးကြည့်ကာ သူ့မျက်နှာပေါ်တွင် ကျောချမ်းစရာကောင်းသော အပြုံးတစ်ခုရှိနေသည်။
သူ့ဇနီး လီကျန်းအာက ပိုင်ယုံကွမ်း၏ ဘေးမှာ မတ်တတ်ရပ်နေ၏။ သူမ၏ မျက်နှာက ဖြူဖပ်ဖြူရော်နှင့် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်နေသည်။
ခဏနေပြီးနောက် ညစ်ပေနေသော ရှေ့ဖုံးခါးစည်းကို ဝတ်ဆင်ထားသည့် သားသတ်သမားတစ်ဦးရောက်လာပြီး သူ့လက်ထဲမှာ အရောင်တလက်လက်နှင့် သားသတ်ဓားကို ကိုင်ထားသည်။
သားသတ်သမားက မေးလိုက်သည်။
“ကျောင်းထိုင်ဆရာပိုင်… ခင်ဗျား ဝက်တစ်ကောင် သတ်ပေးစေချင်လို့လား”
“အင်း.. ဟုတ်တယ်”
ပိုင်ယုံကွမ်းက ခေါင်းညိတ်ပြလိုက်သည်။
သားသတ်သမားက ဝက်ခြံထဲက ဝက်များကိုကြည့်ပြီး မေးလိုက်၏။
“ခင်ဗျား… ဘယ်တစ်ကောင်ကို သဘောကျလဲ”
ပိုင်ယုံကွမ်းက ဝက်များကြားမှာ အဖြူဆုံးနှင့် အသန့်ဆုံးဝက်ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။
“အဲဒီတစ်ကောင် မဆိုးဘူး”
လီကျန်းအာက စူးခနဲအော်ပြီး သတိလစ်လုမတတ်ဖြစ်သွားသည်။
သို့သော်လည်း ပိုင်ယုံကွမ်းက ဂရုမစိုက်သည့်ဟန်ဖြင့် ဆက်ရှိနေ၏။
ဤအချင်းအရာကို တွေ့မြင်သောအခါ သားသတ်သမားက တိတ်တဆိတ်အံ့အားသင့်သွားသည်။
‘ဒီဝက်ကို ကျောင်းထိုင်ဆရာကတော်က မွေးထားတာလား… သူက ဘာလို့အဲလောက်ထိ သံယောဇဉ်ကြီးနေတာလဲ။ အမျိုးသမီးတွေက ကြောင်တွေ၊ ခွေးတွေ၊ ငှက်တွေနဲ့ ယုန်တွေကို အလှမွေးတတ်ပေမဲ့ ဝက်မွေးတာကိုတော့ ငါမကြားဖူးဘူး။ အဲဒါက တကယ့်ကိုထူးဆန်းတဲ့ ဝါသနာပဲ။ သူ့ဇနီးမှာ ဒီလိုဝါသနာရှိနေတာကို ကျောင်းထိုင်ဆရာက သဘောမကျလို့ ဒီဝက်ကိုသတ်ဖို့ ဆုံးဖြတ်လိုက်တာများလား။’
သားသတ်သမားက သူ၏ စီကာပတ်ကုံးအတွေးများကို ရပ်တန့်ပြီး သူ့ဓားနှင့်အတူ ဝက်ထံသို့ လျှောက်လှမ်းသွားသည်။ ဝက်က ထိတ်လန့်တကြားဖြင့် နောက်သို့ဆုတ်သွားပြီး ထိုအပြုအမူက လူသားတစ်ယောက်၏ တုံ့ပြန်မှုနှင့် အတော်လေးတူနေသည်။
ဤအချိန်မှာ နောက်ဖေးခြံဝင်း၏ ပိတ်ထားသောတံခါးကို လူတစ်ယောက်က လာခေါက်သည်။
“ဘယ်သူလဲဟေ့”
ပိုင်ယုံကွမ်းက ဟန့်တားနှောက်ယှက်ခံရသည့်အတွက် စိတ်မကြည်သည့်အလား ခပ်မာမာမေးလိုက်သည်။
သားသတ်သမားကလည်း သူ၏ လုပ်လက်စကို ရပ်တန့်လိုက်သည်။
တံခါးအပြင်ဘက်ကနေ ပြန်ဖြေစကားသံ ထွက်ပေါ်လာ၏။
“ကျောင်းထိုင်ဆရာ… ထျန်ကန်းခန်းမက အဆင့် ၇ တာအိုဆရာတစ်ဦးက ကျောင်းထိုင်ဆရာနဲ့ တွေ့ချင်နေတယ်… သူ အခု ဝင်းစောင့်တဲထဲကနေ စောင့်နေပါတယ်”
ပိုင်ယုံကွမ်းက အနည်းငယ်မှင်တက်သွားသည်။
ထျန်ကန်းခန်းမက တာအိုဆရာတစ်ဦးလား။ သူက ခဏမျှငြိမ်သက်ပြီးနောက် အမိန့်ပေးလိုက်သည်။
“သူ့ကို ပင်မခန်းမဆီ ဖိတ်ခေါ်လိုက်… ခဏနေရင် ငါလိုက်ခဲ့မယ်”
တံခါးအပြင််ဘက်က တာအိုယုံကြည်သူက တုံ့ပြန်ပြောဆိုကာ ထွက်ခွာသွားသည်။
ပိုင်ယုံကွမ်းက တင်းမာသောမျက်နှာထားဖြင့် ဝက်ခြံထဲက ဝက်ကို စိုက်ကြည့်နေ၏။ အတန်ကြာပြီးနောက် သူက အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်သည်။
“နေနှင့်ဦး… မင်းအသက်ကို ငါလောလောဆယ်ချမ်းသာပေးထားဦးမယ်”
သားသတ်သမားက ပိုင်ယုံကွမ်းကို လှည့်ကြည့်လိုက်၏။
“ကျောင်းထိုင်ဆရာ… ကျုပ် ဒီဝက်ကို သတ်လိုက်ရမှာလား”
“အခု မသတ်နဲ့ဦး”
ပိုင်ယုံကွမ်းက တစ်ဘက်သို့လှည့်ပြီး နောက်ဘေးခြံဝင်းထဲကနေ ထွက်ခွာသွားသည်။
လီကျန်းအာက စိတ်သက်သာစွာ သက်ပြင်းရှည်တစ်ချက်ထုတ်ပြီး သူမ၏ရင်ဘတ်ကို လက်ဖြင့်ဖိလိုက်သည်။ သတ်ဖြတ်ခံရလုနီးပါး အဖြူရောင်ဝက်ကြီးကလည်း ရုတ်တရက် မြေပြင်ပေါ်ကို ဖင်ထိုင်လျက် လဲကျသွားသည်။
ဖြစ်ပျက်နေသောအရာမှာ သားသတ်သမားကသာ တွေဝေရှုပ်ထွေးနေမိ၏။
ပိုင်ယုံကွမ်းက အပြုံးနှင့်အတူ ပင်မခန်းမထဲသို့ ဝင်ရောက်လာသည်။
“အမှုဆောင်ချီ… တွေ့ရတာ ဝမ်းသာတယ်ကွာ… ငါက ပိုင်ယုံကွမ်းပါ”
ပိုင်ယုံကွမ်းက ထုံးတမ်းစဉ်လာ အဆင့် ၄ ကျိကျိုးတာအိုအကြီးအကဲတစ်ဦး၏ ပုံစံ ဝတ်ဆင်ထားသည့်အတွက် ချီရွှမ်းစုက အံ့အားသင့်သွားသည်။ သူက ထုံထမ်စဉ်လာအတိုင်း ခပ်မြန်မြန်ပြုမူကာ နှုတ်ဆက်လိုက်သည်။
“ပညာရှိပိုင်… အခုလိုတွေ့ရတာ ဝမ်းသာပါတယ်”
“ပညာရှိတဲ့လား… ငါက ဒီတောင်ပေါ်မှာ နေထိုင်တဲ့ အားအားယားယားလူတစ်ယောက်ပါပဲ”
ပိုင်ယုံကွမ်းက လက်ကာပြလိုက်သည်။
“ညီကိုချီ… ထျန်ကန်းခန်းမမှာ မင်း ဘယ်နေရာကိုယူထားလဲ”
“ကျုပ်က အမှုဆောင်တစ်ဦးပါ”
ချီရွှမ်းစုက ပြန်ဖြေလိုက်သည်။
ပိုင်ယုံကွမ်းက ခေါင်းညိတ်လိုက်၏။
“ကဲပါ… အမှုဆောင်ချီ… ကျေးဇူးပြုပြီးထိုင်ပါဦး… စကားပြောကြတာပေါ့”
ကျောင်းထိုင်ဆရာက အရင်ထိုင်လိုက်သည်။
တာအိုဂိုဏ်းတော်မှာ အတိအလင်းထုတ်ဖော်မထားသည့် သတ်မှတ်ချက်တစ်ခုရှိသည်။ တစ်ယောက်ယောက်က မြင့်မားသောအဆင့်နှင့် နိမ့်ကျသောရာထူးရှိနေမည်ဆိုလျှင် သူတို့ကို သူတို့၏ အဆင့်အတိုင်း ခေါ်ဝေါ်သင့်သည်။ ထို့ကြောင့် ချီရွှမ်းစုက ပိုင်ယုံကွမ်းကို ပညာရှိဟု ခေါ်ဆိုခြင်းဖြစ်သည်။
တစ်ယောက်ယောက်က အဆင့်နိမ့်ပြီး မြင့်မားသောရာထူးရှိနေမည်ဆိုလျှင် သူတို့၏ ရာထူးအပေါ်အခြေခံ၍ ခေါ်ဝေါ်ရသည်။ ထို့ကြောင့် ပိုင်ယုံကွမ်းက သူ့ကို အမှုဆောင်ချီဟု ခေါ်ဆိုခြင်းဖြစ်သည်။
ချီရွှမ်းစုကလည်းထိုင်ပြီး လိုရင်းကိုတန်းပြောလိုက်သည်။
“အမှန်တိုင်းပြောရရင် ကျုပ် ဒီကိုလာတာ အကူအညီတောင်းဖို့ပဲ”
“ဘာပြဿနာ ဖြစ်လို့လဲ”
ပိုင်ယုံကွမ်းက အံ့အားသင့်သွားသည့်ပုံပေါ်သည်။
“ငါမင်းကို ပွင့်ပွင့်လင်းလင်းပဲ ပြောပြမယ်.. ငါက တောင်တန်းတွေကြားမှာ လှည့်လည်သွားလာရတာ သဘောကျတဲ့လူပဲ… ငါက ဒီနေရာမှာ သိပ်နေလေ့မရှိဘူး… ချင်းပိုင်ဘုရားကျောင်းကို ငါဒီနေ့မှပဲပြန်ရောက်လာတာ… အဲဒါကြောင့် မကြာသေးခင်က အခြေအနေတွေနဲ့ပတ်သက်ပြီး ငါ သိပ်မသိဘူး”
ချီရွှမ်းစုက ခရမ်းရောင်နက္ခတ်ဗေဒင်ကိုသုံးပြီး ကျန်းယွဲ့လု ဂမ္ဘီရဗေဒင်တွက်ချက်ခဲ့သည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ ဦးခေါင်းပြတ်နှင့် ရှေးဟောင်းဘုရားကျောင်းမှာ ဖြစ်ပျက်ခဲ့ပုံကိုသာ အတိုချုံးပြောပြလိုက်သည်။
“ဒီလိုကိစ္စက… ဘာလို့ဖြစ်လာရတာလဲ”
ဤစကားကိုကြားပြီးနောက် ပိုင်ယုံကွမ်းက စစချင်း မခံမရပ်နိုင်ဖြစ်နေသည့်ပုံပေါ်သည်။ ထို့နောက် သူက နှုတ်ဆိတ်သွားသည်။
ခဏနေပြီးနောက် ပိုင်ယုံကွမ်းက နောက်ဆုံးမှာ စကားပြောလိုက်သည်။
“ငါက တာအိုဂိုဏ်းတော်က လူဆိုမှတော့ ရှေ့ထွက်ပြီးတော့ ကူညီပေးသင့်တယ်… ဒါပေမဲ့ အယူဝါဒမိစ္ဆာတွေကို ဖမ်းဆီးတာက ငါတာဝန်ယူထားတဲ့ထဲမှာ မပါဘူး”
သူက ဩဇာအာဏာမရှိသည့် နိမ့်ကျသော အဆင့် ၇ တာအိုဆရာတစ်ဦးဖြစ်သောကြောင့်သာ ကျောင်းထိုင်ဆရာပိုင်က ဤစကားကိုပြောခြင်းဖြစ်သည်ကို ချီရွှမ်းစုသိထားသည်။ ထို့ကြောင့် သူက ကျန်းယွဲ့လု၏ တံဆိပ်ပြားကိုထုတ်ပြပြီး ပြောလိုက်၏။
“ပညာရှိပိုင်… ကျုပ်က လက်ထောက်ခန်းမသခင်ရဲ့ အမိန့်အောက်ကနေ လှုပ်ရှားနေတဲ့သူပါ… ကျုပ်တို့အတွက် ခင်ဗျား ခြွင်းချက်တစ်ခုပေးဖို့ မျှော်လင့်တယ်”
ပိုင်ယုံကွမ်းက ချီရွှမ်းစုလက်ထဲက တံဆိပ်ပြားကိုကြည့်ပြီး သူ၏မျက်လုံးက အနည်းငယ်အရောင်ပြောင်းသွားသည်။
……
ထုံထျန်မြစ်မှာ ရေများက တဖြည်းဖြည်းတည်ငြိမ်သွားသည်။ အပေါ်ယံမှာ ကျိုးပဲ့နေသည့် ရေခဲအချပ်များစွာ ရှိနေဆဲပင်။
ရုတ်တရက် လက်တစ်ဖက်က တည်ငြိမ်သောရေမျက်နှာပြင်ကနေ ထွက်ပေါ်လာပြီး ရေများကို ဖိတ်စင်ပြန့်ကျဲသွားစေသည်။ ထို့နောက် လက်က ကြီးမားသော ရေခဲချပ်ကြီးတစ်ချပ်၏ ထောင့်စွန်းကို ဖမ်းဆွဲပြီး မြစ်ထဲကနေ ထွက်လာ၏။
ဤလူက ရေများရွှဲစိုနေပြီး သူ၏ဆံပင်များက ဖိုသီဖတ်သီဖြစ်နေသည်။ သူသည် စောစောက ထုံထျန်မြစ်တွင် မှောက်ခဲ့သောလှေမှာ ပါဝင်ခဲ့သည့် ဖီးနစ်စိမ်းတပ်ဖွဲ့၏ အဆင့်မြင့်အရာရှိတစ်ဦးဖြစ်သည်။
ဖီးနစ်စိမ်းတပ်ဖွဲ့၏ ရာထူးဂုဏ်သိမ်အဆင့်ဆင့်မှာ အမြင့်မားဆုံး ဩဇာအာဏာကို ကိုင်ဆွဲထားသည့် ပကတိ တတိယအဆင့် အရှင်စစ်သေနာပတိတစ်ဦး၊ မြောက်ပိုင်းစစ်ဘက်ကွပ်ကဲရေးရုံးနှင့် တောင်ပိုင်းစစ်ဘက်ကွပ်ကွဲရေးရုံးကို တာဝန်ယူထားသည့် ကနဦး တတိယအဆင့် ဒုစစ်သေနာပတိနှစ်ဦး၊ အရှင်စစ်သေနာပတိ၏ လက်အောက်မှာ အကူလက်ထောက်အဖြစ် တိုက်ရိုက်တာဝန်ထမ်းဆောင်နေသည့် ပကတိအဆင့်-၄ တပ်ရေးဗိုလ်ကြီးနှစ်ဦးနှင့် ဒုစစ်သေပတိများ၏ လက်အောက်မှာ အကူလက်ထောက်အဖြစ် တိုက်ရိုက်ထမ်းဆောင်နေသည့် ကနဦး အဆင့်-၄ ကွပ်ကဲရေးဗိုလ်မှူးတချို့ရှိလေသည်။
ကွပ်ကဲရေးဗိုလ်မှူးက ကနဦးအဆင့်-၄ ဖြစ်ပြီး ဒုစစ်ကဲက ပကတိအဆင့်-၅ ဖြစ်သော်လည်း ဖီးနစ်စိမ်းတပ်ဖွဲ့အတွင်း သူတို့၏ အဆင့်အတန်းများက တူညီသလောက်နီးပါးဖြစ်သည်။
တကယ်တော့ သူတို့၏ ရာထူးအာဏာချိန်ခွင်လျှာသည် ဧကရာဇ်၏ မျက်နှာပေးမှုပေါ် မူတည်၍ အပြောင်းအလဲရှိတတ်သည်။ လက်ရှိ ဖီးနစ်စိမ်းတပ်ဖွဲ့၏ အရှင်စစ်သေနာပတိသည် ဧကရာဇ်၏ အလွန်အမင်းယုံကြည်ကိုးစားမှုကို ရရှိထားသောကြောင့် အမြင့်မားဆုံးဩဇာအာဏာကို ကိုင်ဆွဲထားပြီး သူ့စစ်သေနာပတိနှစ်ဦးက သူ့အမိန့်ကို မလွန်ဆန်ရဲပေ။ ထို့ကြောင့် သာမန်အခြေအနေတွင် ကွပ်ကဲရေးဗိုလ်မှူးများ၏ အဆင့်အတန့်မှာ အလိုအလျောက် နိမ့်ကျနေတတ်သည်။ သို့သော်လည်း ယခုကဲ့သို့ ဧကရာဇ်ကိုယ်တိုင်စေလွှတ်လိုက်သည့် သံတမန်ဖြစ်လာမည်ဆိုလျှင်မူ အခြေအနေက တစ်နည်းတစ်ဖုံပြောင်းလဲသွားပေလိမ့်မည်။
ရေများစိုရွှဲနေသည့်အမျိုးသားသည် တောင်ပိုင်းစစ်ဘက်ကွပ်ကဲရေးရုံး၏ ကွပ်ကဲရေးဗိုလ်မှူးတစ်ဦးဖြစ်သည်။ သူ့နာမည်က ဝမ်ကျိချန်ဖြစ်သည်။ သူသည် နေရာအနှံ့အပြားမှာရှိနေသော ဖီးနစ်စိမ်းတပ်သားများကို စောင့်ကြည့်ရန် ဒုစစ်သေနာပတိ၏ အမိန့်အောက်မှာ ရှိနေသူဖြစ်သည်။ သို့သော်လည်း သူက ဤနေရာမှာ ချောင်းမြောင်းတိုက်ခိုက်ခံရလိမ့်မည်ဟု ထင်မှတ်မထားပေ။
ဝမ်ကျိချန်က ကမ်းခြေသို့ ကူးခတ်လာစဉ် မြစ်ထဲမှာ ရေလှိုင်းဂယက်များ ဖြာထွက်သွားသည်။
ဤအချိန်မှာ ကမ်းခြေတွင် လူများစွာပေါ်ထွက်လာကြသည်။ သူတို့ထဲမှတချို့သည် စိတ်ဝိညာဉ်ရုပ်တုကို ဆင့်ခေါ်ရန် ဝင်္ကပါတစ်ခုကို စုဖွဲ့ထားကြပြီဖြစ်သည်။ စိတ်ဝိညာဉ်ရုပ်တုနယ်ပယ်ကို မရောက်ရှိသေးသည့်သူများက စိတ်ဝိညာဉ်ရုပ်တုများကို မဆင့်ခေါ်နိုင်သော်လည်း သူတို့၏ ဘေးပတ်လည်မှာ လုံလောက်သည့် ဂမ္ဘီရစွမ်းအားရှိနေဆဲဖြစ်သည်။
ဝမ်ကျိချန်က ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။
“စိတ်ဝိညာဉ်ရုပ်တုနယ်ပယ်က ယွီရှုအဆင့် နတ်ဆရာသုံးဦး.. မင်းတို့တွေ တကယ်ပဲ ငါ့ကို အထင်ကြီးနေကြတာပဲ”
ပရိယာယ်၊ အချိန်အခါ၊ နေရာဒေသနှင့် ပြင်ပပစ္စည်းများကို လျစ်လျူရှုထားပြီး လူတစ်ယောက်၏ ကျင့်ကြံမှုအဆင့်နှင့် နှိုင်းယှဉ်မည်ဆိုလျှင် ယွီရှုအဆင့်မှာရှိသာ လူသုံးဦးက ကွေ့ကျန်းအဆင့်မှာရှိသော လူတစ်ဦးကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည်ဟူသော ယေဘုယျသတ်မှတ်ချက်တစ်ခုရှိသည်။ ထို့ကြောင့် ယွီရှုအဆင့်မှာရှိသော လူလေးဦးက ကွေ့ကျန်းအဆင့်မှာရှိသောလူတစ်ယောက်ကို အနိုင်ယူဖို့ ဖြစ်နိုင်ခြေများသည်။ ယွီရှုအဆင့်မှာရှိသော လူငါးယောက်က ကွေ့ကျန်းအဆင့်မှာရှိသော လူတစ်ယောက်ကို သတ်ဖြတ်နိုင်ဖို့ သေချာသလောက်နီးပါးပင်။
ယခုအချိန်မှာ ယွီရှုအဆင့် နတ်ဆရာသုံးဦးအပြင် ဂုဏ်ရည်ဆင့်ခေါ်နယ်ပယ် ခွန်လွင်အဆင့် နတ်ဆရာခြောက်ဦးလည်း ရှိနေကြသည်။
ဂုဏ်ရည်ဆင့်ခေါ်နယ်ပယ်မှာ နတ်ဆရာတစ်ဦး၏ ခန္ဓာကိုယ်သည် တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိလာသည်။ သူတို့သည် စိတ်ဝိညာဉ်ရုပ်တုများကို မဆင့်ခေါ်နိုင်သော်လည်း ကန့်သတ်ထားသော အချိန်တစ်ခုအတွင်း သူတို့၏ ခန္ဓာကိုယ်ထဲသို့ ဂမ္ဘီရစွမ်းအားကို ဝင်ရောက်စေနိုင်သည်။ ဤအချိန်တိုအတွင်းမှာ သူတို့၏ ခန္ဓာကိုယ်များက သန်မာလာပြီး အဆင့်တူချင်းမှာရှိသော ကိုယ်ခံပညာသိုင်းသမားများထက်ပင် ပိုမိုကြံ့ခိုင်သည်။
သို့သော်လည်း စိတ်ဝိညာဉ်ရုပ်တုနယ်ပယ်ကဲ့သို့ပင် ဤဂမ္ဘီရစွမ်းအားကို သိပ်ကြာကြာထိန်းထားဖို့က မလွယ်ကူပေ။ ထို့ကြောင့် ဂမ္ဘီရစွမ်းအားမရှိတော့သည့်အခါ သူတို့၏ ခန္ဓာကိုယ်များက ကြံ့ခိုင်မှုလျော့ကျသွားပြီး ကိုယ်ခံပညာသိုင်းသမားမျာကို မည်သို့မျှ ယှဉ်နိုင်တော့မည် မဟုတ်ပေ။
ဤခွန်လွင်အဆင့် နတ်ဆရာများသည် ဂမ္ဘီရစွမ်းအားများကို ဆင့်ခေါ်ကာ အဖွဲ့များခွဲထားကြပြီဖြစ်သည်။ စိတ်ဝိညာဉ်ရုပ်တုနယ်ပယ်မှာရှိသော နတ်ဆရာတချို့က အစုအဖွဲ့၏ အလယ်မှာရှိနေကြသည်။
ဝမ်ကျိချန်က အန္တရယ်အလွန်များသောအခြေအနေကို ရောက်ရှိနေလေပြီ။
ဖီးနစ်စိမ်းတပ်ဖွဲ့၏ ရာထူးများသည် အခြားသောအဖွဲ့အစည်းများနှင့် မတူပေ။ သူတို့၏ ရာထူးများသည် သူတို့၏ ကျင့်ကြံမှုအဆင့်နှင့် တိုက်ရိုက်နီးပါး အချိုးကျနေသည်။ မည်သည့်ရာထူးကို ရယူထားသည်ဖြစ်စေ ဖီးနစ်စိမ်းတပ်ဖွဲ့၏ အဖွဲ့ဝင်များအားလုံးမှာ သတ်မှတ်ထားသော ကျင့်ကြံမှုအဆင့်တစ်ခုစီရှိရသည်။ သူတို့၏ ကျင့်ကြံမှုအဆင့်က ပိုမိုမြင့်မားလေ သူတို့၏ အုပ်ချပ်ရေးပိုင်းရာထူးက ပို၍မြင့်မားလေဖြစ်သည်။ လူတစ်ယောက်က လက်အောက်ငယ်သားများကို ကိုင်တွယ်ထိန်းချုပ်ရာမှာမတော်လျှင် သို့မဟုတ် မြင့်မားသော ရာထူးကို ရယူထားဖို့ လုံလောက်သည့်အရည်အချင်းမရှိလျှင်ပင် ထိုသူကို အတုအယောင်ဘွဲ့တစ်ခု ပေးထားရဆဲဖြစ်သည်။ ဤသည်မှာ အရင်တုန်းက ဧကရာဇ်ထိုက်ကျုံးချမှတ်ခဲ့သည့် စည်းမျဉ်းဖြစ်သည်။
ဒါ့အပြင် ဖီးနစ်စိမ်းတပ်သားများကို ရက်စက်ကြမ်းတမ်းဖို့နှင့် လက်ဗလာနှင့်တိုက်ခိုက်ခြင်း၊ သေနတ်နှင့် အခြားသောလက်နက်များကို ကိုင်တွယ်အသုံးပြုခြင်းမှာ ကျွမ်းကျင်အောင် လေ့ကျင့်ပေးထားသည်။ ဖီးနစ်စိမ်းတပ်သားတစ်ဦးနှင့် သူ၏ ပြိုင်ဘက်မှာ တူညီသောကျင့်ကြံမှုအဆင့် ရှိနေမည်ဆိုလျှင် သူတို့တိုက်ခိုက်ကြသည့်အခါ ဖီးနစ်စိမ်းတပ်သားသည် သူ့ပြိုင်ဘက်မသေမချင်း နောက်ဆုတ်လိမ့်မည်မဟုတ်ပေ။
ဝမ်ကျိချန်သည် သူ၏ ကျင့်ကြံမှုအဆင့်ကို အခြေခံ၍ ရာထူးတိုးမြှင့်ပေးခြင်းမခံရဘဲ အသင်းအဖွဲ့တစ်ခုကို ဦးဆောင်ရာမှာလည်း မတော်သော်လည်း သူက တိုက်ခိုက်ရေးသမားကောင်းတစ်ဦးဖြစ်နေဆဲပင်။ သူသည် ဂမ္ဘီရချီနယ်ပယ်မှာရှိသော ကွေ့ကျန်းအဆင့် ချီသန့်စင်သူတစ်ဦးဖြစ်သည်။
“သူ့ကိုသတ်ကြ”
ဦးဆောင်လာသော နတ်ဆရာက အမိန့်ပေးလိုက်သည်။
ဝမ်ကျိချန်က အံ့အားသင့်သွားသော်လည်း သူက ထိတ်ထိတ်ပျာပျာဖြစ်မသွားပေ။ သူက ဂုဏ်ရည်ဆင့်ခေါ်နယ်ပယ်မှာရှိသော နတ်ဆရာတစ်ဦး၏ ရင်ဘတ်ကို ပစ်ရိုက်ချလိုက်ပြီး ထိုသူ၏ ရင်ဘတ်တွင် သိသာထင်ရှားသော အနက်ရောင်လက်ဝါးရာတစ်ခု ကျန်ရစ်ခဲ့သည်။ ဤသည်မှာ ဖီးနစ်စိမ်းတပ်ဖွဲ့၏ မဟူရာနတ်ဆိုးလက်ဝါးဖြစ်ပြီး အဆိပ်ဓာတ် ပြင်းထန်စွာ ပါဝင်လေသည်။
၎င်းသည် ပြိုင်ဘက်ကို နေရာမှာတင် သတ်ဖြတ်နိုင် သို့မဟုတ် နှလုံးကို အဆိပ်မိစေနိုင်သည်။
နတ်ဆရာက ဒယီးဒယိုင်ဆုတ်ခွာသွားပြီး သူ့မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။
အခြားသော ယွီရှုအဆင့် နတ်ဆရာနှစ်ဦးက အခွင့်အလမ်းကိုချိန်ဆပြီး သူတို့၏ စိတ်ဝိညာဉ်ရုပ်တုများနှင့်အတူ ဝမ်ကျိချန်ကို တိုက်ခိုက်လာသည်။ ဝမ်ကျိချန်က ရှောင်တိမ်းခြင်းမရှိဘဲ နတ်ဆရာနှစ်ဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ ထိုသို့ဆိုလျှင်တောင် သူက ထိခိုက်ဒဏ်ရာ မရရှိချေ။
အနီးကပ်ကြည့်မည်ဆိုလျှင် ဝမ်ကျိချန်သည် သူ၏ အဝတ်အစားများအောက်မှာ စက္ကူချပ်ဝတ်တန်ဆာတစ်ခုကို ဝတ်ဆင်ထားသည်ကို တွေ့ရပေမည်။ ၎င်းသည် သာမန်စစ်သည်များ အသုံးပြုနိုင်သည့် ချပ်ဝတ်တန်ဆာမဟုတ်ပေ။ ၎င်းသည် အဆောင်စက္ကူဖြင့် ပြုလုပ်ထားသည့် ချပ်ဝတ်တန်ဆာဖြစ်ပြီး ခန္ဓာကိုယ်နှင့်ကိုက်ညီသော အရွယ်အစားအဖြစ် အပြည့်အဝပြောင်းလဲနိုင်သည်။ ဤချပ်ဝတ်တန်ဆာသည် မှော်အဆောင်ချပ်ဝတ်ဟုလည်း ကျော်ကြားသည်။
မှော်အဆောင်ချပ်ဝတ်သည် သာမန် သတ္တုချပ်ဝတ်တန်ဆာများထက် ပိုမိုမာကျောရုံသာမက ၎င်းသည် ချီကိုလည်း ခံနိုင်ရည်ရှိသည်။ အဆောင်စက္ကူက ပျက်စီးမသွားသရွေ့ အဆောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့်သူက ထိခိုက်ဒဏ်ရာရရှိလိမ့်မည်မဟုတ်ပေ။ ၎င်းကို အဆင့်မြင့်စိတ်ဝိညာဉ်ပစ္စည်းတစ်ခုဟု ဆိုနိုင်သည်။
ဝမ်ကျိချန်က သူ့လက်နှစ်ဖက်ကို ရှေ့သို့ပစ်တွန်းပြီး နတ်ဆရာနှစ်ဦးကို စင်ထွက်သွားစေသည်။
တစ်ချိန်တည်းမှာပင် ခွန်လွင်အဆင့် နတ်ဆရာလေးဦးက မန္တန်တချို့ကို တတွတ်တွတ်ရွတ်ဆိုနေကြသည်။ သူတို့သည် သေရမည်ကို မကြောက်ရွံ့သော ကြမ်းကြုတ်ခက်ထန်သည့် စစ်သည်တော်များကဲ့သို့ ဝမ်ကျိချန်ကို ဆက်လက်၍ ဝိုင်းပတ်ပိတ်ဆို့နေကြသည်။
ဝမ်ကျိချန်က ရှေ့သို့ခြေတစ်လှမ်းယူပြီး သူ၏ လက်သီးကိုဆုပ်ကာ နတ်ဆရာတစ်ဦး၏ နှလုံးကို ပစ်ထိုးလိုက်သည်။ အရိုးများကျိုးသံ ထွက်ပေါ်လာခြင်းအပြင် ထိုနတ်ဆရာ၏ နောက်ကျောဘက်မှာ လက်သီးပုံစံ အဖုအဖောင်းတစ်ခု ပြူထွက်လာသည်။
ဝမ်ကျိချန်က သူ့လက်သီးမှာ ချိတ်နေသောအလောင်းကို လွှဲထုတ်ပစ်ပြီး သူ၏ နောက်ဘက်ကနေ ချောင်းမြောင်းတိုက်ခိုက်ဖို့ကြိုးစားနေသည့် နောက်ထပ်နတ်ဆရာတစ်ဦး၏ မေးကို တံတောင်ဖြင့် ပင့်ရိုက်လိုက်သည်။ နတ်ဆရာ၏ မေးရိုးက တံတောင်ရိုက်ချက်ဖြင့် ကျိုးသွားပြီး သူ့လျှာကိုယ်သူကိုက်မိကာ ပါးစပ်အပြည့်သွေးများဖြင့် သေဆုံးသွားသည်။