ကျန်းယွဲ့လုသည် ဟဲနန်ထံမှ စာတွဲကိုယူပြီး သာမန်ကာလျှံကာဖွင့်ကြည့်လိုက်သည်။
သေဆုံးသူ၏ အမည်က ကျောင်းတာယန်ဖြစ်ပြီး လူသိများသည့် ဒေသခံအထက်တန်းလွှာလူတန်းစားတစ်ဦးဖြစ်သည်။ သူက သေဆုံးသွားပြီဖြစ်သောကြောင့် သူ့မိသားစုက သူ၏မွေးနေ့ကို ဖုံးကွယ်မထားတော့ပေ။
ကျောင်းတာယန်သည် တစ်ယောက်တည်း သေဆုံးဖို့နှင့် နီးစပ်သူများထံ ကပ်ဘေးများယူဆောင်လာဖို့ ကံပါလာခဲ့ပြီးသားဖြစ်သည်။ သူ့ကံကြမ္မာအရ သူ့ဇနီး၊ ကလေးများ၊ မိတ်ဆွေများနှင့် ဆွေမျိုးများအတွက် ကံဆိုးမိုးမှောင်ကျစေမည့်သူဖြစ်သည်။ သူ၏အိမ်ထောင်ရေးက ကြမ်းတမ်းပြီး နောက်ဆုံးနှစ်များမှာ ဝမ်းနည်းစရာကောင်းသောဘဝတစ်ခုကို ရရှိလိမ့်မည်ဟု ဆိုသည်။ အစောပိုင်းနှစ်များမှာ သူ့မိသားစုက ချမ်းသာကြွယ်ဝသော်လည်း သူ သက်လတ်ပိုင်းအရွယ်မှာ သူ၏မြေကွက်ကို ရောင်းချရပေလိမ့်မည်။ သူ့သားနှင့် သူ့ဇနီးက သေဆုံးရလိမ့်မည်ဖြစ်ပြီး သူ့ဖခင်ထံ ကပ်ဆိုးမိုးမှောင်ကိုလည်း ယူဆောင်ပေးလာပေလိမ့်မည်။ နောက်ဆုံးမှာတော့ သူကိုယ်တိုင် တစ်ဦးတည်း သေဆုံးရပေလိမ့်မည်။
မထင်မှတ်ထားစွာပင် ကျောင်းတာယန်က သူ၏ မြေကွက်ကို မရောင်းချခင် သူက ခေါင်းဖြတ်အသတ်ခံလိုက်ရပြီဖြစ်သည်။ သူ့ကံကြမ္မာက ဆိုးရွားသော်လည်း ရှေးဟောင်းအင်မော်တယ်ယုံကြည်သူများအတွက်တော့ ဤကဲ့သို့သော ကံကြမ္မာဆိုးနှင့် ဝိညာဉ်များက ရှေးဟောင်းအင်မော်တယ်များကို စိတ်ကျေနပ်မှုပေးနိုင်သည်။ ဤအချက်သည် ကျောင်းတာယန်၏ သေဆုံးမှုက လျှို့ဝှက်အသင်းအဖွဲ့တစ်ခုနှင့် တကယ်ပင် ပတ်သက်ဆက်စပ်နေသည်ဟူသော ကျန်းယွဲ့လု၏ ထင်မြင်ယူဆချက်ကို ထပ်မံ၍ အတည်ပြုပေးနေသည်။
မှတ်တမ်းများအရ ကျောင်းတာယန်သည် ပြီးခဲ့သည့်လကမှ သူ၏ သတ္တမမြောက်ကိုယ်လုပ်တော်နှင့် လက်ထပ်ထားခဲ့သည်။ သို့သော်လည်း သတ္တမမြောက်ကိုယ်လုပ်တော်နှင့်လက်ထပ်ပြီး တစ်လမကြာခင်မှာ ကျောင်းတာယန်က ဆိုးဆိုးရွားရွားသေဆုံးသွားရသည်။
ကျောင်းတာယန်သေဆုံးပြီးနောက်နေ့မှာ သူ၏ သတ္တမမြောက်ကိုယ်လုပ်တော်က ပျောက်ကွယ်သွားခဲ့သည်။ ကျောင်းတာယန်သည် မသေဆုံးခင်ညက သူ၏ ကိုယ်လုပ်တော်နှင့် တစ်ညလုံး အချိန်ဖြုန်းနေခဲ့သည်။ ထို့ကြောင့် ထိုကိုယ်လုပ်တော်သည် ကြံရာပါတစ်ဦး သို့မဟုတ် မိသားစုအပြင်ဘက်မှ သူလျှိုတစ်ဦးဖြစ်မည်ဟု ဖိးနစ်စိမ်းတပ်ဖွဲ့က ယူဆမိသည်။
ဖီးနစ်စိမ်းတပ်ဖွဲ့သည် ကိုယ်လုပ်တော် အမျိုးသမီးဟူနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကိုလည်း မှတ်တမ်းတင်ထားသည်။ သူမက ဒေသခံတစ်ဦးမဟုတ်ဘဲ ကျောင်းတာယန်နှင့်လက်မထပ်ခင်က သူ့မှာ ခင်ပွန်းယောင်္ကျားတစ်ဦးပင်ရှိခဲ့သည်။
သူမနှင့် သူမ၏ ခင်ပွန်းဟောင်းက ခရီးသွားလာရင်း ကျောင်းတာယန်နှင့် တွေ့ဆုံခဲ့သည်။ ကျောင်းတာယန်က သူမကို စွဲလမ်းသွားပြီး သူ့လူများကိုစေလွှတ်ကာ ထိုစုံတွဲကို တားဆီး၍ အမျိုးသမီးဟူ၏ ခင်ပွန်းဟောင်းကို ခြိမ်းခြောက်ကာ အတင်းအကျပ်ကွာရှင်းစေခဲ့သည်။ ထိုသို့ဖြင့် အမျိုးသမီးဟူက ကျောင်းတာယန်၏ ကိုယ်လုပ်တော်ဖြစ်လာခဲ့သည်။
ဤအချက်ကြောင့် အမျိုးသမီးဟူနှင့် သူမ၏မိသားစုသည် ကျောင်းမိသားစုသို့ စိမ့်ဝင်ထိုးဖောက်ရန် ဤထောက်ချောက်ကို တမင်သက်သက်ပြုလုပ်ခဲ့သလား သို့မဟုတ် ဟူမိသားစုသည် လက်စားချေဖို့အတွက် ကျောင်းတာယန်ကို သတ်ဖြတ်ရန် လူဆိုးဓားပြများနှင့် ပူးပေါင်းခဲ့သလား ဖီးနစ်စိမ်းတပ်ဖွဲ့က တပ်အပ်သေချာ မပြောနိုင်ပေ။
ကျန်းယွဲ့လုက စဉ်းစားတွေးတောလိုက်သည်။
“ဒါက… ကျိကွမ်းအသင်း တတ်နိုင်စွမ်းရှိတဲ့ပုံစံမျိုးပဲ”
လောရှောင်က အလုပ်ကိစ္စတချို့ ကိုင်တွယ်ရန် စောစောက ထွက်ခွာသွားပြီး ယခုအချိန်မှာ ကျန်းယွဲ့လုနှင့် ဟဲနန်သာလျှင် ကျန်ရစ်ခဲ့သည်။ ကျန်းယွဲ့လု၏ မှတ်ချက်စကားကို ကြားသောအခါ ဟဲနန်က မေးလိုက်သည်။
“ပညာရှိကျန်း… ဒီအမှုက လျှို့ဝှက်အသင်းအဖွဲ့တစ်ခုနဲ့ ပတ်သက်ဆက်စပ်နေတယ်လို့ ခင်ဗျားဆိုလိုတာလား”
ကျန်းယွဲ့လုက ခေါင်းညိတ်ပြီး သူမလက်ထဲက စာတွဲကိုပိတ်လိုက်သည်။
ကျောင်းတာယန်၏ သေဆုံးမှုက ဆက်လက်၍ အရေးမပါတော့ပေ။ အဓိကအချက်သည် ရှေးဟောင်းအင်မော်တယ်ယုံကြည်သူအုပ်စုကို ရှာဖွေပြီး နောက်ထပ် ဘာပျက်စီးထိခိုက်မှုမှမဖြစ်အောင် တားဆီးရန်သာဖြစ်သည်။
ကျန်းယွဲ့လုက အကဲစမ်းမေးလိုက်သည်။
“မကြာသေးခင်က ဆင်တူတဲ့ အမှုမျိုးတွေ ဖြစ်ခဲ့ဖူးတာရှိလား”
ဟဲနန်က ခဏမျှစဉ်းစားပြီးနောက် ဖြေလိုက်သည်။
“မကြာသေးခင်နှစ်တွေထဲ မရှိခဲ့ဘူး”
ကျန်းယွဲ့လုက ဟဲနန်ကို မမှိတ်မသုန်စိုက်ကြည့်ကာ ပြောလိုက်သည်။
“လက်ထောက်တပ်မှူး… ရှင်မှတ်မိတာ သေချာရဲ့လား”
“ကျုပ်က… ဒီတပ်မှူးရုံးမှာ ဆယ်နှစ်ကျော်ကြာအောင် စာရွက်စာတမ်းကိစ္စတွေကို တာဝန်ယူထားတယ်.. ကျုပ် ဘယ်တုန်းကမှ အမှားမလုပ်ခဲ့ဘူး… ဒီလိုမျိုး ဆင်တူတဲ့အမှုရှိခဲ့မယ်ဆိုရင် ကျုပ်မှတ်မိမှာပဲ”
ဟဲနန်က ယုံကြည်မှုရှိစွာဖြင့် ဖြေလိုက်သည်။
ကျန်းယွဲ့လုက ဤအကြောင်းကိုဆက်လက်၍ မပြောတော့ပေ။ ထိုအစား မေးလိုက်သည်။
“တပ်မှူးလော ဘယ်ရောက်သွားတာလဲ… ဒီအမှုကို ဒုစစ်ကဲရုံးဆီ တင်ပြပြီးသွားပြီလား”
ဟဲနန်က ပြန်ဖြေလိုက်သည်။
“အခုဆို တပ်မှူးလောက သူ့ရုံးခန်းထဲမှာရှိနေလိမ့်မယ်… ပညာရှိကျန်း ပွင့်ပွင့်လင်းလင်းပြောရရင် စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့အတွက် ကွပ်ကဲရေးရုံးကနေ သံတမန်တစ်ဦးရောက်လာလိမ့်မယ်လို့ ကျုပ်တို့သိထားတယ်.. တပ်မှူးလောက အမှားအယွင်းတစ်စုံတစ်ရာမရှိအောင် ပြင်ဆင်စရာရှိတာ ပြင်ဆင်ရင်း အလုပ်များနေလိမ့်မယ်… ကျုပ်တို့ ဒီအမှုကို ဒုစစ်ကဲရုံးဆီ တင်ပြထားတယ်… ဒါပေမဲ့ ဒုစစ်ကဲကလည်း သံတမန်ကိုရင်ဆိုင်ဖို့အတွက် အလုပ်များနေလိမ့်မယ်… သူ့ရဲ့ လက်အောက်ငယ်သားတွေအနေနဲ့ ကျုပ်တို့က ဒီအမှုကိုကိုင်တွယ်ဖို့ သူ့ကိုလောလို့မရဘူး.. ပညာရှိကျန်း… ခင်ဗျားနားလည်မယ်လို့ မျှော်လင့်ပါတယ်”
“နားလည်တယ်”
ကျန်းယွဲ့လုက ခေါင်းညိတ်ပြီး စာတွဲကို ဟဲနန်ထံ ပြန်ကမ်းပေးလိုက်သည်။
“ဒါပေမဲ့ ဒါက အရေးပါတဲ့ အမှုကိစ္စပဲ.. ကျွန်မ ဒီအကြောင်းနဲ့ပတ်သက်ပြီး တပ်မှူးလောနဲ့ ထပ်ပြီး ဆွေးနွေးရလိမ့်မယ်… လက်ထောက်တပ်မှူး.. ရှင်လည်း နားလည်မယ်လို့ ကျွန်မမျှော်လင့်တယ်”
ဟဲနန်က ခါးသီးစွာပြုံး၍ တောင်းပန်လိုက်သည်။
“ပညာရှိကျန်း…”
သို့သော်လည်း ကျန်းယွဲ့လုက အပြင်ဘက်ကို လျှောက်လှမ်းထွက်သွားသည်။ ရင်ခွဲရုံမှာ ဟဲနန်သာလျှင် လက်ထဲမှာ စာတွဲတစ်တွဲကိုင်ပြီး ကျန်ရစ်ခဲ့၏။
ကျန်းယွဲ့လုက စင်္ကြံလမ်းအတိုင်း လျှောက်လှမ်းသွားသည်။ ဤနေရာတစ်ဝိုက်မှာ ကင်းလှည့်နေသည့် ဖီးနစ်စိမ်းတပ်ဖွဲ့ခေါင်းဆောင်များစွာရှိသော်လည်း သူမက မျက်နှာစိမ်းဖြစ်လျှင်တောင် မည်သူကမှ သူမကို မတားဆီးရဲကြပေ။ ဤသည်မှာ သူမ၏ အော်ရာတွင် သူတို့အားလုံးက ရှိန်နေကြသောကြောင့်ဖြစ်သည်။
သူမသည် လောရှောင်၏ ရုံးခန်းအပြင်သို့ ရောက်လာပြီး ရိုင်းပျစွာဖြင့် အတင်းအကျပ်မဝင်ရောက်ဘဲ တံခါးခေါက်လိုက်၏။
ခဏနေပြီးနောက် ရုံးခန်းတံခါးက ပွင့်သွားပြီး တပ်ဖွဲ့ခေါင်းဆောင်အတော်များများက အလောတကြီးထွက်ခွာကာ အခန်းထဲတွင် လောရှောင်သာလျှင် ကျန်ရစ်ခဲ့သည်။
လောရှောင်က ကျန်းယွဲ့လုကို သူ့ရုံးခန်းထဲသို့ ဖိတ်ခေါ်လိုက်သည်။
“ပညာရှိကျန်း… ခင်ဗျား ကျုပ်ကို အကြံပေးစရာရှိသေးလို့လား”
“မရှိဘူး”
ကျန်းယွဲ့လုက လိုရင်းကို တန်းပြောလိုက်သည်။
“ကျွန်မ ရှင့်ကို မေးခွန်းနည်းနည်းပါးပါး မေးချင်လို့ပဲ”
လောရှောင်က ပြောလိုက်သည်။
“ပညာရှိကျန်း… ကျေးဇူးပြုပြီး ပြောစရာရှိတာ ပြောပါ.. ကျုပ်သိတဲ့အရာဆိုရင် ဖြေပါ့မယ်”
ကျန်းယွဲ့လုက သာမန်ကာလျှံကာမေးလိုက်သည်။
“တပ်မှူးလော… ရှင် ဒီနေရာမှာ တာဝန်ထမ်းဆောင်တာ ဘယ်လောက်ကြာပြီလဲ”
လောရှောင်က မှင်တက်သွားသည်။
ကျန်းယွဲ့လု၏ စကားအဓိပ္ပါယ်ကို သူက သိပ်နားမလည်သော်လည်း မှန်မှန်ကန်ကန်ဖြေပေးလိုက်သည်။
“တစ်နှစ်မပြည့်လောက်သေးဘူး… ကျုပ်နေရာမှာ ရှိခဲ့တဲ့အရင်လူက လက်ရှိဒုစစ်ကဲပဲ”
“ကျွန်မသိပြီ”
ကျန်းယွဲ့လုက ဆက်လက်၍မေးမြန်းလိုက်သည်။
“ဒါဆိုရင် ပြီးခဲ့တဲ့နှစ်တွေထဲက ကြီးကြီးမားမား အမှုကိစ္စတွေကို ဒုစစ်ကဲနဲ့ လက်ထောက်တပ်မှူးပဲ သိမယ်ဆိုတဲ့သဘောလား”
လောရှောင်က ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။
“မှန်ပါတယ်… လက်ထောက်တပ်မှူးက ဒီနေရာမှာ ဝါရင့်အမှုထမ်းပဲ.. သူက ရုံးမှာရှိတဲ့ စာရွက်စာတမ်းကိစ္စတွေအားလုံးကို တာဝန်ယူထားတယ်… ခင်ဗျား အမှုတစ်ခုခုနဲ့ပတ်သက်ပြီး မေးမြန်းစုံစမ်းချင်တယ်ဆိုရင် သူ့ဆီကိုသွားတာ အကောင်းဆုံးပဲ”
ကျန်းယွဲ့လုက နောက်ဆုံးမှာ အခြေအနေကို နားလည်သဘောပေါက်သွားသည်။
မကြာသေးခင်နှစ်များအတွင်း ဆင်တူသောအမှုများဖြစ်ပွားခဲ့မည်ဆိုလျှင် ဒုစစ်ကဲနှင့် ဟဲနန်သာလျှင် သိရှိပေလိမ့်မည်။ ထို့ကြောင့် သူတို့က ဤအမှုများကို ကောင်းကောင်းဖုံးဖိထားနိုင်သည်ဟုလည်း ဆိုလိုသည်။ ထို့ကြောင့် လောရှောင်လို အသစ်ဝင်ရောက်လာသူက သူတို့၏ ကိုင်တွယ်ထိန်းချုပ်တာကို ခံရပေလိမ့်မည်။
သူမ၏ ခန့်မှန်းချက် မှန်ကန်မည်ဆိုလျှင် ဟဲနန်က အတော်လေးသံသယဝင်စရာ ကောင်းနေသည်။
သို့သော်လည်း သူမ၏ ထင်မြင်ယူဆချက်နှင့်ပတ်သက်၍ ကျန်းယွဲ့လုက လောရှောင်ကို ပြောပြခြင်းမရှိပေ။ လောရှောင်ဘက်ကနေကြည့်မည်ဆိုလျှင် ယခုမှတွေ့ဆုံရသည့် သူမလို အပြင်လူတစ်ယောက်ထက် သူ၏ အထက်လူကြီးနှင့် လက်အောက်ငယ်သားကိုသာ ပို၍ယုံကြည်လိုပေလိမ့်မည်။ ထို့ကြောင့် သူ့ကိုပြောလျှင် အပိုဖြစ်ပေမည်။ လောရှောင်သည် သူမကိုပင် သံသယဝင်လာနိုင်သည်။
ကျန်းယွဲ့လုက ဆက်စပ်မှုမရှိသော နောက်ထပ်မေးခွန်းတချို့ကို ဆက်လက်၍မေးမြန်းလိုက်သည်။ တကယ်တော့ သူမ၏ ရည်ရွယ်ချက်ကို ဖုံးကွယ်ရုံမျှသာဖြစ်သည်။
တစ်နာရီမပြည့်ခင် ကျန်းယွဲ့လုက လောရှောင်၏ ရုံးခန်းထဲကနေ ထွက်လာသည်။
သူမက ကောင်းကင်ကိုမော့ကြည့်ပြီး ညိုမှောင်နေသောတိမ်စိုင်များ အုံ့မှိုင်းလာသည်ကို တွေ့မြင်ရ၏။
ဤအချိန်မှာ ဟဲနန်က သေရည်တစ်အိုးထည့်ထားသည့် ပိုက်ကွန်အိတ်တစ်အိတ်နှင့် လျှောက်လှမ်းလာသည်။ သူက လောရှောင်၏ ရုံးခန်းတံခါးကနေတစ်ဆင့် လှမ်းပြောလိုက်သည်။
“တပ်မှူးလော… ဒုစစ်ကဲ ဒီကိုရောက်နေပါပြီ… သူက ရှေ့ဘက်ခန်းမမှာ ခင်ဗျားနဲ့တွေ့ရဖို့ စောင့်နေတယ်”
“ဒုစစ်ကဲ ရောက်လာတာလား”
လောရှောင်က အံ့အားသင့်သွားပြီး တံခါးကို တွန်းဖွင့်လိုက်သည်။
ဟဲနန်က သူ့လက်ထဲက ဝိုင်အိုးကိုမြှောက်၍ ပြောလိုက်၏။
“ဟုတ်တယ်.. တိုက်ဆိုင်တာပဲ… ဒုစစ်ကဲက ကျုပ်ကို သေရည်အိုးတစ်အိုးပြင်ခိုင်းထားတယ်… တပ်မှူးလော.. သူက ခင်ဗျားနဲ့ သောက်ချင်တယ်လို့ပြောတယ်”
လောရှောင်က သူ၏ အလုပ်များကို အလျင်အမြန်လက်စသတ်လိုက်သည်။ သူက ကျန်းယွဲ့လုကို တောင်းပန်ပြီး ရှေ့ဘက်ခန်းမသို့ အလောတကြီးထွက်ခွာသွားကာ သူ့ရုံးခန်းအပြင်ဘက်တွင် ကျန်းယွဲ့လုနှင့် ဟဲနန်သာလျှင် ကျန်ရစ်ခဲ့သည်။
ဟဲနန်က အလင်းရောင်ကိုကျောပေးကာ မတ်တတ်ရပ်နေပြီး သူ့မျက်နှာပေါ်တွင် မကောင်းဆိုးဝါးဆန်ဆန်အပြုံးတစ်ခုရှိနေသည်။
ကျန်းယွဲ့လုက ဂရုမစိုက်သည့်ဟန်ဖြင့် လက်နှစ်ဖက်ကိုနောက်ပစ်ကာ မတ်တတ်ရပ်နေသည်။ သူမသည် သူမရှေ့မှလူအိုကြီးကို မကြောက်ရွံ့ပေ။ သူမ တကယ်တမ်းစိုးရိမ်သည်မှာ ချင်းပိုင်ဘုရားကျောင်းသို့ တစ်ယောက်တည်း သွားရောက်သည့် ချီရွှမ်းစုကိုသာဖြစ်သည်။
. . . . . . .
ချီရွှမ်းစုသည် ထူးခြားဆန်းကြယ်သော ဤဖြစ်ရပ်မှာ ပါဝင်ပတ်သက်လာရလိမ့်မည်ဟု ထင်မှတ်မထားပေ။
သူက ကျန်းယွဲ့လု၏ လက်ထောက်ခန်းမသခင်တံဆိပ်ပြားကို ပြသပြီးနောက် ပိုင်ယုံကွမ်း၏ စိတ်သဘောထားက အတော်လေးပြောင်းလဲသွားသည်။ ကျောင်းထိုင်ဆရာက ချီရွှမ်းစု၏ အကူအညီတောင်းဆိုမှုကို ချက်ချင်းပင် သဘောတူလက်ခံပြီး သူ့ကို ညစာစားဖို့ ဆွဲထားလိုက်သည်။
သူက ရှားရှားပါးပါး ဧည့်သည်တစ်ဦးဖြစ်သောကြောင့် ကျွေးမွေးဧည့်ခံဖို့အတွက် ဆူဖြိုးသောဝက်တစ်ကောင်ကို သတ်ခိုင်းထားသည်ဟု ပိုင်ယုံကွမ်းက ပြောသည်။
ချီရွှမ်းစုသည် အဆင့် ၄ ကျိကျိုးတာအိုအကြီးအကဲတစ်ဦးထံမှ ဖိတ်ခေါ်ချက်ကို မငြင်းဆန်နိုင်ဘဲ ဤနေရာမှာ နေရသည်။ ဤအချိန်မှာ ပိုင်ယုံကွမ်းက သားသတ်သမားကို ကြီးကြပ်ရမည်ဟု အကြောင်းပြချက်ပေးလိုက်သည်။ သူက ချီရွှမ်းစုကို ရှေ့ဘက်ခန်းမမှာ စောင့်ခိုင်းထားပြီး ပိုင်ယွဲ့ကို စားသောက်ပွဲတစ်ခုပြင်ဆင်ခိုင်းကာ နောက်ဖေးခြံဝန်းဘက်သို့ ထွက်ခွာသွားသည်။
ချီရွှမ်းစုသည် သံသယဝင်လာစဉ်… ကျောင်းထိုင်ဆရာ၏ ဇနီး လီကျန်းအာက ရုတ်တရက်ရောက်ရှိလာသည်။ သူမ၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေသည်။ သူမက ထိတ်ထိတ်ပျာပျာနှင့် ကြောက်ရွံ့တုန်လှုပ်နေပြီး ချိရွှမ်းစုအား တုန်လှုပ်စရာကောင်းသည့် လျှို့ဝှက်ချက်တစ်ခုပြောပြလိုက်သည်။ ထိုသည်မှာ ပိုင်ယုံကွမ်းပြောသည့် ဆူဖြိုးသောဝက်သည် အစစ်အမှန်ဝက်မဟုတ်ဘဲ ပိုင်ယုံကွမ်း၏ တပည့် လုယွီဖြစ်သည်။
လုယွီသည် လီကျန်းအာနှင့် ဖောက်ပြန်ခဲ့သောကြောင့် ပိုင်ယုံကွမ်းသည် သူ့တပည့်လုယွီကို ဝက်တစ်ကောင်အဖြစ်ပြောင်းလဲပြီး သတ်ဖြတ်ကာ စားသောက်တော့မည်ဖြစ်သည်။
ဤစကားကိုကြားသောအခါ ချီရွှမ်းစုက တုန်လှုပ်သွားသည်။ ပိုင်ယုံကွမ်းက မူမမှန်သောပုံစံဖြင့် သူ၏ သစ္စာမရှိသောတပည့်ကို ကိုင်တွယ်မည်ဖြစ်သောကြောင့်သာ မဟုတ်ပေ။ ပိုင်ယုံကွမ်းက သစ္စာမရှိသောတပည့်၏ အသားဖြင့် သူ့ကို ကျွေးမည်ဧည့်ခံလိုသောကြောင့် သူက ဒွိဟဖြစ်သွားရုံသာဖြစ်သည်။ သူက ကျောင်းထိုင်ဆရာကို ဘယ်လိုများဆန့်ကျင်မိခဲ့သလဲဟု စဉ်းစားတွေးတောနေမိသည်။
စစချင်း စိတ်တိုဒေါသထွက်သွားပြီးနောက် ချီရွှမ်းစုက ချက်ချင်းပင် အန္တရာယ်အငွေ့အသက်ကို ခံစားမိလာ၏။
ပိုင်ယုံကွမ်းသည် သူ့တပည့်ကိုသတ်ဖြတ်ကာ ချက်ပြုတ်စားသောက်မည်ဆိုလျှင် သူ့တပည့်က အမှားလုပ်ထားမည်ဆိုလျှင်တောင် ဤလုပ်ရပ်သည် တာအိုအဖွဲ့အစည်းက လက်မခံနိုင်သည့်အရာဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ပိုင်ယုံကွမ်းက လူသတ်မှုကိုသာကျူးလွန်မည်ဆိုလျှင် စိတ်လိုက်မာန်ပါပြုမူခြင်းဟု အကြောင်းပြချက်ပေးခြင်းဖြင့် တာအိုဂိုဏ်းတော်က ခွင့်လွှတ်ကောင်းခွင့်လွှတ်ပေးနိုင်သည်။
သို့သော်လည်း ဤကဲ့သို့ ချောက်ချားစရာကောင်းသောပုံစံဖြင့် လူတစ်ယောက်ကို သတ်ဖြတ်ကာ ချက်ပြုတ်စားသောက်ခြင်းသည် လက်မခံနိုင်ဖွယ်ရာဖြစ်သည်။ ဤစကားက ပျံ့နှံ့သွားမည်ဆိုလျှင် ပိုင်ယုံကွမ်းသည် ချင်းပိုင်ဘုရားကျောင်း၏ ကျောင်းထိုင်ဆရာအဖြစ် သူ၏ နေရာကို ထိန်းမထားနိုင်မည်သာမက ပေချန်ခန်းမ၏ စစ်ဆေးမေးမြန်းခြင်းကိုပါ ခံရမည်ဖြစ်သည်။
ထို့ကြောင့်ပင် သူက သေရေးရှင်းရေးအခြေအနေမှာ ကျရောက်လာသည်ဟု ချီရွှမ်းစုက ခံစားမိလိုက်ခြင်းဖြစ်သည်။
ချီရွှမ်းစုက မေးလိုက်မိသည်။
“သခင်မလီ… ခင်ဗျားဘာလို့ ကျုပ်ကို ဒီအကြောင်းပြောပြရတာလဲ”
သူက သူမ၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည့်အလား လီကျန်းအာက သူ့ကိုကြည့်လိုက်သည်။
“အမှုဆောင်ချီ.. ရှင်က ဘိုးဘေးကျောင်းတော်ကလာတာဆိုတော့ ပိုင်ယုံကွမ်းက ရှင့်ကို ဘာမှလုပ်ရဲမှာမဟုတ်ဘူး… ကျေးဇူးပြုပြီး ကျွန်မကို ခေါ်သွားပေးပါ… နောက်ပြီးကျရင် သူကျွန်မကိုလည်း သေချာပေါက်သတ်တော့မှာ”
ချီရွှမ်းစုက ခါးသီးစွာပြုံး၍ တုံ့ပြန်ပြောဆိုခြင်းမရှိပေ။
သူက ဤအကြောင်းနှင့်ပတ်သက်၍ ဘာမှသိရှိမထားလျှင် ပိုင်ယုံကွမ်းက သူ့ကို ပစ်မှတ်ထားလိမ့်မည်မဟုတ်ပေ။ သို့သော်လည်း သူက ဤအတွင်းရေးကို သိရှိသွားပြီဆိုမှတော့ ပိုင်ယုံကွမ်းသည် အန္တရာယ်ကို စွန့်စား၍ သူ့ကို နှုတ်ပိတ်ရန် ကြိုးစားလာပေတော့မည်။
ချီရွှမ်းစုသည် ဤနေရာက ထွက်ခွာနိုင်မည့်နည်းလမ်းတစ်ခုကို အသည်းအသန်စဉ်းစားရင်း သူ၏စိတ်က ယောက်ယက်ခတ်နေသည်။
ဤအချိန်မှာ ပိုင်ယုံကွမ်းက ပြန်လည်ရောက်ရှိလာပြီး သူ၏ တာအိုဝတ်ရုံမှာ မသိသာမထင်ရှားသော သွေးကွက်တချို့ရှိနေသည်။
ကျောင်းထိုင်ဆရာကိုကြည့်ပြီး ချီရွှမ်းစုက ရင်ထဲမှာနင့်ခနဲဖြစ်သွား၏။
ပိုင်ယုံကွမ်းက သူ့ဇနီး၏ ဖြူဖပ်ဖြူရော်မျက်နှာကို တစ်ချက်ကြည့်ပြီး ညင်သာစွာပြောလိုက်သည်။
“မင်း နေလို့မကောင်းဘူးမလား… သွားပြီးတော့ အနားယူလိုက်ပါလား”
လီကျန်းအာက အသံတစ်ချက်မှမထွက်နိုင်ဘဲ သူမ၏ ခန္ဓာကိုယ်က တဆတ်ဆတ်တုန်ယင်နေသည်။
ပိုင်ယုံကွမ်းက ချီရွှမ်းစုကို နောက်တစ်ဖန်ပြုံး၍ကြည့်လိုက်သည်။
“အမှုဆောင်ချီ… စောင့်ခိုင်းထားရတာ စိတ်မရှိပါနဲ့… သိပ်မကြာခင် ဝက်သားဟင်းက အဆင်သင့်ဖြစ်တော့မှာပါ”
ဤစကားကိုကြားပြီး ချီရွှမ်းစုက ကျောရိုးတစ်လျှောက်ချမ်းစိမ့်လာလေသည်။