တပ်မှူးရုံးမှာ… ဟဲနန်က မေးလိုက်သည်။
“ပညာရှိကျန်း… ခင်ဗျား သေရည်သောက်ချင်လား”
ကျန်းယွဲ့လုက ပြန်မေးလိုက်သည်။
“ဘာလို့လဲ… ရှင်က ကျွန်မကို အရက်နဲ့ ဧည့်ခံမလို့လား”
“ဟုတ်တယ်… ဒါက နှစ်သုံးဆယ်သက်တမ်းရှိတဲ့ သေရည်လေ… ပညာရှိကျန်း ခင်ဗျား မြည်းကြည့်ပါလား”
ဟဲနန်က ရယ်မောကာ ပြောလိုက်သည်။
ကျန်းယွဲ့လုက ပြောလိုက်၏။
“ဘယ်ကောင်းပါ့မလဲ… ဒုစစ်ကဲတောင်းထားတဲ့သေရည်ကို ကျွန်မဘယ်လိုသောက်နိုင်မှာလဲ”
“ကိစ္စမရှိပါဘူး…ဒုစစ်ကဲအတွက် နောက်ထပ်တစ်အိုးရှာပေးလိုက်ရုံပေါ့”
ဟဲနန်က သေရည်ကို ကျန်းယွဲ့လုထံ ရုတ်တရက်ပစ်ထုတ်လိုက်သည်။
ဟဲနန်က သေရည်အိုးထဲသို့ သူ၏ ချီကို ထည့်သွင်းထားပြီဖြစ်ပြီး ၎င်းက လေထဲမှာတင်ပေါက်ကွဲထွက်ကာ သေရည်များက ဖိတ်စင်ပြန့်ကျဲသွားသည်။
တစ်ချိန်တည်းမှာပင် ကျန်းယွဲ့လုက ပုံသဏ္ဍာန်မဲ့စက္ကူကို လည်ပတ်နေသော စက္ကူထီးတစ်လက်အဖြစ် ပြောင်းလဲပြီး ရေစက်များကို ခါထုတ်ကာ အဘက်ဘက်ကို ဖိတ်စင်ပြန့်ကျဲသွားစေသည်။
သေရည်စက်တချို့က လက်ရန်းတန်းများ၊ တံစက်မြိတ်နှင့် နံရံများပေါ်ဆင်းသက်သွား၏။ ချက်ချင်းပင် ထိုနေရာများက တရှဲရှဲအသံနှင့် တိုက်စားခံလိုက်ရသည်။
ဤသည်က နှစ်ချို့သေရည်မဟုတ်ပေ။ ၎င်းသည် ဆေးဝါးထုတ်လုပ်ခြင်းကနေ ထွက်ပေါ်လာသည့် စွန့်ပစ်အရည် ဒုတ္ထာစိမ်းဆီဖြစ်သည်။ ဟဲနန်က ဒုတ္ထာစိမ်းဆီထဲ နောက်ထပ် ဓာတ်ပစ္စည်းတစ်မျိုးကို ပေါင်းထည့်ပြီး တစ်စက်ကျသည်နှင့်အရိုးထိတိုင် အသားများကို တိုက်စားနိုင်သော အရည်တစ်မျိုးဖြစ်သွားစေသည်။
သို့သော်လည်း ပုံသဏ္ဍာန်မဲ့စက္ကူက အင်မော်တယ်တစ်ပိုင်းဖြစ်ပြီး နည်းနည်းလေးမျှ ပျက်စီးထိခိုက်မသွားပေ။
ဟဲနန်က မည်သည့်စကားမှမဆိုတော့ဘဲ သူ့ခါးကဓားကို ရွှမ်းခနဲဆွဲထုတ်လိုက်သည်။ သူက ဓားရိုးကို ညာဘက်လက်ဖြင့်ကိုင်ပြီး ဘယ်ဘက်လက်ညှိုး၊ လက်ခလယ်တို့ဖြင့် ဓားသွားကို ညင်သာစွာ သပ်လိုက်သည်။
ရုတ်တရက် ဓားသွားက အဖြူရောင်အလင်းတစ်လွှာဖြင့် တောက်ပပြီး ရေမျက်နှာပြင်မှာ ဝဲဂယက်များထနေသကဲ့သို့ တလက်လက်ထလာသည်။ တစ်ချိန်တည်းမှာပင် ကျားနှင့်နဂါးဟိန်းသံ ခပ်ဖျော့ဖျော့ထွက်ပေါ်လာသည်။
ကျန်းယွဲ့လုသည် ဓားထံမှဖြာထွက်လာသည့် ပြင်းထန်ကြမ်းတမ်းသော စွမ်းအားကို ချက်ချင်းပင်ခံစားမိသွားသည်။ သူမက တီးတိုးရေရွတ်လိုက်၏။
“စိတ်ဝင်စားစရာပဲ”
ဟဲနန်က တည်ငြိမ်စွာပြောလိုက်၏။
“ပညာရှိကျန်း… ခင်ဗျားကို ကိုင်တွယ်ဖို့ ကျုပ်က ထူးခြားတဲ့နည်းလမ်းတချို့ကို သုံးပေးရမှာပေါ့”
ကျန်းယွဲ့လုက စက္ကူထီးကိုပိတ်ပြီး ဟဲနန်ကိုတိုက်ခိုက်ဖို့ အခွင့်အရေးပေးလိုက်သည်။
ဟဲနန်က ရှေ့ကို ပြေးတက်လာပြီး သူ့ဓားနှင့် ထောင့်ဖြတ်ခုတ်ပိုင်းချလိုက်သည်။
ကျန်းယွဲ့လုက မတ်တတ်ရပ်နေဆဲဖြစ်၏။ ဟဲနန်၏ ဓားသွားက သူမကို ထိတော့မည့်ဆဲဆဲမှာ သူမ၏ ဘေးပတ်လည်မှာ ဖြာထွက်လာသည့် ချီများကြောင့် သူမ၏ ဝတ်ရုံက လှုပ်ခါသွားသည်။ သူမက စက္ကူထီးကိုသုံးပြီး ဟဲနန်၏ ဓားသွားမှ အားနည်းသောနေရာတစ်ခုကို ညင်သာစွာတောက်လိုက်၏။
အဲဒါက ညင်သာသောတောက်ချက်ဖြစ်သော်လည်း ဟဲနန်က သူ့ဓားကို လွတ်ချလုမတတ်ဖြစ်သွားရသည်။
သည်းထန်သော ဆီးနှင်းများက နောက်ဆုံးမှာကျဆင်းလာပြီဖြစ်သည်။
ဟဲနန်၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး သူ့ဓားကို နောက်တစ်ဖန်ကိုင်မြှောက်ကာ ကျဆင်းလာသော ဆီးနှင်းပွင့်များကို နှစ်ပိုင်းခွဲထုတ်လိုက်၏။
ကျန်းယွဲ့လုက သူမ၏ စက္ကူထီးကို မြှောက်ပြီး သူမရှေ့မှာ ကန့်လန့်ဖြတ်ထားကာ ဓားတစ်လက်လို ကိုင်ထားသည်။
ဟဲနန်၏ဓားနှင့် စက္ကူထီးက ထိတွေ့ရိုက်ခတ်သောအခါ ပြန်ကန်ထွက်သွားကြသည်။ ဟဲနန်၏ လက်ထဲရှိဓားက အနည်းငယ်တုန်ခါ၍ ဓားသွား၏ သုံးစင်တီမီတာပတ်လည်အတွင်းမှာ ကြီးမားသော ဆီးနှင်းပွင့်များက သကြားပွင့်များကဲ့သို့ သေးငယ်သောအမှုန်များအဖြစ် ပြောင်းလဲသွားသည်။
ထိုဆီးနှင်းအမှုန်များက ကျန်းယွဲ့လု၏ ဘေးပတ်လည်မှာ ကခုန်၍ သူမကို လုံးဝမထိပေ။
ဟဲနန်နှင့် ကျန်းယွဲ့လုက အလျှော့မပေးဘဲ တိုက်ခိုက်လိုက်ကြ၏။
စက္ကူနှင့်ဓားက လေထဲမှာ စက်ဝန်းတစ်ခုစီရေးဆွဲပြီး ပြန်လည်ထိတွေ့ရိုက်ခတ်သွားကြသည်။ ပြင်းထန်သောစွမ်းအင်က နှင်းများကို အဖြူရောင်မြူခိုးများအဖြစ် ပြောင်းလဲသွားစေသည်။
ဟဲနန်၏ လှုပ်ရှားကွက်များက ပြင်းထန်ကြမ်းတမ်း၍ သေစေနိုင်စွမ်းမြင့်မားသည်။ သူက တိုက်ခိုက်နေခြင်းသာဖြစ်ပြီး ခုခံမှု သိပ်မရှိပေ။ သူက နောက်မဆုတ်ဘဲ ရှေ့သို့ဆက်တက်ပြီး အစွမ်းကုန်ရှိသမျှနှင့် တိုက်ခိုက်နေ၏။
ကျန်းယွဲ့လု၏ ထီးက နှင်းနှင့်အတူ ကွေးညွှတ်ပြီး ပေါ့ပါးဖျတ်လတ်စွာ လှုပ်ရှားနေသည်။ သူမ၏ လှုပ်ရှားမှုက မြန်ဆန်လွန်းသောကြောင့် သူမသည် နှင်းမြူခိုးများကြားမှာ ပုံရိပ်ယောင်တစ်ခုအလား ဝေဝါးသွားသည်။
ဟဲနန်က သူမကို ထိချင်သည့်နေရာထိဖို့ မျှော်လင့်ပြီး ဓားကိုရူးသွပ်စွာ လွှဲယမ်းနေ၏။
ပြင်းထန်ကြမ်းတမ်းသောတိုက်ပွဲအတွင်း ကျန်းယွဲ့လုက စကားပြောဖို့ ခွန်အားကျန်ရှိနေဆဲဖြစ်သည်။
“လက်စသတ်တော့… နင်က လက်ခြောက်ဘက်ရုပ်တုရှေ့က မတ်တတ်ရပ်နေတဲ့ နန်းတွင်းအရာရှိပဲ… နင့်ရဲ့ အပေါင်းအပါတွေ ဘယ်မှာလဲ”
ဟဲနန်၏ အမူအရာက ရုပ်ချည်းပြောင်းလဲသွား၏။
“နင်ဘယ်လိုသိတာလဲ”
ကျန်းယွဲ့လုက မဖြေဘဲ သူမ၏ ထီးနှင့်အတူ ရှေ့သို့ ရိုးရှင်းစွာခုန်တက်လိုက်သည်။
ချက်ချင်းပင် ခြံဝန်းထဲရှိ ဆီးနှင်းပွင့်များအားလုံးက အမှုန်ငယ်လေးများအဖြစ်ပြောင်းလဲကာ ဟဲနန်၏ အမြင်အာရုံကို လွှမ်းခြုံသွား၏။
ဟဲနန်က နောက်သို့မျှောချပြီး ပေတစ်ရာကျော်ဆုတ်ခွာလိုက်သည်။ သူ့ချီက မတည်မငြိမ်ဖြစ်နေပြီး သူ၏ ဘေးပတ်လည်မှာရှိသော နှင်းမှုန်များကို နောက်ထပ်မြူခိုးများအဖြစ် ပြောင်းလဲသွားစေသည်။
ဟဲနန်က သူ့ကိုယ်သူ ဟန်ချက်ထိန်းပြီးနောက် သူ့ချီကိုလှည့်ပတ်ကာ ဓားထဲသို့ထိုးသွင်းလိုက်၏။ ထို့နောက် အဖြူရောင်မြူခိုးများကို ဖြတ်ကျော်လာ၏။ တစ်ချိန်တည်းမှာပင် သူက ဘေးပတ်လည်မှာရှိသော စွမ်းအင်ကို ဓားချက်ဖြင့် ချေဖျက်လိုက်သည်။
ဓားချက်က ပဲ့တင်ထပ်တုန်ခါ၍ နှင်းများက ပြန့်ကျဲကာ သူတို့ပတ်လည်တွင် မြူခိုးများလွှမ်းခြုံနေ၏။
ဟဲနန်၏ လက်ထဲမှ ဓားချီက ဒီရေတက်လာသလို ဓားသွားပေါ်စုစည်းပြီး နောက်ဆုံး ထက်ရှသော အဖြူရောင်စွမ်းအင်က ဓားကို လွှမ်းခြုံသွားသည်။ ထို့နောက် ဓားကို ကျန်းယွဲ့လုထံ ပစ်ထိုးလိုက်၏။
သို့သော်လည်း ကျန်းယွဲ့လု၏ ဘေးပတ်လည်မှာ မထိုးဖောက်နိုင်သည့် စွမ်းအင်အလွှာများ အထပ်ထပ်ရှိနေ၏။ သူ့ဓားက သဲဗွက်ထဲ နစ်သွားသည့်အလား ဟဲနန်ခံစားလိုက်ရပြီး သူက မည်သို့ပင်ကြိုးစားသည်ဖြစ်စေ ရှေ့မတိုးနိုင်နောက်မဆုတ်နိုင်ဖြစ်သွားရသည်။
ဟဲနန်က တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူ့ဓားကိုလွှတ်ပေးပြီး နောက်သို့ခုန်ဆုတ်လိုက်၏။ ထို့နောက် ဓားရိုးကို လက်ညှိုးဖြင့် ထိုးညွှန်ကာ ဓားချီကို ထိန်းချုပ်လိုက်သည်။ ဓားက အော်မြည်ပြီး လျှပ်စီးများ တဖျတ်ဖျတ်လက်ကာ ကျန်းယွဲ့လု၏ ချီဒိုင်းကာကနေ ရုန်းထွက်၍ သူမ၏ မျက်နှာဆီသို့ တန်းဝင်လာ၏။
ဟဲနန်က ချီသန့်စင်သူ၏ ဓားပဲထိန်းနည်းစနစ်ကို အသုံးပြုနေခြင်းဖြစ်၏။
ကျန်းယွဲ့လု၏ တုံ့ပြန်မှုကလည်း အလွန်တရာမြန်ဆန်၏။ သူမက ခြေထောက်ပေါ်အားပြုပြီး သူမ၏ ခန္ဓာကိုယ်အပေါ်ပိုင်းကို မြေပြင်နှင့် မျဉ်းပြိုင်ဖြစ်လုနီးပါး လှန်ချလိုက်သည်။
ဓားက ကျော်လွန်သွားပြီးနောက် သူမက ကိုယ်ကိုပြန်မတ်လိုက်၏။ ဟဲနန်က သူ၏ညာဘက်လက်ညှိုး၊ လက်ခလယ်တို့ဖြင့် ဓားကို ထိန်းချုပ်နေသည်ကို တွေ့မြင်လိုက်ရ၏။ ဟဲနန်က ဆွဲယူလိုက်သော လှုပ်ရှားမှုနှင့်အတူ ဓားကို အတင်းအကျပ်ပြန်လှည့်စေကာ ကျန်းယွဲ့လု၏ နောက်ကျောကို ချိန်ရွယ်လိုက်သည်။
ကျန်းယွဲ့လုက ဆတ်ခနဲလှည့်ပြီး သူမ၏ စက္ကူထီးကို ဖွင့်ကာ ဓားပျံကို တားဆီးလိုက်သည်။
ထိုထိတွေ့ရိုက်ခတ်မှုမှာ စူးရှ၍ ကြမ်းတမ်းသောအသံက ထွက်ပေါ်လာ၏။
ဟဲနန်က ဓားကိုင်သည့် လက်ဟန်အမူအရာပြုလုပ်လိုက်စဉ် ဓားက ပြန်လှည့်လာပြီး သူ့ရှေ့မှာ ရစ်ဝဲနေ၏။ သူက ဓားကိုတစ်ဖန်ကိုင်ပြီး လျှုပ်စီးလိုအမြန်နှုန်းဖြင့် ကျန်းယွဲ့လုထံ ခုန်ဝင်လာပြန်၏။
ကျန်းယွဲ့လုက သူ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းခြင်းမရှိချေ။ ထိုအစား သူမက စက္ကူထီးကို စက္ကူလှံတစ်လက်အဖြစ် ပြောင်းလဲလိုက်သည်။
စက္ကူလှံဖျားနှင့် ဓား ထိခတ်မိသောအခါ ဟဲနန်၏ ခန္ဓာကိုဘ်က ဆတ်ခနဲတုန်ယင်၍ သူ့မျက်နှာက နီမြန်းသွားသည်။
ကျန်းယွဲ့လုက နောက်သို့ မျှောချလိုက်သည်။ မြေပြင်ကို သူမ၏ ခြေဖဝါးနှစ်ဖက် ထိသည်နှင့် သူမ၏ ခြေဖဝါးအောက်မှာ ပြင်းထန်ကြမ်းတမ်းသော စွမ်းအင်တစ်ခု ပေါက်ကွဲသွားသည်။ ၎င်းက ဖြည်းဖြည်းချင်းဖူးပွင့်လာသော အဖြူရောင်ကြာပန်းတစ်ခုလို ဘေးပတ်ဝန်းကျင်ကို ပျံ့နှံ့သွားသည်။
ကျန်းယွဲ့လုက ပြန်လည်ခြေချလိုက်သည်နှင့် ဟဲနန်က ရှေ့ကိုဆက်လက်၍ ပြေးဝင်လာသည်။ ဓားချီက တလိပ်လိပ်ထိုးတက်ပြီး အစက သုံးပေသာသာရှိသော ဓားသွားက နောက်ထပ် တစ်လက်မကျော် ထပ်ရှည်လာသည်။
ကျန်းယွဲ့လုက စက္ကူလှံကို လက်နှစ်ဖက်ဖြင့်ကိုင်ပြီး လှံက ကွေးညွှတ်သွားသည်ဟု ထင်ရစေသော အင်အားဖြင့် ဟဲနန်ကို ပစ်ရိုက်ချလိုက်၏။ သို့သော်လည်း ဟဲနန်က လက်ပြန်ဓားချက်ဖြင့် ထိုတိုက်ခိုက်မှုကို ပိတ်ဆို့တားဆီးလိုက်သည်။
လက်နက်နှစ်ခု ထိတွေ့ရိုက်ခတ်မိသည်နှင့် ကျယ်လောင်သောမြည်ဟည်းသံက လေထဲမှာထွက်ပေါ်လာ၏။
ချောက်ချားစရာကောင်းသော စွမ်းအင်ဝဲဂယက်များကလည်း အဘက်ဘက်ကို ဖြာထွက်သွားသည်။
ကျန်းယွဲ့လုက သူမ၏ လှံနှင့်အတူ ကခုန်ပြီး လှံကို အမိုးခုံးပုံစံလွှဲယမ်းနေ၏။ သူမသည် လေထဲမှာ အရွယ်အစားအမျိုးမျိုး စက်ဝိုင်းများနှင့် လ၏ ပုံသဏ္ဍာန်အဆင့်ဆင့်ပြောင်းလဲပုံကို ရေးဆွဲနေ၏။
ဤနည်းစနစ်သည် ယခင်ချင်မင်းဆက်၏ ဘုရင်ခံ… တိုက်ပွဲထဲမှာ ပြိုင်ဘက်ကင်းသော ချင်းယင်ထံမှလာခြင်းဖြစ်သည်။ ထိုသူသည် စစ်တပ်တစ်တပ်ကိုဦးဆောင်ကာ ရွှေပြည်သစ်နှင့် ဆန့်ကျင်တိုက်ခိုက်ပြီး သူ၏ လှံသိုင်းပညာရပ်ကြောင့် ကျော်ကြားခဲ့သည်။
သူက လှံကို လွှဲရိုက်ချက်များအဖြစ် အဓိကသုံးပြီး အဆက်မပြတ် ရိုက်ချက် ၈၁ ချက်နှင့်အတူ ပြင်းထန်ကြမ်းတမ်းသောမြစ်ရေကို တားဆီးနိုင်ခဲ့သည်။
ခဏနေပြီးနောက် သူမ၏ ခန္ဓာကိုယ်သည် သူမရေးဆွဲလိုက်သော မရေမတွက်နိုင်သည့် လရိပ်များကြားမှာ ပျောက်ကွယ်သွား၏။ လှံက အလွန်တရာမြန်ဆန်စွာ ရွေ့လျားနေသော်လည်း တရွှီးရွှီးအသံထွက်ပေါ်မလာပေ။ သူမက အရိုင်းဆန်သောခွန်အားကို အသုံးပြုခြင်းမဟုတ်သည်မှာ သိသာနေသည်။
ဤအချိန်မှာ ဟဲနန်သည် ကျန်းယွဲ့လု၏ လရိပ်ဒိုင်းကာများကြားမှာ မည်သည့်အကြားအလပ်ကိုမှ ရှာမတွေ့ပေ။ သူတို့သည် စစ်တပ်ဝင်္ကပါဒိုင်းကာများကဲ့သို့ တစ်ခုပေါ်တစ်ခု အထပ်ထပ်ဆင့်နေကြသည်။ ဒိုင်းကာများက တစ်ခုချင်းလိုက်မဟုတ်ဘဲ အစုလိုက်ရွေ့လျားပြီး ခုခံမှုနှင့် တိုက်ခိုက်မှု နှစ်မျိုးစလုံးအသုံးပြုနိုင်သည်။ ကြီးမားသော ဒိုင်းကာတစ်ခုက သူ့ပေါ်သို့ ပိကျလာသည့်အလား ခံစားလိုက်ရ၏။ သူက ဤဖိအားဒဏ်ကို ခံနိုင်ရည်မရှိလျှင် နောက်သို့ဆုတ်ခွာ၍ ရှောင်တိမ်းရပေလိမ့်မည်။ သို့သော်လည်း သူနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်နှင့် ကျန်းယွဲ့လုက ရှေ့သို့ ဆက်လက်လိုက်ပါလာ၏။ ဤတိုင်းသာ ဆက်သွားလျှင် သိပ်မကြာခင် သူက ရှုံးနိမ့်ရပေတော့မည်။
ထို့ကြောင့် ဟဲနန်က နောက်မဆုတ်တော့ပေ။ သူက ကျန်းယွဲ့လုနှင့် ထိပ်တိုက်ရင်ဆိုင်ဖို့ ရွေးချယ်လိုက်သည်။
ရှေးဟောင်းခေတ်များကတည်းက တိုက်ပွဲတစ်ပွဲမှာ ရှည်လျားသော လက်နက်များက အမြဲတမ်း အသာစီးရရှိတတ်သည်။
ယခင်က ဟဲနန်သည် အန္တရာယ်ကို စွန့်စား၍ ကျန်းယွဲ့လုနှင့် အနီးကပ်တိုက်ခိုက်နိုင်ခဲ့သည်။ သူက ပေါ့ဆမိလျှင် သူ့သွေးများက ဖိတ်စင်ပြန့်ကျဲသွားပေလိမ့်မည်။ သို့သော်လည်း ဤတစ်ခေါက်မှာတော့ ကျန်းယွဲလုသည် သူမ၏ လှံကို အသုံးပြုနေ၏။ လှံအရှည်၏ အားသာချက်နှင့်အတူ သူမက ဟဲနန်ကို အလွယ်တကူဖိနှိမ်ပြီး အသာစီးရရှိလာသည်။
ရုတ်တရက် ကျန်းယွဲ့လု၏ လှံက နှေးကွေးသွား၏။ ထို့နောက် သူမက သုံးပေကျော်ရှည်သော စက်ဝန်းတစ်ခုကို ရေးဆွဲကာ ဟဲနန်၏ မျက်နှာဆီသို့ ချဉ်းကပ်သွားစေ၏။
ဟဲနန်က သူ့မျက်နှာကိုလာရိုက်သည့် အေးစက်သော လေပြင်းတစ်ချက်ကိုသာ ခံစားလိုက်ရသည်။ သူက အဲဒါကို မရှောင်နိုင်ဘဲ ချီကိုကာဆီးဖို့အတွက် သူ့ဓားကို အသုံးပြုလိုက်၏။ သို့သော်လည်း ထိုရိုက်ချက်က အတုအယောင်လှုပ်ရှားကွက်တစ်ခုမျှသာဖြစ်သည်။ ရုတ်တရက် ကျန်းယွဲ့လုက သူမ၏ လှံကို ဘယ်ဘက်လက်ကနေ ညာဘက်လက်သို့ ပြောင်းကိုင်ပြီး ဟဲနန်၏ လည်ပင်းဆီ ချိန်ရွယ်လိုက်၏။
သူမ၏ လှုပ်ရှားမှုက မြန်ဆန်လွန်းသောကြောင့် ဟဲနန်သည် ခုခံကာကွယ်ဖို့ အချိန်မရပေ။ သူက မတတ်သာဘဲ သူတို့နှစ်ယောက်ကြား အကွာအဝေးကို ဖြတ်တောက်ရန် ရှေ့သို့သာ ပြေးဝင်လိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူ့ဓားဖြင့် သူမ၏ ဘေးဘက်ကို ချိန်ရွယ်ပြီး သူမ၏ အားအနည်းဆုံးနေရာကို တိုက်ခိုက်ဖို့ ပြင်လိုက်သည်။
ကျန်းယွဲ့လုက ဤသို့ဖြစ်လာဖို့ မျှော်လင့်ထားပြီးသားဖြစ်သည်။ သူတို့နှစ်ယောက် နီးကပ်လာစဉ် သူမက လှံကို ခါးလယ်ကနေပြောင်းကိုင်ပြီး လှံအရင်းနှင့် ဟဲနန်၏ လက်ထဲကဓားကို ရိုက်ချလိုက်၏။ ထို့နောက် လှံအဖျားကို သူ့လည်ပင်းဆီသို့ လွှဲရိုက်ချလိုက်၏။ ထိုရိုက်ချက် ထိမိသွားပြီး ဟဲနန်က ဘေးဘက်သို့စင်ထွက်ကာ (အမိုးပါ)အဆောင်ကူးစင်္ကြံလမ်းမှာရှိသော ကျောက်တိုင်တစ်တိုင်ကို ပစ်တိုက်ချိုးမိသွား၏။
အဆောင်ကူးစင်္ကြံလမ်း၏ ထိုနေရာက ပြိုကျပြီး ဟဲနန်က အုတ်ကျိုးအုတ်ပဲ့များအောက် မြှုပ်နှံခံလိုက်ရသည်။
ဤအချိန်မှာ လူတစ်ယောက်က လှမ်းအော်လိုက်၏။
“ရပ်လိုက်ကြ...”
ကျန်းယွဲ့လု လှည့်ကြည့်လိုက်စဉ် ဤနေရာသို့ ပြေးလာကာ သူမကို ဝိုင်းပတ်လိုက်သည့် ဖီးနစ်စိမ်းတပ်ဖွဲ့တစ်အုပ်စုကို တွေ့မြင်လိုက်ရ၏။ ထိုနောက် အမျိုးသားနှစ်ဦးက သူမရှိရာသို့ ဖြည်းဖြည်းချင်းလျှောက်လှမ်းလာ၏။
သူတို့ထဲမှတစ်ဦးက တပ်မှူးလောရှောင်ဖြစ်ပြီး နောက်တစ်ဦးကတော့ မျက်နှာစိမ်းတစ်ဦးဖြစ်သည်။ သူက အသက်လေးဆယ်ကျော်အရွယ်ဖြစ်ပြီး မုတ်ဆိတ်တိုတိုရှိသည်။ သူ၏ ဝတ်စားဆင်ယင်ပုံအရ သူသည် ဖီးနစ်စိမ်းတပ်ဖွဲ့၏ ဒုစစ်ကဲတစ်ဦးဖြစ်မည်ဟု ကျန်းယွဲ့လုက ခန့်မှန်းမိလိုက်၏။
လောရှောင်၏ မျက်နှာက တည်တံ့နေပြီး တောင်းဆိုလိုက်သည်။
“ပညာရှိကျန်း… ဒီအခြေအနေအတွက် ခင်ဗျား ဖြေရှင်းချက်ပေးနိုင်ဖို့ ကျုပ်မျှော်လင့်တယ်”
ကျန်းယွဲ့လုက လှံကိုသိမ်းဆည်းပြီး သူမမှာ ရန်လိုစိတ်မရှိကြောင်း ပြသလိုက်သည်။
“ဒီလူက ရှေးဟောင်းအင်မော်တယ်ယုံကြည်သူတစ်ဦးပဲ… သူက အရင်ဆုံး ဒုတ္ထာစိမ်းဆီနဲ့ ကျွန်မကို တိုက်ခိုက်ခဲ့တယ်.. အဲဒါကြောင့် ကျွန်မက ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ခဲ့ရတာပဲ… ရှင်တို့နှစ်ယောက်မယုံဘူးဆိုရင် သူ့ရဲ့ခန္ဓာကိုယ်မှာရှာကြည့်လိုက်… သူ့မှာ ရှေးဟောင်းအင်မော်တယ်တွေနဲ့ ပတ်သက်ဆက်စပ်နေတဲ့ တံဆိပ်ပြားတစ်ခုခုရှိလိမ့်မယ်”
လောရှောင်၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး သူ့ဘေးမှာရှိသော ဒုစစ်ကဲကို လှည့်ကြည့်လိုက်သည်။
ဒုစစ်ကဲ၏ အမူအရာက လက်ရှိကောင်းကင်ကဲ့သို့ သုန်မှုန်ထိုင်းမှိုင်းနေလေသည်။