ချင်းပိုင်ဘုရားကျောင်းတွင်။
ချီရွှမ်းစုက လေးထောင့်စားပွဲရှေ့မှာ မတ်မတ်ထိုင်ပြီး သူ၏ အမူအရာက အနည်းငယ်အသက်မပါသလိုဖြစ်နေသည်။
ပိုင်ယုံကွမ်းက ချီရွှမ်းစု၏ ရှေ့မှာထိုင်ပြီး သူတို့နှစ်ယောက်ကြားမှာ အောက်ခံမီးဖိုပါသည့် ကြေးအိုးတစ်လုံးရှိနေသည်။ ဟင်းအိုးပူကနေ ထွက်လာနေသော အငွေ့များက သူတို့၏ မျက်နှာများကို ရိုက်ခတ်ပြီး သူတို့၏ အမြင်အာရုံကို ကာဆီးထားသည်။
အစပ်ပါသော အနီရဲရဲဟင်းရည်ထဲမှာ ပါးလွှာသော အသားပြားများက လွင့်မျောနေ၏။
ပိုင်ယုံကွမ်းက အစားအသောက်ကျွမ်းကျင်သူတစ်ယောက်လို သူ့ရှေ့မှ မီးဖိုဟင်းအိုးကို မိတ်ဆက်ပေးလိုက်သည်။ သူ့အသံက တထောင်းထောင်းထနေသော အငွေ့များနောက်ကနေ ထွက်ပေါ်လာ၏။
“ဆောင်းရာသီမှာ ဟွော်ကောလုပ်စားတဲ့အခါ သိုးသားက အကောင်းဆုံးပဲ… ဒီဘုရားကျောင်းမှာ သိုးမွေးမထားတာ ဆိုးတာပဲ… အဲဒါကြောင့် ငါမင်းကို ဝက်သားနဲ့ပဲ ဧည့်ခံနိုင်တယ်… အမှုဆောင်ချီ… မင်း စိတ်မရှိဘူးမလား”
(ဟွော်ကောဆိုတာ ဟော့ပေါ့(Hot Pot)နဲ့ အတူတူပါပဲ။ စားပွဲတင်မီးဖိုပေါ်မှာ ကြေးအိုးတင်ပြီး အသားနဲ့ အသီးအရွက်တွေကို ပြုတ်စားကြတဲ့ပုံစံပါ။)
“ကိစ္စမရှိပါဘူး”
ချီရွှမ်းစုက စိတ်ကို ထိန်းချုပ်လိုက်သည်။
“ကျုပ် အစားအသောက်နဲ့ပတ်သက်ပြီး ချေးမများတတ်ဘူး… အနောက်ဘက်ဒေသမှာ ခရီးသွားတုန်းက ကျုပ်က စစ်တပ်သုံးအားဆေးလုံးတွေ၊ အေးစက်နေတဲ့ ရိက္ခာခြောက်တွေနဲ့ပဲ အသက်ဆက်ခဲ့ရတယ်… ဂိုဘီသဲကန္တာရမှာ အဲဒါတွေက အစာအာဟာရပဲ… အဲဒါကြောင့် ကျုပ်အတွက်တော့ ဘာပဲဖြစ်ဖြစ် သိပ်ပြီး ကိစ္စမရှိဘူး”
ပိုင်ယုံကွမ်းက ရယ်မော၍ မီးဖိုဟင်းအိုးထဲမှ အလွန်ပါးလွှာသော အသားတစ်ပြားကို တူဖြင့်ညှပ်ယူလိုက်သည်။ သူက ၎င်းကို သူ့ပါးစပ်ထဲထည့်ပြီး ဖြည်းဖြည်းချင်းဝါးကာ အရသာခံနေ၏။
လီကျန်းအာက ပိုင်ယုံကွမ်း၏ ဘယ်ဘက်မှာထိုင်နေပြီး သူ့တပည့်မ ပိုင်ယွဲ့က ညာဘက်မှာ ထိုင်နေသည်။
ဤအချိန်မှာ လီကျန်းအာ၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်၍ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက အနည်းငယ်တုန်ယင်နေ၏။
ပိုင်ယွဲ့က မှင်သေသေဖြင့် ရှိနေ၏။ သူမကလည်း အသားတစ်ပြားကို တူဖြင့်ညှပ်ယူပြီး သူမရှေ့မှာရှိသော ပန်းကန်လုံးထဲ ထည့်လိုက်သည်။
ချီရွှမ်းစုက စားသောက်ဖို့အတွက် လှုပ်ရှားခြင်းမရှိသေးပေ။
ပိုင်ယုံကွမ်းက အသားကိုမျိုချပြီးနောက် မေးလိုက်သည်။
“အမှုဆောင်ချီ… မင်း ဘာလို့မစားသေးတာလဲ”
ချီရွှမ်းစုက မျက်လွှာချကာ ပြောလိုက်သည်။
“ပွင့်ပွင့်လင်းလင်းပြောရရင် ဒီကိုမလာခင် မြို့ထဲမှာ ကျုပ်စားခဲ့ပြီးပြီ… အဲဒါကြောင့် ဗိုက်မဆာတာ”
“ဪ… ငါသိပြီ”
ပိုင်ယုံကွမ်းက သူ၏ မျက်လုံးကို မှေးကျဉ်းလိုက်၏။
“ဒါဆိုလည်း … နည်းနည်းတော့စားပေါ့ကွာ… အနည်းဆုံးတော့ မြည်းကြည့်စမ်းပါဦး”
ချီရွှမ်းစုက ဆက်လက်၍ မငြင်းဆန်နိုင်တော့ဘဲ တူကိုကောက်ယူကာ ဟင်းအိုးဆီလှမ်းလိုက်သည်။ သို့သော်လည်း ဟင်းရည်ထဲမှာမျောနေသည့် အသားပိုင်းဖြူဖြူများကိုတွေ့မြင်သည့်အခါ သူက ရုတ်တရက် အော်ဂလီဆန်လာ၏။ သူ့ခေါင်းထဲ စဉ်းစားမိနေသည်မှာ ဤနေရာကနေ ဘယ်လိုထွက်ပြေးရမလဲဆိုတာပင်။
ပိုင်ယုံကွမ်းက အဆင့် ၄ ကျိကျိုးတာအိုဆရာတစ်ဦးဖြစ်သောကြောင့် သူ၏ ကျင့်ကြံမှုအဆင့်က အနည်းဆုံး ကွေ့ကျန်းအဆင့်မှာ ရှိနေပေမည်။ သို့သော် ပိုင်ယုံကွမ်းက ဘယ်လမ်းစဉ်ကိုလိုက်စားသလဲ ချီရွှမ်းစုသေချာမသိပေ။
ပိုင်ယုံကွမ်းက ကိုယ်ခံပညာသိုင်းသမားတစ်ဦးဖြစ်မည်ဆိုလျှင် ဤမျှနီးကပ်သောအကွာအဝေးမှာ ချီရွှမ်းစုအတွက် တုံ့ပြန်တိုက်ခိုက်ဖို့ အခွင့်အရေးလုံးဝရှိလိမ့်မည်မဟုတ်ပေ။ ကျူးကောယုံမင်နှင့် ရင်ဆိုင်ရတုန်းက ကိုယ်ခံပညာသိုင်းသမားများက ဘယ်လောက်သန်မာသလဲ သူ သင်ခန်းစားရခဲ့သည်။
သို့သော် လမ်းစဉ်တစ်ခုချင်းစီသည် လူတစ်ယောက်၏ ပုံပန်းသဏ္ဍာန်ကို ပြောင်းလဲပေးတတ်သောကြောင့် ပိုင်ယုံကွမ်းက ကိုယ်ခံပညာသိုင်းသမားတစ်ဦးမဟုတ်လောက်ပေ။ ကိုယ်ခံပညာသိုင်းသမားများ၏ အထင်ရှားဆုံးသွင်ပြင်မှာ သူတို့တွင် သန်မာသောသွေးချီရှိသောကြောင့် သူတို့ဘေးမှာ ထိုင်လိုက်သည်နှင့် ကိုယ်ခံပညာသိုင်းသမားများထံမှ ဖြာထွက်လာသည့် အပူလှိုင်းကို ခံစားရပေလိမ့်မည်။
ကိုယ်ခံပညာသိုင်းသမားတစ်ဦး၏ ကျင့်ကြံမှုအဆင့်က မြင့်မားလေ ထွက်ပေါ်လာမည့် အပူလှိုင်းက ပို၍အားကောင်းလေပေ။ ကိုယ်ခံပညာသိုင်းသမားများသည် ကောင်းကင်ဘုံသက်ရှိအဆင့်ကို ရောက်ရှိပြီးမှသာ သူတို့၏ သွေးချီကို ပို၍ ထိန်းချုပ်လာနိုင်သည်။
ချီရွှမ်းစုသည် ပိုင်ယုံကွမ်းထံမှ ဤကဲ့သို့သော အပူလှိုင်းကို မခံစားမိသောကြောင့် ထိုသူက ကိုယ်ခံပညာသိုင်းသမားတစ်ဦးမဟုတ်ဟု သူက ယူဆလိုက်သည်။
ကျန်ရှိနေသောလမ်းစဉ်ထဲမှာ ပိုင်ယုံကွမ်းသည် လေလွင့်ကျင့်ကြံသူတစ်ဦး၊ နတ်သက်ကြွေအင်မော်တယ်တစ်ဦး သို့မဟုတ် ချီသန့်စင်သူတစ်ဦးဖြစ်သည်ဟူသော ဖြစ်နိုင်ခြေကိုလည်း ချီရွှမ်းစုက ပယ်ချလိုက်သည်။ ပိုင်ယုံကွမ်းသည် သူ့တပည့်လုယွီကို ဝက်တစ်ကောင်အဖြစ် ပြောင်းလဲပစ်နိုင်သောကြောင့် ပိုင်ယုံကွမ်းက ဂမ္ဘီရဝိဇ္ဇာတစ်ဦး သို့မဟုတ် နတ်ဆရာတစ်ဦးဖြစ်ရပေမည်။ ထိုလမ်းစဉ်နှစ်ခုလုံးက အစီအရင်နှင့် မန္တန်များကို အသုံးပြုရာမှာ ကျွမ်းကျင်ကြသည်။
ဂမ္ဘီရဝိဇ္ဇာများနှင့် နတ်ဆရာများမှာ တူညီသော အချက်တစ်ချက်ရှိသည်။ အပိုထပ်ဆောင်း ခံစစ်အလွှာတစ်ခု ရှိမနေလျှင် သူတို့၏ သဘာဝခန္ဓာကိုယ်များက ကြံ့ခိုင်မှုအားနည်းတတ်ပြီး သူတို့က အလွယ်တကူဒဏ်ရာရရှိနိုင်ကြသည်။
ထို့ကြောင့်ပင် ချီရွှမ်းစုက ချက်ချင်းထွက်မပြေးသေးခြင်းဖြစ်သည်။ သူက ချင်းပိုင်ဘုရားကျောင်းကနေ အလျင်စလိုထွက်ပြေးပြီး ပိုင်ယုံကွမ်း၏ သံသယကို နှိုးဆွမိမည်ဆိုလျှင် သူက ပိုင်ယုံကွမ်းကို ချောင်းမြောင်းတိုက်ခိုက်နိုင်မည့်အခွင့်အရေး ဆုံးရှုံးသွားရပေလိမ့်မည်။ ဒါ့အပြင် ကြမ်းတမ်းသော တောင်ကြောလမ်းမှာ ပိုင်ယုံကွမ်းက သူ့ကို အလွယ်တကူလိုက်မီသွားနိုင်သည်။ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မည်ဆိုလျှင် ပိုင်ယုံကွမ်းက ဘယ်လမ်းစဉ်ကို လိုက်စားသည်ဖြစ်စေ ချီရွှမ်းစုက သေချာပေါက် ရှုံးနိမ့်ရပေလိမ့်မည်။ ထို့သို့ဆိုပါက ချီရွှမ်းစုအတွက် သေလမ်းသာရှိပေမည်။
ယခုအချိန်မှာ ပိုင်ယုံကွမ်းက သူ့ကို အကဲစမ်းနေရုံမျှသာဖြစ်သည်။ မည်သို့ပင်ဆိုစေ ချီရွှမ်းစုသည် ထျန်ကန်းခန်းမမှ ဖြစ်ပြီး သူ့ကို သတ်ဖြတ်ပါက စုံစမ်းစစ်ဆေးမှုတစ်ခု သေချာပေါက်ရောက်ရှိလာပေလိမ့်မည်။ ဩဇာအာဏာကို ဆုံးရှုံးထားရသည့် အဆင့် ၄ တာအိုအကြီးအကဲ ပိုင်ယုံကွမ်းက စုံစမ်းစစ်ဆေးမှုကို ရှောင်လွှဲနိုင်မည်မဟုတ်ပေ။ သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာမှာ တာအိုဂိုဏ်းတော်ကနေ ထွက်ခွာပြီး ထျန်ကန်းခန်းမနှင့် ပေချန်ခန်းမ၏ အမဲလိုက်ခြင်းကနေ တစ်ချိန်လုံး တိမ်းရှောင်နေဖို့ဖြစ်သည်။ ထိုသို့ဖြစ်လာမည်ဆိုလျှင် သူက တစ်ဘဝလုံး စိုးတထိတ်ထိတ်ဖြင့် ရှင်သန်ရပေလိမ့်မည်။
ထို့ကြောင့် ချီရွှမ်းစုက သူတို့၏အတွင်းရေးကို သိရှိထားမည်ဆိုလျှင်ပင် သူတို့က အပေးအယူလုပ်နိုင်ဆဲဖြစ်သည်။ ထို့ကြောင့် ပိုင်ယုံကွမ်းသည် လုံးဝမလိုအပ်သရွေ့ သူ့ကို မသတ်ဖြတ်သေးခြင်းဖြစ်သည်။
ချီရွှမ်းစုအတွက်တော့ ဤလောကတွင် အရေးအကြီးဆုံးအရာမှာ သူ့အသက်သူ ကြံဖန်မွေးဖို့ဖြစ်သည်။ သူက ခြိမ်းခြောက်ခံရမည်ဆိုလျှင် အရင်ဆုံး သူ့ကိုယ်သူကယ်တင်ရမည်ဖြစ်သည်။ အဆိုးဆုံးရလဒ်အနေဖြင့် သူက တာအိုဂိုဏ်းတော်ကနေ ထွက်ခွာပြီး ချင်းဖျင်အသင်း၏ အဖွဲ့ဝင်တစ်ဦးအဖြစ် ဆက်လက်ရှင်သန်ရပေလိမ့်မည်။
ထို့ကြောင့် ချီရွှမ်းစုက အရင်စတင်တိုက်ခိုက်ဖို့ကို ဝန်လေးမနေပေ။
ချီရွှမ်းစုက အသားပြားများကို သူ့ပန်းကန်လုံးထဲသို့ ယူထည့်ပြီး တူဖြင့် ညင်သာစွာလှန်လောနေသည်။
မီးဖိုဟင်းအိုးက ထွက်နေသော အငွေ့များကနေတစ်ဆင့် ပိုင်ယုံကွမ်း၏ အကြည့်က ချီရွှမ်းစုပေါ် ကျရောက်နေ၏။
ဤအချိန်မှာ လီကျန်းအာက နောက်ဆုံးဆက်လက်၍ မချုပ်တည်းနိုင်တော့ဘဲ စတင်၍ ငိုရှိုက်လာ၏။
ပိုင်ယုံကွမ်းက လီကျန်းအာကို ချက်ချင်းပင်လှည့်ကြည့်ပြိး အော်ငေါက်လိုက်သည်။
“နင်ဘာလို့ငိုနေတာလဲ… နင်နေမကောင်းဘူးဆိုရင် သွားနားလို့ ငါပြောထားတယ်လေ… ဧည့်သည်ရှေ့မှာ ငါ့ကို အရှက်မခွဲစမ်းနဲ့”
လီကျန်းအာက အသံတစ်ချက်ထွက်ခြင်းမရှိဘဲ သူမ၏ ခေါင်းကိုသာ သွင်သွင်ခါယမ်းနေသည်။
ချီရွှမ်းစုက စိတ်သက်သာစွာ သက်ပြင်းတစ်ချက်ချပြီး ပြောလိုက်သည်။
“သခင်မလီ… ခင်ဗျားက အဆင့် ၆ တာအိုဆရာတစ်ဦးပဲ… အဲဒါကြောင့် သာမန် ဖျားတာနာတာ မဝင်ရောက်တဲ့ ရှန်းထျန်သက်ရှိတစ်ဦးဖြစ်ရမှာပေါ့… ခင်ဗျား.. ဘာလို့ဖျားနာရတာလဲ… ဒဏ်ရာရထားလို့လား.. အခုနောက်ပိုင်း လူဆိုးဓားပြတွေက သောင်းကျန်းလာကြတယ်… ခင်ဗျားဂရုစိုက်သင့်တယ်”
လီကျန်းအာက အသံနှိမ့်ကာပြောလိုက်သည်။
“အမှုဆောင်ချီ… အခုလိုစိုးရိမ်ပူပန်ပေးတာ ကျေးဇူးတင်ပါတယ်… ဒါက နာတာရှည်ပြဿနာတစ်ခုပါ… ပြင်းပြင်းထန်ထန်မဟုတ်ဘူး.. ခဏလောက်နားလိုက်ရင် ကျွန်မကောင်းသွားမှာပါ”
ချီရွှမ်းစုက ညင်သာစွာခေါင်းညိတ်၍ သူ့ခါးက သေနတ်အိမ်ကို တိတ်တဆိတ်စမ်းလိုက်သည်။
သူ ချင်းပိုင်ဘုရားကျောင်းသို့ ရောက်မလာခင်ကတည်းက ချီရွှမ်းစုသည် အရေးပေါ်အသုံးပြုရန် သူ၏ ပစ္စတိုထဲမှာ နဂါးမျက်လုံးကျည်ဆန်ကို ထည့်ထားပြီးသားဖြစ်သည်။ အဲဒါကို ဤမျှအထိ မြန်မြန်ဆန်ဆန်အသုံးပြုလာရလိမ့်မည်ဟု ထင်မှတ်မထားပေ။
နဂါးမျက်လုံးကျည်ဆန်က စွမ်းအားကြီးမားသည်။ စီမုခံတပ်မှာတုန်းက အပြစ်သားများကို နောက်လှန်ကျသွားစေသည်က သက်သေဖြစ်သည်။ ထိုအပြစ်သားများက ရှန်းထျန်သက်ရှိ ကိုယ်ခံပညာသိုင်းသမားများလောက် သန်မာကြသည်။ ထိုအချိန်တုန်းက ချီရွှမ်းစုသည် သူတို့၏ရင်ဘတ်ကို တစ်ချက်စီပစ်ကာ သတ်ဖြတ်နိုင်ခဲ့သည်။
ပိုင်ယုံကွမ်းက အကာအကွယ်စွမ်းအားတစ်ခုခု သို့မဟုတ် ရတနာတစ်ခုခုကို သုံးမထားလျှင် ချီရွှမ်းစုက ပစ်ချက်တစ်ချက်ဖြင့် သူ့ကိုဒဏ်ရာအပြင်းအထန်ရရှိစေနိုင်သည်။ သို့မဟုတ် သူ့ကို သတ်ပင်သတ်နိုင်လောက်သည်။
သို့သော်လည်း အခြားသောအလှည့်အပြောင်း ပိုင်ယုံကွမ်း၏ တပည့်မ ပိုင်ယွဲ့ရှိနေသည်။ ပိုင်ယွဲ့က ကြံရာပါတစ်ဦးလား… သို့မဟုတ် ဘာမှမသိသည့် အပြစ်ကင်းစင်ရိုးသားသောလူတစ်ယောက်လား ချီရွှမ်းစု သေချာမသိပေ။
ပိုင်ယွဲ့ကို ပိုင်ယုံကွမ်း၏ ကြံရာပါတစ်ဦးအဖြစ် ယူဆမည်ဆိုလျှင် သူမက အဆင့် ၈ တာအိုဆရာတစ်ဦးသာ ဖြစ်နေမည်ဆိုလျှင်ပင် လျှော့မတွက်သင့်ပေ။ ဖြစ်ရပ်များစွာမှာ ချီရွှမ်းစုသည် သူ့ထက် အဆင့်နှင့် ကျင့်ကြံမှု ပိုမိုမြင့်မားသောပြိုင်ဘက်များကို အနိုင်ယူခဲ့ဖူးသည်။ ထို့ကြောင့် တခြားသူများကလည်း ထိုသို့ပြုလုပ်နိုင်သည်ဟု သူယူဆသည်။
ပိုင်ယုံကွမ်းက လီကျန်းအာကြောင့် အာရုံပျက်သွား၏။ သူက သူ့တပည့်မကို အမိန့်ပေးလိုက်၏။
“ယွဲ့အာ… သူ့ကို အခန်းဆီခေါ်သွားလိုက်”
“ကောင်းပါပြီဆရာ”
ပိုင်ယွဲ့က မတ်တတ်ထရပ်ပြီး လီကျန်းအာ၏ ဘေးသို့ ရောက်ရှိလာ၏။
“ဆရာကတော်… သွားကြရအောင်”
လီကျန်းအာက ပိုင်ယုံကွမ်းကိုကြည့်၍ ဖြည်းဖြည်းချင်းထရပ်ကာ ပိုင်ယွဲ့နှင့်အတူ ထွက်ခွာသွားပြီး နောက်ဆုံးမှာတော့ အခန်းထဲတွင် ချီရွှမ်းစုနှင့် ပိုင်ယုံကွမ်း နှစ်ဦးတည်းသာကျန်ခဲ့သည်။
ချီရွှမ်းစုက အမူအရာများစွာပြောင်းလဲခြင်းမရှိသော်လည်း သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက တင်းကျပ်လေးလံနေ၏။ ခါးမှာရှိသော နတ်နဂါးပစ္စတိုကို ဆွဲထုတ်ဖို့အသင့်ဖြစ်နေသည်။ ဤသည်မှာ ဓားထုတ်နည်းစနစ်ကနေ ဆင်းသက်လာသည့် သေနတ်ထုတ်နည်းစနစ်ဖြစ်သည်။
၎င်းက ရှုပ်ထွေးသောနည်းစနစ်တစ်ခုမဟုတ်သော်လည်း လက်တွေ့မှာ အတော်လေးအသုံးတည့်သည်။
ပိုင်ယုံကွမ်းက စကားပြောဖို့အလောတကြီးရှိမနေဘဲ အခြားသော အရံဟင်းလျာများကို မီးဖိုဟင်းအိုးထဲသို့ ထပ်ပေါင်းထည့်လိုက်၏။
ချီရွှမ်းစုကလည်း မဆင်မခြင်လှုပ်ရှားခြင်းမရှိပေ။
ပိုင်ယုံကွမ်းက အရံဟင်းလျာများကို ထည့်ပြုတ်ပြီးသွားနောက် သူက ဟက်ခနဲရယ်ကာ စကားပြောချင်သည်။ သို့သော်လည်း ဘုရားကျောင်းဝင်းတံခါးဆီကနေ ကျယ်လောင်သော အသံတစ်သံထွက်ပေါ်လာပြီး ပိုင်ယုံကွမ်းကို မှင်တက်သွားစေ၏။
ချီရွှမ်းစုက အချိန်ကိုက်ထွက်ပေါ်လာသော ဤအခွင့်အရေးကို ချက်ချင်းပင်အသုံးချပြီး သူတို့ကြားမှာရှိသော စားပွဲကို ကန်ထုတ်လိုက်သည်။ ကြေးအိုး၊ ဟင်းရည်၊ ဟင်းပွဲများနှင့် အိုးထဲက အဖြူရောင်အသားများက သူတို့ကြားမှာလွင့်ပျံပြီး သူတို့၏ အမြင်အာရုံကို ပိတ်ဆို့တားဆီးလိုက်သည်။
ချီရွှမ်းစုက နတ်နဂါးပစ္စတိုကို ခါးကနေ ဆွဲထုတ်လိုက်သည့်အချိန်မှာ သူ့လက်မက မောင်းတံကို ဖိထားပြီးသားဖြစ်နေလေပြီ။ သူက ပစ်မှတ်ကိုရှာဖွေမနေဘဲ သူ့မှတ်ဉာဏ်များအတိုင်း လှုပ်ရှားကာ ခလုတ်ကို ကုပ်ဆွဲလိုက်သည်။
ပစ္စတိုကနေ မီးနှင့် မီးခိုးလုံးတစ်လုံး ပေါက်ကွဲထွက်သွားပြီး နဂါးမျက်လုံးကျည်ဆန်က လျင်မြန်စွာလည်ပတ်၍ ပြောင်းကနေ ထွက်ခွာသွားသည်။
ချီရွှမ်းစုက သူ့ပစ်မှတ်ကို ထိ၊ မထိ စောင့်ကြည့်မနေဘဲ ပစ္စတိုထဲ ဒုတိယမြောက်ကျည်ဆန်ထပ်ထည့်နိုင်ရန် အကာအကွယ်ယူဖို့ ဘေးဘက်သို့ ချက်ချင်းပင်လှိမ့်ထွက်သွားသည်။
ကြေးအိုးက ကြမ်းပြင်ပေါ်သို့ ကျဆင်းသွားပြီး ပိုင်ယုံကွမ်း၏ ခန္ဓာကိုယ်က ထွက်ပေါ်လာသည်။ သူ့ရင်ဘတ်ကနေ ပြန့်ကားလာသော သွေးကွက်တစ်ကွက်ရှိသော်လည်း အသက်ဘေးနှင့် ဝေးကွာသေးလေသည်။ သူက ဒဏ်ရာအပြင်းအထန်ပင် ရရှိမသွားပေ။
ပိုင်ယုံကွမ်း၏ မျက်နှာပေါ်မှာ မကောင်းဆိုးဝါးဆန်ဆန် အပြုံးတစ်ခုရှိနေပြီး အပစ်ခံလိုက်ရသော သူ့ရင်ဘတ်ကဒဏ်ရာကို လက်ဖြင့်အုပ်လိုက်သည်။
“ထျန်ကန်းခန်းမက လက်ရွေးစင်တစ်ဦးဆိုတဲ့အတိုင်းပဲ၊ မင်းက တကယ့်ကို သာမန်တာအိုဆရာတွေနဲ့ ကွဲပြားနေတာပဲ။”
ချီရွှမ်းစုက တံခါးအပြင်ဘက် တိုင်လုံးတစ်လုံးမှာကွယ်ပြီး ခေါင်းအနည်းငယ်စောင်းကာ ပိုင်ယုံကွမ်းကို ချောင်းကြည့်လိုက်သည်။
ပိုင်ယုံကွမ်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ခပ်ဖျော့ဖျော့ရွှေရောင်အလင်းတစ်ခုရှိနေသည်ကို သတိထားမိလိုက်သည်။ ချီရွှမ်းစုသည် မကြာသေးခင်ကမှ ရှေးဟောင်းဘုရားကျောင်းကတိုက်ပွဲမှာ ဤမြင်ကွင်းကို တွေ့မြင်ခဲ့ဖူးသည်။ ကျန်းယွဲ့လု ဒဏ်ရာအပြင်းအထန်ရရှိစေခဲ့သည့် နတ်ဆရာမသည်လည်း ဤကဲ့သို့သော မှော်စွမ်းအားများကို အသုံးပြုခဲ့သည်။ သူမသည် နတ်ဆရာ၏ ရွှေခန္ဓာနယ်ပယ်မှာ ရှိလေသည်။
ပိုင်ယုံကွမ်းက နတ်ဆရာတစ်ဦးအဖြစ် ပေါ်ထွက်လာသည်။
နတ်ဆရာတစ်ဦး၏ ခွန်အားသည် သူတို့လက်ခံရရှိသော ပူဇော်ပသစွမ်းအားပမာဏနှင့် ပတ်သက်ဆက်စပ်နေသည်။ တာအိုဘုရားကျောင်းများက ပူဇော်ပသစွမ်းအားကို အရံအဖြစ် အမြဲတမ်းသိမ်းဆည်းထားတတ်ကြသည်။ တာအိုဘုရားကျောင်းက လက်ခံရရှိသည့် ပူဇော်ပသမှု ပိုမိုများပြားလေ အရံသိမ်းဆည်းထားသည့် ပူဇော်ပသစွမ်းအားက ပိုမိုများပြားလေပင်။
တာအိုဂိုဏ်းတော်အတွက်တော့ ပူဇော်ပသစွမ်းအားသည် အင်ပါယာနန်းတော်၏ အခွန်အကောက်ငွေကြေးနှင့်ဆင်တူသည်။ ဒေသဆိုင်ရာ တာအိုဘုရားကျောင်းများသည် သူတို့၏ ပူဇော်ပသစွမ်းအားကို နှစ်ကုန်မှာ ဒေသဆိုင်ရာ တာအိုစံအိမ်များထံ လွှဲပြောင်းပေးရသည်။ စိတ်ဝိညာဉ်တပ်သားများအတွက် ပူဇော်ပသစွမ်းအား၏ တစ်စိတ်တစ်ပိုင်းကို အရံအဖြစ်သိမ်းဆည်းပြီးနောက် ဒေသဆိုင်ရာတာအိုစံအိမ်များသည် ကျန်ရှိနေသောအရာကို ဘိုးဘေးကျောင်းတော်ထံ လွှဲပြောင်းပေးရသည်။ ထို့နောက် ပူဇော်ပသစွမ်းအားကို နတ်ဆရာများကျင့်ကြံဖို့အတွက် သို့မဟုတ် စိတ်ဝိညာဉ်တပ်သားသစ်များ လေ့ကျင့်ပေးဖို့အတွက် စသည်ဖြင့် အညီအမျှခွဲဝေပေလိမ့်မည်။
ချင်းပိုင်ဘုရားကျောင်းက လက်ခံရရှိသည့် ပူဇော်ပသမှုက နည်းပါးသော်လည်း အရံသိမ်းဆည်းထားမှု ရှိနေနိုင်သည်။ ပိုင်ယုံကွမ်းက ပူဇော်ပသစွမ်းအားကို အသုံးပြုမည်ဆိုလျှင် သူ၏တိုက်ခိုက်ရည်ခွန်အားသည် နတ်သက်ကြွေအင်မော်တယ်များနှင့် ယှဉ်နိုင်လာပေလိမ့်မည်။
ပိုင်ယုံကွမ်းက အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်သည်။ သူက ချပ်ဝတ်တန်ဆာဝတ်ဆင်၍ ကျာပွတ်နှစ်လက်ကိုင်ဆွဲထားသည့် ဆယ့်ငါးပေခန့်မြင့်မားသော စိတ်ဝိညာဉ်ရုပ်တုတစ်ခုကို ဆင့်ခေါ်လိုက်၏။ ရုပ်တုက လျှပ်စီးလျှပ်ပန်းများဖြင့် တဖျတ်ဖျတ်လက်နေပြီး ချီရွှမ်းစုသည် မိုးကြိုးသံဖျော့ဖျော့ကိုပင် ကြားနေရသည်။
စိတ်ဝိညာဉ်ရုပ်တုက ကျာပွတ်နှစ်ခုကို လွှဲယမ်းပြီး ချီရွှမ်းစုပုန်းကွယ်နေသည့် ကျောက်တိုင်ကို ပစ်ရိုက်ကာ ခါးလယ်ကနေ ပြတ်ကျသွားစေသည်။
သေရေးရှင်ရေးအခိုက်အတန့်မှာ ချီရွှမ်းစုက ဘေးဘက်သို့လှိမ့်ထွက်ကာ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။
ပိုင်ယုံကွမ်းက ရယ်မောလိုက်၏။
“အမှုဆောင်ချီ… မင်းက ငါကျွေးတဲ့ဝက်သားကို မစားချင်ဘူးဆိုမှတော့ မင်းက သိုးသားကို ပိုပြီးကြိုက်တယ်လို့င ငါမှတ်ယူလိုက်မယ်… ဒါဆိုလည်း ငါမင်းကို သိုးတစ်ကောင်အဖြစ် ပြောင်းလဲပေးလိုက်မယ်ဆိုရင်ကော”
သူ့စကားမဆုံးသေးခင် သူက ချီရွှမ်းစုကို လက်ညှိုးဖြင့် ထိုးညွှန်လိုက်၏။
ဤသည်မှာ နတ်ဆရာများ၏ ဂမ္ဘီရစွမ်းရည် ကောင်းကင်စစ်သူကြီး ၃၆ ဦး အသွင်းပြောင်းလဲခြင်းနည်းစနစ်ငယ်ဖြစ်သည်။ ၎င်းသည် အတုအယောင်ဖြစ်သောတစ်စုံတစ်ရာကို အစစ်အမှန်အဖြစ် ပြောင်းလဲပေးနိုင်သည်။ ဂမ္ဘီရဝိဇ္ဇာတစ်ဦးသည် ကောင်းကင်ဘုံသက်ရှိအဆင့်ကို ရောက်ရှိပြီးမှသာ ဤနည်းစနစ်ကို ကျင့်ကြံနိုင်ကြသည်။ သို့သော်လည်း နတ်ဆရာများကတော့ လုံလောက်သည့် ပူဇော်ပသစွမ်းအားကို ရရှိသည်နှင့် ရှန်းထျန်သက်ရှိအဆင့်မှာပင် ဤနည်းစနစ်ကို အသုံးပြုနိုင်ကြသည်။
ရုတ်တရက် လျှို့ဝှက်ဆန်းကြယ်သော အင်အားတစ်ခုက ချီရွှမ်းစုထံကျရောက်ပြီး သူ၏ ခန္ဓာကိုယ်ကို ပြောင်းလဲပစ်လိုသည်။
တစ်ချိန်တည်းမှာပင် ချီရွှမ်းစု၏ ခန္ဓာကိုယ်ကနေ နောက်ထပ်အင်အားတစ်ခုက တိုးထွက်လာပြီး ဤပြောင်းလဲမှုကို ခုခံထား၏။ နောက်ဆုံးမှာတော့ အင်အားနှစ်ခုက တစ်ခုကိုတစ်ခုချေဖျက်လိုက်ကြ၏။ ပိုင်ယုံကွမ်းသည် ချီရွှမ်းစုကို သိုးတစ်ကောင်အဖြစ် ပြောင်းလဲရာမှာ မအောင်မြင်လိုက်ပေ။
ပိုင်ယုံကွမ်းက စစချင်း တုန်လှုပ်သွားသော်လည်း ထို့နောက် ရွှင်မြူးအားရလာ၏။
“လက်စသတ်တော့ မင်းကထူးခြားတဲ့ကိုယ်ကာယနဲ့ လူတစ်ယောက်ဖြစ်နေတာပဲ… အဲလိုဆိုမှတော့ မင်းက ငွေလင်ဗန်းပေါ်မှာ အသုံးတော်ခံဖို့ ကံပါလာခဲ့တာပေါ့။”