ကောင်းကင်ဘုံစစ်သူကြီး ၃၆ ဦး အသွင်ပြောင်းလဲခြင်းနည်းစနစ်ငယ်က လျှို့ဝှက်ဆန်းကြယ်သော်လည်း ၎င်းမှာ ကြီးမားသည့် အားနည်းချက်တစ်ခုရှိလေသည်။ ကျင့်ကြံမှုအဆင့်တူသော ပြိုင်ဘက်တစ်ဦးနှင့် ရင်ဆိုင်ရပါက ဤနည်းစနစ်သည် ပြိုင်ဘက်ကို ခေတ္တခဏသာ ထိန်းချုပ်ထားနိုင်ပြီး ကျရှုံးသွားနိုင်ခြေရှိသည်။ ဒါ့အပြင် ၎င်းသည် လူတစ်ယောက်၏ စွမ်းအင်ကို ကြီးမားစွာကုန်ဆုံးစေပြီး များသောအားဖြင့် အသုံးပြုဖို့မထိုက်တန်ပေ။ ကျင့်ကြံမှုတစ်ဆင့်နိမ့်သူများနှင့် ရင်ဆိုင်ရမှသာ ဤနည်းစနစ်က ထိရောက်မှုရှိပေလိမ့်မည်။
ပိုင်ယုံကွမ်းနှင့် ချီရွှမ်းစုမှာ ကျင့်ကြံမှုအဆင့်နှစ်ဆင့် ကွာဟနေပြီး ချီရွှမ်းစုသည် ဤနည်းစနစ်ကို ခံနိုင်ရည်မရှိသင့်ပေ။ သို့သော်လည်း ဤနည်းစနစ်က သူ့ပေါ်မှာ ထိရောက်မှုရှိမလာပေ။ ထို့ကြောင့် ဖြစ်နိုင်ခြေက တစ်ခုတည်းသာရှိတော့သည်။ ချီရွှမ်းစုသည် အသွင်ပြောင်းလဲခြင်း ဤမှော်အမျိုးအစားကို သဘာဝအလျောက်ခံနိုင်ရည်ရှိသည့် ထူးခြားသောကိုယ်ကာယနှင့် မွေးဖွားလာခြင်းပင်။
ဤသည်မှာ သန်မာသော ကိုယ်ခံပညာသိုင်းသမားများက ဂမ္ဘီရဝိဇ္ဇာများ၏ အစီအရင်ကို ခံနိုင်ရည်ရှိခြင်းနှင့် ဆင်တူလေသည်။ သွေးချီနှင့် ခန္ဓာကိုယ်က ရုပ်ပိုင်းဆိုင်ရာတည်ရှိမှုများဖြစ်သောကြောင့် သူတို့၏ ခန္ဓာနှင့်သွေးချီကို အဆက်မပြတ်လေ့ကျင့်ထားသည့် ကိုယ်ခံပညာသိုင်းသမားတစ်ဦးသည် ဂမ္ဘီရဝိဇ္ဇာတစ်ဦး၏ အစီအရင်ကို ခုခံနိုင်သည်။ တစ်ချိန်တည်းမှာပင် ကိုယ်ခံပညာသိုင်းသမားက ဤအစီအရင်ကို အသုံးပြုနိုင်မည်လည်း မဟုတ်ပေ။
ဤလောကမှာ သဘာဝအလျောက် သန်မာသော သွေးချီနှင့် ကြီးမားသော ခွန်အားနှင့် မွေးဖွားလာသည့် ထူးခြားခန္ဓာကိုယ်ပိုင်ရှင်များစွာရှိလေသည်။ ဤလူအများစုသည် ထိပ်သီးကိုယ်ခံပညာသိုင်းသမားများ ဖြစ်လာတတ်ကြသည်။ အားနည်းချက်ရှိသော အခြားသူများကတော့ ဒုတိယရွေးချယ်စရာအနေဖြင့် စိတ်ဝိညာဉ်တပ်သားများဖြစ်လာနိုင်ကြသည်။
ဤကဲ့သို့သောသူများကိုရှာဖွေဖို့က မခက်ခဲပေ။ ဤလောကက ကြီးမားကျယ်ပြောပြီး ရှားရှားပါးပါး နတ်သက်ကြွေအင်မော်တယ်များပင် အရေအတွက်တစ်ခုထိ ရှိနေကြသည်။ သို့သော်လည်း တာအိုဂိုဏ်းတော်နှင့် ဝတ်ရုံနက်များက ဤကဲ့သို့သော ကိုယ်ကာယနှင့်လူများကို စိတ်ဝင်စားကြသည်။ ထို့ကြောင့် သူတို့အများစုကို တာအိုဂိုဏ်းတော်နှင့် အင်ပါယာနန်းတော်က ခေါ်ယူစုဆောင်းထားပြီဖြစ်သည်။
သူတို့ထဲမှ အနည်းအကျဉ်းကသာ လျှို့ဝှက်အသင်းအဖွဲ့များ၏ လက်ထဲသို့ ရောက်ရှိသွားကြသည်။ ဒါ့အပြင် လျှို့ဝှက်အသင်းအဖွဲ့သည် ဤကဲ့သို့သော မွေးရာပါ ပါရမီရှင်များကို ပေါင်းကူးခန္ဓာအဖြစ် အသုံးပြုလိုခြင်းမရှိပေ။ ထို့ကြောင့် လျှို့ဝှက်အသင်းအဖွဲ့များအတွက် အကောင်းဆုံးရွေးချယ်စရာမှာ တာအိုဂိုဏ်းတော်မှ ထိုကဲ့သို့သောလူတစ်ယောက်ကို ဖမ်းဆီးရန်ဖြစ်သည်။ ထိုသို့ဆိုလျှင်ပင် လျှို့ဝှက်အသင်းအဖွဲ့များသည် ထိုလူများကို ဖမ်းဆီးရန် ဒေသဆိုင်ရာတာအိုစံအိမ် သို့မဟုတ် ဝတ်ရုံနက်များ၏ စစ်စခန်းများသို့ အလွယ်တကူ မဝင်ရောက်နိုင်ပေ။
သူတို့၏ ပေါင်းကူးခန္ဓာကို ကြိုးစားအားထုတ်စရာမလိုဘဲ ရှာဖွေတွေ့ရှိသွားသည်ဟု ပိုင်ယုံကွမ်းက ယူဆလိုက်၏။ ထူးခြားခန္ဓာနှင့် ဤလူက သူ့တံခါးဝကို ကိုယ်တိုင်ရောက်ရှိလာသောကြောင့် အဲဒါက ကံကြမ္မာပင်ဖြစ်သည်။
သူက ထူးခြားခန္ဓာနှင့် မွေးဖွားလာသူ မဟုတ်ဘူးဆိုတာ ချီရွှမ်းစုသာ သိရှိထားသည်။ သူသာ ထိုသို့ဟုတ်ခဲ့မည်ဆိုလျှင် ဝမ်ရှန်းတာအိုနန်းတော်မှာကတည်းက အကြီးအကဲများက အဲဒါကို ရှာဖွေတွေ့ရှိသွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူသည် ကျန်းယွဲ့လုလိုမျိုး အဆောင်အယောင်ကို ခံစားနိုင်ပေလိမ့်မည်။ သူသည် ဝမ်ရှန်းတာအိုနန်းတော်မှ အခြေခံသင်ရိုးများကို ကျော်လွှားပြီး သူတော်စင်များနှင့် မဟာသူတော်စင်များ၏ ကိုယ်တိုင်သင်ကြားပေးခြင်းကို ခံရပေလိမ့်မည်။
သူ၏ထူးခြားသော ကိုယ်ကာယအတွက် တစ်ခုတည်းသော ရှင်းပြစရာမှာ ချင်းဖျင်အသင်းတော်၏ ခန္ဓာကိုယ်အသွင်ပြောင်းလဲခြင်းဖြစ်သည်။ ခန္ဓာကိုယ်အသွင်ပြောင်းလဲခြင်းကို ဖြတ်ကျော်ပြီးနောက် သူ့ခန္ဓာကိုယ်က အလွန်တရာမာကျောလာခဲ့သည်။ ထိုသို့ဖြင့် သူသည် သူ၏အစွမ်းကုန်ကို ထုတ်သုံးပါက ယွီရှုအဆင့် ကိုယ်ခံပညာသိုင်းသမားများနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်သည်။
သို့သော်လည်း သူ့ခန္ဓာက နတ်ဆရာ၏ အစီအရင်များကိုပါ ခံနိုင်ရည်ရှိလိမ့်မည်ဟု ချီရွှမ်းစုမသိခဲ့ပေ။ အစ်မချီကလည်း ထိုအကြောင်းကို ဘယ်တုန်းကမှ မပြောဆိုခဲ့ပေ။ ထို့ကြောင့် ချင်းဖျင်အသင်းတော်က သူ့ခန္ဓာကိုယ်ကို ဘယ်လိုအသွင်ပြောင်းလဲမှုမျိုး ပြုလုပ်ပေးခဲ့သလဲ သူ ပို၍ပင် သိချင်လာမိသည်။ အဲဒါက ဒဏ္ဍာရီလာ ခြင်ဆီရှင်းလင်းခြင်းရွှေသုတ္တန်ဖြစ်နေမလား။
ချီရွှမ်းစုသည် သူ့လက်ကနေ မလွတ်မြောက်နိုင်တော့ဟု ပိုင်ယုံကွမ်းက တွက်ဆလိုက်ပြီး တည်ငြိမ်စွာပြောလိုက်၏။
“ပေါင်းကူးခန္ဓာကို ပျက်စီးထိခိုက်အောင်လုပ်လို့မရဘူး… အဲဒါကြောင့်ငါမင်းကို သတ်လို့မရဘူးနဲ့တူတယ်… ငါ အခုလောလောဆယ် မင်းကို အသက်ရှင်ခွင့်ပေးထားဦးမယ်”
ချီရွှမ်းစု၏ နှလုံးခုန်က မြန်လာ၏။ သူသည် ရှေးဟောင်းအင်မော်တယ်များအကြောင်း ကျန်းယွဲ့လုကို မေးမြန်းခဲ့စဉ်က လျှို့ဝှက်အသင်းအဖွဲ့များသည် ရှေးဟောင်းအင်မော်တယ်များ အပ်နှင်းသည့် ဂမ္ဘီရစွမ်းအားကို စုပ်ယူရန် သက်ရှိလူသားများကို ပေါင်းကူးခန္ဓာအဖြစ်အသုံးပြုတတ်ကြောင်း ကျန်းယွဲ့လုပြောခဲ့ဖူးသည်။
သူ၏ ထက်မြတ်သော စိတ်နှင့်အတူ ချီရွှမ်းစုက သဲလွန်စများကို ချက်ချင်းပင် ဆက်စပ်မိသွားသည်။
ခရမ်းရောင်ကြယ်တာရာနက္ခတ်ဗေဒင်ကိုသုံးပြီး ကျန်းယွဲ့လု တွက်ချက်ခဲ့သည့်မြင်ကွင်းကို ပြန်လည်မြင်ယောင်ကြည့်ကာ ပိုင်ယုံကွမ်းသည် ရှေးဟောင်းအင်မော်တယ်ယုံကြည်သူခုနှစ်ဦးထဲမှ တာအိုဆရာဖြစ်လိမ့်မည်ဟု သူပုံဖော်မိသွားသည်။
သူသည် တိတ်ဆိတ်ခြောက်ကပ်သော အစွန်အဖျား တာအိုဘုရားကျောင်းတစ်ခုသို့ နှင်ထုတ်ခံထားရသည့်အတွက် ဤအဆင့် ၄ ကျောင်းထိုင်ဆရာက လျှို့ဝှက်အသင်းအဖွဲ့တစ်ခုသို့ ဝင်ရောက်သွားမည်ဆိုလျှင် သိပ်ပြီး အံ့အားသင့်စရာမရှိပေ။ သူ့မှာ ဆက်စရာလမ်းမရှိတော့သည့်အတွက် ပိုင်ယုံကွမ်းက မခံမရပ်နိုင်ဖြစ်နေခဲ့ပေလိမ့်မည်။ ထိုသို့ဖြင့် သူက လျှို့ဝှက်အသင်းအဖွဲ့တစ်ခုသို့ ဝင်ရောက်ဖို့ ရွေးချယ်ခဲ့ခြင်းဖြစ်ပေမည်။
နတ်ဆရာမနှင့် ဝတ်ရုံနက်အမျိုးသားကို ဖယ်ထုတ်လိုက်မည်ဆိုလျှင် ကျန်းယွဲ့လု၏ ဂမ္ဘီရတွက်ချက်မှုမှာ ရှေးဟောင်းအင်မော်တယ်တာအိုယုံကြည်သူငါးဦး ကျန်ရှိနေသည်။ တာအိုဆရာက ပိုင်ယုံကွမ်းဖြစ်သည်ဆိုလျှင် အင်ပါယာနန်းတော်အရာရှိ၊ စာပေပညာရှင်၊ အထက်တန်းလွှာအမျိုးသားနှင့် ဘုန်းကြီးက ဘယ်သူတွေဖြစ်မလဲ။ သူတို့ကလည်း သူတို့ရဲ့ သရုပ်သကန်တွေကို ဖုံးကွယ်ထားကြတာလား။
ချီရွှမ်းစုက အပြည့်အဝပုံမဖော်နိုင်ခင် ပိုင်ယုံကွမ်းက လှုပ်ရှားမှုပြုလုပ်လာပြီဖြစ်သည်။ ပိုင်ယုံကွမ်း၏ စိတ်ဝိညာဉ်ရုပ်တုက ကျာပွတ်တစ်လက်ကိုကိုင်ပြီး ချီရွှမ်းစုရှိရာသို့ တန်းတန်မတ်မတ်ဝင်ရောက်လာသည်။ စိတ်ဝိညာဉ်ရုပ်တုက ခြေတစ်လှမ်း လှမ်းတိုင်း ချီရွှမ်းစုက ပို၍ပင်ကြောက်ရွံ့တုန်လှုပ်လာ၏။
ချီရွှမ်းစုသည် ရုတ်တရက်ခုန်ထွက်ပြီး စိတ်ဝိညာဉ်ရုပ်တု၏ ဦးခေါင်းကို ချိန်ရွယ်ကာ နတ်နဂါးပစ္စတိုကို ခလုတ်ကုပ်လိုက်သည်။
သေနတ်သံနှင့်အတူ စိတ်ဝိညာဉ်ရုပ်တု၏ ဦးခေါင်းက မီးတောက်လုံးတစ်လုံးအဖြစ် ပေါက်ကွဲထွက်သွား၏။ မီးပွားများစွာက ဖွားခနဲစင်ထွက်ပြီး ထိတွေ့ရိုက်ခတ်မှုမှာ ရုပ်တုက နောက်သို့လန်၍ ခေတ္တခဏရပ်တန့်သွားသည်။
ချီရွှမ်းစုက နောက်သို့ခုန်ဆုတ်ပြီး တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူ၏ ပစ္စတိုထဲ နောက်ဆုံးကျည်ဆန်ကို ထည့်နေသည်။
ပိုင်ယုံကွမ်းက တည်ငြိမ်စွာဖြင့် ရယ်မောလိုက်၏။
“မင်းမှာ နောက်ထပ်နဂါးမျက်လုံးကျည်ဆန်ရှိနေတာလား… အဲဒါက ဈေးကြီးပြီးရဖို့ခက်တယ်… မင်းမှာ နောက်ခံကောင်းကောင်းတစ်ခုရှိထားတဲ့ပုံပဲ”
ထိုအချိန်မှာ စိတ်ဝိညာဉ်ရုပ်တုက ရှေ့သို့ နောက်တစ်ဖန်တက်လှမ်းလာပြီး သူ့လက်ထဲရှိ ကျာပွတ်နှင့်လွှဲရိုက်ချလိုက်၏။
ချီရွှမ်းစုသည် တစ်ဘက်သို့ခုန်၍ လှိမ့်ချခြင်းဖြင့် ရိုက်ချက်ကို ပွတ်ကာသီကာ ရှောင်တိမ်းလိုက်နိုင်သည်။
ကျာပွတ်က မြေကြီးကို ထိခတ်မိသောအခါ ဆယ်ပေခန့်ရှည်လျားသော ချိုင့်ခွက်တစ်ခု ပေါ်ထွက်လာပြီး မြေပြင်က ပြင်းထန်စွာလှုပ်ခါသွားသည်။
ထိုအခိုက်အတန့်မှာ ပိုင်ယုံကွမ်း၏ စိတ်ဝိညာဉ်ရုပ်တုနှင့် ချီရွှမ်းစုကြား လူတစ်ယောက်က အတင်းအကြမ်းဝင်ရောက်လာသည်။ ဖောင်းကြွနေသော သွေးကြောများနှင့် ဖုထစ်နေသော ကြွက်သားများနှင့်အတူ ထိုလူ၏ လက်သီးက ရွှေရောင်အလင်းဖြင့် တောက်ပနေ၏။
အသစ်ဝင်ရောက်လာသူက စိတ်ဝိညာဉ်ရုပ်တုကို ပစ်ထိုးလိုက်သည်။ သို့သော်လည်း သူ့ထိုးချက်က စွမ်းအားကြီးမားလွန်းပြီး စိတ်ဝိညာဉ်ရုပ်တုအပါအဝင် အရာရာတိုင်းကို ဖျက်ဆီးပစ်နိုင်ပုံရသည်။
ဤလူက ပိုင်ယုံကွမ်းနှင့် ဆက်လက်၍တိုက်ခိုက်ပြီး ပိုင်ယုံကွမ်းကို အငိုက်ဖမ်းကာ ထိုသူ၏ ရင်ဘတ်ကို ထိထိမိမိ ပစ်ထိုးလိုက်နိုင်သည်။
ပိုင်ယုံကွမ်း၏ ရင်ဘတ်က စောစောက ချီရွှမ်းစု၏ ကျည်ဆန်ဖြင့် ထိမှန်ခံထားရပြီဖြစ်သည်။ ထိုထိုးချက်နှင့်အတူ သူ့ရင်ဘတ်က ကြောက်စရာကောင်းလောက်အောင် ချိုင့်ဝင်သွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက ကြိုးပြတ်သွားသော စွန်လို နောက်သို့ စင်ထွက်သွားသည်။ သူက ဘေးဘက်ခန်းမရှိ ပင်မထောက်တိုင်ကို ပစ်တိုက်မိပြီး ၎င်းက ထက်ပိုင်းပြတ်ကျသွား၏။
ပင်မထောက်တိုင်၏ ထောက်ကန်မှုမရှိဘဲ ဘေးဘက်ခန်းမက ပြိုကျပြီး ပိုင်ယုံကွမ်းက အပျက်အစီးပုံများအောက် နစ်မြုပ်သွားလေသည်။
ကြားဖြတ်တိုက်ခိုက်လာသူက ဖီးနစ်စိမ်းတပ်ဖွဲ့၏ ကွပ်ကဲရေးဗိုလ်မှူး ဝမ်ကျိချန်ပင်ဖြစ်သည်။ ရှုခိုလိုပင် ဝမ်ကျိချန်ကလည်း ကွေ့ကျန်းအဆင့် ကိုယ်ခံပညာသိုင်းသမားတစ်ဦးဖြစ်သည်။ သို့သော် ရှုခိုသည် ကွေ့ကျန်းအဆင့်ကို ရောက်ရှိခါစသာဖြစ်ပြီး ဝမ်ကျိချန်ကတော့ ကွေ့ကျန်းအဆင့်သို့ ရောက်ရှိနေခဲ့သည်မှာ ကြာနေပြီဖြစ်သည်။
ကျန်းယွဲ့လုက သူမ၏ ချီ တစ်စိတ်တစ်ပိုင်းကို အမြုတေအဖြစ် စုဖွဲ့နိုင်ခါစဖြစ်သည်။ ဝမ်ကျိချန်ကတော့ သူ၏ သွေးကြောဆုံမှတ်များမှာ သူ့ခန္ဓာနှင့် စိတ်ဝိညာဉ်ကို စုဖွဲ့ထားနိုင်ပြီဖြစ်သည်။ သူ၏ တိုက်ခိုက်ရည်ခွန်အားက ရှုခိုထက် များစွာသာလွန်လေသည်။
ဂမ္ဘီရဝိဇ္ဇာတစ်ဦးက တိုက်ပွဲတစ်ခုမှာ အကွာအဝေးတစ်ခုခြားထားမှသာ ကိုယ်ခံပညာသိုင်းသမားက အသည်းအသန်အခြေအနေတစ်ခုမှာ ကျရောက်ရပေလိမ့်မည်။ ထို့ကြောင့်ပင် ထုံထျန်မြစ်မှာ လှေတိမ်းမှောက်ခဲ့စဉ်က ဝမ်ကျိချန်သည် တုံ့ပြန်တိုက်ခိုက်ဖို့ ဘာမှမလုပ်နိုင်ခြင်းဖြစ်သည်။
သို့သော်လည်း အနီးကပ်တိုက်ခိုက်မှုမှာ ကိုယ်ခံပညာသိုင်းသမားများသည် ဂမ္ဘီရဝိဇ္ဇာများ၊ နတ်ဆရားများနှင့် လေလွင့်ကျင့်ကြံသူများအပေါ် အသာစီးရယူနိုင်သည်။ သိသာထင်ရှားသော အားနည်းချက်မရှိသည့် ချီသန့်စင်သူများနှင့် အရာရာတိုင်းမှာ ကျွမ်းကျင်နှံ့စပ်သော နတ်သက်ကြွေအင်မော်တယ်များသာလျှင် အနီးကပ်တိုက်ခိုက်ရည်မှာ ကိုယ်ခံပညာသိုင်းသမားများနှင့် ရင်ဆိုင်နိုင်စွမ်းရှိလေသည်။ ထို့ကြောင့်ပင် ဝမ်ကျိချန်က ထိုးချက်တစ်ချက်ဖြင့် ပိုင်ယုံကွမ်းကို ဒဏ်ရာအပြင်းအထန်ရရှိသွားစေနိုင်ခြင်းဖြစ်သည်။
ဝမ်ကျိချန်ပေါ်ထွက်လာခြင်းက တိုက်ဆိုင်မှုတစ်ခုဖြစ်သည်။ သူသည် ထုံထျန်မြစ်မှာ သူ့ကိုစောင့်ကြိုတိုက်ခိုက်ခဲ့သည့် နတ်ဆရာများထံကနေ ထွက်ပြေးလွတ်မြောက်လာပြီးနောက် ဒေသခံတပ်မှူးရုံးနှင့် ဒုစစ်ကဲရုံးက သံသယဝင်စရာကောင်းသည်ဟု ဝမ်ကျိချန်ခံစားမိခဲ့သည်။ သူ၏ ခရီးစဉ်အကြမ်းဖျင်းကို သူတို့သာလျှင် သိရှိထားသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူသည် ဒေသခံတာအိုဘုရားကျောင်းကို အကူအညီတောင်းရမည်ဟု ဝမ်ကျိချန်က တွေးခဲ့သည်။
ဖီးနစ်စိမ်းတပ်ဖွဲ့က အကျင့်ပျက်ခြစားနေမည်ဆိုလျှင်ပင် ဒေသခံတာအိုဘုရားကျောင်းက သူ့ကိုကူညီပေးလောက်သည်။ ထို့ကြောင့် သူက ချင်းပိုင်ဘုရားကျောင်းသို့ လာရောက်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ဝမ်ကျိချန်က တာအိုဘုရားကျောင်း၏ ဝင်းတံခါးသို့ ရောက်ရှိလာသည့်အချိန်မှာ ထွက်ပြေးဖို့ကြိုးစားနေသော လီကျန်းအာနှင့် နောက်ကနေ လိုက်ပါနေသော ပိုင်ယွဲ့ကို သူမြင်တွေ့ခဲ့သည်။ လီကျန်းအာက ဝမ်ကျိချန်ကို ချက်ချင်းပင် အကူအညီတောင်းခဲ့သည်။ ပိုင်ယွဲ့က အခြေအနေမကောင်းတော့သည်ကို တွေ့မြင်သောအခါ သူမက တာအိုဘုရားကျောင်းရှိရာသို့ ပြန်ပြေးပြီး တံခါးများကို ဝုန်းခနဲပိတ်ချလိုက်သည်။ ထိုအသံကြောင့်ပင် ချီရွှမ်းစုက ပိုင်ယုံကွမ်းကို တိုက်ခိုက်ဖို့ အခွင့်အရေးစတင်ရရှိခဲ့ခြင်းဖြစ်သည်။
ဝမ်ကျိချန်က ချီရွှမ်းစုကို စကားပြောချင်သော်လည်း သူက တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး ဆတ်ခနဲလှည့်လိုက်သည်။
ပြိုကျနေသော ဘေးဘက်ခန်းမကနေ မီးတောက်များက ရုတ်တရက်ကန်ထွက်လာ၏။ အပျက်အစီးများကို လေထဲသို့ တွန်းထုတ်ပြီး ဖုန်များက တထောင်းထောင်းထသွား၏။ သူ၏ဘေးပတ်လည်မှာ စိတ်ဝိညာဉ်ရုပ်တုရှိနေဆဲဖြစ်သော ပိုင်ယုံကွမ်းက ဖြည်းဖြည်းချင်းမတ်တတ်ထရပ်လာ၏။
ပိုင်ယုံကွမ်းသည် ထိုးချက်တစ်ချက်ဖြင့် သူ့ကို ဒဏ်ရာအပြင်းအထန်ရရှိစေခဲ့သည့်လူကို ကြည့်ပြီး ဖြည်းဖြည်းချင်းပြောလိုက်သည်။
“ကောင်းကင်ချိတ်ဆက်နယ်ပယ်က ကိုယ်ခံပညာသိုင်းသမားတစ်ဦးက တကယ့်ကိုသန်မာတာပဲ”
ကောင်းကင်ချိတ်ဆက်နယ်ပယ်သည် ကိုယ်ခံပညာသိုင်းသမား၏ သွေးကြောဆုံမှတ်များက ကြယ်များနှင့် လျှို့ဝှက်ဆန်းကြယ်သော ချိတ်ဆက်မှုပြုလုပ်လာနိုင်သည့်အဆင့်ဖြစ်သည်။ သူသည် ကြယ်များထံမှစွမ်းအားကို စုပ်ယူနိုင်ပြီး ၎င်းကို သူ၏သွေးချီနှင့်ပေါင်းစည်း၍ သူတို့၏ သွေးကြောဆုံမှတ်များမှာ သူတို့၏ ခန္ဓာနှင့်စိတ်ဝိညာဉ်ပုံစံငယ်များကို စုဖွဲ့နိုင်ကြသည်။ ကိုယ်ခံပညာသိုင်းသမားတစ်ဦးသည် ခန္ဓာကိုယ်ထဲမှ သွေးကြောဆုံမှတ် ၃၆၅ ခုစလုံးကို စုဖွဲ့နိုင်မည်ဆိုလျှင် သူတို့က ဒေဝနယ်ပယ်သို့ ရောက်ရှိသွားပေလိမ့်မည်။
ပိုင်ယုံကွမ်းက မျက်လုံးနှစ်ဖက်ကိုမှိတ်ပြီး ရွတ်ဆိုလိုက်သည်။
“အန္တိမစုန်းနတ်ဘုရား…”
သူ စတင်ပြောဆိုလိုက်သည်နှင့် ချင်းပိုင်ဘုရားကျောင်း၏ ပင်မခန်းမထဲရှိ ရှေးဦးမူလတာအိုဘိုးဘေးရုပ်တုက ပေါက်ကွဲထွက်သွားသည်။
စောစောက ဝမ်ကျိချန်ဖျက်ဆီးခဲ့သည့် ရွှေရောင်စိတ်ဝိညာဉ်ရုပ်တုက ပုံပန်းသဏ္ဍာန်ပြောင်းလဲသွားသည်။ ၎င်းသည် ရုပ်ဖျက်ထားသော တာအိုဆရာတစ်ဦးပုံစံ ဆက်လက်၍မဟုတ်တော့ပေ။ ထိုအစား ၎င်းသည် လက်တစ်ဖက်စီမှာ မြွေစိမ်းတစ်ကောင်စီရစ်ပတ်ထားသည့် တောင်ပံနှစ်ဖက်၊ လက်လေးဖက်နှင့် ဝူလော၏ပုံစံအဖြစ် ပြောင်းလဲသွားသည်။
ဝမ်ကျိချန်က သူ့လက်သီးကိုဆုပ်လိုက်ပြီး သူ၏ လက်တံတစ်လျှောက်မှာ သွေးကြောများက ဖောင်းကြွလာ၏။ ထို့နောက် သူ၏ လက်တံတစ်လျှောက်မှာ သွေးကြောဆုံမှတ်များက တစ်ခုပြီးတစ်ခုလင်းလက်လာ၏။ သွေးကြောဆုံမှတ်ငါးဆယ်နီးပါးက မျဉ်းတစ်ကြောင်းအဖြစ် ချိတ်ဆက်သွားပြီး သူ့လက်တစ်ဖက်လုံးက တောက်ပလာလေသည်။ သွေးကြောဆုံမှတ်တစ်ခုချင်းစီမှာ ဝမ်ကျိချန်၏ ဝိညာဉ်နှင့်ဆင်တူသော ပုံစံငယ်တစ်ခုစီ ရှိနေကြသည်။ သူက ခန္ဓာစိတ်ဝိညာဉ်ငါးဆယ်ကျော်ကို စုဖွဲ့ထားပြီဖြစ်သည်။
သူက ထိုးချက်တစ်ချက်ကို ထုတ်ဖော်လိုက်သည့်အခါမှာ သူ၏ ရင်ဘတ်၊ ဝမ်းဗိုက်၊ ပခုံး၊ တံတောင်၊ လက်ကောက်ဝတ်နှင့် လက်သီးတို့က ကျယ်လောင်သောတဖျောက်ဖျောက်အသံများ ဆက်တိုက်ထွက်ပေါ်လာ၏။ ၎င်းသည် ရိုးရှင်းသော ထိုးချက်တစ်ချက်ဟု ထင်ရသော်လည်း ၎င်းနှင့်ပတ်သက်၍ လျှို့ဝှက်ဆန်းကြယ်သော တစ်စုံတစ်ရာရှိနေသည်။ ခံ့ညား၍ တောက်ပသောစွမ်းအင်အောက်မှာ ဖုံးကွယ်ထားသည့် အမှောင်စွမ်းအင်က တလိပ်လိပ်တိုးထွက်လာသည်။
ထိုထိုးချက်သည် ပိုင်ယုံကွမ်း၏ စိတ်ဝိညာဉ်ရုပ်တုပေါ်သို့ ဆင်းသက်သောအခါ ၎င်းကို ပြင်းထန်စွာလှုပ်ခါသွားစေသည်။ စိတ်ဝိညာဉ်ရုပ်တုမှာ အက်ကွဲကြောင်းများစွာပေါ်ထွက်လာပြီး အက်ကွဲကြောင်းများကြားကနေ ရွှေရောင်အလင်းတန်းများက ကန်ထွက်၍ ပိုင်ယုံကွမ်းနှင့် ဝမ်ကျိချန်ကို လုံးလုံးလျားလျားလွှမ်းခြုံသွား၏။
ရွှေရောင်အလင်းပျက်ပြယ်သွားသည့်အချိန်မှာ သူတို့နှစ်ယောက်က ပြန်လည်ပေါ်ထွက်လာကြသည်။
ပိုင်ယုံကွမ်း၏ စိတ်ဝိညာဉ်ရုပ်တုက လေဝင်ပေါက်များစွာရှိနေသည့် ထရံကာအိမ်တစ်လုံးလို အက်ကွဲကြောင်းများနှင့်ပြည့်နှက်နေ၏။ စိတ်ဝိညာဉ်ရုပ်တုက ပိုင်ယုံကွမ်းကို အပြည့်အဝကာကွယ်ပေးမထားနိုင်တော့ပေ။ ဤအခိုက်အတန့်မှာ မြွေစိမ်းလေးကောင်က ဝမ်ကျိချန်၏ ခြေလက်များကိုရစ်ပတ်၍ သူ့ကို မလှုပ်ရှားနိုင်အောင် ထိန်းချုပ်ထားလိုသည်။
သူတို့နှစ်ယောက်က မျှခြေတစ်ခုမှလွန်ဆွဲပြိး လုံးသတ်လိုက်ကြသည်။
ဤအခိုက်အတန့်မှာ ချီရွှမ်းစုက ထွက်ပြေးဖို့ မရွေးချယ်ဘဲ ရှေ့သို့လျင်မြန်စွာတက်လှမ်းလာပြီး တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူ့လက်ထဲက နတ်နဂါးပစ္စတိုကို ကိုင်မြှောက်လိုက်၏။ သူက မောင်းတံကိုဖိချပြီး ခလုတ်ကိုဆွဲလိုက်၏။
နောက်ဆုံး နဂါးမျက်လုံးကျည်ဆန်က စိတ်ဝိညာဉ်ရုပ်တု၏ အက်ကွဲကြောင်းများကြားကနေ လျှောဝင်သွားပြီး ပိုင်ယုံကွမ်း၏ ရင်ဘတ်ကို နောက်တစ်ဖန် ထိမှန်သွား၏။
ပိုင်ယုံကွမ်းသည် တစ်ခါထိမှန်ထားပြီး တူညီသောနေရာကို ယခင်က အထိုးခံထားရပြီဖြစ်သည်။
သူသည် ရွှေခန္ဓာနယ်ပယ် နတ်ဆရာတစ်ဦးဖြစ်သော်လည်း ဤအခိုက်အတန့်မှာ သူ၏စိတ်ဝိညာဉ်ရုပ်တုက လုံးလုံးလျားလျား ကြေမွပျက်စီးသွား၏။
နတ်ဆရာများမှာ ဂမ္ဘီရစွမ်းအင်များစွာရှိသော်လည်း သူတို့၏ ကိုယ်ကာယများက အားနည်းကြသည်။ ထို့ကြောင့် သူတို့သည် စိတ်ဝိညာဉ်ရုပ်တုများကို စုဖွဲ့ကာ သူတို့၏ ခန္ဓာကိုယ်ကို ကာကွယ်ကြရသည်။ သို့သော်လည်း ဤအရာများအားလုံးက အစီအရင်များအပေါ် အခြေခံထားခြင်းဖြစ်သည်။ အစီအရင်မရှိသည့်အခါ ကွေ့ကျန်းအဆင့်မှာရှိသော နတ်ဆရာများ၏ ကိုယ်ကာယသည် ခွန်လွင်အဆင့်မှာရှိသော ကိုယ်ခံပညာသိုင်းသမားတစ်ဦးနှင့်သာ တူညီပေလိမ့်မည်။