နဂါးမျက်လုံးကျည်ဆန်က ပိုင်ယုံကွမ်း၏ ရင်ဘတ်ကိုထိုးဖောက်ပြီး သူ၏ စိတ်ဝိညာဉ်ရုပ်တုကို လုံးလုံးလျားလျား ကြေမွပျက်စီးသွားစေသည်။
စိတ်ဝိညာဉ်ရုပ်တုပျောက်ကွယ်သွားပြီးနောက် ဝမ်ကျိချန်ကို ရစ်ပတ်ထားသည့် မြွေစိမ်းများကလည်း သေးငယ်သော အလင်းရောင်စီးကြောင်းများအဖြစ် ပြောင်းလဲကာ ပျက်ပြယ်သွားကြသည်။
ဝမ်ကျိချန်က ချီရွှမ်းစုကိုကြည့်ပြီး အနည်းငယ်အံ့အားသင့်သွား၏။
ဝမ်ကျိချန်အရင်ဆုံးရောက်ရှိလာသည့်အချိန်မှာ ချီရွှမ်းစုက ပိုင်ယုံကွမ်းနှင့် တိုက်ခိုက်နေသည်ကိုသာ မြင်ခဲ့ရသည်။ နောက်ဆုံးမှာတော့ ပိုင်ယုံကွမ်းကို အသေသတ်လိုက်သည်က ချီရွှမ်းစုဖြစ်ပြီး ထိုသူက လုံးဝသာမန်လူမဟုတ်ကြောင်းပြသနေ၏။
ချီရွှမ်းစုက နတ်နဂါးပစ္စတိုကိုသိမ်းပြီး သူ၏ ရာထူးတံဆိပ်ပြားကိုထုတ်ယူကာ မိတ်ဆက်လိုက်သည်။
“ကျုပ်က ထျန်ကန်းခန်းမက အမှုဆောင်တစ်ဦး ချီရွှမ်းစုပါ”
ဝမ်ကျိချန်က စိတ်သက်သာစွာသက်ပြင်းချပြီး သူ၏တံဆိပ်ပြားကို ထုတ်ပြလိုက်၏။
“ဖီးနစ်စိမ်းတပ်ဖွဲ့ရဲ့ ကွပ်ကဲရေးဗိုလ်မှူး ဝမ်ကျိချန်”
ချီရွှမ်းစုသည်ယခင်က ဖုန်ထိုက်ခရိုင်မှာ ဖီးနစ်စိမ်းတပ်သားများစွာကို သတ်ဖြတ်ခဲ့လျှင်တောင် ဤစကားကိုကြားသောအခါ သူက ထိတ်လန့်တကြားဖြစ်မသွားပေ။ သူက ပုံမှန်အတိုင်းပြုမူလိုက်၏။
“ကျုပ်အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်… ကွပ်ကဲရေးဗိုလ်ကြီးဝမ်… ကျုပ် ခင်ဗျားကို အမြဲတမ်းကျေးဇူးတင်နေမှာပါ”
ဝမ်ကျိချန်က လက်ကာပြလိုက်၏။
“ငါမင်းကိုကယ်ခဲ့တာမဟုတ်ဘူး… ငါတို့က ရန်သူကို ပူးပေါင်းတိုက်ခိုက်ခဲ့ရုံပဲ… ဒါနဲ့ သစ္စာဖောက်တွေကိုဖမ်းဆီးဖို့အတွက် ပေချန်ခန်းမကဦးဆောင်လာသင့်တယ်မလား… ဘာလို့ ထျန်ကန်းခန်းမဖြစ်နေတာလဲ”
ချီရွှမ်းစုသည် ရှေးဟောင်းအင်မော်တယ်ယုံကြည်သူများနှင့် ရှေးဟောင်းဘုရားကျောင်းမှာ အမှတ်မထင်ဆုံခဲ့ပုံကနေစ၍ နောက်ပိုင်း ပိုင်ယုံကွမ်းက သူ့တပည့်ကိုသတ်ဖြတ်၍ ချက်စားလိုက်သည်ကို ရှာဖွေတွေ့ရှိချိန်ထိ ချင်းပိုင်ဘုရားကျောင်းသို့ သူရောက်ရှိသည့် အဖြစ်အပျက်များကို အကြမ်းဖျင်းပြန်ပြောလိုက်သည်။
ဝမ်ကျိချန်က ဤစကားကိုကြားပြီးနောက် အတန်ကြာအောင် ဆွံ့အနေ၏။
ချီရွှမ်းစုက မေးလိုက်သည်။
“ကွပ်ကဲရေးဗိုလ်မှူးဝမ်… ခင်ဗျားဒီကို ဘာလို့ရောက်လာတာလဲ”
ဝမ်ကျိချန်က ဖုံးကွယ်မထားဘဲ သူ ရုပ်ဖျက်ကာ သွားလာစဉ် ထုံထျန်မြစ်မှာ သူ၏လှေ တိမ်းမှောက်ခဲ့ပုံနှင့် ကမ်းခြေမှာ နတ်ဆရာများက သူ့ကို စောင့်ကြိုတိုက်ခိုက်ခဲ့ပုံကို ပြန်ပြောလိုက်သည်။
ဤရှေးဟောင်းအင်မော်တယ်အုပ်စုသည် ကွပ်ကဲရေးဗိုလ်မှူးတစ်ဦးကိုပင် တိုက်ခိုက်ရဲလိမ့်မည်ဟု ချီရွှမ်းစု ထင်မှတ်မထားခဲ့ပေ။ သို့သော်လည်း သူတို့က ပေါင်းကူးခန္ဓာတစ်ခုလိုအပ်နေသည်ဟု ပိုင်ယုံကွမ်းပြောခဲ့သည်ကို အမှတ်ရသောအခါ အားလုံးက အဓိပ္ပါယ်ရှိသည်ဟု ခံစားလိုက်ရသည်။
ရှေးဟောင်းအင်မော်တယ်ယုံကြည်သူများသည် ဤဒေသမှာ နတ်ဘုရားဆင်းသက်ခြင်းအခမ်းအနားတစ်ခုကို ကျင်းပဖို့ ကြံစည်နေပုံရသည်။
နတ်ဘုရားဆင်းသက်ခြင်းဆိုသည်မှာ တစ်ခါက ကျန်းယွဲ့လုပြောခဲ့သည့်အတိုင်း ရှေးဟောင်းအင်မော်တယ်များ၏ ပြင်ပကိုယ်ပွားတစ်ခုကို မော်တယ်ဘုံသို့ ဆင်းသက်စေခြင်းဖြစ်သည်။ မော်တယ်ဘုံသည် ရှေးဟောင်းအင်မော်တယ်များအတွက် ကြီးမားသော လှောင်ချိုင့်တစ်ခုဖြစ်သည်ဆိုသောကြောင့် သူတို့၏ ပြုမူလှုပ်ရှားမှုများစွာက ကန့်သတ်ခံထားရသည်။ ထို့ကြောင့် ရှေးဟောင်းအင်မော်တယ်များသည် သူတို့ကိုယ်တိုင်မပြုလုပ်နိုင်သည့် ကိစ္စများကို ပြုလုပ်ရန် ဤကဲ့သို့သောလှည့်ကွက်များကို အသုံးပြုတတ်ကြသည်။
ချီရွှမ်းစုက ကျန်းယွဲ့လု၏ ဂမ္ဘီရဗေဒင်တွက်ချက်ခဲ့ပုံကို ပြန်ပြောလိုက်၏။
“သူတို့က စုစုပေါင်းခုနှစ်ယောက်ရှိတယ်… အခုချိန်မှာ နှစ်ယောက်တော့ ပေါ်ထွက်လာပြီ… အဲဒါကြောင့် ငါးယောက်ကျန်သေးတယ်.. သူတို့က ဘုန်းကြီးရယ်၊ အထက်တန်းလွှာအမျိုးသားရယ်၊ စာပေပညာရှင်ရယ်၊ နန်းတွင်းအရာရှိရယ်၊ ခြုံထည်ကိုဝတ်ဆင်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့လူရယ်ပဲ”
ဝမ်ကျိချန်က တည်တံ့သောအမူအရာဖြင့် ပြောလိုက်သည်။
“နန်းတွင်းဝတ်ရုံနဲ့ လူအိုကြီးလား… ဒါဆိုရင် ပညာရှိကျန်းက ဒေသခံတပ်မှူးရုံးမှာ ဒုက္ခရောက်နေပြီနဲ့တူတယ်”
ချီရွှမ်းစုက မေးလိုက်၏။
“ကွပ်ကဲရေးဗိုလ်မှူး… တပ်မှူးရုံးမှာ နောက်ထပ်မိစ္ဆာတွေရှိနေဦးမယ်လို့ ခင်ဗျားထင်လား”
“ထင်တာပေါ့”
ဝမ်ကျိချန်က ခေါင်းညိတ်၍ ထပ်ပြောလိုက်သည်။
“ဒီကိုလာတဲ့လမ်းမှာ ငါချောင်းမြောင်းတိုက်ခိုက်ခံခဲ့ရတာက သက်သေပဲ”
ဤစကားကိုကြားပြီး ချီရွှမ်းစုက ရုတ်တရက်တစ်စုံတစ်ရာကို အမှတ်ရသွားကာ ပိုင်ယုံကွမ်း၏ အလောင်းရှိရာသို့ ခပ်မြန်မြန်လျှောက်လှမ်းသွားသည်။ ချီရွှမ်းစုသည် ပိုင်ယုံကွမ်း၏ အလောင်းကိုရှာဖွေပြီး သူ၏ လက်ကောက်ဝတ်မှ ပုတီးတစ်ကုံးနှင့် သူ၏ အင်္ကျီလက်အိုးအိတ်ကပ်ထဲမှ ကျောက်စိမ်းဆွဲသီးတစ်ခုကို ရှာတွေ့သွား၏။ ချီရွှမ်းစုက ထိုအရာများကို သူ၏ သားရေအိတ်ထဲထည့်ပြီး သူ့ဓားချင်းယွမ်ကိုထုတ်ကာ ပိုင်ယုံကွမ်း၏ ခေါင်းကို ဖြတ်လိုက်လေသည်။
ဝမ်ကျိချန်က ချီရွှမ်းစု၏ ရည်ရွယ်ချက်ကို နားလည်သဘောပေါက်သည်။ သူက ဘုရားကျောင်းကို အကြမ်းဖျင်းစစ်ဆေးကြည့်သော်လည်း မည်သည့်အရာကိုမှ ရှာမတွေ့ပေ။ စောစောက ရုန်းရင်းဆန်ခတ်တိုက်ခိုက်မှုအတွင်း ပိုင်ယွဲ့က ထွက်ပြေးသွားပြီဖြစ်သည်။ ကျန်ရှိနေသော တာအိုယုံကြည်သူများသည် လျှို့ဝှက်အသင်းအဖွဲ့များနှင့် ပတ်သက်မှုမရှိသည့် သာမန်ပြည်သူပြည်သားများသာဖြစ်ကြသည်။
ချီရွှမ်းစုက ပိုင်ယုံကွမ်း၏ ဦးခေါင်းကိုသယ်ပြီး အပြင်ဘက်သို့ ပြေးထွက်သွားပြီး ဝမ်ကျိချန်က နောက်ကနေ လိုက်ပါသွား၏။
သူတို့နှစ်ယောက် ချင်းပိုင်ဘုရားကျောင်းကနေ ထွက်လာသည့်အချိန်မှာ လီကျန်းအာက လမ်းဘေးမှာ မတ်တတ်ရပ်နေဆဲဖြစ်သည်ကို တွေ့မြင်လိုက်ရ၏။ လီကျန်းအာက ချီရွှမ်းစုကိုင်လာသည့် ပိုင်ယုံကွမ်း၏ ဦးခေါင်းပြတ်ကို တွေ့မြင်သောအခါ သူမက စိတ်သက်သာစွာသက်ပြင်းချပြီး လမ်းဘေးမှာ ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။
ချီရွှမ်းစုက ကျန်းယွဲ့လုကို စိုးရိမ်ပူပန်နေပြီး လီကျန်းအာကို အရေးမလုပ်အားဘဲ တောင်ပေါ်ကနေ ပြေးဆင်းသွား၏။
ချီရွှမ်းစုနှင့် ဝမ်ကျိချန်ထွက်ခွာသွားပြီးနောက် လီကျန်းအာက တဖြည်းဖြည်းအသိစိတ်ပြန်ကပ်လာ၏။ သူမက ဖြည်းဖြည်းချင်းမတ်တတ်ထရပ်ပြီး ချောက်ချားစရာကောင်းသော ဤနေရာကနေ ထွက်ခွာဖို့ပြင်လိုက်၏။
သူမနှစ်ပေါင်းများစွာနေလာခဲ့သည့် ချင်းပိုင်ဘုရားကျောင်းကိုလှည့်ကြည့်ပြီး တီးတိုးရေရွတ်လိုက်၏။
“ပိုင်ယုံကွမ်း… လုယွီ… ရှင်တို့တွေ သေ…”
သူမစကားမဆုံးသေးခင် သူမ၏ ခန္ဓာကိုယ်က ရုတ်တရက်တောင့်တင်းသွား၏။ ဓားဖျားက သူမ၏ ရင်ဘတ်ကနေ ဖောက်ထွက်လာပြီး သူမ၏ ဝတ်ရုံက သွေးများဖြင့် တဖြည်းဖြည်းစိုရွှဲသွား၏။
ချင်းပိုင်ဘုရားကျောင်းကနေ ထွက်ပြေးသွားသောပိုင်ယွဲ့က ပြန်လည်ရောက်ရှိလာပြီး လီကျန်းအာကို ဓားဖြင့်ထိုးလိုက်ခြင်းဖြစ်သည်။ သူမက ဓားကိုဖြည်းဖြည်းချင်းဆွဲနုတ်ပြီး လီကျန်းအာကို တွန်းထုတ်လိုက်၏။
လီကျန်းအာက မြေပြင်ပေါ်သို့ မှောက်လျက်လဲကျသွားပြီး သူမ၏ ခန္ဓာကိုယ်အောက်ဘက်မှာ သွေးများက အိုင်ထွန်းသွား၏။ သိပ်မကြာခင် သူမက ငြိမ်သက်သွားလေသည်။
ပိုင်ယွဲ့က ဓားကို ဘေးသို့ပစ်ချပြီး ချင်းပိုင်ဘုရားကျောင်းကို ပြန်လှည့်ကြည့်၍ အခြားတစ်ဘက်ကနေ တောင်ပေါ်က ပြေးဆင်းသွား၏။
……….
တပ်မှူးရုံးမှာ ကျန်းယွဲ့လုကို ဖီးနစ်စိမ်းတပ်သားများစွာက ဝိုင်းပတ်ထားဆဲဖြစ်၏။ သို့သော်လည်း သူမက ထိတ်လန့်တကြားဖြစ်မနေပေ။
လောရှောင်က အဆောင်ကူးစင်္ကြံလမ်း၏ အပျက်အစီးပုံများရှိရာသို့ လျှောက်လှမ်းသွားပြီး လက်ဗလာဖြင့် ဟဲနန်ကို ဆွဲထုတ်လိုက်၏။
ဟဲနန်သည် ခန္ဓာကိုယ်အနှံ့ ဒဏ်ရာငယ်များစွာဖြင့် ဆိုးဆိုးဝါးဝါးပုံပေါက်နေ၏။ သူ၏လည်ပင်းက ပြတ်ထွက်လုနီးပါးဖြစ်ပြီး သူ၏ခေါင်းက တစ်ဘက်ကိုလည်ကျနေ၏။ သို့သော်လည်း သူကအသက်ငွေ့ငွေ့ရှူနေဆဲဖြစ်ပြီး လုံးလုံးမသေသေးပေ။
ကျန်းယွဲ့လုထင်မှတ်ထားသည့်တိုင်း လောရှောင်သည် ခိုင်မာသောသက်သေအထောက်အထားမရှိဘဲ သူမလိုအပြင်လူတစ်ယောက်ကို ယုံကြည်လိမ့်မည် မဟုတ်ပေ။ ဤအချိန်မှာ ဟဲနန်က သေအံ့ဆဲဆဲဖြစ်နေသည်ကို တွေ့မြင်ရသောအခါ လောရှောင်၏ မျက်နှာက သုန်မှုန်သွား၏။
ကျန်းယွဲ့လုက တည်ငြိမ်စွာပြောလိုက်သည်။
“ငါ သူ့လည်ပင်းကို တိုက်ခိုက်ခဲ့တာ… ဒါပေမဲ့ သူက ချက်ချင်းသေမသွားသေးဘူး… သူ့ခန္ဓာကိုယ်က ဘယ်လောက်ကြံ့ခိုင်သလဲ သက်သေပဲ… သူက ကွေ့ကျန်းအဆင့်မှာရှိလိမ့်မယ်… ဒီလိုမြင့်မားတဲ့ကျင့်ကြံမှုအဆင့်ရှိတဲ့လူတစ်ယောက်က လက်ထောက်တပ်မှူးနေရာမှာ ဒီလောက်အကြာကြီး ဘာ့ကြောင့် နေလိုတာလဲ… တပ်မှူးလော… သူက တပ်မှူးရုံးမှာ ဆယ်နှစ်ကျော်ကြာအောင် ရှိနေခဲ့တယ်လို့ ရှင်ကိုယ်တိုင်ပဲ ပြောခဲ့တယ်… ရှင့်ရဲ့ လက်ထောက်တပ်မှူးက ကွေ့ကျန်းအဆင့်မှာရှိနေတာကို ရှင်တောင်မသိဘူးမလား”
လောရှောင်က ဆွံ့အနေ၏။
ဤအချိန်မှာ ဘေးဘက်တွင် မတ်တတ်ရပ်နေသော ဖီးနစ်စိမ်းတပ်ဖွဲ့၏ ဒုစစ်ကဲက နောက်ဆုံးမှာစကားပြောလိုက်သည်။
“ပညာရှိကျန်း…”
ကျန်းယွဲ့လုက ဒုစစ်ကဲကိုလှည့်ကြည့်ပြီး မေးလိုက်၏။
“ရှင်ကဘယ်သူလဲ”
ဒုစစ်ကဲက သူမကို ဝတ်ကျေတန်းကျေ အလေးပြုလိုက်၏။
“ကျုပ်က ယုံကျိုးနယ်ရဲ့ ဒုစစ်ကဲ လင်းကျန်းယွမ်ပဲ”
ယုံကျိုးနယ်သည် လျန်ကျိုး၊ ရှုကျိုး၊ ချင်ကျိုးနှင့် ရှီကျိုးနယ်တို့နှင့် ထိဆက်နေသည်။ မဟာရွှမ်မင်းဆက်သည် ဤနယ်မှာ အုပ်ချုပ်ရေးရုံးတစ်ရုံး၊ စီရင်စုစီမံခန့်ခွဲရေးရုံးတစ်ရုံး၊ စီရင်စုစောင့်ကြည့်ရေးကွပ်ကဲရေးရုံးတစ်ရုံးနှင့် ဒုစစ်ကဲရုံးတစ်ရုံးကို ထားရှိလေသည်။ သူတို့အားလုံးသည် ရှီလျန့်စိစစ်ရေးအဖွဲ့၏ ထိန်းချုပ်မှုအောက်မှာ ရှိနေကြသည်။ တာအိုအဖွဲ့အစည်းမှာဆိုလျှင် ဤနယ်မြေသည် ခွန်လွင်တာအိုစံအိမ်၏ တရားစီရင်မှုအောက်မှာရှိနေ၏။
ကျန်းယွဲ့လုက ပြောလိုက်သည်။
“မင်္ဂလာပါ ဒုစစ်ကဲလင်း”
လင်းကျန်းယွမ်က မေးခွန်းထုတ်လိုက်သည်။
“ပညာရှိကျန်း… လက်ထောက်တပ်မှူးက ကွေ့ကျန်းအဆင့်မှာရှိနေတာနဲ့ပဲ သူက လျှို့ဝှက်အသင်းအဖွဲ့တစ်ခုကလို့ ခင်ဗျားဘာ့ကြောင့် တပ်အပ်သေချာပြောနေရတာလဲ… အဲဒါက မလိုမုန်းထားပြောဆိုမှုဖြစ်နေတယ်လို့ ခင်ဗျားမထင်ဘူးလား… လက်ထောက်တပ်မှူးဟဲက တစ်ခုခု မူမမှန်ဘူးဆိုရင်တောင် သူ့ကို ကိုင်တွယ်ဖို့အတွက် ဖီးနစ်စိမ်းတပ်ဖွဲ့ရဲ့ တောင်ပိုင်းစစ်ဘက်ကွပ်ကဲရေးရုံးဆီ ခင်ဗျားသူ့ကို လွှဲပေးရလိမ့်မယ်.. ဒါက တာအိုဂိုဏ်းတော်ရဲ့ ထျန်ကန်းခန်းမ ဝင်ပါနိုင်တဲ့နေရာမဟုတ်ဘူး”
ကျန်းယွဲ့လုက ပြောလိုက်၏။
“သူ ကျွန်မကို အရင်စတင်တိုက်ခိုက်ခဲ့တယ်လို့ ရှင်တို့ကို ပြောခဲ့ပြီးပြီပဲ… ကျွန်မက ကိုယ့်ကိုကိုယ် ခုခံကာကွယ်ခဲ့ရုံပဲ”
လင်းကျန်းယွမ်က ငြင်းဆန်ပြောဆိုလိုက်သည်။
“ပညာရှိကျန်း… ခင်ဗျားရဲ့ ကျင့်ကြံမှုအဆင့်ကို လူတိုင်းသိထားတာပဲ… ဟဲနန်က ကွေ့ကျန်းအဆင့်မှာရှိနေမယ်ဆိုရင်တောင် ခင်ဗျားကို အရင်စတင်တိုက်ခိုက်ရဲပါ့မလား”
“ချောင်းမြောင်းတိုက်ခိုက်ခဲ့တာဆိုရင်ရော…”
ကျန်းယွဲ့လုက ပြန်မေးလိုက်၏။
“ဒုစစ်ကဲ… ကျွန်မက ဒီတိုင်းမတ်တတ်ရပ်ပြီး သူသတ်တာကို ခံရဖို့ ရှင်မျှော်လင့်နေတာလား”
တာအိုဂိုဏ်းတော်နှင့် အင်ပါယာနန်းတော်ကြားမှာ အတိအလင်းထုတ်ဖော်မထားသော စည်းမျဉ်းစည်းကမ်းများစွာရှိလေသည်။ အင်ပါယာနန်းတော်သည် တာအိုဂိုဏ်းတော်မှ တပည့်ဂိုဏ်းသားများကို ဆုံးမခွင့်မရှိသလို၊ တာအိုဂိုဏ်းတော်ကလည်း အင်ပါယာနန်းတော်မှ အမှုထမ်းများကို ဆုံးမခွင့်မရှိပေ။ နန်းတွင်းအရာရှိတစ်ဦးက ရာဇဝတ်မှုတစ်ခုကို ကျူးလွန်ပြီး တာအိုဂိုဏ်းတော်၏လက်ထဲ ကျရောက်သွားမည်ဆိုလျှင် တာအိုဂိုဏ်းတော်သည် ရာဇဝတ်သားကို စီရင်ချက်ချဖို့အတွက် အင်ပါယာနန်းတော်သို့ လွှဲပြောင်းပေးရပေလိမ့်မည်။
လင်းကျန်းယွမ်က ရှင်းရှင်းလင်းလင်းထုတ်ဖော်မပြောဆိုသော်လည်း ကျန်းယွဲ့လုကို သတိပေးလိုက်ခြင်းဖြစ်သည်။ ကျန်းယွဲ့လုကလည်း ခြေလှမ်းကျွံမိထားသည်ကို နားလည်သဘောပေါက်သည်။
ဤအခိုက်အတန့်မှာ လောရှောင်က ဟဲနန်၏ ခန္ဓာကိုယ်ကို ရှာဖွေပြီးသွားပြီဖြစ်ပြီး ထိုသူက ရှေးဟောင်းအင်မော်တယ်များနှင့် ပတ်သက်ဆက်စပ်ကြောင်း သက်သေပြနိုင်သည့် ပုတီးကုံး သို့မဟုတ် အခြားမည်သည့်ပစ္စည်းကိုမှ ရှာမတွေ့ပေ။ ထို့အစား သူသည် ထူးခြားသောစာလုံးများ သို့မဟုတ် ရေးထွင်းမှုများမပါရှိသည့် ကျောက်စိမ်းဆွဲသီးတစ်ခုကိုသာ ရှာတွေ့သည်။ ၎င်းက လက်စွပ်ပုံသဏ္ဍာန်ရှိလေသည်။
ဤသည်ကိုကြည့်ပြီး ကျန်းယွဲ့လုက စိတ်ပျက်သွားမိသည်။ ဟဲနန်က ဤမျှအထိ သတိကြီးလိမ့်မည်ဟု သူမ ထင်မှတ်မထားပေ။ လင်းရှန်စုန်းကဝေအယူဝါဒဂိုဏ်း၏ ဆုတောင်းပုတီးများသည် ရိုးရှင်းသော အမှတ်အသားများသာမဟုတ်ပေ။ သူတို့မှာ အရေးပေါ်အသုံးပြုနိုင်သည့် ဂမ္ဘီရစွမ်းအားပါဝင်လေသည်။
လင်းကျန်းယွမ်က သတိလစ်နေသော ဟဲနန်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်၏။
“ဒီအခြေအနေထိ ရောက်လာပြီဆိုမှတော့ ယုံကျိုးဒုစစ်ကဲရုံးက ဟဲနန်ကို ယာယီထိန်းသိမ်းထားရလိမ့်မယ်… ဒါကို တောင်ပိုင်းစစ်ဘက်ကွပ်ကဲရုံးဆီ ငါ အစီရင်ခံတင်ပြမယ်… ပြီးရင် ဟဲနန်က လျှို့ဝှက်အသင်းအဖွဲ့တွေနဲ့ ပတ်သက်ဆက်စပ်မှုရှိမရှိ သူတို့ စုံစမ်းစစ်ဆေးလိမ့်မယ်”
“ခင်ဗျားက လက်ထောက်တပ်မှူးတစ်ဦးကို သဲကြီးမည်းကြီး တိုက်ခိုက်ခဲ့တယ်ဆိုတာကိုလည်း အရှင်စစ်သေနာပတိဆီ ကျုပ် တင်ပြရလိမ့်မယ်… ခင်ဗျားရဲ့ အပြစ်ဒဏ်နဲ့ပတ်သက်ပြီး သူက ခင်ဗျားရဲ့ ခန်းမသခင်နဲ့ ဆက်သွယ်လိမ့်မယ်… ဒါပေမဲ့ အဲဒါမတိုင်ခင်တော့.. ပညာရှိကျန်း ခင်ဗျားက တပ်မှူးရုံး.. ဒီနေရာမှာ နေရလိမ့်မယ်.. ခင်ဗျား ကျုပ်တို့ကို အခက်တွေ့အောင်မလုပ်ဖို့ မျှော်လင့်တယ်”
ကျန်းယွဲ့လုက မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ ဂမ္ဘီရတွက်ချက်မှုအရ ရုပ်တု၏ ဘေးပတ်လည်မှာ ရှေးဟောင်းအင်မော်တယ်ယုံကြည်သူခုနှစ်ဦးကို သူမြင်တွေ့ခဲ့သည်။ ယခင်က သူမ ဒဏ်ရာရရှိစေခဲ့သည့် နတ်ဆရာမအပြင် အယူဝါဒမိစ္ဆာ နောက်ထပ်ခြောက်ဦးရှိနေ၏။ ဟဲနန်က သူတို့ထဲမှတစ်ယောက်ဖြစ်သည်မှာ မလွဲဧကန်ပင်။
ကျန်ရှိနေသောငါးဦးကို ရှာဖွေဖို့အတွက် ကျန်းယွဲ့လုသည် ဟဲနန်ထံမှ သဲလွန်စများကို ရှာဖွေရပေလိမ့်မည်။ ထို့ကြောင့် ဖီးနစ်စိမ်းတပ်ဖွဲ့က ဟဲနန်ကို ခေါ်ထုတ်သွားမည်ဆိုလျှင် သူမသည် ဤအမှုနှင့်ပတ်သက်သည့် အရေးပါသော သဲလွန်စများကို ဆုံးရှုံးရပေလိမ့်မည်။ ဒါ့အပြင် သူမသည် တပ်မှူးရုံးမှာလည်း မနေနိုင်ပေ။ သူမသည် အယူဝါဒမိစ္ဆာများ ပုန်းအောင်းနေသည့်နေရာကို တတ်နိုင်သမျှမြန်မြန်ရှာဖွေရပေမည်။
သို့သော်လည်း ကျန်းယွဲ့လုသည် ဟဲနန်ကို အတင်းအဓမ္မခေါ်ထုတ်ပြီး အလိုရှိ ရာဇဝတ်သားတစ်ဦးလိုလည်း ထွက်ခွာမသွားနိုင်ပေ။ ကျန်းယွဲ့လုက တွေဝေတုံ့ဆိုင်းနေစဉ် သူတို့၏ နောက်ဘက်ကနေ အသံတစ်သံထွက်ပေါ်လာ၏။
“တောင်ပိုင်းစစ်ဘက်ကွပ်ကဲရေးရုံးကို တင်ပြနေစရာ မလိုတော့ဘူး… ဒီတစ်ခေါက် စုံစမ်းစစ်ဆေးဖို့အတွက် ငါရောက်လာတာမလို့ပဲ”
လင်းကျန်းယွမ်နှင့် ကျန်းယွဲ့လုနှစ်ယောက်စလုံးက အသံထွက်ပေါ်လာရာဘက်သို့ လှည့်ကြည့်လိုက်ကြ၏။
စကားပြောလိုက်သောသူက ချီရွှမ်းစုနှင့်အတူ လိုက်ပါလာသည့် ဝမ်ကျိချန်ပင်ဖြစ်သည်။
ဝမ်ကျိချန်က သူ့တံဆိပ်ပြားကိုကိုင်ပြီး ကြေညာလိုက်သည်။
“ငါက တောင်ပိုင်းစစ်ဘက်ကွပ်ကဲရေးရုံးရဲ့ ကွပ်ကဲရေးဗိုလ်မှူး ဝမ်ကျိချန်ပဲ.. ရှီကျိုး၊ ယုံကျိုး၊ လျန်ကျိုးနဲ့ ပတ်ဝန်းကျင်နယ်မြေဒေသတွေကို တရားမဝင်ပြုမူလှုပ်ရှားမှုတွေအတွက် စုံစမ်းစစ်ဆေးဖို့နဲ့ ရာဇဝတ်သားတွေကို တရားခွင်ဆီ ခေါ်လာဖို့ ငါအမိန့်ရထားတယ်”
လင်းကျန်းယွမ်ကလွဲလျှင် အခြားလူတိုင်းက တုန်လှုပ်သွားကြသည်။
ပြည်သူလူထုက မြောက်ပိုင်းစစ်ဘက်ကွပ်ကဲရေးရုံးကို ကြောက်ရွံ့ကြသော်လည်း ဖီးနစ်စိမ်းတပ်သားများက တောင်ပိုင်းစစ်ဘက်ကွပ်ကဲရေးရုံးကို ပို၍ကြောက်ရွံ့ကြသည်။ ဝမ်ကျိချန်က ကွပ်ကဲရေးဗိုလ်မှူးတစ်ဦးဖြစ်နေသည်ကို ပြောစရာပင်မလိုတော့ပေ။
ဒုစစ်ကဲ လင်းကျန်းယွမ်က ဖီးနစ်စိမ်းတပ်ဖွဲ့တွင် ဝမ်ကျိချန်နှင့် တူညီသောအဆင့်အတန်းရှိထားလျှင်တောင် တရားဝင်အဆင့်အရ ဝမ်ကျိချန်က ကနဦးအဆင့် ၄ ဖြစ်ပြီး ဒုစစ်ကဲက ပကတိအဆင့် ၅ ဖြစ်သည်။ ဒါ့အပြင် တောင်ဘက်စစ်ဘက်ကွပ်ကဲရေးရုံး၏ သံတမန်တစ်ဦးအနေဖြင့် ဝမ်ကျိချန်ကို လျော်ကန်သော ရိုသေလေးစားမှုပေးရပေမည်။
လင်းကျန်းယွမ်က ဝမ်ကျိချန်၏တံဆိပ်ပြားကို စစ်ဆေးပြီးနောက် အလေးပြုလိုက်သည်။
“မင်္ဂလာပါ ကွပ်ကဲရေးဗိုလ်မှူး”
လောရှောင်နှင့် ကျန်ရှိနေသော ဖီးနစ်စိမ်းတပ်သားများက ဒူးတစ်ဘက်ထောက်ပြီး နှုတ်ဆက်လိုက်ကြ၏။
“ကြိုဆိုပါတယ်… ကွပ်ကဲရေးဗိုလ်မှူး”
ကျန်းယွဲ့လုက ချီရွှမ်းစုကို ကြည့်လိုက်၏။ သူက မျက်နှာကို ဖိုသီဖတ်သီဆံပင်များဖုံးအုပ်ထားသည့် ခေါင်းပြတ်တစ်လုံးကို ကိုင်ထားလေသည်။
ချင်းပိုင်ဘုရားကျောင်းမှာ တစ်ခုခုဖြစ်သွားသလားတွေးရင်း သူမက ရင်ထဲမှာစိုးထိတ်သွား၏။
ဤအချိန်မှာ ဝမ်ကျိချန်နှင့် ချီရွှမ်းစုနှစ်ယောက်စလုံးက ဖိုသီဖတ်သီဖြစ်နေကြသည်။ ချီရွှမ်းစုက အနည်းငယ်ပိုကောင်းသော်လည်း ဝမ်ကျိချန်၏ ဆံပင်များက ရှုပ်ပွနေ၏။ သူ၏ တရားဝင်ရာထူးတံဆိပ်ပြားကြောင့်မဟုတ်လျှင် သူသည် တောင်ပိုင်းစစ်ဘက်ကွပ်ကဲရေးရုံ၏ စွမ်ပကားကြီးမားသော သံတမန်တစ်ဦးဖြစ်လိမ့်မည်ကို မည်သူကမှ ယုံကြလိမ့်မည်မဟုတ်ပေ။
ချီရွှမ်းစုက ကျန်းယွဲ့လုကို ဝမ်ကျိချန်နှင့် မိတ်ဆက်ပေးလိုက်ပြီး သူတို့က တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်လိုက်ကြ၏။
လောရှောင်က မေးလိုက်သည်။
“ကွပ်ကဲရေးဗိုလ်မှူး… ခင်ဗျားလမ်းမှာ ဘာဖြစ်ခဲ့တာပါလဲ”
“ငါလည်း မင်းတို့ကို အဲဒီအကြောင်းပြောမလို့ပဲ”
ဝမ်ကျိချန်၏ အသံက တည်ကြည်စွာဖြင့် ထွက်ပေါ်လာ၏။
“ငါ ဒီကိုလာတဲ့လမ်းမှာ ချောင်းမြောင်းတိုက်ခိုက်ခံခဲ့ရတယ်… ငါ့ရဲ့နောက်လိုက်တွေအားလုံး အပြတ်ရှင်းခံလိုက်ရပြီ… ငါလည်း အဲဒီမိစ္ဆာတွေရဲ့လက်ထဲမှာ သေတော့မလို့ပဲ… ဒုစစ်ကဲ မင်းက ဒီနေရာကို တာဝန်ယူထားတဲ့သူဆိုမှတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းမှာ ဘာပြောစရာရှိလဲ”
လင်းကျန်းယွမ်၏ အမူအရာက အနည်းငယ်ပြောင်းလဲသွား၏။ သူက ခုခံခြင်းကာကွယ်ခြင်းမရှိဘဲ တည်တံ့စွာသာပြောလိုက်၏။
“လူကြီးမင်း… ကျုပ်ရဲ့ တာဝန်လစ်ဟင်းမှုအတွက် တောင်းပန်ပါတယ်။”