“ဒါက တာဝန်လစ်ဟင်းမှုတစ်ခုပဲ ဟုတ်လို့လား”
ဝမ်ကျိချန်က ရုတ်တရက် အသံမြှင့်ကာ ပြောလိုက်၏။
လင်းကျန်းယွမ်က ဝမ်ကျိချန်ကိုကြည့်ပြီး လေးနက်သောအသံဖြင့်ပြောလိုက်သည်။
“ကွပ်ကဲရေးဗိုလ်မှူး.. ခင်ဗျားစကားက ဘာအဓိပ္ပါယ်လဲ”
ဝမ်ကျိချန်က လင်းကျန်းယွမ်ကို မမှိတ်မသုန်စိုက်ကြည့်ပြီး ပြောလိုက်သည်။
“ငါ ရှင်းအောင်ပြောလိုက်မယ်… ငါတို့ရဲ့ အထက်လူကြီးတွေက ငါ့ကို လျန်ကျိုး၊ ယုံကျိုး၊ ရှီကျိုး၊ ချင်ကျိုးနဲ့ ပတ်ဝန်းကျင်နေရာဒေသတွေကို စုံစမ်းစစ်ဆေးဖို့ လွှတ်လိုက်တယ်ဆိုတာ ဒီနေရာမှာ မသင်္ကာစရာကောင်းတဲအရာတွေ ဖြစ်ပွားနေတာမလို့ပဲ.. ငါက ဒီကိုလာတဲ့လမ်းမှာတောင် ချောင်းမြောင်းတိုက်ခိုက်ခံခဲ့ရတယ်… ငါ တစ်ခုခုရှာတွေ့သွားမှာကို တစ်ယောက်ယောက်က စိုးရိမ်နေလို့ ငါ့ကို တစ်ခါတည်း နှုတ်ပိတ်ပစ်ချင်တာလား ငါသိချင်မိတယ်”
“ကွပ်ကဲရေးဗိုလ်မှူး… ခင်ဗျားပြောစရာရှိတာကို တစ်ခါတည်းပြောပါ… ခင်ဗျား သံသယဝင်နေတယ်ဆိုရင် နာမည်တပ်ပြောလိုက်”
လင်းကျန်းယွမ်၏ အမူအရာက ပြောင်းလဲသွားသည်။
လေသံနှင့် နှင်းကျသံတို့သာကျန်ရစ်ခဲ့ပြီး ခြံဝန်းတစ်ခုလုံးက သေလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွား၏။
အဆင့်မြင့်အရာရှိနှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် ဤမျှအထိ ပေါ်ပေါ်ထင်ထင် အချေအတင်ဖြစ်လာလိမ့်မည်ဟု လောရှောင်အပါအဝင် ဖီးနစ်စိမ်းတပ်သားမျးက မထင်မှတ်ထားခဲ့ပေ။ လက်အောက်ငယ်သားများအနေဖြင့် သူတို့က ဆွံ့အ နားမကြားချင်ယောင်သာ ဆောင်နေရသည်။
ဝမ်ကျိချန်က ရုတ်တရက်မေးခွန်းထုတ်လိုက်၏။
“ဒုစစ်ကဲ… အဲဒီမိစ္ဆာအုပ်စုက ငါရှိတဲ့နေရာကို ဘယ်လိုသိသွားတာလဲ”
လင်းကျန်းယွမ်ကလည်း အသံမြှင့်ကာပြောလိုက်၏။
“ကွပ်ကဲရေးဗိုလ်မှူး… ခင်ဗျားကျုပ်ကို သံသယဝင်နေတာလား”
ဝမ်ကျိချန်က ချေပပြောဆိုလိုက်၏။
“ဒါဆို… ငါက ဘယ်သူ့ကို သံသယဝင်သင့်လဲ မင်းပြောစမ်းပါဦး”
လင်းကျန်းယွမ်က လှောင်ရယ်လိုက်သည်။
“ခင်ဗျားက ချောင်းမြောင်းတိုက်ခိုက်ခံရတယ်လို့ပြောတယ်… ဒါပေမဲ့ မျက်မြင်သက်သေမရှိဘူး… ဒါက ခင်ဗျားရဲ့ တစ်ဖက်သတ်ပြောစကားပဲ… ဒီကိစ္စနဲ့ ခင်ဗျားကျုပ်ကို စွပ်စွဲချင်တယ်ဆိုရင် ကျုပ်ဒီကိစ္စကို တပ်ရေးဗိုလ်မှူးထံ တင်ပြရလိမ့်မယ်… ပြီးရင် သူက အဲဒါကို အရှင်စစ်သေနာပတိထံ တင်ပြလိမ့်မယ်”
ဝမ်ကျိချန်က သူ၏ဒေါသကို ဖုံးဖိမထားနိုင်တော့ဘဲ လင်းကျန်းယွမ်နှင့် ဆက်လက်၍ စကားနိုင်လုမနေတော့ပေ။ သူက ပြောလိုက်၏။
“ဒီကိစ္စကို တပ်ရေးဗိုလ်မှူးကနေတစ်ဆင့် အရှင်စစ်သေနာပတိထံ အကြောင်းကြားစရာမလိုတော့ဘူး… ငါက သံတမန်တစ်ဦးဆိုမှတော့ အရှင်စစ်သေနာပတိနဲ့ တိုက်ရိုက်တွေ့ဆုံနိုင်တယ်… မင်း နေပြည်တော်ကို ငါနဲ့လိုက်ခဲ့… ဟိုရောက်ရင် အရှင်စစ်သေနာပတိထံ မင်းဘာသာမင်းရှင်းပြလိုက်”
လင်းကျန်းယွမ်က ဝမ်ကျိချန်ကို တည့်တည့်စိုက်ကြည့်လိုက်၏။
“တာဝန်ထမ်းဆောင်နေတဲ့အရာရှိက ရန်သူနဲ့ မပူးပေါင်းရဘူး၊ မြို့ကို အဆုံးရှုံးမခံရဘူး၊ လာဘ်ပေးလာဘ်ယူမလုပ်ရဘူးလို့ ငါတို့ မဟာရွှမ်မင်းဆက်ရဲ့ ဥပဒေမှာ အတိအလင်းထုတ်ဖော်ထားတယ်… နောက်ပြီး ကွပ်ကဲရေးဗိုလ်မှူးတစ်ဦးက ဧကရာဇ်အမိန့်ပြန်တမ်းမပါဘဲ အရာရှိတစ်ဦးကို ထိန်းသိမ်းခွင့်မရှိဘူး… ကွပ်ကဲရေးဗိုလ်မှူးက ပြဿနာကို အထက်လူကြီးတွေထံ တင်ပြနိုင်တယ်… မင်းက နေပြည်တော်ဆီ ငါ့ကို ခေါ်သွားချင်တယ်ဆိုရင် ငါ ဘာအမှားလုပ်ထားလဲ ခိုင်မာတဲ့သက်သေအထောက်အထား အရင်ပြရမယ်”
ဝမ်ကျိချန်သည် သူ၏ ကျင့်ကြံမှုအဆင့်ကြောင့် ဖီးနစ်စိမ်းတပ်ဖွဲ့မှာ ကနဦးအဆင့် ၄ နေရာထိ တက်လှမ်းလာနိုင်ခြင်းဖြစ်သည်။ သူက တစ်ဦးချင်းလှုပ်ရှားရာမှာ ထူးချွန်ထက်မြတ်သူဖြစ်သည်။ သူက ထုတ်ဖော်ပြောဆိုလိုက်၏။
“ငါ ထုံထျန်မြစ်မှာ လှေစီးလာခဲ့တယ်… ဒါပေမဲ့ ဂမ္ဘီရဝိဇ္ဇာတစ်ဦးက မှော်ပညာကိုသုံးပြီး ငါ့ရဲ့လှေကိုဖျက်ဆီး၊ ငါ့ရဲ့နောက်လိုက်တွေကို ရှင်းပစ်ခဲ့တယ်… ငါက ကိုယ်ခံပညာသိုင်းသမားတစ်ဦးပဲ... အဲဒါကြောင့် အဲဒါက ဘယ်သူ့လက်ချက်လဲ မရှာနိုင်ဘူး… ဒါပေမဲ့ ဖီးနစ်စိမ်းတပ်ဖွဲ့က ဂမ္ဘီရဝိဇ္ဇာတွေကလည်း သဲလွန်စတချို့ကို ရှာနိုင်လိမ့်မယ်”
“ငါ ကမ်းခြေကို ကူးလာပြီးတဲ့နောက် ယွီရှုအဆင့် နတ်ဆရာ နောက်ထပ်သုံးဦးက ငါ့ကို အသင့်ကြိုစောင့်နေတယ်… ငါတို့ရဲ့ ဂမ္ဘီရဝိဇ္ဇာတွေက ဖြစ်ပျက်ခဲ့တဲ့အရာကို သက်သေပြဖို့အတွက် မြေကမ္ဘာချီပြန်ခေါ်နည်းစနစ်ကို အသုံးပြုနိုင်တယ်… တစ်ယောက်ယောက်က မြေကမ္ဘာစွမ်းအင်ကို ဟန့်တားနှောက်ယှက်ထားမယ်ဆိုရင် သူတို့မှာ ဖုံးကွယ်ထားစရာတစ်ခုခုရှိနေတယ်ဆိုတဲ့ သဘောပဲဖြစ်လိမ့်မယ်”
“ဒီကိစ္စကို ဖီးနစ်စိမ်းတပ်ဖွဲ့က ဂရုမစိုက်ဘူးဆိုရင်တောင် ဒါက လင်းရှန်စုန်းကဝေအယူဝါဒဂိုဏ်းက မိစ္ဆာတွေနဲ့ပတ်သက်နေမှတော့ တာအိုဂိုဏ်းတော်ကလည်း သေချာပေါက်ပါဝင်လာမှာပဲ”
“ဒုစစ်ကဲ… မင်း ဒီနေ့ ငါနဲ့မလိုက်ခဲ့ဘူးဆိုရင် သိပ်မကြာခင် မင်းကို တခြားတစ်ယောက်လာခေါ်လိမ့်မယ်… အဲဒီအချိန်ကျရင် မင်းအခုလိုမျိုးပဲ ယုံကြည်မှုရှိနေပါစေလို့ ငါမျှော်လင့်တယ်”
လင်းကျန်းယွမ်က မှင်တက်သွား၏။ စောစောက သူ့မှာရှိခဲ့သော မောက်မာဝံ့ကြွားမှုက ချက်ချင်းပင် ပျောက်ဆုံးသွားပြီး သူ့မျက်လုံးထဲရှိ အေးစက်စက်အလင်းရောင်ကလည်း တဖြည်းဖြည်းလျော့ကျသွားသည်။
ခဏနေပြီးနောက် လင်းကျန်းယွမ်က အခြေအနေကို ထိန်းချုပ်ဖို့ ပြန်လည်ကြိုးစားလိုက်သည်။
“ကွပ်ကဲရေးဗိုလ်မှူး… ဒါက အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေပဲ… ဖီးနစ်စိမ်းတပ်ဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးအနေနဲ့ မင်းက တာအိုဂိုဏ်းတော်ကလူတွေနဲ့ ပူးပေါင်းခဲ့တယ်… ဒါက ကြီးမားတဲ့တားမြစ်ချက်ပဲ… တောင်ပိုင်းစစ်ဘက်ကွပ်ကဲရေးရုံးရဲ့ ကွပ်ကဲရေးဗိုလ်မှူးအနေနဲ့ ဒီပြစ်မှုက ဘယ်လောက်ထိ ကြီးလေးလဲဆိုတာ မင်းသိထားသင့်တယ်”
ဝမ်ကျိချန်ကပြောလိုက်သည်။
“ဒါပေါ့… ငါသိတယ်.. ဒါပေမဲ့ အဲဒါက လျှို့ဝှက်အသင်းအဖွဲ့တွေ ပါဝင်ပတ်သက်မှုမရှိမှပဲ ဖြစ်လိမ့်မယ်… ရှေးဟောင်းအင်မော်တယ်တွေ၊ လျှို့ဝှက်အသင်းအဖွဲ့တွေနဲ့ပတ်သက်တဲ့ ကိစ္စတွေမှာ အင်ပါယာနန်းတော်ရဲ့ ဝန်ကြီးဌာနတွေနဲ့ အရာရှိတွေအားလုံးက တာအိုဂိုဏ်းတော်ကို အပြည့်အဝကူညီထောက်ပံ့ပေးရမယ်လို့ ဧကရာဇ်ကောင်းကျူက အတိအလင်းထုတ်ဖော်ပြောဆိုခဲ့တယ်”
“ရွှမ်အရှင်မြတ်ကလည်း ပြောခဲ့ဖူးတယ်… ကျန်းယီဂိုဏ်းက တစ္ဆေသရဲတွေနဲ့ နတ်ဘုရားတွေနဲ့ပတ်သက်တဲ့ အရေးကိစ္စတွေကို တာဝန်ယူထားတယ်… ထိုက်ဖျင်ဂိုဏ်းက လောကီရေးရာကိစ္စတွေကို တာဝန်ယူထားတယ်… ချွမ်ကျန်းဂိုဏ်းကတော့ တီထွင်မှုတွေကို တာဝန်ယူထားတယ်… တာအိုဂိုဏ်းသုံးဂိုဏ်းက တန်းတူရည်တူရှိပြီး သီးခြားစီရပ်တည်နေကြတယ်”
“ဒါပေမဲ့ ရှေးဟောင်းအင်မော်တယ်တွေနဲ့ပတ်သက်တဲ့ ပြဿနာတွေပေါ်ထွက်လာတဲ့အခါမှာ ထိုက်ဖျင်ဂိုဏ်းနဲ့ ရွှမ်ကျန်းဂိုဏ်းကလည်း အပြည့်အဝကူညီထောက်ပံ့ပေးရလိမ့်မယ်တဲ့… ဧကရာဇ်ကောင်းကျူနဲ့ ရွှမ်အရှင်မြတ်တို့ရဲ့ အဲဒီအမိန့်ပြန်တမ်းတွေက မှားယွင်းနေတယ်လို့ မင်းပြောချင်တာလား”
ဧကရာဇ်ကောင်းကျူနှင့် ရွှမ်အရှင်မြတ်၏ နာမည်ကို ထုတ်ဖော်ပြောဆိုလာသည့်အချိန်မှာ လင်းကျန်းယွမ်ကိုမပြောနှင့် တာအိုဂိုဏ်းတော်မှ မဟာအကြီးအကဲနှင့် ဧကရာဇ်ပင်လျှင် ဆန့်ကျင်ပြောဆိုရဲလိမ့်မည် မဟုတ်ပေ။
ဒုစစ်ကဲက ခဏမျှ ပြောစရာစကားမဲ့သွား၏။
ဝမ်ကျိချန်က ထပ်ပြောလိုက်သည်။
“နောက်ပြီး ဒီကိစ္စမှာ တာအိုဂိုဏ်းတော်က ပါဝင်ပတ်သက်နေပြီးသားပဲ”
သူက တစ်ဘက်သို့လှည့်ပြီး ပြောလိုက်သည်။
“အမှုဆောင်ချီ…”
တစ်ချိန်လုံးနှုတ်ဆိတ်နေသည့်ချီရွှမ်းစုက ရှေ့သို့ထွက်ပြီး ပိုင်ယုံကွမ်း၏ ဦးခေါင်းပြတ်ကို မြေပြင်ပေါ်ချလိုက်သည်။ သူက ပိုင်ယုံကွမ်း၏ ဆံပင်များကို နောက်သို့လှန်ချပြီး သူ့မျက်နှာကို ပေါ်ထွက်လာစေ၏။
“ကျုပ်က ထျန်ကန်းခန်းမရဲ့ အမှုဆောင် ချီရွှမ်းစုပဲ… ဒီလူက ချင်းပိုင်ဘုရားကျောင်းရဲ့ ကျောင်းထိုင်ဆရာ ပိုင်ယုံကွမ်း… သူက အဆင့် ၄ ကျိကျိုး တာအိုအကြီးအကဲတစ်ဦးဖြစ်သလို လင်းရှန်စုန်းကဝေအယူဝါဒဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်တယ်… ကွပ်ကဲရေးဗိုလ်မှူးနဲ့ ကျုပ်က သူ့ကို သတ်ဖြတ်ခဲ့တယ်… ဒါက သက်သေပဲ။”
ထို့နောက် သူသည် ပိုင်ယုံကွမ်းက လျှို့ဝှက်အသင်းအဖွဲ့များနှင့်ပတ်သက်ကြောင်း သက်သေပြနိုင်သည့် ရိုးရှင်းသော ကျောက်စိမ်းဆွဲသီးတစ်ခုနှင့် ဆုတောင်းပုတီးတစ်ကုံးကို ထုတ်ယူပြလိုက်၏။ ထိုဆုတောင်းပုတီးကို ကျောက်စိမ်းဖြင့် ပြုလုပ်ထားသောကြောင့် ပိုင်ယုံကွမ်းသည် လင်းရှန်စုန်းကဝေအယူဝါဒဂိုဏ်းမှာ ချူးလျန်ဝမ့်ထက် ပိုမိုမြင့်မားသော အဆင့်အတန်းရှိသည်မှာ သိသာနေသည်။
လင်းကျန်းယွမ်၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး လောရှောင်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။
ကျန်ရှိနေသော ဖီးနစ်စိမ်းတပ်သားများကလည်း တုန်လှုပ်နေကြသည်။
ဟဲနန်သည် ရှေးဟောင်းအင်မော်တယ်ယုံကြည်သူတစ်ဦးဟု တိုက်ရိုက်ဖော်ပြနိုင်သည့် ဆုတောင်းပုတီးကို ဆောင်မထားသော်လည်း သူ့မှာ ပိုင်ယုံကွမ်း၏ ကျောက်စိမ်းဆွဲသီးကဲ့သို့ ဆင်တူသောတစ်ခုရှိနေသည်။
ကျန်းယွဲ့လုက အနည်းငယ်ထိတ်လန့်သွားမိသည်။ ချင်းပိုင်ဘုရားကျောင်းကို လင်းရှန်စုန်းကဝေဂိုဏ်းမှ မိစ္ဆာများ တိုက်ခိုက်ခဲ့သည်ဟု အစက သူမတွေးခဲ့သည်။ မထင်မှတ်ထားစွာဖြင့် ချင်းပိုင်ဘုရားကျောင်း၏ ကျောင်းထိုင်ဆရာကိုယ်တိုင်က လျှို့ဝှက်အသင်းအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်နေလေသည်။
ချီရွှမ်းစုကို ချင်းပိုင်ဘုရားကျောင်းသို့ တစ်ယောက်တည်းစေလွှတ်လိုက်ခြင်းသည် ကျားတစ်ကောင်၏ သားရဲတွင်းသို့ သိုးတစ်ကောင်ကို တွန်းပို့လိုက်ခြင်းနှင့်တူသည်။ ကံကောင်းစွာနှင့် ချီရွှမ်းစုက မထိမခိုက်ပြန်လည်ရောက်ရှိလာခဲ့သည်။ မဟုတ်ပါက သူမတစ်သက်လုံး နောင်တရနေပေလိမ့်မည်။
ကျန်းယွဲ့လုက ချီရွှမ်းစုထံမှ ကျောက်စိမ်းဆွဲသီးကိုယူပြီး ဟဲနန်၏ ကိုယ်ကနေ ရှာတွေ့ထားသည့် ကျောက်စိမ်းဆွဲသီးကို လောရှောင်ထံကနေ တောင်းလိုက်၏။ သူမက ကျောက်စိမ်းဆွဲသီးတစ်ခုကို ကိုင်မြှောက်ပြီး ပြောလိုက်သည်။
“ဒုစစ်ကဲလင်း… တပ်မှူးလော… ရှင်တို့နှစ်ယောက် ကျွန်မကို ရှင်းပြဖိုလိုလာပြီ”
လောရှောင်သည် မကြာသေးခင်ကမှ ကျန်းယွဲ့လုမေးခဲ့သည့်မေးခွန်းကို ရုတ်တရက်အမှတ်ရသွား၏။ သူက နှလုံးခုန်မြန်လာပြီး သူ့ကိုယ်သူမြန်မြန်ဆန်ဆန် ခုခံကာကွယ်ပြောဆိုလိုက်၏။
“ကျုပ်က ဒီနေရာကိုယူထားတာ တစ်နှစ်မကြာသေးဘူး… အဲဒါကြောင့် ဒီမှာရှိတဲ့အခြေအနေတွေနဲ့ ကျုပ် ရင်းနှီးကျွမ်းဝင်မှုမရှိဘူး… ဒါပေမဲ့ ဟဲနန်က ဒီရုံးမှာ ဆယ်နှစ်ကျော်ရှိလာခဲ့တဲ့ ဝါရင့်အမှုထမ်းပဲ… သူက စာရွက်စာတမ်းကိစ္စတွေအားလုံးကို တာဝန်ယူထားတယ်… ရုံးရဲ့ အရေးကိစ္စအတော်များများကလည်း သူ့လက်ထဲကနေ ထွက်လာတာပဲ… အသေးစိတ်အချက်အလက်တွေကို တကယ်ပဲ ကျုပ်မသိဘူး”
လောရှောင်က ရှင်းရှင်းလင်းလင်းမပြောဆိုသော်လည်း ဝမ်ကျိချန်က အဓိကျသောစကားလုံးများကို သေသေချာချာဖမ်းဆုပ်ပြီး ချက်ချင်းပင်မေးလိုက်သည်။
“တပ်မှူးလော… မင်းရဲ့အရင်လူက ဘယ်သူလဲ”
လောရှောင်က သူ့ဘေးမှာရှိသောလင်းကျန်းယွမ်ကို တစ်ချက်ကြည့်ပြီး အင်တင်တင်ဖြင့် ပြောလိုက်သည်။
“ရုံးတစ်ရုံးရဲ့ အခြေခံကျတဲ့ လုပ်ငန်းဆောင်တာတွေက ခေါင်းဆောင်ပိုင်းအပြောင်းအလဲဖြစ်သွားရင်တောင်မှ များသောအားဖြင့် ဆက်ပြီးလည်ပတ်နေတတ်တယ်… ကျုပ်ရဲ့ အရင်လူက…”
ဝမ်ကျိချန်က ကြားဖြတ်ပြောလိုက်သည်။
“အဲဒါက ဒုစစ်ကဲလင်းတော့ မဟုတ်ဘူးမလား”
လင်းကျန်းယွမ်၏ မျက်နှာပေါ်တွင် မည်သည့်စိတ်ခံစားချက်မှမရှိဘဲ သူက ဝန်ခံလိုက်သည်။
“ကျုပ်ပါ… အရင်တုန်းက ဒီနေရာမှာရှိတဲ့ တပ်မှူးနေရာက လစ်လပ်နေခဲ့တယ်… အဲဒါကြောင့် အထက်လူကြီးတွေက ကျုပ်ကို ဒုစစ်ကဲရုံးရဲ့ တပ်မှူးချုပ်နေရာနဲ့ ဒီရုံးရဲ့ တပ်မှူးနေရာ နှစ်ခုစလုံးကို ယူခိုင်းထားခဲ့တယ်”
“ပြောရမယ်ဆိုရင် ဟဲနန်က မင်းရဲ့ တိုက်ရိုက်လက်အောက်ငယ်သားဖြစ်ခဲ့ဖူးတာပေါ့”
ဝမ်ကျိချန်က ကြားဖြတ်ပြောဆိုလိုက်သည်။
“မင်းက လင်းရှန်စုန်းကဝေဂိုဏ်းရဲ့ မိစ္ဆာတစ်ဦးဖြစ်သလား ဒါမှမဟုတ် ဟဲနန်နဲ့အတူ ကြံရာပါတွေလားဆိုတာ အသာထား… မင်းရဲ့ လူယုံက လင်းရှန်စုန်းကဝေဂိုဏ်းက မိစ္ဆာတစ်ဦးဖြစ်နေတာနဲ့တင် မင်းရဲ့ ပေါ့ဆမှုအတွက် စီရင်ချက်ချနိုင်တယ်… ဒါက ကြီးမားတဲ့ ပြစ်မှုတစ်ခုမဟုတ်ပေမဲ့ လူချင်းတွေ့ စစ်ဆေးမေးမြန်းဖို့အတွက် မင်းကို အင်ပါယာနေပြည်တော်ဆီ ခေါ်သွားဖို့ လုံလောက်နေပြီ”
ဤအခိုက်အတန့်မှာ ပိုင်ယုံကွမ်း၏ ဦးခေါင်းပြတ်က ရုတ်တရက် အသက်ဝင်လာပြီး စကားပြောလိုက်သည်။
“ဒီအဆင့် ၇ တာအိုဆရာက ငါတို့ရှာနေတဲ့ ပေါင်းကူးခန္ဓာပဲ”
ထိုသို့ပြောပြီးနောက် လင်းကျန်းယွမ်က ရုတ်တရက် ရှေ့သို့ခုန်တက်ပြီး ချီရွှမ်းစုရှိရာသို့ ပြေးဝင်လာသည်။
ဤအခိုက်အတန့်မှာ ချီရွှမ်းစုတွင် နဂါးမျက်လုံးကျည်ဆန်မရှိတော့ပေ။ သူက ဖီးနစ်စိမ်းတပ်ဖွဲ့၏ ဒုစစ်ကဲတစ်ဦးနှင့် ဘယ်လိုလုပ် ထိပ်တိုက်ရင်ဆိုင်နိုင်ပါ့မလဲ။
တစ်ချိန်တည်းမှာပင် ယီရှန်မြို့ထဲရှိ တည်းခိုခန်းတစ်ခုမှာ စာပေပညာရှင်တစ်ဦးက စားပွဲထိုးထံကနေ ရေဇလုံတစ်လုံးကို တောင်းယူထားသည်။
စာပေပညာရှင်က သူ့လက်ကိုဆန့်ပြီး ရေကိုမွှေနှောက်လိုက်၏။ ချက်ချင်းပင် တပ်မှူးရုံးမှာ လက်ရှိဖြစ်နေသည့်မြင်ကွင်းက ရေဇလုံထဲမှာ ပေါ်ထွက်လာသည်။
ရေဇလုံနဲ့မလှမ်းမကမ်းမှာ လူဦးခေါင်းအရွယ် အမွှေးတိုင်အိုးတစ်အိုးရှိနေပြီး အထဲမှာ လက်သန်းလုံးအရွယ်လောက်တုတ်သည့် အမွှေးတိုင်များဖြင့် ပြည့်နှက်နေ၏။ အမွှေးတိုင်များက လောင်ကျွမ်း၍ မီးရောင်က တဖျတ်ဖျတ်လက်နေ၏။
အဖြူရောင်မီးခိုးငွေ့များက ချာလပတ်လည်၍ အပေါ်သို့ တက်သွားပြီး လူတစ်ယောက်၏မျက်နှာအဖြစ် တဖြည်းဖြည်းတွန့်လိမ်ကာ ပြောင်းလဲသွား၏။ ထိုမီးခိုးပုံရိပ်က ဝမ်ကျိချန်နှင့်ဆင်တူသော်လည်း ၎င်းသည် မင်ဆေးပန်းချီကဲ့သို့ သိသာရှင်းလင်းမှုမရှိပေ။
စာပေပညာရှင်က ရယ်မော၍ ဝမ်ကျိချန်၏ ပုံရိပ်ကို လက်ညှိုးဖြင့်ခတ်ကာ မီးခိုးများကို အလျင်အမြန်ပျက်ပြယ်သွားစေသည်။
တပ်မှူးရုံးမှာရှိသော ဝမ်ကျိချန်သည် သူ၏ ရင်ဘတ်ကို အင်အားတစ်ခု လာရောက်ရိုက်ခတ်သည်ဟုသာ ရုတ်တရက်ခံစားလိုက်ရသည်။ သူက ညည်းတွား၍ နောက်သို့ ခြေလှမ်းအနည်းငယ် ဒယီးဒယိုင်ဆုတ်သွားရသည်။
အနီးကပ်တိုက်ခိုက်ရည်မှာ ဂမ္ဘီရဝိဇ္ဇာများသည် လှုပ်ရှားကွက်အနည်းငယ်အတွင်း ကိုယ်ခံပညာသိုင်းသမား၏ သတ်ဖြတ်ခြင်းကို ခံရနိုင်သည်။ သို့သော်လည်း ဂမ္ဘီရဝိဇ္ဇာက အကွာအဝေးတစ်ခုခြား၍ အမှောင်ထဲမှာ ပုန်းအောင်းနေမည်ဆိုလျှင် ကိုယ်ခံပညာသိုင်းသမားက သူပြုသမျှနုရပေလိမ့်မည်။
ဝမ်ကျိချန်ကို ဟန့်တားလိုက်သော်လည်း ချီရွှမ်းစုကို ကာကွယ်ဖို့အတွက် ကျန်းယွဲ့လုရှိနေသည်။ သူမက ပုံသဏ္ဍာန်မဲ့စက္ကူကို ဓားရှည်တစ်လက်အဖြစ်ပြောင်းလဲပြီး ချီရွှမ်းစု၏ ရှေ့မှာ မတ်တတ်ရပ်ကာ ကာပေးထားသည်။
လင်းကျန်းယွမ်က ကျန်းယွဲ့လုကို လျှော့မတွက်ရဲပေ။ သူက ယင်ကိုးပါးတစ္ဆေလက်ကိုသုံးကာ စက္ကူဓားကို ဖမ်းဆွဲလိုက်သည်။ သူ၏ လက်ချောင်းငါးချောင်းမှာ အနက်ရောင်ဆိုးယုတ်စွမ်းအင်တစ်ခု ရစ်ဝဲနေပြီး အငြိုးကြီးဝိညာဉ်များ၏ မကျေမချမ်းအော်ဟစ်သံများထွက်ပေါ်လာ၏။ ဤသည်မှာ ကွေ့ကျန်းအဆင့်သို့ရောက်မှသာ သင်ယူနိုင်သည့် နည်းစနစ်တစ်ခုဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူက ဘယ်ဘက်လက်ဖြင့် ဖီးနစ်စိမ်းတပ်ဖွဲ့၏ မဟူရာနတ်ဆိုးလက်ဝါးကို အသုံးပြုလိုက်သည်။ ထိုလက်ဝါးရိုက်ချက်မှာ အလွန်တရာအေးစက်သော စွမ်းအင်ပါဝင်ပြီး တစ်ဘက်သူ၏ ခန္ဓာကိုယ်ကို ချက်ချင်းပင် အေးခဲသွားစေနိုင်သည်။ တစ်ဘက်သူ၏ ခန္ဓာကိုယ်ပေါ်မှာ အနက်ရောင်လက်ဝါးရာ ပေါ်ထွက်လာပြီးနောက် အေးစက်နေသောအဆိပ်က အရေပြားထဲသို့ စိမ့်ဝင်သွားပေလိမ့်မည်။ တိုက်ခိုက်မှုအတွင်း နာကျင်မှုက မခံမရပ်နိုင်အောင်ဖြစ်ပြီး အသက်ကိုပင် နှုတ်ယူနိုင်လေသည်။
လင်းကျန်းယွမ်ကို အံ့အားသင့်သွားစေသည်မှာ ကျန်းယွဲ့လု၏ စက္ကူဓားက ထက်ရှလွန်းပြီး သူ၏ယင်ကိုးပါးတစ္ဆေလက်ကို ချေဖျက်ကာ သူ၏လက်ချောင်းငါးချောင်းကို ဖြတ်တောက်နိုင်လုနီးပါးပင်။
တစ်ချိန်တည်းမှာပင် သူ၏ဘယ်ဘက်လက်ဝါးက ကျန်းယွဲ့လုကို လုံးဝမထိနိုင်ပေ။ သူမ၏ဘေးပတ်လည်မှာ တစ်လက်မသာသာထူသော ဒြပ်စင်ငါးမျိုးချီဒိုင်းကာ ရှိနေသောကြောင့်ဖြစ်သည်။ သူ၏ ဘယ်ဘက်လက်ဝါးသည် သူမကို ထိခိုက်အောင်လုပ်ဖို့နေနေသာ ထိနိုင်ခြင်းပင် မရှိပေ။
လင်းကျန်းယွမ်၏ အမူအရာက ကြီးမားစွာပြောင်းလဲသွားသည်။ ကျန်းယွဲ့လုက ဤမျှအထိ စွမ်းအားကြီးမားလိမ့်မည်ဟု သူထင်မှတ်မထားသည်မှာ သိသာနေသည်။ သူ၏ ခါးမှာ ဖီးနစ်စိမ်းဓားက ဓားအိမ်ထဲကနေ သူ့ဘာသာသူခုန်ထွက်ပြီး သူ့လက်ဖဝါးထဲသို့ ရောက်ရှိလာ၏။
ဖီးနစ်စိမ်းဓားသည် ဖီးနစ်စိမ်းတပ်ဖွဲ့၏ စံချိန်မီ အဆောင်အယောင်လက်နက်များထဲမှ တစ်ခုလည်းဖြစ်သည်။ ၎င်းသည် ကျားဆေဘာထက် များစွာပိုမိုကောင်းမွန်ပြီး ဒုစစ်ကဲအဆင့်မှာရှိသော သူများသာ ကိုင်ဆောင်နိုင်သည်။
သူတို့သည် စစ်မြေပြင်ကို ရောက်ရှိသွားသည့်အလား အဆက်မပြတ် သတ္တုချင်းထိခတ်သံက ထွက်ပေါ်လာသည်။ တပ်မှူးရုံး၏ ပတ်ဝန်းကျင်မှာ ခန့်မှန်းရခက်သော စွမ်းအင်တစ်မျိုးကလည်း ပေါ်ထွက်လာ၏။
ဤအခိုက်အတန့်မှာ တည်းခိုခန်းတွင်ရှိသော စာပေပညာရှင်က အမွှေးတိုင်အိုးက ထွက်လာသော အစိမ်းရောင်မီးခိုးများကိုအသုံးပြုကာ ကျန်းယွဲ့လု၏ မျက်နှာကို ပုံဖော်၍ သူမကို ရှင်းပစ်လို၏။
သို့သော်လည်း ကျန်းယွဲ့လုက စာပေသမား၏ လှုပ်ရှားမှုများကို သတိထားမိသွားပုံရသည်။ ကျန်းယွဲ့လုသည် လင်းကျန်းယွမ်ကို နောက်သို့တွန်းထုတ်ပြီးနောက် သူမ၏ စက္ကူဓားဖြင့် လေထဲကို ခုတ်ပိုင်းချလိုက်၏။ ရုတ်တရက် တင်းနေသော ကြိုးတစ်ကြိုး ပြတ်တောက်သွားသလို ထောက်ခနဲအသံတစ်သံကို သူတို့အားလုံး ကြားလိုက်ရသည်။
တစ်ချိန်တည်းမှာပင် တည်းခိုခန်းမှာရှိသော မြေကွက်တစ်ကွက်သို့ မိုးကြိုးတစ်စင်းပစ်ချလိုက်၏။ ရေဇလုံက အပိုင်းပိုင်းကွဲထွက်သွားပြီး ရေစက်များစွာက နံရံများနှင့် ပြတင်းပေါက်များဆီ ဖိတ်စင်ပြန့်ကျဲကာ ထိတွေ့မိသောနေရာများမှာ အပေါက်များဖြစ်ပေါ်သွားလေသည်။
အမွှေးတိုင်အိုးထဲရှိ အမွှေးတိုင်ကလည်း ထက်ရှသောလက်နက်တစ်ခုဖြင့် ပိုင်းဖြတ်ခံလိုက်ရသည့်အလား ခါးလယ်ကနေ တိတိရိရိပြတ်ကျသွား၏။
ဤမြင်ကွင်းမှာ စာပေပညာရှင်က ထိတ်လန့်တကြားဖြစ်သွား၏။ သူက နောက်သို့ခြေလှမ်းအနည်းငယ် ဒယီးဒယိုင်ဆုတ်ပြီး သူ့ကိုယ်သူဟန်ချက်ထိန်းရန် ဘေးမှာရှိသော စားပွဲကို ဆုပ်ကိုင်လိုက်၏။ သူ၏ နှလုံးကို ပြင်းပြင်းထန်ထန်ပစ်ထိုးလိုက်သလို ခံစားနေရ၏။ သိပ်မကြာခင် စားပွဲတစ်ခုလုံးက ကြေမွပျက်စီးသွားသည်။