“ငါ့ကို သစ်သီးဝိုင်တစ်ပုလင်း ထပ်ပေးစမ်း”
စားသောက်ပြီး၍ ဗိုက်ကားနေပြီဖြစ်သော ကတ်စ်သည် ခါးကြားမှ ဓားမြှောင်ကို ဆွဲထုတ်လိုက်ကာ အဝါရောင်သန်းနေသည့် သွားကြားများကို ထိုးဆွရင်း စားပွဲထိုးမလေးအား ခပ်ပေါ့ပေါ့ပင် ဆိုလိုက်၏။
“ငါ့စာရင်းထဲမှာပဲ မှတ်ထားလိုက်”
အရက်ဆိုင်မှ စားပွဲထိုးမလေးမှာ ခဏမျှ ဝေခွဲမရဖြစ်သွားပြီးနောက် ကောင်တာနောက်ကွယ်ရှိ ဆိုင်ရှင်ဖြစ်သူအား လှမ်းကြည့်လိုက်လေသည်။
ဆိုင်ရှင်ဖြစ်သူ၏ မျက်နှာထက်တွင် မကျေမနပ်ဖြစ်မှုများ အထင်းသား ပေါ်လွင်နေသော်လည်း ခေါင်းကိုသာ ငြိမ့်ပြလိုက်ရရှာ၏။
ကတ်စ်သည် မူးယိုင်ယိုင်ဖြင့် တဟားဟားရယ်မောကာ ဝိုင်ပုလင်းကို ဆွဲမ၍ ဆိုင်ငယ်လေးအတွင်းမှ ထွက်ခွာခဲ့တော့သည်။ ဆိုင်ရှင်မှာ ကတ်စ်၏ ကျောပြင် ပျောက်ကွယ်သွားသည်အထိ ကြည့်နေပြီးမှ ကြမ်းပြင်ပေါ်သို့ တံတွေးတစ်ချက် ထွေးလိုက်ကာ “တောက်... ခွေးကောင်” ဟု ကျိန်ဆဲလိုက်လေသည်။
မူလက ကတ်စ်ဆိုသည်မှာ လမ်းဘေးမှ ခိုးဆိုးလုယက်ကာ လူအများ ရွံရှာမုန်းတီးခြင်းကို ခံရသည့် လူမိုက်ကလေးတစ်ဦးသာ ဖြစ်ပေသည်။
ယင်းကဲ့သို့သောသူသည် ဂျယ်လိုညီနောင်များအဖွဲ့ ထဲသို့ ဝင်ရောက်သွားပြီးနောက် ရုတ်ချည်းဆိုသလိုပင် အရှိန်အဝါ တက်လာလိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြပေ။
အရက်ဆိုင်ရှင်မှာ သူ့ကို အလိုမရှိသော်လည်း မည်သို့မျှ မတတ်နိုင်ဘဲ ကြောက်ရွံ့နေရရှာသည်။
ကတ်စ်သည် မပီကလာသီကလာ သီချင်းတစ်ပုဒ်ကို ညည်းတွားရင်း လူသူကင်းမဲ့နေသော လမ်းမထက်၌ ဘဝင်မြင့်စွာ လျှောက်လှမ်းလာခဲ့သည်။
ညဉ့်နက်သန်းခေါင်ယံဖြစ်၍ လမ်းပေါ်တွင် လူသူတစ်ဦးတစ်လေမျှ မရှိတော့ဘဲ လမ်းဘေးဝဲယာရှိ အဆောက်အအုံများမှ အလင်းရောင်အချို့သာ ထွက်ပေါ်နေ၏။
မှောင်မည်းနေသော လမ်းကြားများအတွင်းမှ လမ်းဘေးခွေးများ၏ အူသံများမှာလည်း ကြောက်မက်ဖွယ် ကောင်းလှပေသည်။
သို့သော် ကတ်စ်မှာမူ စိုးရွံ့ခြင်း အလျှင်းမရှိပေ။
သူသည် ကောင်းကင်ယံတွင် မြင့်မားစွာ သာထွန်းနေသည့် လနက္ခတ်ကို မော့ကြည့်ရင်း လက်ထဲမှ ဝိုင်ပုလင်းကို မြှောက်လိုက်သည့်
ထိုအခိုက်အတန့်၌ပင် လေပြင်းတစ်ချက် ဝှေ့ယမ်းသွားပြီး မှောင်မည်းနေသော အရာဝတ္ထုတစ်ခုသည် ကတ်စ်လက်ထဲမှ ဝိုင်ပုလင်းကို အစိတ်စိတ်အမြွှာမြွှာ ရိုက်ခွဲလိုက်ကာ သူ၏ မျက်နှာတည့်တည့်သို့ ပြင်းထန်စွာ ထိမှန်သွားတော့သည်။
ကတ်စ်မှာ အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ နှာခေါင်းနှင့် ပါးရိုးများမှာ ဗြုန်းခနဲ ပိန်ချိုင့်သွားပြီး ကွဲအက်နေသော ပုလင်းကွဲစများသည် မျက်လုံးများအတွင်းသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားတော့၏။
ထိုလူမိုက်ကလေး နောက်ဆုံးမြင်လိုက်ရသည့် မြင်ကွင်းမှာ လျင်မြန်စွာ ပျံ့နှံ့သွားသော သွေးနီရောင်များသာ ဖြစ်ချေတော့သည်။
သူ၏ ခန္ဓာကိုယ်သည် နောက်သို့ အလိုအလျောက် လဲကျသွားကာ ခြေလက်များမှာ တဆတ်ဆတ် တုန်ခါသွားပြီးနောက် ခန္ဓာကိုယ်အောက်တွင် သွေးချင်းချင်း နီသွားလေတော့၏။
မိနစ်အနည်းငယ် ကြာပြီးနောက်တွင်မူ အမှောင်ရိပ်ထဲမှ လူရိပ်အချို့သည် တိတ်တဆိတ် ထွက်ပေါ်လာကြသည်။
သူတို့သည် ဝဲယာသို့ ကုတ်ချောင်းချောင်း ကြည့်လိုက်ကြပြီးလျှင် ကတ်စ်၏ အလောင်းကို အမှောင်ရိပ်ထဲသို့ အမြန်ပင် ဆွဲခေါ်သွားကြလေတော့၏။
မကြာမီမှာပင် အရာအားလုံးသည် တိတ်ဆိတ်သွားခဲ့သည်။
ဤမြင်ကွင်းတစ်ခုလုံးကို လမ်းထောင့်ရှိ အမှောင်ရိပ်အတွင်း ပုန်းကွယ်နေသော ရိုနန်ရေးမွန် က အထင်အရှား မြင်တွေ့နေရ၏။
သူသည် အေးစက်စွာ ပြုံးလိုက်ပြီးနောက် ခေါင်းဆောင်းကို ပြန်လည်ပြင်ဆင်ကာ ထိုနေရာမှ တိတ်တဆိတ် ထွက်ခွာခဲ့တော့သည်။
အေးစက်သော လရောင်သည် တိတ်ဆိတ်ငြိမ်သက်နေသည့် လမ်းမရှည်ကြီးထက်သို့ ဖြာကျနေပြီး မြောင်းထဲမှ ကြွက်အချို့သည် ကုတ်ကုတ်ကုတ်ကုတ်ဖြင့် ထွက်လာကာ မြေပြင်ပေါ်ရှိ သွေးကွက်များအနီးသို့ သတိကြီးစွာဖြင့် ချဉ်းကပ်လာကြသည်။
ဘေးအန္တရာယ် ကင်းရှင်းကြောင်း အတည့်ပြုပြီးနောက်တွင်မူ သူတို့သည် အငမ်းမရပင် သွေးများကို စတင်လျက်ကြလေတော့၏။
လူ့အဖွဲ့အစည်း၏ အမှိုက်သရိုက်ဖြစ်သော ဂိုဏ်းဝင်တစ်ဦး သေဆုံးသွားခြင်းသည်ပင် ယုတ်နိမ့်သော သတ္တဝါလေးများအတွက် အာဟာရ ဖြစ်စေနိုင်ပေရာ ကတ်စ် ပျောက်ကွယ်သွားခြင်းကို မည်သူကမျှ အရေးတယူ ရှိကြလိမ့်မည် မဟုတ်ပေ။
နံနက်မိုးလင်းသောအခါ ရိုနန်သည် ထုံးစံအတိုင်း တတိယရဲစခန်းသို့ သွားရောက်ခဲ့သည်။ ထိုနေ့တွင် သူသည် သတင်းကောင်းတစ်ခုနှင့် သတင်းဆိုးတစ်ခုကို ရရှိခဲ့၏။
သတင်းကောင်းမှာ ရိုနန်အနေဖြင့် တစ်ဦးတည်း ကင်းလှည့်ခွင့် ရရှိခြင်းဖြစ်ပြီး သတင်းဆိုးမှာ ယနေ့မှစ၍ တစ်ဦးတည်း ကင်းလှည့်ရမည် ဖြစ်ခြင်းပင်။
ရိုနန်နှင့် အမြဲတစေ အတူလိုက်ပါလေ့ရှိသော အဘိုးကြီးဟတ် မှာ မနေ့ညက ချော်လဲ၍ ခါးနာသွားသဖြင့် ရက်အနည်းငယ်မျှ အနားယူရန် လိုအပ်နေသည်။
တတိယရဲစခန်းတွင်လည်း လူအင်အား မလုံလောက်သဖြင့် ရိုနန်ကို ကူညီရန် အခြားသူတစ်ဦးအား ခန့်အပ်ပေးနိုင်ခြင်း မရှိပေ။ ထို့ကြောင့် ယနေ့၏ ကင်းလှည့်တာဝန်မှာ သူတစ်ဦးတည်း၏ ပုခုံးပေါ်သို့ ကျရောက်လာတော့သည်။
အကယ်၍ အမှားအယွင်းမရှိ တာဝန်ကျေပွန်ခဲ့ပါက ဤအချက်မှာ သူ၏ ရာထူးတိုးရေးအတွက် အမှတ်ကောင်းများ ရရှိစေနိုင်ပေသည်။ ထို့ပြင် ရိုနန်သည် ပုလိပ်တုတ်ဖြင့်တင် မလုံလောက်ဟု ယူဆကာ ဓားတစ်လက် ဆောင်ယူခွင့်ကိုလည်း ရရှိခဲ့၏။
“ဂရုစိုက်ပါဦး”
တတိယရဲစခန်း၏ ရဲမေလှလေး ဆယ်လီနာ က စိုးရိမ်တကြီးဖြင့် သတိပေးလိုက်လေသည်။ “အန္တရာယ်တစ်ခုခု ကြုံလာရင် ချက်ချင်း ဝီစီမှုတ်လိုက်နော်၊ တခြားလူတွေက အကူအညီပေးဖို့ လာပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် သူရဲကောင်းလုပ်ဖို့ မကြိုးစားနဲ့ဦး”
သူမ၏ စိုးရိမ်တကြီး ပြောကြားလိုက်သော စကားအနည်းငယ်ကြောင့်ပင် ရိုနန်မှာ အခြားလုပ်ဖော်ကိုင်ဖက်များ၏ မနာလိုဝန်တိုမှုကို ပိုမိုရရှိသွားခဲ့ရသည်။
ရိုနန်သည် ဘာမှမတတ်နိုင်သလို ပခုံးတစ်ချက် တွန့်လိုက်ကာ “နားလည်ပါပြီ” ဟု ပြန်လည်ဖြေကြားလိုက်၏။
ဤလှပသော ရဲမေလေးသည် သူ့ကို ဘေးအိမ်မှမောင်ငယ်လေးတစ်ဦးကဲ့သို့ သဘောထားနေကြောင်း သူ ခံစားသိရှိနိုင်ပေသည်။
အမှန်စင်စစ်လည်း ရိုနန်၏ အသက်အရွယ်၊ ရုပ်ရည်နှင့် စရိုက်မှာ မောင်ငယ်လေးတစ်ဦး၏ ပုံစံမျိုး ပေါက်နေသည် မဟုတ်လော။
သူသည် စံနှုန်းမီ ကြက်ခြေခတ်ဓား တစ်လက်ကို ဆွဲကိုင်ကာ ကင်းလှည့်ခြင်း တာဝန်ကို စတင်ခဲ့တော့သည်။
ကင်းလှည့်ရာတွင် သတ်မှတ်ထားသော လမ်းကြောင်းရှိပြီးသား ဖြစ်သဖြင့် ရိုနန်သည်လည်း အထူးအဆန်း မလုပ်တော့ဘဲ မူလလမ်းကြောင်းအတိုင်း လမ်းမများနှင့် လမ်းကြားများအတွင်း လျှောက်လှမ်းနေခဲ့၏။
နေ့ဘက်တွင်မူ လန်ဒီမြို့ ၏ အောက်ပိုင်းရပ်ကွက်မှာ လူစည်ကားလျက်ရှိပြီး သွားလာနေသူများဖြင့် ပြည့်နှက်နေသည်။
အလျင်အမြန် သွားလာနေကြသော ဒေသခံများ၊ ကျေးလက်မှ လယ်သမားများ၊ ထုပ်ပိုးအိတ်ကြီးများ သယ်ဆောင်လာသော ကုန်သည်များနှင့် သန်မာထွားကြိုင်းသော ဆာမူရိုင်းများ...။
ထိုအထဲတွင် ရိုနန်၏ အာရုံကို ဖမ်းစားသွားသည်မှာ ထွားကြိုင်းလှသော လူတစ်ဦးပင် ဖြစ်သည်။ ထိုလူမှာ အရပ် ခြောက်ပေခွဲကျော်မျှ ရှိပြီး လမ်းပေါ်ရှိ လူအများကြားတွင် ကြက်အုပ်ထဲမှ ကြိုးကြာကဲ့သို့ ထင်ရှားနေ၏။
သူသည် ဟောင်းနွမ်းနေသော သားရေချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ကျောထက်တွင် ဓားကြီးတစ်လက်နှင့် လေးရှည်တစ်စင်းကို လွယ်ထားကာ မြင်းတစ်ကောင်ကို တည်ငြိမ်စွာ ဆွဲလာလေသည်။
လမ်းသွားလမ်းလာများသည် ထိုလူကို မြင်သည်နှင့် တပြိုင်နက် ရှောင်ဖယ်သွားကြကုန်၏။ သူတို့၏ မျက်လုံးများထဲတွင် ရွံရှာမှု၊ မုန်းတီးမှုနှင့် ကြောက်ရွံ့မှုများ အထင်းသား ပေါ်လွင်နေပြီး ကူးစက်ရောဂါသည်တစ်ဦးအား ရှောင်ဖယ်သကဲ့သို့ ပြုမူနေကြသည်။
“နတ်ဆိုးမုဆိုး”
ရိုနန်၏ မှတ်ဉာဏ်များအရ ဤသူမှာ သတ္တဝါဆန်းများကို အမဲလိုက်၍ အသက်မွေးဝမ်းကျောင်း ပြုနေသူဖြစ်ကြောင်း သိလိုက်ရ၏။
နတ်ဆိုးမုဆိုးများသည် မျိုးရိုးလိုက်ခြင်းအပေါ် အခြေခံကြပြီး သူတို့၏ မျိုးရိုးမှာ သွေးလနက္ခတ်၏ ကျိန်စာသင့်ခြင်းကို ခံထားရသဖြင့် မင်္ဂလာမရှိသော အရာများအဖြစ် သတ်မှတ်ခံထားရသည်ဟု ဆိုကြသည်။
နတ်ဆိုးမုဆိုးများနှင့် ပတ်သက်မိသူ မည်သူမဆို ဆိုးရွားသော ကံကြမ္မာကို ကြုံတွေ့ရမည်ဖြစ်ရာ သူတို့ကို မည်သည့်နေရာတွင်မျှ လက်မခံကြပေ။ သို့သော် သူတို့တွင် ကြီးမားသော စွမ်းအားများ ရှိကြသဖြင့် လူအများမှာ မုန်းတီးသော်လည်း ရန်မစရဲကြပေ။
နတ်ဆိုးမုဆိုးများသည် ရွာများကို တိုက်ခိုက်သော သတ္တဝါဆန်းများကို နှိမ်နင်းရန် ငှားရမ်းခြင်း ခံရသည့် ကြေးစားစစ်သည်များလည်း ဖြစ်ကြသည်။ သို့သော် သူတို့နှင့် ဆက်ဆံရေးမှာ အလုပ်ကိစ္စမျှသာ ဖြစ်ချေသည်။
ရိုနန်သည် ထိုနတ်ဆိုးမုဆိုးမှာ အရက်ဆိုင်တစ်ဆိုင်ရှေ့တွင် ရပ်တန့်ကာ မြင်းကို ချည်နှောင်၍ အတွင်းသို့ ဝင်သွားသည်ကို စောင့်ကြည့်နေမိသည်။
ကျေးလက်နှင့် မြို့ပြရှိ အရက်ဆိုင်များမှာ သတင်းဖလှယ်ရာနှင့် တာဝန်အမျိုးမျိုး ပေးအပ်ရာ နေရာများ ဖြစ်ပေရာ နတ်ဆိုးမုဆိုးများ ထိုသို့ သွားလာခြင်းမှာ ထူးဆန်းသည်တော့ မဟုတ်ပေ။
ရိုနန်သည် အကြည့်ကို လွှဲလိုက်စဉ်မှာပင် တစ်စုံတစ်ခု ထူးခြားနေကြောင်း ခံစားမိလိုက်သည်။ သူသည် ခေါင်းကို ချက်ချင်း ပြန်လှည့်လိုက်ရာ လမ်းသွားလမ်းလာ တစ်ဦးမှာ သူ၏ အကြည့်ကို အမြန်ပင် လွှဲဖယ်လိုက်သည်ကို မြင်တွေ့လိုက်ရ၏။
ထိုသူမှာ သာမန် ခရီးသွားတစ်ဦးကဲ့သို့ပင် ဝတ်ဆင်ထားပြီး ကျောပိုးအိတ်တစ်လုံးကိုလည်း လွယ်ထားလေသည်။
ရိုနန်သည် သူ၏ မှတ်ဉာဏ်များကို ပြန်လည်ရှာဖွေကြည့်သော်လည်း ထိုလူနှင့် ပတ်သက်၍ ဘာမျှ မတွေ့ရှိရပေ။
သို့သော် ဤလူစိမ်းသည် အဘယ်ကြောင့် သူ့အပေါ် ရန်ငြိုးထားသည့် အကြည့်မျိုးဖြင့် ကြည့်နေရသနည်း။
ထိုသူ၏ အကြည့်မှာ ပါးနပ်သဖြင့် သာမန်လူဆိုလျှင် သိနိုင်မည် မဟုတ်သော်လည်း ရိုနန်၏ အာရုံခံနိုင်စွမ်းမှာ အလွန်ပင် ထက်မြက်လှသဖြင့် ထိုသူသည် မိမိအပေါ် မကောင်းသော ရည်ရွယ်ချက် ရှိနေကြောင်း သေချာပေါက် အတည်ပြုနိုင်ပေသည်။
ရိုနန်သည် ချက်ချင်းပင် ဆုံးဖြတ်ချက်ချကာ ထိုသူ၏အနီးသို့ အမြန်လျှောက်သွားပြီး ဟိန်းဟောက်လိုက်လေသည်။
“ရပ်လိုက်စမ်း”
ထိုခရီးသွားမှာ တုန်လှုပ်သွားပြီး ရပ်တန့်သွားကာ အံ့အားသင့်သည့် လေသံဖြင့် မေးလိုက်၏။ “အရာရှိ... ကျွန်တော့်ကို ခေါ်တာလား”
အမှန်တကယ်တွင်မူ သူသည် ရိုနန်နှင့် ထိပ်တိုက်မတွေ့လိုသော်လည်း ရိုနန်၏ ခြေလှမ်းများမှာ လျင်မြန်လှသဖြင့် သူ၏ လမ်းကို ပိတ်ဆို့ထားနိုင်ခဲ့ပြီ ဖြစ်သည်။
ရိုနန်သည် လက်ထဲမှ ပုလိပ်တုတ်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး အေးစက်စွာ ပြောလိုက်၏။
“မင်းရဲ့ မှတ်ပုံတင်ပြစမ်း”
ထိုခရီးသွားမှာ ပို၍ပင် အံ့အားသင့်သွားပုံရပြီး “အရာရှိ... ကျွန်တော် ဘာအမှားလုပ်မိလို့လဲ” ဟု မေးမြန်းနေတော့သည်။
ရိုနန်သည် တုတ်ကို တင်းတင်းဆုပ်ကိုင်ကာ အသံကို တစ်ဆင့်မြှင့်၍ ထပ်မံ မိန့်ကြားလိုက်လေသည်။
“ငါ ထပ်ပြောမယ်... မင်းရဲ့ မှတ်ပုံတင်ပြစမ်း”
***