လန်ဒီမြို့သည် အနောက်ဘက်တိုက်ကြီး၏ အရှေ့ဘက်စွန်းတွင် တည်ရှိပေရာ ယင်း၏မြောက်ဘက်တွင် အဆုံးမဲ့လွင်ပြင်ကျယ်ကြီးရှိပြီး မြစ်တစ်စင်းသည်လည်း ဝန်းရံစီးဆင်းလျက် ရှိချေသည်။
ဤဆိပ်ကမ်းမြို့၏ အနောက်ဘက်နှင့် တောင်ဘက်အရပ်တို့တွင်ကား လှိုင်းတံပိုးသဖွယ် ထပ်ဆင့်နေသော ကုန်းမြင့်သာယာများ ရှိနေကြပြီး ယင်းတို့မှာ လူနေထူထပ်လှသော မြို့ပြဧရိယာထက်ပင် များစွာပို၍ ကျယ်ဝန်းလှပေသည်။
လန်ဒီမြို့၏ ပတ်ဝန်းကျင်တစ်ဝိုက်တွင် ခြံဝင်းကြီးများနှင့် လယ်တောအိမ်များစွာ ရှိနေသကဲ့သို့ ကျေးလက်အပန်းဖြေ အိမ်ဂေဟာများလည်း အနည်းငယ်မျှ မဟုတ်ပေ။
လျိုယီစီ တင်ပြလာသော ဆင်ခြေဖုံးရှိ နောက်ဆုံးအိမ်ခြံမြေ အချက်အလက်များကို မြင်လိုက်ရသောအခါ ရိုနန်သည် စိတ်ဝင်တစား ရှိသွားတော့သည်။
ဤအိမ်လေးမှာ မြို့ပြနှင့် ၁၅ ကီလိုမီတာခန့် ဝေးကွာသော ပင်လယ်ကမ်းပါးယံပေါ်တွင် ဆောက်လုပ်ထားသည့် အပန်းဖြေအိမ်လေး ဖြစ်ပြီး ပတ်ဝန်းကျင် အနေအထားမှာလည်း လွန်စွာသာယာလှသည့်အပြင် ပင်လယ်အလှကို တဝကြီး ခံစားနိုင်သော နေရာတစ်ခုလည်း ဖြစ်ပေသည်။
အရေးအကြီးဆုံးအချက်မှာ အိမ်ငှားခမှာ အလွန်ပင် သက်သာလှပြီး ရိုနန်၏ လက်ရှိဘတ်ဂျက်နှင့်လည်း အံဝင်ခွင်ကျ ဖြစ်နေခြင်းပင်။ ထို့ကြောင့် သူသည် ဝေခွဲမနေတော့ဘဲ ထိုအချက်အလက်ကို ဆွဲယူကာ "ဒီအိမ်ကို ကြည့်ချင်တယ်" ဟု ပြတ်သားစွာ ဆိုလိုက်တော့သည်။
"ကောင်းပါပြီဗျာ"
လျိုယီစီသည် ဝမ်းသာအားရဖြင့် အချက်အလက်များကို လှမ်းယူလိုက်သော်လည်း စကားပင် မဆုံးသေးမီမှာပင် သူ၏ အသံမှာ လည်ချောင်းထဲ၌ပင် တစ်ဆို့သွားပြီး လက်ထဲမှ စာရွက်စာတမ်းများပေါ်သို့ အကြည့်ရောက်သွားကာ မျက်နှာပျက်သွားတော့သည်။
ရိုနန်က နားမလည်နိုင်ဘဲ "တစ်ခုခု ပြဿနာ ရှိလို့လား" ဟု မေးမြန်းလိုက်သည်။
လျိုယီစီမှာ သတိပြန်ဝင်လာပြီး နဖူးမှ ချွေးစက်များကို ပုဝါဖြင့် အမြန်သုတ်ကာ စိတ်မကောင်းစွာ ပြုံးပြလျက် "စိတ်မရှိပါနဲ့ အရာရှိမင်း... ဒီအိမ်ရဲ့ အချက်အလက်က မှားပြီး ပါလာတာပါ၊ ဒါကိုတော့ ကျွန်တော် မညွှန်းချင်ပါဘူး။ ဒါ ကျွန်တော့်အမှားပါ" ဟု ပြောရှာသည်။
ရိုနန်သည် မျက်မှောင်ကြုတ်လျက် မကျေမနပ်ဖြင့် "ဘာပြဿနာ ရှိနေတာလဲလို့ ငါ မေးနေတယ်လေ" ဟု ဆိုလိုက်သည်။ ထိုအခါ အိမ်ခြံမြေပွဲစားမှာ ရင်ထဲတွင် တုန်လှုပ်သွားပြီး အမည်မဖော်နိုင်သော ကြောက်ရွံ့မှုတစ်ခု စိမ့်ဝင်လာကာ ခုနက သုတ်ထားသော ချွေးများပင် ပြန်လည်ထွက်ပေါ်လာတော့သည်။
သူ၏ရှေ့တွင် ထိုင်နေသူမှာ အရာရှိငယ်လေး တစ်ဦးမဟုတ်ဘဲ ဝါးမျိုတော့မည့် တန်ခိုးရှင် နတ်ဆိုးကြီးတစ်ပါးဟုပင် သူ ထင်မှတ်မိတော့သည်။
လျိုယီစီသည် စိတ်ကို အတင်းတည်ငြိမ်အောင် ထိန်းကာ တံတွေးတစ်ချက် မျိုချလိုက်ပြီး ကြောက်ရွံ့တုန်လှုပ်စွာဖြင့်ပင် "ဟို... ဒီအိမ်မှာ သရဲခြောက်တယ်လို့ သတင်းထွက်နေလို့ပါ" ဟု ရှင်းပြလေသည်။
ဤပင်လယ်ကမ်းပါး အိမ်ဂေဟာကို လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်က ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ အိမ်ရှင် သုံးဦးတိုင်တိုင် ပြောင်းလဲခဲ့သော်လည်း အိမ်ရှင်တိုင်းမှာ ကြာရှည်မနေနိုင်ကြဘဲ အချို့မှာ ထိုအိမ်အတွင်း၌ပင် သေဆုံးခဲ့ရသည်ဟု ဆိုသည်။
ယခုလက်ရှိ အိမ်ရှင်မှာ လန်ဒီမြို့မှ ဆန်စပါးကုန်သည် တစ်ဦးဖြစ်ပြီး လွန်ခဲ့သော နှစ်အနည်းငယ်က ထိုအိမ်တွင် သရဲပြန်ခြောက်သည်ဟူသော ကောလာဟလများကြောင့် ပစ်ထားခဲ့ရာမှ ယခုမှသာ ပြန်လည် ငှားရမ်းခြင်း ဖြစ်ပေသည်။
သို့သော်လည်း လစ်လပ်နေစဉ် အတောအတွင်းတွင် ပုံမှန်ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ထားသဖြင့် အိမ်၏ အခြေအနေမှာမူ ကောင်းမွန်နေဆဲ ဖြစ်သည်။
ငအိမ်တွင်း အပြင်အဆင်နှင့် ပရိဘောဂများမှာလည်း ပြည့်စုံလှသဖြင့် ချက်ချင်းပင် တက်နေနိုင်ပေသည်။
"တကယ်တော့ အဲဒီလူကြီးက အိမ်ကို ရောင်းချင်နေတာပါ၊ ဒါပေမဲ့ ပြဿနာက သူ လိုချင်တဲ့ ဈေးမရနိုင်တာပဲ ဖြစ်တယ်" ဟု လျိုယီစီက ပြောပြသည်။
ရိုနန်သည် ခဏမျှ စဉ်းစားပြီးနောက် "သူက ဘယ်လောက်နဲ့ ရောင်းချင်တာလဲ" ဟု မေးလိုက်သည်။
လန်ဒီမြို့၏ အနေအထားမှာ အင်ဗီယာနိုင်ငံတွင် အတော်အတန် ကောင်းမွန်သော မြို့ကြီးတစ်မြို့ ဖြစ်ပေသည်။
ရိုနန်သည် ဤလောက၏ မူလစွမ်းအင်ကို မရှာဖွေမီ ဤနေရာတွင် နှစ်အနည်းငယ်ခန့် နေထိုင်ကာ မိမိ၏ စွမ်းရည်များကို မြှင့်တင်ရန် ရည်ရွယ်ထားရာ သင့်တော်သော နေအိမ်တစ်လုံး ဝယ်ယူထားရန်မှာ လွန်စွာ အရေးကြီးလှပေသည်။
"ဗျာ..."
ရိုနန်က အိမ်ကို ဝယ်ယူချင်သည်ဟု ပြောလာလိမ့်မည်ဟု လျိုယီစီ တစ်ယောက် လုံးဝ မျှော်လင့်မထားခဲ့ပေ။ သူသည် ခေတ္တမျှ တွေဝေသွားပြီးမှ "သူ ခေါ်ထားတဲ့ ဈေးက ရွှေဒင်္ဂါးပေါင် ၃၅၀ ပါ၊ ဒါပေမဲ့ ဈေးကတော့ ညှိနှိုင်းလို့ ရနိုင်ပါတယ်" ဟု ဖြေကြားသည်။
ရွှေဒင်္ဂါးပေါင် ၃၅၀ ဆိုသည်မှာ လွန်စွာ ဈေးမကြီးလှပေ။ မြို့အထက်ပိုင်း အရပ်ရှိ အိမ်ကြီးအိမ်ကောင်းများနှင့် ယှဉ်လျှင် ဤပင်လယ်ကမ်းပါး အိမ်လေး၏ ဈေးနှုန်းမှာ ယင်းတို့၏ အစွန်းထွက်မျှပင် မရှိကြောင်း ရိုနန် သိထားသည်။
သို့သော်လည်း ဈေးပေါရခြင်းမှာလည်း အကြောင်းမဲ့တော့ မဟုတ်ပေ။ သရဲခြောက်သည်ဟူသော ကောလာဟလများနှင့် သေဆုံးမှုများကြောင့် နိမိတ်မကောင်းခြင်းအပြင် မြို့အောက်ပိုင်း၏ အစွန်အဖျားနှင့်ပင် ၁၅ ကီလိုမီတာခန့် ဝေးကွာနေသဖြင့် နေ့စဉ် သွားလာရန်မှာလည်း အချိန်ကုန် လူပန်းစေမည် ဖြစ်သောကြောင့်ပင်။
"ဒီလို လုပ်ရအောင်..."
ရိုနန်က ခဏမျှ စဉ်းစားပြီးမှ "ငါ တစ်နှစ်စာ ငှားခကို အရင်ပေးမယ်၊ ပြီးရင် တစ်နှစ်အတွင်းမှာ ရွှေဒင်္ဂါးပေါင် ၃၀၀ စုပြီး ဒီအိမ်ကို ဝယ်မယ်။ ဒီကြားထဲမှာ သူ ဒီအိမ်ကို တခြားသူဆီ မရောင်းရဘူး။ အဲဒီလို သဘောတူရင် ငါတို့ စာချုပ်ချုပ်မယ်" ဟု ဆိုလိုက်သည်။
လျိုယီစီသည် ခေါင်းတကုတ်ကုတ်ဖြင့် "... ကျွန်တော် အဲဒီလူကြီးကို အရင်မေးကြည့်ရပါဦးမယ်၊ မနက်ဖြန်မှပဲ အကြောင်းပြန်နိုင်ပါလိမ့်မယ်" ဟု ဆိုရှာသည်။ သို့သော်လည်း ဤအရောင်းအဝယ်မှာ ဖြစ်နိုင်ခြေ ရှိသည်ဟု သူ ထင်မြင်မိသည်။
အဘယ်ကြောင့်ဆိုသော် ရိုနန်၏ ကမ်းလှမ်းချက်မှာ စုစုပေါင်း ရွှေဒင်္ဂါးပေါင် ၃၁၅ ခန့် ဖြစ်နေပေရာ ရောင်းသူ လိုချင်သော ၃၅၀ နှင့် ၃၅ ပေါင်မျှသာ ကွာဟသဖြင့် ဤသရဲခြောက်သော အိမ်ကို ရောင်းထုတ်ရန် အခွင့်ကောင်းပင် ဖြစ်ပေသည်။
သို့သော်လည်း အရာရှိငယ် ရိုနန်ကို မပြစ်မှားလိုသော စိတ်ဖြင့် လျိုယီစီက ". ဒီအိမ်ကို ကျောင်းတော်က ဘုန်းတော်ကြီးတွေတောင် လာကြည့်ဖူးတယ်လို့ ကြားရပေမဲ့ ပြဿနာက မပြေလည်သွားဘူးလို့ ဆိုကြတယ်၊ ထပ်ပြီး စဉ်းစားကြည့်ပါဦးမလား" ဟု စေတနာဖြင့် သတိပေးရှာသည်။
ရိုနန်ကမူ ပြုံးလျက် "ရတယ်၊ ငါ ဆုံးဖြတ်ပြီးပါပြီ" ဟုသာ တည်ငြိမ်စွာ ဆိုလိုက်လေသည်။
နောက်တစ်နေ့တွင် ပွဲစား လျိုယီစီသည် ရိုနန်ထံသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
ရောင်းသူဘက်မှ သဘောတူလိုက်ပြီ ဖြစ်ပေသည်။ လျိုယီစီ၏ စီစဉ်ပေးမှုဖြင့် ရိုနန်သည် ရောင်းသူနှင့် မြို့ထဲတွင် တွေ့ဆုံကာ အရောင်းအဝယ်စာချုပ်ကို လက်မှတ်ရေးထိုးလိုက်တော့သည်။
စာချုပ်ချုပ်ပြီးသောအခါ ဆန်စပါးကုန်သည်ကြီးမှာ သိသိသာသာပင် သက်ပြင်းချနိုင်သွားပြီး အဆီပြန်နေသော မျက်နှာကြီးဖြင့် ပြုံးလျက် ရိုနန်ကို လက်ဆွဲနှုတ်ဆက်ကာ "ဂုဏ်ယူပါတယ်" ဟု ဆိုလေသည်။
ရိုနန်ကမူ ထိုသူသည် ဝန်ထုပ်ဝန်ပိုးတစ်ခုကို ဖယ်ရှားနိုင်ခဲ့သည့်အတွက် မိမိကိုယ်ကို ဂုဏ်ယူနေခြင်း ဖြစ်မည်ဟုသာ တွေးမိတော့သည်။
ရိုနန်သည် လျိုယီစီအား ပွဲစားခအပြင် ဆုကြေးအဖြစ် ရွှေဒင်္ဂါးတစ်ပေါင်ကိုပါ ထပ်လောင်း ပေးအပ်လိုက်သည်။
ပွဲစားလေးမှာလည်း အပြုံးပန်းဝေလျက် "ကျေးဇူးတင်ပါတယ်.. နောက်နောင် လိုအပ်တာရှိရင်လည်း ကျွန်တော့်ကိုသာ အမြဲတမ်း ရှာလိုက်ပါ" ဟု ပြောရှာသည်
လျိုယီစီကို ပြန်လွှတ်ပြီးနောက် ရိုနန်သည် သူ အသစ်ဝယ်ထားသော စက်ဘီးလေးကို စီးကာ မြို့ပြင်ရှိ သူ၏ နေအိမ်အသစ်ဆီသို့ ထွက်ခွာခဲ့တော့သည်။
ထိုစက်ဘီးမှာ ဒေသတွင်း အလုပ်ရုံတစ်ခုမှ ထုတ်လုပ်ထားခြင်း ဖြစ်ပြီး လက်ရာမှာ လွန်စွာ မပြောင်မြောက်လှသော်လည်း အသုံးပြုထားသော ပစ္စည်းများမှာ ခိုင်ခံ့လှသဖြင့် ကီလိုဂရမ် ရာဂဏန်းအထိ ဝန်တင်နိုင်စွမ်း ရှိပေသည်။
ဈေးနှုန်းမှာမူ ရွှေဒင်္ဂါး ၁ ပေါင်နှင့် ငွေဒင်္ဂါးပြား ၃ ပြားခန့် ပေးခဲ့ရသဖြင့် မသက်သာလှပေ။
သူသည် ကျေးလက်လမ်းအတိုင်း အရှေ့တောင်ဘက်သို့ စီးနင်းလာခဲ့ရာ မကြာမီမှာပင် ကုန်းမြင့်များပေါ်သို့ ဦးတည်ထားသော ကျောက်စရစ်လမ်းလေးသို့ ရောက်ရှိလာခဲ့သည်။
မိနစ်နှစ်ဆယ်ခန့် စီးနင်းပြီးနောက် ရိုနန်သည် ပင်လယ်ကမ်းပါးယံပေါ်ရှိ အပန်းဖြေအိမ်လေးကို အလွယ်တကူပင် ရှာဖွေတွေ့ရှိသွားတော့သည်။
အိမ်အတွင်း၌ လူသူတစ်ဦးတစ်ယောက်မျှ မရှိပေ
ပင်လယ်ဘက်ခြမ်းမှလွဲ၍ ကျန်အရပ်မျက်နှာများကို သံပန်းများဖြင့် ကာရံထားပြီး မြက်ခင်းပြင်နှင့် ပန်းခြံလေးမှာ အိမ်၏ အကျယ်အဝန်းထက်ပင် ပို၍ ကြီးမားနေချေသည်။
အရေးအကြီးဆုံးမှာ ဤနေရာမှ မြင်ရသော မြင်ကွင်းမှာ လွန်စွာ ကျယ်ပြောလှခြင်းပင်။ အရှေ့ဘက်တွင် ပြာလဲ့နေသော သမုဒ္ဒရာကြီးရှိပြီး မြောက်ဘက်သို့ ကြည့်လိုက်လျှင် လန်ဒီမြို့တစ်မြို့လုံးနှင့် ဆိပ်ကမ်းကို လှမ်းမြင်ရပေရာ မြို့ပြ၏ ဆူညံမှုများနှင့် ဝေးကွာသော နိဗ္ဗာန်ဘုံလေးတစ်ခုနှင့်ပင် တူနေတော့သည်။
ရိုနန်သည် သော့ဖြင့် အပြင်ဘက် သံတံခါးကို ဖွင့်ကာ အထဲသို့ ဝင်လိုက်သည်။ အစောင့်အရှောက်ဟူ၍ လည်း မရှိပေ။ အိမ်အတွင်းသို့ ဝင်လိုက်သည်နှင့် အေးစိမ့်လှသော လေထုက ဆီးကြိုနေသဖြင့် တစ်မျိုးတစ်ဖုံ ထူးဆန်းနေသကဲ့သို့ ခံစားလိုက်ရသည်။
ရိုနန်သည် မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး မိမိ၏ စိတ်အာရုံစွမ်းအားဖြင့် ကိုယ်ခံပညာရပ်ကို တိတ်တဆိတ် အသက်သွင်းလိုက်တော့သည်။ ယခုအခါ သူ၏ စိတ်အာရုံစွမ်းအားမှာ အဆင့်၂ သို့ ရောက်ရှိနေပြီ ဖြစ်ရာ အခြေခံအဆင့် လျှို့ဝှက်ဆန်းကြယ်မှုများကိုမူ ကာကွယ်နိုင်စွမ်း ရှိနေပြီ ဖြစ်ပေသည်။
စင်စစ် ဤအိမ်အတွင်း၌ တစ်စုံတစ်ရာ ထူးခြားနေသည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော်လည်း ရိုနန်မှာမူ အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိပါချေ။
***