ဤကား 'လန်ဒီ' မြို့ပြ၏ ညတာများ ဖြစ်ချေသည်။ ထိုညများကား ရုတ်ချည်းပင် အပ်ကျသံမကောက်နိုင်အောင် တိတ်ဆိတ်ခြောက်ကပ်သွားခဲ့ရလေပြီ။
စည်ကားသိုက်မြိုက်ခဲ့ဖူးသော လမ်းမထက်ဝယ် လူသူကင်းမဲ့လျက်ရှိပြီး ညဈေးတန်းများမှာလည်း အိပ်မက်တစ်ခုနှယ် ပျောက်ကွယ်သွားခဲ့၏။
အိမ်တိုင်းစေ့သည်လည်း တံခါးများကို ကျပ်ကျပ်တည်းတည်း ပိတ်ဆို့ထားကြရုံမက ဆိုင်ခန်းများမှာမူ နေဝင်ရီတရောအချိန်ကပင် ဆိုင်ဘုတ်များကို သိမ်းဆည်းကာ အရောင်းအဝယ် ရပ်နားခဲ့ကြလေပြီ။
ဤသို့သော အချိန်ဝယ် ကောင်းကင်ယံ၌ 'သွေးလနက္ခတ်' က ထွက်ပေါ်လာကာ မြေပြင်တစ်လွှားနှင့် မြို့ပြ၏ လမ်းကြိုလမ်းကြားတို့အား သွေးရောင်လွှမ်းသော အလင်းတန်းများဖြင့် ခြုံလွှမ်းလိုက်လေတော့သည်။
အဆောက်အအုံဟူသမျှသည်လည်း နက်မှောင်သော သွေးရောင်ပိတ်စပါးကြီးဖြင့် အုပ်မိုးထားသကဲ့သို့ ရှိနေပြီး လေထုအတွင်း၌လည်း မငြိမ်သက်ဖွယ်ရာ အငွေ့အသက်များက ကိန်းအောင်းနေတော့၏။ ညအခါ၌ အမဲလိုက်ရသည်ကို နှစ်သက်လှသော လမ်းဘေးကြောင်ရိုင်းများပင်လျှင် ယင်းအချိန်၌ ငြိမ်ဝပ်စွာ ပုန်းအောင်းနေကြရပေသည်။
သန်းခေါင်ယံအချိန်သို့ ရောက်သောအခါ လူသူကင်းမဲ့နေသည့် လမ်းမများပေါ်မှ ခြေသံများ ပေါ်ထွက်လာခဲ့၏။ မီးခိုးရောင်ဝတ်ရုံများကို ဆင်မြန်းကာ ဓားနှင့် သေနတ်များကို ကိုင်စွဲထားသော ညစောင့်တပ်ဖွဲ့ဝင်များ အဖွဲ့တစ်ဖွဲ့သည် ပတ်ဝန်းကျင်အား စူးစမ်းကြည့်ရှုရင်း လမ်းမရှည်ကြီးအတိုင်း လျှောက်လှမ်းလာကြသည်။
ထို အထူးစွမ်းအားရှင်များ၏ ကိုယ်ပေါ်သို့ သွေးရောင်လနှင့် အလင်းတန်းများ ကျရောက်သော်လည်း မမြင်နိုင်သော အကာအကွယ်တစ်ခုက ယင်းအလင်းတန်းများကို ဆီးတားထားလေသည်။
အခန်းငယ်အတွင်း၌မူ 'ရိုနန်' သည် ကုတင်အနား၌ ထိုင်လျက် အပြင်ဘက်မှ ဝေးကွာသွားသော ခြေသံများကို နားစွင့်နေခဲ့၏။ ထို့နောက် သူသည် ထရပ်ကာ အခန်း၏ တစ်ခုတည်းသော ပြတင်းပေါက်အား ဖွင့်လှစ်လိုက်လေရာ သွေးရောင်လင်းလက်သော လအလင်းတန်းတို့သည် သူ၏ ကိုယ်ပေါ်သို့ တမဟုတ်ချင်း တိုးဝင်လာခဲ့တော့သည်။
ရိုနန်သည် မူလမှတ်ဉာဏ်များအရ 'သွေးလနက္ခတ်' နှင့် ပတ်သက်သော ကောလာဟလများစွာကို သိရှိထားပြီး ဖြစ်ချေသည်။ ယင်းတို့ထဲမှ အချို့မှာ ကြောက်မက်ဖွယ်ကောင်းပြီး ထူးဆန်းလွန်းလှသဖြင့် ယုံကြည်ရန် ခဲယဉ်းသော်လည်း အချို့မှာမူ လက်တွေ့ကျသော အမှန်တရားများ ဖြစ်ပေရာ၏။
သာမန်လူသားများအတွက်မူ သွေးလ၏ အလင်းတန်းသည် ချက်ချင်းသေစေနိုင်သော အစွမ်းမရှိသော်လည်း လူ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းကို ထိခိုက်စေကာ မည်သူမျှ ခန့်မှန်း၍မရသော ပုံသဏ္ဌာန်ပြောင်းလဲမှုများကို ဖြစ်ပေါ်စေတတ်သဖြင့် အထူးပင် ကြောက်လန့်စရာ ကောင်းလှပေသည်။
ယင်းသို့သော ပုံသဏ္ဌာန်ပြောင်းလဲမှု တစ်ခုခုဖြစ်ပေါ်လာပါက ထိုသူအား 'လူ' ဟူသော အမျိုးအနွယ်မှ ဖယ်ထုတ်ကာ သုတ်သင်ရှင်းလင်းရမည့် 'သတ္တဝါဆန်း' အဖြစ်သာ သတ်မှတ်တော့မည် ဖြစ်သည်။
သွေးလအလင်းနှင့် ခဏတာ ထိတွေ့ရုံမျှဖြင့် ကြီးမားသော ပြဿနာမရှိနိုင်သော်လည်း ကြာရှည်စွာ ထိတွေ့မိပါက အခြေအနေမှာ မရေမရာ ဖြစ်လာနိုင်ချေရှိပေသည်။
ဤသည်မှာ ရိုနန်အတွက် ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက် ပထမဆုံးအကြိမ် ရင်ဆိုင်ရသော 'သွေးလနက္ခတ်' ကာလ ဖြစ်ချေသည်။
သူသည် ဤသွေးလ၏ စွမ်းအားကို ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ကြည့်လိုသော ဆန္ဒရှိနေခဲ့၏။
နောက်တစ်ခဏတွင် ရိုနန်သည် အေးစက်သော အငွေ့အသက်တစ်ခုက သူ၏ အဝတ်အစားများကို ဖောက်ထွက်ကာ အရေပြားထဲသို့ တိုးဝင်လာသည်ကို ခံစားလိုက်ရလေသည်။
တစ်ချိန်တည်းမှာပင် သူသည် ဖော်ပြ၍မရနိုင်သော တိုးတိုးတိတ်တိတ် ရေရွတ်သံများကို ကြားလိုက်ရပြီး တစ်စုံတစ်ယောက်က သူ့အား ဆက်သွယ်ရန် ကြိုးစားနေသကဲ့သို့ ရှိသော်လည်း မည်သည့်စကားလုံးများ ဖြစ်သည်ကိုမူ သဲသဲကွဲကွဲ မသိရချေ။
"စိတ်ဝင်စားစရာပဲ"
ရိုနန်သည် သူ၏ 'စိတ်အာရုံစွမ်းအား' ကို နှိုးဆွလိုက်ကာ ကိုယ်တွင်းရှိ အေးစက်သော အငွေ့အသက်များကို ဖယ်ထုတ်လိုက်လေသည်။ စိတ်ဝိညာဉ်စွမ်းအင်၏ အကာအကွယ်အောက်တွင်မူ သွေးလ၏ စွမ်းအားသည် နောက်ထပ် တိုးဝင်နိုင်ခြင်း မရှိတော့ချေ။
သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သွေးရောင်လအလင်းအောက်၌ စိမ်နေခဲ့သော ရိုနန်သည် ထူးဆန်းသော တိုးတိုးပြောသံများမှတစ်ဆင့် အုံ့မှိုင်းသော စွမ်းအားတစ်ခုက သူ၏ 'အသိဉာဏ်ပင်လယ်' အတွင်းသို့ ကျူးကျော်ဝင်ရောက်ရန် ကြိုးစားနေသည်ကို ခံစားလိုက်ရပြန်သည်။
ရိုနန်သည် တွန့်ဆုတ်မနေဘဲ သူ၏ အသိဉာဏ်ပင်လယ် အနက်ရှိုင်းဆုံး၌ ဝှက်ထားသော 'ရှေးဟောင်းတာအိုကျောက်တိုင်' အား ဆင့်ခေါ်လိုက်၏။
ထိုကျောက်တိုင်သည်လည်း ရိုနန်အား စိတ်ပျက်စေခြင်း မရှိဘဲ အသိဉာဏ်ပင်လယ်အတွင်း၌ ချက်ချင်းပေါ်ထွက်လာကာ ရွှေရောင်အလင်းတန်းပေါင်းများစွာကို ထုတ်လွှတ်လိုက်လေတော့သည်။
ထိုအခါ ကျူးကျော်ဝင်ရောက်လာသော အုံ့မှိုင်းသည့် စွမ်းအားများသည် ရွှေရောင်အလင်းတန်းများအောက်၌ တစ်ခဏအတွင်းပင် ပျက်စီးပျောက်ကွယ်သွားရချေပြီ။
"မျှော်လင့်ထားတဲ့အတိုင်းပါပဲ"
ရိုနန်သည် သူ၏ စိတ်ဝိညာဉ်နှင့် ပေါင်းစည်းနေသော ထိုရှေးဟောင်းတာအိုကျောက်တိုင်သည် သူ၏ အကြီးမားဆုံးသော လျှို့ဝှက်လက်နက်ဖြစ်ကြောင်း ရှေးယခင်ကပင် နားလည်ထားခဲ့ဖူး၏။
ယင်းကျောက်တိုင်သည် ရိုနန်အား အန္တရာယ်ရှိသော အခြေအနေများမှ အမြဲတစေ ကယ်တင်ပေးရုံမက အောက်ဘုံများသို့ ဆင်းသက်ချိန်တိုင်း၌လည်း ပိုမိုအားကောင်းလာသည်ကို သူ ခံစားရလေသည်။
ဤသည်မှာ သူ၏ စိတ်ဝိညာဉ်အသိအာရုံအား ပြင်ပစွမ်းအားများက ထိခိုက်စေခြင်း မရှိစေရန် အာမခံချက်ပေးထားခြင်းပင် ဖြစ်ပေရာ၏။
ယခုတစ်ကြိမ်တွင်မူ ရိုနန်အတွက် အံ့ဩစရာတစ်ခုမှာ ရှေးဟောင်းတာအိုကျောက်တိုင်က အုံ့မှိုင်းသော စွမ်းအားများကို ချေမှုန်းလိုက်ချိန်၌ သူ၏ စိတ်ဝိညာဉ်စွမ်းအားမှာ အနည်းငယ် တိုးမြင့်လာခဲ့ခြင်း ဖြစ်သည်။
ဤသည်ကား ရိုနန်အတွက် သူ၏ စွမ်းအားများကို လျင်မြန်စွာ တိုးမြှင့်နိုင်မည့် ဖြတ်လမ်းတစ်ခုကို ရှာဖွေတွေ့ရှိလိုက်ခြင်းပင် ဖြစ်လေတော့သည်။
ရိုနန်သည် သွေးလ၏ ထူးခြားချက်ကို စမ်းသပ်ရုံသာ ရည်ရွယ်ခဲ့သော်လည်း ယခုအခါ၌မူ ပြတင်းပေါက်နားတွင် ဆက်လက်ရပ်နေကာ လအလင်းကို ခံယူရင်း စိတ်ဝိညာဉ်စွမ်းအားများကို လေ့ကျင့်တည်ဆောက်နေခဲ့လေသည်။
'သွေးကင်း' နှင့် 'စုန်းမ' များသည်လည်း ဤသွေးလစွမ်းအားကို အသုံးပြု၍ ကျင့်ကြံတတ်ကြသည်ဟု အဆိုရှိသော်လည်း ရိုနန်၏ ကျင့်ကြံမှုလမ်းစဉ်မှာမူ ဤကမ္ဘာရှိ စွမ်းအားရှင်များနှင့် လုံးဝ ကွဲပြားနေသည်မှာ အမှန်ပင် ဖြစ်ချေသည်။
သွေးလနက္ခတ်ကာလ၏ ငါးရက်မြောက်သော ည၌မူ ရိုနန်သည် သူ၏ နေအိမ်သို့ မပြန်ဘဲ ရဲစခန်း၌သာ တာဝန်ထမ်းဆောင်နေခဲ့၏။
ယင်းကာလအတွင်း ရဲတပ်ဖွဲ့ဝင်များမှာ ကင်းလှည့်ခြင်း မပြုကြသဖြင့် အများစုမှာ အိမ်၌ပင် အနားယူကြသော်လည်း အကျဉ်းထောင်နှင့် လက်နက်တိုက်ကဲ့သို့သော အရေးကြီးသည့် နေရာများအတွက်မူ အလှည့်ကျ စောင့်ကြပ်ရန် လိုအပ်ပေသည်။
ထိုညတွင် တတိယရဲစခန်း၌ ရိုနန်နှင့်အတူ အခြားအရာရှိ သုံးဦးလည်း ရှိနေခဲ့ကြ၏။ တံခါးနှင့် ပြတင်းပေါက်များကို လုံခြုံစွာ ပိတ်ဆို့ပြီးနောက် အရာရှိဟောင်းကြီးတစ်ဦး၏ အကြံပြုချက်အရ သူတို့လေးဦးသည် 'ဟက်ဆန်' ခေါ် ဖဲကစားနည်းဖြင့် အချိန်ဖြုန်းနေကြလေသည်။
ရိုနန်သည် ယခင်က ဤကစားနည်း၌ ကျွမ်းကျင်သူ မဟုတ်သော်လည်း ယခုအခါတွင်မူ သူ၏ အတွက်အချက်နှင့် ဆင်ခြင်တုံတရား စွမ်းရည်မှာ ယခင်နှင့် မနှိုင်းသာအောင် မြင့်မားနေပြီ ဖြစ်ချေသည်။
"တောက်... ရိုနန်၊ မင်းက ဘယ်တုန်းကတည်းက ဒီလောက် ဖဲတော်နေတာလဲ"
အရာရှိတစ်ဦးက မကျေမချမ်း ရေရွတ်ရင်း သူ၏ 'ငွေဒင်္ဂါးပြား' နှစ်ပြားအား ထုတ်ပေးလိုက်ရလေသည်။
ရိုနန်မှာမူ ပြုံးလျက်ပင် ထိုငွေများကို သိမ်းဆည်းလိုက်၏။
"ကျွန်တော်က ကံကောင်းလို့ပါ"
ရိုနန်သည် လုပ်ဖော်ကိုင်ဖက်များ စိတ်အနှောင့်အယှက် မဖြစ်စေရန် နောက်တစ်ဝိုင်းတွင် လျှော့ကစားပေးရန် ကြံစည်နေစဉ်မှာပင် သူ၏ မျက်မှောင်များမှာ ရုတ်ချည်း ကြုံ့သွားခဲ့ရသည်။
"တစ်ခုခု ကြားလိုက်လား"
အရာရှိ သုံးဦးလုံး ကြောင်အမ်းသွားကြပြီး "ဘာကို ကြားရမှာလဲ" ဟု ပြန်မေးကြ၏။
"ဗုန်း..."
သူတို့၏ စကားမဆုံးမီမှာပင် စခန်း၏ ပိတ်ထားသော တံခါးမကြီးမှာ ပြင်းထန်စွာ တိုက်ခိုက်ခံလိုက်ရကာ တုန်ခါသွားတော့သည်။
နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ခံရချိန်တွင်မူ တံခါးမကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားပြီး မည်းနက်သော သတ္တဝါကြီးတစ်ကောင်မှာ ဟိန်းဟောက်လျက် အတွင်းသို့ ပြေးဝင်လာလေတော့သည်။
"ဒိုင်း... ဒိုင်း... ဒိုင်း..."
သေနတ်သံများသည် ရဲစခန်းအတွင်း၌ ဆက်တိုက် ထွက်ပေါ်လာခဲ့၏။ ပထမဆုံးသော ကျည်ဆန်ကို ပစ်ခတ်လိုက်သူမှာမူ ရိုနန်ပင် ဖြစ်လေတော့သတည်း။
***