ရိုနန်သည် ခရားကို အားကုန်မှုတ်၍ ညစောင့်တပ်ဖွဲ့ဝင်များကို အချက်ပေးလိုက်ချေသည်။
သွေးလနက္ခတ် ထွန်းလင်းနေချိန်တွင် လန်ဒီမြို့တစ်မြို့လုံး၌ အသွားအလာ ပိတ်ပင်ထားသဖြင့် လမ်းတိုလမ်းကြားများတွင် မြို့သူမြို့သားများ၏ ငြိမ်းချမ်းရေးအတွက် မျိုးရိုးဗီဇပြောင်း သတ္တဝါများကို လိုက်လံနှိမ်နင်းနေကြသည့် ညစောင့်တပ်ဖွဲ့ဝင်များကိုသာ တွေ့မြင်ရပေမည်။
မကြာမီပင် မီးခိုးရောင်ဝတ်ရုံများကို ကိုယ်စီခြုံကာ မျက်နှာနှင့် လက်နက်များကို ဖုံးကွယ်ထားကြသော ညစောင့်တပ်ဖွဲ့ဝင် ကိုးဦးတို့သည် တတိယရဲစခန်းအတွင်းသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြလေသည်။
ရှေ့ဆုံးမှ ဦးဆောင်လာသူသည် သူ၏ ဦးထုပ်ကို ချွတ်လိုက်ရာ တည်ကြည်ခိုင်မာသော မျက်နှာထား ပိုင်ရှင်တစ်ဦး ဖြစ်နေသည်ကို တွေ့ရ၏။
ယင်းက ခန်းမအတွင်းသို့ ဝေ့ဝဲကြည့်ရှုပြီးနောက် “ငါက သတ္တမမြောက် ညစောင့်တပ်ခွဲရဲ့ တပ်ခွဲမှူး အေဘတ်အော်စတင်ပဲ။ အရာရှိ... ဒီမှာ ဘာတွေ ဖြစ်ခဲ့တာလဲ” ဟု လေးနက်စွာ မေးမြန်းလိုက်သည်။
အေဘတ်အော်စတင် ဟူသော အမည်ကား နိုင်ငံတော်ရှိ အထူးမွန်မြတ်သော မှူးမတ်မျိုးနွယ်စုတို့၏ အမည်နာမ ဖြစ်ပေသည်။
ရိုနန်ကလည်း တည်ငြိမ်စွာပင် “တပ်ခွဲမှူးအေဘတ်... ဖြစ်ပုံကတော့ ဒီလိုပါ...” ဟု ဆိုကာ ဖြစ်ပျက်သမျှတို့ကို အပိုအလိုမရှိ အသေးစိတ် ရှင်းလင်းတင်ပြလိုက်ချေသည်။
ရိုနန်က ဖြစ်စဉ်ကို ပြောပြနေစဉ်မှာပင် ကျန်ရှိသော ညစောင့်တပ်ဖွဲ့ဝင်များသည် ရဲစခန်း၏ အတွင်းအပြင်နှင့် မြေအောက်လက်နက်တိုက်၊ သက်သေခံပစ္စည်းခန်းများအထိပါ မကျန် အလျှင်အမြန် ရှာဖွေစစ်ဆေးကြလေသည်။
ထိုညစောင့်တပ်ဖွဲ့ဝင်များက ရိုနန်အပေါ် ရန်လိုသော အမူအရာ မပြသသော်ငြားလည်း ယင်းတို့ထံမှ ထွက်ပေါ်နေသော အထူးစွမ်းအားရှင်တို့၏ ပြင်းထန်သော အရှိန်အဝါနှင့် စိတ်အာရုံ စောင့်ကြည့်ခံထားရမှုကိုမူ ရိုနန် အတိုင်းသား ခံစားနေရ၏။
အကယ်၍ မိမိဘက်မှ မသင်္ကာဖွယ်ရာ တစ်စုံတစ်ရာ ပြုမူမိပါက ယင်းတို့၏ ချက်ချင်း နှိမ်နင်းခြင်းကို ခံရမည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်တန်ရာ၏။
အေဘတ်အော်စတင်သည် ဖြစ်စဉ်ကို နားထောင်ပြီးနောက် ခေါင်းညိတ်ကာ “အခြေအနေကို ငါ နားလည်ပြီ။ ဒီလူတွေကို ငါ ခေါ်သွားမယ်၊ မင်းအတွက် စခန်းကို ကူစောင့်ပေးဖို့ လူနှစ်ယောက် ချန်ထားခဲ့ပေးမယ်။
ဘယ်လိုလဲ” ဟု ဆိုသည်။
ရိုနန်အနေဖြင့် ငြင်းဆန်စရာ အကြောင်းမရှိပေ။ “ကျွန်တော့်ဘက်က ဘာကန့်ကွက်စရာမှ မရှိပါဘူး”
သူသည် စခန်းရှိ အငယ်တန်းအရာရှိလေး တစ်ဦးသာ ဖြစ်သဖြင့် အထက်လူကြီးများထက်ပင် ရာထူးဂုဏ်ရှိန် မြင့်မားလှသော ညစောင့်တပ်ခွဲမှူး တစ်ဦး၏ ဆုံးဖြတ်ချက်ကို ဝေဖန်ရန် အရည်အချင်း မရှိပေ။
အေဘတ်အော်စတင်၏ အမိန့်အရ ညစောင့်တပ်ဖွဲ့ဝင်များသည် အရာရှိသုံးဦး အပါအဝင် ကြမ်းပြင်ပေါ်ရှိ အလောင်းများကို စတင်သိမ်းဆည်းကြလေသည်။
“တပ်ခွဲမှူး... ဒီတစ်ယောက်ကတော့ အသက်ရှိသေးတယ်ဗျ”
အလောင်းများ သိမ်းဆည်းနေစဉ် ညစောင့်တပ်ဖွဲ့ဝင် တစ်ဦးက လှမ်းအော်ပြောလိုက်၏။
ရိုနန်အပြင် အခြားအရာရှိ တစ်ဦးမှာလည်း ပြင်းထန်သော ဒဏ်ရာများဖြင့် သတိလစ်နေသော်လည်း အသက်ရှင်ကျန်ရစ်နေခြင်း ဖြစ်သည်။ သို့သော်လည်း အရေးပေါ် ကုသမှု မရရှိပါက အသက်အန္တရာယ် စိုးရိမ်ရပေမည်။
ထိုသို့သော အချိန်တွင် ဆေးဆရာကို အဘယ်မှာ သွားရောက် ရှာဖွေရပါမည်နည်း။
ရိုနန်သည် လုပ်ဖော်ကိုင်ဖက်၏ အခြေအနေကို စစ်ဆေးပြီးနောက် အေဘတ်အော်စတင်ထံ အကူအညီ တောင်းခံလိုက်သည်။
“တပ်ခွဲမှူး အေဘတ် ..”
သူ့စကား မဆုံးမီမှာပင် တပ်ခွဲမှူးက လက်ကာပြလိုက်ပြီး သူ၏ ရင်ဘတ်ထဲမှ အနီရောင်ဆေးရည် ပုလင်းငယ်တစ်လုံးကို ထုတ်ယူကာ ဒဏ်ရာရ အရာရှိ၏ ပါးစပ်ထဲသို့ တိုက်ကျွေးလိုက်ချေသည်။
ထိုဆေးရည်ကို သောက်လိုက်သည်နှင့် တစ်ပြိုင်နက် သွေးမရှိသကဲ့သို့ ဖြူလျော်နေသော အရာရှိ၏ မျက်နှာထက်တွင် သွေးရောင် အနည်းငယ် ပြန်လည်လွှမ်းမိုးလာကာ အသက်ရှူသံလည်း မှန်ကန်သွားလေသည်။
ဆေးစွမ်းကား လက်ငင်းပင် ဖြစ်ချေသည်။
မှော်ဆေးရည်ပါတကား။
တပ်ခွဲမှူးက ထိုမျှ အဖိုးတန်လှသော မှော်ဆေးရည်ကို သာမန်လူတစ်ဦးအား ကယ်တင်ရန် အသုံးပြုခဲ့ခြင်းအပေါ် ရိုနန် အံ့သြမိသလို ပို၍လည်း လေးစားသွားမိသည်။
“ကျေးဇူးတင်ပါတယ်”
အေဘတ်အော်စတင်က ခေါင်းခါပြကာ “ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး။ ဒါက နိုင်ငံတော်က ထောက်ပံ့ထားတဲ့ ဆေးဖြစ်လို့ သူ့ကို ကယ်တင်ဖို့ အသုံးပြုတာက အမှန်တရားပဲ” ဟု ဆို၏။
ရိုနန်သည် ဘာမျှ ထပ်မံ မပြောတော့ဘဲ ငြိမ်သက်နေလိုက်သည်။
ထိုစဉ်မှာပင် အပြင်ဘက်မှ ရေနွေးငွေ့အင်ဂျင်သံကြီး ဟိန်းခနဲ မြည်ဟည်းလာပြီး ရဲစခန်းရှေ့တွင် ရေနွေးငွေ့ကားတစ်စီး ဆိုက်ရောက်လာလေသည်။
ယင်းက ရိုနန်ကို အတော်ပင် အံ့သြသွားစေ၏။
ရေနွေးငွေ့ကားများကို တီထွင်ခဲ့သည်မှာ ကြာပြီ ဖြစ်သော်လည်း နည်းပညာ ကန့်သတ်ချက်များကြောင့် ချမ်းသာကြွယ်ဝသော လန်ဒီမြို့တွင်ပင် လူကုံထံများသာ အသုံးပြုနိုင်သည့် အဖိုးတန် ပစ္စည်းတစ်ခု ဖြစ်နေသေးသောကြောင့်ပင်။
ထိုကားကို ညစောင့်တပ်ဖွဲ့ဝင်များကပင် မောင်းနှင်လာခြင်းဖြစ်ပြီး ရှေ့ပိုင်းမှာ ရထားခေါင်းနှင့် တူကာ အခိုးအငွေ့ထွက်သော ခေါင်းတိုင်မြင့်မြင့် ပါရှိပြီး နောက်တွဲမှာမူ ပစ္စည်းတင်ကားကဲ့သို့ ပွင့်လင်းနေလေသည်။
ညစောင့်တပ်ဖွဲ့ဝင်များသည် ဝတ်ရုံနက်ဝတ် အလောင်းများနှင့် ဖမ်းဆီးရမိသူ နှစ်ဦး၊ ဒဏ်ရာရ အရာရှိတို့ကို ကားပေါ်သို့ တင်ဆောင်လိုက်ကြသည်။
ဒဏ်ရာရ အရာရှိကို ဆေးရုံသို့ ပို့ဆောင်ကုသမည် ဖြစ်သော်လည်း ဖမ်းဆီးရမိသူများကိုမူ လန်ဒီမြို့ရှိ ညစောင့်တပ်ဖွဲ့ဌာနချုပ်သို့ ခေါ်ဆောင်သွားကာ စစ်ဆေးမေးမြန်းမည် ဖြစ်ပေသည်။
အေဘတ်အော်စတင်သည် မထွက်ခွာမီ ရိုနန်ကို အခြေအနေ အကျဉ်းချုပ် ပြောပြသွား၏။
ယနေ့ညတွင် တိုက်ခိုက်ခံရသည်မှာ တတိယရဲစခန်း တစ်ခုတည်း မဟုတ်သဖြင့် ညစောင့်တပ်မဟာတစ်ခုလုံး အရေးပေါ် အခြေအနေ ကြေညာထားရခြင်း ဖြစ်သည်။
ထို့နောက် တပ်ခွဲမှူးသည် ကတိပေးထားသည့်အတိုင်း လူနှစ်ယောက်အစား သုံးယောက်ကို ချန်ထားခဲ့ကာ တံခါးမရှိတော့သော ရဲစခန်းကို ရိုနန်နှင့်အတူ ဝိုင်းဝန်းစောင့်ရှောက်စေလေသည်။
ရေနွေးငွေ့ကားကြီး ထွက်ခွာသွားပြီးနောက် ရိုနန်သည် ရဲစခန်း၏ ရေချိုးခန်းထဲမှ ရေပုံးတစ်ပုံးနှင့် ကြမ်းတိုက်တံကို ယူကာ ခန်းမအတွင်းရှိ သွေးစွန်းနေသော နေရာများကို စတင်ရှင်းလင်းတော့သည်။
စောစောက ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ရသော်လည်း ယခု စစ်မြေပြင် ရှင်းလင်းရေး အလုပ်မှာမူ ပို၍ ပင်ပန်းလှသည့် အလုပ်တစ်ခု ဖြစ်နေချေသည်။
ကျန်ရှိခဲ့သော ညစောင့်တပ်ဖွဲ့ဝင် သုံးဦးမှာမူ ရိုနန်ကို ကူညီရန် စိတ်ကူးမရှိဘဲ ကြည့်နေကြပြီး ပျက်စီးနေသော တံခါးမှ သစ်သားစများကို စုဆောင်းကာ စခန်းရှေ့တွင် မီးပုံဖိုကြလေသည်။
ရိုနန် ရှင်းလင်းရေး အလုပ်ပြီးသွားသည့်အခါ ညစောင့်တပ်ဖွဲ့ဝင် တစ်ဦးက သူ့ကို လက်လှမ်းပြကာ “အရာရှိလေး... ငါတို့နဲ့အတူ လာသောက်ဦးမလား” ဟု ဖိတ်ခေါ်လိုက်သည်။
ရိုနန်ကလည်း ဝမ်းမြောက်ဝမ်းသာပင် “ရတာပေါ့” ဟု ပြန်ပြောလိုက်၏။
သူသည် စတိုခန်းထဲမှ အသားဘူးအချို့ကို ယူဆောင်လာကာ ညစောင့်တပ်ဖွဲ့ဝင် သုံးဦးနှင့်အတူ မီးပုံဘေးတွင် ထိုင်လိုက်သည်။
နွေးထွေးတောက်ပသော မီးတောက်များသည် သွေးလနက္ခတ်ကြောင့် ဖြစ်ပေါ်နေသော အအေးဒဏ်ကို ပျောက်ကွယ်သွားစေပြီး အသားဘူးများကို မီးဘေးတွင် အပူပေးလိုက်သည့်အခါ အစားအသောက်နံ့များက လေထဲတွင် သင်းပျံ့လာလေသည်။
ညစောင့်တပ်ဖွဲ့ဝင် တစ်ဦးက သူ၏ ရင်ဘတ်ထဲမှ ငွေရောင် အရက်ပုလင်းငယ်ကို ထုတ်ကာ ရိုနန်ကို ကမ်းပေးရင်း “မင်းက တော်တော်လေး စွမ်းတာပဲ အရာရှိလေး” ဟု ရိုးသားစွာ ချီးကျူးလိုက်သည်။
စောစောက ရဲစခန်းခန်းမအတွင်း ဖြစ်ပျက်ခဲ့သည်များကို ယင်းတို့ အားလုံး တွေ့မြင်ခဲ့ရပြီး ရိုနန်၏ ပြောပြချက်များအရလည်း တိုက်ပွဲတစ်ခုလုံးကို ကောင်းစွာ ပုံဖော်ကြည့်နိုင်ကြပေသည်။
ရိုနန်သည် လုပ်ဖော်ကိုင်ဖက်များ အားလုံး တိုက်ခိုက်နိုင်စွမ်း မရှိတော့သည့် အခြေအနေတွင် ပြင်းထန်သော ရန်သူများကို တစ်ကိုယ်တော် ရင်ဆိုင်ကာ အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်သဖြင့် အထူးစွမ်းအားရှင်များ၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ခြင်း ဖြစ်ပေသည်။
ရိုနန်သည် ဝန်မလေးဘဲ အရက်ပုလင်းကို ဖွင့်ကာ တစ်ငုံ အားရပါးရ သောက်လိုက်သည်။ ပူစပ်သော အရက်သည် လည်ချောင်းထဲသို့ စီးဝင်သွားကာ ထူးခြားသော ခံစားချက်ကို ပေးစွမ်းလေသည်။
“မင်းရဲ့ သေနတ်ပစ်စွမ်းရည်က တော်တော်လေး တိကျတာပဲ...”
အရက်ကမ်းပေးသော ညစောင့်တပ်ဖွဲ့ဝင်သည် ရိုနန်ကို စိတ်ဝင်စားနေပုံရပြီး စောစောက ဖြစ်စဉ်များကို အကြောင်းပြုကာ စကားစမြည် ပြောလာသည်။
ရိုနန်ကလည်း ဖုံးကွယ်ထားခြင်း မရှိဘဲ မိမိ၏ ထူးခြားသော သေနတ်ပစ်ပါရမီအကြောင်းကို ပြန်လည် ဖြေကြားလိုက်၏။
တစ်ဖန် ရိုနန်သည်လည်း ညစောင့်တပ်ဖွဲ့ဝင်များနှင့် ပတ်သက်သော အချက်အလက်အချို့ကို ပြန်လည် သိရှိခွင့် ရခဲ့လေသည်။
ထိုသူ၏ ပြောပြချက်အရ ညစောင့်တပ်ဖွဲ့ဝင်များဆိုသည်မှာ အခြေခံအားဖြင့် အထူးစွမ်းအားများ နိုးထလာသော ဆာမူရိုင်းများသာ ဖြစ်ကြသည်။
၎င်းတို့သည် နတ်ဆိုးမုဆိုးများနှင့် လုပ်ငန်းသဘာဝ ကွဲပြားသည်မှအပ အခြား ထူးခြားမှု မရှိပေ။
အထူးစွမ်းအားများ နိုးထလာရန်အတွက် မျိုးရိုးဗီဇ သို့မဟုတ် ပါရမီနှင့်အတူ ပုံမှန် လေ့ကျင့်အားထုတ်မှုများလည်း လိုအပ်ပေသည်။
အမြဲမပြတ် လေ့ကျင့်ခြင်းဖြင့်သာ မိမိတို့၏ သွေးသားအတွင်းရှိ စွမ်းအင် ကို အကန့်အသတ်တစ်ခုအထိ မြှင့်တင်နိုင်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် အထူးစွမ်းအားရှင်များ ဖြစ်လာကြခြင်း ဖြစ်သည်။
အထူးစွမ်းအားရှင် ဖြစ်လာပြီးနောက်တွင်မူ လျှို့ဝှက်ပညာရပ်များကို လေ့ကျင့်ကျွမ်းကျင်နိုင်သလို အထူးလက်နက် ကိရိယာများကိုလည်း အသုံးပြုနိုင်လာကြသည်။
လျှို့ဝှက်ပညာရပ်များနှင့် အထူးလက်နက်များကို ပိုင်ဆိုင်ထားသော ညစောင့်တပ်ဖွဲ့ဝင် သို့မဟုတ် နတ်ဆိုးမုဆိုး တစ်ဦးသည် သွေးစုပ်ဖုတ်ကောင်မျိုးနွယ်စု၊ စုန်းမများနှင့် ကြောက်မက်ဖွယ်ကောင်းသော မျိုးရိုးဗီဇပြောင်း သတ္တဝါများကို ရင်ဆိုင်နိုင်ရန် လုံလောက်သော စွမ်းအားရှိပေသည်။
တစ်ဦးကမေး၊ တစ်ဦးကဖြေရင်း ထိုညစောင့်တပ်ဖွဲ့ဝင်သည် ရိုနန်အပေါ် အထင်ကြီးလေးစားမှု ရှိနေသဖြင့် မိမိ သိသမျှကို အတတ်နိုင်ဆုံး ပြောပြခဲ့လေသည်။
အရုဏ်တက်ချိန်သို့ ရောက်ရှိလာပြီး သွေးလနက္ခတ်၏ အရိပ်အယောင်များ ပျောက်ကွယ်သွားချိန်တွင်မူ ယင်းက ရိုနန်၏ ပုခုံးကို ပုတ်ကာ အဓိပ္ပာယ်ပါပါဖြင့် ဆိုလိုက်ချေသည်။
“မကြာခင်မှာ မင်းကို တစ်ခေါက် ပြန်တွေ့ရဖို့ မျှော်လင့်ပါတယ်ကွာ”
***