နံနက်မိုးသောက် အလင်းရောက်ခဲ့ပြီ ဖြစ်ပေသည်။
လန်ဒီမြို့တော်ကြီးသည် ညှဉ်းပန်းနှိပ်စက်မှုများနှင့် ပြည့်နှက်နေသည့် ရှည်လျားလှသော ညတစ်ညကို ထပ်မံဖြတ်ကျော်နိုင်ခဲ့ပြန်လေပြီ။
ယမန်နေ့ညက မြို့အောက်ပိုင်းရပ်ကွက်၏ နေရာအနှံ့အပြားတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲသံများနှင့် အော်ဟစ်ငိုကြွေးသံများကြောင့် အနီးနားရှိ ဒေသခံအများအပြားမှာ ထိတ်လန့်တုန်လှုပ်လျက် အိပ်ရာထက်ဝယ် နားကိုပိတ်ကာ ကွေကုန်းနေခဲ့ကြရရှာသည်။
၎င်းတို့သည် ထိုဘေးအန္တရာယ်ဆိုးကြီး မိမိတို့ထံ ကျရောက်မလာပါစေရန် နတ်ဘုရားမ ယာလာထံတွင် အစဉ်တစိုက် ဆုတောင်းမေတ္တာ ပို့သနေခဲ့ကြပေသည်။
ထိုအတောအတွင်း တတိယရဲစခန်း၌မူ နေ့သစ်အတွက် ရဲအရာရှိများစွာဖြင့် စည်ကားလျက် ရှိနေ၏။ ခါတိုင်းရက်များတွင် တွေ့ရခဲလှသော အရာရှိချုပ်ကြီး ကရူးဆိတ်ပင်လျှင် ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခဲ့သည်။
အရာရှိချုပ်ကြီးမှာ အနားယူရန် နီးကပ်နေပြီဖြစ်သည့်အပြင် ကျန်းမာရေးချို့ယွင်းနေသဖြင့် ရိုနန် တာဝန်ထမ်းဆောင်နေစဉ်အတောအတွင်း မြို့ပြင်ရှိ စံအိမ်တစ်ခုတွင်သာ အနားယူနေလေ့ရှိပြီး စခန်းသို့ လာရောက်လေ့ မရှိချေ။
စခန်း၏ လုပ်ငန်းဆောင်တာ အဝဝကိုမူ ဒုတိယအရာရှိချုပ် ရှောင်ကသာ ကြီးကြပ်ကွပ်ကဲနေခြင်း ဖြစ်ပေသည်။ သို့ရာတွင် ယနေ့၌မူ ကရူးဆိတ်သည် ကျန်းမာရေး မကောင်းသည့်ကြားမှ မဖြစ်မနေ လာရောက်ခဲ့ရလေပြီ။
အကြောင်းမူကား ဗဟိုရဲဌာနချုပ်မှ ရဲမှူးကြီးတစ်ဦးသည် အခြေအနေအရပ်ရပ်ကို စုံစမ်းစစ်ဆေးရန် ရောက်ရှိလာသောကြောင့် ဖြစ်၏။
ရိုနန်သည် ယမန်နေ့ညက စခန်းတိုက်ခိုက်ခံရမှုမှ အသက်ဘေးလွတ်မြောက်လာသူနှင့် မျက်မြင်သက်သေတစ်ဦး ဖြစ်သည့်အလျောက် အထက်လူကြီးများ၏ မေးမြန်းစုံစမ်းခြင်းကို ခံခဲ့ရသည်။
သူသည် မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်ရှိပြီး ဖုံးကွယ်ထားစရာလည်း မရှိပေ။ ရိုနန်၏ ပြောကြားချက်များကို နားထောင်ပြီးနောက်တွင်မူ ဒုတိယအရာရှိချုပ် ရှောင်သည် ဤရဲအရာရှိငယ်လေးအား အသစ်တစ်ဖန် ပြန်လည်အကဲခတ်မိသွားပြီး မျက်ဝန်းများတွင်လည်း ထိန်းမနိုင်သိမ်းမရသော အံ့သြတုန်လှုပ်မှုများ အရိပ်ထင်လာခဲ့တော့သည်။
ထိုသို့ဖြစ်ရခြင်းမှာ အကြောင်းရင်းခံ ရှိပေသည်။ ယမန်နေ့ညက မြို့အောက်ပိုင်းရပ်ကွက်ရှိ ရဲစခန်းပေါင်း တစ်ဆယ့်ခုနစ်ခုမှာ ရန်သူတို့၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
ထိုဖြစ်ရပ်မှာ ရုတ်ချည်းဆိုသလို ဖြစ်ပွားခဲ့ခြင်းကြောင့် စခန်းရှိ အရာရှိများမှာ လုံးဝအဆင်သင့်မဖြစ်ဘဲ ဆုံးရှုံးမှုကြီးမားခဲ့ရ၏။
စခန်းအများစုမှာ စီးနင်းဖျက်ဆီးခြင်း ခံခဲ့ရပြီး ညစောင့်တပ်ဖွဲ့ဝင်များ စစ်ကူမရောက်လာမီမှာပင် သူခိုးဓားပြတို့သည် လက်နက်တိုက်နှင့် သက်သေခံပစ္စည်းခန်းများကို မွှေနှောက်ကာ လက်နက်ခဲယမ်းနှင့် ပစ္စည်းအမြောက်အမြားကို လုယက်ယူဆောင်သွားခဲ့ကြပေပြီ။
ဤမျှ ကြီးကျယ်သော ဖြစ်ရပ်ဆိုးကြောင့် လန်ဒီမြို့ ဗဟိုရဲဌာနချုပ်မှာ ဖိအားအပြင်းအထန် ခံခဲ့ရရုံမျှမက အရာရှိချုပ်ကြီးပင်လျှင် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခြင်း ခံခဲ့ရသဖြင့် အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရလေသည်။
သို့သော်လည်း တတိယရဲစခန်းမှာမူ တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့ရုံသာမက ရန်သူတို့ကိုပါ အမြစ်ပြတ်ချေမှုန်းနိုင်ခဲ့ပြီး နှစ်ဦးကိုပင် အရှင်ဖမ်းဆီးရမိခဲ့သေးသည်။
ဤကဲ့သို့သော အောင်မြင်မှုမျိုးမှာ နှိုင်းယှဉ်ဖွယ်ရာ မရှိအောင်ပင် ထူးခြားလှပေသည်။ ထိုအောင်မြင်မှုကြီးကို ရိုနန်ဆိုသည့် အရာရှိငယ်လေးတစ်ဦးက ဆောင်ကြဉ်းပေးခဲ့ခြင်းဖြစ်ရာ အလွန်ပင် မိန်းမောအံ့သြဖွယ် ဖြစ်တန်ရာ၏။
“ကောင်းပြီ ... ကောင်းပြီ”
ဗဟိုရဲဌာနချုပ်မှ စေလွှတ်လိုက်သော ရဲမှူးကြီးသည် ရိုနန်၏လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လျက် ပြုံးရွှင်စွာဖြင့် “မင်းလို ထူးချွန်တဲ့ လူငယ်လေးတွေသာ ငါတို့ဆီမှာ များများရှိရင် သိပ်ကောင်းမှာပဲ” ဟု မြွက်ဟလိုက်လေသည်။
ထိုရဲမှူးကြီးသည် စိတ်ထဲတွင် အကြံတစ်ခု ရရှိသွားပုံရ၏။ ရိုနန်၏ အောင်မြင်မှုမှာ ချဲ့ကားထားခြင်း ရှိမရှိကို ပဓာနမထားဘဲ ဗဟိုဌာနချုပ်အနေဖြင့် သူ့ကို စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ် ထုတ်ဖော်ကြေညာရန် ရည်ရွယ်လိုက်ခြင်း ဖြစ်ပေသည်။
အကြောင်းမူကား ရဲတပ်ဖွဲ့အတွင်းရှိ လူငယ်သူရဲကောင်းတစ်ဦးကို မြှောက်စားခြင်းအားဖြင့် ယမန်နေ့ညက စခန်းများစွာ တိုက်ခိုက်ခံရသည့် အရှက်ရဖွယ်ရာများကို ဖုံးကွယ်သွားနိုင်မည် ဖြစ်ပေရာသည်။
ဤသို့ဖြင့် ဗဟိုဌာနချုပ်သည် သိက္ခာကို ဆယ်တင်နိုင်မည့်အပြင် အထက်လူကြီးများထံသို့လည်း အစီရင်ခံစရာ တစ်ခုခု ရှိသွားမည် ဖြစ်ပေသည်။
ရဲမှူးကြီးသည် တွေးလေ စိတ်လှုပ်ရှားလေ ဖြစ်နေပြီး ရိုနန်နှင့် အနည်းငယ်မျှ စကားပြောဆိုပြီးနောက် အလျင်အမြန်ပင် ပြန်လည်ထွက်ခွာသွားခဲ့သည်။
သူသည် ရရှိလာသည့် အခြေအနေကို မည်သို့ကိုင်တွယ်ရမည်ကို အထက်လူကြီးများနှင့် ဆွေးနွေးရန် အလွန်ပင် စိတ်အားထက်သန်နေလေပြီ။
အရာရှိချုပ်ကြီးသည်လည်း ရိုနန်ကို အားပေးစကား အနည်းငယ်ပြောကြားကာ ရဲမှူးကြီးနှင့်အတူ လိုက်ပါသွားခဲ့တော့သည်။
ထိုနေရာတွင် ရှောင်တစ်ဦးတည်းသာ ထူးဆန်းသော မျက်နှာထားဖြင့် ကျန်ရစ်ခဲ့၏။
ရှောင်သည် သာမန်လူတစ်ဦး မဟုတ်ပေ။ ထွက်ခွာသွားသော ရဲမှူးကြီး၏ အတွေးကို သူ ကောင်းစွာ ရိပ်စားမိပေသည်။ သို့ရာတွင် ဤကိစ္စသည် ရိုနန်အတွက် အကျိုးရှိလိမ့်မည်ဟု သူ မယူဆချေ။
‘သစ်ပင်ကြီးလျှင် လေတိုက်ခံရသည်’ ဆိုသည့်စကားအတိုင်း ရိုနန်မှာ အလွန်ငယ်ရွယ်သေးပြီး ရုတ်ချည်းဆိုသလို အာရုံစိုက်ခြင်းခံရကာ သူရဲကောင်းအဖြစ် မြှောက်စားခံရခြင်းမှာ ဘေးဒုက္ခကို ဖိတ်ခေါ်နေသကဲ့သို့သာ ဖြစ်ပေလိမ့်မည်။
အခြားကိစ္စများကို ထားဦးတော့၊ စခန်းများစွာကို တိုက်ခိုက်ခဲ့သော အဖွဲ့အစည်းသည် ဤအကြောင်းကို သိရှိသွားပါက ရိုနန်အား လက်စားချေရန် ကြိုးပမ်းလာမည်မှာ ဧကန်မလွဲပင်။
၎င်းအပြင် ရှောင်သည် ဤဖြစ်ရပ်၏ နောက်ကွယ်တွင် နက်နဲသော အကြံအစည်များ ရှိနေသည်ကိုလည်း အာရုံခံမိနေပေသည်။
ရန်သူတို့၏ လုပ်ရပ်မှာ ကြိုတင်စီစဉ်ထားသည်မှာ ထင်ရှားလှပြီး သွေးလနက္ခတ်ညတွင်မှ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပေရာ လန်ဒီမြို့အတွင်း၌လည်း ကြံရာပါများ မရှိဘဲ မနေနိုင်ချေ။
ရှောင်သည် ဆင်ခြင်တွေးတောနေသော်လည်း ရိုနန်အတွက်မူ ဘာမျှ တတ်နိုင်ခြင်း မရှိရှာပေ။ ပထမဦးစွာ သူနှင့်ရိုနန်မှာ ထိုမျှအထိ ရင်းနှီးမှု မရှိခြင်းကြောင့်လည်းကောင်း၊ ဒုတိယအနေဖြင့် သူကိုယ်တိုင်လည်း ဝင်ရောက်စွက်ဖက်နိုင်စွမ်း မရှိခြင်းကြောင့်လည်းကောင်း ဖြစ်ပေသည်။
သို့ဖြစ်၍ ထိုဒုတိယအရာရှိချုပ်သည် ရိုနန်၏ ပုခုံးကို ပုတ်လျက် “သတိထားပါ ... ဘေးကင်းအောင် နေ” ဟုသာ ပြောနိုင်ရှာတော့သည်။
ရိုနန်ကလည်း “ကျေးဇူးတင်ပါတယ်” ဟု ပြုံးလျက် ပြန်လည်ဖြေကြားခဲ့လေသည်။
နောက်ရက်များတွင်မူ လန်ဒီမြို့တော်ကြီးမှာ တင်းမာမှုများဖြင့် ပြည့်နှက်နေခဲ့၏။
အထူးသဖြင့် ညဘက်များတွင် ညစောင့်တပ်ဖွဲ့၏ ကင်းလှည့်မှုမှာ ပိုမိုတင်းကျပ်ကာ စိပ်လာခဲ့ပြီး မြို့အောက်ပိုင်းရှိ ရဲစခန်းများကိုလည်း အထူးဂရုပြု စောင့်ကြည့်နေခဲ့ကြသည်။
အကယ်၍ ထိုကဲ့သို့ ဖြစ်ရပ်မျိုး ထပ်မံဖြစ်ပွားပါက အားလုံးအတွက် မျက်နှာပျက်စရာ ဖြစ်ပေလိမ့်မည်။ တတိယရဲစခန်း၏ လုံခြုံရေးကိုလည်း တိုးမြှင့်လိုက်ပြီး တာဝန်ကျအရာရှိ အရေအတွက်ကို ဆယ်ဦးအထိ တိုးမြှင့်ကာ ရိုင်ဖယ်သေနတ်များ အသီးသီး တပ်ဆင်ပေးခဲ့သည်။
ထိုအခြေအနေသည် သွေးလနက္ခတ်ကာလ ကုန်ဆုံးသည်အထိ ဆက်ရှိနေခဲ့ပေသည်။
ဤသွေးလနက္ခတ်ကာလမှာ ခုနစ်ရက်မျှ ကြာမြင့်ခဲ့ရာ အလွန်လည်း မရှည်လျားသလို အလွန်လည်း မတိုတောင်းလှချေ။
လန်ဒီမြို့သားတို့၏ လူနေမှုဘဝမှာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်နှင့်အမျှ ရဲစခန်းများ တိုက်ခိုက်ခံရသည့် ဂယက်မှာလည်း အလျင်အမြန်ပင် မှေးမှိန်သွားခဲ့ပြီး မည်သူမျှလည်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်း မရှိကြတော့ပေ။
သို့သော်လည်း ထိုကဲ့သို့သော ငြိမ်သက်ခြင်း၏ အောက်ခြေတွင်မူ လှိုင်းလုံးကြီးများမှာ တိတ်တဆိတ် ရိုက်ခတ်လျက် ရှိနေဆဲပင် ဖြစ်၏။
ရိုနန်အတွက်မူ ဤသွေးလနက္ခတ်ကာလသည် သူ့ထံသို့ ပြောင်းလဲမှု နှစ်ခုကို ဆောင်ကြဉ်းပေးခဲ့သည်။ ပထမဦးစွာ ရန်သူများကို တိုက်ခိုက်ရာတွင် ထူးချွန်စွာ စွမ်းဆောင်နိုင်ခဲ့ခြင်းကြောင့် သူသည် စီနီယာအရာရှိအဆင့်သို့ ထူးထူးခြားခြား ရာထူးတိုးမြှင့်ခြင်း ခံခဲ့ရသည်။
သူ၏ လစဉ်လစာမှာ ခံစားခွင့်များနှင့် ပေါင်းပါက ရွှေဒင်္ဂါးပေါင် ၁၀ ဝန်းကျင်ခန့် ရရှိနေပြီ ဖြစ်ပေသည်။ ဤမျှသော လစာပမာဏမှာ ချမ်းသာကြွယ်ဝလှသော လန်ဒီမြို့၌ပင်လျှင် များပြားလှသော ပမာဏ ဖြစ်ပေသည်။
ဒုတိယအချက်မှာ သူ၏ စိတ်အာရုံစွမ်းအားမှာ အဆင့်၃သို့ ချိုးဖျက်ရောက်ရှိသွားခြင်း ဖြစ်၏။ သွေးလနက္ခတ်မှာ သာမန်လူတို့အတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်သော်လည်း ရိုနန်အတွက်မူ သူ၏ စိတ်အာရုံစွမ်းအားကို လျင်မြန်စွာ မြှင့်တင်နိုင်မည့် ဖြတ်လမ်းတစ်ခု ဖြစ်နေခဲ့သည်။
ထို့အပြင် ယမန်နေ့ညက သူ သတ်ဖြတ်ခဲ့သော လူဆိုးနှစ်ဦးမှာလည်း ဝရမ်းပြေးများ ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သဖြင့် ရိုနန်သည် ဆုကြေးငွေအဖြစ် ရွှေဒင်္ဂါးပေါင် ၁၄၅ ပေါင်ကို ရရှိခဲ့သေးသည်။
စီနီယာအရာရှိတစ်ဦး ဖြစ်လာသည့်အလျောက် သူသည် အဆင့်မြင့် ဓားသိုင်းပညာနှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှု ပညာရပ်များကို သင်ယူခွင့် ရရှိခဲ့လေသည်။ သို့ရာတွင် ရိုနန်မှာ ထိုအရာများအပေါ် စိတ်ဝင်စားမှု သိပ်မရှိလှချေ။
သူသည် ဤလောကရှိ ကန့်သတ်ချက်များကို ချိုးဖျက်ကာ အထူးစွမ်းအားရှင် အဆင့်သို့ တက်လှမ်းနိုင်မည့် လျှို့ဝှက်ကျမ်းစာ များကိုသာ ပိုမိုစိတ်ဝင်စားလေသည်။
ကံဆိုးသည်မှာ ထိုကဲ့သို့သော လျှို့ဝှက်ပညာရပ်များကို မျိုးနွယ်စုများအတွင်း၌သာ လျှို့ဝှက်လက်ဆင့်ကမ်းလေ့ ရှိကြသလို ဆရာနှင့် တပည့်ကြားတွင်သာ သင်ကြားပေးလေ့ရှိပြီး သို့မဟုတ်ပါကလည်း အစိုးရဌာနများမှတစ်ဆင့် ကြီးမားသော အမှတ်များ ရရှိမှသာ ရယူနိုင်ခြင်း ဖြစ်ပေသည်။
ရိုနန်မှာမူ လောလောဆယ်တွင် ထိုအခြေအနေသို့ မရောက်ရှိသေးသဖြင့် မလောတော့ဘဲ စခန်းသို့ အချိန်မှန် တက်လိုက်၊ လမ်းမများပေါ်တွင် ကင်းလှည့်လိုက်၊ အလုပ်ဆင်းလျှင် မိမိ၏ တိုက်ခန်းသို့ ပြန်ကာ အနားယူလိုက်ဖြင့်သာ ဖြတ်သန်းနေခဲ့သည်။
ပင်လယ်ကမ်းနားရှိ စံအိမ်ကြီးသို့မူ သူ၏ စိတ်အာရုံစွမ်းအား အဆင့်၄ သို့ မရောက်မချင်း ပြောင်းရွှေ့နေထိုင်ရန် ရည်ရွယ်ချက် မရှိပေ။
သို့သော်လည်း ဤကဲ့သို့သော အေးချမ်းလှသည့် ဘဝမှာ မကြာမီမှာပင် ပျက်စီးသွားခဲ့ရလေပြီ။
တစ်နေ့တွင် ရိုနန်သည် ရဲစခန်းသို့ ရောက်ရှိလာစဉ် ရင်းနှီးနေသော မျက်နှာတစ်ခုကို တွေ့လိုက်ရ၏။ ၎င်းမှာ ညစောင့်တပ်ဖွဲ့၏ တပ်မှူး အဲလ်ဘတ် အော်စတင် ပင် ဖြစ်ပေသည်။
ဤမျှ စွမ်းအားကြီးလှသော အထူးစွမ်းအားရှင်တစ်ဦး မိမိထံ လာရောက်တွေ့ဆုံခြင်းအပေါ် ရိုနန်မှာ အလွန်ပင် အံ့သြသွားခဲ့ရသည်။ အဲလ်ဘတ် အော်စတင်၏ လာရင်းကိစ္စမှာမူ ပို၍ပင် ထိတ်လန့်ဖွယ် ကောင်းလှ၏။
ထိုညစောင့်တပ်မှူးသည် ရိုနန်အား မိလ္လာမြောင်းအတွင်းရှိ မှောင်မိုက်သော အင်အားစုများကို နှိမ်နင်းမည့် စစ်ဆင်ရေးတွင် ပါဝင်ရန် ဖိတ်ခေါ်လာခြင်း ဖြစ်ပေတော့သည်။
ဗဟိုဌာနချုပ်နှင့် ညစောင့်တပ်ဖွဲ့တို့၏ စုံစမ်းစစ်ဆေးချက်များအရ ရဲစခန်းများကို တိုက်ခိုက်ခဲ့သူများမှာ အဓိကအားဖြင့် ‘မုတ်ဆိတ်နက် ဓားပြအဖွဲ့’ မှ အဖွဲ့ဝင်များ ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
၎င်းတို့သည် လန်ဒီမြို့၏ မြေအောက်အင်အားစုအချို့ကိုလည်း ငှားရမ်းအသုံးပြုခဲ့ကြခြင်း ဖြစ်၏။
မုတ်ဆိတ်နက် ဓားပြအဖွဲ့မှာ ကမ်းရိုးတန်းတစ်လျှောက်ရှိ နိုင်ငံအများအပြားအတွက် အနှောင့်အယှက်အပေးနိုင်ဆုံးသော ဓားပြအဖွဲ့ကြီးဖြစ်ပြီး အဖွဲ့ဝင်ပေါင်း ထောင်ချီကာ စစ်သင်္ဘောများစွာကိုလည်း ပိုင်ဆိုင်ထားသဖြင့် အင်ဗီယာ တော်ဝင်ရေတပ်နှင့်ပင် အင်အားချင်း ယှဉ်နိုင်သည့်အခြေအနေတွင် ရှိနေပေသည်။
အင်ဗီယာနိုင်ငံနှင့် မုတ်ဆိတ်နက် ဓားပြအဖွဲ့တို့ကြားတွင်လည်း နှစ်ရှည်လများ နာကြည်းချက်များစွာနှင့် မဖြေရှင်းနိုင်သော ရန်ငြိုးရန်စများ ရှိနေခဲ့သည်မှာ ကြာပြီ ဖြစ်ပေတော့သတည်း။
***