“မစ္စတာရိုနန်... ခင်ဗျားအတွက် စာတစ်စောင် ရောက်နေတယ်ဗျ”
လန်ဒီမြို့၏ မြို့အောက်ပိုင်းရပ်ကွက်ရှိ မိမိငှားရမ်းနေထိုင်ရာ အခန်းတွဲ အဆောက်အအုံရှေ့သို့ ရိုနန်ရေးမွန် တစ်ခေါက်ပြန်ရောက်လာသောအခါ တံခါးစောင့် အဘိုးကြီး ဂျက်က ရိုသေကိုင်းရှိုင်းစွာဖြင့် ဖယောင်းတံဆိပ်ခတ်နှိပ်ထားသော စာတစ်စောင်ကို ကမ်းပေးလေသည်။
ဤဆံပင်ဖြူအဘိုးအိုသည် ရိုနန်အား သာမန်အလုပ်သင်အရာရှိဘဝမှ ရိုသေလေးစားအပ်သော ရဲအရာရှိတစ်ဦးအဖြစ်သို့ ပြောင်းလဲလာသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူ ဖြစ်ပေသည်။
ထိုသို့ ပြောင်းလဲလာရန်မှာ နှစ်လမျှသော အချိန်တိုလေးအတွင်းသာ ကြာမြင့်ခဲ့ချေသည်။
“ကျေးဇူးတင်ပါတယ်”
ရိုနန်သည် စူးစမ်းလိုစိတ်ဖြင့် ထိုစာကို လက်ခံယူလိုက်၏။
၎င်းသည် ယနေ့တွင် အခန်းငှားရမ်းမှု သက်တမ်းကုန်ဆုံးတော့မည်ဖြစ်၍ အခန်းအပ်နှံရန် လာရောက်ခြင်းဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း ကမ်းပါးယံဗီလာသို့ ပြောင်းရွှေ့နေထိုင်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သောကြောင့်ပင်။
မိမိထံသို့ တစ်စုံတစ်ဦးက စာပေးပို့လိမ့်မည်ဟု သူ လုံးဝမထင်မှတ်ထားခဲ့ပေ။
ရိုနန်သည် စာအိတ်ကို ဖောက်၍ ဖတ်ရှုလိုက်သောအခါမှ ယင်းစာမှာ မိမိ၏အိမ်မှ ပေးပို့လိုက်ခြင်းဖြစ်ကြောင်း သိလိုက်ရ၏။
ပို၍တိတိကျကျ ဆိုရသော် ကျေးလက်ဒေသရှိ ရေးမွန်စံအိမ်တော်မှ ပေးပို့ခြင်းပင်။
နောင်သုံးရက်အကြာတွင် မိမိ၏နှမဖြစ်သူ ဂျန်းနီရေးမွန်၏ စေ့စပ်ပွဲကျင်းပမည်ဖြစ်၍ ထိုအခမ်းအနားသို့ တက်ရောက်ရန် မိသားစုက အကြောင်းကြားလာခြင်း ဖြစ်ချေသည်။
ထို့ပြင် ရိုနန်နှင့် ဆွေးနွေးစရာ အလွန်အရေးကြီးသော ကိစ္စရပ်များ ရှိနေသဖြင့် အိမ်သို့ ပြန်လာရန်လည်း ဆိုထားသေးသည်။
စာ၏အဆုံးတွင် အခွင့်အရေးသမားဖြစ်သော သူ၏ဖခင် ဘာရွန် မယ်လ်ကွန်ရေးမွန်က လက်မှတ်ရေးထိုးထားသော်လည်း ယင်းမှာ အိမ်စေချုပ်၏ လက်ရေးဖြစ်ကြောင်း ရိုနန် တစ်ချက်ကြည့်ရုံဖြင့် သိလိုက်ရ၏။
စာသားများအတွင်း၌ 'မျှော်လင့်သည်' ၊ 'ကျေးဇူးပြု၍' ၊ 'ဆွေးနွေးလိုသည်' ဟူသော စကားလုံးများ ပါဝင်နေသော်ငြားလည်း စာကြောင်းများအကြား၌ စိုးမိုးလိုမှုနှင့် မောက်မာမှု အငွေ့အသက်များမှာ အထင်အရှားပင် ရှိနေချေသည်။
ယင်းက ရိုနန်၏ စိတ်အစဉ်၌ အတိတ်က ပုံရိပ်ဟောင်းများကို ချက်ချင်းပင် နိုးထလာစေတော့သည်။ စိတ်ဝင်စားစရာ ကောင်းသည်မှာ ထိုစာအိတ်အတွင်း၌ ငွေဒင်္ဂါးပြား ငါးပြားကိုပါ ထည့်သွင်းပေးလိုက်ခြင်းပင် ဖြစ်၏။
ရိုနန်သည် မိမိ၏ မှတ်ဉာဏ်ဟောင်းများအရ ထိုအပြုအမူ၌ သနားစရာကောင်းသော အရိပ်အယောင်အချို့ကို ခံစားလိုက်ရသည်။
သူသည် အတန်ကြာ စဉ်းစားပြီးနောက် ထို "မိသားစုစာ" ကို သေသေသပ်သပ် သိမ်းဆည်းလိုက်၏။
အကယ်၍ အခြားသော ဝိညာဉ်ကူးပြောင်းလာသူများသာ ဖြစ်ပါက မိမိအား အသုံးမဝင်တော့သဖြင့် စွန့်ပစ်ခဲ့သော ရေးမွန်မိသားစုနှင့် ပတ်သက်မှုမှန်သမျှကို လျစ်လျူရှုထားကြမည်မှာ အမှန်ပင်။
အဆက်အသွယ် ဖြတ်တောက်ထားပြီးမှတော့ အဘယ်ကြောင့် ဖက်တွယ်နေတော့မည်နည်း။
သို့သော် ရိုနန်၏ အတွေးမှာမူ ထိုသို့မဟုတ်ချေ။ မူလခန္ဓာကိုယ်ပိုင်ရှင်မှာ မိသားစုအပေါ်၊ အထူးသဖြင့် ဖခင်ဖြစ်သူ မယ်လ်ကွန်ရေးမွန်အပေါ် ထားရှိသော ခံစားချက်များမှာ အလွန်ပင် ရှုပ်ထွေးနေကြောင်း သူ ခံစားသိရှိနေရသည်။
အံ့သြကြည်ညိုမှု၊ လေးစားမှု၊ နာကျည်းမှုနှင့် အရှက်ရမှုများမှာ ရောပြွမ်းလျက် ရှိနေချေသည်။
ထိုသို့သော ခံစားချက်များသည် မူလခန္ဓာကိုယ်၏ ဝိညာဉ်ထက်၌ နက်နက်ရှိုင်းရှိုင်း ကိန်းအောင်းနေသဖြင့် ယခု ရိုနန်အနေနှင့်ပင် လုံးဝ ဖျောက်ဖျက်ပစ်နိုင်ခြင်း မရှိသေးပေ။
ထို့ကြောင့်ပင် သူသည် အိမ်သို့ပြန်ကာ ဤသံယောဇဉ် အကြွေးကို အပြီးတိုင် ဖြတ်တောက်ရန် ဆုံးဖြတ်လိုက်တော့သည်။
အခန်းငှားစာချုပ် အဆုံးသတ်ပြီးနောက် ရိုနန်သည် တတိယရဲစခန်းသို့ သွားရောက်ကာ ဒုတိယရဲအရာရှိချုပ် ရှောင်ထံ၌ ခွင့်တိုင်ကြားလေသည်။
ရှောင်ကလည်း ရိုနန်အား တစ်ပတ်တာ ခွင့်ရက်ကို လွယ်လွယ်ကူကူပင် ခွင့်ပြုပေးခဲ့၏။
မကြာသေးမီက ညစောင့်တပ်ဖွဲ့သည် လန်ဒီမြို့၏ မြေအောက်ရေမြောင်းများအတွင်းရှိ လျှို့ဝှက်အင်အားစုများကို အကြီးအကျယ် နှိမ်နင်းခဲ့ရာ မုတ်ဆိတ်နက်ဓားပြအဖွဲ့၏ သူလျှိုများအပါအဝင် လူမိုက်ဂိုဏ်းဝင် အမြောက်အမြားကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။
ထို့ကြောင့် လန်ဒီမြို့ မြေအောက်လောက တစ်ခုလုံး အထိနာသွားခဲ့ရ၏။
ယင်း၏ ရလဒ်အဖြစ် မြို့အောက်ပိုင်းရပ်ကွက်၏ တရားဥပဒေစိုးမိုးရေးမှာ အလွန်တရာ တိုးတက်လာခဲ့ပြီး ပြစ်မှုကျူးလွန်မှုနှုန်းမှာလည်း သိသိသာသာ လျော့ကျသွားသဖြင့် ရဲအရာရှိများမှာ အလုပ်မရှိသလောက်ပင် ဖြစ်နေတော့သည်။
ထို့ကြောင့် ရိုနန် ခွင့်ယူခြင်းမှာ အလုပ်အပေါ် သက်ရောက်မှု များစွာမရှိလှပေ။
ထို့ပြင် ရှောင်သည် အလားအလာရှိသော ဤလူငယ်ရဲအရာရှိလေးနှင့် မိတ်ဆွေဖွဲ့လိုသော ဆန္ဒရှိနေသဖြင့် တစ်ပတ်တာ ခွင့်ရက်မှာ လုံလောက်မှု ရှိ၊ မရှိကိုပင် မေးမြန်းနေသေးသည်။
လိုအပ်ပါက ထပ်တိုးပေးရန်ပင် ဝန်မလေးချေ။ ရိုနန်ကလည်း ယင်းမှာ လုံလောက်ကြောင်းနှင့် ဒုတိယရဲအရာရှိချုပ်အား အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
နောက်တစ်နေ့ နံနက်တွင် သူသည် ရေးမွန်စံအိမ်တော်သို့ ဦးတည်သော ရထားပေါ်သို့ တက်လိုက်၏။ ရေးမွန်စံအိမ်တော်သည် လန်ဒီမြို့၏ အစွန်အဖျား၊ မြို့မမှ ကီလိုမီတာ ငါးဆယ်ခန့်အကွာတွင် တည်ရှိသည်။
လမ်းပန်းဆက်သွယ်ရေး အခြေအနေအရ စက်ဘီးဖြင့် သွားလာရန်မှာ မဖြစ်နိုင်သော ကိစ္စပင်။
လန်ဒီမြို့နှင့် ဂျော့ခ်ျတောင်းမြို့ကို ဆက်သွယ်ထားသော ရထားလမ်းပိုင်း၌ ရေးမွန်စံအိမ်တော်နှင့် မိုင်အနည်းငယ်သာ ဝေးသော ဖလေးတောင်းမြို့တွင် ဘူတာတစ်ခု ရှိပေသည်။
မူလရိုနန်သည် ထိုစဉ်က ဖလေးတောင်းမြို့မှ လန်ဒီမြို့သို့ ရထားဖြင့် တစ်ကိုယ်တည်း လာရောက်ကာ ပညာသင်ကြားခဲ့ခြင်း ဖြစ်သည်။
ခရီးစဉ်မှာ သိပ်မဝေးလှသော်လည်း ရိုနန်သည် သက်တောင့်သက်သာဖြစ်စေရန် ငွေဒင်္ဂါးပြား သုံးပြားအကုန်အကျခံကာ ပထမတန်း လက်မှတ်ကို ဝယ်ယူခဲ့သည်။
ဤကမ္ဘာ၏ ရထားများမှာ ရေနွေးငွေ့ခေတ်တွင်သာ ရှိသေးသဖြင့် အင်ဗီယာနိုင်ငံ၏ ရထားလမ်းများမှာ မြို့ကြီးအချို့ကိုသာ ဆက်သွယ်ထားပြီး ဘူတာများစွာတွင် ရပ်နားရသဖြင့် အလွန်ပင် နှေးကွေးလှ၏။
လန်ဒီမြို့မှ ဖလေးတောင်းမြို့အထိ ကီလိုမီတာ ငါးဆယ်ခရီးကို နှစ်နာရီကျော်မျှ မောင်းနှင်ရပေသည်။ သို့သော် မြင်းစီးသွားခြင်းထက်မူ ပို၍မြန်ဆန်သကဲ့သို့ ပို၍လည်း အဆင်ပြေချေသည်။
ကားဟူသည်မှာမူ ဤခေတ်ကာလ၌ မှူးမတ်မျိုးနွယ်များအတွက်သာ သီးသန့်ဖြစ်သော အဖိုးတန်ပစ္စည်း ဖြစ်ပေသည်။
ပထမတန်းတွဲမှာ ရထား၏ နောက်ဆုံး၌ ရှိနေပြီး ရိုနန် တက်လိုက်ချိန်တွင် ခရီးသည် အနည်းငယ်သာ ရှိသေးသည်။
အတွင်းပိုင်း အပြင်အဆင်နှင့် ထိုင်ခုံများမှာ အဖိုးအခနှင့် ထိုက်တန်အောင်ပင် အဆင့်မြင့်လှ၏။ ဘားတစ်ခုပင် ပါဝင်ပြီး ချောမောလှပသော အမျိုးသမီး ဝန်ထမ်းလေးများက အခမဲ့ သောက်စရာနှင့် စားစရာများကို တည်ခင်းပေးနေကြသည်။
ရိုနန်သည် ခုံတွင် နေရာယူပြီးနောက် ရှန်ပိန်တစ်ခွက် မှာယူလိုက်ရာ ထပ်မံ၍ ငွေဒင်္ဂါးပြား နှစ်ပြား ကုန်ကျသွားပြန်သည်။ ရထားထွက်ခွာချိန် နီးကပ်လာသည်နှင့်အမျှ ပထမတန်းတွဲအတွင်းသို့ ခရီးသည်များ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြ၏။
ထိုသူများမှာ ဝတ်ကောင်းစားလှများ ဆင်မြန်းထားကြသော မှူးမတ်များ၊ ကုန်သည်များနှင့် ရှေ့နေ၊ ဆရာဝန်ကဲ့သို့သော အထက်တန်းလွှာ ပညာရှင်များသာ ဖြစ်ကြပေသည်။
ထိုစဉ် ရိုနန်၏ မျက်နှာချင်းဆိုင်ခုံ၌ ပန်းပွင့်ပုံ ပါသော ဦးထုပ်ကို ဆောင်းထားပြီး ရိုးရှင်းသော အဖြူရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ဦး နေရာယူလိုက်၏။
သူမသည် သားရေခရီးဆောင်အိတ် အကြီးကြီးတစ်ခုကို ယူဆောင်လာပြီး ဝန်ထမ်းအား အပေါ်စင်ပေါ်သို့ တင်ပေးရန် အကူအညီတောင်းသော်လည်း ဝန်ထမ်းများမှာ အလုပ်ရှုပ်နေကြသဖြင့် သူမ၏ ခေါ်သံကို မကြားကြချေ။
ရိုနန်သည် လူငယ်ရဲအရာရှိတစ်ဦးပီပီ လူကြီးလူကောင်းဆန်စွာဖြင့် "ကျွန်တော် ကူပါရစေ" ဟု ဆိုကာ ခရီးဆောင်အိတ်ကို အပေါ်စင်ပေါ်သို့ မတင်ပေးလိုက်သည်။
ထိုအဖြူရောင်ဝတ်စုံနှင့် မိန်းကလေးက မော့ကြည့်လိုက်ရာ ရှက်ပြုံးလေးနှင့်အတူ "ကျေးဇူးတင်ပါတယ်" ဟု တိုးတိုးလေး ဆိုရှာ၏။
"ရပါတယ်"
ရိုနန်သည် ခုံတွင် ပြန်ထိုင်လိုက်ပြီး "ဂျော့ခ်ျတောင်းမြို့ကို သွားမလို့လား" ဟု ရင်းနှီးစွာ မေးမြန်းလိုက်သည်။
ဂျော့ခ်ျတောင်းမြို့မှာ လန်ဒီမြို့နှင့် ကီလိုမီတာ လေးငါးရာခန့် ဝေးကွာသော အင်ဗီယာနိုင်ငံ၏ ကုန်းတွင်းပိုင်း မြို့ကြီးတစ်မြို့ ဖြစ်ပေသည်။
မိန်းကလေးက ခေါင်းခါပြကာ "ကျွန်မက ဖလေးတောင်းမြို့မှာ ဆင်းမှာပါ" ဟု ပြန်ဖြေသည်။
"တိုက်ဆိုင်လိုက်တာ... ကျွန်တော်လည်း အဲ့ဒီကို သွားမှာပဲ" ဟု ရိုနန်က ပြုံးလျက် ဆိုလိုက်၏။
ထိုအခါ မိန်းကလေးက ဦးထုပ်ကို အသာအယာ မလိုက်ပြီး လက်ကလေး ကမ်းပေးရင်း "ကျွန်မ အော်ဒရီနော်တန် ပါ... တွေ့ရတာ ဝမ်းသာပါတယ်" ဟု မိတ်ဆက်လာသည်။
ရိုနန်ကလည်း သူမ၏လက်ကို အသာအယာ ဆုပ်ကိုင်လျက် "ကျွန်တော်က ရိုနန်... ရိုနန်ရေးမွန် ပါ" ဟု ပြန်လည်မိတ်ဆက်လိုက်၏။
ထိုအခါမှသာ ရိုနန်သည် ဤမိန်းကလေး၏ နုနယ်ချောမောသော မျက်နှာလေးကို သတိထားမိတော့သည်။
နှင်းပွင့်ကဲ့သို့ ဖြူစင်သော အသားအရေ၊ စင်းလုံးချောသော နှာတံလေးနှင့် တောက်ပသော မျက်ဝန်းအစုံတို့မှာ တတိယရဲစခန်း၏ အလှပဂေးဟု တင်စားကြသော ဆယ်လီနာထက်ပင် သာလွန်နေသေးတော့သည်။
ဤမျှ လှပသော မိန်းကလေးတစ်ဦး တစ်ကိုယ်တည်း ခရီးသွားနေခြင်းမှာ အံ့သြစရာပင်။ သို့သော်လည်း ရိုနန်သည် မစ္စနော်တန်၏ လှပသော အသွင်အပြင်အောက်၌ ပုန်းကွယ်နေသော အစွမ်းတစ်ခုကို အာရုံခံမိလိုက်၏။
ယင်းမှာ အထူးစွမ်းအားရှင်၏ စွမ်းအင်ပင် ဖြစ်ချေသည်။
သူမသည် အထူးစွမ်းအားရှင် တစ်ဦးပင် ဖြစ်ပေသည်။
နှစ်နာရီမျှသော ခရီးစဉ်မှာ ရှည်လျားသည်ဟု မဆိုနိုင်သော်လည်း တိုတောင်းလှသည်လည်း မဟုတ်ပေ။
လမ်းတစ်လျှောက်တွင် ရိုနန်နှင့် အော်ဒရီနော်တန်တို့မှာ ရင်းရင်းနှီးနှီး စကားစမြည် ပြောဆိုခဲ့ကြပြီး ဖလေးတောင်းမြို့သို့ ရောက်သောအခါ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရန် လိပ်စာများ ဖလှယ်ခဲ့ကြလေသည်။
ရိုနန်က မိမိ၏လက်ရေးဖြင့် ရေးသားထားသော လိပ်စာကို ကမ်းပေးလိုက်စဉ် မစ္စနော်တန်၏ မျက်ဝန်းများအတွင်း၌ ထူးခြားသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်ကို သူ သတိထားမိလိုက်ပါတော့သတည်း။
***