ဥသြဆွဲသံ ခပ်ကျယ်ကျယ်နှင့်အတူ ရေနွေးငွေ့သုံး မီးရထားကြီးသည် ဖလေးတောင်းမြို့ ပြင်ပရှိ ဘူတာရုံ၌ ဆိုက်ရောက်ရပ်နားလိုက်လေသည်။
ရိုနန်ရေးမွန် နှင့် အော်ဒရီနော်တန် တို့သည် ရထားပေါ်မှ အတူတကွ ဆင်းသက်လာကြရာ ရိုနန်က အိတ်များကို ကူညီသယ်ဆောင်ပေးရင်း ရိုးရှင်းလှသည့် ထိုဘူတာရုံလေးအတွင်းမှ ထွက်ခွာလာခဲ့ကြ၏။
ယင်းခဏ၌ပင် သူတို့ရှေ့၌ မြင်းရထားတစ်စီး လာရောက်ရပ်တန့်လေသည်။ ကောင်ဘွိုင်ဝတ်စုံ ဝတ်ဆင်ထားသည့် မြင်းရထားမောင်းသူသည် မြေပြင်ပေါ်သို့ ဖျတ်ခနဲ ခုန်ဆင်းလိုက်ပြီးလျှင် အော်ဒရီအား "သခင်မလေး" ဟု ရိုသေစွာ နှုတ်ဆက်လေတော့သည်။
အော်ဒရီက ခေါင်းညိတ်ပြလိုက်ပြီးနောက် ရိုနန်ဘက်သို့ လှည့်ကာ ပြုံးယောင်သန်းလျက် "လိုက်ခဲ့မလား" ဟု မေးမြန်းလိုက်၏။
"ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ မလိုက်တော့ပါဘူး။"
ရိုနန်က လက်ဆွဲအိတ်ကို မြင်းရထားမောင်းသူထံ ကမ်းပေးလိုက်ရင်း "ကျွန်တော့်အိမ်က ဒီနားတင်ပါ" ဟု ပြန်လည်ဖြေကြားလိုက်သည်။
ထိုအခါ အော်ဒရီက သူ၏မျက်ဝန်းများကို စေ့စေ့ကြည့်ကာ "ဒါဆိုရင်လည်း ရေစက်ရှိရင် ပြန်ဆုံကြတာပေါ့" ဟု ဆိုလေသည်။
"သွားပါဦးမယ်"
ရိုနန်သည် ထွက်ခွာသွားသော မြင်းရထားလေး မျက်စိတစ်ဆုံး ပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေမိ၏။ လမ်းခရီးတစ်လျှောက် အော်ဒရီနော်တန်နှင့် စကားလက်ဆုံကျခဲ့ရသည်မှာ များစွာ စိတ်ချမ်းမြေ့စရာ ကောင်းလှပေသည်။
သူမသည် အပြစ်ကင်းစင်သည့် အလှတရားကို ပိုင်ဆိုင်ထားသည့်အပြင် ဗဟုသုတလည်း ကြွယ်ဝလှရာ ပြောဆိုဆက်ဆံပုံများမှာ ဂုဏ်သရေရှိ အမျိုးသမီးတစ်ဦး၏ အရည်အချင်းနှင့် ပြည့်စုံလှပေသည်။
ထိုသို့သော ထူးချွန်ထက်မြက်သည့် အမျိုးသမီးတစ်ဦးကို သာမန်မှူးမတ်ငယ် မျိုးနွယ်စုတစ်ခုက မွေးထုတ်ပေးနိုင်မည် မဟုတ်ချေ။ ယင်းအပြင် သူမသည် အထူးစွမ်းအားရှင် တစ်ဦးလည်း ဖြစ်ပေသည်။
သို့သော်လည်း ရိုနန်သည် အော်ဒရီအပေါ် ထွေထွေထူးထူး စိတ်ကူးမရှိချေ။ သူမအား အထူးစွမ်းအားရှင် လောကသို့ လမ်းပြပေးမည့်သူတစ်ဦးအဖြစ်သာ သင့်တော်သည်ဟု မှတ်ယူထားခြင်း ဖြစ်သည်။
အမှန်စင်စစ် ဤအခန်းကဏ္ဍအတွက် ညစောင့်တပ်မှူး အဲလ်ဘတ် အော်စတင် က ပို၍ သင့်လျော်သော်လည်း ကံဆိုးစွာပင် သူက နေရပ်သို့ ပြန်သွားခဲ့ပြီ ဖြစ်သည်။
ရိုနန်သည် မျက်မှောင်ကို ပြန်ရုပ်လိုက်ပြီး လက်ဆွဲအိတ်လေးကို ကိုင်ကာ ရေးမွန်စံအိမ်တော် ဆီသို့ ခြေဦးလှည့်လိုက်လေသည်။
ဖလေးတောင်းမြို့သည် လူဦးရေ တစ်သောင်းကျော် နေထိုင်ပြီး စည်ကားဝပြောသော မြို့တစ်မြို့ ဖြစ်ပေသည်။
ပတ်ဝန်းကျင်ရှိ မြေရိုင်းများမှာ မြေသြဇာကောင်းမွန်လှသဖြင့် နှစ်စဉ် ထွက်ရှိသော သီးနှံ၊ သစ်တောထွက်ပစ္စည်းနှင့် အသားငါးများကို လန်ဒီမြို့ သို့ အမြောက်အမြား တင်ပို့ရောင်းချရသည်။
ရေးမွန်စံအိမ်တော်သည် မြို့နှင့် နှစ်မိုင်၊ သုံးမိုင်ခန့်သာ ဝေးကွာသဖြင့် ရိုနန်တစ်ယောက် အခြားယာဉ်တစ်မျိုးမျိုးကို ရှာမနေတော့ဘဲ ကျောက်စရစ်ခင်းထားသော လမ်းအတိုင်း မြို့ပြင်သို့ ထွက်လာခဲ့တော့သည်။
လမ်းဘေးတစ်ဖက်တစ်ချက်တွင် လယ်ကွင်းများ ယှက်နွယ်နေပြီး လယ်သမားများမှာလည်း အလုပ်များနေကြ၏။ ရံဖန်ရံခါတွင် ဗျိုင်းဖြူလေးများ ပျံသန်းကျက်စားနေကြသည်မှာ နွေရာသီ လယ်တောအလှကို ပိုမိုပေါ်လွင်စေပေသည်။
အဝေးဆီတွင် တောင်တန်းကြီးများက မှိုင်းညို့နေပြီး သစ်တောများလည်း ထူထပ်လှ၏။
မကြာမီပင် အဖြူရောင် လွှမ်းမိုးထားသော စံအိမ်တော်ကြီးတစ်ခုသည် ရိုနန်၏ မြင်ကွင်းထဲသို့ ရောက်ရှိလာတော့သည်။
ယင်းကား ဤခန္ဓာကိုယ်ပိုင်ရှင် ဆယ်စုနှစ်တစ်ခုကျော် နေထိုင်ခဲ့ရာ ရေးမွန်စံအိမ်တော်ပင် ဖြစ်တော့သည်။ ထိုခဏ၌ ရိုနန်သည် မိမိ၏ စိတ်ဝိညာဉ်အမှတ်အသား နက်နဲရာ အရပ်မှ အနည်းငယ် တုန်လှုပ်မှုကို ခံစားလိုက်ရသည်။
ယင်းကား ယခင်ခန္ဓာကိုယ်ပိုင်ရှင်၏ ကျန်ရှိနေသော စိတ်အာရုံများ ဖြစ်တန်ရာ၏။ ထိုသို့ ခံစားလိုက်ရသည်နှင့် သူသည် ခြေလှမ်းများကို မသိစိတ်ဖြင့် ခပ်သွက်သွက် လှမ်းလိုက်မိလေသည်။
စံအိမ်တော်အဝင်ဝသို့ ရောက်သောအခါ နွားချေးများ တင်ဆောင်လာသည့် နွားလှည်းတစ်စီးနှင့် ဆုံလေရာ ဆံပင်ဖြူဖြူနှင့် အဘိုးကြီးဖြစ်သူက ရိုနန်အား အံ့သြတကြီး ကြည့်နေလေသည်။
ရိုနန်က ပြုံးလျက် "အဘိုးဂျင်၊ မတွေ့ရတာ ကြာပြီနော်" ဟု နှုတ်ဆက်လိုက်၏။ ထိုသူကား စံအိမ်တော်တွင် မျိုးဆက်နှင့်ချီ၍ အမှုထမ်းခဲ့သည့် အခစားလယ်သမား အဘိုးဂျင် ဖြစ်ပေသည်။
"သခင်လေး ရိုနန်ပါလား"
အဘိုးဂျင်က အံ့သြလွန်းသဖြင့် မျက်လုံးပြူးကာ "မတွေ့ရတာ နှစ်တွေ အတော်ကြာသွားပြီပဲ၊ အတော်လေးကို အရွယ်ရောက်လာတာပဲ" ဟု ဆိုရှာသည်။
လွန်ခဲ့သော သုံးနှစ်ခန့်က ရိုနန် အသက် ၁၆ နှစ်အရွယ်တွင် ဖခင်ဖြစ်သူ မယ်လ်ကွန်ရေးမွန် က လန်ဒီမြို့ရှိ ကျောင်းတစ်ကျောင်းသို့ ပို့ဆောင်ခဲ့ပြီး သုံးနှစ်စာ ကျောင်းလခကို တစ်ခါတည်း ပေးချေကာ သားအဖအဖြစ်မှ အဆက်အသွယ် ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထိုကာလအတွင်း ရိုနန်သည် မြို့ပေါ်၌ အလုပ်တစ်ဖက်နှင့် အလုပ်များနေသဖြင့် နေရပ်သို့ တစ်ခါမျှ ပြန်မလာဖြစ်ခဲ့ပေ။ ထို့ကြောင့်လည်း ရေးမွန်မိသားစုထံ တစ်သက်လုံး အလုပ်အကျွေးပြုခဲ့သည့် ဤလယ်သမားကြီးမှာ သူ့အား သုံးနှစ်တိုင်တိုင် မတွေ့ခဲ့ရခြင်း ဖြစ်ပေရာ အဘိုးဂျင်မှာ တကယ်ပင် အံ့သြနေမိတော့သည်။
အဘိုးဂျင်၏ မှတ်ဉာဏ်ထဲ၌ ရိုနန်မှာ ပိန်လှီလှီ၊ အေးအေးဆေးဆေးနှင့် စကားပြောရာတွင်လည်း ထစ်ထစ်ငေါ့ငေါ့ရှိလှသည့် သာမန်ကောင်လေးတစ်ဦးသာ ဖြစ်၏။
သို့သော် ယခု သူမြင်တွေ့နေရသော ရိုနန်မှာမူ တက်ကြွလန်းဆန်းပြီး ခန့်ညားထည်ဝါလှသည့်အပြင် တည်ငြိမ်ရင့်ကျက်သည့် အရှိန်အဝါများလည်း ထွက်ပေါ်နေပေသည်။
ယခင်နှင့် လုံးဝ ခြားနားနေသဖြင့် အဘိုးဂျင်မှာ မယုံနိုင်အောင် ဖြစ်နေရသော်လည်း ရိုနန်၏ မျက်နှာသွင်ပြင်မှာ အပြောင်းအလဲ သိပ်မရှိလှသဖြင့် "သခင်မလေး ဂျန်းနီ ရဲ့ စေ့စပ်ပွဲကို တက်ဖို့ လာတာမဟုတ်လား" ဟု မေးမြန်းလိုက်လေသည်။
"ဟုတ်ကဲ့"
ရိုနန်က ပြုံးလျက် "ကျွန်တော် အထဲကို အရင်ဝင်လိုက်ဦးမယ်၊ နောက်မှ အေးအေးဆေးဆေး စကားပြောကြတာပေါ့" ဟု ဆိုလိုက်သည်။
အဘိုးဂျင်မှာ အခစားလယ်သမား ဖြစ်သော်လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေး၌ ကျွမ်းကျင်သူ ဖြစ်သဖြင့် ဘာရွန် မယ်လ်ကွန်ရေးမွန်ပင်လျှင် သူ့အား အထူးတလည် လေးစားရပေသည်။
လယ်သမားကြီးသည် ရိုနန် အိတ်လေးကိုင်ကာ အိမ်ကြီးထဲသို့ ဝင်သွားသည်ကို ကြည့်ရင်း "သူ တကယ်ကို ပြောင်းလဲသွားတာပဲ၊ အများကြီးကို ပြောင်းလဲသွားတာ" ဟု တစ်ကိုယ်တည်း ရေရွတ်နေမိလေတော့သည်။
ရေးမွန်စံအိမ်တော်သည် မြေသြဇာကောင်းသော လယ်မြေ ဧကပေါင်းများစွာနှင့်အတူ သစ်တော၊ စားကျက်မြေများကိုပါ ပိုင်ဆိုင်ထားသဖြင့် ဤနယ်တစ်ဝိုက်တွင် အတော်အတန် သြဇာညောင်းလှပေသည်။
အိမ်စေ၊ အစောင့်အရှောက်၊ စားဖိုမှူး၊ ဥယျာဉ်မှူး စသည်ဖြင့် လူပေါင်း နှစ်ရာနီးပါး နေထိုင်ကြရာ အစစအရာရာ ပြည့်စုံစည်ကားလှ၏။ ရိုနန်၏ ရောက်ရှိလာမှုသည် စံအိမ်တော်ရှိ အစေအပါးများ၏ အာရုံကိုလည်း ဖမ်းစားနိုင်ခဲ့ပေသည်။
အိမ်ကြီး၏ ရှေ့တံခါးဝတွင် ခန့်ညားစွာ ဝတ်ဆင်ထားသည့် လူကြီးတစ်ဦးသည် ရိုနန်အား စူးစမ်းသော အကြည့်ဖြင့် စောင့်ကြိုနေ၏။
"နေကောင်းရဲ့လား မစ္စတာ ကွန်နိုလီ။"
ရိုနန်က အနည်းငယ် ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။
ထိုသူကား အသက် ၅၀ ကျော်ပြီဖြစ်သော အိမ်စေချုပ် ကွန်နိုလီ ဖြစ်ပေသည်။ ဆံပင်များ ဖြူနေပြီဖြစ်သော်လည်း သူ၏ မျက်ဝန်းများကမူ လေးစားရလောက်အောင်ပင် ထက်မြက်နေဆဲ ဖြစ်သည်။
ရိုနန်၏ အတိတ်မှတ်ဉာဏ်ထဲတွင် သူ အကြောက်ဆုံးသူမှာ ဖခင်ဖြစ်သူ မဟုတ်ဘဲ ဤအိမ်စေချုပ်ကြီးသာ ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ရိုနန် အမှားတစ်ခုခု လုပ်မိတိုင်း အပြစ်ပေး ဆုံးမတတ်သူမှာ ဤသူပင် ဖြစ်သောကြောင့်ပင်။
ကွန်နိုလီကလည်း အလိုက်သင့်ပြန်၍ "နေကောင်းပါစေ မစ္စတာ ရိုနန်" ဟု နှုတ်ခွန်းဆက်သည်။ ရိုနန်သည် အသက်အရွယ် ရောက်ပြီဖြစ်သဖြင့် မိသားစုဝင်အဖြစ် မသတ်မှတ်တော့ပေရာ အိမ်စေချုပ်၏ ခေါ်ဝေါ်ပုံမှာ လျောက်ပတ်လှပေသည်။
"သခင်ကြီးနဲ့ သခင်မကြီးတို့က စာကြည့်ခန်းထဲမှာ စောင့်နေကြပါတယ်" ဟု ကွန်နိုလီက ဆိုလိုက်ရာ ရိုနန်က ခေါင်းညိတ်ပြလိုက်ပြီး လှေကားထစ်များအတိုင်း တက်လာခဲ့လေသည်။
ယခင်က ရိုနန်သည် ဤအိမ်စေချုပ်ကို ကျားတစ်ကောင်ကဲ့သို့ ကြောက်ရွံ့ခဲ့သော်လည်း ယခုမူ သာမန်လူတစ်ဦးကဲ့သို့ပင် ရင်ဆိုင်ရဲနေပြီ ဖြစ်သည်။
ကွန်နိုလီသည် အနည်းငယ် တုံ့ဆိုင်းသွားပြီးမှ လမ်းဖယ်ပေးလိုက်ရ၏။ သုံးနှစ်အကြာမှ ပြန်ရောက်လာသော ဤလူငယ်သည် ယခင်ကလို ကြောက်တတ်သည့် ကောင်လေး မဟုတ်တော့ကြောင်း သူ သဘောပေါက်လိုက်လေပြီ။
ရိုနန်သည် ခေါင်းကို မော့ကာ အိမ်ကြီး၏ ဧည့်ခန်းမထဲသို့ ဝင်လာခဲ့သည်။
ထိုစဉ် ဆိုဖာပေါ်တွင် စာဖတ်နေသည့် မိန်းကလေးငယ်တစ်ဦးက မော့ကြည့်လာပြီး သူ့အား စူးစမ်းနေ၏။
ရိုနန်က လက်ဆွဲအိတ်ကို ချလိုက်ပြီး ပြုံးလျက် "အန်နီ၊ မတွေ့ရတာ ကြာပြီနော်" ဟု နှုတ်ဆက်လိုက်သည်။ ထိုကလေးမလေးကား ရိုနန်၏ ညီမလေး အဲလစ်ရေးမွန် (အန်နီ) ပင် ဖြစ်တော့သည်။
ညီအစ်ကို မောင်နှမများထဲတွင် ရိုနန်နှင့် အရင်းနှီးဆုံးသူမှာ ဤညီမငယ်လေးသာ ဖြစ်ပေသည်။
"အာ..."
အဲလစ်သည် လက်ထဲမှ စာအုပ်ကို ချလိုက်ပြီး ရိုနန်၏ ရင်ခွင်ထဲသို့ လွှတ်ခနဲ ခုန်ဝင်လာကာ "ကိုကို ရိုနန်" ဟု အော်ဟစ်ကာ ဖက်လိုက်လေတော့သည်။ ရိုနန်ကလည်း ရယ်မောလျက် ညီမငယ်လေးကို ချီမလိုက်၏။
သူ၏ အသက် ၁၆ နှစ်မတိုင်မီ ဘဝခရီး၌ ဤညီမငယ်လေးသည်သာ သူ၏ တစ်ခုတည်းသော နွေးထွေးမှု ဖြစ်ခဲ့ပေတော့သတည်း။
***