ရေးမွန်စံအိမ်တော်သို့ ရိုနန် ပြန်လည်ရောက်ရှိပြီး ဒုတိယမြောက်နေ့၏ မွန်းလွဲပိုင်းအချိန်တွင် ထိုစံအိမ်အတွင်း၌ပင် ခမ်းနားထည်ဝါလှသော စေ့စပ်ကြောင်းလမ်းခြင်း မင်္ဂလာအခမ်းအနားတစ်ရပ်ကို ကျင်းပလေသည်။
ယင်းစေ့စပ်ပွဲ၏ အဓိကဇာတ်လိုက်မှာ ရိုနန်၏အစ်မဖြစ်သူ ဂျန်းနီရေးမွန်ပင် ဖြစ်ချေသည်။ ရေးမွန်မိသားစု၏ တိုက်ရိုက်မျိုးနွယ်ဖြစ်သော သူမသည် မောင်ဖြစ်သူထက် သုံးနှစ်မျှကြီးရင့်ကာ ယခုနှစ်တွင် အသက် (၂၂) နှစ် အရွယ်သို့ ရောက်ရှိနေပြီဖြစ်၏။
ဤကမ္ဘာ၏ ထုံးတမ်းအစဉ်အလာအရဆိုလျှင် မိန်းကလေးဂျန်းနီသည် အပျိုကြီးအရွယ်ဟု သတ်မှတ်ရမည့် အပိုင်းအခြားသို့ ရောက်ရှိနေပြီဖြစ်ပေသည်။
သူမ၏ စေ့စပ်ထားသူမှာကား ဂန်သာမျိုးနွယ်စုမှ တိုက်ရိုက်ဆင်းသက်လာသူ ဟာမန်ဂန်သာ အမည်ရှိသော လူငယ်တစ်ဦးပင် ဖြစ်သည်။
ဂန်သာမျိုးနွယ်သည်လည်း ထိုဒေသရှိ ဘာရွန်အဆင့်ရှိသော မှူးမတ်မျိုးနွယ်ပင်ဖြစ်ရာ ၎င်းတို့၏ စံအိမ်သည် ရေးမွန်စံအိမ်နှင့် ဆယ်ကီလိုမီတာပင် မဝေးတော့သဖြင့် အိမ်နီးချင်းများဟုပင် ဆိုနိုင်ပေသည်။
ဂျန်းနီရေးမွန်နှင့် ဟာမန်ဂန်သာတို့မှာ အသက်အရွယ်ချင်းလည်း နီးစပ်ကာ အဆင့်အတန်းချင်းလည်း တူညီကြပေရာ ၎င်းတို့၏ ထိမ်းမြားမှုမှာ ဂုဏ်ရည်ချင်း တူမျှသော ပေါင်းဖက်ခြင်းပင် ဖြစ်ပေတော့မည်။
အင်ဗီယာနိုင်ငံ၏ ဓလေ့ထုံးစံအရ စေ့စပ်ကြောင်းလမ်းခြင်း အခမ်းအနားကို သတို့သမီးလောင်း၏ နေအိမ်တွင် ကျင်းပလေ့ရှိပြီး လက်ထပ်မင်္ဂလာပွဲကိုမူ သတို့သားလောင်း၏ နေအိမ်တွင် ကျင်းပလေ့ရှိသည်။
စေ့စပ်ပွဲနေ့တွင် ရေးမွန်မိသားစုဝင်အားလုံးနီးပါး တက်ရောက်လာကြသည့်အပြင် အိမ်ထောင်ကျ၍ ခွဲခွာနေထိုင်သူများနှင့် နီးစပ်ရာ ဆွေမျိုးသားချင်းများလည်း စုံစုံလင်လင် ရှိနေကြသည်။
ထို့ပြင် ဖလေးတောင်းမြို့ ပတ်ဝန်းကျင်ရှိ ဒေသခံမှူးမတ်အတော်များများကလည်း အခမ်းအနားကို သက်သေအဖြစ် ကြည့်ရှုရန် လူလွှတ်၍ တက်ရောက်စေကြသည်။
စံအိမ်တော်တစ်ခုလုံးမှာလည်း အသစ်အဆန်းများဖြင့် မွမ်းမံပြင်ဆင်ထားကာ စားဖွယ်စုံလင်စွာ ခင်းကျင်းထားသည့်အပြင် မြို့ပေါ်မှ တူရိယာအဖွဲ့ကိုလည်း ငှားရမ်း၍ ဖျော်ဖြေစေရာ ပျော်ပွဲရွှင်ပွဲ အငွေ့အသက်များဖြင့် အလွန်ပင် စည်ကားသိုက်မြိုက်လှပေသည်။
မိသားစုရှိ ကလေးငယ်များမှာလည်း မြက်ခင်းပြင်ထက်တွင် ဟိုဟိုဒီဒီ ပြေးလွှားဆော့ကစားနေကြရာ အလွန်ပင် ပျော်ရွှင်နေကြ၏။
သို့သော်လည်း လူတို့၏ ခံစားချက်ဟူသည် အမြဲတမ်း တစ်သားတည်း မကျနိုင်ပေ။ ဘေးမှ ကြည့်ရှုနေသူတစ်ဦးဖြစ်သော ရိုနန်အဖို့မူ ထိုအခြင်းအရာတို့မှာ ဆူညံပူလောင်စရာများဟုသာ ခံစားနေရသည်။
သူသည် စေ့စပ်ပွဲအခမ်းအနား တစ်ခုလုံးကို သက်သေအဖြစ် စောင့်ကြည့်နေခဲ့သော်လည်း မည်သူနှင့်မျှ နှုတ်ဆက်စကား ပြောဆိုခြင်း မရှိခဲ့ပေ။
ညနေစောင်း၌ အခမ်းအနား ပြီးမြောက်သွားကာ ဧည့်သည်တော်များ အသီးသီး ပြန်လည်ထွက်ခွာသွားချိန်မှသာ ရိုနန်အား အိမ်စေချုပ်က စာကြည့်ခန်းသို့ ဖိတ်ကြားလေသည်။
ဤအကြိမ်တွင်မူ သူသည် ဖခင် မယ်လ်ကွန်နှင့် တွေ့ဆုံရသည့်အပြင် သန်မာထွားကြိုင်းသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကိုလည်း တွေ့ရှိရသည်။ ထိုသူမှာကား ရေးမွန်စံအိမ်တော်၏ ညစောင့်တပ်မှူး အဲလ်ဘတ်ပင် ဖြစ်ချေသည်။
ရိုနန်က လှမ်းကြည့်လိုက်သောအခါ ကြမ်းတမ်းခက်ထန်သော ပုံစံရှိသည့် ထိုသူက သူ၏ ဖြူဖွေးလှသော သွားများကို ပေါ်အောင် ဖြီးပြလေသည်။
အိမ်စေချုပ်က အပြင်သို့ ထွက်၍ တံခါးကို ပိတ်လိုက်သောအခါ စားပွဲနောက်တွင် ထိုင်နေသော ဘာရွန်က တည်ငြိမ်သော မျက်နှာထားဖြင့် "ထိုင်ဦး... မင်းနဲ့ ဆွေးနွေးစရာ ရှိတယ်" ဟု ဆိုလာ၏။
'ဒါကတော့ ကောက်ကျစ်မှုတွေကို စပြီး ထုတ်ပြမယ့် အချိန်ပဲလား...' ဟု ရိုနန်က စိတ်ထဲမှ ကြံစည်ရင်း တည်ငြိမ်စွာဖြင့်ပင် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ကာ "အဖေ.. ဘာများ ပြောစရာ ရှိလို့လဲ" ဟု မေးမြန်းလိုက်သည်။
ဘာရွန် မယ်လ်ကွန်သည် ရိုနန်ကို ခေတ္တမျှ စိုက်ကြည့်နေပြီးမှ "ကောင်းတဲ့ ကိစ္စပါပဲ" ဟု စကားစလာသည်။
မည်သို့သော ကောင်းသည့်ကိစ္စ ဖြစ်နိုင်ပါမည်နည်း။
သိရသည်မှာ ဘာရွန်ကတော်နှင့် ရင်းနှီးသော ချမ်းသာကြွယ်ဝသည့် မုဆိုးမတစ်ဦးသည် သူမ၏ မိသားစုသို့ ဝင်ရောက်ပေါင်းဖက်မည့် အသက် (၂၀) ဝန်းကျင်အရွယ်၊ ချောမောပြေပြစ်ပြီး ယဉ်ကျေးသိမ်မွေ့သည့် မှူးမတ်မျိုးနွယ် လူငယ်တစ်ဦးကို ရှာဖွေနေခြင်း ဖြစ်ပေသည်။
ထိုမုဆိုးမသည် ဖလေးတောင်းမြို့နှင့် လန်ဒီမြို့ နှစ်မြို့စလုံးတွင် အိုးအိမ်တိုက်တာများနှင့် ဆိုင်ခန်းများစွာ ပိုင်ဆိုင်သည့်အပြင် အကျိုးအမြတ် များစွာရရှိသော စံအိမ်တစ်ခုကိုလည်း စီမံခန့်ခွဲနေသူ ဖြစ်သည်။
သူမတွင် မှူးမတ်အဆင့်အတန်း မရှိသော်ငြားလည်း အမှန်တကယ်ပင် ငွေကြေးကြွယ်ဝသူ ဖြစ်ပေ၏။
ဘာရွန်ကတော်က ရိုနန်အား ထိုအရည်အချင်းများနှင့် ပြည့်စုံသူဟု ယူဆသဖြင့် ၎င်းတို့အား ဖူးစာဖက်ရန် ရည်ရွယ်နေခြင်း ဖြစ်သည်။
"အရင်က ငါ မင်းအပေါ် ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့ဘူးဆိုတာ ငါသိပါတယ်"
ဘာရွန် မယ်လ်ကွန်၏ လေသံမှာ အနည်းငယ် နူးညံ့သွားကာ "အမျိုးသမီးမယ်လီဆာက အသက်နည်းနည်း ကြီးနေပေမယ့် သားသမီး ရနိုင်ပါသေးတယ်၊ ပြီးတော့ သူမမှာ လန်ဒီမြို့က အဆက်အသွယ်တွေ အများကြီးရှိတော့ မင်းရဲ့ ရှေ့ရေးအတွက်လည်း အထောက်အကူ ရမှာပါ"
"မင်း ရဲအရာရှိ ဆက်မလုပ်ချင်ဘူးဆိုရင်တောင် သူမရဲ့ လုပ်ငန်းတွေထဲက တစ်ခုကို လုပ်ကိုင်ပြီး ဘာမှ ပူစရာမလိုဘဲ အေးအေးဆေးဆေး နေနိုင်တာပေါ့၊ ဒါဟာ အခွင့်အရေးကောင်းတစ်ခုလို့ ငါထင်တယ်၊ မင်း ဘယ်လို မြင်လဲ"
ဘာရွန်က ဆွေးနွေးတိုင်ပင်သည့် လေသံဖြင့် ဆိုနေသော်ငြားလည်း သူ၏ မျက်ဝန်းများကမူ ရိုနန်အား 'ဒါဟာ ငြင်းပယ်ဖို့ မဖြစ်နိုင်တဲ့ ကိစ္စပဲ' ဟု ပြောဆိုနေသယောင် ရှိပေသည်။
ရိုနန်က ပြုံးလိုက်ကာ "ဒီလောက်အထိ အခွင့်အရေးကောင်းနေရင် အဖေပဲ သူမဆီမှာ ဝင်ပေါင်းလိုက်ပါလား" ဟု ပြန်လည် ပြောဆိုလိုက်၏။
"မင်း"
ဘာရွန် မယ်လ်ကွန်သည် ချက်ချင်းပင် ဒေါသချောင်းချောင်း ထွက်သွားကာ မျက်နှာတစ်ခုလုံးလည်း နီမြန်းလာပြီး လက်သီးကိုလည်း တင်းတင်းဆုပ်လိုက်မိသည်။
သို့သော်လည်း သူသည် ဒေါသကို မပေါက်ကွဲအောင် ထိန်းချုပ်လိုက်ရင်း "ဒါဆို မင်းက သဘောမတူဘူးပေါ့လေ" ဟု မေးလိုက်သည်။
ရိုနန်က ခေါင်းညိတ်ပြကာ "မှန်တယ်၊ ကျွန်တော် လုံးဝ သဘောမတူနိုင်ပါဘူး" ဟု ပြတ်သားစွာ ဆိုလိုက်၏။
"အေးလေ... ကောင်းပြီ"
ဘာရွန် မယ်လ်ကွန်က တည်တင်းသော မျက်နှာထားဖြင့် "ရေးမွန်မိသားစုက မင်းကို (၁၉) နှစ်တိုင်တိုင် ကျွေးမွေးစောင့်ရှောက်လာခဲ့တာ၊ မင်းက မိသားစုအတွက် ဘာမှ ပြန်မလုပ်ပေးနိုင်ဘူးဆိုရင်တော့ အဲဒီအတွက် ကုန်ကျခဲ့တဲ့ ငွေကြေးတွေကို ပြန်ဆပ်၊ အဲဒါဆိုရင် မင်းကို ငါ လုံးဝ လွတ်လပ်ခွင့် ပေးမယ်" ဟု ဆိုလေသည်။
"ဒါတွေကို လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ရှင်းခဲ့ပြီးပြီလို့ ကျွန်တော် ထင်နေတာ"
ရိုနန်က ပြုံးလျက်ပင် "ကဲ...လိုချင်တဲ့ ပမာဏကိုသာ ပြောလိုက်ပါ"
ရန်သူ၏ ခြိမ်းခြောက်ညှစ်ယူနည်းမှာ မိုက်မဲလှသည်ဟု မဆိုနိုင်ပေ။ အကယ်၍သာ မူလခန္ဓာကိုယ်ပိုင်ရှင်သာ ဖြစ်ပါက ဤကဲ့သို့သော ဖိအားများကို ခံနိုင်ရည်ရှိမည် မဟုတ်ချေ။
သို့သော်လည်း ဝမ်းနည်းစရာမှာကား မူလခန္ဓာကိုယ်ပိုင်ရှင်၏ ဝိညာဉ်မှာ ကွယ်ပျောက်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်၏။ ရိုနန် ဤနေရာသို့ ပြန်လာခြင်းမှာ ကံကြမ္မာ အကျိုးအကြောင်းများကို ဖြတ်တောက်ရန်သာ ဖြစ်ပေသည်။
ဘာရွန် မယ်လ်ကွန် အလုပ်ဖြစ်မည်ဟု ထင်မှတ်ထားသော ဖိအားပေးမှုမှာ ရိုနန်၏ အကြံအစည်နှင့် ကွက်တိပင် ဖြစ်နေပေတော့သည်။
ရိုနန်၏ တုံ့ပြန်မှုကို ကြားလိုက်ရသောအခါ မယ်လ်ကွန်မှာ ခေတ္တမျှ မှင်တက်သွားကာ သူ၏ မျက်ဝန်းများမှာလည်း လှုပ်ခတ်သွားသည်။
ခေတ္တမျှ ကြာပြီးနောက် သူက သွားကြိတ်လျက် "ရွှေဒင်္ဂါးပေါင် (၂၀၀) ပေး၊ ဒါဆိုရင် ငါတို့ အဆက်အသွယ်အားလုံးကို အပြီးအပိုင် ဖြတ်တောက်ကြမယ်" ဟု ဆိုလေ၏။
ဘာရွန် မယ်လ်ကွန်က ကောင်းစွာ သိထားသည်မှာ ရိုနန်ကဲ့သို့ ကျောင်းပြီးကာစ အလုပ်ဝင်ခါစ လူငယ်တစ်ဦးအဖို့ လန်ဒီမြို့တွင် တစ်နှစ်လျှင် ရွှေဒင်္ဂါးပေါင် (၁၀) ပေါင် သို့မဟုတ် (၂၀) ခန့်သာ ဝင်ငွေရှိမည်ဖြစ်ကြောင်း ဖြစ်သည်။
စားဝတ်နေရေး စရိတ်များ နုတ်လိုက်လျှင်ပင် တစ်နှစ်၌ ရွှေဒင်္ဂါးပေါင် (၂) ပေါင်မျှ စုမိရန်ပင် မလွယ်ကူပေ။ ထို့ကြောင့် ရွှေဒင်္ဂါးပေါင် (၂၀၀) ဟူသည်မှာ ရိုနန်အဖို့ နှစ်ပေါင်းတစ်ရာတိုင်တိုင် စုဆောင်းရမည့် ငွေကြေးပမာဏ ဖြစ်ပေသည်။
သူသည် တစ်ဖက်လူအနေဖြင့် ဤမျှသော ငွေကြေးကို မည်သို့မျှ မတတ်နိုင်ဟု အခိုင်အမာ ယူဆထားခြင်း ဖြစ်ပေ၏။
"သိပ်ကောင်းတာပေါ့..."
သို့သော်လည်း ဘာရွန်အား အလွန်ပင် အံ့အားသင့်သွားစေသည်မှာကား ရိုနန်က သူ၏ အိတ်ကပ်ထဲမှ ချက်လက်မှတ်နှစ်စောင်ကို ချက်ချင်း ထုတ်ယူလိုက်ကာ သူ၏ရှေ့ရှိ စားပွဲပေါ်သို့ တင်လိုက်ခြင်းပင် ဖြစ်သည်။
"ကျွန်တော်တို့ အကြွေးတွေ ရှင်းသွားပြီ"
ဘာရွန် မယ်လ်ကွန်သည် သူ၏ မျက်လုံးများကိုပင် သူ မယုံကြည်နိုင်အောင် ဖြစ်သွားသည်။
အဘယ်ကြောင့်ဆိုသော် ရိုနန် ထုတ်ပေးလိုက်သော ချက်လက်မှတ်များမှာ တော်ဝင်ဘဏ်မှ ထုတ်ပေးထားသော အသားတင် ငွေသားချက်လက်မှတ်များ ဖြစ်နေပြီး တစ်စောင်လျှင် ရွှေဒင်္ဂါးပေါင် (၁၀၀) တန်ဖိုးရှိနေသောကြောင့် ဖြစ်ပေသည်။
သူသည် ယင်းချက်လက်မှတ်များကို မယုံကြည်နိုင်ဘဲ အကြိမ်ကြိမ် စစ်ဆေးကြည့်ရာ အတုအပမဟုတ်ဘဲ အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
တော်ဝင်ဘဏ်ဟူသည်မှာ အင်ဗီယာနိုင်ငံတွင် အကြီးဆုံးနှင့် အင်အားအကြီးဆုံး ဘဏ်ဖြစ်သည့်အပြင် နိုင်ငံတော်ဘဏ်ကဲ့သို့ပင် ငွေကြေးရိုက်နှိပ်ခွင့်ကိုပါ တစ်ဦးတည်း ပိုင်ဆိုင်ထားသဖြင့် ယုံကြည်စိတ်ချရမှုမှာ အမြင့်ဆုံးပင် ဖြစ်ပေသည်။
ဤချက်လက်မှတ် နှစ်စောင်မှာ ငွေသားနှင့် အတူတူပင် ဖြစ်ချေသည်။ သို့သော်လည်း မေးစရာရှိသည်မှာ ရိုနန်သည် ဤမျှများပြားသော ငွေကြေးများကို မည်သည့်နေရာမှ ရရှိခဲ့သနည်း ဟူသည်ပင်။ သူ၏ လစဉ် လစာငွေမှာ အလွန်ပင် နည်းပါးလှသည် မဟုတ်လော။
အတိုင်းထက်အလွန် အံ့အားသင့်နေရသဖြင့် ဘာရွန်မှာ စကားပင် မဆိုနိုင်တော့ချေ။ သို့သော်လည်း ရိုနန်ကမူ ပြောစရာ ကျန်ရှိနေသေးသဖြင့် ဘေးနားရှိ စာရွက်တစ်ရွက်ကို ဆွဲယူလိုက်ကာ တည်ငြိမ်စွာဖြင့်ပင် "အခု ငွေပေးပြီးပြီဆိုတော့ အကြွေးအားလုံး ရှင်းပြီးကြောင်း စာရေးပေးတာ ပိုကောင်းလိမ့်မယ်" ဟု ဆိုလိုက်၏။
အမှန်စင်စစ်တွင် ရိုနန် ဤနေရာသို့ ပြန်လာစဉ်က တစ်စောင်လျှင် (၁၀၀) တန် ရွှေဒင်္ဂါးပေါင် ချက်လက်မှတ် စုစုပေါင်း (၅) စောင်ကို ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။
ယင်းမှာ မူလမိသားစုနှင့် ပတ်သက်သမျှ သွေးသားတော်စပ်မှုနှင့် ဆွေမျိုးကိစ္စအားလုံးကို အပြီးအပိုင် ဖြတ်တောက်ရန်အတွက်သာ ဖြစ်ပေ၏။ အဆုံး၌မူ (၂) စောင်မျှဖြင့်ပင် လုံလောက်သွားခဲ့သည်။
ဘာရွန် မယ်လ်ကွန်သည် သတိပြန်ဝင်လာသောအခါ သူ၏ မျက်နှာမှာ အလွန်ပင် ကြည့်မကောင်းအောင် ဖြစ်သွားသည်။ သူ၏ နဖူးပေါ်တွင်လည်း အကြောများမှာ ထောင်ထွက်လာကာ ချက်လက်မှတ်များကို ဆုပ်ကိုင်လျက် "ရိုနန်... ငါက မင်းရဲ့ အဖေပါကွ" ဟု ဟိန်းဟောက်လိုက်၏။
ဘာရွန်သည် အလွန်ပင် အစော်ကားခံလိုက်ရသည်ဟု ခံစားနေရသည်။
".. မင်းရဲ့ အမူအရာကို ဆင်ခြင်စမ်း"
ဘေးနားရှိ ညစောင့်တပ်မှူး အဲလ်ဘတ်ကလည်း အလွန်ပင် မကျေမနပ် ဖြစ်သွားကာ ရိုနန်၏ ဦးခေါင်းနောက်စေ့ကို လက်ဖြင့် ရိုက်နှက်ရန် လှမ်းလိုက်လေသည်။
သို့သော်လည်း သူ၏ လက်သည် ရိုနန်၏ ခေါင်းသို့ မရောက်မီမှာပင် ရိုနန်က သူ၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်ကာ အားဖြင့် လိမ်ချလိုက်လေတော့သည်။
"အား"
စူးရှလှသော အော်ဟစ်သံကြီး တစ်ခုမှာ ချက်ချင်းပင် ထွက်ပေါ်လာသည်။ ခက်ထန်လှသော ညစောင့်တပ်မှူးကြီးမှာ သူ၏ ညာဘက်လက်မောင်း လိမ်ချခံလိုက်ရသဖြင့် မခံမရပ်နိုင်ဖြစ်ကာ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားပြီး နာကျင်လွန်းသဖြင့် ထိုနေရာ၌ပင် သတိမေ့သွားလေတော့သည်။
ရိုနန်က လက်ကို လွှတ်ပေးလိုက်ရာ အဲလ်ဘတ်မှာ ကြမ်းပြင်ပေါ်သို့ ခွေခေါက်၍ လဲကျသွားလေ၏။
သူသည် မှင်တက်နေသော ဘာရွန် မယ်လ်ကွန်အား လှည့်ကြည့်လိုက်ပြီး "ပြောဖို့ မေ့သွားတယ်၊ ကျွန်တော်က အခု သာမန်ရဲအရာရှိ တစ်ယောက် မဟုတ်တော့ဘူး၊ လန်ဒီမြို့ရဲ့ တတိယနယ်မြေက စုံထောက်တစ်ယောက် ဖြစ်နေပြီ" ဟု ဆိုလိုက်သည်။
ထိုသို့ ဆိုရင်း ရိုနန်က သူ၏ ခါးကြားမှ ခြောက်လုံးပြူးသေနတ်ကို ဆွဲထုတ်လိုက်ကာ စားပွဲပေါ်ရှိ စာရွက်ကို သေနတ်ပြောင်းဖြင့် တို့၍ တစ်ဖက်သို့ တွန်းပို့လိုက်ပြီး -
" ပြောထားတဲ့ စကားကိုတော့ ပြန်မဖျက်ဘူး မဟုတ်လား"
" အဲဒီလို မလုပ်မှာ ဟုတ်တယ်မလား"
***