အသံလှိုင်းဖြင့် တိုက်ခိုက်ခြင်း။
ယင်းက သွေးစုပ်ဖုတ်ကောင်မျိုးနွယ်စုတို့၏ ပင်ကိုယ်စွမ်းရည်တစ်ခုပင် ဖြစ်ချေသည်။
အစောဆုံးသော အထူးစွမ်းအားရှင်မျိုးနွယ်စု ဖြစ်သည်နှင့်အညီ သွေးစုပ်ဖုတ်ကောင်တို့သည် နှစ်ထောင်ပေါင်းများစွာသော ကာလပတ်လုံး ဆင့်ကဲပြောင်းလဲလာခဲ့ကြရာ ထူးခြားဆန်းပြားသည့် ပင်ကိုယ်စွမ်းရည် အမျိုးမျိုးကို ပိုင်ဆိုင်ထားကြပေသည်။
အသံလှိုင်းဖြင့် တိုက်ခိုက်ခြင်းသည်လည်း ထိုပင်ကိုယ်စွမ်းရည်များထဲမှ တစ်ခုပင် ဖြစ်၏။
၎င်းတို့သည် လည်ချောင်းမှတစ်ဆင့် ကြိမ်နှုန်းမြင့်အသံလှိုင်းများကို တိကျသောဦးတည်ချက်ဖြင့် ထုတ်လွှတ်ကာ ရန်သူ၏ စိတ်ဝိညာဉ်အမှတ်အသားကို တိုက်ရိုက်ထိပါးစေနိုင်သဖြင့် မူးဝေခြင်း၊ သတိလစ်ခြင်းနှင့် ဝေခွဲမရဖြစ်ခြင်း စသည့်ဆိုးကျိုးများကို ဖြစ်ပေါ်စေတတ်၏။
ရိုနန်သည် နားစည်ကို အပ်ဖြင့်ထိုးသကဲ့သို့ ခံစားလိုက်ရပြီး မမြင်ရသော အသံလှိုင်းမှာ ထက်မြက်သော ဓားသွားတစ်ခုနှယ် နားအတွင်းသို့ တိုးဝင်ကာ ဦးနှောက်ဆီသို့ ထိုးဖောက်ဝင်ရောက်လာလေသည်။
သို့ရာတွင် သူ၏ မသက်မသာဖြစ်မှုမှာ စက္ကန့်အနည်းငယ်မျှသာ ကြာမြင့်ခဲ့ပေသည်။
သွေးစုပ်ဖုတ်ကောင်၏ အသံလှိုင်းတိုက်ခိုက်မှုမှာ ထက်မြက်လှသည် မှန်သော်လည်း ရိုနန်၏ စိတ်ဝိညာဉ်အမှတ်အသားမှာမူ အထူးပင် အားကောင်းလှပေရာ သူ၏ စိတ်အာရုံစွမ်းအားမှာလည်း အဆင့်၅သို့ ကူးပြောင်းပြီးကာစဖြစ်၍ မည်သည့်ဂါထာကိုမျှ ရွတ်ဆိုရန်မလိုဘဲ အလိုအလျောက်ပင် ခုခံကာကွယ်ပေးနိုင်ခဲ့လေသည်။
ထို့ကြောင့်ပင် ထိုတိုက်ခိုက်မှုကို အလွယ်တကူပင် တားဆီးနိုင်ခဲ့ခြင်း ဖြစ်ချေသည်။
"ဒိုင်း"
ရန်သူက ပါးစပ်ကို ပြန်ပိတ်ရန် အားယူနေစဉ်မှာပင် ရိုနန်သည် မောင်းခလုတ်ကို ဆွဲညှစ်လိုက်ပြီး ကျည်အိမ်အတွင်းရှိ နောက်ဆုံးကျည်ဆန်ကို ပစ်လွှတ်လိုက်လေသည်။
မိမိတို့၏ အသက်ဘေးမှ လွတ်မြောက်နိုင်မည့် အထူးလက်နက်မှာ အရေးနိမ့်သွားလိမ့်မည်ဟု သွေးစုပ်ဖုတ်ကောင်တို့ လုံးဝမထင်မှတ်ထားခဲ့ပေ။
အသံလှိုင်းတိုက်ခိုက်မှုကို အသုံးပြုခြင်းမှာ ၎င်းတို့အတွက် ခွန်အားအမြောက်အမြား ကုန်ဆုံးစေသည့်အပြင် အားကောင်းသော ရန်သူကလည်း အနီးကပ်လိုက်လံဖမ်းဆီးနေသည့် အခြေအနေဖြစ်ပေ၏။
ရိုနန်ကို မိန်းမောသွားစေပြီးမှ သွေးစုပ်ကာ ခွန်အားပြန်လည်ဖြည့်တင်းရန် ကြံစည်ခဲ့သော ၎င်းတို့၏ အကြံအစည်မှာ ကျည်ဆန်ကို မျိုချလိုက်ရသည့်အလား ဖြစ်သွားကာ သွေးများကို သုံးကြိမ်တိုင်တိုင် အန်ထုတ်လိုက်ရလေတော့သည်။
"ဆူးနွယ်ပင်များဖြင့် ချည်နှောင်"
ထိုသို့သော အချိန်မှာပင် ကြည်လင်ပြတ်သားသော ဂါထာရွတ်ဆိုသံနှင့်အတူ သွေးစုပ်ဖုတ်ကောင်၏ ပတ်ဝန်းကျင် မြေပြင်မှ ဆူးပင်များမှာ ရုတ်ချည်းပေါက်ထွက်လာပြီး ၎င်း၏ ခြေထောက်များကို တင်းကျပ်စွာ ရစ်ပတ်ချည်နှောင်လိုက်ပေရာ အထက်သို့ အလျင်အမြန်ပင် ပြန့်နှံ့သွားလေတော့သည်။
တစ်ဖက်တွင်လည်း ရိုနန်မှာ ခြောက်လုံးပြူးသေနတ်ကို ကျည်ပြန်ဖြည့်နေရင်း သွေးစုပ်ဖုတ်ကောင်မှာ ဆူးပင်များဖြင့် အချည်နှောင်ခံနေရသည်ကို မြင်တွေ့လိုက်ရသကဲ့သို့ ထိုပညာကို အသုံးပြုလိုက်သော မှော်ဆရာမကိုလည်း မြင်တွေ့လိုက်ရလေသည်။
ရိုနန်မှာ အတော်ပင် အံ့အားသင့်သွားရ၏။
တစ်ဖက်လူမှာ ခေါင်းစွပ်ပါသော မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်နှာတစ်ဝက်ကို ဖုံးကွယ်ထားသော်လည်း ရိုနန်မှာမူ ရထားပေါ်တွင် ဆုံတွေ့ခဲ့ဖူးသော အော်ဒရီနော်တန် ဖြစ်သည်ကို ချက်ချင်းပင် သိရှိလိုက်ပေသည်။
သူမက မှော်ဆရာမတစ်ဦးဖြစ်ပေ၏။
ထိုစဉ်ကတည်းက သူမသည် သာမန်လူတစ်ယောက်မဟုတ်ကြောင်း ရိုနန် ခံစားမိခဲ့သော်လည်း မှော်ဆရာမတစ်ဦးဖြစ်လိမ့်မည်ဟုကား လုံးဝမထင်မှတ်ခဲ့မိပေ။
"တိုက်ဆိုင်လှချေလား" ဟု သူ တွေးလိုက်မိသည်။
အတွေးများ ဝင်ရောက်လာနေစဉ်မှာပင် ရိုနန်သည် ကျည်ဖြည့်ခြင်းလုပ်ငန်းကို အပြီးသတ်လိုက်ပြီး ရုန်းကန်နေသော သွေးစုပ်ဖုတ်ကောင်ဆီသို့ ကျည်ဆန်များကို ထပ်မံပစ်လွှတ်လိုက်ပြန်သည်။
သွေးစုပ်ဖုတ်ကောင်၏ အော်ဟစ်သံများနှင့်အတူ သွေးများမှာ ပန်းထွက်နေသော်လည်း သေစေလောက်သော ဒဏ်ရာမျိုးကိုမူ မရရှိခဲ့ပေ။
ယင်းက သွေးစုပ်ဖုတ်ကောင်တို့နှင့် ပတ်သက်သည့် ရိုနန်၏ အမြင်ကို တစ်မျိုးတစ်ဖုံ ပြောင်းလဲစေခဲ့သည်မှာ အမှန်ပင် ဖြစ်၏။
၎င်းတို့၏ အရေပြားနှင့် သွေးမှာ အထူးပင် မာကြောလှပြီး အသက်ရှင်သန်နိုင်စွမ်းမှာလည်း မယုံကြည်နိုင်လောက်အောင်ပင် ခိုင်မာလှပေ၏။
ထိုစဉ်မှာပင် ရိုနန်သည် မိမိလက်ထဲရှိ ခြောက်လုံးပြူးသေနတ်၏ စွမ်းအားအပေါ် အားမလိုအားမရ ဖြစ်လာတော့သည်။
သာမန်လူသားများနှင့် ရင်ဆိုင်ရာတွင်မူ ထိုသေနတ်မှာ လုံလောက်သည်ထက်ပင် ပိုသော်လည်း အထူးစွမ်းအားရှင်တစ်ဦးကို ရင်ဆိုင်ရာ၌မူ စွမ်းအားနည်းလွန်းလှသဖြင့် ပြတ်သားသော တိုက်ခိုက်မှုကို မပေးစွမ်းနိုင်ချေ။
သူသည် ခေါင်းကို အသာခါယမ်းလိုက်ပြီး သေနတ်ကို ပြန်သိမ်းကာ ဓားကို ဆွဲထုတ်လိုက်လေသည်။
ယခုမူ ဓားကိုသာ အားကိုးရတော့မည် ဖြစ်ပေ၏။
ထိုအခိုက်၌ မှော်ဆရာမ၏ ဂါထာရွတ်ဆိုသံမှာ ထပ်မံထွက်ပေါ်လာပြီး သွေးစုပ်ဖုတ်ကောင်ကို ရစ်ပတ်ထားသော ဆူးနွယ်ပင်များမှာ ဓားမြှောင်ကဲ့သို့ ထက်မြက်သော ဆူးချွန်များအဖြစ်သို့ ရုတ်ချည်းပြောင်းလဲကာ ၎င်း၏ ခန္ဓာကိုယ်အတွင်းသို့ စူးဝင်သွားတော့သည်။
"အား..."
သွေးစုပ်ဖုတ်ကောင်မှာ စူးရှစွာ အော်ဟစ်လိုက်ပြီး ၎င်း၏ ခန္ဓာကိုယ်မှာလည်း ပူဖောင်းတစ်ခုကဲ့သို့ ဖောင်းကားလာကာ ရူးသွပ်သော အခြေအနေသို့ ရောက်ရှိသွားပြီး မိမိကို ရစ်ပတ်ထားသော ဆူးပင်များကို ရုန်းဖဲ့ပစ်လိုက်လေသည်။
၎င်း၏ ခန္ဓာကိုယ်တွင် စူးဝင်နေသော ဆူးချွန်များမှာလည်း လွင့်စင်ထွက်ကုန်၏။
ဝတ်ရုံမှာလည်း အပိုင်းပိုင်းပြတ်ထွက်သွားပြီး လင်းနို့နှင့်တူသော မည်းနက်သော အသားစိုင်များ၊ ကြောက်မက်ဖွယ်ကောင်းသော နီရဲသည့် မျက်လုံးများနှင့် ပါးစပ်ထောင့်ရှိ အစွယ်များမှာလည်း ယခင်ကထက် အဆပေါင်းများစွာ ရှည်ထွက်လာသည်ကို တွေ့မြင်လိုက်ရလေသည်။
သွေးစုပ်ဖုတ်ကောင်သည် မြေပြင်မှ ဝုန်းကနဲ ခုန်တက်လိုက်ပြီး မီတာအနည်းငယ်မျှသာ ကွာဝေးသော ရိုနန်ဆီသို့ လေထဲမှတစ်ဆင့် တစ်ဟုန်ထိုး ပျံသန်းဝင်ရောက်လာတော့သည်။
၎င်းသည် နောက်ကွယ်မှ မှော်ဆရာမကို လုံးဝဂရုမစိုက်တော့ဘဲ ရိုနန်ကိုသာ အစွန်းကုန် မုန်းတီးနေသည်မှာ ထင်ရှားလှပေ၏။
"ဖယ်လိုက်တော့"
အော်ဒရီ၏ စိုးရိမ်တကြီး အော်ဟစ်လိုက်သံကို ရိုနန် ကြားလိုက်ရသော်လည်း သူကမူ မဖယ်ဘဲ မြဲမြံစွာ ရပ်နေဆဲဖြစ်ပြီး လက်ထဲရှိ ကြက်ခြေခတ်ဓားရှည်ကို ပြေးဝင်လာသော သွေးစုပ်ဖုတ်ကောင်ဆီသို့ လွှဲယမ်းလိုက်လေသည်။
စိတ်ရူးပေါက်နေသော သွေးစုပ်ဖုတ်ကောင်မှာလည်း ဓားသွားဆီသို့ ၎င်း၏ လက်သည်းများဖြင့် အလျင်အမြန်ပင် ပြန်လည်ခုခံလိုက်၏။
သာမန်လက်နက်များမှာ ၎င်းတို့အပေါ် မည်သည့်အန္တရာယ်မျှ မပေးနိုင်ဟု ယူဆထားသဖြင့် ဓားကို ရိုက်ချိုးပစ်ပြီးမှ ရိုနန်၏ လည်ပင်းကို အပိုင်းပိုင်းဖြတ်ရန် ကြံစည်ထားခြင်း ဖြစ်ချေသည်။
သို့ရာတွင် ၎င်း၏ လက်သည်းများနှင့် ဓားသွားတို့ ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် မာကြောလှသော အရေပြားမှာ မည်သည့်အားစိုက်မှုမျှ မလိုဘဲ အသားစိုင်၊ ကြွက်သားနှင့် အရိုးများအထိ အလွယ်တကူပင် ပြတ်တောက်သွားလိမ့်မည်ဟု ထိုသွေးစုပ်ဖုတ်ကောင် လုံးဝမျှော်လင့်မထားခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ရိုနန်၏ တိုက်ခိုက်မှုတွင် စိတ်အာရုံစွမ်းအားများ ကိန်းအောင်းနေသောကြောင့်ပင် ဖြစ်၏။
သွေးစုပ်ဖုတ်ကောင်၏ လက်သည်းတစ်ဝက်မှာ တိတ်ဆိတ်စွာပင် မြေပြင်သို့ လွင့်စင်သွားပြီး ကြက်ခြေခတ်ဓားမှာလည်း ရပ်တန့်မသွားဘဲ ၄၅ ဒီဂရီ စောင်းလျက် ၎င်း၏ ခန္ဓာကိုယ်ကို နှစ်ပိုင်းပြတ်သွားစေတော့သည်။
ညစ်ညမ်းသော သွေးများနှင့် ကလီစာများမှာ ပန်းထွက်လာချေပြီ။
ရိုနန်သည် ဓားကို ပြန်ရုပ်လိုက်ပြီး နောက်သို့ ဆုတ်လိုက်သဖြင့် ထိုသွေးညစ်များ စင်ခြင်းမှ သီသီလေး လွတ်မြောက်သွားလေသည်။
သွေးစုပ်ဖုတ်ကောင်၏ ခန္ဓာကိုယ် နှစ်ပိုင်းမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။
ထိုမျှ ပြင်းထန်သော ဒဏ်ရာကို ရရှိထားသော်လည်း သွေးစုပ်ဖုတ်ကောင်မှာ သေဆုံးခြင်းမရှိသေးဘဲ ခန္ဓာကိုယ်အထက်ပိုင်းမှ အသားမျှင်များမှာ အဆမတန် ပေါက်ထွက်လာကာ ပြန်လည်ကုသရန် အားယူနေလေသည်။
ယင်းကို မြင်သည်နှင့် ရိုနန်သည် ရှေ့သို့ တိုးလိုက်ပြီး ကြက်ခြေခတ်ဓားကို ထပ်မံလွှဲယမ်းကာ ထိုသတ္တဝါ၏ ဦးခေါင်းကို ဖြတ်ချလိုက်လေတော့သည်။
သွေးစုပ်ဖုတ်ကောင်တို့အကြောင်းကို သူ များစွာမသိသော်လည်း ထိုသို့သော မိစ္ဆာကောင်များကို သတ်ဖြတ်ရန်အတွက် ဦးခေါင်းကို ဖြတ်ခြင်း သို့မဟုတ် နှလုံးသားကို ထိုးနှက်ခြင်းတို့ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက မည်မျှပြင်းထန်သော ဒဏ်ရာပင်ဖြစ်စေ ပြန်လည်သက်သာလာနိုင်ကြောင်း သူ နားလည်ထားပေသည်။
"ဖောက်... ဖောက်... ဖောက်"
သွေးစုပ်ဖုတ်ကောင်၏ ပတ်ဝန်းကျင် မြေပြင်မှ နွယ်ပင်သုံးပင် ပေါက်ထွက်လာပြီး ယင်ကောင်ဖမ်းပင်ကဲ့သို့သော အသားစိုင်အရွက်များ ရုတ်ချည်းထွက်ပေါ်လာကာ သွေးစုပ်ဖုတ်ကောင်၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်အပိုင်းအစများကို ငုံ့၍ ကိုက်ခဲလိုက်လေသည်။
တကျွတ်ကျွတ် ဝါးစားသံများနှင့်အတူ သွေးစုပ်ဖုတ်ကောင်မှာ ရိုနန်၏ မျက်စိရှေ့မှပင် ပျောက်ကွယ်သွားတော့၏။
ထို့နောက်တွင်မှ ထိုနွယ်ပင်သုံးပင်သည် ၎င်းတို့၏ သားကောင်ကို ကျေနပ်စွာဖြင့် မြေကြီးထဲသို့ ပြန်လည်ဝင်ရောက်သွားကြလေသည်။
မည်သည့်အရာမျှ မဖြစ်ပျက်ခဲ့သည့်အလား။
ရိုနန်သည် သက်ပြင်းတစ်ချက်ကို အရှည်ကြီးချလိုက်ပြီး ရှေ့မှ မှော်ဆရာမကို ဦးညွှတ်ကာ "နော်တန်... ပြန်တွေ့ရတာ ဝမ်းသာပါတယ်" ဟု နှုတ်ဆက်လိုက်လေသည်။
"ရေးမွန်... ကျွန်မကို အော်ဒရီလို့ပဲ ခေါ်ပါ"
အော်ဒရီနော်တန်သည် သူမ၏ ခေါင်းစွပ်ကို ချွတ်လိုက်ပြီး ရိုနန်ကို ပြန်လည်ဦးညွှတ်လျက် ပြုံးပြလိုက်သည်။
သူမ၏ လက်ထဲတွင် ခရမ်းရင့်ရောင် စာအုပ်တစ်အုပ်ကို ကိုင်ဆောင်ထားသည်ကို ရိုနန် သတိပြုမိသွား၏။
ရိုနန်၏ အကြည့်ကို မြင်သောအခါ အော်ဒရီက ပြုံး၍ "ရှင်မြင်တဲ့အတိုင်းပါပဲ... ကျွန်မက မှော်ဆရာမတစ်ယောက်ပါ၊ ဒါကတော့ ကျွန်မရဲ့ မှော်ကျမ်းစာအုပ် ဖြစ်ပြီး ကျွန်မရဲ့ မှော်အတတ်တွေကို မှတ်တမ်းတင်ထားတာပါ" ဟု ပြောလိုက်လေသည်။
ရိုနန်လည်း ထိုအခါမှသာ သဘောပေါက်သွားတော့၏။
အော်ဒရီသည် သူ၏ အနားသို့ တိုးကပ်လာပြီး မျက်တောင်လေး ခတ်ကာ "ရိုနန်... ရှင်က အထူးစွမ်းအားရှင်အဖြစ် အခုမှ ကူးပြောင်းထားတာလား" ဟု မေးလိုက်သည်။
ရိုနန်သည် အထူးစွမ်းအားရှင်တို့၏ နယ်ပယ်နှင့် ပတ်သက်၍ ဗဟုသုတ နည်းပါးနေသည်ကို ဤမှော်ဆရာမမှာ ရိပ်မိနေပေ၏။
အဘယ်ကြောင့်ဆိုသော် မှော်ကျမ်းစာအုပ်သည် မှော်ဆရာတစ်ဦးအတွက် အရေးအကြီးဆုံးသော ပြယုဂ်ဖြစ်ကြောင်းကို အခြေခံဗဟုသုတရှိသော အထူးစွမ်းအားရှင်တိုင်း သိရှိထားကြသောကြောင့် ဖြစ်၏။
ရိုနန်က မချိပြုံးလေး ပြုံးလိုက်ကာ "ဟုတ်ပါတယ်... ကျွန်တော် နားမလည်သေးတာတွေ အများကြီး ရှိနေပါသေးတယ်" ဟု ပြန်လည်ပြောကြားလိုက်လေသည်။
"ရပါတယ်..."
အော်ဒရီက ကျော့ရှင်းစွာ ပြုံးလျက် "နားမလည်တာရှိရင် ကျွန်မကို မေးနိုင်ပါတယ်၊ တကယ်တော့ အခုမှ စတင်တဲ့ အထူးစွမ်းအားရှင်တစ်ယောက်အနေနဲ့ ရှင်က တော်တော်လေးကို သန်မာနေပါပြီ" ဟု ဆိုလေသည်။
အမှန်စင်စစ်မှာမူ သူသည် မယုံကြည်နိုင်လောက်အောင်ပင် အားကောင်းလှပေသည်။
အဘယ်ကြောင့်ဆိုသော် ရိုနန် အပိုင်းပိုင်းဖြတ်လိုက်သော သွေးစုပ်ဖုတ်ကောင်မှာ 'ဘာရွန်' အဆင့်ရှိသော စွမ်းအားကို ပိုင်ဆိုင်ထားပြီး သူမအနေဖြင့် အစွမ်းကုန် ကြိုးစားလျှင်ပင် သတ်ဖြတ်နိုင်ရန် ခဲယဉ်းလှသောကြောင့် ဖြစ်၏။
ရိုနန်၏ စွမ်းအားနှင့် ဓားသိုင်းပညာမှာ အခြေခံအဆင့် အထူးစွမ်းအားရှင်တို့၏ အဆင့်အတန်းထက် အဆပေါင်းများစွာ သာလွန်နေသည်မှာ ထင်ရှားလှပေ၏။
ပြဿနာမှာ ရိုနန်တွင် လမ်းညွှန်ပြသမည့် ဆရာတစ်ဦး မရှိပုံရပြီး အလိုအလျောက် ပေါက်ဖွားလာသော အထူးစွမ်းအားရှင်တစ်ဦးနှင့် ပို၍ တူနေခြင်းပင် ဖြစ်၏။
ဤအချက်ကပင် အော်ဒရီအား ရိုနန်အပေါ် အထူးပင် စိတ်ဝင်စားသွားစေတော့သတည်း။
***