ဥသြသံတိုတိုတစ်ချက်နှင့်အတူ ခေါင်းတိုင်ရှည်ကြီးမှ မည်းမှောင်သော မီးခိုးလုံးကြီးများ အူထွက်လာပြီးနောက် ဧရာမပင်လယ်ကူးသင်္ဘောကြီးသည် ဆိပ်ကမ်းမှ ဖြည်းညင်းစွာ ခွာခဲ့လေပြီ။
သင်္ဘောကုန်းပတ်ပေါ်ရှိ ခရီးသည်အပေါင်းတို့ကလည်း လက်ရန်းကို အမှီပြုလျက် လာရောက်ပို့ဆောင်သူတို့အား လက်ပြနှုတ်ဆက်နေကြ၏။ အချို့မှာမူ မျက်ရည်ဆည်မရအောင် ရှိနေကြရှာသည်။
ထိုစဉ် ဝမ်ချန် ခေါ် ရိုနန်ရေးမွန်သည် ပထမတန်းစားအခန်း၏ ဝရံတာငယ်လေးတွင် ထိုင်လျက် ကော်ဖီခါးခါးကို တစ်ငုံချင်း အရသာခံသောက်နေလေသည်။
သူ၏ ပေါင်ပေါ်တွင်မူ ကြောင်လေး ‘ဟေ’ က အသာအယာ ခွေလျက်ရှိနေပြီး၊ ရိုနန်၏ စိတ်အာရုံမှာလည်း အေးချမ်းငြိမ်သက်ခြင်း အတိ ဖြစ်နေတော့သည်။
မကြာမီပင် လိုင်းသင်္ဘောကြီးသည် လန်ဒီမြို့ကို နောက်ဝယ်ချန်ရစ်ကာ သမုဒ္ဒရာပြင်ကျယ်ကြီးထဲသို့ ဦးတည်မောင်းနှင်သွားလေတော့၏။
ခရီးသည် သုံးထောင်ကျော် တင်ဆောင်လာသော ဤသင်္ဘောကြီးသည် ကမ်းရိုးတန်းတစ်လျှောက် ကီလိုမီတာ ထောင်ပေါင်းများစွာ ခရီးနှင်ရမည်ဖြစ်ပြီး၊ အင်ဗီယာနိုင်ငံ၏ မြို့တော် ဆဲလက်စ် အပါအဝင် ဆိပ်ကမ်းမြို့အချို့တွင်လည်း ခေတ္တဆိုက်ကပ်ဦးမည် ဖြစ်ပေသည်။
ရိုနန်အဖို့ သင်္ဘောဖြင့် ခရီးသွားလာခြင်းမှာ အထူးအဆန်း မဟုတ်သော်ငြား၊ ဤရေနွေးငွေ့ခေတ်ဦး ပင်လယ်ကူးသင်္ဘောကြီးကမူ သူ့အား တစ်မျိုးတစ်ဖုံ စိတ်ဝင်စားမှုကို ပေးစွမ်းနိုင်ခဲ့သည်။
သင်္ဘောကြီးအား အင်ဗီယာနိုင်ငံ နည်းပညာ၏ အထွတ်အထိပ်ဟု ဆိုနိုင်ပေသည်။ သင်္ဘော၏ အရွယ်အစားမှာလည်း ကြီးမားလှသလို၊ အော်ပရာကဇာတ်ရုံ၊ လောင်းကစားဝိုင်း၊ စားသောက်ဆိုင်နှင့် ဘားများ စသည်ဖြင့် အစုံအလင် ပါရှိလေရာ ခရီးသည်တို့အဖို့ အပျင်းပြေစရာ ကောင်းလှပေသည်။
ရိုနန်သည် အော်ပရာကြည့်ရခြင်းကို စိတ်မဝင်စားသလို၊ ဘားများတွင် အချိန်ဖြုန်းရသည်ကိုလည်း သဘောမကျလှချေ။
သို့သော်လည်း မကြာမီမှာပင် သူနှစ်သက်ရာ အပန်းဖြေစရာတစ်ခုကို တွေ့ရှိသွားခဲ့သည်။
သားနားလှပစွာ ပြင်ဆင်ထားသော အခန်းတစ်ခန်းအတွင်း၌ ခန့်ညားစွာ ဝတ်ဆင်ထားသော လူကြီးလူကောင်းတို့သည် ခရမ်းရောင် ကတ္တီပါခင်းထားသည့် စားပွဲဝိုင်းတွင် ဝိုင်းထိုင်နေကြ၏။
သူတို့၏လက်ထဲ၌ ‘ဟက်ဆန်’ကတ်များကို ဆုပ်ကိုင်ထားကြပြီး၊ တစ်ဦးမျက်နှာ တစ်ဦး အကဲခတ်ကြည့်နေကြသည်။ ယင်းက တစ်ဖက်ပြိုင်ဘက်၏ အခြေအနေကို စူးစမ်းနေခြင်းပင် ဖြစ်ချေသည်။
ဤဖဲကစားဝိုင်း၏ လောင်းကြေးမှာ ရွှေဒင်္ဂါးပေါင် ၅၀၀ ကျော်အထိ ရှိနေပြီဖြစ်ရာ၊ အချို့သော ကစားသမားတို့၏ နဖူးပေါ်တွင် ချွေးစက်များ စို့နေသည်မှာ သူတို့ မည်မျှအထိ ဖိအားခံနေရသည်ကို ပြသနေသကဲ့သို့ ရှိသည်။
ရိုနန်သည် ဘေးဘယ်ညာရှိ ပြိုင်ဘက်များကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် တစ်ရောင်တည်း တစ်ဆက်တည်းကတ်များ ကို စားပွဲပေါ်သို့ ချလိုက်လေသည်။
ထိုအခါ အခန်းတစ်ခုလုံး စိတ်ပျက်အားမလိုဖြစ်သံများဖြင့် ဆူညံသွားပြီး၊ ပြိုင်ဘက်အချို့မှာမူ သူတို့၏ဖဲချပ်များကို နာကျင်စွာဖြင့် စွန့်ပစ်လျက် အရှုံးပေးလိုက်ကြရတော့သည်။
ခုနစ်ဦးကစားသော ဤဝိုင်းတွင် ရိုနန်၏ ဖဲချပ်များက ပြိုင်ဘက်လေးဦးကို ဝိုင်းမှ ထွက်ခွာသွားစေခဲ့ပြီ ဖြစ်သည်။ ယခုမူ ပြိုင်ဘက်နှစ်ဦးသာ ကျန်ရှိတော့၏။
“ထပ်တိုးမယ်”
ရိုနန်သည် မဆိုင်းမတွပင် သူ၏ ဒင်္ဂါးပြားများအားလုံးကို စားပွဲလယ်သို့ ပုံချလိုက်ကာ - “ငါ့မှာ ရှိတာ အကုန်အလောင်းအစားလုပ်တယ်” ဟု ဆိုလိုက်လေသည်။
ဤသို့ အကုန်ပုံအောလောင်းခြင်းမျိုးတွင် ကစားသူတိုင်း မိမိတို့၏ ဖဲချပ်အားလုံးကို ဖွင့်ပြရမည်ဖြစ်ပြီး၊ နိုင်သူက အားလုံးကို သိမ်းယူရမည် ဖြစ်သည်။
ကျန်ရှိနေသော ပြိုင်ဘက်နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လျက် ဝေခွဲမရ ဖြစ်နေကြသည်။
လက်ရှိအခြေအနေအရ သူတို့သာ နောက်ဆုတ်လိုက်ပါက အနည်းငယ်မျှသော အမြတ်ကို ရရှိနိုင်သေးသည်။
သို့သော်လည်း ရိုနန်နောက်သို့ လိုက်ကစားပြီးမှ ရှုံးနိမ့်သွားခဲ့ပါက အမြတ်သာမက မိမိတို့၏ အရင်းအနှီးပါ ဆုံးရှုံးရမည့်အရေး ရှိနေပေသည်။
ဤသည်မှာ အန္တရာယ် အလွန်ကြီးလှသည့် လောင်းကစားမှုပင် ဖြစ်ချေသည်။
ထိုသူနှစ်ဦးအနက် တစ်ဦးကမူ ခေတ္တမျှ စဉ်းစားပြီးနောက် ဖဲချပ်ကို မှောက်လိုက်ကာ ဆက်မလိုက်ရန် ဆုံးဖြတ်လိုက်လေသည်။
သို့သော် ကျန်ရှိသော မှူးမတ်တစ်ဦးကမူ သွားကိုတင်းတင်းစိလျက် - “မင်းကံကောင်းတာ အမြဲဖြစ်နေမယ်လို့ ငါမယုံဘူး၊ ကဲ... လောင်းမယ်” ဟု ဒေါသသံဖြင့် ပြောလိုက်တော့သည်။
သူသည် ရိုနန်ကို ယှဉ်ပြိုင်ရန် ရှိသမျှ အကုန်ပုံအောလိုက်ခြင်းပင် ဖြစ်သည်။
နောက်တစ်ခဏတွင်မူ ထိုမှူးမတ်ပျိုမှာ ဆွံ့အသွားရတော့၏။
ရိုနန်က သူ၏ ဖဲချပ်များကို ဖွင့်ပြလိုက်ရာ၊ ယင်းမှာ မည်သူမျှ မယှဉ်နိုင်သော ကတ်ဖြစ်နေသောကြောင့်ပင်။
“တောက်... အမင်္ဂလာပဲ”
ထိုမှူးမတ်သည် ဒေါသအလိပ်လိပ် ထွက်လာပြီး သူ၏ဖဲချပ်များကို စားပွဲပေါ်သို့ ဝုန်းခနဲ ပစ်ချလိုက်ကာ - “မင်း ညစ်ပတ်တာပဲ ဖြစ်ရမယ်” ဟု ရိုနန်ကို အော်ဟစ်ဆဲဆိုလေတော့သည်။
သူသည် ယနေ့တွင် စိတ်မထိန်းနိုင်ဘဲ ရိုနန်နှင့် ကစားရာ၌ ရွှေဒင်္ဂါးပေါင် ၇၀၀ ကျော် ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။ ခုနကလည်း သူ၏လက်ထဲတွင် ‘မြို့စားမင်း’ ကတ် ရှိနေသဖြင့် နိုင်ခြေအလွန်များနေခဲ့ခြင်း မဟုတ်လော။
ရိုနန်၏ ဖဲချပ်က ဘုရင်တန်းဖဲ ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။
မှူးမတ်၏ အော်ဟစ်ဆဲဆိုသံကို ကြားရသောအခါ ရိုနန်က ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်ပြီး - “ဘာရွန် ဘရက်ဒလေ... မင်း စားချင်တာ စားလို့ရပေမဲ့၊ ပြောချင်တာ ပြောလို့မရဘူးနော်။ ငါ ညစ်ပတ်တယ်ဆိုတာ ဘာသက်သေရှိလဲ”
“ပြီးတော့ မငရဲ့ စော်ကားမှုအတွက်...”
သူသည် ထိုင်နေရာမှ ထရပ်လိုက်ပြီး တစ်ဖက်လူကို စိုက်ကြည့်ကာ - “စိန်ခေါ်တယ်၊ ယှဉ်ပြိုင်ကြစို့” ဟု ဆိုလိုက်လေသည်။
ထိုသို့ ပြောပြောဆိုဆို ရိုနန်က လက်ကို လှမ်းလိုက်ရာ၊ မီတာအနည်းငယ် အကွာတွင် ရှိနေသော လက်အိတ်ဖြူတစ်ထည်သည် သူ၏လက်ထဲသို့ အလိုအလျောက် ပျံဝင်လာပြီးနောက်၊ ယင်းဖြင့် တစ်ဖက်လူ၏ မျက်နှာကို ရိုက်ချလိုက်တော့သည်။
အခန်းတစ်ခုလုံး ရုတ်ချည်း ငြိမ်သက်သွား၏။
ဘာရွန် ဘရက်ဒလေသည် ဒေါသအကြီးအကျယ် ထွက်သင့်သော်လည်း၊ ယခုမူ သူ၏ မျက်နှာတစ်ခုလုံး နီမြန်းကာ နဖူးတွင် အကြောများ ထောင်ထလာသည်အထိ ဖြစ်နေသော်လည်း ဘာတစ်ခွန်းမှ မပြောဘဲ ငြိမ်သက်နေရှာသည်။
အကြောင်းမှာ ရှင်းပါသည်၊ ရိုနန်သည် ‘အထူးစွမ်းအားရှင်’ တစ်ဦး ဖြစ်နေသောကြောင့်ပင်။
“ဘာရွန် ဘရက်ဒလေ... မစ္စတာ ရိုနန်ကို တောင်းပန်လိုက်ပါ”
ထိုစဉ် အလယ်အလတ်အရွယ် စီးပွားရေးသမားတစ်ဦးက အမြန်ပင် ကြားဝင်ဖျန်ဖြေပေးလေသည်။ “မစ္စတာ ရိုနန်... ဘာရွန်ရဲ့ ခဏတာ စိတ်လိုက်မာန်ပါ ဖြစ်သွားတာကို ခွင့်လွှတ်ပေးပါဗျာ၊ ကျွန်တော်တို့ ဒါကို တိုက်ခိုက်ပြီး ဖြေရှင်းဖို့ မလိုပါဘူး”
“ဟုတ်ပါရဲ့... ဟုတ်ပါရဲ့”
အခြားသော ကစားသမားများကလည်း ဝိုင်းဝန်းဖျောင်းဖျကြသည်။
ရိုနန်သည် အထူးစွမ်းအားရှင် တစ်ဦး ဖြစ်နေလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ကြသလို၊ ဘာရွန် ဘရက်ဒလေ၏ ကြောက်ရွံ့တုန်လှုပ်မှုကို မြင်ရသောအခါ အခြေအနေ ပိုမိုဆိုးရွားမသွားစေရန် တိုက်တွန်းနေကြခြင်း ဖြစ်သည်။
ရိုနန်သည် ဘာရွန် ဘရက်ဒလေကို ကြည့်ကာ အေးစက်စွာ တစ်ချက်ရယ်လိုက်ပြီး ဘာမှ ပြန်မပြောဘဲ နေလေသည်။
မှူးမတ်က ခေါင်းငိုက်စိုက်ချကာ - “တောင်းပန်ပါတယ် မစ္စတာ ရိုနန်၊ ငါ့ရဲ့ မဆင်မခြင် ပြောဆိုမှုတွေအတွက် တောင်းပန်ပြီး၊ မင်းရဲ့ ဂုဏ်သိက္ခာ ထိခိုက်မှုအတွက်လည်း လျော်ကြေးပေးပါ့မယ်” ဟု ဆိုကာ အိတ်ကပ်ထဲမှ ချက်လက်မှတ်တစ်ခုကို ထုတ်ယူလျက် ဒင်္ဂါးပြားများနှင့်အတူ ရိုနန်ရှိရာဘက်သို့ တိုးပေးလိုက်လေသည်။
အကယ်၍ ရိုနန်သည် သာမန်လူတစ်ဦး သို့မဟုတ် အဆင့်နိမ့် မှူးမတ်တစ်ဦးသာ ဖြစ်ခဲ့လျှင် ဘာရွန် ဘရက်ဒလေသည် လုံးဝ ကြောက်ရွံ့မည် မဟုတ်ပေ။
သူသည် စိတ်အလိုကျ ဆဲဆို မေးခွန်းထုတ်နေမည်မှာ ဧကန်ပင်။
သို့သော်လည်း ရိုနန် ခုနက ပြသသွားသော စိတ်စွမ်းအင်ဖြင့် ပစ္စည်းကို လှမ်းယူသည့် ပညာရပ် က ဤမှူးမတ်အား ဗီဇအရ ကြောက်ရွံ့ထိတ်လန့်သွားစေခဲ့သည်။
သူ့အမြင်တွင် ရိုနန်သည် ‘မှော်ဆရာ’ တစ်ဦး ဖြစ်ပေလိမ့်မည်။ မှော်ဆရာတို့သည် လူတစ်ဦးကို အစအနမကျန် ပျောက်ကွယ်သွားအောင် လုပ်နိုင်စွမ်း ရှိသည်မဟုတ်လော။
“မင်းရဲ့ တောင်းပန်မှုကို လက်ခံပါတယ်”
ရိုနန်သည် လောင်းကြေးနှင့် လျော်ကြေးများကို သိမ်းယူလိုက်ပြီး - “နောင်ကို ဒါမျိုး ထပ်မဖြစ်စေနဲ့” ဟု အေးစက်စွာ ပြောလိုက်သည်။
အရင်းရော အမြတ်ပါ ရရှိခဲ့သော်လည်း သူ၏စိတ်ထဲတွင်မူ သိပ်ပြီး အားမရလှချေ။ အကြောင်းမှာ ဤဖြစ်ရပ် ဖြစ်ပွားပြီးနောက် မည်သူက ရိုနန်နှင့် ဖဲကစားဝံ့တော့မည်နည်း။
စည်းစိမ်ဥစ္စာများစွာ ရှာဖွေမည်ဟူသော သူ၏ အိပ်မက်မှာ ပျက်ပြယ်သွားခဲ့ရပြီ ဖြစ်သည်။
အထူးစွမ်းအားရှင်တို့တွင် ဖဲချပ်များကို ဖောက်ထွင်းမြင်နိုင်စွမ်း မရှိသော်ငြား၊ သာမန်လူတို့ကမူ ထိုသို့သော သူမျိုးနှင့် လောင်းကစားရန် မဝံ့ရဲကြတော့ချေ။
အမှန်စင်စစ်တွင်မူ ရိုနန်သည် အနည်းငယ် ညစ်ပတ်ကစားခဲ့ခြင်းကြောင့်သာ တစ်ပွဲပြီးတစ်ပွဲ နိုင်နေခဲ့ခြင်း ဖြစ်ပေသည်။ သို့သော်လည်း ရသလောက်လေးနှင့်ပင် ကျေနပ်ကာ လက်လျှော့လိုက်ရတော့မည်။
သူသည် မချင့်မရဲဖြင့် ထိုအခန်းမှ ထွက်လာကာ မိမိ၏ အခန်းသို့ ပြန်ခဲ့လေသည်။
သင်္ဘောပေါ်တွင် လောင်းကစားခန်းမ နှစ်ခုပါရှိရာ၊ တစ်ခုမှာ ပထမတန်းစားနှင့် အထူးဧည့်ခန်းဆောင် ခရီးသည်များအတွက်သာ ဖြစ်သည်။
ရိုနန်သည် သင်္ဘောပေါ်သို့ ရောက်ပြီး သုံးရက်မြောက်နေ့တွင်မှ ကစားပွဲထဲသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
အစပိုင်းတွင် သူသည် အရှုံးအနိုင် မျှအောင် ကစားလျက် ပြိုင်ဘက်များကို ထောင်ချောက်ဆင်ခဲ့ပြီး၊ အခွင့်အရေး ကြုံလာမှသာ သူ၏ စွမ်းဆောင်ရည်ကို အစွမ်းကုန် ပြသခဲ့ခြင်း ဖြစ်သည်။
ရက်အနည်းငယ်မျှသာ အောင်မြင်မှုကို ခံစားရသေးချိန်တွင် ဘာရွန် ဘရက်ဒလေကြောင့် အရာအားလုံး ပျက်စီးသွားရတော့သည်။ အမှန်အတိုင်း ပြောရလျှင် ရိုနန်သည် ထိုသူ့ကို သတ်ပစ်ချင်စိတ်ပင် ပေါက်သွားခဲ့သည်။
သူ့အဖို့ ‘စားဝတ်နေရေး’ အတွက် ငွေရှာရသည်မှာ မလွယ်ကူလှသည် မဟုတ်လော။
အခန်းသို့ ပြန်ရောက်သောအခါ ရိုနန်သည် သူ ရရှိခဲ့သော အမြတ်အစွန်းများကို စစ်ဆေးကြည့်လေသည်။
စုစုပေါင်း ရွှေဒင်္ဂါးပေါင် ၃၇၀၀ ကျော် ရရှိခဲ့လေပြီ။
ဤသည်မှာ မနည်းလှသော ပမာဏဖြစ်ပြီး၊ အလဟဿ မဖြုန်းတီးပါက မြို့တော် ဆဲလက်စ် ကဲ့သို့သော မြို့ကြီးများတွင်ပင် အချိန်အတော်ကြာ သက်တောင့်သက်သာ နေထိုင်နိုင်ပေသည်။
သို့သော်လည်း အထူးစွမ်းအားရှင်တို့၏ သုံးဖြုန်းမှုကို မြင်ဖူးထားသော ရိုနန်အဖို့မူ ဤပမာဏမှာ ပြောပလောက်သော ပမာဏဟု မယူဆမိချေ။
ထို့ကြောင့် ငွေပိုမိုရှာဖွေနိုင်မည့် နည်းလမ်းကို ရှာရဦးမည်ဟု သူ တွေးနေမိသည်။
ဆဲလက်စ်မြို့သို့ သွားရမည့် ခရီးစဉ်တွင် တော်ဝင်အဆင့်မြင့်ရဲအကယ်ဒမီ၌ ပညာသင်ကြားရမည့်အပြင်၊ အဂ္ဂိရတ်ပညာ ကိုလည်း လေ့လာရဦးမည် ဖြစ်ရာ၊ ရိုနန်သည် သူ၏ ငွေရှာရေး စီမံကိန်းကြီးကို အသစ်ပြန်လည် ရေးဆွဲရမည်ဟု ခံစားနေရသည်။
သူ စဉ်းစားနေစဉ်မှာပင်၊ မမျှော်လင့်ဘဲ သင်္ဘောခန်းအတွင်း၌ အချက်ပေးခေါင်းလောင်းသံကြီး ရုတ်ချည်း မြည်ဟည်းလာလေတော့သတည်း။
***