မျက်လုံးတစ်ဖက်တည်းရှိသော ပင်လယ်ဓားပြသည် သင်္ဘောပတ်လမ်းပေါ်သို့ ခုန်တက်လာသည်ကို မြင်လျှင်ပင် သင်္ဘောသားအချို့မှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး လက်ရှိကိုင်ဆောင်ထားသော ရိုင်ဖယ်သေနတ်များကို အလျင်အမြန်ပင် ချထားခဲ့ကာ ဓားများကို ဆွဲထုတ်လိုက်ကြချေပြီ။
ကြယ်ပြာသင်္ဘောပေါ်ရှိ လက်နက်ကိုင်သင်္ဘောသားတို့သည် သေနတ်၊ ဓားရှည်နှင့် မြှောင်ဓားများကို ကိုင်ဆောင်ထားကြသူများဖြစ်ရာ အဝေးတိုက်ခိုက်မှုရော အနီးကပ်တိုက်ခိုက်မှုတွင်ပါ ကျွမ်းကျင်ကြပေသည်။
၎င်းတို့သည် အထူးစွမ်းအားရှင် များ မဟုတ်ကြစေကာမူ တစ်ဦးချင်းစီမှာ သန်မာထွားကျိုင်းသူများ ဖြစ်ကြသည့်အလျောက် တိုက်ခိုက်ရေးစွမ်းရည်မှာလည်း လျော့တွက်၍မရနိုင်ပေ။
သင်္ဘောသားသုံးဦးသည် ၎င်းတို့၏ လခြမ်းကွေးဓားများကို ဝှေ့ယမ်းကာ မျက်လုံးတစ်ဖက်တည်းနှင့် ဓားပြထံသို့ တစ်ပြိုင်နက်တည်း ခုတ်ပိုင်းလိုက်ကြ၏။
ဘုန်း... ဘုန်း... ဘုန်း...
ထိုမျက်လုံးတစ်ဖက်တည်းနှင့် ဓားပြမှာ ကုန်းပေါ်သို့ပင် အရှိန်မသေသေးသော်လည်း ၎င်း၏ဘယ်ဘက်လက်ရှိ ဒိုင်းလွှားကို ဝှေ့ယမ်းလိုက်ရာ လက်နက်ကိုင်သင်္ဘောသားသုံးဦးမှာ မယုံကြည်နိုင်စရာကောင်းလောက်အောင်ပင် လွင့်စင်သွားရတော့သည်။
ထိုစဉ် စူးရှသော အော်ဟစ်သံတစ်ခုသည် လေထုထဲသို့ ရုတ်ချည်းတိုးဝင်လာခဲ့၏။
၎င်း၏ခြေထောက်များ သင်္ဘောပတ်လမ်းပေါ်သို့ ထိသည်နှင့်တစ်ပြိုင်နက် ထိုကြောက်မက်ဖွယ်ကောင်းသော အထူးစွမ်းအားရှင် ဓားပြသည် ဟိန်းဟောက်သံတိုးတိုးကို ပြုလိုက်ပြီး ဘယ်ဘက်လက်မောင်းကို လွှဲကာ သူနှင့် ဆယ်မီတာခန့်အကွာရှိ ရိုနန်ထံသို့ ဒိုင်းလွှားဖြင့် ပစ်ပေါက်လိုက်လေသည်။
ဝူး...
သံမဏိအလင်းတန်းများ ဖြာထွက်နေသော ထိုဒိုင်းလွှားသည် လေထုကို ခွဲကာ ပြင်းထန်သော အရှိန်အဟုန်ဖြင့် ရိုနန်ထံသို့ တရဟော ပြေးဝင်သွားတော့၏။
ထိုခဏ၌ပင် ရိုနန်သည်လည်း သူ၏လက်ထဲရှိ အင်ဗီယာ ၁၇၃၅ ရိုင်ဖယ်သေနတ်ကို ဘေးသို့ ချလိုက်ပြီးဖြစ်သည်။
ယင်းက ရှေ့သို့ လျင်မြန်စွာ လှမ်းတက်လိုက်ပြီး ညာဘက်လက်ကို လျှပ်စစ်ပမာ ဆန့်ထုတ်လိုက်လေရာ လည်ပတ်နေသော ဒိုင်းလွှားကို ဖမ်းယူလိုက်နိုင်ပေပြီ။
သူ၏ လက်ချောင်းငါးချောင်းသည် ချိတ်များသဖွယ် ဒိုင်းလွှားကို မြဲမြံစွာ ဖမ်းဆုပ်ထားနိုင်ခဲ့ပြီး ဒိုင်းလွှားအတွင်း ပါရှိလာသော ပြင်းထန်လှသည့် ရိုက်ခတ်မှုမှာလည်း ရိုနန်အပေါ်တွင် အကျိုးသက်ရောက်မှု တစ်စုံတစ်ရာမျှ မရှိခဲ့ချေ။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်လုံးတစ်ဖက်တည်းနှင့် ဓားပြ၏ ကျန်ရှိနေသော ညာဘက်မျက်စိသူငယ်အိမ်မှာ သိသိသာသာပင် ကျုံ့သွားရတော့သည်။
မိမိ၏ ရှေ့မှောက်ရှိ အလွန်တရာ ငယ်ရွယ်နုပျိုပုံရသော ပြိုင်ဘက်မှာလည်း သူကဲ့သို့ပင် အထူးစွမ်းအားရှင် တစ်ဦး ဖြစ်နေသည်ကို သူ သိရှိသွားခဲ့ပြီဖြစ်သည်။
သို့ရာတွင် ထိုဓားပြသည် ကြောက်ရွံ့တုန်လှုပ်ခြင်း မရှိဘဲ သူ၏သွေးကြောထဲရှိ ရိုင်းစိုင်းကြမ်းကြုတ်မှုများကသာ တိုက်ခိုက်လိုစိတ်ကို ပိုမိုပြင်းထန်စေခဲ့၏။
"လာစမ်း... တိုက်ကြ"
မြေကမ္ဘာတုန်ဟိန်းစေမည့် အော်ဟစ်သံနှင့်အတူ ထိုရဲစွမ်းသတ္တိရှိသော ဓားပြသည် ရိုနန်ထံသို့ ပြေးဝင်လာကာ ညာဘက်လက်ရှိ တိုက်ပွဲသုံးပုဆိန်ကို လေထဲတွင် ဝှေ့ယမ်းပြီး ရိုနန်၏ လည်ပင်းကို အရှိန်အဟုန်ဖြင့် ခုတ်ပိုင်းလိုက်လေသည်။
ဦးခေါင်းကို ဖြတ်တောက်ပစ်မည့် တိုက်ကွက်ပင် ဖြစ်ချေတော့သည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ ရှိသမျှသော စွမ်းအားတို့ကို ထိုတိုက်ကွက်အတွင်း စုစည်းထားပြီး ပုဆိန်သွားနှင့် လေထုတို့ ပွတ်တိုက်မိရာမှ မီးပွားများ တဖြတ်ဖြတ် ထွက်ပေါ်လာကာ ရှည်လျားသော မီးတန်းကြီးတစ်ခုအသွင်သို့ပင် ပြောင်းလဲသွားခဲ့၏။
ထိုဓားပြ ထုတ်ဖော်လိုက်သော အဟုန်မှာ ဒြပ်ရှိထင်ရှားသော ပုံသဏ္ဌာန်တစ်ခုပမာပင် ဖြစ်နေတော့သည်။
သူ၏ ပစ်မှတ်ဖြစ်သော ရိုနန်မှာမူ ထိုနေရာတွင်ပင် တောင့်တောင့်ကြီး ရပ်နေပြီး ရှောင်တိမ်းရန်လည်း ဆန္ဒမရှိပုံရပေရာ ဓားပြ၏ မျက်လုံးထဲတွင် ကြမ်းကြုတ်မှုနှင့် စိတ်လှုပ်ရှားမှုများ တစ်ပြိုင်နက် လင်းလက်သွားခဲ့၏။
ချွမ်း...
တိုက်ပွဲသုံးပုဆိန်သည် ရိုနန်ကို ထိခိုက်တော့မည့် ဆဲဆဲတွင် ကြက်ခြေခတ်ဓား (တစ်လက်က ထိုလက်နက်ကို တိကျစွာပင် ကြားဖြတ်ဟန့်တားလိုက်လေသည်။
"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
မျက်လုံးတစ်ဖက်တည်းနှင့် ဓားပြမှာ သူ၏ ညာဘက်မျက်လုံးကိုပင် သူ မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့ရ၏။
မိမိ၏ တိုက်ကွက် မည်မျှပြင်းထန်သည်ကို သူ ကောင်းစွာသိရှိထားပေရာ သံမဏိပုဆိန်၏ စွမ်းအားနှင့်ဆိုလျှင် ထူထဲသော သံမဏိပြားများကိုပင် လွယ်ကူစွာ ဖြတ်တောက်နိုင်သဖြင့် သာမန်ဓားတစ်လက်မှာမူ ပြောနေစရာပင် မလိုချေ။
သို့ရာတွင် ပုဆိန်နှင့် ဓားတို့ ထိတွေ့မိသောအခါ လက်မသုံးချောင်းခန့်သာ အကျယ်ရှိသော ကြက်ခြေခတ်ဓားမှာမူ ယိမ်းယိုင်ခြင်း မရှိသည့်အပြင် ကွေးညွှတ်သွားခြင်းပင် မရှိခဲ့ပေ။
အဆိုးဝါးဆုံးအချက်မှာ တိုက်ခိုက်မှုစွမ်းအားများ တုန့်ပြန်စီးဆင်းလာမှုကြောင့် သူ၏ လက်မနှင့် လက်ညှိုးကြားရှိ အရေပြားများမှာ ကွဲအက်သွားခဲ့ရခြင်းပင် ဖြစ်တော့သည်။
ဓားပြ၏ နှလုံးသားအတွင်းသို့ ပြင်းထန်သော ကြောက်ရွံ့မှုလှိုင်းလုံးများ ရိုက်ခတ်လာခဲ့ပြီ။
ယင်းက နောက်သို့ ဆုတ်ခွာရန် ကြံစည်လိုက်သော်လည်း ထိုသို့ ဆုတ်ခွာရန် စိတ်ကူးလိုက်သည်နှင့်ပင် ရိုနန်၏ ခြေထောက်မှာ လေထဲသို့ ပျံတက်လာပြီး သူ၏ ဝမ်းဗိုက်အောက်ပိုင်းကို ကန်ကျောက်လိုက်လေပြီ။
သားရေကို သစ်သားတူနှင့် ထုရိုက်လိုက်သည့်အလား အလွန်တရာ လေးလံသော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။
မျက်လုံးတစ်ဖက်တည်းနှင့် ဓားပြ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားကာ သူ၏ ရုပ်ဆိုးလှသော မျက်နှာထက်တွင် ထိန်းချုပ်မရနိုင်သော အံ့အားသင့်မှုနှင့် ကြောက်ရွံ့မှုများ ထင်ဟပ်လာတော့သည်။
သူသည် နောက်သို့ တစ်လက်မမျှပင် ဆုတ်မသွားခဲ့သလို ခန္ဓာကိုယ်မှာလည်း ယိမ်းထိုးခြင်း မရှိခဲ့ဘဲ ရိုနန်၏ တန်ပြန်တိုက်ခိုက်မှုကို အလွယ်တကူပင် ခံနိုင်ရည်ရှိပုံ ပေါ်နေပေသည်။
သို့ရာတွင် ရိုနန်က သူ၏ခြေထောက်ကို ပြန်ရုပ်သိမ်းလိုက်သောအခါ ဓားပြ၏ ဝမ်းဗိုက်အောက်ပိုင်းတွင် ခရမ်းပြာရောင် ခြေရာတစ်ခု ထင်ကျန်ရစ်ခဲ့ပြီး ချက်မှလည်း သွေးမည်းများ ပန်းထွက်လာခဲ့တော့၏။
နောက်တစ်ခဏတွင်မူ ထိုကြမ်းကြုတ်လှသော ဓားပြခေါင်းဆောင်၏ ဒူးများ ညွှတ်ခွေသွားပြီး သင်္ဘောပတ်လမ်းပေါ်သို့ အားအင်ကုန်ခမ်းစွာ လဲကျသွားခဲ့ရချေပြီ။
သူသည် သူ၏လက်နက်ကိုပင် ကိုင်ထားနိုင်စွမ်း မရှိတော့ဘဲ လေးလံသော တိုက်ပွဲသုံးပုဆိန်ကို လွှတ်ချလိုက်ကာ တစ်ချိန်က မာန်ဝင့်ခဲ့သော ဦးခေါင်းမှာလည်း စိုက်ကျသွားတော့သည်။
ခေတ္တအကြာတွင်မူ သူ၏ အသက်ရှူသံများ ရပ်တန့်သွားခဲ့လေပြီ။
ရိုနန်၏ ကန်ချက်အတွင်း ပါဝင်သော စိတ်အာရုံစွမ်းအား တို့သည် ထိုဓားပြ နားလည်နိုင်စွမ်းရှိသည်ထက်ပင် သာလွန်နေခဲ့ရာ ၎င်း၏ ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက်စီးဝင်သွားပြီး ကိုယ်တွင်းအင်္ဂါများကို အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားစေခဲ့ခြင်းပင် ဖြစ်ပေသည်။
အကယ်၍ သူသည် ရင်ဘတ်ဗလာနှင့် မဟုတ်ဘဲ လေးလံသော သံချပ်ကာကို ဝတ်ဆင်ထားခဲ့လျှင်ပင် ရလဒ်မှာမူ ထူးခြားသွားမည် မဟုတ်ချေ။
ရိုနန်သည် သူ၏ရှေ့တွင် လဲကျနေသော ရန်သူကို တစ်ချက်ကြည့်လိုက်ပြီး အနီးရှိ ရိုင်ဖယ်သေနတ်ကို ပြန်လည်ကောက်ယူလိုက်၏။
တိုက်ပွဲမှာမူ ပြီးဆုံးရန် အလှမ်းဝေးနေသေးပေသည်။
ကျောက်ဆူးကြိုးများမှတစ်ဆင့် ကြယ်ပြာ'သင်္ဘောပေါ်သို့ ဓားပြများ ပိုမိုတိုးဝင်လာနေကြပြီဖြစ်ရာ ထိုသူအများစုမှာ အထူးစွမ်းအားရှင်များ မဟုတ်ကြစေကာမူ တစ်ဦးချင်းစီမှာ အလွန်တရာ လျင်မြန်ဖြတ်လတ်ကြပြီး သေဘေးကို မကြောက်ကြသူများ ဖြစ်ကြသည်။
ယခုအခါ ကြယ်ပြာ သင်္ဘောကို တိုက်ခိုက်နေသော ဓားပြသင်္ဘော ခုနစ်စင်းအထိ ရှိနေပြီဖြစ်ကာ ၎င်းတို့မှာ မိမိတို့၏ သားကောင်ကို ဝိုင်းဝန်းကိုက်ခဲနေကြသော အရူးအယဉ် ခွေးအုပ်စုသဖွယ် ရှိနေတော့၏။
သင်္ဘောပေါ်ရှိ လက်နက်ကိုင်သင်္ဘောသားတို့၏ အကျဆုံးစာရင်းမှာလည်း လျင်မြန်စွာပင် မြင့်တက်လာခဲ့ပြီ။
ရန်သူများမှာ များပြားလွန်းလှပေသည်။
ကံကောင်းထောက်မစွာပင် သင်္ဘောပေါ်ရှိ ခရီးသည်အများအပြားသည်လည်း တိုက်ပွဲအတွင်း ပါဝင်လာခဲ့ကြပြီး ရိုင်ဖယ်၊ ပစ္စတိုနှင့် ဓားများကို အသုံးပြုကာ ဓားပြများနှင့် ပြင်းထန်စွာ တိုက်ခိုက်နေကြ၏။
အကယ်၍ ဓားပြများက လက်နက်ကိုင်သင်္ဘောသားများကို အနိုင်ယူသွားခဲ့လျှင် ခရီးသည်များနှင့် ၎င်းတို့၏ မိသားစုဝင်များအားလုံးမှာ သတ်ဖြတ်ခြင်းကို ခံရမည့် သိုးသူငယ်များသဖွယ် ဖြစ်သွားတော့မည်ကို ၎င်းတို့ ကောင်းစွာနားလည်ထားကြပေသည်။
ရိုနန်သည် ဓားပြ ဆယ်ဦးကျော်ကို ဆက်တိုက်ပင် ပစ်သတ်လိုက်လေသည်။
သို့ရာတွင် မိမိ၏ ပစ်ခတ်မှု မည်မျှပင် တိကျစေကာမူ ဤပင်လယ်တိုက်ပွဲ၏ အခြေအနေမှာမူ ရန်သူ့ဘက်သို့သာ ယိမ်းယိုင်နေသည်ကို သူ သတိပြုမိသွားခဲ့၏။
ထို့ကြောင့် ရိုနန်သည် ရိုင်ဖယ်သေနတ်ကို တစ်ဖန်ပြန်ချထားခဲ့ကာ ကြက်ခြေခတ်ဓား သို့သာ ပြန်လည်ပြောင်းလဲလိုက်တော့သည်။
ရှူး...
ဓားအလင်းတန်း တစ်ချက်လက်သွားသည်နှင့် ရိုနန်ထံသို့ ခုန်အုပ်လာသော ဓားပြတစ်ဦးမှာ လည်ပင်းကို ဆုပ်ကိုင်လျက် ရှေ့သို့ မှောက်ခုံလဲကျသွားခဲ့ပြီ။
ဓားကို ကိုင်ဆောင်ထားသော ရိုနန်သည် သင်္ဘောပတ်လမ်းပေါ်တွင် အသက်များကို ရိတ်သိမ်းနေသော သေမင်းတမန်အသွင်သို့ ပြောင်းလဲသွားခဲ့ပြီး သူ ရောက်ရှိရာ အရပ်တိုင်းတွင် သွေးမုန်တိုင်းများ တိုက်ခတ်နေသကဲ့သို့ ရှိနေတော့သည်။
သူ၏ ဓားသိုင်းပညာမှာ အလွန်တရာ ရိုးရှင်းလှသော်လည်း ဓားအလင်းတစ်ချက် လက်သွားတိုင်း ဓားပြတစ်ဦးမှာ နက်သာလောကသို့ ရောက်ရှိသွားခဲ့ရလေသည်။
သူ၏ သတ်ဖြတ်မှု စွမ်းရည်မှာ အံ့အားသင့်စရာကောင်းလောက်အောင်ပင် မြင့်မားလှပေသည်။
ရိုနန်၏ ပါဝင်လာမှုနှင့်အတူ ကြယ်ပြာ သင်္ဘောပတ်လမ်းပေါ်ရှိ တိုက်ပွဲမှာလည်း တစ်ဖန် အလှည့်အပြောင်း ဖြစ်ပေါ်လာခဲ့ပြန်၏။
ပြင်းထန်လှသော တိုက်ပွဲအတွင်း ပိတ်မိနေသည့် လက်နက်ကိုင်သင်္ဘောသားများကို ရိုနန်က တစ်ဦးချင်းစီ ကယ်တင်ပေးခဲ့ရာ ယခင်က ကျဆင်းနေသော စိတ်ဓာတ်များမှာလည်း ပြန်လည်မြင့်တက်လာခဲ့ပြီး ပိုမိုစည်းလုံးညီညွတ်လာကြတော့သည်။
"သူ့ကို သတ်ကြစမ်း"
ဓားပြခေါင်းဆောင်တစ်ဦးက သွေးစွန်းနေသော လခြမ်းကွေးဓားဖြင့် ရိုနန်ကို ညွှန်ပြကာ ကြမ်းကြုတ်စွာ အော်ဟစ်လိုက်လေသည်။
"ရွှေဒင်္ဂါးပေါင် တစ်သောင်း ဆုလာဘ်ပေးမယ်"
ထိုစကားအဆုံးတွင်ပင် ဓားပြတစ်ဒါဇင်ခန့်မှာ ဟိန်းဟောက်သံများနှင့်အတူ ရိုနန်ထံသို့ အားတက်သရော ပြေးဝင်လာကြတော့၏။
ဆိုရိုးစကား ရှိသည်မဟုတ်လော၊ ဆုလာဘ်များလှလျှင် ရဲစွမ်းသတ္တိရှိသူများ အမြဲပေါ်ထွက်လာစမြဲပင်။
အထူးသဖြင့် ရွှေဒင်္ဂါးပေါင် တစ်သောင်းဟူသော ပမာဏမှာ အလွန်တရာ များပြားလှပေရာ ထိုငွေပမာဏသည် ဓားပြတစ်ဦးအတွက် ဒုစရိုက်လောကမှ အနားယူကာ မည်သည့်မြို့ကြီးပြကြီးတွင်မဆို ကျန်ရှိနေသော ဘဝတစ်လျှောက်လုံးကို စည်းစိမ်ချမ်းသာများဖြင့် ဇိမ်ကျကျ နေထိုင်သွားနိုင်ရန် လုံလောက်လှပေသည်။
သို့ရာတွင် နောက်တစ်ခဏ၌ပင် စူးရှတောက်ပသော ဓားအလင်းတန်းတစ်ခုသည် ပွင့်အာလာသော ပန်းတစ်ပွင့်အလား ထွက်ပေါ်လာပြီး ရိုနန်ထံသို့ ပြေးဝင်လာသော ဓားပြများကို သွေးချင်းချင်းနီစေကာ ရက်စက်စွာပင် တိုက်ခိုက်လိုက်လေတော့သည်။
ကြမ်းကြုတ်လှသော ဓားပြတစ်ဒါဇင်စလုံးမှာ အသက်ပျောက်ကာ မြေပေါ်သို့ လဲကျသွားခဲ့ကြပြီ။
ဤမြင်ကွင်းမှာ အလွန်တရာ အံ့အားသင့်ဖွယ် ကောင်းလှပေရာ ပြင်းထန်စွာ တိုက်ခိုက်နေကြသော တိုက်ပွဲတစ်ခုလုံး ခေတ္တမျှပင် ရပ်တန့်သွားခဲ့ရ၏။
ထို့နောက် သေနတ်ပစ်သံတစ်ခုက လူတိုင်းကို လက်တွေ့လောကသို့ ပြန်လည်ရောက်ရှိလာစေခဲ့သည်။
ဒိုင်း... ဒိုင်း... ဒိုင်း...
ထိုသူမှာ ငွေရောင်ပြောင်လက်နေသော ခြောက်လုံးပြူးသေနတ်ကို ကိုင်ဆောင်ကာ ရိုနန်ထံသို့ ကျည်ဆန်များဖြင့် ပစ်ခတ်နေသည့် ဓားပြခေါင်းဆောင်ပင် ဖြစ်ချေသည်။
ယင်းက မုန်းတီးမှုနှင့် ဒေါသတို့ဖြင့် ရူးသွပ်စွာပင် သေနတ်မောင်းခလုတ်ကို အဆက်မပြတ် ဆွဲညှစ်နေတော့၏။
***