မိုင် ၃၀ ကို ၅ မိနစ်တည်းနဲ့လား...
လင်းယွမ်က အံ့သြချီးကျူးသည့် အမူအရာကို မဟန့်တားနိုင်ဘဲ ဖော်ပြလိုက်သည်။
တစ်မိနစ်ကို ၆ မိုင်နှုန်း...
ယခုအခါ သူ၏ အလျင်က ၈၀ မှတ်အထိ ရောက်ရှိနေပြီ ဖြစ်သည်။
တစ်နည်းဆိုရသော် သူက တစ်စက္ကန့်လျှင် ပေ ၂၆၀ အထိ ရောက်ရှိနိုင်သည့် အဆင့်ပင် ဖြစ်သည်။
အကယ်၍ သူသာ နောက်ဆက်တွဲ ဆိုးကျိုးများနှင့် အစွမ်းကုန်ခမ်းသွားမည်ကို ဂရုမစိုက်ဘဲ တစ်မိနစ်တိတိ အစွမ်းကုန် ပြေးလွှားမည်ဆိုလျှင်တောင်မှ ၁၅၇၀၀ ပေခန့် အကွာအဝေးကို ရောက်ရှိနိုင်ပေသည်။
ဆိုလိုသည်မှာ တစ်မိနစ်လျှင် ၃ မိုင်နီးပါးခန့်ပင် ဖြစ်သည်။
သို့တိုင် ယင်းက လိပ်ကြီးနှင့် နှိုင်းယှဉ်လိုက်လျှင် တစ်ဆခန့် ကွာဟနေသေးသည်။
သို့သော် လိပ်ကြီး၏ ဧရာမ ခန္ဓာကိုယ်ကြီးကို တွေးမိလိုက်သောအခါ သူက အလိုလို သက်ပြင်းချမိသွားသည်။
သူ တစ်လှမ်း လှမ်းလိုက်လျှင် မည်မျှအထိ ရောက်နိုင်မည်နည်း။
လိပ်ကြီး၏ ခန္ဓာကိုယ်က ဘောလုံးကွင်း အနည်းငယ်စာမျှ ကြီးမားလှရာ ၎င်းက တစ်ချက် ကူးခတ်လိုက်ရုံဖြင့် မည်မျှအထိ ရောက်သွားနိုင်မည်နည်း။
ခန္ဓာကိုယ် အရွယ်အစား အားသာချက်က သူထက် အများကြီး ကြီးမားနေသဖြင့် နှိုင်းယှဉ်၍ ရနိုင်မည် မဟုတ်ပေ။
လင်းယွမ်က သက်ပြင်းတစ်ချက် ချလိုက်ပြီး ပြောလိုက်သည်။ "၅ မိနစ်... အချိန်မီဖို့ မျှော်လင့်ရတာပဲ"
သူက ဝမ်လင်းအာကို ကြည့်ကာ ပြောလိုက်သည်။ "ဒါဆိုလည်း မင်းကိုပဲ အားကိုးရတော့မယ် လင်းအာ"
ဝမ်လင်းအာက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ "ညီမ အခုပဲ လိပ်ကြီးနဲ့ သွားပြောလိုက်ပါ့မယ်... ခဏလေး စောင့်နေပေးကြပါ"
ပြောပြီးသည်နှင့် သူမက မျက်လုံးများကို မှိတ်လိုက်ပြီး သူမ၏ အစွမ်းကို တိုက်ရိုက် အသက်သွင်းကာ လိပ်ကြီးနှင့် စတင် ဆက်သွယ်လိုက်တော့သည်။
သူမ၏ အစွမ်းက သားရဲထိန်းချုပ်အစွမ်း ဖြစ်ပြီး စိတ်စွမ်းအင် တစ်စုံတစ်ရာအထိ အားကောင်းလာပါက သူမထက် အားနည်းသော သန္ဓေပြောင်း သတ္တဝါအချို့ကို အတင်းအဓမ္မ ကျွန်ပြုနိုင်ပေသည်။
သို့သော် လိပ်ကြီးကမူ ဤစာရင်းထဲတွင် ပါဝင်ခြင်း မရှိသည်မှာ ထင်ရှားပေသည်။
ဤလိပ်ကြီး၏ စွမ်းရည်အရ မျိုးရိုးဗီဇမျိုးစေ့ကို အစပျိုး ဖွဲ့စည်းနိုင်သည့် အဆင့်သို့ လုံးဝ ရောက်ရှိနေပြီ ဖြစ်သည်။
ထို့ကြောင့် ဝမ်လင်းအာနှင့် လိပ်ကြီး၏ ဆက်ဆံရေးက သီးသန့် ထိန်းချုပ်သူနှင့် ထိန်းချုပ်ခံရသူ ဆက်ဆံရေးမျိုး မဟုတ်ပေ။
တကယ်တမ်းတွင် သူတို့ကြားရှိ ဆက်ဆံရေးက ပူးပေါင်းလုပ်ဆောင်သည့် ဆက်ဆံရေးနှင့် ပို၍ တူညီနေပေသည်။
ဝမ်လင်းအာက သူမ၏ သားရဲထိန်းချုပ်အစွမ်းကို အသုံးပြုကာ လိပ်ကြီးနှင့် အဆက်မပြတ် ဆက်သွယ်ပြီး စကားပြောဆိုခဲ့သော်လည်း အစပိုင်းတွင် လိပ်ကြီးက သူမကို လုံးဝ အဖက်မလုပ်ခဲ့ပေ။
နောက်ပိုင်းတွင် သူမက လိပ်ကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ သန္ဓေပြောင်း ခရုခွံများကို ဖယ်ရှားပေးခဲ့ပြီး အချိန်မှန် အစာကျွေးခဲ့သောကြောင့်သာ လိပ်ကြီးက သူမအပေါ် တဖြည်းဖြည်း သဘောကျလာခြင်း ဖြစ်သည်။
ထိုအချိန်မှသာ သူတို့နှစ်ဦးကြားတွင် ယုံကြည်မှု အခြေခံတစ်ခုကို တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ဝမ်လင်းအာ၏ စွမ်းရည်များက အဆက်မပြတ် တိုးတက်လာခဲ့ပြီး မျိုးရိုးဗီဇမျိုးစေ့ကိုပင် ဖွဲ့စည်းနိုင်ခဲ့ရာ သူမနှင့် လိပ်ကြီး၏ ဆက်ဆံရေးက ပိုမို တန်းတူညီမျှဖြစ်လာကာ ပို၍လည်း ရင်းနှီးလာခဲ့သည်။
သို့သော် သူမက လိပ်ကြီးကို တိုက်ရိုက် ထိန်းချုပ်ခြင်း မပြုခဲ့ဘဲ ဤကဲ့သို့သော သူငယ်ချင်း ဆက်ဆံရေးမျိုးဖြင့်သာ လိပ်ကြီးနှင့် ဆက်နွှယ်နေရန် ရွေးချယ်ခဲ့သည်။
ထို့ပြင် သူမက သူမ၏ ညီမလေးကိုပါ ခေါ်ဆောင်၍ လိပ်ကြီး၏ ရှေ့တွင် မကြာခဏ သွားရောက် ပြသရန် ကြိုးစားခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ ညီမဖြစ်သူ ဝမ်ယွိအာကလည်း တစ်ခါတစ်ရံတွင် လိပ်ကြီးနှင့် ရိုးရှင်းသော ဆက်သွယ်မှု အချို့ကို ပြုလုပ်နိုင်လာခဲ့သည်။
ဤသို့ဖြင့် အကယ်၍ တစ်နေ့နေ့တွင် သူမ ဘေးဒုက္ခတစ်ခုခုနှင့် ကြုံတွေ့ရပါက ညီမဖြစ်သူ ဝမ်ယွိအာက ဤလိပ်ကျွန်း၏ အမိန့်ပေးသူ ဖြစ်လာနိုင်ပေသည်။
သူမက တကယ့်ကိုတော်သော အမတစ်ယောက်ပင်တည်း။ သူမ သေဆုံးပြီးနောက် ကြုံတွေ့လာရနိုင်သည့် အခြေအနေများကိုပင် ကြိုတင် စဉ်းစားထားခဲ့ပြီး ဖြစ်သည်။
ဝမ်လင်းအာက လိပ်ကြီးနှင့် ဆက်သွယ်လိုက်သည်နှင့်အမျှ မကြာမီတွင် လိပ်ကြီး၏ ခန္ဓာကိုယ်ပေါ်၌ ဧရာမ အပြာရောင် စွမ်းအင် အကာအကွယ် တစ်ခု လင်းလက်လာခဲ့သည်။
ကျွန်းပေါ်ရှိ လူအများက ဤစွမ်းအင် အကာအကွယ် ထွက်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် ၎င်းတို့၏ အိမ်များဆီသို့ အသီးသီး အလျင်စလို ပြန်သွားကြတော့သည်။
အကြောင်းမှာ ဤစွမ်းအင် အကာအကွယ် ထွက်ပေါ်လာခြင်းက ရန်သူများ ရောက်ရှိလာခြင်း မဟုတ်ပါက ရေအောက်မုဒ်သို့ ဝင်ရောက်တော့မည် ဖြစ်ကြောင်း လူတိုင်းက သိထားသောကြောင့်ပင်။
လူအများက ဤမြင်ကွင်းကို ရိုးအီနေပြီ ဖြစ်သောကြောင့် မည်သည့် ထိတ်လန့်တုန်လှုပ်မှုမျှ မရှိကြပေ။
လိပ်ကြီးက ခေါင်းပြူထွက်လာပြီး ၎င်း၏ ကျောကုန်းပေါ်သို့ တစ်ချက် လှမ်းကြည့်လိုက်သည်။
ထိုဧရာမ မျက်လုံးကြီးများက မှောင်မိုက်နေသော တွင်းနက်ကြီးများအလား ထင်မှတ်ရပြီး လင်းယွမ်က ထိုမျက်လုံးများနှင့် အကြည့်ချင်း ဆုံလိုက်မိသောအခါ သူ၏ ကိုယ်ပိုင် အရိပ်ကိုပင် မြင်တွေ့နိုင်သကဲ့သို့ ခံစားလိုက်ရသည်။
"ဝုန်း... ဝုန်း... ဝုန်း"
မိုးလုံးပြည့် ရေလှိုင်းကြီးများနှင့်အတူ ဧရာမ လိပ်ကျွန်းကြီးက အလျင်အမြန် နစ်မြုပ်သွားတော့သည်။
တောင်များကို ဖြိုခွဲကာ ပင်လယ်ကို မှောက်လှန်ပစ်နိုင်သည့် ဧရာမ လှိုင်းတံပိုးကြီးများက စွမ်းအင် အကာအကွယ်ကို ဖုံးလွှမ်းသွားပြီး မကြာမီမှာပင် လိပ်ကြီးက ရေအောက်သို့ ငုပ်လျှိုးသွားတော့သည်။
စွမ်းအင် အကာအကွယ် ရှိနေသောကြောင့် ပတ်ဝန်းကျင်ရှိ ရေစီးကြောင်းများက ကျွန်းပေါ်သို့ ဝင်ရောက်လာခြင်း မရှိပေ။
လူအများက စွမ်းအင် အကာအကွယ်ထဲတွင် ရပ်ကာ အကာအကွယ်၏ အပြင်ဘက်ရှိ ရေအောက်ကမ္ဘာကို ကြည့်ရှုနေကြသည်။
ရေအောက်ကြမ်းပြင်က မှောင်မိုက်နေပြီး အနီးအနားရှိ အဆောက်အအုံ အမြောက်အမြားကို မြင်တွေ့နိုင်သည်။
ထိုအဆောက်အအုံများက ရေအောက်တွင် စိမ်ခံထားရသည်မှာ ကြာမြင့်နေပြီဖြစ်ရာ ရေညှိမျိုးစုံ ပေါက်ရောက်နေပြီ ဖြစ်ပြီး နံရံများပေါ်တွင် သန္ဓေပြောင်း ခရုခွံ အမြောက်အမြား တွယ်ကပ်နေကြသည်။
အချို့သော ဧရာမ သန္ဓေပြောင်း ယောက်သွားများက ဤအဆောက်အအုံများ၏ အခန်းများထဲတွင် တိုက်ရိုက် ခိုအောင်းနေကြသည်။
တစ်ချိန်က လူသားများ နေထိုင်ခဲ့သော အိမ်ရာများက ယခုအခါတွင် ၎င်းတို့၏ နေအိမ်များ ဖြစ်လာခဲ့ပြီ ဖြစ်သည်။
အဆောက်အအုံများထဲတွင် သန္ဓေပြောင်း ငါးများက အချင်းချင်း လိုက်လံ ဖမ်းဆီးစားသောက်နေကြပြီး ရေအောက်ကြမ်းပြင်တွင် ရေဘဝဲများက ပျင်းရိလေးတွဲစွာ မျောပါနေကြသည်။
တိတ်ဆိတ်ငြိမ်သက်နေသော ရေအောက်ကမ္ဘာနှင့် ရေမျက်နှာပြင်ပေါ်ရှိ ရက်စက်ကြမ်းကြုတ်သော မုန်တိုင်းတို့က လုံးဝ မတူညီသော ကမ္ဘာနှစ်ခုအလား ထင်မှတ်ရပေသည်။
လိပ်ကြီး၏ ဧရာမ ခြေလက်လေးဖက်က ဖြည်းညင်းစွာ လှုပ်ရှားလာသည်နှင့်အမျှ...
ချက်ချင်းပင် ရေအောက်၌ ဧရာမ လှိုင်းတံပိုးကြီးများကို ဖြစ်ပေါ်လာစေတော့သည်။
ဧရာမ ရေစီးကြောင်းကြီးများ လိပ်တက်လာပြီး ရေအောက်ရေစီးကြောင်းများ လှုပ်ရှားလာသည်နှင့် တစ်ပြိုင်နက် လိပ်ကြီး၏ တစ်ကိုယ်လုံးက ချက်ချင်းပင် ရှေ့သို့ ရွေ့လျားသွားတော့သည်။
အပေါ်ယံကြည့်လျှင် နှေးကွေးသော လှုပ်ရှားမှုဟု ထင်ရသော်လည်း ၎င်း၏ အားကောင်းလှသော ရေဖယ်ရှားနိုင်စွမ်းကြောင့် ၎င်း၏ အလျင်က အလွန် လျင်မြန်လှပေသည်။
ပတ်ဝန်းကျင်ရှိ ရေလှိုင်းများက ချက်ချင်း မွှေနှောက်သွားပြီး မူလက ကြည်လင်နေသော ရေအောက်ကမ္ဘာက ရုတ်တရက် နောက်ကျိသွားတော့သည်။
ဖောက်ထွင်းမြင်နိုင်သော အပြာရောင် စွမ်းအင် အကာအကွယ်က ယခုအခါ အပြင်ဘက်ရှိ အခြေအနေများကို စောင့်ကြည့်ရန် မဖြစ်နိုင်တော့ပေ။
စွမ်းအင် အကာအကွယ်၏ အပြင်ဘက်မှ ဝုန်းဒိုင်းကြဲ တိုက်မိသည့် အသံအချို့ကို သဲ့သဲ့မျှ ကြားနေရသည်။
ယင်းက လိပ်ကြီး ခရီးဆက်နေစဉ်အတွင်း အဆောက်အအုံ အချို့ကို တိုက်မိ၍ ပြိုကျသွားခြင်း ဖြစ်တန်ရာသည်။
လင်းယွမ်က အချိန်ကို တွက်ချက်နေသည်။ သူက ယခုအချိန်တွင် အပြင်ဘက်ရှိ အခြေအနေများကို မမြင်နိုင်သော်လည်း သူ၏ စိတ်စွမ်းအင် အာရုံခံစားမှုအရ သူတို့က ရေအောက်တွင် အလွန် လျင်မြန်သော နှုန်းဖြင့် ရှေ့သို့ သွားနေကြောင်း သိနိုင်ပေသည်။
အတိတ်ကို ပြန်တွေးကြည့်လျှင် ဤလိပ်ကြီးက ဟန်လုံစင်တာ အနီးတွင် ပေါ်လာနိုင်ခြင်းမှာ အလွန် တိုက်ဆိုင်လှသော ကိစ္စတစ်ခုပင် ဖြစ်သည်။
၎င်း၏ ဧရာမ ခန္ဓာကိုယ် အရွယ်အစားအရ ဟန်လုံစင်တာ အနီးရှိ ထိုမျှ ထူထပ်လှသော အဆောက်အအုံများကြားတွင် ၎င်း ကူးခတ်သွားလာရန် မလွယ်ကူလှပေ။
တစ်ချိန်တည်းမှာပင် ထိုက်ယန်တောင် ဆိပ်ကမ်းအနီးတွင်...
ဟန်ရှန်းမန်၊ ဝမ်ရှောင်ယာနှင့် အခြားသော ရေဓာတ် အစွမ်းပိုင်ရှင်များကလည်း အကျပ်အတည်းတစ်ခုကြားတွင် ရောက်ရှိနေပြီ ဖြစ်သည်။
ကျန်းဟန်လျန်ကလည်း ယခုတစ်ကြိမ် တိုက်ပွဲတွင် ပါဝင်နေသော်လည်း သူတို့အုပ်စု၏ အဓိက စစ်မြေပြင်က မိန်တောင်နှင့် ထိုက်ယန်တောင်ကြားရှိ ဆိပ်ကမ်းတစ်ဝိုက်တွင် ဖြစ်သည်။
ယခုအချိန်တွင် ကျန်းဟန်လျန်၊ လီချုံမင်နှင့် အခြားသူများက အဝေးရှိ ဆိပ်ကမ်းကို လှမ်းကြည့်နေကြသည်။
ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
ကျန်းဟန်လျန်၏ မျက်ဝန်းများက ချက်ချင်း စူးရှသွားပြီး အလျင်အမြန် ပြောလိုက်သည်။ "စလှုပ်ရှားနေပြီပဲ"
လီချုံမင်ကလည်း ဘာစကားမျှ ထပ်မပြောတော့ဘဲ ချက်ချင်း ပြောလိုက်သည်။ "မြန်မြန်... ကူညီဖို့ ပြင်ဆင်ကြ"
ထိုသူများကလည်း ကူညီပေးရန်အတွက် ရေထဲသို့ အလျင်အမြန် ဆင်းသွားကြတော့သည်။
ဟိုဘက်မှ ဝုန်းဒိုင်းကြဲ ပေါက်ကွဲသံများကို အဆက်မပြတ် ကြားနေရသည်။
ရေမျက်နှာပြင်ပေါ်တွင် ပေါလောပေါ်နေသော ဂိုဏ်းကြီးသုံးဂိုဏ်း၏ စစ်သင်္ဘောများထံမှ အလန့်တကြား အော်ဟစ်ဆဲရေးသံများ ချက်ချင်း ထွက်ပေါ်လာတော့သည်။
"ရေအောက်မှာ ရန်သူတွေ ရှိနေတယ်"
"အကာအကွယ် စနစ်ကို ဖွင့်လိုက်"
"ရွှေချပ်ဝတ် စနစ်ကို အသက်သွင်းလိုက်"
"ရေဒိုင်းကာ စနစ်ကို ဖွင့်လိုက်"
"မြေမိခင်အကာအကွယ်ကို ဖွင့်လိုက်"
...
အမိန့်များ အလျင်အမြန် ကျလာပြီး မူလက ထိတ်လန့်နေသော ဂိုဏ်းကြီးသုံးဂိုဏ်း၏ အဖွဲ့ဝင်များက ချက်ချင်းပင် အသင့်အနေအထားသို့ ရောက်ရှိသွားကြသည်။
စစ်သင်္ဘောများပေါ်တွင် အကာအကွယ် အလင်းတန်းများ အလျင်အမြန် ပေါ်ထွက်လာသည်။
သင်္ဘောအောက်ခြေမှ ဝုန်းဒိုင်းကြဲ ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်နေဆဲ ဖြစ်သော်လည်း ၎င်းက သင်္ဘောများကို အမှန်တကယ် ပျက်စီးသွားစေခြင်း မရှိသည်မှာ ထင်ရှားပေသည်။
ဂိုဏ်းကြီးသုံးဂိုဏ်း၏ စစ်သင်္ဘောများက အလွန် အားကောင်းသော ခံစစ်စွမ်းရည် ရှိပေရာ ပေါက်ကွဲသင်္ကေတ ဗုံးများ၏ စွမ်းအားဖြင့်ပင် ပထမဆုံး အချိန်၌ သင်္ဘောများကို မဖျက်ဆီးနိုင်ခဲ့ပေ။
သင်္ဘောပေါ်ရှိ လူများက ရေအောက်ရှိ ရန်သူများကို တွေ့ရှိသွားသောအခါ ချက်ချင်းပင် အမိန့်ပေးတော့သည်။
"ရေအောက်က ရန်သူတွေကို ရှင်းလင်းပစ်စမ်း"
"ရေအောက်ဒုံးတွေကို ပြင်ထား"
ရေအောက်ကြမ်းပြင်အောက်မှ ပြင်းထန်သော ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။
ထို့နောက် ချက်ချင်းပင် ရေအောက်မှနေ၍ လူရိပ်အချို့ အလျင်အမြန် ထွက်ပေါ်လာတော့သည်။
ဟန်ရှန်းမန်နှင့် အခြားသူများ၏ ပါးစပ်ထောင့်များမှ သွေးများ စီးကျနေပြီး ရေအောက်ဒုံးကျည်များ၏ ပေါက်ကွဲမှုများကို ရှောင်ရှားရန် အစွမ်းကုန် ကြိုးစားနေကြရသည်။
ကံမကောင်းစွာဖြင့် ထိုစစ်သင်္ဘောပေါ်မှ ရေအောက်ဒုံးကျည်များက အလွန် များပြားလွန်းလှရာ အားလုံးကို ရှောင်ရှားရန် လုံးဝ မဖြစ်နိုင်ပေ။
ရေအောက်ဒုံးကျည်များနှင့် တိုက်ရိုက် ထိမှန်သွားသောအခါ သူတို့က ရေဒိုင်းကာကဲ့သို့သော ခုခံကာကွယ်သည့် စွမ်းရည်များကို အားကိုး၍သာ အတင်းအဓမ္မ ခုခံနိုင်တော့သည်။
ထိုနေရာရှိ အစွမ်းပိုင်ရှင်များ အားလုံးက ရေဓာတ် အစွမ်းပိုင်ရှင်များ ဖြစ်ကြပြီး ရေအောက် တိုက်ခိုက်ရေး စွမ်းရည်တွင် ထိပ်တန်းအဆင့် ရှိကြရာ ကံကောင်းထောက်မစွာဖြင့် သူတို့၏ ခံစစ်စွမ်းရည်ကလည်း မဆိုးလှပေ။
ဒဏ်ရာအနည်းငယ် ရရှိသွားသော်လည်း ကံကောင်းစွာဖြင့် ပွဲချင်းပြီး သေဆုံးသွားခြင်း မရှိခဲ့ပေ။
သို့သော် ဤအတိုင်း ဆက်နေမည်ဆိုပါက ဤမျှ များပြားလှသော ရေအောက်ဒုံးကျည်များ၏ ဗုံးကြဲမှုအောက်တွင် သူတို့က အနှေးနဲ့အမြန် ဤရေထဲ၌ သေဆုံးသွားရမည်မှာ သေချာပေသည်။
ဟန်ရှန်းမန်၏ မျက်နှာက စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေပြီး သူမ၏ အတွေးများက အလျင်အမြန် လည်ပတ်နေစဉ် ရုတ်တရက် ဘေးနားရှိ ခုံရှန်းက ကူးလာကာ အံကြိတ်၍ မနေနိုင်ဘဲ ပြောလိုက်သည်။ "အဖွဲ့ခေါင်းဆောင်ဟန်... ဒါမှမဟုတ်ရင်လည်း ကျွန်တော်တို့ သင်္ဘောပေါ်ကို တိုက်ရိုက် တက်ပြီး သူတို့နဲ့ အသေခံ တိုက်ကြရအောင်"
"ဒီခွေးကောင်တွေမှာ အစွမ်း လက်နက်တွေ ရှိနေပြီး အဝေးကနေ တိုက်ခိုက်နိုင်တယ်... ကျွန်တော်တို့က အနီးကပ်ပဲ တိုက်ခိုက်နိုင်တာ"
ထိုစကားကို ကြားသောအခါ ဟန်ရှန်းမန်၏ မျက်နှာပေါ်တွင်လည်း ပြတ်သားသော အမူအရာများ ထွက်ပေါ်လာပြီး ချက်ချင်း အော်ဟစ်လိုက်သည်။ "ကောင်းပြီ... အဲ့ဒါဆိုလည်း သူတို့နဲ့ အသေခံ တိုက်ကြတာပေါ့... သင်္ဘောပေါ် တက်မယ်"
"သွားမယ်"
ရေဓာတ် အစွမ်းပိုင်ရှင်များ အားလုံးက ဒေါသတကြီး အော်ဟစ်ဆဲဆိုလိုက်ကြပြီး အစွမ်းများကို တိုက်ရိုက် အသက်သွင်းလိုက်ကြကာ တစ်ချိန်တည်းမှာပင် သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ ခုခံကာကွယ်သည့် သင်္ကေတကျောက်တုံး မျိုးစုံကို အသုံးပြုကာ ချပ်ဝတ်တန်ဆာများနှင့် စွမ်းအင် အကာအကွယ်များကို အလွှာလိုက် အလျင်အမြန် ဖုံးလွှမ်းလိုက်ကြသည်။
ထို့နောက် လှိုင်းလုံးများကို ခြေဖြင့် နင်းလိုက်ရာ ရေစီးကြောင်း၏ တွန်းအားအောက်တွင် သူတို့ကို ကောင်းကင်ယံသို့ တိုက်ရိုက် တွန်းတင်လိုက်ပြီး စစ်သင်္ဘောဆီသို့ ပြေးဝင်သွားကြတော့သည်။
သို့သော် ယခုအချိန်တွင် စစ်သင်္ဘောက အကာအကွယ် စနစ်ကို ဖွင့်ထားသောကြောင့် သူတို့အနေဖြင့် ကုန်းပတ်ပေါ်သို့ မတက်ရောက်နိုင်မီ စစ်သင်္ဘော၏ အကာအကွယ်ကို ဦးစွာ ချိုးဖျက်ရန် လိုအပ်ပေသည်။
ဟန်ရှန်းမန်က တိုက်ရိုက် အော်ဟစ်လိုက်သည်။ "စွမ်းအင်ချိတ်ပိတ်ကျောက်တုံးတွေကို သုံးပြီး သူတို့ သင်္ဘောကို ဖောက်ခွဲပစ်စမ်း"
"တက်ကြ"
စွမ်းအင်ချိတ်ပိတ်သင်္ကေတကျောက်တုံးများက စစ်သင်္ဘော၏ ဒိုင်းကာကို ဖောက်ခွဲပစ်လိုက်ရာ အပေါက်ကြီးတစ်ခု ထွက်ပေါ်လာသည်။
ထိုက်ယန်တောင်မှ ဤအစွမ်းပိုင်ရှင်များက အထဲသို့ အသီးသီး ပြေးဝင်သွားကြတော့သည်။
ဟန်ရှန်းမန်က လူတိုင်းကို အမိန့်ပေးကာ အော်ဟစ်လိုက်သည်။ "သူတို့ရဲ့ အကာအကွယ် စနစ်ကို အရင်ဖျက်ဆီးပစ်"
လူအများက သင်္ဘောခန်းဆီသို့ အသီးသီး ပြေးဝင်သွားကြသည်။ အကာအကွယ် စနစ်ဆိုသည်မှာ အကာအကွယ် သင်္ကေတ အစီအရင်ပင် ဖြစ်ပြီး သင်္ကေတ အစီအရင်၏ လမ်းကြောင်းများကို ဖျက်ဆီးပစ်လိုက်ရုံဖြင့် ဤကဲ့သို့သော အကာအကွယ် အစီအရင်ကို လုံးဝ ချိုးဖျက်နိုင်မည် ဖြစ်ကြောင်း လူတိုင်းက သိထားကြပေသည်။
သို့သော် ဤကဲ့သို့သော အခြေအနေမျိုးတွင် သင်္ဘောပေါ်၌ ကျန်ရစ်နေသော ဂိုဏ်းကြီးသုံးဂိုဏ်း၏ မျိုးရိုးဗီဇမျိုးစေ့အဆင့် သိုင်းပညာရှင်များက သူတို့ကို မည်သို့လုပ်၍ အောင်မြင်ခွင့် ပေးနိုင်မည်နည်း။
ဝိညာဉ်စွမ်းအင်ဂိုဏ်း၏ ရွှေချပ်ဝတ်စစ်သင်္ဘောပေါ်တွင် ကြံ့ခိုင်တောင့်တင်းပြီး ဧရာမ ခန္ဓာကိုယ် အရွယ်အစားရှိသော အမျိုးသားတစ်ဦးက ပြေးဝင်လာသော ခုံရှန်းကို စိုက်ကြည့်ကာ အေးစက်စက် ပြုံးလိုက်သည်။ "မင်းတို့လို အမှိုက်ကောင်တွေကများ ငါတို့ ဝိညာဉ်စွမ်းအင်ဂိုဏ်းရဲ့ ရွှေချပ်ဝတ်စစ်သင်္ဘောကို ဖျက်ဆီးချင်နေတာလား"
စကားဆုံးသည်နှင့် တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်က တစ်ချက် လှုပ်ရှားသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ခုံရှန်း၏ ရှေ့သို့ ရောက်ရှိသွားတော့သည်။
ခုံရှန်းက တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ကြောက်မက်ဖွယ်ကောင်းသော စိတ်စွမ်းအင်တစ်ခုက ချက်ချင်းပင် လွှမ်းခြုံလာတော့သည်။
သူက အလိုအလျောက်ပင် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ လိပ်ခွံစွမ်းအင်အကာအကွယ် သင်္ကေတကျောက်တုံးကို ဆုပ်ကိုင်လိုက်ရာ ချက်ချင်းပင် လိပ်ခွံစွမ်းအင်အကာအကွယ်က သူ၏ တစ်ကိုယ်လုံးတွင် ထွက်ပေါ်လာတော့သည်။
"ဝုန်း"
စိတ်စွမ်းအင် တူရိုင်းကြီးတစ်ခုက ခုံရှန်း၏ ပတ်လည်ရှိ လိပ်ခွံစွမ်းအင်အကာအကွယ်ပေါ်သို့ အရှိန်ပြင်းပြင်းဖြင့် ရိုက်ချလိုက်သည်။
ချက်ချင်းပင် သူ၏ တစ်ကိုယ်လုံးက ဧရာမ ရိုက်ခတ်မှုဒဏ်ကြောင့် အဝေးသို့ လွင့်စင်ထွက်သွားတော့သည်။
"စိတ်စွမ်းအင် အမျိုးအစား အစွမ်းပိုင်ရှင်ပဲ"
ခုံရှန်း၏ မျက်နှာက သိသိသာသာ ပြောင်းလဲသွားသည်။ ထိုက်ယန်တောင်၏ အစွမ်းပိုင်ရှင်များထဲတွင် စိတ်စွမ်းအင် အမျိုးအစား အစွမ်းပိုင်ရှင်များက မနည်းလှပေ။
လူတိုင်းက ပုံမှန် အပြန်အလှန် ဆွေးနွေးကြသောအခါ စိတ်စွမ်းအင် အမျိုးအစား အစွမ်းပိုင်ရှင်များ၏ အစွမ်းထက်မှုကို သဘာဝကျကျပင် သိရှိထားကြသည်။
ထို့ကြောင့် သူက လွင့်စင်ထွက်သွားသည့် အခိုက်အတန့်မှာပင် တစ်ဖက်လူနှင့် အကွာအဝေးကို အကွာခံ၍ မရကြောင်း ချက်ချင်း သိလိုက်သည်။
ထို့ကြောင့် သူက လက်ကို အလျင်အမြန် ဝှေ့ယမ်းလိုက်ရာ ရေစီးကြောင်းတစ်ခုက အလျင်အမြန် လည်ပတ်သွားပြီး အနီးအနားရှိ သင်္ဘောဘေးကို ချက်ချင်း လှမ်းဆွဲလိုက်သည်။
ထို့နောက် ရေစီးကြောင်းက လိပ်တက်လာပြီး သူ့ကို တစ်ဖက်လူဆီသို့ အရှိန်ပြင်းပြင်းဖြင့် ခေါ်ဆောင်သွားတော့သည်။
သူက တစ်ဖက်လူနှင့် အနီးကပ် ထိတွေ့မှသာ တစ်ဖက်လူကို သတ်ဖြတ်နိုင်မည့် အခွင့်အရေး ရှိပေမည်။
ထို့ပြင် လိပ်ခွံစွမ်းအင်အကာအကွယ်က အလုပ်လုပ်နေဆဲ အချိန်ကို အခွင့်ကောင်းယူရမည် ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ စိတ်စွမ်းအင် တိုက်ခိုက်မှုများကို ကာကွယ်နိုင်သည့် နည်းလမ်းသာ မရှိတော့ပါက သူ သေချာပေါက် သေဆုံးရမည်မှာ သေချာပေသည်။
"ရေဘောလုံး"
သူက လက်ကို အရှိန်ပြင်းပြင်းဖြင့် ဝှေ့ယမ်းလိုက်ရာ ရေစီးကြောင်းများက ရေဘောလုံးတစ်ခုအဖြစ်သို့ အလျင်အမြန် ပြောင်းလဲသွားပြီး ထိုစိတ်စွမ်းအင် အမျိုးအစား အစွမ်းပိုင်ရှင်ကို အလျင်အမြန် ဝန်းရံသွားတော့သည်။
ရေစီးကြောင်းများက အလျင်အမြန် ဖုံးအုပ်သွားပြီး တစ်ဖက်လူကို ရေဘောလုံးထဲတွင် ရေနစ်သေဆုံးစေချင်နေသည်။
သို့သော် မျိုးရိုးဗီဇမျိုးစေ့အဆင့်ရှိ အစွမ်းပိုင်ရှင်၏ အစွမ်းထက်မှုကို သူက အထင်သေးထားခဲ့သည်မှာ ထင်ရှားပေသည်။
ဤကြံ့ခိုင်တောင့်တင်းလှသော လူက အေးစက်စက် ပြုံးလိုက်ရုံသာ ပြုံးလိုက်ပြီး သူ၏ အကြည့်များက အနည်းငယ် စူးရှသွားသည်။
ကြောက်မက်ဖွယ်ကောင်းသော စိတ်စွမ်းအင် တိုက်ခိုက်မှုတစ်ခုက ရေဘောလုံးကို ချက်ချင်း ဖြတ်တောက်လိုက်ပြီး ခုံရှန်းဆီသို့ တိုက်ရိုက် ထပ်မံ ရိုက်ခတ်လာတော့သည်။
ယခုတစ်ကြိမ်တွင် ခုံရှန်းက တစ်ဖက်လူ၏ ၁၀ ပေ အကွာအဝေးအတွင်းသို့ပင် မချဉ်းကပ်နိုင်ခဲ့ဘဲ ဤကြောက်မက်ဖွယ်ကောင်းသော စိတ်စွမ်းအင် တိုက်ခိုက်မှု၏ လွှမ်းခြုံခြင်းကို ခံလိုက်ရပြီး ဝုန်းခနဲ အသံနှင့်အတူ လိပ်ခွံစွမ်းအင်အကာအကွယ်က စိတ်စွမ်းအင်၏ တိုက်ရိုက် ဖြတ်တောက်ခြင်းကို ခံလိုက်ရကာ သူ၏ တစ်ကိုယ်လုံးကလည်း ချက်ချင်း လွင့်စင်ထွက်သွားတော့သည်။
ဖုန်းခနဲ အသံနှင့်အတူ သူက ရေအောက်ကြမ်းပြင်ထဲသို့ ကျဆင်းသွားတော့သည်။
ဤကြံ့ခိုင်တောင့်တင်းလှသော အမျိုးသားကြီးက ဆက်လက်၍ လိုက်သွားချင်သေးသော်လည်း ရုတ်တရက် တစ်ခုခုကို တွေးမိသွားဟန်ဖြင့် ရုတ်တရက် ရပ်တန့်သွားပြီး ကုန်းပတ်ရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။
ထိုအခါ ထိုက်ယန်တောင်မှ အခြား ရေဓာတ် အစွမ်းပိုင်ရှင်တစ်ဦးက တိတ်တဆိတ် ခိုးဝင်လာပြီး သင်္ဘောခန်းဘက်သို့ ရောက်ရှိလာကာ သင်္ဘောခန်းအတွင်းရှိ ရွှေချပ်ဝတ် သင်္ကေတများကို အကြီးအကျယ် စတင် ဖျက်ဆီးနေသည်ကို မြင်လိုက်ရသည်။
ရွှေချပ်ဝတ် သင်္ကေတများ ဖျက်ဆီးခံလိုက်ရရာ ချက်ချင်းပင် ဤဧရိယာရှိ ရွှေချပ်ဝတ် အကာအကွယ် အစီအရင်တွင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားတော့သည်။
ဤစိတ်စွမ်းအင် အမျိုးအစား ဝိညာဉ်စွမ်းအင်ဂိုဏ်းမှ ကျွမ်းကျင်သူ လှုပ်ရှားရန်ပင် မစောင့်လိုက်ရဘဲ မလှမ်းမကမ်းတွင် ကျန်းဟန်လျန်က ထိုက်ယန်တောင် စစ်သင်္ဘောတစ်စီးကို မောင်းနှင်လာပြီး တိုက်ရိုက် ဝင်တိုက်လိုက်လေသည်။
ဧရာမ တိုက်မိသံကြီးတစ်ခု ထွက်ပေါ်လာပြီး ကျန်းဟန်လျန် မောင်းနှင်လာသော ဟန်လျန်သင်္ဘော၏ ချွန်ထက်သော သင်္ဘောဦးပိုင်းက ပေါက်ပြဲသွားသော ရွှေချပ်ဝတ်စစ်သင်္ဘော၏ အကာအကွယ် အပေါက်ထဲသို့ အရှိန်ပြင်းပြင်းဖြင့် စိုက်ဝင်သွားတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဝုန်းဒိုင်းကြဲ တုန်ခါသွားပြီး သစ်သားစများ အနှံ့အပြားသို့ လွင့်စင်သွားတော့သည်။
ဟန်လျန်သင်္ဘောက ထက်မြက်သော ဓားရှည်တစ်လက်အလား ဤရွှေချပ်ဝတ်စစ်သင်္ဘောကို အရှိန်ပြင်းပြင်းဖြင့် ထိုးဖောက်သွားတော့သည်။
ဆက်ရန်...
***