"ဝုန်း"
ထိုက်ယန်တောင် မီးဝါးတောအတွင်း ပြင်းထန်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။
ကြီးမားလှသော ရေခဲသလင်း သံကြိုးကြီးက သေမင်း၏ တံစဉ်ကြီးတစ်ခုပမာ။
ရူးသွပ်စွာဖြင့် ကန့်လန့်ဖြတ် ပိုင်းဖြတ်လာသည်။
ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ မီးဝါးများက ချက်ချင်းဆိုသလို ကျိုးပဲ့သွားပြီး ဂိုဏ်းကြီးသုံးဂိုဏ်းမှ ထွက်ပြေးရန် အချိန်မမီလိုက်သူများမှာလည်း ချက်ချင်း ခါးလယ်မှနေ၍ ပိုင်းဖြတ်ခံလိုက်ရသည်။
ဒဏ်ရာမှ သွေးများ ပန်းထွက်လာခြင်း မရှိဘဲ ချက်ချင်း အေးခဲသွားသော အနီရောင် ပြတ်ရှရာကိုသာ တွေ့ရသည်။
အသက်ဆယ်ခါရှုချိန်ခန့် အကြာတွင် ထိုက်ယန်တောင်မှ လူများမှလွဲ၍ ထိုနေရာ၌ မတ်တတ်ရပ်နိုင်သူ တစ်ဦးတစ်ယောက်မျှ မရှိတော့ပေ။
ပေထောင်ချီ ပတ်လည်ရှိ ကျယ်ဝန်းသော မီးဝါးတောကြီးပင်လျှင် လင်းယွမ်၏ ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။
မြို့ရိုးပေါ်မှနေ၍ ဤမြင်ကွင်းကို ကြည့်နေကြသော ကျောက်ခိုင်၊ မာကောချိုင်၊ ချန်ကျန့်ဖုန်းနှင့် အခြားသူများက မျက်လုံးများ ပြူးကျယ်သွားကြသည်။
ဖော်ပြ၍မရနိုင်သော စိတ်လှုပ်ရှားမှုနှင့် တုန်လှုပ်မှုတစ်ရပ်က သူတို့၏ ဝိညာဉ်များကို ပြည့်နှက်သွားပြီး ဦးရေပြားအထိပင် စိမ့်တက်သွားစေသည်။
မည်သူမှန်း မသိသူတစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်သည်။ "ပြိုင်ဘက်ကင်း"
နောက်တစ်စက္ကန့်တွင် ထိုက်ယန်တောင် တစ်တောင်လုံးမှ လူများက လိုက်လံ အော်ဟစ်ကြတော့သည်။
"ပြိုင်ဘက်ကင်း"
အော်ဟစ်သံများက တစ်လှိုင်းပြီးတစ်လှိုင်း ထွက်ပေါ်လာကာ တစ်ခုလုံးသော ထိုက်ယန်တောင်ကြီးကိုပင် လှန်ပစ်တော့မည့်အလား ထင်မှတ်ရသည်။
ထိုက်ယန်တောင်၏ နေရာအနှံ့အပြားတွင် တိုက်ပွဲဝင်နေကြသော ထိုက်ယန်တောင်မှ အစွမ်းပိုင်ရှင်များက ခေါင်းမော့ကာ မီးဝါးတောရှိရာ အရပ်ဆီသို့ ကြည့်လိုက်ကြသည်။
သူတို့၏ မျက်လုံးများထဲတွင် ချက်ချင်းဆိုသလို အံ့သြဝမ်းသာသည့် အရိပ်အယောင်များ ပေါ်ထွက်လာသည်။
"ဆရာလင်းပဲ... ဆရာလင်း ပြန်ရောက်လာတာ သေချာတယ်"
ကျုံးဆန်းက ချန်ယန်းကို တွဲထူပေးရင်း ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
ချန်ယန်းကလည်း စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် "ဆရာလင်းသာ ဝင်ပါပြီဆိုရင် ငါတို့ သေချာပေါက် နိုင်မှာပဲ" ဟု ပြောလိုက်သည်။
"သွားမယ်... ငါတို့ မီးဝါးတောဘက် သွားရအောင်"
လင်းယွင်တောင်စောင်း မြစ်ကမ်းဘေးတွင်လည်း နိချီ၊ ကောင်းကျဲနှင့် အခြားသူများက ချက်ချင်း ခေါင်းလှည့်ကာ မီးဝါးတောဘက်သို့ ကြည့်လိုက်ကြသည်။
သူတို့အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ကောင်းကျဲ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"ဆရာလင်း ပြန်ရောက်လာတာ သေချာတယ်"
နိချီကလည်း ဝမ်းသာသည့် အမူအရာဖြင့် "မြန်မြန်... ငါတို့ မြန်မြန် ပြန်သွားရအောင်" ဟု ပြောလိုက်သည်။
...
ထိုက်ယန်တောင်၏ မီးဝါးတောအတွင်းတွင် လင်းယွမ်က လူရာပေါင်းများစွာကို သတ်ဖြတ်လိုက်ပြီးနောက် သူ၏ ရင်ထဲမှ ဒေါသများ အနည်းငယ် လျော့ကျသွားခဲ့သည်။
သူက အသံဩဩဖြင့် "မီးဝါးတောကို သေချာ စောင့်ထားကြ... ကျန်နေသေးတဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းက ကောင်တွေကို ငါ လိုက်သတ်လိုက်ဦးမယ်" ဟု အော်ပြောလိုက်သည်။
လူအများက စိတ်လှုပ်ရှားစွာဖြင့် "ဟုတ်ကဲ့ပါ ဆရာလင်း" ဟု အော်ဟစ်လိုက်ကြသည်။
"ဆရာလင်း... အဲဒီ တိရစ္ဆာန်တွေကို အကုန်သတ်ပစ်ပါ... ကျွန်တော့်အစ်ကို သူတို့လက်ချက်နဲ့ သေသွားရတာပါ"
"ဆရာလင်း... မြေလျှိုးနိုင်တဲ့ မြေမိခင်ဂိုဏ်းက ကောင်တစ်ကောင် ရှိတယ်... သူက ကျွန်မယောက်ျားကို သတ်သွားတာ... အဲဒီကောင်ကို သေချာပေါက် သတ်ပေးပါ... ကျွန်မ ဆရာ့ကျေးဇူးကို ကျွဲလိုနွားလို အလုပ်အကျွေးပြုပြီး ပြန်ဆပ်ပါ့မယ်"
ထိုက်ယန်တောင်ပေါ်တွင် လူများက မျက်ရည်များ ရစ်သိုင်းနေသည့် မျက်လုံးများဖြင့် မပြတ်တမ်း အော်ဟစ်နေကြသည်။
လင်းယွမ်က ဘာမှ ပြန်မပြောသော်လည်း သူ၏ မျက်လုံးများထဲရှိ သတ်ဖြတ်လိုစိတ်များက ပို၍ ပြင်းထန်လာသည်။
"ဝှီး"
သူက တစ်ချက် ခုန်တက်လိုက်ရာ သူ၏ တစ်ကိုယ်လုံးက မီးတန်းတစ်ခုပမာ ဖြစ်သွားပြီး ခြေဖဝါးအောက်တွင် မီးစင်္ကြာများ စုစည်းဖြစ်ပေါ်လာကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပေသုံးရာကျော်ခန့်အထိ ရောက်ရှိသွားသည်။
ဆယ်စက္ကန့်ပင် မပြည့်သေးချိန်၌ လင်းယွမ်က မိန်တောင်ဘက်သို့ ထွက်ပြေးနေကြသော ဂိုဏ်းကြီးသုံးဂိုဏ်းမှ အဆင့်မြင့် အစွမ်းပိုင်ရှင်များကို မှီသွားခဲ့ပြီ ဖြစ်သည်။
"ပြေးချင်တာလား... မင်းတို့ ပြေးလို့ လွတ်မယ်ထင်နေလား... ငါ့ရဲ့ ထိုက်ယန်တောင်ကို ရောက်လာမှတော့ ဒီမှာပဲ အကုန် သေလိုက်ကြတော့"
လင်းယွမ်၏ ဒေါသတကြီး ဟိန်းဟောက်သံက ကောင်းကင်ယံမှနေ၍ ထွက်ပေါ်လာသည်။
နောက်တစ်စက္ကန့်တွင် သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ပစ္စည်းသိုလှောင်ခန်းထဲမှ ရေစိမ်ခံထားရသော ကားတစ်စီးကို ထုတ်ယူလိုက်သည်။
သူ၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားဖြင့် ထိုကားကို အားကုန်လွှဲ၍ ပစ်ပေါက်လိုက်သည်။
တန်ပေါင်းများစွာ အလေးချိန်ရှိသော ကားကြီးက လေထုကို ရူးသွပ်စွာ ဖောက်ထွင်းသွားပြီး ဥက္ကာခဲတစ်ခုပမာ လေဖြတ်သံများ ထွက်ပေါ်ကာ မိုးပေါက်များကို အလျင်အမြန် ဖြတ်သန်းသွားပြီးနောက် ထွက်ပြေးနေကြသော ဂိုဏ်းကြီးသုံးဂိုဏ်းမှ လူအုပ်ဆီသို့ အရှိန်ပြင်းပြင်းဖြင့် ကျဆင်းသွားသည်။
ဝိညာဉ်စွမ်းအင်ဂိုဏ်းမှ ကျန်းကောချန်က ကံမကောင်းစွာဖြင့်ပင် ကားကျလာမည့် ဧရိယာအတွင်း၌ ရှိနေခဲ့သည်။
သူက ချက်ချင်း ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး မီးဝါးတစ်ပင်ကို လက်ဖြင့် ဆုပ်ကိုင်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်က အလျင်အမြန် ပြောင်းလဲသွားပြီး အရေပြားပေါ်တွင် မီးဝါးများ၏ အစိမ်းရောင် အသွေးအရောင်များ အမြောက်အမြား ပေါ်လာသည်။
ထိုမျှမက သူ၏ ခန္ဓာကိုယ်ကြီးကလည်း တဖြည်းဖြည်း မြင့်တက်လာကာ မျက်စိတစ်မှိတ်အတွင်းမှာပင် မီးဝါးပင်များ၏ အမြင့်နီးပါးဖြစ်သော ဆယ့်ခြောက်ပေခန့်အထိ ရောက်ရှိသွားလေသည်။
ထို့နောက် သူက လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ကောင်းကင်မှ ကျလာသော ကားကို အားကုန်သုံး၍ တွန်းဖယ်လိုက်သည်ကို မြင်လိုက်ရသည်။
"ဒိုင်း"
လုံးထွေးနေသော ပေါက်ကွဲသံကြီး တစ်သံကိုသာ ကြားလိုက်ရသည်။
သို့သော် ကျန်းကောချန်က တန်ပေါင်းများစွာ အလေးချိန်ရှိသော ထိုကားကြီးကို လက်နှစ်ဖက်တည်းဖြင့် တကယ်ပင် ဖမ်းဆုပ်နိုင်ခဲ့သည်ကို မြင်လိုက်ရသည်။
ထိုမျှမက သူက ကွေးညွတ်သွားသော မီးဝါးပင်တစ်ပင်ပမာ ခြေထောက်နှစ်ဖက်ကို မြေကြီးပေါ်တွင် အခိုင်အမာ စိုက်ချထားပြီး တစ်ကိုယ်လုံးကို နောက်သို့ လန်ချလိုက်သည်။
ထို့နောက် သူက လက်မောင်းနှစ်ဖက်ကို အားကုန်သုံးလိုက်ရာ ဝါးပင်တစ်ပင် ပြန်လည် ရုန်းကန်ထွက်လာသည့်အလား ထိုကားကို လင်းယွမ်ရှိရာဆီသို့ ရူးသွပ်စွာဖြင့် ပြန်လည် ပစ်ပေါက်လိုက်သည်။
တန်ပေါင်းများစွာ အလေးချိန်ရှိသော ကားကြီးက ကောင်းကင်ယံဆီသို့ အမှန်တကယ်ပင် အရှိန်ပြင်းပြင်းဖြင့် လွင့်စင်သွားခဲ့သည်။
ထွက်ပေါ်လာသော ကြောက်မက်ဖွယ် လေဖြတ်သံကြီးက အသံထက်မြန်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည့်အလားပင်။
သို့သော် ဤအမြန်နှုန်းက လင်းယွမ်အတွက်တော့ ခရုတစ်ကောင်လို အလွန် နှေးကွေးလှပေသည်။
သူက ခြေတစ်လှမ်း လှမ်းလိုက်ရာ ပေသုံးရာအကွာသို့ ချက်ချင်း ရောက်ရှိသွားသည်။
ထို့နောက် သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ရေခဲသလင်း သံကြိုးကြီးက ရစ်ပတ်ထွက်ပေါ်လာသည်။
"ဝှစ်... ချွမ်"
ရေခဲသလင်း သံကြိုးကြီးက ကားကို တိုက်ရိုက် ရစ်ပတ်သွားပြီးနောက် လင်းယွမ်၏ ကြီးမားလှသော ခွန်အားဖြင့် အားပါးတရ ဆွဲငင်လိုက်သည်။
လင်းယွမ်က သံလုံးပစ်သည့်အလား ကိုယ်ကို တစ်ပတ်လှည့်ကာ စက်ဝိုင်းပုံစံ လွှဲယမ်းလိုက်ပြီး ကားကို ဝုန်းခနဲ မြည်သံနှင့်အတူ ပြန်လည် ပစ်ပေါက်လိုက်ပြန်သည်။
ဤတစ်ကြိမ်တွင် ကားနှင့်အတူ ပါလာသော ကြီးမားလှသည့် အင်အားက စောစောက ပစ်ပေါက်လိုက်သည့် အင်အားထက်ပင် အဆပေါင်းများစွာ သာလွန်နေခဲ့သည်။
"ဝှီးးးးးး"
စူးရှသော အသံပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ကားကြီးက သံဆူးကြိုးလုံးကြီးတစ်ခုပမာ မြေပြင်ပေါ်သို့ ကျဆင်းလာသည်။
ပြင်းထန်သော ပေါက်ကွဲသံကြီး တစ်သံ ထွက်ပေါ်လာသည်။
ပြင်းထန်သော တိုက်မိမှုကြောင့် ကားအတွင်းရှိ ဓာတ်ဆီများက ချက်ချင်း ပေါက်ကွဲထွက်သွားသည်။
မီးတောက်မီးလျှံများက ကောင်းကင်သို့ ချက်ချင်း ထိုးတက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော ရိုက်ခတ်မှုလှိုင်းများက အရပ်မျက်နှာ အနှံ့အပြားသို့ တိုက်ရိုက် ပျံ့နှံ့သွားလေသည်။
မြေပြင်ကြီးမှာ အပြင်းအထန် ချိုင့်ခွက်သွားပြီး အနီးနားရှိ မီးဝါးများကလည်း ပေါက်ကွဲထွက်ကာ တစ်ပင်ပြီးတစ်ပင် လဲကျသွားကြသည်။
အောက်ဘက်ရှိ ဂိုဏ်းကြီးသုံးဂိုဏ်းမှ အဆင့်မြင့် အစွမ်းပိုင်ရှင်များအနက် အနည်းငယ်သာ အချိန်မီ ကာကွယ်ပြီး ထွက်ပြေးနိုင်ခဲ့ကြသည်။
အချိန်မီ မတုံ့ပြန်နိုင်ခဲ့သော လူဆယ်ဂဏန်းခန့်မှာ ဤဥက္ကာခဲပမာ ကျဆင်းလာသော ကားကြီး၏ ဖိကြိတ်မှုကြောင့် အသားနှစ်များအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားကြရသည်။
ကျန်ရစ်သူများကလည်း ဤကြောက်မက်ဖွယ်ကောင်းသော ရိုက်ခတ်မှုလှိုင်းကို ကာကွယ်ရန် နည်းလမ်းမျိုးစုံကို အသုံးပြုကြတော့သည်။
လင်းယွမ်၏ ခန္ဓာကိုယ်က ကောင်းကင်ယံမှနေ၍ အရှိန်ပြင်းပြင်းဖြင့် ကျဆင်းလာပြီး ခြေနှစ်ဖက် မြေပြင်ပေါ်သို့ ကျရောက်သွားချိန်တွင် လုံးထွေးသော ပေါက်ကွဲသံကြီး တစ်သံ ထွက်ပေါ်လာသည်။
မြေပြင်ကြီး တစ်ခုလုံးပါ လိုက်ပါ တုန်ခါသွားသည်။
ဆုတ်ခွာစရာ နေရာမရှိတော့သော ကျန်းကောချန်က လင်းယွမ်ကို စိုက်ကြည့်နေသော်လည်း မျက်လုံးထောင့်မှနေ၍ ဘေးဘက်သို့ လှမ်းကြည့်လိုက်မိရာ သူ၏ ရင်ထဲတွင် အေးစက်သွားရသည်။
မြေမိခင်ဂိုဏ်းမှ လင်းကွမ်ချွန်းနှင့် ရေနတ်ဘုရားဂိုဏ်းမှ ဟန်ထိုက်တို့ ခွေးမသားနှစ်ကောင်လုံးမှာ အရိပ်အယောင်ပင် မတွေ့ရတော့ပေ။
ထိုလူနှစ်ယောက်က စောစောက ကားဖြင့် ပစ်ပေါက်ခံရ၍ သေဆုံးသွားပြီဟု သူ လုံးဝ မယုံကြည်ပေ။
သူတို့က အဝေးသို့ ထွက်ပြေးသွားကြပြီ ဖြစ်ဖို့ များပေသည်။
ကျန်းကောချန်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ရင်ထဲမှ အံ့သြထိတ်လန့်မှုနှင့် ဒေါသများကို ဖိနှိပ်လိုက်ကာ လင်းယွမ်ကို စိုက်ကြည့်ရင်း လေးနက်သော အသံဖြင့် "မင်းက ဆရာလင်းဆိုတဲ့ တစ်ယောက်လား... ဒီတစ်ကြိမ် ထိုက်ယန်တောင်ကို လာတိုက်ရတာက ငါတို့ ဝိညာဉ်စွမ်းအင်ဂိုဏ်းလည်း သူများ ခိုင်းလို့ပါ..." ဟု ပြောလိုက်သည်။
ကျန်းကောချန် စကားပင် ဆုံးအောင် မပြောလိုက်ရသေးမီ သူ၏ မျက်စိရှေ့တွင် ရုတ်တရက် ဝေဝါးသွားပြီး နားထဲတွင် ကြောက်မက်ဖွယ် လေဖြတ်သံကြီးတစ်သံကို ကြားလိုက်ရသည်။
လင်းယွမ်က သူနှင့် စကားအပိုတွေ ပြောနေရန် အချိန်မဖြုန်းချင်တော့ဘဲ တိုက်ရိုက်ပင် စတင် တိုက်ခိုက်လိုက်တော့သည်။
သူ၏ ခန္ဓာကိုယ်က အရိပ်အဖြစ်သို့ ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ်ကောင်းသော လက်သီးက လေထု၏ အတားအဆီးကို တိုက်ရိုက် ဖောက်ထွင်းသွားကာ ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
အသံထက်မြန်သော ပေါက်ကွဲမှု ဖြစ်ပေါ်သွားပြီး မီးခိုးရောင် လေစီးကြောင်းများက လင်းယွမ်၏ လက်သီးပတ်ပတ်လည်မှ လွတ်ထွက်လာကာ ကြောက်မက်ဖွယ်ကောင်းသော အဖြူရောင် လေလှိုင်းကြီးများအဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုလက်သီးက ကျန်းကောချန်၏ နားနားသို့ ရောက်ရှိလာချိန်မှသာ သူက အနိုင်နိုင် တုံ့ပြန်နိုင်ခဲ့သည်။
ထိတ်လန့်သွားသော ကျန်းကောချန်က အစိမ်းရင့်ရောင် ညာဘက်လက်မောင်းကို ရုတ်တရက် မြှောက်လိုက်ပြီး နားရွက်ဘေးတွင် ကာကွယ်လိုက်သည်။
ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး လင်းယွမ်၏ ဤလက်သီးက ကျန်းကောချန်၏ လက်မောင်းပေါ်သို့ ချက်ချင်း ကျရောက်သွားသည်။
ပေါက်ကွဲသံကြီးကိုသာ ကြားလိုက်ရပြီး ကျန်းကောချန်၏ တစ်ကိုယ်လုံးက ပေတစ်ရာကျော်ခန့် လွင့်စင်ထွက်သွားသည်။
ဝါးလုံးတစ်လုံးနှင့် တူညီသော ထိုလက်မောင်းက ရူးသွပ်စွာ တုန်ခါနေသော်လည်း လင်းယွမ်၏ ခွန်အား ၉၀ မှတ်ပါဝင်သော ကြီးမားလှသည့် အင်အားကို မဖယ်ရှားနိုင်ခဲ့ပေ။
သုံးစက္ကန့်ခန့်သာ တောင့်ခံထားနိုင်ပြီး ဒိုင်းခနဲ မြည်သံနှင့်အတူ သွေးမြူခိုးများအဖြစ်သို့ တိုက်ရိုက် ပေါက်ကွဲထွက်သွားတော့သည်။
"အားးးးးးးး"
ကျန်းကောချန်က သနားစဖွယ် အော်ဟစ်လိုက်ပြီး မြေကြီးပေါ်တွင် အပတ်ပေါင်းများစွာ လိမ့်ကျသွားပြီးနောက် ကျောက်တုံးတစ်တုံးနှင့် ညပ်သွားချိန်မှသာ ရပ်တန့်သွားတော့သည်။
သူက အံကြိတ်ကာ ကျောက်တုံးကို ဖမ်းကိုင်လိုက်သည်။
ချက်ချင်းပင် သူ၏ အရေပြား အခြေအနေက ထပ်မံ ပြောင်းလဲသွားပြီး တစ်ကိုယ်လုံးက မြေဓာတ် အစွမ်းပိုင်ရှင် တစ်ယောက်ကဲ့သို့ ကျောက်လူသား အသွင်သို့ တိုက်ရိုက် ပြောင်းလဲသွားလေသည်။
ပြတ်တောက်သွားသော ထိုလက်မောင်းမှ သွေးထွက်ခြင်းလည်း ချက်ချင်း ရပ်တန့်သွားသည်။
သူက အံကြိတ်ကာ ပြတ်နေသော လက်မောင်းကို ဖိထားရင်း ကျောက်တုံးပေါ်မှ ခက်ခက်ခဲခဲ လိမ့်ဆင်းလာပြီး ပတ်ဝန်းကျင်ကို ခေါင်းမော့ကြည့်လိုက်သော်လည်း လင်းယွမ်၏ အရိပ်အယောင်ကိုပင် မတွေ့ရပေ။
သို့သော် ပတ်ဝန်းကျင်မှ အတူပါလာသူများ၏ အော်ဟစ်သံများနှင့် ထိတ်လန့်ကြောက်ရွံ့စွာ အော်ဟစ်နေသံများကိုမူ မပြတ်တမ်း ကြားနေရသည်။
ထို့အပြင် သူ့ကို ကြောက်ရွံ့သွားစေသော အသံပေါက်ကွဲသံများ အားလုံးက သူ့ကို အစွမ်းမနိုးထသေးမီ အချိန်က အဆောက်အအုံအတွင်း၌ တွေ့ခဲ့ရသော အစွမ်းနိုးထရန် ကျရှုံးခဲ့သည့် သန္ဓေပြောင်းလူသားများနှင့် တွေ့ဆုံခဲ့ရသည့် အချိန်ဆီသို့ ပြန်လည် ရောက်ရှိသွားစေသကဲ့သို့ ခံစားရစေသည်။
ကျန်းကောချန်သည် ကွမ်ဖူ စာတိုက်လုပ်ငန်းမှ ယာဉ်မောင်းအဖွဲ့ ခေါင်းဆောင် တစ်ယောက် ဖြစ်သည်။
ကြီးမားသော ရေလွှမ်းမိုးမှုကြီး မတိုင်မီက သူက ယာဉ်မောင်းတစ်ယောက်သာ ဖြစ်သော်လည်း အစိုးရဌာနမှ ယာဉ်မောင်းတစ်ယောက် ဖြစ်ပြီး အမြဲတမ်း ဝန်ထမ်းအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။
နေ့စဉ် အထက်လူကြီးများ ကားထွက်ရန် လိုအပ်သည့်အချိန်မှလွဲ၍ ရုံးခန်းထဲတွင် လက်ဖက်ရည်သောက်ရင်း သတင်းစာဖတ်နေရုံသာ ဖြစ်သည်။
ပြီးခဲ့သည့် နှစ်များအတွင်း သူက အငြိမ်းစားလစာ ရယူရန်သာ စောင့်ဆိုင်းနေခဲ့ပြီးနောက် အိမ်စီးကားတစ်စီး ဝယ်ကာ သူ၏ ဇနီးသည်ကို ခေါ်ဆောင်၍ ကိုယ်တိုင် ကားမောင်းကာ ခရီးထွက်ရန် စီစဉ်ထားခဲ့သည်။
သို့သော် မထင်မှတ်ဘဲ ရေလွှမ်းမိုးမှုကြီး ရောက်ရှိလာပြီး သူ၏ လှပသော အငြိမ်းစားယူမည့် ဆန္ဒများကို လုံးဝ ဖျက်ဆီးပစ်လိုက်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
အမြဲတမ်း လစာရနေသော အလုပ်အကိုင် ပျောက်ဆုံးသွားရုံသာမက သူ၏ ဇနီးသည်မှာလည်း ရေလွှမ်းမိုးမှုကြီး အတွင်း၌ ငတ်မွတ်၍ အရှင်လတ်လတ် သေဆုံးသွားခဲ့ရသည်။
ကျန်းကောချန်က အသက်ရှင်သန်နိုင်ရန်အတွက် ထိုစဉ်က အဆောက်အအုံအတွင်းရှိ ခေါင်းဆောင်ဖြစ်သူကို အစာတစ်လုပ် စားရရန် အသည်းအသန် ဖားယားခဲ့ရသည်။
သူက အစိုးရဌာနတွင် အလုပ်လုပ်ခဲ့ဖူးသူ ဖြစ်သောကြောင့် စကားပြော အလွန်ကောင်းပြီး အလိုက်အထိုက် မြှောက်ပင့် ပြောဆိုတတ်ကာ ခွန်အားကြီးမားသော လူငယ်မျိုးဆက်များကို အလွန် ပျော်ရွှင်အောင် မြှောက်ပင့်ပေးနိုင်ခဲ့သည်။
လူတိုင်းက သူ့ကို ပုတ်သင်ညို၊ ခွေးအိုကြီးဟု ခေါ်ကြသည်။
ကျန်းကောချန်က အလွန်အမင်း အရှက်ရခဲ့သော်လည်း မည်သို့မျှ မတတ်နိုင်ခဲ့ပေ။ သူက အသက်ရှင်ချင်ပြီး မသေချင်ခဲ့ပေ။
သူ၏ ဘဝက ဤကဲ့သို့ မဖြစ်သင့်ပေ။ သူက များပြားလှသော အငြိမ်းစားလစာကို ယူကာ နိုင်ငံအနှံ့သို့ ခရီးထွက်ရမည် ဖြစ်သည်။
သို့သော် သူက လူ့သဘာဝကို အထင်သေးခဲ့မိသည်။ ထိုလူငယ်များထဲတွင် စိတ်မနှံ့သူများ ပါဝင်ပြီး သူ့ကို နောက်ပြောင်ရသည်ကို သဘောကျကြသည်။
တစ်ကြိမ်တွင် ထိုလူက ချစ်သူစုံတွဲ တစ်တွဲကို ဖမ်းမိခဲ့ပြီး ထိုအထဲမှ မိန်းကလေးကို သဘောကျသွားခဲ့သည်။
ထိုလူက အတင်းအဓမ္မ ပြုကျင့်ရန် ကြိုးစားသော်လည်း ထိုမိန်းကလေးက သေချင်သေပါစေ အလျှော့မပေးခဲ့ပေ။
ထိုမိန်းကလေးကို အပြစ်ပေးရန်အတွက် သူတို့က ယုတ်မာစွာဖြင့် မိန်းကလေး၏ အဝတ်အစားများကို ချွတ်ပစ်လိုက်ပြီး လူအားလုံးကို လာရောက် ကြည့်ရှုခိုင်းခဲ့သည်။
ဤသည်မှာ အယုတ်မာဆုံး မဟုတ်သေးပေ။ သူတို့က လူအများရှေ့တွင် သူလို အဘိုးအိုတစ်ယောက်ကို ထိုမိန်းကလေးနှင့် ထိုကဲ့သို့သော ကိစ္စမျိုးကို ပြုလုပ်ရန် အတင်းအကျပ် ခိုင်းစေခဲ့ကြသည်။
အကြောင်းမှာ ထိုလူက အသေခံမည်ဟု ဆုံးဖြတ်ထားသော ထိုမိန်းကလေးကို ဤလောကတွင် အရွံရှာဆုံး အရာကို ခံစားစေချင်သောကြောင့် ဖြစ်သည်။
သူတို့အမြင်တွင် သူက အရွံရှာဆုံး အဘိုးအို တစ်ယောက်သာ ဖြစ်သည်။
ကျန်းကောချန်က နာကြည်းပြီး အလွန်အမင်း ဒေါသထွက်ခဲ့သော်လည်း မည်သည့်နည်းလမ်းမှ မရှိခဲ့ပေ။
ထိုအကြိမ်ပြီးနောက် သူ၏ စိတ်နေစိတ်ထားကလည်း ဖောက်ပြန်သူတစ်ယောက်လို ပြောင်းလဲသွားခဲ့သည်။
သူကလည်း လူတွေကို နှိပ်စက်ရတာကို သဘောကျလာပြီး အထူးသဖြင့် မိန်းမများကို ဖြစ်သည်။
သူ့ထက် အားနည်းသူများကို အနိုင်ကျင့်ရသည့် ခံစားချက်၊ အားနည်းသူများက သူ၏အောက်တွင် သနားစဖွယ် အော်ဟစ် ငိုယို တောင်းပန်နေရသည့် ခံစားချက်က သူ၏ အတ္တနှင့် မာနကို ကြီးစွာ ကျေနပ်စေခဲ့သည်။
ထို့နောက် သူ၏ အစွမ်းများ နိုးထလာခဲ့ပြီး သူ၏ အစွမ်းက တကယ်ပင် ပုတ်သင်ညိုနှင့် တူညီနေခဲ့သည်။
သူ ထိတွေ့နိုင်သော အရာမှန်သမျှကို သူ၏ ခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲပစ်နိုင်သည်။
စောစောက သူ မီးဝါးပင်ကို ထိလိုက်သည့်အချိန်တွင် သူ၏ ခန္ဓာကိုယ်က မီးဝါးပင်၏ အသွေးအသားအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ ဖြစ်သည်။
ယခုလည်း သူက ကျောက်တုံးအဖြစ်သို့ ပြောင်းလဲသွားပြန်သည်။
သူက ဤအစွမ်းကို အားကိုး၍ သူ့ကို အနိုင်ကျင့်ခဲ့ဖူးသူ အားလုံးကို နောက်ဆုံးတွင် အကုန် သတ်ပစ်နိုင်ခဲ့သည်။
သို့သော် ဖောက်ပြန်နေသော စိတ်နေစိတ်ထားကိုမူ ပြန်လည် မပြုပြင်နိုင်ခဲ့ပေ။
ထို့နောက် သူက ဝိညာဉ်စွမ်းအင်ဂိုဏ်းသို့ ဝင်ရောက်ခဲ့သည်။ ဤနေရာတွင် အားကြီးသူက အားနည်းသူကို အနိုင်ကျင့်ပြီး ခွန်အားကြီးသူသာလျှင် အရာရာ ဖြစ်သည်ဆိုသော ဝါဒကို ကိုးကွယ်ကြသည်။
ဤအရာက သူ၏ စရိုက်နှင့် အလွန် ကိုက်ညီနေခဲ့သည်။ သူက ဤနေရာတွင် မပြတ်တမ်း ရောနှောနေထိုင်ရင်း အောက်ခြေ အဖွဲ့ဝင်ဘဝမှနေ၍ ယခုအခါ ဝိညာဉ်စွမ်းအင်ဂိုဏ်း၏ သန္ဓေပြောင်းစွမ်းအင် ကောင်စီရှိ ကောင်စီဝင် ခုနစ်ဦးထဲမှ တစ်ဦးအဖြစ်သို့ တဖြည်းဖြည်း ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
သူကိုယ်တိုင်ပင်လျှင် ဤအတွေ့အကြုံက အလွန် စိတ်အားတက်ကြွစရာကောင်းသည်ဟု ခံစားမိသည်။
ဘေးနားရှိ မိန်းမများ၏ ကြည်ညိုလေးစားသော အကြည့်များနှင့် အဖွဲ့ဝင်များ၏ ကြောက်ရွံ့နေသော အကြည့်များကို ကြည့်ရင်း သူက ရင်ထဲမှနေ၍ ကျေနပ်မှုကို ခံစားရသည်။
မည်သည့်အချိန်ကတည်းက စတင်ခဲ့မှန်း မသိသော်လည်း သူက သူ၏ ယခင် ဇနီးသည်ကို မေ့သွားခဲ့ပြီဖြစ်ကာ အောက်ခြေဘဝတွင် နေထိုင်ခဲ့ရစဉ်က ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသော ဘဝကိုလည်း မေ့သွားခဲ့ပြီဖြစ်ပြီး သေရေးရှင်ရေး အကျပ်အတည်းများကိုလည်း မေ့လျော့သွားခဲ့ပြီ ဖြစ်သည်။
သို့သော် ယခုအချိန်တွင်မူ သူ ပြန်လည် သတိရလာခဲ့ပြီ ဖြစ်သည်။
လက်တစ်ဖက် ပေါက်ကွဲသွားပြီးနောက် ကြာမြင့်စွာကတည်းက ပျောက်ဆုံးနေခဲ့သော သေခြင်းတရား၏ လွှမ်းခြုံမှုနှင့် ကြောက်ရွံ့မှုတို့က သူ့ကို အရာအားလုံးကို ပြန်လည် သတိရလာစေခဲ့သည်။
သူက ခွန်အားကြီးသူ မဟုတ်ပေ။ သူက ယခင်က သူသာလျှင် ဖြစ်ပြီး သူ့ထက် အားကြီးသူကို ကြောက်ရွံ့တတ်သည့် ပုတ်သင်ညို တစ်ကောင်၊ ခွေးအိုကြီး တစ်ကောင်သာ ဖြစ်သည်။
ကျန်းကောချန်က ထိတ်လန့်တကြား ခေါင်းမော့ကာ အော်ဟစ်လိုက်သည်။ "ဟင့်အင်း... ဟင့်အင်း... ငါ့ကို မသတ်ပါနဲ့... ငါ့ကို မသတ်ပါနဲ့"
"ငါက ဝိညာဉ်စွမ်းအင်ဂိုဏ်းရဲ့ သန္ဓေပြောင်းစွမ်းအင် ကောင်စီမှာရှိတဲ့ ကောင်စီဝင် ခုနစ်ယောက်ထဲက တစ်ယောက်ပါ... ငါ့လက်ထဲမှာ ဝိညာဉ်စွမ်းအင်ဂိုဏ်းရဲ့ လျှို့ဝှက်ချက်တွေ အများကြီးနဲ့ နည်းပညာတွေ အများကြီး ရှိတယ်"
"ငါ့ကို အသက်ချမ်းသာပေးပါ... ဝိညာဉ်စွမ်းအင်ဂိုဏ်းရဲ့ လျှို့ဝှက်ချက် အားလုံးကို မင်းကို ငါပြောပြပါ့မယ်"
"ငါ့ကို မသတ်ပါနဲ့"
ကျန်းကောချန်က သူ၏ ခေါင်းပေါ်တွင် လူရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက်ရသည်။
လူပုံစံ သန္ဓေပြောင်း သားရဲတစ်ကောင်ပမာ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးက သူ့ကို လွှမ်းခြုံသွားပြီး သူ၏ ရင်ထဲတွင် အဆုံးမရှိသော ကြောက်ရွံ့မှုများကို ဖြစ်ပေါ်လာစေသည်။
လင်းယွမ်က ခေါင်းငုံ့ကာ လက်ပြတ်နေသော ဤကျောက်တုံး အဘိုးအိုကို အေးစက်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"ဝိညာဉ်စွမ်းအင်ဂိုဏ်းက... အရမ်းစွမ်းတာလား"
"ဝိညာဉ်စွမ်းအင်ဂိုဏ်းရဲ့ လျှို့ဝှက်ချက်တွေကို ငါက တန်ဖိုးထားမယ်လို့ ထင်နေတာလား"
သူက လက်ကို ဆန့်ထုတ်ကာ ကျန်းကောချန်၏ လည်ပင်းကို ဆွဲကိုင်၍ မ,တင်လိုက်သည်။
"အွတ်... အွတ်"
ကျန်းကောချန်က ထိတ်လန့်တကြားဖြင့် လင်းယွမ်၏ လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ ပြင်းထန်စွာ ရုန်းကန်နေတော့သည်။
သို့သော် လင်းယွမ်၏ လက်ပေါ်ရှိ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားက သူ ပြန်လည် ခုခံနိုင်သည့် အရာမျိုး လုံးဝ မဟုတ်ပေ။
"မင်းပြောတဲ့ ဟာတွေ အားလုံးကို မင်းတို့ ဝိညာဉ်စွမ်းအင်ဂိုဏ်း ဌာနချုပ်ဆီ ငါကိုယ်တိုင်သွားပြီး ငါ့လက်နဲ့ပဲ အကုန်သိမ်းယူလိုက်မယ်"
"အခု မင်း လုပ်ရမှာကတော့ သေဖို့ပဲ"
"မင်းရဲ့ အသက်နဲ့... ငါ့ရဲ့ ထိုက်ယန်တောင်မှာ သေဆုံးသွားရတဲ့ သူတွေအတွက် ပူဇော်ပေးလိုက်"
လင်းယွမ်က လက်ဝါးပြင်ကို အားသုံးလိုက်ရာ ကြွက်သားများမှ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားများ ချက်ချင်း ပေါက်ကွဲထွက်လာသည်။
ကျောက်တုံးအဖြစ် ပြောင်းလဲသွားသော ကျန်းကောချန်၏ လည်ပင်းက မည်သည့် ခုခံနိုင်စွမ်းမျှ မရှိတော့ဘဲ ဒိုင်းခနဲ မြည်သံနှင့်အတူ အရှင်လတ်လတ် ညှစ်ခြေခံလိုက်ရသည်။
ထိုကျောက်တုံး ခေါင်းကြီးက လိမ့်ကျသွားပြီး ကျောက်မှုန့်များ လွင့်စင်သွားကာ ခေါင်းနှင့် ခန္ဓာကိုယ်က အသားအရောင်သို့ တဖြည်းဖြည်း ပြန်လည် ပြောင်းလဲသွားပြီးနောက် သွေးများက ပွက်ပွက်ဆူကာ စီးကျလာတော့သည်။
လင်းယွမ်က ခြေထောက်ကို မြှောက်ကာ ဤအဘိုးအို၏ မျက်နှာပေါ်သို့ အားပါးတရ နင်းချလိုက်သည်။
"ဒုန်း"
ကျန်းကောချန်၏ ခေါင်းကြီးမှာ တိုက်ရိုက်ပင် အသားနှစ်များအဖြစ်သို့ အနင်းခံလိုက်ရသည်။
လင်းယွမ်က ခေါင်းမော့ကာ ထိုက်ယန်တောင်၏ အပြင်ဘက်ရှိ ရေပြင်ဆီသို့ ကြည့်လိုက်ရာ ထိုဘက်ရှိ မိန်တောင် ရေကမ်းစပ်တွင် လူရိပ် ဆယ်ဂဏန်းခန့် စုဝေးနေကြပြီ ဖြစ်သည်။
အချို့က သင်္ဘောပေါ်သို့ တက်သွားကြပြီဖြစ်ပြီး အချို့က ရေအောက်သို့ ငုပ်လျှိုးသွားကြပြီ ဖြစ်သည်။
လင်းယွမ်၏ မျက်နှာပေါ်တွင် အေးစက် ရက်စက်သော အရိပ်အယောင်များ ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်က တစ်ချက် လှုပ်ခါသွားကာ ချက်ချင်းဆိုသလို နောက်မှ လိုက်သွားတော့သည်။
ဆက်ရန်...
***