ဟင်းလင်းပြင်က ဖောက်ထွင်းမြင်ရလား...
ကမ္ဘာပျက်ကပ် မတိုင်မီကဆိုလျှင် ဤမေးခွန်းကို မည်သူကမျှ ဖြေဆိုနိုင်မည် မဟုတ်ကြောင်း လင်းယွမ် ရဲရဲကြီး ပြောရဲပေသည်။
သို့သော် ယခုအခါ၌မူ ဤမေးခွန်းကို သူ ဖြေဆိုနိုင်ပြီဟု လင်းယွမ် တွေးလိုက်မိသည်။
ဖောက်ထွင်းမြင်နိုင်စွမ်း မရှိ။
လုံးဝကို ဖောက်ထွင်းမြင်နိုင်စွမ်း မရှိခြင်း ဖြစ်သည်။
ခြေတစ်လှမ်း မလှမ်းမီ အချိန်လေးကပင် အပြင်ဘက်၌ နေ့လယ်ခင်းအချိန် ဖြစ်နေသေးသည်။
ယခုမူ ဤခေါက်ချိုး ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင် တစ်ခုလုံးက အမှောင်အတိ ကျဆင်းနေပြီ ဖြစ်သည်။
အလင်းရောင်က ဟင်းလင်းပြင်ကို ဖောက်ထွင်းကာ ဤခေါက်ချိုး ဟင်းလင်းပြင် အတွင်းပိုင်းသို့ ဝင်ရောက်မလာနိုင်သည်မှာ သိသာထင်ရှားလှသည်။
နိချီက "ဆရာလင်း... ဒီမှာ အလင်းရောင် မရှိဘူးပဲ" ဟု တိုးညင်းသော အသံဖြင့် ပြောလိုက်သည်။
လင်းယွမ်က ခေါင်းညိတ်ပြလိုက်ပြီး "ပတ်ဝန်းကျင်မှာ လူရှိမရှိ လိုက်ကြည့်ရအောင်" ဟု ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ"
လင်းယွမ်က အမြန်လှေကို ထုတ်ယူလိုက်ပြီး သူတို့နှစ်ဦးက အမြန်လှေပေါ်တွင် ထိုင်ကာ ရေပြင်ထက်၌ စတင် မောင်းနှင်သွားကြသည်။
အမြင်အာရုံက ဤနေရာရှိ အမှောင်ထုနှင့် တဖြည်းဖြည်း ရင်းနှီးလာသောအခါ နိချီက အချို့သော အရာများကို ဝိုးတဝါး မြင်တွေ့လာနိုင်ပြီ ဖြစ်သည်။
လင်းယွမ်အတွက်ကမူ သဘာဝကျစွာပင် ဤပြဿနာ မရှိပေ။ မျိုးရိုးဗီဇမျိုးစေ့ အဆင့်သို့ မချိုးဖောက်နိုင်မီကပင် သူ၏ ဆင့်ကဲပြောင်းလဲခြင်း အစွမ်းက ညကြည့်အမြင်အာရုံကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။
ထို့ကြောင့် ဤနေရာတွင် အမှောင်အတိ ကျဆင်းနေပါသော်လည်း သူ၏အမြင်တွင်မူ နေ့လယ်ခင်းနှင့် ဘာမှ ကွာခြားမှု မရှိပေ။
သိပ်မကြာမီမှာပင် လင်းယွမ်က အမြန်လှေကို မောင်းနှင်ကာ အဆောက်အအုံတစ်ခု၏ အရှေ့သို့ ရောက်ရှိလာခဲ့သည်။
ထိုအဆောက်အအုံက ကြည့်ရသည်မှာ သိပ်မမြင့်လှဘဲ ယဉ်ကျေးမှုနှင့် အားကစားစင်တာ၏ ထောင့်တစ်နေရာ ဖြစ်ဟန်တူသည်။
ရေပြင်က ယဉ်ကျေးမှုနှင့် အားကစားစင်တာ၏ ပထမထပ်ကိုပင် ဖုံးလွှမ်းသွားခဲ့ပြီဖြစ်ပြီး အမြင့် ၂၅ ပေခန့်အထိ ရောက်ရှိနေပြီ ဖြစ်သည်။
ဒုတိယထပ်နှင့် တတိယထပ်တို့ကမူ အကောင်းအတိုင်း ရှိနေဆဲ ဖြစ်သည်။
လင်းယွမ်က အမြန်လှေကို အလျင်အမြန် ရပ်တန့်လိုက်ပြီး "သွားမယ်... ငါတို့ အထဲဝင်ကြည့်ရအောင်" ဟု ပြောလိုက်သည်။
နိချီက ခေါင်းညိတ်လိုက်ပြီး လှေပေါ်မှ ဆင်းကာ "ဆရာလင်း... ဒီမှာ မိုးမရွာဘူးပဲ" ဟု အံ့ဩတကြီး ပြောလိုက်သည်။
"ဒီနေရာက ပိတ်လှောင်နေတဲ့ ဟင်းလင်းပြင်ဖြစ်လို့ မိုးရေတွေ ဝင်မလာနိုင်တာ ဖြစ်မယ်"
"ဒါဆို ဒီရေတွေက ဘယ်က ရောက်လာတာလဲ"
လင်းယွမ်က ခေါင်းခါလိုက်သည်။ "ဒီခေါက်ချိုး ဟင်းလင်းပြင်က နောက်မှ ဖြစ်လာတာ ဖြစ်နိုင်တယ်... ဒါမှမဟုတ် ခေါက်ချိုး ဟင်းလင်းပြင်မှာ အပေါက်အပြဲတွေ ရှိနေလို့ ဒီရေတွေက စိမ့်ဝင်လာတာလည်း ဖြစ်နိုင်တယ်"
သူက အခြေအနေကို သုံးသပ်ကြည့်လိုက်ရာ ပထမအချက်က ဖြစ်နိုင်ခြေ ပိုများကြောင်း ခံစားမိသည်။
အကြောင်းမှာ မဟာရေလွှမ်းမိုးမှု အစောပိုင်းကာလများတွင် အစွမ်းဆိုသည့် အရာများက ပေါ်ပေါက်လာခြင်း မရှိသေးပေ။
ဟင်းလင်းပြင် ခေါက်ချိုးခြင်းဆိုသည့် သဘာဝလွန် ဖြစ်စဉ်မျိုးကလည်း ပေါ်ပေါက်လာသင့်သည် မဟုတ်ပေ။
"ဆရာလင်း... ဒီမှာ အသက်ရှင်နေတဲ့သူတွေ ရှိနိုင်သေးလား" နိချီက မနေနိုင်ဘဲ တိုးညင်းစွာ မေးလိုက်သည်။
လင်းယွမ်က ခေါင်းအနည်းငယ် ခါယမ်းလိုက်သည်။ "မသိဘူး... ဒါပေမဲ့ ရှိနိုင်သေးတယ်လို့တော့ ထင်တယ်"
"ဒီနေရာက ဟင်းလင်းပြင် ခေါက်ချိုးခြင်း စောစောစီးစီး ဖြစ်ခဲ့မယ်ဆိုရင် လူတော်တော်များများ ဒီဟင်းလင်းပြင်ထဲမှာ ပိတ်မိနေနိုင်တယ်... အနည်းဆုံးတော့ ရေလွှမ်းမိုး မခံရဘူးဆိုရင် သူတို့ အသက်အန္တရာယ် ကြုံမှာမဟုတ်ဘူး"
"ဒါ့အပြင် ဒီယဉ်ကျေးမှုနဲ့ အားကစားစင်တာ တစ်ဝိုက်က သိပ္ပံနဲ့နည်းပညာမြို့တော်ရဲ့ စီးပွားရေးဗဟိုချက် တစ်ခုလို့ ဆိုလို့ရတယ်... ပစ္စည်းတွေလည်း နည်းမှာမဟုတ်ဘူး"
"ဒါပေမဲ့..."
လင်းယွမ်က ရုတ်တရက် တုံ့ဆိုင်းသွားသည်။
နိချီက မနေနိုင်ဘဲ "ဒါပေမဲ့ ဘာဖြစ်လို့လဲ" ဟု မေးလိုက်သည်။
"ဒီမှာ မျိုးရိုးဗီဇမျိုးစေ့ အဆင့်ရှိတဲ့ သန္ဓေပြောင်း သတ္တဝါတွေ ပေါ်လာနိုင်တယ်ဆိုတော့... ဒီနေရာမှာလည်း သန္ဓေပြောင်းစွမ်းအင်တွေ စိမ့်ဝင်နေတယ်ဆိုတာကို ပြနေတယ်"
"ဟင်းလင်းပြင် ကန့်သတ်ချက်ကြောင့် ဒီနေရာက သန္ဓေပြောင်းစွမ်းအင် သိပ်သည်းဆက အပြင်ဘက်ထက် အများကြီး ပိုမြင့်နေနိုင်တယ်... ဒါကြောင့်မို့လို့လည်း မျိုးရိုးဗီဇမျိုးစေ့ အဆင့်ရှိတဲ့ သန္ဓေပြောင်း သတ္တဝါတွေ မွေးဖွားလာတာ ဖြစ်မယ်"
"တကယ်လို့ ဒီက လူတွေရဲ့ ဆင့်ကဲပြောင်းလဲမှု နှုန်းက... သူတို့ကိုမီအောင် မလိုက်နိုင်ဘူးဆိုရင် ရှင်သန်ဖို့ အရမ်း ခက်ခဲသွားလိမ့်မယ်"
မျိုးရိုးဗီဇမျိုးစေ့ အဆင့်၏ တိုက်ခိုက်ရေးစွမ်းအားကို လင်းယွမ် ရှင်းရှင်းလင်းလင်း သိထားပေသည်။ ဤမျိုးရိုးဗီဇမျိုးစေ့ အဆင့်ရှိသော သန္ဓေပြောင်း သတ္တဝါများက သာမန် အစွမ်းပိုင်ရှင်များကို သတ်ဖြတ်ရန်မှာ အလွန် လွယ်ကူလွန်းလှသည်။
နိချီက ထိုစကားကို ကြားသောအခါ ရင်ထဲတွင် အနည်းငယ် တုန်လှုပ်သွားပြီး "သန္ဓေပြောင်း သတ္တဝါတွေတောင် ဆင့်ကဲပြောင်းလဲနိုင်ရင် ဒီက လူတွေလည်း ဆင့်ကဲပြောင်းလဲနိုင်မှာပါ" ဟု မနေနိုင်ဘဲ ပြောလိုက်သည်။
"လူတွေထဲကနေ... မျိုးရိုးဗီဇမျိုးစေ့ အဆင့်ရှိတဲ့ အစွမ်းပိုင်ရှင်အဖြစ်... ဆင့်ကဲပြောင်းလဲသွားတဲ့သူတွေတောင် ရှိနေနိုင်တယ်"
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ကာ ပြုံးလိုက်သည်။ "ဖြစ်နိုင်ပါတယ်... သွားမယ်... ငါတို့ ဒီအဆောက်အအုံထဲမှာ လိုက်ရှာကြည့်ရအောင်"
"ဟုတ်ကဲ့"
နိချီက ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။
လုံခြုံရေးအရ သူတို့နှစ်ဦးက လမ်းခွဲမသွားဘဲ အဆောက်အအုံ အတွင်း၌ အတူတကွ လိုက်လံ စစ်ဆေးကြည့်ရှုလိုက်ကြသည်။
တင်းနစ်ကွင်း၊ ဘတ်စကတ်ဘောကွင်း၊ ကိုယ်ကာယလေ့ကျင့်ရေးရုံ...
ဤယဉ်ကျေးမှုနှင့် အားကစားစင်တာ၏ နေရာအများစုမှာ ထိုကဲ့သို့သော နေရာများသာ ဖြစ်သည်။ လင်းယွမ်က တစ်ပတ်လှည့်လည် စစ်ဆေးကြည့်လိုက်ရာ မြေပြင်ပေါ်တွင် လူသားများ နေထိုင်ခဲ့သည့် အထောက်အထားများကို ထင်ရှားစွာ တွေ့ရှိလိုက်ရသည်။
မီးမွှေးကာ ထမင်းဟင်းချက်ပြုတ်ခဲ့သည့် အထောက်အထားများ ရှိရုံသာမက တိုက်ခိုက်မှုများကြောင့် ကျန်ရစ်ခဲ့သော သွေးကွက်များကိုပါ တွေ့ရပေသည်။
အထူးသဖြင့် ကိုယ်ကာယလေ့ကျင့်ရေးရုံတွင် ဖြစ်ပြီး လေ့ကျင့်ရေး ကိရိယာ အများအပြားမှာ ပြောင်းရွှေ့သယ်ဆောင်သွားခြင်း ခံထားရသည်။
အလွန်အမင်း ပုပ်ပွနေသော အလောင်းတစ်လောင်း၏ အနီးတွင် အလေးတုံးများကို ဂဟေဆက်ကာ ပြုလုပ်ထားသော တူနှင့်တူသည့် လက်နက်တစ်ခု ကျကျန်ရစ်နေသည်ကို လင်းယွမ် တွေ့လိုက်ရသည်။
လင်းယွမ်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။ ဤနေရာတွင်လည်း ရိက္ခာများကို လုယက်ရင်း တင်းမာသော အခြေအနေများ ဖြစ်ပွားခဲ့ဖူးသည်မှာ သိသာထင်ရှားလှသည်။
ထင်သည့်အတိုင်းပင် သူတို့က အတွင်းဘက်သို့ ဆက်လက် လျှောက်သွားသောအခါ စူပါမားကတ်ငယ်လေး တစ်ခုဆီသို့ ရောက်ရှိသွားကြသည်။
စူပါမားကတ် အတွင်းရှိ ပစ္စည်းများမှာ စောစောစီးစီးကပင် ပြောင်သလင်းခါအောင် ယူဆောင်သွားခြင်း ခံခဲ့ရပြီး စားသောက်၍ မရသော အရာများသာ ကျန်ရစ်နေခဲ့သည်။
ဥပမာအားဖြင့် ကလေးကစားစရာများ၊ ပင်ပေါင်ဘောလုံး စသည်တို့သာ ဖြစ်သည်။
"ဟင်... ဆရာလင်း... ဒီဘက်ကို ကြည့်ပါဦး"
နိချီက ရုတ်တရက် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး မြေပြင်ကို လက်ညှိုးထိုးကာ လှမ်းခေါ်လိုက်သည်။
လင်းယွမ်က လျှောက်သွားပြီး မြေပြင်ကို ကြည့်လိုက်ရာ ရှင်းလင်းပြတ်သားနေသော ခြေရာတစ်တန်းကို တွေ့လိုက်ရသည်။
"ဒီခြေရာတွေက အရမ်း ရှင်းနေတယ်... ကြည့်ရတာ ဒီကို လာသွားတာ သိပ်မကြာသေးဘူး ထင်တယ်" ဟု နိချီက တိုးညင်းစွာ သုံးသပ်လိုက်သည်။
လင်းယွမ်ကလည်း ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ "မဆိုးဘူး... ကြည့်ရတာ ဒီမှာ အသက်ရှင်ကျန်ရစ်သူတွေ ရှိနေသေးတာ သေချာတယ်"
"အစ်ကိုချင်းဟွာတို့များ ဖြစ်နေမလား" ဟု နိချီက မနေနိုင်ဘဲ မေးလိုက်သည်။
လင်းယွမ်က ခေါင်းအနည်းငယ် ခါယမ်းလိုက်သည်။ "ဒါက လူတစ်ယောက်တည်းရဲ့ ခြေရာပဲ... သူတို့က အတူတူ ထွက်လာကြတာဆိုတော့ တစ်ယောက်တည်း ထွက်လာဖို့ ဖြစ်နိုင်ခြေ အရမ်းနည်းတယ်"
"ပြီးတော့ သူတို့က မျိုးရိုးဗီဇမျိုးစေ့ အဆင့်ရှိတဲ့ သန္ဓေပြောင်း သတ္တဝါတွေကို အမဲလိုက်ဖို့ လာကြတာ... ပစ္စည်းလာရှာတာ မဟုတ်ဘူးလေ... ရက်ပိုင်းလေးပဲ ရှိသေးတာ သူတို့ဆီက ပစ္စည်းတွေ ဒီလောက်မြန်မြန် ကုန်သွားစရာ အကြောင်းမရှိဘူး"
စကားပြောနေစဉ်မှာပင် လင်းယွမ်၏ နားရွက်များက အနည်းငယ် လှုပ်ခတ်သွားပြီး အဝေးရှိ စင်္ကြံလမ်းဆီသို့ အလျင်အမြန် လှည့်ကြည့်လိုက်သည်။
"ဘာဖြစ်..."
"ရှူး..."
လင်းယွမ်က သူ့အား ခေါင်းခါပြလိုက်ပြီး အနီးရှိ ကုန်ပစ္စည်းစင်ဘေးသို့ အလျင်အမြန် ဆွဲခေါ်ကာ ပုန်းကွယ်လိုက်သည်။
နိချီ တစ်ယောက် သံသယဖြစ်နေစဉ်မှာပင် သိပ်မကြာမီ၌ စင်္ကြံလမ်းထဲမှ ခပ်ဖွဖွ ခြေသံများကို ကြားလိုက်ရသည်။
သူ၏ မျက်လုံးများက ချက်ချင်း စူးရှသွားပြီး တစ်ခဏမျှ စဉ်းစားကာ လင်းယွမ်၏ လက်မောင်းကို လှမ်းဆွဲလိုက်သည်။
လင်းယွမ်က မျက်ခုံးပင့်ကာ နိချီ့ကို ကြည့်လိုက်သည်။
နိချီက သူ၏ အစွမ်းကို ဖွင့်သုံးလိုက်ရာ ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိ အရာအားလုံးက ကြီးမားသွားသကဲ့သို့ လင်းယွမ် ခံစားလိုက်ရသည်။
သို့သော် ချက်ချင်းပင် သူ သဘောပေါက်သွားသည်။ ပတ်ဝန်းကျင်ရှိ ပစ္စည်းများက ကြီးမားသွားခြင်း မဟုတ်ဘဲ သူ သေးငယ်သွားခြင်းပင် ဖြစ်သည်။
နိချီက သူ၏ ကိုယ်ပိုင်အစွမ်းကို အသုံးပြုလိုက်ခြင်းပင် ဖြစ်ပေသည်။
နိချီက သူ့ကိုယ်သူနှင့် လင်းယွမ်အား သေးငယ်သွားစေခြင်းဖြင့် ပုန်းကွယ်ရန် ပိုမို လွယ်ကူသွားစေမည် ဖြစ်ကြောင်း သူ ချက်ချင်း နားလည်လိုက်သည်။
ထို့ကြောင့် သူက နိချီ့အား လက်မထောင်ပြလိုက်ရာ နိချီကလည်း ပြုံးပြလိုက်သည်။
ထိုအချိန်တွင် ခြေသံများက နီးကပ်လာခဲ့ပြီ ဖြစ်သည်။
လင်းယွမ်နှင့် နိချီတို့က ချက်ချင်းပင် ခေါင်းမော့ကာ ကြည့်လိုက်ကြသည်။
အမှောင်ထုထဲတွင် အရပ်မမြင့်ဘဲ အနည်းငယ် ပိန်ပါးသော ပုံရိပ်တစ်ခုက ဆိုင်လေးဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာသည်။
ထိုသူ၏ ခန္ဓာကိုယ် အချိုးအစားကို ကြည့်ရသည်မှာ အမျိုးသမီး တစ်ဦးနှင့် တူပေသည်။
သို့သော် တစ်ဖက်လူက ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးကွယ်ထားပြီး ပွယောင်းသော ဝတ်ရုံကို ဝတ်ဆင်ထားသောကြောင့် လင်းယွမ် အတိအကျ မပြောနိုင်ပေ။
ရောက်လာသူက ဆိုင်အနီးသို့ ချဉ်းကပ်လာသော်လည်း ချက်ချင်း ဝင်မလာဘဲ တံခါးဝတွင် တစ်ခဏမျှ အကဲခတ်နေသည်။ အချိန်အနည်းငယ် ကြာပြီးနောက် အတွင်း၌ လူမရှိကြောင်း သေချာသွားမှသာ အထဲသို့ ဝင်ရောက်လာခဲ့သည်။
ထိုသူက ကုန်ပစ္စည်းစင်များပေါ်တွင် ပစ္စည်းများကို လိုက်မရှာဘဲ ကုန်ပစ္စည်းစင်၏ အနက်ရှိုင်းဆုံး အပိုင်းဆီသို့ တန်းတန်းမတ်မတ် ပြေးသွားတော့သည်။
လင်းယွမ်နှင့် နိချီတို့က အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် သူတို့နှစ်ဦးကလည်း ချက်ချင်းပင် နောက်မှ လိုက်သွားခဲ့ကြသည်။
ကုန်ပစ္စည်းစင်ကို ဖြတ်ကျော်သွားပြီးမှသာ ဤကုန်ပစ္စည်းစင်များ၏ အနက်ရှိုင်းဆုံး အပိုင်းတွင် အခန်းငယ်လေး တစ်ခု ရှိနေကြောင်း လင်းယွမ် သတိထားမိသွားသည်။
ထိုသူက အခန်းတံခါးငယ်ကို ဖွင့်လိုက်ပြီးနောက် လက်ပြန်လှည့်ကာ တံခါးကို ပြန်ပိတ်လိုက်သည်။
လင်းယွမ်နှင့် နိချီတို့က အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြရာ နိချီက "ဒီလိုအခန်းမျိုးက ပုံမှန်အားဖြင့် စူပါမားကတ်ရဲ့ အခန်းငယ်လေးပဲ... အထဲမှာ ကုန်ပစ္စည်းတွေ ဘာတွေ ရှိစရာ အကြောင်းမရှိဘူး" ဟု တိုးညင်းစွာ ပြောလိုက်သည်။
လင်းယွမ်က သူ၏ ပခုံးကို ပုတ်လိုက်ပြီး "ကိစ္စမရှိပါဘူး... ဒီလူက သာမန် အစွမ်းပိုင်ရှင် တစ်ယောက်ပါပဲ... စိုးရိမ်စရာ မလိုပါဘူး" ဟု ပြောလိုက်သည်။
သူက စွမ်းအင်တိုင်းမျက်မှန်ဖြင့် ကြည့်ရှုပြီးဖြစ်ရာ တစ်ဖက်လူ၏ အဓိက အရည်အသွေးမှတ်က ၃၄ မှတ်သာ ရှိပေသည်။
နိချီက ထိုစကားကို ကြားသောအခါ "ဒါဆိုရင်တော့ လွယ်သွားပြီပေါ့" ဟု ရယ်မောကာ ပြောလိုက်သည်။
သူက အစွမ်းကို ပြန်လည် ရုပ်သိမ်းလိုက်ရာ သူတို့နှစ်ဦးက မူလအရွယ်အစားသို့ အလျင်အမြန် ပြန်လည် ရောက်ရှိသွားသည်။
လင်းယွမ်က ရှေ့သို့ တစ်လှမ်း တက်လိုက်ပြီး လက်တစ်ဖက်တည်းဖြင့် ထိုအခန်းငယ်၏ တံခါးကို အားကုန် တွန်းဖွင့်လိုက်သည်။
"ဒုန်း"
တံခါးကို တွန်းဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် အမည်းရောင် ပုံရိပ်တစ်ခုက ရှေ့မှနေ၍ လျှပ်တစ်ပြက် ထွက်ပေါ်လာပြီး ချွန်ထက်လှသော အလင်းတန်းတစ်ခုက လင်းယွမ်ဆီသို့ ထိုးစိုက်လာခဲ့သည်။
လင်းယွမ်က မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မရှိဘဲ ရှောင်တိမ်းခြင်းပင် မပြုခဲ့ပေ။
စိတ်စွမ်းအင်ကို အသုံးပြုလိုက်သည်နှင့် ဒိုင်းခနဲ အသံတစ်သံ ထွက်ပေါ်လာသည်။
ပုံသဏ္ဌာန်မဲ့ စိတ်စွမ်းအင် နံရံက ပတ်ဝန်းကျင် တစ်ခုလုံးကို ပိတ်လှောင်လိုက်ရာ ရောက်လာသူ၏ ဓားသွားက ထိုးစိုက်နိုင်ခြင်း မရှိသေးခင်မှာပင် သူမ၏ တစ်ကိုယ်လုံးက လေထဲသို့ လွင့်ပျံသွားတော့သည်။
ဤမြင်ကွင်းက အစောပိုင်း ဟန်လုံစင်တာတွင် ထိုခေါင်းကြီးခလေးက လင်းယွမ်တို့အား ရင်ဆိုင်ခဲ့သည့် နည်းလမ်းနှင့် အလွန်ပင် တူညီနေသည်။
ယခုအခါ စိတ်စွမ်းအင် အမှတ် ၈၃.၅ သို့ ရောက်ရှိပြီးနောက် လင်းယွမ်ကလည်း ဤကဲ့သို့သော အရာများကို လွယ်ကူစွာ ပြုလုပ်နိုင်နေပြီ ဖြစ်သည်။
ထိုလူကွေးလေးက လင်းယွမ်၏ အစွမ်းထက်သော စိတ်စွမ်းအင်ကြောင့် လေထဲတွင် ချုပ်နှောင်ခံလိုက်ရရာ ချက်ချင်းပင် အထိတ်တလန့် ဖြစ်သွားပြီး ပြင်းထန်စွာ ရုန်းကန်လာတော့သည်။
"ကျွန်မကို လွှတ်"
ထိုလူကွေးလေးက ဒေါသတကြီး အော်ဟစ်လိုက်ရာ သူမ၏ အသံက ငွေခေါင်းလောင်းလေးကဲ့သို့ ကြည်လင်နေပေသည်။
တကယ်ပဲ မိန်းကလေး တစ်ယောက် ဖြစ်နေတာကိုး။
လင်းယွမ်က မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး "မင်း နာမည် ဘယ်လိုခေါ်လဲ" ဟု အေးစက်သော အသံဖြင့် မေးလိုက်သည်။
"ရှင်တို့ သတ္တိရှိရင် ကျွန်မကို သတ်လိုက်ပါ"
မိန်းကလေးက လင်းယွမ်ဆီသို့ တံတွေးထွေးချလိုက်ပြီး နာကြည်းစွာဖြင့် ပြောလိုက်သည်။
ထိုတံတွေးက လေထဲတွင်ပင် ရပ်တန့်သွားခဲ့ရာ သဘာဝကျစွာပင် လင်းယွမ်၏ ရှေ့သို့ ရောက်မလာနိုင်ခဲ့ပေ။
နိချီက သိချင်စိတ်ဖြင့် "သူက မိန်းကလေး တစ်ယောက်တည်း အပြင်ထွက်လာတယ်ဆိုတော့ ဘာတွေများ အားကိုးစရာ ရှိနေလို့လဲ... ဒါမှမဟုတ် တခြား အကြောင်းရင်း တစ်ခုခုများ ရှိနေမလား" ဟု မေးလိုက်သည်။
လင်းယွမ်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ မိန်းကလေး၏ ခေါင်းပေါ်ရှိ ခေါင်းစွပ်က စိတ်စွမ်းအင်ကြောင့် ချက်ချင်း ကျွတ်ထွက်သွားသည်။
သို့သော် ထိုမိန်းကလေး၏ ရုပ်သွင်ကို မြင်လိုက်ရသောအခါ လင်းယွမ်နှင့် နိချီတို့မှာ အလွန် အံ့အားသင့်သွားကြသည်။
ထိုမိန်းကလေးတွင် လူသားများကဲ့သို့ မျက်နှာအင်္ဂါရပ်များနှင့် ဆံပင်များ ရှိနေသော်လည်း သူမ၏ အသားအရေက ပုံမှန်မဟုတ်ဘဲ ဖြူဖွေးနေပြီး နဖူးတွင်မူ ကွမ်ရင်မယ်တော်ကဲ့သို့ ပန်းရောင် အကြေးခွံတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။
ယခုအခါ သူမ၏ ဒေါသစိတ်များ ပြန့်နှံ့လာသည်နှင့်အမျှ မျက်နှာ၊ လည်ပင်းစသည့် ဖုံးကွယ်မထားသော အစိတ်အပိုင်းများတွင် ပန်းရောင် အကြေးခွံ အမြောက်အမြား စတင် ထွက်ပေါ်လာတော့သည်။
နိချီက အံ့ဩတကြီးဖြင့် "ရေလူသား လား" ဟု ရေရွတ်လိုက်သည်။
လင်းယွမ်ကလည်း ကျန်းဖန်၏ အစွမ်းကို ချက်ချင်း သတိရသွားသည်။
ထိုက်ယန်တောင်ထဲတွင် ကျန်းဖန်က ရေလူသား အစွမ်းကို ပိုင်ဆိုင်ထားသည့် တစ်ဦးတည်းသော သူ ဖြစ်သည်။
သူက ဒဏ္ဍာရီလာ ရေလူသားအဖြစ် အသွင်ပြောင်းနိုင်ပြီး ရေအောက်တွင် အသက်ရှူနိုင်ရုံသာမက ထွက်ပေါ်လာသော အကြေးခွံများကလည်း အစွမ်းထက်သော အကာအကွယ် စွမ်းအားကို ပိုင်ဆိုင်ထားပေသည်။
သူ့ကိုယ်၌ကလည်း အစွမ်းထက်သော ခွန်အားနှင့် ရေအောက် အလျင်ကို ပိုင်ဆိုင်ထားပေသည်။
သူ့ရှေ့ရှိ ဤမိန်းကလေးတွင်လည်း ဆင်တူသော အစွမ်းရှိနေလိမ့်မည်ဟု လင်းယွမ် လုံးဝ မထင်ထားခဲ့ပေ။
သို့သော် သေချာ ကြည့်မည်ဆိုလျှင် သူမနှင့် ကျန်းဖန်၏ ရေလူသား အစွမ်းက အနည်းငယ် ကွာခြားမှု ရှိပေသည်။
သူမ၏ အကြေးခွံများက ကျန်းဖန်ကဲ့သို့ အပြာရင့်ရောင် မဟုတ်ဘဲ ပန်းရောင် ဖြစ်နေသည်။
ထိုသို့ ဖြစ်ရခြင်းမှာ လိင်ကွဲပြားမှုကြောင့်လား သို့မဟုတ် အခြား အကြောင်းရင်း တစ်ခုခုကြောင့်လားဆိုတာကိုမူ မသိရပေ။
လင်းယွမ်က သူမ၏ လက်များကို ထပ်မံ ကြည့်လိုက်သည်။
သူမ၏ လက်များတွင် လက်အိတ်များ ဝတ်ဆင်ထားသည်ကို တွေ့လိုက်ရရာ တစ်ခုခုကို ဖုံးကွယ်ထားရန် ရည်ရွယ်ထားပုံရသည်။
လင်းယွမ်က ချက်ချင်းပင် စိတ်စွမ်းအင်ကို အသုံးပြုကာ သူမ၏ လက်အိတ်များကို တိုက်ရိုက် ဆွဲချွတ်လိုက်သည်။
ထိုအခါ သူမ၏ လက်ချောင်းများကလည်း ရေဘဲခြေထောက်ကဲ့သို့ အမြှေးပါးများ ဖြစ်ပေါ်နေပြီး ချိတ်ကဲ့သို့ ထက်မြက်ကာ သိသာထင်ရှားသော ချွန်ထက်သည့် လက်သည်းများ ရှိနေသည်ကို တွေ့လိုက်ရသည်။
ဤပုံစံက ကျန်းဖန်နှင့် ခွဲခြား၍ မရနိုင်လောက်အောင်ပင် အလွန် တူညီနေပေသည်။
လင်းယွမ်က "မင်းက ရေလူသား အစွမ်းပိုင်ရှင်လား" ဟု မေးလိုက်သည်။
မိန်းကလေးက ပါးစပ်ကို ဟကာ ချွန်ထက်သော အစွယ်များကို ဖော်ပြလိုက်ပြီး "ကျွန်မကို လွှတ်ပေးပါ... ကျွန်မကို လွှတ်ပေးပါ... ကျွန်မ ဘာမှ ပြောမှာ မဟုတ်ဘူး... ရှင်တို့ အဲ့လိုလုပ်ဖို့ လုံးဝစိတ်မကူးနဲ့" ဟု ဒေါသတကြီး အော်ဟစ်လိုက်သည်။
လင်းယွမ်က မျက်မှောင်ကြုတ်လိုက်သည်။ ဤမိန်းကလေးက သူတို့နှစ်ဦးအပေါ် တစ်ခုခု အထင်လွဲနေပုံရသည်။
နိချီက အလျင်အမြန် ရှေ့ထွက်ကာ "ဒီမှာ... ကျွန်တော်တို့က လူဆိုးတွေ မဟုတ်ပါဘူး... ကျွန်တော်တို့ သူငယ်ချင်းတွေကို လာရှာတာပါ" ဟု ရှင်းပြလိုက်သည်။
"ရှင်တို့ ထွက်သွားကြ"
မိန်းကလေးက ဒေါသတကြီး အော်ဟစ်လိုက်ပြီး နိချီကို အနားကပ်မခံဘဲ နိချီ့အား တိုက်ခိုက်ရန် ရုန်းကန်နေသော်လည်း ခန္ဓာကိုယ်ကို လုံးဝ ထိန်းချုပ်နိုင်ခြင်း မရှိပေ။
သူမက နိချီ့အပေါ် ပြင်းထန်သော ရန်လိုမှု ရှိနေသည်မှာ သိသာထင်ရှားလှသည်။
လင်းယွမ်က "မင်းကို လွှတ်ပေးလို့ ရတယ်... ဒါပေမဲ့ ငါ့မေးခွန်း နည်းနည်းတော့ မင်း ဖြေပေးဖို့ လိုလိမ့်မယ်" ဟု လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"မဖြစ်နိုင်တာ... ရှင် အိမ်မက်မက်နေလိုက်ပါ... ကျွန်မ ဘာမှ ပြောမှာ မဟုတ်ဘူး"
လင်းယွမ်က မျက်မှောင်ကြုတ်လိုက်ရာ နိချီက မနေနိုင်ဘဲ "ကျွန်တော်တို့က သူငယ်ချင်းတွေကို လာရှာတာ... တကယ် လူဆိုးတွေ မဟုတ်ပါဘူး" ဟု ပြောလိုက်သည်။
မိန်းကလေးက ကြောင်အသွားပြီး ရန်လိုနေသော မျက်နှာထားက အနည်းငယ် တုံ့ဆိုင်းသွားသည်။ သူမက လင်းယွမ်နှင့် နိချီတို့ကို အကဲခတ် ကြည့်ရှုလိုက်ပြီး ရုတ်တရက် တစ်ခုခုကို သတိပြုမိသွားကာ "ရှင်... ရှင်တို့က အပြင်ကနေ ရောက်လာတာလား... ရှင်တို့က ဒီကလူတွေ မဟုတ်ဘူးလား" ဟု စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
ဆက်ရန်... နောက်တစ်အုပ်မှာဆိုရင်တော့ ဒီဟင်းလင်းပြင်ထဲမှာ လင်းယွမ် ဘယ်လိုအထူးအဆန်းတွေနဲ့ ကြုံရမလဲ၊ ဘယ်လိုတိုက်ပွဲတွေ စောင့်ကြိုနေမလဲ၊ တင်းယန်တို့အဖွဲ့ကရော ဘယ်ကိုရောက်နေလဲ၊ ရေလူသားမလေးကရော လူသားအစွမ်းပိုင်ရှင်သပ်သပ်ဟုတ်ရဲ့လား၊ ဒီဟင်းလင်းပြင်ခေါက်ချိုးနယ်မြေက တစ်ခြားနေရာတွေနဲ့ရော ဆက်သွယ်နေသလား လင်းယွမ်နောက်ထပ် မျိုးရိုးဗီဇမျိုးစေ့ နိုးထဦးမှာလား စတာတွေကို ဆက်ပြီးစောင့်မျှော်ဖတ်ရှုပေးပါဦးနော်။