ဤမြင်ကွင်းသည် သူ့အား မြေအောက်ကမ္ဘာ၏ အဝင်ဝနားရှိ သံမဏိအခန်းလေးထဲမှ အရိုးစုကြီးကို ပြန်လည်သတိရသွားစေ၏။
အဲဒီတုန်းကလည်း ခဲခဲသည် အဆိုပါဦးခေါင်းခွံကို ဘောလုံးတစ်လုံးကဲ့သို့ ကစားခဲ့သဖြင့် သူ့ကို လန့်သွားစေခဲ့ဖူးပေသည်။
ဤကောင်မလေးသည် ဘောလုံးနှင့်တူသော အလုံးမှန်သမျှကို ကစားချင်စိတ် ပေါက်နေသလား မသိနိုင်ချေ။
သို့သော် လူခေါင်းနှင့် ကစားခြင်းမှာမူ နည်းနည်းလွန်လွန်းနေ၏။
လီဝမ်ရှီးသည် ကြောက်ရွံ့နေရာမှ ဂရုမစိုက်နိုင်တော့ဘဲ ခဲခဲကို အမြန်ပြေးချီလိုက်၏။
ပြီးနောက် သူမ၏ ကျောပိုးအိတ်ထဲမှ ရေပုလင်းလေးကို ထုတ်ယူကာ ခဲခဲ၏ လက်သည်းလေးများကို ဆေးကြောပေးတော့ချေသည်။
"အီး"
ခဲခဲသည် အချီခံလိုက်ရပြီးနောက် ရေနှင့် ဆေးကြောခြင်း ခံနေရသည့်အခါတွင်မူ သူမ၏ မျက်နှာလေးတွင် 'ဘာဖြစ်လို့လဲ' ဆိုသော မေးခွန်းသင်္ကေတကြီး ပေါ်နေရှာ၏။
ချီရွှယ်ဖေးသည် ဤမြင်ကွင်းကို အံ့သြတကြီး ကြည့်နေပြီးမှ မနေနိုင်ဘဲ ရယ်မောလိုက်မိ၏။
"ဟီးဟီး... ရွှီရှင်း၊ နင့်ရဲ့ အိမ်မွေးတိရစ္ဆာန်လေးက နင့်လိုပဲ အကြိုက်က တော်တော်လေး ထူးဆန်းတာပဲနော်"
"ကျွန်တော့်အကြိုက် ဘယ်တုန်းက ထူးဆန်းလို့လဲ"
ရွှီရှင်းလည်း ဘာမှမတတ်နိုင်သလို ပြန်ပြောလိုက်မိ၏။
ဤကောင်မလေးသည် သူ၏ နာမည်ကောင်းကို ဖျက်ဆီးနေချေပြီ။
လီဝမ်ရှီး ချီသွားသော ခဲခဲကို ကြည့်ရင်း ရွှီရှင်းက ခဲခဲ၏ ခေါင်းလေးကို အသာအယာ တောက်လိုက်၏။
ခဲခဲက သူမ၏ လက်သည်းလေးများနှင့် ခေါင်းကို အုပ်ကာ ကန့်ကွက်နေလေသည်။
"အီး အီး အီး"
"တကယ်ပဲ... ဒီလိုတွေ လျှောက်မလုပ်ရဘူးလေ"
လီဝမ်ရှီးက ခဲခဲ၏ လက်သည်းများကို ဆေးပေးရင်း သူမသည်လည်း ခဲခဲ၏ နဖူးလေးကို အသာအယာ တောက်လိုက်ပြန်သည်။
"နောက်ကျရင် ဒါမျိုးတွေ မလုပ်နဲ့တော့နော်၊ ကြားလား"
"အီး..."
ခဲခဲလည်း အတော်လေး စိတ်ညစ်သွားပုံရပြီး လီဝမ်ရှီး၏ ရင်ခွင်ထဲတွင် ခေါင်းလေး ဝှက်ထားလိုက်တော့သည်။
"ကဲ... စိတ်မကောင်းမဖြစ်ပါနဲ့၊ နောက်ကျရင် မင်းကစားဖို့အတွက် ထူးခြားတဲ့ ဘောလုံးတစ်လုံး ငါလုပ်ပေးပါ့မယ်"
ရွှီရှင်းက ခဲခဲ၏ ကျောပေါ်မှ အမွေးလေးများကို ပွတ်သပ်ပေးရင်း ရယ်ချင်စိတ်ကို အောင့်ထားကာ ပြောလိုက်၏။
"အီး.."
ခဲခဲ မှာ ချက်ချင်းပင် စိတ်ညစ်မှုများ ပျောက်ကွယ်သွားပြီး ရွှီရှင်းကို ကြည့်ကာ ခေါင်းလေး ညိတ်ပြနေတော့သည်။
သူမ၏ အမြီးကြီးမှာလည်း စိတ်လှုပ်ရှားစွာဖြင့် ယမ်းနေချေသည်။
ချီရွှယ်ဖေးသည် ဤချစ်စရာကောင်းသော သတ္တဝါလေးကို ကြည့်ပြီး စူးစမ်းချင်စိတ်နှင့်အတူ ကိုင်ကြည့်ချင်စိတ်များ တဖွဖွ ပေါ်လာ၏။
"ငါ ကိုင်ကြည့်လို့ ရမလား"
ရွှီရှင်းနှင့် လီဝမ်ရှီးတို့ ဘာမှမပြောရသေးခင်မှာပင် ခဲခဲသည် လီဝမ်ရှီး၏ ကျောဘက်သို့ လျှောတိုက်ဆင်းသွားပြီး ခေါင်းလေး ပြူထွက်လျက် ငြင်းဆန်သော အမူအရာ ပြနေတော့သည်။
"မရဘူး ထင်တယ်"
ရွှီရှင်းက ပုခုံးတွန့်ပြလိုက်၏။
"သူက ရှက်တတ်တယ်။ အစ်မက ဒီနေ့မှ စတွေ့တာဆိုတော့ သူက အကိုင်မခံသေးတာပါ"
"နင်နဲ့ ဝမ်ရှီးလည်း ဒီနေ့မှ လူချင်း စတွေ့တာ မဟုတ်ဘူးလား"
"အဲဒါက မတူဘူးလေ"
လီဝမ်ရှီးက ခဲခဲကို သူမ၏ ရင်ခွင်ထဲ ပြန်ဆွဲသွင်းလိုက်ပြီး ဗိုက်လေးကို ပွတ်ပေးရင်း ရှင်းပြ၏။
"ညီမက ရွှီရှင်းနဲ့ နေ့တိုင်း ဗီဒီယိုကော ပြောနေတာလေ။ ပြောတိုင်းလည်း ခဲခဲက ညီမကို မြင်နေရတာဆိုတော့ သူက ညီမနဲ့ ရင်းနှီးနေပြီးသား။ ဟုတ်တယ်မလား ခဲခဲ"
ချီရွှယ်ဖေး၏ မျက်နှာပေးသည် ခန့်မှန်းရခက်သော အပြုံးလေးတစ်ခုနှင့်အတူ...
"နေ့တိုင်း ဗီဒီယိုကော ပြောကြတာပေါ့ ဟုတ်လား။ အရင်ကတော့ ငါ့ကို ပြောတုန်းက နင်တို့နှစ်ယောက်က စာပဲ ပို့ကြတာ၊ တစ်ခါတလေမှ အသံနဲ့ နှစ်ခွန်းလောက် ပြောဖြစ်ကြတာဆို"
"အာ..."
လီဝမ်ရှီး မျက်နှာလေး နီရဲသွားပြီး အကြည့်ကို လွှဲလိုက်၏။
"ဘယ်က နေ့တိုင်း ဗီဒီယိုကောပြောရမှာလဲ။ ညီမ ခုနက နေ့တိုင်း ဗီဒီယိုကော ပြောတယ်လို့ ပြောလိုက်မိလို့လား"
"ဟားဟား... ကဲပါ၊ ခဲခဲနှင့် ရင်းနှီးသွားပြီဆိုရင်တော့ သူ ကိုင်ခိုင်းမှာပါ။"
ရွှီရှင်းက လီဝမ်ရှီး ရင်ခွင်ထဲက ခဲခဲ၏ အမြီးကြီးကို ပွတ်ပေးလိုက်ရင်း သူတို့နှစ်ယောက်ကို ပြောလိုက်၏။
"ကဲ... ခပ်ဝေးဝေးမှာ သွားနေကြဦး။ ဒီသစ်ပင်အိမ် အောက်ခြေကို ပေါက်ကွဲ မြှား နဲ့ ဖောက်မလို့"
"ဒါကို ဖောက်ဖို့ လိုသေးတာလား"
လီဝမ်ရှီးက သစ်ပင်အိမ်ကို မော့ကြည့်လိုက်၏။
အမှန်ပင် မဖောက်လျှင်တော့ အထဲကို ဝင်ရန် တကယ် ခက်ခဲမှာဖြစ်သည်။
သူတို့နှစ်ယောက်လည်း ခဲခဲကို ချီပြီး သစ်ပင်အိမ်နှင့် မီတာ ၁၀ ကျော် အကွာအဝေးသို့ ဆုတ်ခွာသွားကြ၏။
ရွှီရှင်းသည်လည်း ခပ်လှမ်းလှမ်းတွင် ရပ်လိုက်ပြီး မြှားသေနတ်ထဲသို့ ပေါက်ကွဲ မြှား တစ်စင်း ထည့်ကာ သစ်ပင်အိမ်အောက်ခြေကို ချိန်ရွယ်ပြီး ခလုတ်ကို ဆွဲလိုက်သည်။
"ဝုန်း"
သစ်ပင်အိမ် အောက်ခြေကနေ ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။
မီးခိုးများ စဲသွားသည့်အခါ ရွှီရှင်း မျက်မှောင်ကြုတ်လိုက်မိသည်။
အောက်ခြေရှိ သစ်ရွက်များမှာ ပေါက်ကွဲမှုကြောင့် ပျောက်ကွယ်ကုန်ပြီ ဖြစ်သော်လည်း၊ သစ်ပင်အိမ်၏ သစ်သားကြမ်းပြင် ပြင်ပပိုင်းမှာမူ ထွက်လာရုံသာ ရှိသေး၏။
ကြမ်းပြင်တစ်ခုလုံးသည် အံ့သြစရာကောင်းလောက်အောင် ပျက်စီးမှု သိပ်မရှိဘဲ၊ ပေါက်ကွဲထားသည့် အမှတ်အသားလေးများသာ ရှိနေချေသည်။
"ဘယ်လိုလဲ ပွင့်သွားပြီလား"
လီဝမ်ရှီးက မီတာ ၁၀ အကွာမှ လှမ်းမေး၏။
"မပွင့်သေးဘူး၊ နောက်တစ်ခါ ထပ်ကြိုးစားကြည့်မယ်"
ရွှီရှင်းသည် နောက်ထပ် ပေါက်ကွဲ မြှား တစ်စင်းကို ထပ်ထည့်ပြီး ခုနက ပေါက်ကွဲထားသော နေရာကိုပင် ထပ်ချိန်ပြီး ပစ်လိုက်ပြန်သည်။
သစ်သားစများ လွင့်စင်သွားကာ အကျိုးသက်ရောက်မှု ရှိလာ၏။
သို့သော် သိပ်မပြင်းထန်လှဘဲ တိမ်တိမ်လေးသာ ပွင့်သွားချေသည်။
"ဟင် ဒီသစ်ပင်အိမ်က... ဒီလောက်တောင် မာတာလား"
ပေါက်ကွဲ မြှား များသည် စင်တီမီတာ ဆယ်ဂဏန်းလောက် ထူသော သစ်ပင်တစ်ပင်ကို တိုက်ရိုက် ဖောက်ထွက်သွားနိုင်သည့် အစွမ်းရှိသည်။
သို့သော် ဘာကြောင့် သစ်ပင်အိမ်ပေါ်တွင် ပျက်စီးမှုက ဤမျှနည်းနေရသနည်း။
ရွှီရှင်းသည် လုဖေးအာနှင့် ကပ်ပါးသစ်ပင်အိမ် ၀၂ ထဲတွင် တိုက်ခိုက်စဉ်က ပေါက်ကွဲ မြှား များကို အသုံးပြုခဲ့သည်ကို ရုတ်တရက် သတိရသွားသည်။
အဲဒီတုန်းက သစ်ပင်အိမ်၏ အတွင်းနံရံများ ပျက်စီးမှုသည် ယခုထက် အများကြီး ပိုကြီးမားခဲ့၏။
ဒါက အပြင်ဘက်ပိုင်းက ပိုပြီး မာနေတာလား။
ဒါမှမဟုတ် ကပ်ပါးသစ်ပင်အိမ်ရဲ့ ခံစစ်က သာမန်သစ်ပင်အိမ်ထက် ပိုပြီး အားနည်းနေတာလား။
ရွှီရှင်း မြှားသေနတ် ကို ပြန်သိမ်းလိုက်၏။
ပေါက်ကွဲ မြှား တစ်စင်း နှစ်စင်းလောက်နှင့် ပွင့်သွားမည်ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်သည်။
အခုလို မပွင့်မှတော့ သူ၏ လှံပုဆိန် ကို အသုံးပြုကြည့်ခြင်းက ပိုကောင်းပါလိမ့်မည်။
"ဘာဖြစ်လို့လဲ။ ဖောက်လို့ မရဘူးလား။"
လီဝမ်ရှီးက နောက်မှ လှမ်းမေး၏။
"အင်း... ငါ့ရဲ့ လှံပုဆိန် နဲ့ပဲ ကြိုးစားကြည့်ရတော့မယ်"
လှံပုဆိန် သည် သုံးမီတာလောက် ရှည်ပြီး၊ သစ်ပင်အိမ်အောက်ခြေမှာလည်း သုံးမီတာလောက်သာ မြင့်၏။
ရွှီရှင်းသည် လှံကိုကိုင်ပြီး သစ်ပင်အိမ်အောက်ခြေကို ပတ်၍ ဖောက်နိုင်၏။
သူသည် သစ်ပင်အိမ်အောက်ခြေကို အားနှင့် ထိုးလိုက်သည့်အခါတွင်မူ "ဂျောက်" ဆိုသော အသံနှင့်အတူ လှံသည် ကြမ်းပြင်ထဲသို့ စိုက်ဝင်သွား၏။
အတော်လေးတော့ လွယ်ကူလှသည်။
သို့သော် ကပ်ပါးသစ်ပင်အိမ် ၀၂ တုန်းက တိုက်ပွဲတွင် နံရံများကို လှီးဖြတ်ရသလိုမျိုး အားစိုက်စရာ မလိုသော ခံစားချက်မျိုးတော့ မဟုတ်ချေ။
ဒါ့အပြင် ယခု သူ၏ ခွန်အားသည် လုဖေးအာနှင့် တွေ့စဉ်ကထက် အများကြီး ပိုသန်မာနေသည်မဟုတ်ပါလား။
ထို့ကြောင့် သာမန်သစ်ပင်အိမ်၏ ခံစစ်က ကပ်ပါးသစ်ပင်အိမ်ထက် ပိုသန်မာသည်ကို ပြနေခြင်းဖြစ်သည်။
သို့သော် ကပ်ပါးသစ်ပင်အိမ်များသည် အကန့်အသတ်မရှိ ပြန်လည်ပြုပြင်နိုင်ပြီး ပြန်ရှင်သန်နိုင်စွမ်း ရှိသောကြောင့် တစ်ခုစီတွင် အားသာချက် ကိုယ်စီ ရှိကြသည်။
ရွှီရှင်းသည် သူ၏ လက်ကောက်ဝတ်နှင့် လက်မောင်းများကို အားစိုက်လိုက်ပြီး၊ ထက်မြက်လှသော လှံ၏ ဘေးသွားများဖြင့် သစ်ပင်အိမ်အောက်ခြေတွင် စက်ဝိုင်းပုံစံကို ဖြည်းဖြည်းချင်း လှီးဖြတ်လိုက်လေတော့သည်။
---
အခန်း ၂၅၆ ပြီး။