ရွှီရှင်း ပေါက်ကွဲ မြှား များ ဆက်မသုံးတော့သည်ကို မြင်သောအခါ သူတို့နှစ်ယောက်လည်း အနားသို့ လျှောက်လာကြ၏။
"နင့်ရဲ့ လှံက တော်တော်ထက်တာပဲ။ ဒါက သံမဏိလက်နက်လား"
လှံပုဆိန်သည် သစ်ပင်အိမ်၏ အောက်ခြေကို တို့ဟူးတုံး လှီးဖြတ်သလို အလွယ်တကူ ဖြတ်တောက်နေသည်ကို ကြည့်ပြီး ချီရွှယ်ဖေးမှာ အံ့သြနေမိ၏။
"ခရမ်းရောင်အဆင့် သံမဏိလက်နက်လေ။ ခရမ်းရောင်အဆင့်တွေထဲမှာတောင် အသန်မာဆုံးပဲ။ သတိထားဦး"
ရွှီရှင်းက သတိပေးရင်း သူကိုယ်တိုင်လည်း နောက်သို့ နှစ်လှမ်းခန့် ဆုတ်လိုက်၏။
စက်ဝိုင်းပုံစံ အပေါက်ဖောက်ခြင်းမှာ ပြီးစီးသွားပြီဖြစ်ရာ စင်တီမီတာ ၃၀ ခန့်ထူသော သစ်ပင်အိမ် ကြမ်းပြင်ပြားကြီးသည် ယိမ်းထိုးလာပြီးနောက်မှ မြေပြင်ပေါ်သို့ "ဘုန်း" ကနဲ အသံနှင့်အတူ ပြုတ်ကျသွားတော့သည်။
"အီး..."
ခဲခဲသည် လီဝမ်ရှီး၏ ရင်ခွင်ထဲမှ ခုန်ထွက်သွားပြီး သစ်ပင်ပင်စည်အတိုင်း တွယ်တက်ကာ သစ်ပင်အိမ်ထဲသို့ အပေါက်မှတစ်ဆင့် လျှပ်တစ်ပြက်အတွင်း ဝင်ရောက်သွားချေပြီ။
ရွှီရှင်းသည်လည်း နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ကာ အရှိန်ယူပြီး သစ်ပင်ပင်စည်ကို နှစ်ချက်နင်းကာ ကြမ်းပြင်အပေါက်ဝကို လက်နှစ်ဖက်နှင့် လှမ်းဆွဲ၍ သစ်ပင်အိမ်ထဲသို့ လွှားကနဲ တက်သွား၏။
နောက်ဆုံးတော့ အထဲကို ရောက်သွားလေပြီ။
အိမ်ရှင်၏ ခွင့်ပြုချက်မရှိဘဲ ဤကဲ့သို့ သစ်ပင်အိမ်ထဲ ဝင်ရောက်ရန်မှာ အမှန်တကယ်ပင် ခက်ခဲလှ၏။
ဒါက သာမန် အစိမ်းရောင်အဆင့် သစ်ပင်အိမ်မို့လို့သာ ဖြစ်သည်။
တကယ်လို့ အပြာရောင်အဆင့်ဆိုရင် မြေပြင်ကနေ ခုနစ်မီတာလောက် မြင့်နေမှာဖြစ်ပြီး အဆင့်မြင့်လက်နက်တွေ မရှိရင်တော့ ဝင်ဖို့ဆိုတာ စိတ်ကူးကြည့်လို့တောင် မရနိုင်ချေ။
ခရမ်းရောင်အဆင့် သစ်ပင်အိမ်ဆိုရင်တော့ ပိုလို့တောင် ခက်ခဲဦးမည် ဖြစ်ပေသည်။
"ညီမလည်း အပေါ်တက်ကြည့်ချင်တယ်"
လီဝမ်ရှီးသည်လည်း ရွှီရှင်း၏ လှုပ်ရှားမှုကို အတုယူကာ သစ်ပင်အိမ်ထဲသို့ နှစ်လှမ်းတည်းနှင့် အလွယ်တကူ တွယ်တက်သွား၏။
ဘာပဲဖြစ်ဖြစ် သူမသည်လည်း ဤကမ္ဘာတွင် ခန္ဓာကိုယ်ကို အကြိမ်ကြိမ် မြှင့်တင်ထားသလို လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်ထားသူဖြစ်ရာ သူမ၏ ကြံ့ခိုင်မှုမှာ အတော်လေး ကောင်းမွန်နေချေပြီ။
ချီရွှယ်ဖေးမှာမူ ထိုကဲ့သို့ ကြံ့ခိုင်မှုမျိုး မရှိသလို သစ်ပင်အိမ်အတွင်းပိုင်းကိုလည်း သိပ်ပြီး စိတ်မဝင်စားလှသဖြင့် လိုက်မတက်တော့ချေ။
သူမသည် သစ်ပင်အိမ်အောက်ခြေက အပေါက်ဝကို လှမ်းကြည့်ရင်း...
"ငါတော့ မတက်တော့ဘူး။ နင်တို့နှစ်ယောက် အမြုတေကိုယူပြီး မြန်မြန်ပြန်ဆင်းလာခဲ့။ ကျိချောင်းယန်က ငါတို့ကို စောင့်နေပြီ" ဟု လှမ်းအော်ပြောလိုက်၏။
"သိပြီ"
လီဝမ်ရှီးက ပြန်ထူးလိုက်သည်။
ထိုအချိန်တွင် ရွှီရှင်းသည် ကိရိယာတစ်ခုကို စစ်ဆေးနေ၏။
သစ်ပင်အိမ်ထဲသို့ ရောက်ပြီးနောက် သူသည် ပတ်ပတ်လည်ကို လိုက်လံရှာဖွေရာ ဒုတိယထပ်၏ ပြတင်းပေါက်ဘေးတွင် သူတစ်ခါမှ မမြင်ဖူးသော ကိရိယာတစ်ခုကို ရှာတွေ့လိုက်သည်။
ခဲခဲသည် ပြတင်းပေါက်ဘောင်ပေါ်သို့ ပြေးတက်သွားပြီး ရွှီရှင်း အပေါ်တက်လာသည်ကို မြင်သောအခါ "အီး..." ဟု အော်ကာ လှမ်းခေါ်နေ၏။
ဤကိရိယာသည် တူရိယာထိန်းချုပ်တဲ့ စနစ်ပြားနဲ့ အနည်းငယ် ဆင်တူပြီး၊ သစ်ပင်အိမ် ကြမ်းပြင်မှာမူ မြဲမြံအောင် တပ်ဆင်ထားတဲ့ လက်မောင်းခန့်ရှိတဲ့ သစ်သားတိုင် နှစ်တိုင် ရှိနေသည်။
တိုင်တွေရဲ့ အပေါ်မှာတော့ အရှေ့ဘက်ကို စောင်းနေတဲ့ ထူထဲတဲ့ ကျောက်ပြားကြီးတစ်ခု ရှိပြီး အဲဒီအပေါ်မှာ စခရင် တစ်ခု တပ်ဆင်ထား၏။
ဒါဟာ စောစောက မာဟုန်ယွီ ပြောခဲ့တဲ့ ထိန်းချုပ်စနစ်ပြားပဲ ဖြစ်ရမည်။
ဒီစနစ်ပြားမှာ ရွှီရှင်း စိတ်ကူးထားသလိုမျိုး ခလုတ်တွေ အများကြီး မပါတာက သူ့ကို အနည်းငယ် အံ့သြသွားစေသည်။
စခရင်မှာ ယခုအခါ မှောင်နေပြီး ရွှီရှင်းက လက်နှင့် စမ်းထိကြည့်လိုက်၏။
[သစ်ပင်အိမ် ပြင်ပလက်နက် ထိန်းချုပ်စနစ်ပြား (အပြာရောင်အဆင့်) - သစ်ပင်အိမ်ရှိ ပြင်ပလက်နက်အားလုံး၏ ထိန်းချုပ်စနစ်များနှင့် ချိတ်ဆက်နိုင်ပြီး၊ လက်နက်အားလုံးကို ဤစနစ်ပြားတစ်ခုတည်းမှနေ၍ ထိန်းချုပ်လုပ်ဆောင်နိုင်သည်။]
ဒါအမှန်ပဲဟ...။ လက်နက်အားလုံးကို ထိန်းချုပ်နိုင်တယ်။ အကုန်လုံးကို ချိတ်ဆက်ထားတာပဲ။
ဒီဖော်ပြချက်အရဆိုလျှင် အဲဒီ မြှားပစ်စက်ကြီး တွေက ထူးခြားနေတာ မဟုတ်ဘဲ၊ ဒီစနစ်ပြား တစ်ခုတည်းကနေ လက်နက်အားလုံးကို ထိန်းချုပ်နိုင်တာ ဖြစ်ရမည်။
ရွှီရှင်းက စခရင်ကို လက်နှင့်ထိပြီး ဖွင့်ကြည့်သော်လည်း ဘာမှ တုံ့ပြန်မှု မရှိချေ။
ဖွင့်လို့ မရပါလား။
သူ အကြိမ်ကြိမ် ကြိုးစားကြည့်သော်လည်း လုပ်၍ မရနိုင်ချေ။
ထိုအချိန်တွင် လီဝမ်ရှီးသည်လည်း သူ့ဘေးသို့ လျှောက်လာပြီး ကိရိယာကို ကြည့်ကာ...
"ဒါကို ထိန်းချုပ်လို့ မရဘူးထင်တယ်နော်။ ကျွန်မ ခုနက အောက်ထပ်က စခရင်ကြီးကို သွားဖွင့်ကြည့်တာလည်း ဖွင့်လို့မရဘူး" ဟု ပြော၏။
"အောက်က စခရင်လည်း ဖွင့်လို့မရဘူးလား..."
ရွှီရှင်း မေးစေ့ကို ပွတ်ကာ စဉ်းစားနေမိသည်။
ကြည့်ရသည်မှာ သစ်ပင်အိမ်အတွင်းရှိ ဤကိရိယာများကို အိမ်ရှင်ကိုယ်တိုင်မှလွဲ၍ တခြားသူများအနေဖြင့် လုံးဝ လုပ်ဆောင်၍ မရနိုင်ပေ။
ထို့အတူ ကပ်ပါးသစ်ပင်အိမ်များကိုလည်း အိမ်ရှင်မှလွဲ၍ မည်သူမျှ ထိတွေ့လုပ်ဆောင်နိုင်မည် မဟုတ်ချေ။
ဒါက သစ်ပင်အိမ်ရဲ့ ကိုယ်ပိုင်ကာကွယ်ရေး စနစ်တစ်ခုပေါ့..။
မဆိုးပါဘူး..။
သူသည် ကပ်ပါးသစ်ပင်အိမ်တွေ အများကြီး ရှိလာတဲ့အခါ တခြားနယ်မြေက လူတွေ ခိုးဝင်ပြီး သတင်းအချက်အလက်တွေ ရယူတာ ဒါမှမဟုတ် နယ်မြေ ၁၈၈ ရဲ့ ကုန်သွယ်ရေးစနစ်ကို သုံးပြီး အရင်းအမြစ်တွေကို လုယူသွားမှာကို စိုးရိမ်နေခဲ့ခြင်းပင်။
အခုတော့ သူ အပိုတွေ တွေးနေမိတာပဲ ဖြစ်ပေသည်။
ရွှီရှင်းသည် ထိန်းချုပ်စနစ်ပြားကို ဖြုတ်ယူရန် ကြိုးစားသော်လည်း၊ ဤစနစ်ပြားမှာ သစ်ပင်အိမ်၏ မီးလင်းဖိုကဲ့သို့ပင် ကြမ်းပြင်နှင့် တိုက်ရိုက် ချိတ်ဆက်ထားသဖြင့် ဖျက်ဆီးပစ်၍သာ ရမည်ဖြစ်ပြီး ဖြုတ်ယူသွားရန်မှာ မဖြစ်နိုင်ချေ။
"ထားလိုက်တော့။ ဒီအိမ်ထဲမှာ ဘာတွေ ယူလို့ရမလဲဆိုတာ ကြည့်ရအောင်။ ပြီးရင် သစ်ပင်အိမ် အမြုတေကို ထုတ်ပြီး ချီရွှယ်ဖေးရဲ့ အိမ်ဘက်ကို သွားကြမယ်။ ကျိချောင်းယန်လည်း အဲဒီမှာ ရောက်နေလောက်ပြီ"
ရွှီရှင်းသည် ထိုစနစ်ပြားကို နောက်ဆုံးတစ်ကြိမ် လှမ်းကြည့်လိုက်၏။
သူတို့နှစ်ဦးသည် သစ်ပင်အိမ် တစ်ခုလုံးကို မွှေနှောက်ရှာဖွေကြသည်။
ဤနှစ်ထပ်သစ်ပင်အိမ်ထဲတွင် သူတို့ဆီမှာ ရှိတဲ့ အစိမ်းရောင်အဆင့် အရင်းအမြစ်အချို့မှလွဲ၍ ဘာမှ မရှိလှချေ။
အဲဒါတွေကို သယ်သွားဖို့ဆိုတာကလည်း ကျောပိုးအိတ်ထဲမှာ နေရာယူပြီး အလေးချိန်ပဲ တက်လာမှာ ဖြစ်ပေသည်။
"ဒီလူက တကယ်ကို ဆင်းရဲတာပဲ..."
လီဝမ်ရှီးမှာ ဘာမှပြောစရာ မရှိတော့ချေ။
သူမကတော့ ပစ္စည်းတွေကို သိမ်းယူရမယ့် အရသာကို ခံစားချင်နေတာပင်။
ဒါပေမဲ့ ဒီမှာတော့ ဘာမှမရှိသလို အမှတ်ဆိုင်က အလှဆင်ပစ္စည်းလေး တစ်ခုတောင် မရှိချေ။
"မတတ်နိုင်ဘူးလေ။ သူက ငါတို့လို မဟုတ်ဘဲ သာမန် ရှင်ကျန်သူတစ်ယောက်ပဲဥစ္စာ"
ရွှီရှင်းကတော့ မျှော်လင့်ချက် သိပ်မထားခဲ့တာကြောင့် ဒါဟာ သူ့အတွက်တော့ ထင်ထားသလိုပါပဲ။
ခဲခဲသည် သူတို့ထက် ခြေတစ်လှမ်းဦးစွာ သစ်ပင်အိမ်၏ အလယ်ဗဟိုသို့ ပြေးသွားပြီး ကြမ်းပြင်ကို နှစ်ချက် သုံးချက်လောက် ကုတ်ခြစ်ပြကာ ရွှီရှင်းကို အချက်ပြနေ၏။
နေရာက ဒီမှာဆိုတဲ့ သဘောပင်။
"ကဲ... အမြုတေကို ယူကြရအောင်"
ရွှီရှင်း လျှောက်သွားလိုက်သည်။
"ကျွန်မလည်း အမြုတေ ထုတ်တာကို မြင်ဖူးချင်နေတာ။ အရင်ကတော့ ရှင်တို့ ပြောနေတာပဲ ကြားဖူးတာ"
လီဝမ်ရှီးက ရွှီရှင်းဘေးမှာ အမြန်ရပ်ပြီး စူးစမ်းစွာ ကြည့်နေ၏။
"ခဲခဲ ကုတ်ထားတဲ့ နေရာက သစ်ပင်အိမ်ရဲ့ ပင်စည်ရှိတဲ့ နေရာပဲ"
ရွှီရှင်းက သစ်ပင်အိမ် ကြမ်းပြင်အလယ်ကို ညွှန်ပြလိုက်သည်။
"သစ်ပင်အိမ် ကြမ်းပြင်ကို သံပုဆိန်နဲ့ အလွယ်တကူ ခုတ်လို့ရတယ်။ မင်း စမ်းကြည့်မလား"
"ဟုတ်ပြီ ကျွန်မ စမ်းကြည့်မယ်"
လီဝမ်ရှီးသည် သူမ၏ အပြာရောင်အဆင့် သံပုဆိန်ကို ချက်ချင်း ထုတ်ယူလိုက်သည်။
သူမသည် အနေအထား ပြင်လိုက်ပြီး ပုဆိန်ကို လက်နှစ်ဖက်နှင့် တင်းတင်းဆုပ်ကာ အပေါ်သို့ မြှောက်၍ ကြမ်းပြင်အလယ်ကို အားနှင့် ခုတ်ချလိုက်၏။
ရွှီရှင်း၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားသည်။
ဒီအမူအရာက သတ္တုတူးတဲ့အခါ ပေါက်ပြားနဲ့ ထုရတာနဲ့ အတော်လေး ဆင်တူနေတာကိုး။
သူမကတော့ တကယ့်ကို သတ္တုတူးသမားသူဌေးမလေး ပါပဲ။
"ဂျောက်"
ကြမ်းပြင်မှာ အက်ကွဲသွားပြီး လီဝမ်ရှီးက နောက်ထပ် နှစ်ချက်လောက် ဆက်တိုက် ခုတ်လိုက်သည့်အခါတွင်မူ ကြမ်းပြင်မှာ ပွင့်သွားကာ အောက်က အခေါင်းပေါက် ဖြစ်နေတဲ့ သစ်ပင်ပင်စည်ကို မြင်လိုက်ရ၏။
"တကယ်ကြီး အထဲမှာ အခေါင်းပေါက်ပဲ"
လီဝမ်ရှီးက သေသေချာချာ ကြည့်ရန် ဝပ်လိုက်ပြီး အံ့သြတကြီး အော်ဟစ်လိုက်သည်။
"အထဲမှာ လင်းနေတဲ့ အလုံးလေး တစ်လုံး ရှိတယ်။ အဲဒါ အမြုတေ ဖြစ်ရမယ်။ အဲဒါကို နှိုက်ဖို့ အထဲကို ခုန်ဆင်းရမှာလား"
ပြောပြောဆိုဆိုနှင့် သူမသည် အပေါက်ဝမှာ ထိုင်ပြီး ခုန်ဆင်းရန် ပြင်နေသဖြင့် ရွှီရှင်းက ကပျာကယာပင် လှမ်းဆွဲလိုက်ရသည်။
"မလိုပါဘူး၊ ခဲခဲကိုပဲ ဆင်းခိုင်းလိုက်မယ်"
ခဲခဲသည် အခေါင်းပေါက်ထဲသို့ ချက်ချင်း ခုန်ဆင်းသွားပြီး လီဝမ်ရှီး၏ စူးစမ်းသော အကြည့်အောက်မှာပင် မြေကြီးထဲက အမြုတေကို တူးထုတ်ကာ အပေါ်သို့ ပြန်တက်လာချေပြီ။
"ဝါး... ခဲခဲ... နင်က တကယ် တော်တာပဲ"
လီဝမ်ရှီးက အမြုတေကို ပါးစပ်နှင့် ကိုက်လာတဲ့ ခဲခဲကို ချီလိုက်ကာ အမြုတေကို ယူလိုက်၏။
ခဲခဲကလည်း အချီးကျူးခံရသဖြင့် ဂုဏ်ယူစွာနှင့် သူမ၏ အမြီးကြီးကို ယမ်းပြနေသည်။
တစ်ချိန်တည်းမှာပင် သစ်ပင်အိမ် အမြုတေကို ထုတ်ယူလိုက်သဖြင့် သစ်ပင်အိမ်သည် သေဆုံးသွားပြီး ခြောက်သွေ့လာကာ၊ သူတို့ခြေထောက်အောက်က ကြမ်းပြင်သည်ပင် ကြွပ်ဆတ်လာပြီး အသံများ ထွက်ပေါ်လာတော့သည်။
"မြန်မြန် ဆင်းကြစို့"
ရွှီရှင်းက လီဝမ်ရှီးကို ဦးဆောင်ကာ သစ်ပင်အိမ်ပေါ်မှ ခုန်ဆင်းလိုက်ပြီး သုံးယောက်သား ခပ်ဝေးဝေးသို့ ပြေးထွက်လာကြ၏။
သစ်ပင်အိမ်၏ အပြင်ဘက်မှ သစ်ရွက်များသည် လျင်မြန်စွာ ညှိုးနွမ်းကြွေကျကုန်ပြီး အပြင်မှာ တပ်ဆင်ထားတဲ့ မြှားပစ်စက်ကြီးတွေ ပေါ်ထွက်လာ၏။
ပြီးနောက် သစ်ပင်အိမ် တစ်ခုလုံးသည် ပြိုကျလာပြီး "ဝုန်း" ကနဲ အသံနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားလေတော့သည်။
နောက်ဆုံးတွင်တော့ သစ်ပင်အိမ် တစ်ခုလုံးသည် သစ်သားအကျိုးအပဲ့ပုံကြီး ဖြစ်သွားပြီး ခြောက်သွေ့နေတဲ့ သစ်ပင်ပင်စည် အကြွင်းအကျန်လေးသာ ကျန်ရစ်ပါတော့သည်။
---
အခန်း ၂၅၇ ပြီး။