"ဒီသစ်ပင်အိမ်တစ်ခုလုံးက တကယ်ပဲ ဒီအမြုတေတစ်ခုတည်းနဲ့ ဆောက်ထားတာလား"
လီဝမ်ရှီးသည် သူမ၏လက်ထဲတွင် အဖြူရောင်အလင်းတန်းများ ထွက်ပေါ်နေသော ရတနာပုလဲလုံးလေးကို ကြည့်ပြီးနောက် ရှေ့က ပျက်စီးပုံကြီးကို လှမ်းကြည့်ကာ အံ့သြတကြီး ရေရွတ်လိုက်မိ၏။
"ဝူး"
တောအုပ်ထဲက သိပ်မဝေးသော တစ်နေရာမှ ဝံပုလွေဟောင်သံတစ်သံ ထွက်ပေါ်လာပြီး စက္ကန့်အနည်းငယ်အကြာတွင် ငွေရောင်ဘုရင်သည် တောအုပ်ထဲမှ ရုတ်တရက် ပြေးထွက်လာကာ သူတို့ရှိရာသို့ တစ်ဟုန်ထိုး ဦးတည်လာချေပြီ။
သစ်ပင်အိမ် ပြိုကျသွားသည့်အသံကြောင့် ရွှီရှင်းတို့ အန္တရာယ်ကြုံနေရသည်ဟု ထင်မှတ်ကာ ရွှီရှင်း၏ အမိန့်ကိုပင် ဖီဆန်၍ ချက်ချင်း ပြေးလာခြင်း ဖြစ်ပေသည်။
"တကယ့် ဝံပုလွေကြီးပဲ။ ဒါက မျိုးဗီဇပြောင်း သားရဲလား"
ငွေဘုရင်၏ ကြီးမားလှသော အရွယ်အစား၊ ခန္ဓာကိုယ်ပေါ်မှ သွေးရောင်အစင်းကြောင်းများနှင့် ကြောက်စရာကောင်းလှသော အစွယ်ကြီးနှစ်ချောင်းမှာ သန်မာလှသည့် မျိုးဗီဇပြောင်းသားရဲဖြစ်ကြောင်း သက်သေပြနေသဖြင့် ချီရွှယ်ဖေး၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားရ၏။
သူမသည် မြှားသေနတ်ကို အမြန်ထုတ်ယူကာ ငွေရောင်ဘုရင်ကို ပစ်ခတ်ရန် အသင့်ပြင်လိုက်တော့သည်။
"မလုပ်နဲ့။ မပစ်နဲ့ဦး။ အဲဒါ ရွှီရှင်းရဲ့ စီးနင်းသားရဲ၊ သူက ငွေရောင်ဘုရင်လေ"
လီဝမ်ရှီးက ချီရွှယ်ဖေး ၏ မြှားသေနတ် ကို အမြန်လှမ်းနှိမ့်ချလိုက်ရင်း ပျာပျာသလဲ ရှင်းပြလိုက်ရ၏။
"အ... အစီးနင်းသားရဲလား"
ချီရွှယ်ဖေးမှာ မှင်သက်သွားရသည်။
"ရွှီရှင်းရဲ့ အစီးအနင်းသားရဲက တကယ်ပဲ မျိုးဗီဇပြောင်း သားရဲကြီးလား"
ရွှီရှင်းမှာ သားရဲအဖော်ရှိကြောင်း သူမ သိထားသော်လည်း သာမန်သားရဲတစ်ကောင်ဟုသာ ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။
ယခုကဲ့သို့ ဧရာမ မျိုးဗီဇပြောင်း ဝံပုလွေကြီး ဖြစ်နေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ချေ။
ငွေရောင်ဘုရင် သည် ပင်စည်အကြွင်းအကျန်လေးသာ ကျန်တော့သည့် ပျက်စီးပုံကြီးနားသို့ ရောက်ရှိလာပြီး လူတိုင်း ဘေးကင်းသည်ကို မြင်သောအခါ ဇဝေဇဝါဖြစ်သလို အော်ဟစ်လိုက်၏။
"ဝူး..."
"ညီမရဲ့ နွားမလည်း ဗီဇပြောင်းသားရဲပဲလေ၊ ညီမ မပြောမိဘူးလား"
လီဝမ်ရှီးက ငွေဘုရင်အနားသို့ သွားကာ ခေါင်းကို ပွတ်သပ်ပေးလိုက်၏။
ခဲခဲသည်လည်း ထိုအချိန်တွင် ငွေဘုရင်၏ ကျောပေါ်သို့ ခုန်တက်သွားပြီး ခုနက ဘာတွေဖြစ်ခဲ့သလဲဆိုသည်ကို ငွေဘုရင်အား "အီး အီး အီး" နှင့် ပုံပြောပြနေတော့သည်။
"နင် တစ်ခါမှ မပြောဖူးပါဘူး"
ချီရွှယ်ဖေးက သူမ၏ မြှားသေနတ် ကို ပြန်သိမ်းလိုက်ရင်း၊ လီဝမ်ရှီး ခေါင်းပွတ်ပေးသည်ကို ငြိမ်ခံနေသော ဧရာမ ဝံပုလွေကြီးနှင့် ခဲခဲလေးတို့ အချင်းချင်း ဆက်သွယ်နေကြသည်ကို အံ့သြတကြီး ကြည့်နေမိ၏။
ဤမျှ ကွဲပြားလှသော တိရစ္ဆာန်မျိုးစိတ်နှစ်ခုမှာ အခက်အခဲမရှိ တကယ်ပဲ ဆက်သွယ်နိုင်ကြသည်လား။
ယနေ့ သူမ မြင်တွေ့ခဲ့ရသည့်အရာများမှာ သူမအား အကြိမ်ကြိမ် အံ့အားသင့်စေခဲ့ပေသည်။
"ကဲ... အရင်ဆုံး ဒီသစ်ပင်အိမ်ရဲ့ မျိုးစေ့ကို တူးထုတ်ကြရအောင်"
ရွှီရှင်းက သူ၏ အပြာရောင်အဆင့် ဂေါ်ပြားကို ထုတ်လိုက်၏။
"ကျွန်မလည်း ကူမယ်"
လီဝမ်ရှီးသည်လည်း သူမ၏ ကျောပိုးအိတ်ထဲမှ အပြာရောင်အဆင့် သံမဏိဂေါ်ပြားကို ထုတ်လိုက်၏။
အပြာရောင်အဆင့် သံမဏိဂေါ်ပြားကို မြင်လိုက်ရသည့်အခါ ရွှီရှင်းမှာ အံ့အားသင့်သွားရသည်။
ဟုတ်သားပဲ၊ အခုဆိုရင် သံမဏိကိရိယာတွေ လုပ်လို့ရနေပြီပဲ။
သံကိရိယာတွေက အသုံးပြုဖို့ လုံလောက်နေသလို သစ်ပင်အိမ်ကိုလည်း ဖျက်ဆီးနိုင်တာကြောင့် သံမဏိကိရိယာတွေ လုပ်ဖို့ သူ မစဉ်းစားမိခဲ့ချေ။
ဂိမ်းတစ်ခုမှာလိုပဲ အထူးသတ္တုတွေ တူးဖို့မှလွဲရင် သံပုဆိန်က လုံလောက်နေပြီဖြစ်သည်။
ပြီးတော့ သံမဏိက တခြားနေရာတွေမှာလည်း သုံးရသေးတာဆိုတော့ ဒီချမ်းသာတဲ့ သတ္တုတွင်းပိုင်ရှင်မလေးပဲ အခုလို ပစ္စည်းတွေကို ရက်ရက်ရောရော သုံးနိုင်တာ ဖြစ်ပေလိမ့်မည်။
ရွှီရှင်းက သူမ၏ သံမဏိဂေါ်ပြားကို ကြည့်နေသည်ကို မြင်သောအခါ လီဝမ်ရှီးက ချက်ချင်းပင် လှမ်းပေးလိုက်၏။
"ကြည့်ချင်လို့လား၊ ရော့"
ရွှီရှင်းသည် သူမ၏လက်ထဲမှ သံမဏိဂေါ်ပြားကို ယူလိုက်၏။
၎င်း၏ ဖော်ပြချက်မှာ သံဂေါ်ပြားနှင့် ထပ်တူနီးပါးပင်။
မျိုးစေ့တူးနိုင်ခြေ ၁၀၀ ရာခိုင်နှုန်းနှင့် ပြောင်းရွှေ့စိုက်ပျိုးနိုင်ခြေ ၅၀ ရာခိုင်နှုန်းမှာ မပြောင်းလဲသော်လည်း နောက်ဆုံးတွင် ဖော်ပြချက်အသစ်တစ်ခု ပါဝင်လာချေပြီ။
[ထူးခြားသော သစ်ပင်အမျိုးအစားများကို တူးဖော်သည့်အခါ တူးဖော်မှုအရှိန်ကို မြှင့်တင်ပေးသည်။]
ထူးခြားတဲ့ သစ်ပင်အမျိုးအစားဆိုပါလား...။
ရွှီရှင်းက ဘေးနားရှိ ပင်စည်တစ်ဝက်သာ ကျန်တော့သည့် သစ်ပင်အိမ်ကို လှမ်းကြည့်လိုက်၏။
ဤစကားလုံးကို သူ နောက်ဆုံးမြင်ခဲ့ရသည်မှာ အပြာရောင် သံပုဆိန်၏ ဖော်ပြချက်တွင် ဖြစ်သည်။
အပြာရောင် သံပုဆိန်သည် "ခရမ်းရောင်အဆင့်နှင့် သူ့အောက် သစ်ပင်များအပြင် အချို့သော ထူးခြားသည့် သစ်ပင်အမျိုးအစားများကို ခုတ်လှဲနိုင်သည်" ဟု ဆိုထား၏။
မနေ့ကမှ ရွှီရှင်း သိလိုက်ရသည်မှာ အပြာရောင် သံပုဆိန်ကသာ သစ်ပင်အိမ်ကို ခုတ်နိုင်ခြင်းဖြစ်ရာ သစ်ပင်အိမ်သည်ပင် "ထူးခြားသော သစ်ပင်အမျိုးအစား" ဖြစ်နေခြင်းပင်။
သောက်ကျိုးနည်း... ဒီသံမဏိဂေါ်ပြားက သစ်ပင်အိမ်အတွက် သီးသန့်ထုတ်ထားတဲ့ ကိရိယာပဲလား။
အရင်တစ်ခါ သံဂေါ်ပြားနဲ့တူးတုန်းက နာရီဝက်လောက် ကြာခဲ့တာကို သူ သတိရသွားသည်။
လုဖေးအာ ပြောပြချက်အရဆိုလျှင် သူမက အပြာရောင် ကျောက်ဂေါ်ပြားနဲ့ တူးတာ တစ်နာရီကျော် ကြာခဲ့သည်ဟု ဆို၏။
ဤသံမဏိဂေါ်ပြားကတော့ ဘယ်လောက်ကြာမည်ကို သူ မခန့်မှန်းနိုင်ချေ။
"ဒါလေး ခဏလောက် ငှားဦး၊ ခဏလောက် စောင့်ပေးကြဦးမလား။ ဒီသံမဏိဂေါ်ပြားရဲ့ အရှိန်ကို စမ်းကြည့်ချင်လို့"
ရွှီရှင်း ပြောပြီးနောက် သစ်ပင်အိမ်၏ ကျန်ရှိနေသော ပင်စည်အောက်ခြေကို သံမဏိဂေါ်ပြားနှင့် စတင်တူးတော့၏။
"သံမဏိဂေါ်ပြားနဲ့ သံဂေါ်ပြား ဘာကွာလို့လဲ၊ ဖော်ပြချက်မှာလည်း မပါဘူးလေ"
လီဝမ်ရှီးက စူးစမ်းစွာ မေးလိုက်၏။
ရွှီရှင်းကဲ့သို့ ပစ္စည်း၏အသေးစိတ်အချက်အလက်ကို မြင်နိုင်စွမ်း မရှိသဖြင့် လီဝမ်ရှီးမှာ သံမဏိဂေါ်ပြား၏ ထူးခြားချက်ကို သတိမပြုမိခဲ့ချေ။
သူမ လုပ်တုန်းကလည်း သံဂေါ်ပြားနဲ့ အတူတူပဲထင်ပြီး အရင်းအမြစ်တွေ ဖြုန်းတီးလိုက်မိပြီဟုပင် ထင်နေခဲ့ခြင်း ဖြစ်ပေသည်။
"ဒါက သစ်ပင်အိမ်မျိုးစေ့ တူးတဲ့အရှိန်ကို မြှင့်ပေးနိုင်တယ်။ သံဂေါ်ပြားဆို နာရီဝက်လောက် ကြာတာ..."
ရွှီရှင်းက တူးရင်းနှင့် ရှင်းပြနေစဉ်မှာပင် ပင်စည်အောက်ခြေမှ သစ်မြစ်များ ပြတ်တောက်သွားသည့် "ဂျောက် ဂျောက်" ဆိုသော အသံများကို ကြားလိုက်ရ၏။
"ဟင်"
ရွှီရှင်း လှုပ်ရှားမှုကို ရပ်လိုက်ပြီး တစ်စုံတစ်ခုကို စဉ်းစားကာ ပင်စည်ကို အသာအယာ တွန်းကြည့်လိုက်၏။
"ဂျောက် ဂျောက်" အသံများ ထပ်မံ ထွက်ပေါ်လာပြီး ပင်စည်မှာ ချက်ချင်းပင် ယိုင်သွားကာ ဘေးတစ်ဖက်သို့ ဖြည်းဖြည်းချင်း လဲကျသွားတော့သည်။
"ဝုန်း"
မြေပြင်ပေါ်သို့ လဲကျသွားသော ပင်စည်နှင့် ပင်စည်လဲသွားပြီးနောက် ကျန်ရစ်ခဲ့သည့် အပေါက်ထဲက မျိုးစေ့ကို ကြည့်ကာ ရွှီရှင်းမှာ စက္ကန့်အနည်းငယ်မျှ မှင်သက်သွားရ၏။
ဒီလောက်တောင် မြန်တာလား..။
တစ်မိနစ်တောင် မပြည့်သေးဘူး မဟုတ်လား။
ဒါက နည်းနည်းတော့ လွန်မနေဘူးလား။
တကယ်လို့ အိမ်ရှင်မရှိတဲ့ သစ်ပင်အိမ်တစ်ခုကို သံမဏိဂေါ်ပြားနဲ့ သွားတူးမယ်ဆိုရင် စက္ကန့်အနည်းငယ်အတွင်းမှာတင် သစ်ပင်အိမ်တစ်ခုလုံးကို လဲကျအောင် လုပ်လို့ရမှာပေါ့။
ရွှီရှင်းသည် သူ၏လက်ထဲမှ သံမဏိဂေါ်ပြားကို တန်ခိုးရှင် လက်နက်တစ်ခုလို ငေးကြည့်နေမိတော့သည်။
ဒါက တကယ်ပဲ သစ်ပင်အိမ်တွေအတွက် သီးသန့်လက်နက်ပဲ။
ဤအရာမှာ တကယ့်ကို အန္တရာယ်ကြီးလှပေသည်။
ကံကောင်းထောက်မစွာဖြင့် သူမှလွဲ၍ တခြားသူများမှာ သံမဏိ မထုတ်နိုင်ကြသေးချေ။
မဟုတ်ပါက တစ်စုံတစ်ယောက်က သံမဏိဂေါ်ပြားကိုင်ပြီး သူများသစ်ပင်အိမ်တွေကို လိုက်တူးနေလျှင်တော့ ပြဿနာတက်ပေလိမ့်မည်။
"သံမဏိဂေါ်ပြားက... နာရီဝက် ကြာတာလား"
လီဝမ်ရှီးက ရွှီရှင်း ပြောခဲ့သည့်စကားကို ကြားပြီး မြေပြင်ပေါ်က ပင်စည်ကို မျက်လုံးပြူးကြည့်ရင်း မေးလိုက်၏။
"သံမဏိဂေါ်ပြားက တကယ် မြန်တာပဲ"
မြန်တာတော့ မှန်ပါသည်၊ သစ်ပင်အိမ်ကို တိုက်ခိုက်တဲ့နေရာမှာ လက်နက်တစ်ခုလိုတောင် သုံးလို့ရသည်၊ သို့သော်... ရွှီရှင်း ခေတ္တ စဉ်းစားလိုက်၏။
သူတို့ စူးစမ်းရှာဖွေသူများ အတွက်တော့ ဒီဂေါ်ပြားရဲ့ တန်ဖိုးက ထင်သလောက် မကြီးမားလှချေ။
သူတို့က သစ်ပင်အိမ် အမြုတေကို လိုချင်တာဖြစ်ပြီး၊ အပြင်ကနေ တိုက်ရိုက်တူးပြီး လဲကျအောင် လုပ်လိုက်ရင် သစ်ပင်အိမ်က သေသွားမှာဖြစ်လို့ အမြုတေကို ရနိုင်တော့မှာ မဟုတ်ချေ။
ဒါဟာ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်ပေလိမ့်မည်။
ဒါ့အပြင် သစ်ပင်အိမ်ကို လဲကျအောင်လုပ်ဖို့ စက္ကန့်ပိုင်းပဲ ကြာတယ်ဆိုပေမဲ့ တိုက်ခိုက်ရေးနည်းလမ်းအနေနဲ့တော့ အချိန်က ကြာနေပါသေးသည်။
အကယ်၍ သစ်ပင်အိမ်ထဲမှာ လူရှိနေရင် သို့မဟုတ် အလိုအလျောက် တိုက်ခိုက်ရေး စနစ်တွေ ရှိနေရင် သံမဏိဂေါ်ပြားနဲ့ သွားတူးဖို့ဆိုတာ မလွယ်ကူလှချေ။
ထို့ကြောင့် သူတို့အတွက်တော့ ဤဂေါ်ပြားသည် အချိန်ကုန်သက်သာစေသည့် နေရာမှာပဲ ပိုပြီး အသုံးဝင်ပေလိမ့်မည်။
ဒါကလည်း ကောင်းသောအချက်ပင် ဖြစ်သည်၊ ဤကမ္ဘာတွင် အချိန်သည် အဖိုးတန်ဆုံး မဟုတ်ပါလား။
ရွှီရှင်းက သံမဏိဂေါ်ပြားကို လီဝမ်ရှီးအား ပြန်ပေးလိုက်ပြီး အပေါက်ထဲမှ ကပ်ပါးအမျိုးအစား သစ်ပင်အိမ်မျိုးစေ့ကို ယူကာ ဘေးမှ စူးစမ်းစွာ ကြည့်နေသော ချီရွှယ်ဖေးအား ကမ်းပေးလိုက်၏။
"အစ်မရွှယ်ဖေး၊ ဒီသစ်ပင်အိမ်က အစ်မအပိုင်ပဲ"
"ဟုတ်တယ်၊ ညီမလည်း ဒါလေး ပေးမလို့"
လီဝမ်ရှီးကလည်း သူမကိုင်ထားသော သစ်ပင်အိမ် အမြုတေကို ချီရွှယ်ဖေးအား အမြန်လှမ်းပေးလိုက်၏။
ချီရွှယ်ဖေးသည် ငြင်းဆန်ခြင်းမရှိဘဲ အကုန်လက်ခံလိုက်သည်။
"ဒါဆို ဒါတွေက နင်တို့ပြောတဲ့ ကပ်ပါးအမျိုးအစား သစ်ပင်အိမ်ရဲ့ မျိုးစေ့နဲ့ အမြုတေပေါ့ ဟုတ်လား"
သူမသည် အမြုတေကို သေသေချာချာ ကြည့်ရင်း တစ်ယောက်တည်း ရေရွတ်နေမိ၏။
"အခြေခံ အထောက်အပံ့ ပစ္စည်းတွေကို အဆင့်မြှင့်ပေးနိုင်တာလား... သွေးတိတ်မြက်ကလည်း အခြေခံ ပစ္စည်းထဲမှာ ပါတာပဲ။ ဒါဆို ငါ ခရမ်းရောင်အဆင့် ဆေးလုံးတွေ စလုပ်လို့ ရနိုင်ပြီပေါ့"
ခရမ်းရောင်အဆင့် ဆေးလုံးများ...
ကြည့်ရသည်မှာ သေလူကို ပြန်ရှင်စေနိုင်သလို အသားတွေကိုပါ ပြန်ပေါက်စေနိုင်လောက်အောင် အစွမ်းထက်ပုံရပေသည်။
ကျိချောင်းယန်ဆီမှာလည်း နောက်ထပ် သစ်ပင်အိမ်မျိုးစေ့နဲ့ အမြုတေတစ်ခု ကျန်သေးရာ အဲဒါတွေကလည်း ချီရွှယ်ဖေးဆီကိုပဲ ရောက်လာဦးမှာ ဖြစ်ပေသည်။
ကြည့်ရသည်မှာ သူတို့၏ ဘဝတွေက ပိုပြီးတော့ ကောင်းလာဦးမည် ဖြစ်ချေသည်။
"ကဲ... ဒီမှာ အားလုံး ပြီးသွားပြီဆိုတော့ အစ်မရွှယ်ဖေးရဲ့ သစ်ပင်အိမ်ကို သွားကြရအောင်"
လီဝမ်ရှီးမှာ ဤနေရာမှ အမြန်ထွက်ချင်နေချေပြီ။
အထူးသဖြင့် မလှမ်းမကမ်းမှာ ခေါင်းမရှိတဲ့ အလောင်းနဲ့ ဦးခေါင်းပြတ်ကြီး ရှိနေတာကြောင့် ဖြစ်သည်။
ပျို့အန်တာ မရှိတော့ဘူးဆိုပေမဲ့ ကြည့်လိုက်တိုင်းတော့ ကြက်သီးထနေမိဆဲ ဖြစ်ပေသည်။
"ဟို... သူ့ကို မြေမြှုပ်ပေးခဲ့ရမလား"
ချီရွှယ်ဖေးက ထိုလူ၏ အလောင်းကို ဒီအတိုင်း ပစ်ထားခဲ့ရန် စိတ်မသန့်ဖြစ်နေပုံရ၏။
မြေမြှုပ်ပေးခြင်းက မလိုအပ်တဲ့ ပြဿနာတွေကိုလည်း ရှောင်ရှားနိုင်သည်မဟုတ်ပါလား။
မြေမြှုပ်ရတာကတော့ အလွန်ပင် လွယ်ကူလှပေသည်။
ရွှီရှင်းက သံဂေါ်ပြားဖြင့် မြေကြီးနှစ်ချက် တူးလိုက်ကာ အလောင်းနှင့် ဦးခေါင်းကို ပစ်ထည့်လိုက်ပြီး မြေပြန်ဖို့လိုက်ရာ ရှင်ကျန်သူတစ်ဦး၏ အလောင်းမှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။
"ဝါး... အခုမှ သတိထားမိတယ်၊ ဒီဂေါ်ပြားက အလောင်းမြှုပ်ဖို့အတွက် တကယ် ကောင်းတဲ့ ကိရိယာပဲနော်... တကယ် လွယ်တာပဲ..."
လီဝမ်ရှီးမှာ ဘာအမှတ်အသားမှ မကျန်တော့တဲ့ မြေပြင်ကို ကြည့်ရင်း မှင်သက်နေမိ၏။
တစ်ချက်တူးလိုက်လျှင် မြေကြီးတစ်ကုဗမီတာလောက် ပါလာသဖြင့် ရွှီရှင်းက မြေကြီးနှစ်တုံး တူးထုတ်၊ အလောင်းထည့်၊ ပြန်ဖို့လိုက်ရုံနှင့် ဘာခြေရာလက်ရာမှ မကျန်တော့ချေ။
တကယ်ကို အပြစ်ပြောစရာ မရှိလှပေ။
"အားလုံး ပြီးပြီ"
ရွှီရှင်းက လက်ကို ခါလိုက်ရင်း "သွားကြစို့ ငွေဘုရင်" ဟု ခေါ်လိုက်၏။
"နေဦး"
လီဝမ်ရှီးက ရုတ်တရက် အရေးကြီးတဲ့ ကိစ္စတစ်ခုကို သတိရသွားဟန်ဖြင့် ငွေဘုရင်ကို တစ်ချက်ကြည့်ကာ ရွှီရှင်းနဲ့ ချီရွှယ်ဖေးကို တစ်ချက်ကြည့်ရင်း ထူးဆန်းတဲ့ အမူအရာနဲ့ မေးလိုက်သည်။
"...ကျွန်မတို့ နှစ်ယောက်လုံးက ရှင့်ကိုညှပ်ပြီး ရှေ့တစ်ယောက် နောက်တစ်ယောက် ဖက်ခိုင်းဖို့ ကြံနေတာတော့ မဟုတ်ဘူးမလား"
"ဟင် အဲဒါက..."
ရွှီရှင်း ဝံပုလွေပေါ် ခုန်တက်တော့မည့်အချိန်တွင် လီဝမ်ရှီး၏ စကားကြောင့် ခေတ္တမျှ ကြောင်သွားရ၏။
ဤအချက်ကို သူ မစဉ်းစားမိခဲ့ချေ။
အမှန်အတိုင်း ပြောရလျှင် ရှေ့နောက်ညှပ်ဖက်ခြင်းကသာ အသေချာဆုံး ထိုင်နည်းဖြစ်ပေသည်။
ဘာပဲဖြစ်ဖြစ် ငွေရောင်ဘုရင် နဲ့ စာချုပ်ချုပ်ထားတဲ့သူမှသာ မြဲမြံအောင် ထိုင်နိုင်တာဖြစ်ပြီး တခြားသူတွေကတော့ ငွေဘုရင်ရဲ့ အရှိန်နဲ့ လှုပ်ရှားမှုတွေကြောင့် လွင့်ထွက်သွားနိုင်တာကိုး။
ဒါ့အပြင် သူတို့ သုံးယောက်လုံးက သံမဏိချပ်ဝတ်တန်ဆာတွေ ဝတ်ထားကြတာဆိုတော့ ဘာမှတော့ မဖြစ်လှချေ။
လီဝမ်ရှီးကို ရှေ့မှာထားပြီး တစ်လမ်းလုံး ပြေးလာတုန်းကတော့ ရင်းနှီးသလို ရှိခဲ့သော်လည်း သံမဏိချပ်ဝတ်တန်ဆာကြီးက လူကို တင်းတင်းကျပ်ကျပ် ဖြစ်စေတာကြောင့် တကယ်တမ်းတော့ ဘာမှ မထူးလှချေ။
ချီရွှယ်ဖေး၏ မျက်နှာတွင်လည်း အားနာရိပ်များ ပေါ်နေ၏။
အမှန်အတိုင်း ပြောရလျှင် သူမသည်လည်း ခုမှတွေ့တဲ့ အမျိုးသားတစ်ယောက်နဲ့ နီးနီးကပ်ကပ် နေဖို့ စိတ်မပါလှချေ။
သူမက တစ်ခါမှ ချစ်သူ မထားဖူးသလို သူမ ကြုံတွေ့ခဲ့ရတဲ့ အမျိုးသားတွေဆိုတာကလည်း ဆေးကျောင်းတုန်းက လူနာတွေ ဒါမှမဟုတ် အလောင်းတွေပဲ ရှိခဲ့တာကိုး။
ဆေးကျောင်းတက်ရတာက တခြားဘာသာရပ်တွေနဲ့ မတူဘဲ အလွန် ပင်ပန်းလှသဖြင့် ဘွဲ့ရတဲ့အထိ စာတွေနဲ့ပဲ အချိန်ကုန်နေရတာကြောင့် ရည်းစားထားဖို့ အချိန်မရှိခဲ့ခြင်း ဖြစ်ပေသည်။
ငွေရောင်ဘုရင် မှာတော့ သံမဏိချပ်ဝတ်တန်ဆာကြီးတွေနဲ့ လူသုံးယောက်ကို သယ်ရတော့မည့် သူ့ရဲ့ ကံကြမ္မာကို မသိရှာသေးပေ။
ဒါပေမဲ့ သူ့ရဲ့ အရွယ်အစားနဲ့ ခွန်အားအရဆိုရင် ဒါက ပြဿနာ မဟုတ်လှဘဲ အမောတော့ နည်းနည်း ပိုခံရပေလိမ့်မည်။
"ဒါဆို မင်းမှာ ဘာအကြံရှိလဲ"
လီဝမ်ရှီးက နှုတ်ခမ်းလေးစူကာ ငွေရောင်ဘုရင်ကို ကြည့်လိုက်၊ သူတို့ကို ကြည့်လိုက် လုပ်နေတာကို မြင်တော့ ရွှီရှင်း မရယ်မိအောင် ထိန်းထားလိုက်ရ၏။
လီဝမ်ရှီး ရှိနေရင်တော့ အမြဲတမ်း ပေါ့ပေါ့ပါးပါး ဖြစ်နေရတာပင်။
"အင်း... အစ်မရွှယ်ဖေးကတော့ ရှင်နဲ့ နီးကပ်နေဖို့ သဘောတူမှာ မဟုတ်ဘူး၊ ကျွန်မ လုပ်ပြမယ် ကြည့်နေ"
နောက်ဆုံးတွင်တော့ လီဝမ်ရှီး၏ ညွှန်ကြားချက်အတိုင်း ရွှီရှင်းက ငွေရောင်ဘုရင် ၏ ကျောပေါ်သို့ အရင်တက်လိုက်၏။
ခဲခဲလေးကတော့ ရွှီရှင်း၏ ရင်ခွင်ထဲမှာ နေပြီး အနောက်ဘက်ကို ကြည့်နေ၏။
ရွှီရှင်း၏ နောက်မှာတော့ လီဝမ်ရှီးက သူ့ကို ဖက်ပြီး ထိုင်လိုက်ကာ၊ ချီရွှယ်ဖေးကတော့ လီဝမ်ရှီး၏ ခါးကို နောက်ကနေ ပြန်ဖက်လိုက်တော့သည်။
"ဝမ်ရှီးရဲ့ နည်းလမ်းက တကယ် ကောင်းတာပဲ"
ချီရွှယ်ဖေးက ချီးကျူးလိုက်၏။
"ဟုတ်တယ်မလား"
လီဝမ်ရှီးက ဂုဏ်ယူစွာ ပြောလိုက်ပြီးမှ ရွှီရှင်းကို မျက်စောင်းတစ်ချက် ထိုးလိုက်၏။
အကြည့်ကတော့ "အစ်မရွှယ်ဖေးကို အခွင့်အရေး ယူဖို့ မစဉ်းစားနဲ့" ဟု ပြောနေသလိုပင်။
ရွှီရှင်းကတော့ ခေါင်းခါရင်း ရယ်မောလိုက်ပြီး "ဒါဆိုရင်လည်း တင်းတင်းဆုပ်ထားကြဦးနော်၊ အထူးသဖြင့် ဝမ်ရှီး... မင်း သာ တင်းတင်းမဖက်ထားရင် နှစ်ယောက်လုံး လွင့်ထွက်သွားလိမ့်မယ်" ဟု ပြောလိုက်၏။
"စိတ်မပူနဲ့၊ တင်းတင်းဖက်ထားမှာ"
လီဝမ်ရှီးက ချက်ချင်းပင် လက်ကို ပိုပြီး တင်းကျပ်လိုက်ကာ သူ့ကျောပြင်မှာ ခေါင်းလေးဝှက်ပြီး တိုးတိုးလေး ပြောလိုက်၏။
ချီရွှယ်ဖေးကတော့ နောက်ကနေ အသာလေး ရယ်မောနေတော့သည်။
"ဒါဆို သွားကြစို့ ငွေရောင်ဘုရင်၊ ရှေ့က သစ်ပင်အိမ်ဆီကိုသွား"
ရွှီရှင်းက အရှေ့ဘက်က စိမ်းလန်းနေတဲ့ တောအုပ်ဆီကို လက်ညှိုးညွှန်လိုက်၏။
"အာဝူးးးး"
---
အခန်း ၂၅၈ ပြီး။