ကျိချောင်းယန်သည်လည်း သူ့နည်းတူပင် ဤစွမ်းရည်မှာ မည်မျှအရေးကြီးသည်ကို ချက်ချင်း သဘောပေါက်သွားပုံရ၏။
"ဟုတ်တယ်၊ မာဟုန်ယွီက အဲဒီထိန်းချုပ်စနစ်ပြားကို အားကိုးပြီး မြှားပစ်စက် တွေကို ထိန်းချုပ်ခဲ့တာလေ။ မဟုတ်ရင် အစ်မရွှယ်ဖေးလည်း အဲဒီသစ်ပင်အိမ်နားမှာ ဒီလောက်အထိ အကျပ်ရိုက်နေမှာ မဟုတ်ဘူး"
ရွှီရှင်းက ခေါင်းညိတ်ရင်း ပြောလိုက်၏။
ကျိချောင်းယန်သည် မြေပြင်ကို စိုက်ကြည့်ရင်း ခေတ္တမျှ စဉ်းစားနေပြီးနောက် တဖြည်းဖြည်း ပြုံးလာသည်။
"မာဟုန်ဝေရဲ့ စွမ်းရည်က လက်ရှိအဆင့်မှာ အသန်မာဆုံး စွမ်းရည်လို့ ပြောရင်တောင် အပိုလို့မထင်ဘူး"
ဒုတိယအဆင့်မှာ သစ်ပင်အိမ်ရဲ့ အကာအကွယ် စွမ်းရည်တွေ တိုးတက်လာသလို၊ သစ်ပင်အိမ်ရဲ့ လုပ်ဆောင်ချက် နယ်ပယ်တွေလည်း ပေါ်လာခဲ့၏။
ခံစစ်တိုက်ပွဲကနေ ရရှိတဲ့ ဆုလာဘ်တွေကတောင် သစ်ပင်အိမ် လုံခြုံရေးအတွက် အပင်နှလုံးသား တွေ ဖြစ်နေချေသည်။
ကြည့်ရသည်မှာ ဤဒုတိယအဆင့်သည် သစ်ပင်အိမ်ကို ဗဟိုပြုထားသည်မှာ ထင်ရှားလှပေသည်။
ထို့ကြောင့်ပင် ပြင်ပလက်နက်ကြီးများ၏ တိုက်ခိုက်နိုင်စွမ်းမှာ ယခုအဆင့်တွင် အလွန်ပင် အရေးပါလှ၏။
ရွှီရှင်းလိုပင် ကျိချောင်းယန်သည်လည်း ဤပြင်ပ မြှားပစ်စက် ကြီးတွေမှာ မရှိလည်းဖြစ်တယ်လို့ အမြဲ ခံစားခဲ့ရ၏။
အကယ်၍ အလိုအလျောက်စနစ် မထားထားဘူးဆိုရင် တစ်ခါပစ်ရင် အများဆုံး နှစ်လက်ပဲ ထိန်းချုပ်လို့ရပြီး တိကျမှုကလည်း သံသယဖြစ်စရာ ရှိ၏။
အကယ်၍ အလိုအလျောက်စနစ် ထားထားပြန်ရင်လည်း အဲဒီစနစ်က တကယ့်ကို အသုံးမကျလှချေ။
ဘယ်နေရာကိုမဆို ပစ်နေမှာဖြစ်သလို၊ ရန်သူတွေ တိုက်ခိုက်တဲ့အခါ ယုန်အနည်းငယ် အရင်ဝင်လာရင်တောင် အလိုအလျောက်စနစ်က မြားတွေကို တပြိုင်နက် ပစ်လွှတ်လိုက်မှာ ဖြစ်သည်။
အလွန်ဆုံးရှိမှ သတိပေးစနစ်တစ်ခုအနေနဲ့ပဲ သုံးလို့ရချေသည်။
ဒါပေမဲ့ ဒီထိန်းချုပ်စနစ်ပြားရှိရင်တော့ ပြင်ပလက်နက် အားလုံးကို အစွမ်းကုန် အသုံးချနိုင်တော့မည် ဖြစ်ပေသည်။
" ဒီစွမ်းရည်က ငါတို့ရဲ့ သစ်ပင်အိမ်ကို တကယ့် လက်နက်တပ်ဆင်ထားတဲ့ ခံတပ်ကြီးတစ်ခု ဖြစ်လာစေမှာ။ ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် ငါက မင်းရဲ့ စွမ်းရည်ကို ပိုပြီး စိတ်ဝင်စားတယ်"
ရွှီရှင်းက ကျိချောင်းယန်ကို ကြည့်ပြီး သူ ဘာစွမ်းရည် ပိုင်ဆိုင်ထားသလဲဆိုတာကို စူးစမ်းလိုက်၏။
"ဟားဟား... မကြာခင် မင်း သိလာမှာပါ။ ခဏနေရင် ငါတို့ လေးယောက်သား ဆွေးနွေးကြတာပေါ့၊ ငါလည်း မင်းရဲ့ စွမ်းရည်ကို စိတ်ဝင်စားနေတာ"
ကျိချောင်းယန်က ရယ်မောလိုက်၏။
"မင်းရဲ့ စွမ်းရည်က အဂ္ဂိရတ်ပညာ တစ်ခုတည်းတော့ မဟုတ်လောက်ဘူး မဟုတ်လား"
ရွှီရှင်းကတော့ ပုခုံးသာတွန့်ပြ နေလိုက်၏။
သူ၏ ဖန်တီးရှင် ခွင့်ပြုချက် များမှာ ဤထက် အများကြီး ပိုပြီး ရှုပ်ထွေးသလို၊ နောင်ကျရင်လည်း စွမ်းရည်သစ်တွေ ထပ်ပေါ်လာနိုင်သေးသည်မဟုတ်ပါလား။
"မာဟုန်ဝေရဲ့ စွမ်းရည်က တကယ် သန်မာတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ကံမကောင်းတာက သစ်ပင်အိမ်မှာ တပ်ဆင်ထားတဲ့ ထိန်းချုပ်စနစ်ပြားကို ဖြုတ်ယူလို့ မရဘူးလေ။ အဲဒီ သစ်ပင်အိမ်နဲ့အတူ ပျက်စီးသွားပြီဆိုတော့ အခုလောလောဆယ် လက်တွေ့ စမ်းသပ်ကြည့်ဖို့ နည်းလမ်း မရှိတော့ဘူး... နေဦး"
ရွှီရှင်းက မေးစေ့ကို ပွတ်ရင်း ဇဝေဇဝါဖြင့် ခန့်မှန်းလိုက်၏။
"ဖြစ်နိုင်တာက... သစ်ပင်အိမ်နဲ့ ချိတ်ဆက်ပြီး အသေတပ်ဆင်ထားတဲ့ ကိရိယာဖြစ်တဲ့ ထိန်းချုပ်စနစ်ပြားက ပြောင်းရွှေ့စိုက်ပျိုးထားတဲ့ ကပ်ပါးသစ်ပင်အိမ်တွေမှာ ပေါ်လာနိုင်လောက်လား"
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။
ဒါဟာ ဖြစ်နိုင်ချေ ရှိသည်ဟု သူတို့ ယူဆလိုက်ကြသည်။
"သွားကြစို့၊ သူတို့ကို သွားရှာရအောင်"
ချီရွှယ်ဖေးရဲ့ ပင်မသစ်ပင်အိမ်ကနေ မီတာ တစ်ရာလောက် အကွာမှာတော့ အပြည့်အဝနီးပါး ကြီးထွားနေပြီဖြစ်တဲ့ သစ်ပင်အိမ်တစ်လုံး ရှိနေသည်။
မိန်းကလေး သုံးယောက်စလုံး သစ်ပင်အိမ်အောက်မှာ ရှိနေကြပြီး အရှိန်အဟုန်နဲ့ ကြီးထွားလာတဲ့ သစ်ပင်အိမ်ကို ကြည့်ရင်း စကားပြောနေကြ၏။
သူတို့ဟာ ကပ်ပါးသစ်ပင်အိမ်တွေရဲ့ လျင်မြန်တဲ့ ကြီးထွားမှုကို ပထမဆုံးအကြိမ် ခံစားဖူးကြခြင်း ဖြစ်ပေသည်။
ဤသစ်ပင်အိမ်မှာ ကျိချောင်းယန် ခေါ်လာတဲ့ အမျိုးသမီးရဲ့ အိမ်ဖြစ်ပြီး၊ မာဟုန်ယွီရဲ့ သစ်ပင်အိမ်မျိုးစေ့ကိုတော့ မစိုက်ရသေးချေ။
ရွှီရှင်းက ငွေရောင်ဘုရင်ကို သစ်ပင်အိမ်အောက်မှာ အနားပေးထားလိုက်ပြီး၊ သူတို့နှစ်ယောက်ဟာ ကပ်ပါးသစ်ပင်အိမ်ရှိရာသို့ လျှောက်သွားလိုက်ကြ၏။
"အီး..."
ချီရွှယ်ဖေးရဲ့ သစ်ပင်အိမ် အမိုးအကာအောက်ခြေမှာ ကစားနေတဲ့ ခဲခဲလေးက ပင်စည်အတိုင်း အမြန်ပြေးဆင်းလာပြီး ရွှီရှင်းရဲ့ ပုခုံးပေါ် ခုန်တက်ကာ အသံပြုနေ၏။
ကောင်မလေးရဲ့ ဆိုလိုရင်းကို နားလည်တာကြောင့် ရွှီရှင်းက သူမကို ပုခုံးပေါ်က ချလိုက်ပြီး ကျောပိုးအိတ်ထဲက ပန်းသီးတစ်လုံး ထုတ်ပေးလိုက်ရာ ခဲခဲလေးကတော့ ပျော်ပျော်ရွှင်ရွှင် စားနေတော့သည်။
"သူတို့ စိုက်ထားတဲ့ အကွာအဝေးက ကွက်တိပဲ၊ ပင်မအိမ် ပတ်ပတ်လည် မီတာ တစ်ရာလောက် ချန်ထားတာ။ နောက်ကျရင် ကပ်ပါးသစ်ပင်အိမ် အားလုံးကို အကွာအဝေးတစ်ခုအတွင်းမှာပဲ စိုက်ထားရင် စီမံခန့်ခွဲရတာ ပိုလွယ်မှာပါ"
ကျိချောင်းယန်က မှတ်ချက်ပေး၏။
"ငါကတော့ ကပ်ပါးအိမ်တွေကြားမှာ အကွာအဝေး နည်းနည်း ပိုဝေးတာက ပိုကောင်းမယ် ထင်တယ်"
ရွှီရှင်းကတော့ သဘောမတူချေ။
"ဘာပဲဖြစ်ဖြစ် ဒါက ကမ္ဘာပျက်နေတဲ့ အချိန်လေ၊ အန္တရာယ်တွေက အများကြီးပဲ။ သစ်ပင်အိမ်တွေကို စုပြုံစိုက်ထားရင် အန္တရာယ်ကြုံတဲ့အခါ တစ်ပြိုင်နက်တည်း အကုန်ပျက်စီးသွားနိုင်တယ်။ အဲဒါကြောင့် နည်းနည်းစီ ခွဲထားတာ ဒါမှမဟုတ် အုပ်စုလေးတွေ ခွဲထားတာက ပိုကောင်းလိမ့်မယ်"
"အင်း... မင်း ပြောတာလည်း အကျိုးအကြောင်း စီလျော်ပါတယ်။ စိုက်ပျိုးထုတ်လုပ်ရေး တာဝန်ယူရမယ့်သူတွေကို ပင်မအိမ်နဲ့ နီးနီးမှာ ထားပြီး၊ ရန်သူကို ခုခံရမယ့်သူတွေကိုတော့ အပြင်ဘက် နားမှာ စိုက်ထားလို့ ရတာပေါ့"
သူတို့နှစ်ယောက်ဟာ နောက်ကျရင် ကပ်ပါးသစ်ပင်အိမ်တွေကို ဘယ်လို ပုံစံချမလဲဆိုတာ ဆွေးနွေးနေကြ၏။
ရွှီရှင်းက ရုတ်တရက် ရယ်မောလိုက်ကာ..
"ငါတို့မှာ ကပ်ပါးအိမ်တွေ အများကြီး မရှိသေးဘဲနဲ့ ဒါတွေကို ဆွေးနွေးနေမိပြီ"
"စောစောစီးစီး အစီအစဉ်ဆွဲထားတာ ပိုကောင်းပါတယ်၊ ကပ်ပါးအိမ်တွေဆိုတာ အလုပ်စားပွဲတွေမှ မဟုတ်တာ၊ တစ်ခါစိုက်ပြီးရင် နေရာပြောင်းလို့ မရဘူးလေ။ သစ်ပင်အိမ် အတွင်းပိုင်းမှာလို နေရာတွေ ပြန်စီဖို့ သူတို့က အခွင့်အရေး ပေးမှာ မဟုတ်ဘူး"
ကျိချောင်းယန်က ရှင်းပြ၏။
ကျိချောင်းယန်က ဒီအချက်ကို ဂရုစိုက်သည်။
တကယ်လို့ အစပိုင်းမှာ နေရာချတာ မှားသွားလို့ နောက်ပိုင်းမှာ သေသေချာချာ ပုံစံမဖော်နိုင်ရင် သူ စိတ်အနှောင့်အယှက် ဖြစ်နေမှာ ပင်။
"ဟေး... နင်တို့ နှစ်ယောက် ဘာလို့ ရောက်လာကြတာလဲ"
လီဝမ်ရှီးက သူတို့နှစ်ယောက် လာနေတာကို အရင်ဆုံး မြင်သွားပြီး လက်လှမ်းပြလိုက်၏။
"ကပ်ပါးသစ်ပင်အိမ်ကို ကြည့်ချင်လို့လား"
လီဝမ်ရှီးက ရွှီရှင်းအနားကို လျှောက်လာပြီး ပန်းသီးစားနေတဲ့ ခဲခဲလေးကို စလိုက်၏။
ရွှီရှင်းက ခဲခဲလေးကို သူမဆီ တိုက်ရိုက် ကမ်းပေးလိုက်ရာ၊ သူမက ချက်ချင်း ဖက်လိုက်ပြီး ဗိုက်လေးကို ပွတ်ပေးနေချေတော့၏။
ခဲခဲလေးကတော့ ပန်းသီးကို ပါးစပ်ကမချဘဲ အသံလေး ပြုနေရှာ၏။
ပိန်ပိန်ပါးပါး အမျိုးသမီးကတော့ သူတို့နှစ်ယောက် ရောက်လာတာနဲ့ စကားပြောတာ ရပ်လိုက်သည်။
ဒါပေမဲ့ သူမရဲ့ မျက်လုံးတွေထဲမှာတော့ အားကျရိပ်တွေ ပါဝင်နေ၏။
သူမဟာ ချီရွှယ်ဖေးနဲ့ လီဝမ်ရှီးတို့ဆီကနေ ရွှီရှင်းနဲ့ ကျိချောင်းယန်တို့ရဲ့ အကြောင်းတွေကို ကြားထားပြီး ဖြစ်သည်။
သူတို့ဟာ နယ်မြေအားလုံးရဲ့ နံပါတ်တစ်နဲ့ နံပါတ်နှစ် ဖြစ်တယ်ဆိုတာကို သိထားတာကိုး...။
"ဒီသစ်ပင်အိမ်ထဲကို ဝင်ကြည့်ချင်လား"
ထိုအချိန်တွင် သစ်ပင်အိမ်မှာ အပြည့်အဝ ကြီးထွားသွားပြီဖြစ်ရာ၊ ချီရွှယ်ဖေးက စိတ်နဲ့ ထိန်းချုပ်ပြီး သစ်ပင်မြစ်တွေကို အောက်သို့ ချပေးလိုက်ရင်း သူတို့ကို မေးလိုက်၏။
"မကြည့်တော့ပါဘူး၊ ငါတို့ နှစ်ယောက်လုံးက ကပ်ပါးအိမ်တွေနဲ့ ရင်းနှီးပြီးသားပါ"
ရွှီရှင်းက ခေါင်းခါပြလိုက်၏။
"ငါတို့က မာဟုန်ယွီရဲ့ ကပ်ပါးအိမ် အတွင်းပိုင်းကိုပဲ ကြည့်ချင်တာ။ ဒါနဲ့ နေဦး"
ရွှီရှင်းက သူတို့ ရောက်ကတည်းက စကားတစ်ခွန်းမှ မပြောသေးတဲ့ အမျိုးသမီးကို ကြည့်ပြီး မေးလိုက်၏။
"နင် အခု ဒီသစ်ပင်အိမ်ကို ထိန်းချုပ်လို့ ရပြီလား"
"ကျွန်မ... ကျွန်မလား"
အမျိုးသမီးက ရွှီရှင်းကို မော့ကြည့်လိုက်ပြီးနောက် သစ်ပင်ပင်စည်ကို ကိုင်ကြည့်ကာ ခေါင်းခါလိုက်၏။
"ဟင့်အင်း... ကျွန်မ ဒီသစ်ပင်အိမ်ကို ထိန်းချုပ်လို့ မရတော့ဘူး။ ဒါက ကျွန်မအိမ် မဟုတ်တော့ဘူးလေ"
"အင်း..."
ရွှီရှင်း ခေတ္တ စဉ်းစားလိုက်ပြီး မေးလိုက်၏။
"ဒါဆိုရင် သစ်ပင်အိမ် ဆုံးရှုံးသွားတဲ့ နင့်ရဲ့ အခု လက်ရှိ အခြေအနေက ဘယ်လိုမျိုးလဲ"
ဆန်းကြယ်တဲ့ အသံကြီးက သူတို့ကို အမြဲ သတိပေးနေခဲ့သည်မှာ။
သစ်ပင်အိမ်ကို လုံးဝ ဆုံးရှုံးလို့ မဖြစ်ပေ၊ မဟုတ်ရင် ဒီကမ္ဘာမှာ ရှင်သန်နိုင်မှာ မဟုတ်ဘူး ဆိုတာပင်။
သူမက သူမအိမ်ကို ဆုံးရှုံးသွားပြီဆိုတော့...
"ဟုတ်ကဲ့"
အမျိုးသမီးက ခေါင်းညိတ်၏။
"ကျွန်မ သစ်ပင်အိမ်ကို နုတ်ယူလိုက်တဲ့အချိန်မှာ အသံကြီးက ပြောတယ်၊ ကျွန်မရဲ့ အိမ်က သေသွားပြီတဲ့။ ၂၄ နာရီအတွင်းမှာ နောက်ထပ် သစ်ပင်အိမ်တစ်ခုကို မရဘူးဆိုရင် ကျွန်မက..."
အမျိုးသမီးရဲ့ အသံ တုန်သွား၏။
"ကျွန်မက... ဒီလှပတဲ့ ကမ္ဘာကြီးကနေ ထွက်ခွာသွားရမယ်တဲ့"
အမျိုးသမီးက ဇဝေဇဝါ လေသံနဲ့ ပြောလိုက်သည်။
"ဒါက သေရမယ်လို့ ပြောတာနဲ့ အတူတူပဲ မဟုတ်လား"
ဒီစကားလုံးကို နောက်တစ်ကြိမ် ကြားရပြန်ပြီ ဖြစ်သည်။
ပထမအဆင့်ရဲ့ အဆုံးသတ် ဖယ်ထုတ်မှုတုန်းကလည်း အဲဒီ ဆန်းကြယ်တဲ့ အသံကြီးက ဒီစကားကိုပဲ ပြောခဲ့တာပင်။
ဒီလှပတဲ့ ကမ္ဘာကြီးကနေ ထွက်ခွာသွားရမယ် တဲ့။
ရွှီရှင်းနဲ့ ကျိချောင်းယန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
သူတို့နှစ်ယောက်လုံး ဒီကမ္ဘာရဲ့ လျှို့ဝှက်ချက်အချို့ကို သိထားကြတာကြောင့် မျက်မှောင် အနည်းငယ် ကြုတ်သွားကြချေသည်။
"ဟင် အဲဒီလောက်တောင် အရေးကြီးတာလား။ ဒါဆို သစ်ပင်အိမ် မရှိရင် တိုက်ရိုက် ဖယ်ထုတ်ခံရမယ်လို့ ပြောတာလား။ ဒါက ဒုတိယအဆင့်ရဲ့ ဖယ်ထုတ်မှု နည်းလမ်းလား"
လီဝမ်ရှီးက အံ့သြတကြီး မေးလိုက်၏။
"ဒါဆိုရင် မြန်မြန်ပဲ ဒီသစ်ပင်အိမ်ရဲ့ အရှင်သခင်ကို သတ်မှတ်ပေးကြရအောင်"
"ဟုတ်တယ်၊ ငါလည်း ကပ်ပါးသစ်ပင်အိမ်ရဲ့ လုပ်ဆောင်ချက်တွေကို လေ့လာချင်နေတာ"
ပြောပြောဆိုဆိုနဲ့ ချီရွှယ်ဖေးက သစ်ပင်အိမ်မျိုးစေ့တစ်ခုကို ရွှီရှင်းဆီ ကမ်းပေးလိုက်၏။
"မာဟုန်ယွီရဲ့ သစ်ပင်အိမ်ကို ကြည့်ချင်တယ် မဟုတ်လား။ ငါ့ကို ကူပြီး စိုက်ပေးပါဦး၊ ဒီဘေးနား မီတာ နှစ်ဆယ်လောက်မှာ စိုက်လိုက်မလား"
"အိုကေ"
ရွှီရှင်းက မျိုးစေ့ကို ယူလိုက်၏။
ချီရွှယ်ဖေးကတော့ သစ်ပင်မြစ်တွေကို ထိန်းချုပ်ပြီး လီဝမ်ရှီး၊ ထိုအမျိုးသမီးနှင့် ပန်းသီးစားနေဆဲဖြစ်တဲ့ ခဲခဲလေးတို့ကို သစ်ပင်အိမ်ထဲ ဆွဲတင်လိုက်ချေသည်။
ရွှီရှင်းနဲ့ ကျိချောင်းယန်တို့ဟာ ကပ်ပါးသစ်ပင်အိမ်နဲ့ မီတာ နှစ်ဆယ်လောက် ဝေးတဲ့ နေရာမှာ နေရာရှာပြီး မာဟုန်ယွီရဲ့ ကပ်ပါးသစ်ပင်အိမ်မျိုးစေ့ကို စိုက်လိုက်ကြ၏။
ပျိုးပင်လေးဟာ မြေကြီးထဲကနေ ချက်ချင်း ထွက်လာပြီး စက္ကန့်ပိုင်းအတွင်းမှာပင် အပင်ငယ်လေး ဖြစ်လာကာ ဆက်လက် ကြီးထွားနေတော့သည်။
သူတို့နှစ်ယောက်လုံး အရင်က ကပ်ပါးအိမ် နှစ်လုံးစီ စိုက်ဖူးထားတာကြောင့် ဒါကို အံ့သြခြင်း မရှိကြတော့ချေ။
"ရွှီရှင်း၊ ဒီကမ္ဘာကနေ ထွက်ခွာသွားရမယ်ဆိုတာ သေရမှာလို့ မင်းထင်လား"
ကျိချောင်းယန်က ဆက်တိုက် ကြီးထွားနေတဲ့ သစ်ပင်အိမ်ကို စိုက်ကြည့်ရင်း လေးနက်စွာ မေးလိုက်သည်။
"မဟုတ်လောက်ဘူး"
ရွှီရှင်း မြေအောက်မြို့တော်ကြီးကို သတိရသွား၏။
သူတို့ရဲ့ အရင်က သီအိုရီတွေအရဆိုလျှင် မြေအောက်မြို့တော်ဟာ ဖယ်ထုတ်ခံရတဲ့ ရှင်ကျန်သူတွေကို ခေတ္တ ထိန်းသိမ်းထားတဲ့ နေရာ ဖြစ်သည်။
"ဖယ်ထုတ်ခံရတဲ့သူတွေ အားလုံးကို အရင်ဆုံး မြေအောက်မြို့မှာ ထိန်းသိမ်းထားတယ်လို့ မင်းပြောခဲ့တယ် မဟုတ်လား။တကယ်လို့ သူတို့ကို သေစေချင်တာဆိုရင် ဘာလို့ ဒီလောက်အထိ အပင်ပန်းခံနေမှာလဲ၊ တန်းသတ်လိုက်ရုံပဲလေ"
ရွှီရှင်း ခန့်မှန်းလိုက်၏။
"မင်း ပြောတာလည်း ဟုတ်ပါတယ်၊ ဒါပေမဲ့ သူတို့ ဘယ်ကို သွားကြမှာလဲ။ ဒီကမ္ဘာကနေ ထွက်ခွာသွားမယ်ဆိုတာ... မူလကမ္ဘာကို ပြန်ရတာမျိုးလား။ ငါတို့ ကမ္ဘာမြေကို ပြန်ရောက်သွားတာမျိုးလား"
ကျိချောင်းယန်က သူ အကြာကြီး စဉ်းစားခဲ့တဲ့ သီအိုရီတစ်ခုကို ထုတ်ပြောလိုက်၏။
"... မဖြစ်နိုင်ဘူး"
ရွှီရှင်းကတော့ ဒါဟာ လက်တွေ့မကျဘူးလို့ ထင်သည်။
"တကယ်လို့ အဲဒါသာ အမှန်ဆိုရင် အဆင့်မြင့်ဖို့ ကြိုးစားနေတဲ့ ငါတို့ ရှင်ကျန်သူတွေက လူအတွေ ဖြစ်ကုန်မှာပေါ့။သစ်ပင်အိမ်ထဲမှာ ဘာမှမလုပ်ဘဲ ထိုင်နေရုံနဲ့ အိမ်ပြန်ရမှာလား"
ကြောက်စရာကောင်းတဲ့ အတွေးတစ်ခု ရွှီရှင်းရဲ့ ဦးနှောက်ထဲမှာ ရုတ်တရက် ပေါ်လာ၏။
ဒီကိစ္စကို စမ်းသပ်ကြည့်ဖို့ လိုအပ်ပေလိမ့်မည်။
နောက်တစ်ကြိမ် မာဟုန်ယွီလို လူမျိုးနဲ့ ထပ်တွေ့ရင် သူ့ကို မသတ်ဘဲ သစ်ပင်အိမ်လည်း မပေးဘဲထားကာ ချုပ်နှောင်ထားပြီး ၂၄ နာရီ စောင့်ကြည့်သင့်သည်။
သူ့မှာ ဘာတွေ ဖြစ်လာမလဲဆိုတာကိုပင်။
သူ ရုတ်တရက်ကြီး သေသွားမလား၊ ဒါမှမဟုတ် ပျောက်ကွယ်သွားမလား၊ ဒါမှမဟုတ် တခြား ထူးဆန်းတဲ့ အရာတွေ ဖြစ်လာမလား..။
နောက်တစ်ကြိမ်ဆိုရင်တော့ ဒါကို စမ်းသပ်ကြည့်ဖို့ တကယ် တန်လောက်ချေသည်။
သူတို့ရှေ့က ကပ်ပါးသစ်ပင်အိမ်မှာတော့ ယခု အပြည့်အဝ ကြီးထွားပြီး စိမ်းလန်းနေချေပြီ။
လီဝမ်ရှီးနဲ့ ချီရွှယ်ဖေးတို့လည်း ဘေးက သစ်ပင်အိမ်ကနေ ဆင်းလာပြီး သူတို့ဆီ လျှောက်လာကြ၏။
ထိုအမျိုးသမီးကတော့ ဆင်းမလာတော့ဘဲ သူမရဲ့ အိမ်အသစ်နဲ့ အသားကျအောင် လုပ်နေပုံရ၏။
"ဒီလို ကြည့်လိုက်ရင်တော့ ကပ်ပါးသစ်ပင်အိမ် ပိုင်ရှင်ဆိုတာ သစ်ပင်အိမ် ပိုင်ရှင်ထက်စာရင် သူများအိမ်မှာ လာကပ်နေတဲ့ ဧည့်သည်နဲ့ ပိုတူနေသလိုပဲ"
လီဝမ်ရှီးက သူမရဲ့ ရင်ခွင်ထဲက ခဲခဲလေးကို အသာအယာ ပွတ်ပေးရင်း စဉ်းစားနေ၏။
"ဒါတွေကို နယ်မြေချန်နယ်ထဲမှာ လျှောက်မပြောနဲ့ဦးနော်၊ မဟုတ်ရင် လူအတော်များများက ငါတို့နဲ့ ပူးပေါင်းချင်မှာ မဟုတ်တော့ဘူး"
ချီရွှယ်ဖေးက သတိပေးလိုက်၏။
"စိတ်မပူပါနဲ့ မမရွှယ်ဖေးရာ၊ ညီမက အဲဒီလောက် မအပါဘူး"
ရွှီရှင်းနဲ့ ကျိချောင်းယန်တို့က သစ်ပင်အိမ်အောက်မှာ သူတို့ကို စောင့်နေကြသည်။
"သစ်ပင်အိမ်ကတော့ အပြည့်အဝ ကြီးသွားပြီ၊ ငါတို့ကတော့ အထဲဝင်လို့ မရဘူး။ အဲဒါကြောင့် ငါတို့ကို အပေါ် ခေါ်သွားပြီး ပြပေးပါဦး"
ချီရွှယ်ဖေး အနားရောက်လာတဲ့အခါ ရွှီရှင်းက ပြောလိုက်သည်။
အခုလောလောဆယ် ချီရွှယ်ဖေး တစ်ယောက်တည်းသာ ဒီအိမ်ကို ထိန်းချုပ်နိုင်တာပင်။
"ရတာပေါ့"
ချီရွှယ်ဖေး စိတ်နဲ့ စဉ်းစားလိုက်ရုံနှင့် သစ်ပင်မြစ်အချို့ ထွက်လာပြီး သူတို့ လေးယောက်လုံးကို သစ်ပင်အိမ်ထဲ ဆွဲတင်လိုက်လေတော့သည်။
---
အခန်း ၂၆၁ ပြီး၏။