ကပ်ပါးသစ်ပင်အိမ်ရဲ့ အတွင်းပိုင်းကို ရောက်သည်နဲ့ ရွှီရှင်းဟာ ဒုတိယထပ်ကို ချက်ချင်း တက်သွား၏။
"တွေ့ပြီ"
ပြတင်းပေါက်နားမှာ ထိန်းချုပ်စနစ်ပြားလေး ရှိနေသေးတာကို မြင်လိုက်ရတော့ သူ အတော်လေး ဝမ်းသာသွားရ၏။
တကယ်ပဲ... သစ်ပင်အိမ်ရဲ့ ဖြုတ်ယူလို့မရတဲ့ အစိတ်အပိုင်းတွေဟာ သစ်ပင်အိမ်နဲ့အတူ ဒီကို ပြောင်းရွှေ့လာတာပါလား..။
သူက စနစ်ပြားနားကို အမြန်လျှောက်သွားပြီး စခရင်လေးကို အသာအယာ ထိကြည့်လိုက်၏။
[သစ်ပင်အိမ် ပြင်ပလက်နက် ထိန်းချုပ်စနစ်ပြား (အပြာရောင်အဆင့်) - သစ်ပင်အိမ်ရှိ ပြင်ပလက်နက်အားလုံး၏ ထိန်းချုပ်စနစ်များနှင့် ချိတ်ဆက်နိုင်ပြီး၊ လက်နက်အားလုံးကို ဤစနစ်ပြားတစ်ခုတည်းမှနေ၍ ထိန်းချုပ်လုပ်ဆောင်နိုင်သည်။]
အရင်တိုင်း ဖော်ပြချက်ချင်း တူတူပင်၊ ပျက်စီးသွားတာ ဒါမှမဟုတ် အဆင့်နိမ့်သွားတာမျိုး မရှိဘဲ အရင်က စနစ်ပြားအတိုင်းပင် ဖြစ်ပေသည်။
ဒါပေမဲ့ သူ ထိလိုက်တဲ့အခါမှာတော့ စနစ်ပြားက ပွင့်မလာဘဲ မှောင်နေဆဲဖြစ်ရာ အသုံးပြုလို့ မရသေးချေ။
ထိုအချိန်တွင် သူ့နောက်က လူသုံးယောက်လည်း ဒုတိယထပ်ကို တက်လာကြ၏။
ကျိချောင်းယန်က စနစ်ပြားကို မြင်လိုက်ရတဲ့အခါ မျက်လုံးတွေ ဝင်းခနဲ ဖြစ်သွားပြီး အနားကို အမြန်တိုးကာ စစ်ဆေးကြည့်သည်။
"ဒါက မင်းပြောတဲ့ သစ်ပင်အိမ် ပြင်ပလက်နက် ထိန်းချုပ်စနစ်ပြား ဆိုတာလား"
"ဟုတ်တယ်"
ရွှီရှင်းက သူကိုယ်တိုင် ထိန်းချုပ်လို့ မရတာ သေချာအောင် နောက်ထပ် အကြိမ်အနည်းငယ် ထပ်ထိကြည့်ပြီးမှ နောက်က လိုက်လာတဲ့ ချီရွှယ်ဖေးဘက် လှည့်ကာ..
"အစ်မရွှယ်ဖေး၊ အစ်မက ဒီအိမ်ရဲ့ အရှင်သခင်ဆိုတော့ အစ်မတစ်ယောက်ပဲ ဒီစနစ်ပြားကို ထိန်းချုပ်လို့ ရမှာ" ဟု ပြောလိုက်၏။
"အိုကေ... ငါ စမ်းကြည့်မယ်လေ"
ချီရွှယ်ဖေးက ရှေ့သို့ တိုးလာပြီး ထိန်းချုပ်စနစ်ပြားကို ခံစားချက်မျိုးစုံနဲ့ ကြည့်နေမိသည်။
ဒါဟာ သူမကို အကြီးအကျယ် အရှက်ရအောင် လုပ်ခဲ့တဲ့ အရာပင်။
အရင်က မာဟုန်ယွီရဲ့ သစ်ပင်အိမ်ထဲကို သူမ မဝင်ခဲ့ဖူးတာကြောင့် ဒီစနစ်ပြားကို မြင်ဖူးတာ ပထမဆုံးပင်။
ဒီပစ္စည်းက သူမအပေါ်မှာတော့ အရမ်းကို အမှတ်ရစရာ ဖြစ်နေ၏။
ဘာလို့လဲဆိုတော့ သူမကို လွင့်ထွက်သွားအောင် လုပ်ခဲ့တဲ့အပြင် အရိုးတွေ ကျိုးသွားအောင်အထိ လုပ်ခဲ့တဲ့ လေးလံတဲ့မြှား တွေဟာ ဒီပစ္စည်းနဲ့ပဲ ထိန်းချုပ်ထားတာ မဟုတ်လား။
ဒီပစ္စည်းသာ မရှိခဲ့ရင် သူမ ဒီလောက်အထိ အရှုံးပေးစရာ မလိုသလို၊ ရွှီရှင်းနဲ့ လီဝမ်ရှီးတို့ ရှေ့မှာလည်း ဒီလောက်အထိ အရှက်ရမှာ မဟုတ်ချေ။
သူမက လက်ကိုဆန့်ပြီး စနစ်ပြားကို ထိလိုက်၏။
"ဟာ... လင်းလာပြီ"
လီဝမ်ရှီးက ဝမ်းသာအားရ အော်လိုက်၏။
"အီး"
ပန်းသီးစားပြီးသွားတဲ့ ခဲခဲလေးကလည်း လီဝမ်ရှီးရဲ့ ရင်ခွင်ထဲကနေ ပြတင်းပေါက်ဘောင်ပေါ် ခုန်တက်သွားပြီး စနစ်ပြားရဲ့ ပြောင်းလဲမှုတွေကို စူးစမ်းစွာ ကြည့်နေချေသည်။
လူအနည်းငယ် စိုက်ကြည့်နေတဲ့ အောက်မှာတင် ထိန်းချုပ်စနစ်ပြားရဲ့ စခရင်လေးဟာ ကြည်လင်လာ၏။
စနစ်ပြားပေါ်မှာ ပတ်ဝန်းကျင်ရဲ့ အပေါ်စီးမြင်ကွင်း ကို တကယ့် မြင်ကွင်းအတိုင်း ပြသနေ၏။
ဒရုန်း တစ်စင်းနဲ့ အပေါ်ကနေ ရိုက်ကူးထားသလိုမျိုးပင်။
ကပ်ပါးသစ်ပင်အိမ်က အလယ်ဗဟိုမှာ ရှိနေပြီး၊ ဘေးနားက တခြား ကပ်ပါးအိမ်၊ ချီရွှယ်ဖေးရဲ့ ပင်မအိမ်နဲ့ ပင်မအိမ်ဘေးက ဖြည်းဖြည်းချင်းစီးဆင်းနေတဲ့ မြစ်ကြီးကိုပါ ရှင်းရှင်းလင်းလင်း မြင်နေရ၏။
မြင်ကွင်းတစ်ခုလုံးက မီတာ တစ်ရာ ပတ်လည်လောက်ကို လွှမ်းခြုံထားချေသည်။
ချီရွှယ်ဖေးက စခရင်ကို အောက်ဘက်သို့ အနည်းငယ် ဆွဲချလိုက်တဲ့အခါ မြင်ကွင်းတစ်ခုလုံးက အပေါ်ကို နည်းနည်း တက်သွား၏။
သစ်ပင်အိမ်ရဲ့ တည်နေရာကို မြင်ကွင်းရဲ့ အောက်ခြေမှာ ထားလိုက်တဲ့အခါမှာတော့ ထပ်ပြီး ရွှေ့လို့ မရတော့ချေ။
ကြည့်ရသည်မှာ ဒီထိန်းချုပ်စနစ်ပြားပါတဲ့ သစ်ပင်အိမ်ဟာ မြင်ကွင်းရဲ့ အကွာအဝေးအတွင်းမှာပဲ ရှိနေရမယ့် သဘောပင်။
"ဒါက ဂိမ်းထဲမှာ မြေပုံအသေး ကို ဆွဲရွှေ့နေရသလိုပဲနော်"
လီဝမ်ရှီးက တိုးတိုးလေး ရေရွတ်လိုက်၏။
ချီရွှယ်ဖေးက နောက်ထပ် အကြိမ်အနည်းငယ် ထပ်ပြီး ပွတ်ကြည့်သော်လည်း တခြား လုပ်ဆောင်လို့ရတဲ့ နေရာတွေကိုတော့ ရှာမတွေ့ချေ။
"ဒီသစ်ပင်အိမ်မှာ လက်နက်တွေ မတပ်ရသေးလို့ ဖြစ်မှာပါ"
ကျိချောင်းယန်က ပြောလိုက်၏။
မှန်ပေသည်၊ ထိန်းချုပ်စနစ်ပြားက ကပ်ပါးသစ်ပင်အိမ်နဲ့အတူ ပါလာတယ်ဆိုပေမဲ့၊ သစ်ပင်အိမ်အပြင်ဘက်က မြှားပစ်စက်ကြီးတွေ အားလုံးကတော့ သစ်ပင်အိမ် ခြောက်သွေ့ပျက်စီးသွားတုန်းက ပျက်စီးကုန်ပြီး အိမ်အဟောင်းရဲ့ အပျက်အစီးပုံတွေထဲမှာပဲ ကျန်ခဲ့တာကြောင့်ပင်။
"ငါ အခု နှစ်လက်လောက် လုပ်လိုက်မယ်"
ချီရွှယ်ဖေးက သစ်ပင်အိမ်ရဲ့ ပထမထပ်ကို ချက်ချင်း ပြေးဆင်းသွား၏။
သူမဆီမှာ သစ်သား မြှားပစ်စက် နှစ်ခု လုပ်ဖို့ လုံလောက်တဲ့ အရင်းအမြစ်တွေ ရှိနေသည်မဟုတ်ပါလား။
ချီရွှယ်ဖေးက သစ်ပင်အိမ်ရဲ့ ဒုတိယထပ်မှာ မြှားပစ်စက်ကြီး တွေကို တပ်ဆင်လိုက်သည်။
ဒုတိယထပ်မှာ ရှိနေတဲ့သူတွေဟာ သစ်ပင်အိမ်အပြင်ဘက်ကနေ "ဂျောက် ဂျောက်" ဆိုတဲ့ အသံနှစ်ချက်ကို ချက်ချင်း ကြားလိုက်ရ၏။
နံရံမှာ ပြတင်းပေါက် အသေးလေး နှစ်ခု ပွင့်သွားပြီး အောက်ဘက်မှာတော့ မြှားတွေ ထည့်ဖို့ အပေါက်လေးတွေ ပါလာသည်။
"မမရွှယ်ဖေး၊ မြန်မြန်တက်လာဦး၊ စနစ်ပြားပေါ်မှာ တစ်ခုခု ပြောင်းလဲသွားပြီ"
လီဝမ်ရှီးက စနစ်ပြားပေါ်က အပြောင်းအလဲကို သတိထားမိပြီး ပထမထပ်ကို လှမ်းအော်ပြောလိုက်၏။
စနစ်ပြားက တကယ်ပဲ ပြောင်းလဲသွားသည်။
သစ်ပင်အိမ် ပုံစံလေးရဲ့ ဘေးမှာ မြှားပစ်စက် ပုံစံလေး နှစ်ခု ပေါ်လာပြီး၊ စခရင်ရဲ့ အောက်ခြေမှာလည်း ရွေးချယ်စရာ နှစ်ခု ပေါ်လာသည်။
[သစ်ပင်အိမ် အလိုအလျောက် မြှားပစ်စက် ၁ ၊ သစ်ပင်အိမ် အလိုအလျောက် မြှားပစ်စက် ၂ ။]
ရွှီရှင်းက စနစ်ပြားကို ထိကြည့်သော်လည်း စခရင်က သူ့ရဲ့ ထိတွေ့မှုကို ဘာမှ တုံ့ပြန်ခြင်း မရှိချေ။
ဒီကောင်ကတော့...
ပွင့်နေတဲ့ စနစ်ပြားကိုတောင် သူ ထိန်းချုပ်လို့ မရဘူးလား။
ချီရွှယ်ဖေး ထိန်းချုပ်စနစ်ပြားနားကို ရောက်လာပြီး နှစ်စက္ကန့်လောက် ကြည့်လိုက်ကာ သစ်ပင်အိမ် အလိုအလျောက် မြှားပစ်စက် ၁ ကို နှိပ်လိုက်သည်။
စခရင်ပေါ်မှာ ဒီမြှားပစ်စက် ကို ကိုယ်စားပြုတဲ့ ပုံလေးက လင်းလာပြီး ဘေးမှာလည်း (၀/၅) လို့ ပြနေ၏။
"(၀/၅) ဒါက မြှား အရေအတွက်ကို ပြောတာလား"
မြှား တွေကိုတော့ အလုပ်စားပွဲ မလိုဘဲ လုပ်လို့ရတာကြောင့်၊ ရွှီရှင်းက သူ့ရဲ့ နာရီကို သုံးပြီး မြှား ငါးစင်းကို ချက်ချင်း လုပ်လိုက်ကာ မြှားပစ်စက် ထဲကို ထည့်ပေးလိုက်၏။
ကျန်တဲ့သူ သုံးယောက်စလုံး ရွှီရှင်းရဲ့ လျင်မြန်တဲ့ လုပ်ဆောင်ချက်ကို ခဏလောက် ကြောင်ကြည့်နေပြီးမှ သတိဝင်လာကြ၏။
"မင်းရဲ့ နာရီက တကယ်ကို အသုံးဝင်တာပဲဟ"
ကျိချောင်းယန်က သက်ပြင်းချရင်း ဘာမှမတတ်နိုင်သလို ဖြည့်ပြောလိုက်သည်။
"မင်းသာ ဒီမှာ မရှိရင် ဒီနာရီက ငါ့ဟာ ဖြစ်မှာပါ"
"ဟားဟား... ဆက်ပြီး ကြိုးစားပါဦး၊ နောက်ကျရင် ထပ်ရှိလာနိုင်တာပဲလေ"
ရွှီရှင်းက ရယ်မောလိုက်၏။
"မဖြစ်နိုင်လောက်ပါဘူး၊ ပထမအဆင့်ရဲ့ ဆုလာဘ်တွေက ကန့်သတ်ထားတာ နေမှာပါ"
ကျိချောင်းယန်ကတော့ ဒီအတိုင်း ပြောလိုက်ခြင်းသာဖြစ်ပြီး ရွှီရှင်း ပြောသလို ဖြစ်လာဖို့တော့ မျှော်လင့်ချက် သိပ်မရှိလှချေ။
အားလုံးက စနစ်ပြားကို ကြည့်လိုက်ကြ၏။
အမှန်ပါပင် သစ်ပင်အိမ် အလိုအလျောက် မြှားပစ်စက် ၁ ရဲ့ နောက်က (၀/၅) ဆိုတာက (၅/၅) ဖြစ်သွားပြီဖြစ်ရာ၊ ဒီမြှားပစ်စက် ထဲမှာ မြှားတွေ အသင့် ရှိနေပြီဖြစ်ကြောင်း ပြနေပေသည်။
"ဒါကို ဘယ်လို ထိန်းချုပ်ရမလဲ"
ချီရွှယ်ဖေးက တစ်ယောက်တည်း ရေရွတ်ရင်း မြေပုံပေါ်ကို အသာအယာ နှိပ်လိုက်၏။
"ဂျောက်"
ရုတ်တရက် သစ်ပင်အိမ်အပြင်ဘက်ကနေ စက်ယန္တရားသံတစ်ခု ထွက်ပေါ်လာ၏။
"အီး..."
ဒီအသံက ခဲခဲလေးရဲ့ ဘေးနားတင် ထွက်လာတာကြောင့် ကောင်မလေးမှာ အကြီးအကျယ် လန့်သွားပြီး ရွှီရှင်းရဲ့ ပုခုံးပေါ်ကို လွှားကနဲ ခုန်တက်သွားလေတော့သည်။
အခန်း ၂၆၂ ပြီး။