ကျိချောင်းယန်သည် အနည်းငယ် ပင်ပန်းနေပုံရ၏။
သူသည် ပြတင်းပေါက်အပြင်ဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်ရာ သူ၏မျက်ဝန်းထဲတွင် စိုးရိမ်ရိပ်များ လက်ခနဲ ဖြတ်ပြေးသွားသည်။
ထို့နောက် ကျောပိုးအိတ်ထဲမှ လိမ္မော်သီးတစ်လုံး ထုတ်ကာ အခွံစခွာတော့သည်။
"ရှေ့ဖြစ်ဟောသူ ဟုတ်လား"
လီဝမ်ရှီးက အံ့သြတကြီး အော်လိုက်ပြီးနောက် ဘေးနားတွင် လဲလျောင်းနေသည့် ငွေရောင်ဘုရင်ဘက် လှည့်ကာ
"ငွေရောင်ဘုရင်... ဒီလူက ရှေ့ဖြစ်ဟောသူလို့ အခိုင်အမာ ပြောနေတယ်ဆိုရင်၊ ဒီည သူ့ကို ငါတို့ အပြတ်ရှင်းရမယ်နော်" ဟု ပြောလိုက်၏။
"အီး"
ငွေရောင်ဘုရင်ကတော့ လီဝမ်ရှီး ဘာပြောနေမှန်း နားမလည်သဖြင့် ခေါင်းလေးကို စောင်းကြည့်နေမိသည်။
"သတိထားဦး၊ ငွေရောင်ဘုရင်က တကယ်ကြီး ထင်သွားဦးမယ်"
ရွှီရှင်းက စနောက်လိုက်၏။
"ဟင်"
လီဝမ်ရှီး လန့်သွားပြီး ငွေရောင်ဘုရင် ကို အမြန်ပြန်ချော့ရသည်။
"ငါ နောက်နေတာပါ ငွေရောင်ဘုရင် ရဲ့၊ တကယ်ကြီး မလုပ်နဲ့ဦးနော်"
"ဝူး..."
ငွေဘုရင်မှာတော့ ဘာမှမသိရှာချေ။
ကျန်တဲ့ သုံးယောက်စလုံးမှာမူ ရယ်မောလိုက်ကြ၏။
"အာ... ရှင်တို့ကလည်း ကျွန်မကို ဝိုင်းစနေကြပြန်ပြီ"
လီဝမ်ရှီးက အနည်းငယ် စိတ်ကောက်သွားပြီး ခဲခဲလေးကို ပွတ်သပ်ပေးချင်သော်လည်း၊ ကောင်မလေးမှာ သူမ၏ ပေါင်ပေါ်တွင် အိပ်ပျော်နေသည်ကို တွေ့လိုက်ရသဖြင့် အမွေးလေးတွေကိုသာ အသာအယာ ပွတ်သပ်ပေးနေတော့သည်။
"အီး..."
ခဲခဲလေးက အိပ်မက်ထဲမှာ သက်တောင့်သက်သာရှိတဲ့ အသံလေးပြုရင်း တစ်ဖက်သို့ လှည့်ကာ ဆက်အိပ်နေတော့ချေသည်။
"ဒါနဲ့... မင်းရဲ့ ရှေ့ဖြစ်ဟောတဲ့ စွမ်းရည်က တကယ်ပဲ အနာဂတ်ကို ကြိုတင်ဟောကိန်းထုတ်နိုင်တာလား"
ရွှီရှင်းက ကျိချောင်းယန်ကို ကြည့်ကာ မေးလိုက်၏။
ကျိချောင်းယန်သည် လက်ထဲက လိမ္မော်သီးအခွံကို ပန်းပွင့်ပုံစံဖြစ်အောင် သေသေချာချာ ခွာနေသည်။
အခွံတစ်ခုချင်းစီမှာ အရွယ်အစား တူညီလုနီးပါးပင် ရှိသည်။
"ဟောကိန်းထုတ်တာထက်စာရင် အနာဂတ်ကို မြင်ရတာလို့ ပြောရင် ပိုမှန်လိမ့်မယ်"
ကျိချောင်းယန်က လိမ္မော်သီးတစ်စိတ်ကို ပါးစပ်ထဲ ထည့်လိုက်ပြီး ရှင်းပြ၏။
"အနာဂတ်ကို မြင်ရတာ ဟုတ်လား"
ရွှီရှင်းနှင့် အခြားသူများမှာ အံ့သြသွားကြ၏။
ဒါဟာ ဟောကိန်းထုတ်တာထက် အများကြီး ပိုပြီး သန်မာသည်မဟုတ်ပါလား။
"ဟုတ်တယ်"
လိမ္မော်သီးကို တစ်စိတ်ချင်း စားရင်း သူ၏ စိတ်ဓာတ်များ ပြန်လည် ကြည်လင်လာပုံရ၏။
"ငါက မျက်လုံးတွေကတစ်ဆင့် အနာဂတ်မြင်ကွင်းတစ်ခုကို ငါ မြင်နိုင်တယ်။ အချိန်ကတော့ အများဆုံး ၁၅ စက္ကန့်လောက်ပဲ ရတယ်၊ အဲဒီထက် ပိုကြာရင်တော့ ငါ့ရဲ့ စိတ်စွမ်းအား က ခံနိုင်မှာ မဟုတ်ဘူး"
"ဟူး..."
ရွှီရှင်း သက်ပြင်းတစ်ချက် အေးစက်စက် ချလိုက်မိ၏။
အနာဂတ်ကို ဟောကိန်းထုတ်နိုင်ရုံတင်မကဘဲ အနာဂတ်မြင်ကွင်းတွေကိုပါ မြင်နိုင်တာတဲ့လား။
ဒီကမ္ဘာကြီးက တဖြည်းဖြည်းနဲ့ ပိုပြီး နက်နဲဆန်းကြယ်လာချေပြီ။
ချီရွှယ်ဖေးနှင့် လီဝမ်ရှီးတို့မှာမူ ဘာပြောရမှန်းမသိလောက်အောင် မှင်သက်နေကြ၏။
"ဒါဆိုရင် မင်းက အနာဂတ်ရဲ့ ဘယ်အချိန်ကို ကြည့်မယ်ဆိုတာကိုရော ရွေးချယ်လို့ ရလား"
ရွှီရှင်းက မေးလိုက်သည်။
ကျိချောင်းယန်သည် လိမ္မော်သီး နောက်ဆုံးတစ်စိတ်ကို စားလိုက်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှူကာ ခေါင်းခါပြ၏။
"မရဘူး။ ကျပန်း အနာဂတ်အချိန်တစ်ခုက မြင်ကွင်းတွေကိုပဲ မြင်နိုင်တာ။ အဲဒီအချိန်က ဘယ်တော့လဲဆိုတာကိုတော့ ငါကပဲ ခန့်မှန်းရတာပေါ့။ ဒါပေမဲ့ ငါမြင်ရသမျှ မြင်ကွင်းတွေကတော့ များသောအားဖြင့် တစ်ရက် ဒါမှမဟုတ် နှစ်ရက်အတွင်းမှာပဲ ဖြစ်လာတတ်တယ်"
"တစ်ရက်ကို ဘယ်နှစ်ကြိမ် ဟောနိုင်လဲ။ အကြိမ်တိုင်းမှာရော မတူတဲ့ မြင်ကွင်းတွေ မြင်ရတာလား"
ရွှီရှင်းက ဆက်မေးသည်။
"ငါ့ရဲ့ စိတ်စွမ်းအား လုံလောက်နေသရွေ့တော့ ဆက်တိုက် ကြည့်လို့ရတယ်၊ ဒါပေမဲ့..."
ကျိချောင်းယန်က ပြတင်းပေါက်အပြင်ဘက်က မြင်ကွင်းကို လှမ်းကြည့်လိုက်၏။
"ငါမြင်ထားတဲ့ မြင်ကွင်းက တကယ် ဖြစ်မလာသေးသရွေ့တော့ ဟောကိန်းအသစ် ပေါ်မလာဘူး။ ဘယ်နှစ်ကြိမ်ကြည့်ကြည့် အဲဒီမြင်ကွင်းကိုပဲ ထပ်ခါထပ်ခါ မြင်နေရမှာ။ အကြိမ်တိုင်းမှာတော့ အသေးစိတ် အချက်အလက်တွေကို ပိုပြီး မြင်လာရတာပေါ့။ အဲဒီ အနာဂတ်မြင်ကွင်းက တကယ် ဖြစ်လာပြီးတဲ့နောက်မှပဲ ဟောကိန်းအသစ် ထွက်လာတာမျိုးပဲ"
"ဒါတောင်မှ တကယ် အံ့သြဖို့ ကောင်းနေတုန်းပဲ"
လီဝမ်ရှီးက အံ့သြဝမ်းသာစွာ ပြောလိုက်သည်။
"ဘာဖြစ်လာမလဲဆိုတာ ကြိုသိနေရတာက တကယ် ကောင်းလွန်းတယ်။ ဒါနဲ့... နင်မြင်တဲ့ အနာဂတ်ကိုရော ပြောင်းလဲလို့ ရလား။ ဥပမာ - တစ်ယောက်ယောက် သေမှာကို မြင်ရင် အဲဒါကို တားဆီးလို့ ရမလား"
"ငါလည်း မသေချာဘူး"
ကျိချောင်းယန်က ခေါင်းခါ၏။
"မကြာသေးခင်က ငါမြင်ခဲ့တဲ့ ဟောကိန်းတွေက ငါ့ကို သတင်းအချက်အလက် ပေးရုံသက်သက်ပဲဆိုတော့ အဲဒါတွေကို ဆန့်ကျင်ပြီး တိုက်ခိုက်စရာ မလိုခဲ့ဘူးလေ"
"အရင်က ရွှေရတနာသေတ္တာကို ရှာတွေ့တာက နင့်ရဲ့ စွမ်းရည်ကြောင့်လို့ ပြောခဲ့တယ်နော်၊ အဲဒါ တည်နေရာကို ကြိုမြင်ခဲ့တာလား"
လီဝမ်ရှီးဆီ လာတဲ့လမ်းမှာ ကျိချောင်းယန် ပြောခဲ့တာကို ရွှီရှင်း သတိရပြီး မေးလိုက်သည်၏။
"ဟုတ်တယ်၊ အဲဒီဟောကိန်းမှာ မြေပြင်ပေါ်မှာ အပင်အကျိုးအပဲ့တွေ ပြန့်ကျဲနေတာနဲ့ မြေအောက်ကို ဆင်းသွားတဲ့ ဂူဝတစ်ခုကို ငါ မြင်ခဲ့ရတယ်"
ကျိချောင်းယန်က ခေါင်းညိတ်သည်။
"ငါ အကြိမ်ကြိမ် ကြိုကြည့်ပြီး ပတ်ဝန်းကျင် မြင်ကွင်းတွေကို သေသေချာချာ လေ့လာခဲ့တယ်။ နောက်ဆုံးတော့ တည်နေရာကို ရှာတွေ့ခဲ့ပြီး ရွှေရတနာသေတ္တာကို စောင့်နေတဲ့ သားရဲနဲ့ တွေ့ခဲ့တာပေါ့။ ကျန်တာတော့ နင် သိတဲ့အတိုင်းပဲ"
"ကြည့်ရတာ မင်းရဲ့ ဟောကိန်းတွေက တကယ် အရေးကြီးတဲ့ အချိန်တွေမှာ ပေါ်လာတာပဲ"
ရွှီရှင်းက မေးစေ့ကို ပွတ်ရင်း စဉ်းစားနေသည်။
"မှန်တယ်..."
ကျိချောင်းယန်က ပြတင်းပေါက်အပြင်ဘက်ကို စိုးရိမ်တကြီး ထပ်ကြည့်လိုက်ပြန်သည်။
"သစ်ပင်အိမ် ခံစစ်တိုက်ပွဲတုန်းကလည်း အပင်နှလုံးသားကို မြင်ရမယ်လို့ ငါ ကြိုမြင်ခဲ့တယ်။ ဒီနှလုံးသားကြီးက ခံစစ်တိုက်ပွဲကို ဖြေရှင်းဖို့နဲ့ ဆက်စပ်နေတယ်လို့ ငါ ကောက်ချက်ချခဲ့လို့ အဲဒီအချိန်မှာ ချက်ချင်း အပြင်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာ"
"အံ့သြစရာ မရှိတော့ပါဘူး"
ချီရွှယ်ဖေးက သဘောပေါက်သွားသည်။
"အဲဒီအချိန်မှာ အပြင်ထွက်တာက နည်းနည်းတော့ စွန့်စားလွန်းတယ်လို့ ငါ ထင်ခဲ့တာ၊ တကယ်တော့ နင်က ကြိုသိနေတာကိုး"
"ဒါနဲ့ အခု နောက်ဆုံး မြင်လိုက်တဲ့ ဟောကိန်းက..."
ရွှီရှင်းက ကျိချောင်းယန် ပြတင်းပေါက်အပြင်ကို ထူးဆန်းတဲ့ အမူအရာနဲ့ ခဏခဏ ကြည့်နေတာကို သတိထားမိပြီး ချက်ချင်း မေးလိုက်၏။
"ဒါက ဟောကိန်းအသစ်ပဲ၊ မြင်ကွင်းအသစ်ပေါ့"
ကျိချောင်းယန်က အကြည့်ကို လွှဲလိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်၏။
"ငါ့ရဲ့ နောက်ဆုံး ဟောကိန်းကတော့ ငါတို့ လေးယောက် ဆုံကြမယ်ဆိုတာပဲ၊ အခု အဲဒါက ဖြစ်လာပြီလေ။ ဒါကြောင့် ဟောကိန်းအသစ် ပေါ်လာတာပေါ့"
"နင် ဘာမြင်ခဲ့တာလဲ"
သုံးယောက်စလုံး သူ ဘာမြင်ခဲ့သလဲဆိုတာကို တကယ့်ကို စူးစမ်းချင်နေကြသည်။
"ငါ မြင်တာကတော့... မနက်ခင်း နေမင်းကြီးက မိုးကုပ်စက်ဝိုင်းမှာ ထွက်ပေါ်လာတဲ့ အချိန်ပဲ၊ ဒါပေမဲ့ မြေပြင်တစ်ခုလုံးကတော့ နှင်းတွေနဲ့ ဖုံးလွှမ်းနေတယ်။ သစ်ပင်တိုင်းရဲ့ အကိုင်းအခက်တွေပေါ်မှာ ငွေဖြူရောင် နှင်းတွေ ဆွဲနေပြီး ငါ့ရဲ့ သစ်ပင်အိမ် အမိုးအကာကတောင် နှင်းတွေကြောင့် လုံးဝ ဖြူဖွေးနေခဲ့တယ်"
ကျိချောင်းယန်က သူ မြင်ခဲ့တဲ့ မြင်ကွင်းကို ဖော်ပြလိုက်၏။
"မြစ်ရေကလည်း ခဲသွားပြီ၊ တကယ့်ကို ရေခဲကမ္ဘာကြီးပဲ"
ရွှီရှင်း၏ မျက်ဝန်းများ ကျုံ့သွားသည်။
ရေခဲကမ္ဘာကြီး ဟုတ်လား။
အေးစက်လှတဲ့ ဆောင်းရာသီက တကယ်ပဲ ရောက်လာတော့မှာလား။
"မင်းရဲ့ ဟောကိန်းတွေက များသောအားဖြင့် တစ်ရက် ဒါမှမဟုတ် နှစ်ရက်အတွင်း ဖြစ်လာတတ်တယ်လို့ ပြောခဲ့တယ်နော်"
ရွှီရှင်းက ချက်ချင်း မေးလိုက်၏။
ကျိချောင်းယန်က ရွှီရှင်းကို ကြည့်ပြီး ခေါင်းညိတ်သည်။
"အခုထိတော့ ငါ့ရဲ့ ဟောကိန်းတွေက သုံးရက်ထက် ကျော်သွားတာမျိုး တစ်ခါမှ မရှိဖူးသေးဘူး"
"မနက်ဖြန်၊ ဒါမှမဟုတ် သန်ဘက်ခါပေါ့..."
ရွှီရှင်း စိတ်လေးသွား၏။
ရွှီရှင်းက ကျိချောင်းယန်ရဲ့ စွမ်းရည် ဒါမှမဟုတ် သူမြင်ခဲ့တဲ့ မြင်ကွင်းတွေကို သံသယ မရှိချေ။
နှင်းတွေနဲ့ ရေခဲတွေ ဖုံးလွှမ်းနေပြီး မြစ်ရေတွေ ခဲသွားတဲ့ ကမ္ဘာကြီးဆိုတာ လူအတော်များများအတွက်တော့ တကယ့်ကို ဘေးဒုက္ခတစ်ခု ဖြစ်လာမှာ သေချာသည်။
လွန်ခဲ့တဲ့ နှစ်ရက်က အပူချိန်က ၇ ဒီဂရီ၊ ၈ ဒီဂရီလောက်ပဲ ရှိတာတောင် လူအတော်များများ အပြင်ထွက်ဖို့ အဆင်မပြေကြတော့ချေ။
လီယာကျွင်းနဲ့ တွေ့တုန်းကလိုပဲ၊ သစ်ပင်အိမ်က ထွက်လိုက်တာနဲ့ အေးစက်တဲ့ လေကြောင့် တုန်တုန်ရင်ရင် ဖြစ်သွားကြတာပင်။
လက်ရှိမှာ အပြာရောင်အဆင့် ဝတ်စုံတွေက အနွေးဓာတ် ပေးနိုင်တယ်ဆိုပေမဲ့ တကယ့်ကို အေးလာရင်တော့ လုံလောက်မှာ မဟုတ်ချေ။
ကျိချောင်းယန်ကတောင် အပြာရောင် သားရေဝတ်စုံကို ဝတ်ထားရင် လေတိုက်တဲ့အခါ သိပ်ပြီး သက်တောင့်သက်သာ မရှိဘူးလို့ ပြောခဲ့သည်မဟုတ်ပါလား။
ဒါပေမဲ့ လီဝမ်ရှီးကတော့ သူနဲ့အတူ လိုက်စီးလာတုန်းက အေးတယ်လို့ တစ်ခါမှ မပြောခဲ့ချေ။
ကြည့်ရသည်မှာ အပြာရောင် သံမဏိချပ်ဝတ်တန်ဆာရဲ့ အနွေးဓာတ်က ပိုပြီး ကောင်းပုံရသည်၏။
ဘာပဲဖြစ်ဖြစ် သံမဏိဝတ်စုံက အပြာရောင်အဆင့်မှာ အမြင့်ဆုံး မဟုတ်ပါလား။
ရွှီရှင်းကိုယ်တိုင်လည်း ခရမ်းရောင်အဆင့် ဝတ်စုံကို ဝတ်ထားတာကြောင့် အေးတယ်လို့ မခံစားရချေ။
ဒါကို ကြည့်ရင် ဝတ်စုံအဆင့် မြင့်လေ အနွေးဓာတ် ပိုကောင်းလေဆိုတာ ထင်ရှားနေ၏။
ဒါပေမဲ့ ဒါက ၇ ဒီဂရီ၊ ၈ ဒီဂရီ အပူချိန်မှာပဲ ရှိသေးတာပင်။
ဒီအပူချိန်မှာ အပြာရောင် သားရေဝတ်စုံက အအေးဒဏ်ကို အနိုင်နိုင်ခုခံနေရ၏။
စီးဆင်းနေတဲ့ မြစ်ရေတွေ လုံးဝ ခဲသွားဖို့ဆိုရင်တော့ အပူချိန်က အနည်းဆုံး အနုတ် ၂၀ ဒီဂရီလောက် ရှိရမည်။
ဒီအပူချိန်မှာဆိုရင် အပြာရောင် သားရေဝတ်စုံတင်မကဘဲ သူ၏ ခရမ်းရောင်ဝတ်စုံတောင် ခံနိုင်ပါ့မလား မသေချာချေ။
ဘာလို့လဲဆိုတော့ ဒါက အနွေးထည်အဖြစ် သီးသန့် ထုတ်ထားတာ မဟုတ်လို့ပင်။
ဒါ့အပြင် လက်ရှိ ရှင်ကျန်သူတွေမှာ ဝါဂွမ်းတွေ အများကြီး မစိုက်နိုင်ကြသေးသလို၊ သိုးလိုမျိုး အမွေးရနိုင်တဲ့ တိရစ္ဆာန်တွေကိုလည်း ဘယ်သူမှ မမွေးနိုင်ကြသေးချေ။
ရှင်ကျန်သူတွေမှာ အနွေးထည်အထူကြီးတွေ လုပ်ဖို့ အရင်းအမြစ်လည်း မရှိသလို ဝတ်စရာလည်း မရှိကြချေ။
ဆိုလိုတာကတော့ ဒီရေခဲကမ္ဘာကြီး ရောက်လာတဲ့အခါ ရှင်ကျန်သူ အများစုဟာ အပြင်တောင် ထွက်နိုင်မှာ မဟုတ်ဘဲ၊ သစ်ပင်အိမ်ထဲက မီးလင်းဖိုဘေးမှာပဲ အအေးဒဏ်ကို အလူးအလဲ ခံစားရတော့မည် ဖြစ်ပေသည်။
"နောက်နှစ်ရက်အတွင်း နှင်းကျတော့မှာလား"
ချီရွှယ်ဖေးက အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။
အနှစ်နှစ်ဆယ်ကျော် သက်တမ်းတစ်လျှောက် နှင်းကို တစ်ခါမှ မမြင်ဖူးတဲ့သူတစ်ယောက်အနေနဲ့၊ သူမဟာ နှင်းတွေနဲ့ ဖုံးလွှမ်းနေတဲ့ ကမ္ဘာကြီးကို တကယ်ပဲ မြင်ချင်နေခဲ့၏။
မမျှော်လင့်ဘဲ ဒီကမ္ဘာမှာ တကယ့် နှင်းမြင်ကွင်းကို မြင်ရတော့မည် ဖြစ်ပေသည်။
"နှင်းကျရင် တကယ် အေးမှာနော်၊ ငါတို့မှာ အနွေးထည် အထူကြီးတွေလည်း မရှိဘူး။ ဒါဆို သစ်ပင်အိမ်ထဲမှာပဲ အောင်းနေရတော့မှာလား"
လီဝမ်ရှီးက မျက်မှောင် အနည်းငယ် ကြုတ်ကာ - "ဒါဆိုရင် ငါတို့ အပြင်ကို လုံးဝ ထွက်လို့ မရတော့ဘူးပေါ့" ဟု ဆိုသည်။
"သန်ဘက်ခါမှပဲ ရောက်လာပါစေလို့ ဆုတောင်းရမှာပဲ"
ရွှီရှင်း သက်ပြင်းချလိုက်မိ၏။
"အနည်းဆုံးတော့ ပြင်ဆင်ဖို့ တစ်ရက်လောက် အချိန်ရသေးတာပေါ့။ တကယ်လို့ မနက်ဖြန်သာ အေးလာမယ်ဆိုရင် မာဟုန်ဝေနဲ့ တွေ့မယ့် အစီအစဉ်ကို ခေတ္တ ဆိုင်းငံ့ထားရလိမ့်မယ်"
သူနဲ့ မာဟုန်ဝေဟာ မြောက်ဘက်က သစ်ပင်အိမ်ကို ဘယ်လို ဖျက်ဆီးမလဲဆိုတာ ဆွေးနွေး ဖို့ အစီအစဉ် ရှိသည်။
ဒါပေမဲ့ ဒီလို အေးစက်နေတဲ့ အခြေအနေမှာ ဘယ်သူက လှုပ်ရှားနိုင်မှာလဲ။
"ငါ့ရဲ့ ခန့်မှန်းချက်အရဆိုရင်တော့ သန်ဘက်ခါ ဖြစ်ဖို့ များပါတယ်"
ကျိချောင်းယန်ရဲ့ စကားကြောင့် ရွှီရှင်း အနည်းငယ် စိတ်အေးသွား၏။
"ငါ့ရဲ့ ဟောကိန်းတွေ တကယ် ဖြစ်လာတဲ့ ကြားကာလက များသောအားဖြင့် တစ်ရက်ကနေ နှစ်ရက်အထိ ကြာတတ်တယ်။ အခု ငါမြင်တဲ့ မြင်ကွင်းက နေထွက်ချိန်မှာလေ။ တကယ်လို့ မနက်ဖြန် မနက်သာ ဖြစ်မယ်ဆိုရင် ငါတို့ လေးယောက် ဆုံတဲ့အချိန်နဲ့ဆို တစ်ရက်တောင် မပြည့်သေးဘူးလေ၊ ဒါက အရင်ပုံစံတွေနဲ့ မကိုက်ဘူး"
"အဲဒီလိုသာဆိုရင်တော့ အကောင်းဆုံးပေါ့"
ရွှီရှင်း အနည်းငယ် ပေါ့ပါးသွား၏။
နှစ်ရက်နီးပါး အချိန်ရမယ်ဆိုရင်တော့ အများကြီး ပြင်ဆင်ဖို့ အချိန်လောက်သည်။
"ဒါပေမဲ့ ဒါကလည်း မသေချာပါဘူး၊ ဒါက ငါ့ရဲ့ ဟောကိန်းတစ်ခုပဲလေ။ ဒါကြောင့် အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားရမယ်"
ကျိချောင်းယန်က လေးနက်သော မျက်နှာပေးဖြင့် - "မနက်ဖြန် မနက် နိုးလာတဲ့အခါ ကမ္ဘာကြီးတစ်ခုလုံး နှင်းတွေနဲ့ ဖုံးလွှမ်းနေနိုင်တယ်ဆိုတာကို ကြိုပြီး ပြင်ဆင်ထားကြ" ဟု သတိပေးလိုက်၏။
ရွှီရှင်းက ချက်ချင်းပဲ သူ၏ နာရီကို ပွတ်လိုက်ပြီး နယ်မြေချန်နယ်ကို ဖွင့်လိုက်သည်။
"နယ်မြေ ၁၈၈ က လူတွေကို အခုပဲ သတိပေးရမယ်၊ သူတို့ ဒီနေ့ မီးလင်းဖိုတွေ မဖြစ်မနေ လုပ်ထားကြဖို့ပေါ့... သောက်ကျိုးနည်း နယ်မြေထဲက လူဦးရေက ထပ်လျော့သွားပြန်ပြီ"
ကျန်တဲ့ သုံးယောက်လည်း သူတို့ရဲ့ နာရီတွေကို ဖွင့်ကြည့်လိုက်ကြသည်။
နယ်မြေ ၁၈၈ က လူဦးရေဟာ အရင်ကထက် သုံးယောက် လျော့သွား၏။
ဒါဟာ ကျိချောင်းယန်က အရှေ့ဘက်က အမျိုးသမီးကို ခေါ်လာလို့ တစ်ယောက် တိုးလာတာကိုတောင် ထည့်တွက်ထားတာ ဖြစ်ပေသည်။
ဆိုလိုတာကတော့ အနည်းဆုံး သစ်ပင်အိမ် လေးလုံးလောက် ဖျက်ဆီးခံလိုက်ရခြင်း ပင်။
ရွှီရှင်း သွားကြိတ်လိုက်မိသည်။
လူအတော်များများက သူတို့နဲ့ အရမ်းဝေးနေတာကြောင့် မြှားပစ်စက်တွေနဲ့ ချပ်ဝတ်တန်ဆာတွေ ပေးရုံကလွဲလို့ တခြား ကူညီဖို့ ခက်ခဲနေဆဲ ဖြစ်သည်။
ကျိချောင်းယန်လည်း မျက်မှောင်ကြုတ်ကာ နယ်မြေချန်နယ်မှာ ချက်ချင်း စကားပြောလိုက်၏။
"အားလုံးပဲ... တခြားလူတွေနဲ့ တွေ့တဲ့အခါ အရင်ဆုံး ငါတို့နယ်မြေကလူ ဟုတ်မဟုတ် အတည်ပြုပါ။ လက်ရှိအချိန်မှာ ငါတို့နယ်မြေကလူနဲ့ ဆုံဖို့ အခွင့်အရေးက နည်းပါတယ်။ အမြဲတမ်း သတိရှိကြပါ။
အကာအကွယ်နယ်မြေကို ဖြတ်ပြီး မင်းတို့ဆီ ရောက်လာနိုင်တဲ့သူတွေဟာ အင်အားကြီးတဲ့သူတွေပဲ ဖြစ်လိမ့်မယ်။ သစ်ပင်အိမ်ထဲကနေ အပြင်မထွက်ပါနဲ့။ အားလုံးမှာ သစ်ပင်အိမ် မြှားပစ်စက် ရှိကြတယ် မဟုတ်လား။ တစ်ခုခု မသင်္ကာတာနဲ့ မြှားပစ်စက် နဲ့သာ ပစ်ကြပါ"
ရွှီရှင်းလည်း နယ်မြေချန်နယ်မှာ ဝင်ပြောလိုက်၏။
"ဘယ်သူ့ကိုမှ မယုံကြပါနဲ့။ ငါတို့ မင်းတို့ကို ရှာတွေ့ရင် နာရီကနေတစ်ဆင့် သီးသန့်စာပို့ပြီး အဲဒီနေရာမှာတင် လူမှန် ဟုတ်မဟုတ် အတည်ပြုမှာပါ။ ဒါကြောင့် လူတိုင်းကို သံသယထားပြီး သတိပြုကြပါ။
ဒီမနက်တင် လူအတော်များများ ထပ်သေကုန်ကြပြီ။ ငါတို့တွေ ဘေးအန္တရာယ်တွေနဲ့ အဖြစ်အပျက်တွေကြားကနေ ခက်ခက်ခဲခဲ အသက်ရှင်လာခဲ့ကြတာပါ။ တခြား ရှင်ကျန်သူတွေရဲ့ လက်ထဲမှာ အသေမခံကြပါနဲ့။ အားလုံးပဲ သတိအမြဲရှိကြပါ"
သူတို့ရဲ့ စကားတွေကြောင့် နယ်မြေချန်နယ်တစ်ခုလုံး ဆူညံသွားတော့
၏။
"နားလည်ပါပြီ အစ်ကိုကြီးတို့... ကျွန်တော် သစ်ပင်အိမ်ထဲကနေ အပြင်မထွက်တော့ပါဘူး"
"အစ်ကိုကြီးတို့ဆီက သီးသန့်စာမရမချင်း ဘယ်သူ့ကိုမှ မယုံပါဘူး"
"လူတွေ တကယ် ထပ်သေကုန်တာပဲ။ ဘုရားရေ... ဘာလို့ ရှင်ကျန်သူ အချင်းချင်း တိုက်ခိုက်နေကြတာလဲ။ ငါတို့အားလုံးက ဒီကမ္ဘာထဲကို အတင်းခေါ်ဆောင်ခံရတဲ့ သနားစရာကောင်းတဲ့ သူတွေပဲ မဟုတ်လား"
"အပေါ်ကလူကတော့ တကယ့်ကို အေးဆေးနေတာပဲ၊ ပစ္စည်းတွေ ခက်ခက်ခဲခဲ ရှာနေတာထက်စာရင် တခြားသူဆီက လုယူလိုက်တာက ပိုမြန်တယ်လေ "
"ဟားဟား... ငါကတော့ စောစောက တစ်ယောက်လာတာကို မြှားပစ်စက် နဲ့ လှမ်းပစ်ပြီး မောင်းထုတ်လိုက်ပြီ။ သူက ငါတို့နယ်မြေကလူ မဟုတ်ဘူး။ သွားစမ်း"
ရွှီရှင်းသည် နောက်ဆုံးလူ၏ စကားကို သတိပြုမိသွား၏။
သူက တခြားနယ်မြေကလူနဲ့ တွေ့ခဲ့တာလား။
လက်ရှိအချိန်မှာ ဘေးကင်းနယ်မြေ ကို ဖြတ်ပြီး တခြားသစ်ပင်အိမ်တွေကို လိုက်ရှာနိုင်တဲ့သူဆိုတာ မများလှချေ။
သူတွေ့ခဲ့တဲ့လူဟာ သူတို့ အဓိက အာရုံစိုက်ရမယ့် အင်အားကြီးတဲ့ အိမ်နီးချင်းတစ်ယောက် ဖြစ်နိုင်၏။
ရွှီရှင်းသည် ထိုလူ၏ နာမည်ကို မှတ်သားထားလိုက်ပြီး၊ နောက်မှ သီးသန့်စာပို့ပြီး မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ သူတို့၏ သတိပေးစကားကြောင့် နယ်မြေချန်နယ်ရှိ ရှင်ကျန်သူများ သတိရှိသွားကြသည်ကို မြင်ရသဖြင့် သူတို့ လေးယောက်လုံး သက်ပြင်းချလိုက်နိုင်ကြ၏။
သူတို့နှင့် နယ်မြေတူ ရှင်ကျန်သူများ ထပ်ပြီး အသက်မဆုံးရှုံးစေချင်တာတော့ အမှန်ပင် ။
---
အခန်း ၂၆၇ ပြီး။