"မသွားခင် တစ်ခုခု စားကြရအောင်၊ အခုတောင် မွန်းလွဲပိုင်း ရောက်နေပြီပဲ"
ချီရွှယ်ဖေးက အချိန်ကို ကြည့်လိုက်၏။
"ငါတို့ နေ့လယ်စာ မစားရသေးဘူးလေ၊ ဗိုက်ဟောင်းလောင်းနဲ့ ဘယ်လိုလုပ် စူးစမ်းရှာဖွေနိုင်မှာလဲ"
"အီး.."
အစားအကြောင်း ကြားလိုက်ရုံနှင့် လီဝမ်ရှီး၏ ရင်ခွင်ထဲတွင် အိပ်ပျော်နေသော ခဲခဲလေးမှာ မျက်လုံးများ ပွင့်လာတော့သည်။
"ဟားဟား... ဒီကောင်မလေးလည်း ဗိုက်ဆာနေပြီပဲ"
လီဝမ်ရှီးက ခဲခဲလေး၏ ဗိုက်ကလေးကို ပွတ်ပေးလိုက်၏။
"ဆာတယ်၊ ဆာတယ်"
ခဲခဲလေးက သူမ၏ ခေါင်းလေးကို အစွမ်းကုန် ညိတ်ပြနေတော့ချေသည်။
"ဒါဆိုရင်တော့ နင်တို့ ထိုင်နေကြဦး၊ ငါ သွားပြီး တစ်ခုခု လုပ်ပေးမယ်"
ချီရွှယ်ဖေးက ထရပ်ကာ မီးဖိုချောင်ဘက်သို့ ဦးတည်သွား၏။
"ညီမ ကူမယ်လေ"
လီဝမ်ရှီးကလည်း မီးဖိုချောင်သို့ လိုက်သွားသည်။
"နင် ထိုင်နေပါ၊ ဧည့်သည်ကို အလုပ်မခိုင်းချင်ပါဘူး"
ချီရွှယ်ဖေး၏ အသံမှာ မီးဖိုချောင်ထဲမှ ထွက်ပေါ်လာသည်။
"အို... ရပါတယ်။ ပြီးတော့ ညီမက ဟင်းချက်လည်း တော်တယ်လေ။ ဝါး... မမရွှယ်ဖေး၊ မမရဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေက တကယ့်ကို အစုံအလင်ပဲနော်၊ အားလုံး အဆင်သင့်ရှိနေတာပဲ"
ရွှီရှင်းနှင့် ကျိချောင်းယန်တို့ကတော့ သွားမကူကြဘဲ နှစ်ယောက်စလုံး သူတို့၏ နာရီများကို တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။
စူးစမ်းရှာဖွေသူများ အဖွဲ့ထဲတွင် အတော်ကြာအောင် လှုပ်ရှားမှု မရှိခဲ့ချေ။
ချင်ယွမ်လုံနှင့် ဝမ်ကွေ့ရှင်းတို့မှာ လူချင်းတွေ့ဆုံနေကြသည်ဖြစ်ရာ အဖွဲ့ထဲတွင် စာမပို့နိုင်ကြခြင်း ဖြစ်ပေလိမ့်မည်။
ရွှီရှင်းက အဖွဲ့ထဲတွင် စကားစလိုက်၏။
"ငါတို့ လေးယောက်တော့ ဆုံနေကြပြီ၊ မင်းတို့ဘက်မှာကော အခြေအနေ ဘယ်လိုလဲ"
ဝမ်လေ့ - "ဟားဟား...ငါတော့ ဘေးအိမ်က ကောင်ကို စည်းရုံးပြီးပြီ၊ အခု မျိုးစေ့တွေနဲ့ လူတွေပါ ခေါ်ပြီး ပြန်လာနေပြီ"
ကျောက်ရှောင်ချွမ်း - "စည်းရုံးတယ် ဟုတ်လား။ ဘယ်လိုလုပ်တာလဲ ငါ့ကို သင်ပေးဦး၊ ငါလည်း ရောက်ခါနီးပြီ"
ဝမ်လေ့ - "ဟားဟား... လက်သီးနဲ့ စည်းရုံးတာလေ။ လိုက်မှာလား၊ မလိုက်ရင် အသေသတ်မယ်လို့ မေးလိုက်တာပဲ။ ထူးထူးခြားခြား သင်ပေးစရာ မရှိပါဘူး"
ကျောက်ရှောင်ချွမ်း - "သောက်ကျိုးနည်း"
ဝမ်ကွေ့ရှင်း - "ဝမ်လေ့ ပြောတာ မှန်တယ်။ မလိုက်ရင် ရိုက်သတ်လိုက်ရုံပဲလေ၊ ဘာပြဿနာ ရှိလို့လဲ။ ငါလည်း ချင်ယွမ်လုံနဲ့ ချင်ယွမ်ဟုတို့ ညီအစ်ကိုနဲ့ ဆုံပြီ။ ဒီညီအစ်ကိုတွေက တကယ်ကို ကြွက်သားတွေနဲ့ သန်မာလိုက်တာ၊ ဟိဟိ..."
ချင်ယွမ်ဟု - "..."
ချင်ယွမ်လုံ - "ငါတို့ အခု ပတ်ဝန်းကျင်က လူတွေကို ကိုင်တွယ်နေတယ်၊ သစ်ပင်အိမ် နှစ်လုံးကို ရှင်းပြီးပြီ။ တစ်ယောက်ကတော့ စကားနားမထောင်လို့ ဝမ်ကွေ့ရှင်း ကန်သတ်လိုက်လို့ သေသွားပြီ၊ ကျန်တဲ့ တစ်ယောက်ကိုတော့ ခေါ်လာခဲ့တယ်"
ဝမ်လေ့ - "ကန်သတ်လိုက်တယ်... သူက ဒိုင်နိုဆောမကြီးလိုပဲ"
ဝမ်ကွေ့ရှင်း - " ဘာလဲ နင် ဒီအဖွဲ့ထဲမှာ အသန်မာဆုံးဖြစ်တဲ့ ငါ့ကို စိန်ခေါ်ချင်လို့လား"
ဝမ်လေ့ - "မဟုတ်ပါဘူး... ငြိမ်းချမ်းရေးပဲ လိုချင်ပါတယ်..."
ဝမ်ကွေ့ရှင်း - "ငါ အခု စိတ်အခြေအနေ ကောင်းနေလို့ နင့်နဲ့ ရန်မဖြစ်တော့ဘူး"
ကျောက်ရှောင်ချွမ်း - "ဒါနဲ့... မင်းတို့ပြောတဲ့ နွယ်ပင်တွေ ပိုထူလာပြီး သန်မာလာတယ်ဆိုတာလေ၊ ငါ စမ်းကြည့်တယ်၊ ဒါပေမဲ့ ဒီဘက်မှာတော့ ဘာမှ မပြောင်းလဲဘူး။ အရင်လို နွယ်ပင်တွေပါပဲ"
ဝမ်ကွေ့ရှင်း - "ဒီမှာလည်း အတူတူပဲ၊ သာမန် မျိုးဗီဇပြောင်း နွယ်ပင်တွေပဲလေ။ ပိုထူလာတာမျိုး မတွေ့မိပါဘူး"
ထိုစကားများကြောင့် ရွှီရှင်းနှင့် ကျိချောင်းယန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။
"ဒါဆို ဒီဘက် နေရာပဲ ထူးခြားနေတာလား"
ကျိချောင်းယန်က မေးစေ့ကို ပွတ်ရင်း စဉ်းစားနေသည်။
"ဖြစ်နိုင်တာက အဲဒီနေရာလေးကပဲ ထူးခြားနေတာ ဖြစ်လိမ့်မယ်"
ရွှီရှင်းက လီဝမ်ရှီး၏ အိမ်ဘက်ကို လက်ညှိုးညွှန်ပြလိုက်၏။
ထိုနေရာမှာ သူတို့ အရင်က နွယ်ပင်တွေကို စမ်းသပ်ခဲ့ကြတာ မဟုတ်လား။
"အင်း... ဖြစ်နိုင်တယ်"
ကျိချောင်းယန် ခေါင်းညိတ်လိုက်သည်။
"အဲဒီနေရာမှာ တစ်ခုခု ရှိနေလို့ နွယ်ပင်တွေက ပိုသန်မာလာတာလား"
ရွှီရှင်းက ငွေရောင်ဘုရင်၏ ထူးဆန်းသော အပြုအမူကို ရုတ်တရက် သတိရသွား၏။
သူသည် မြေပြင်တွင် လဲလျောင်းနေသော ငွေရောင်ဘုရင်ကို လှမ်းကြည့်လိုက်၏။
လီယာကျွင်း၏ နယ်မြေကနေ ထွက်လာပြီးကတည်းက ငွေဘုရင်၏ ခန္ဓာကိုယ်မှာ တောက်ပနေတဲ့ သွေးရောင်အစင်းကြောင်းတွေ ထပ်မပေါ်လာတော့ချေ။
လီယာကျွင်း၏ သစ်ပင်အိမ်မှာလည်း သူတို့ နွယ်ပင်တွေကို စမ်းသပ်ခဲ့တဲ့ နေရာနဲ့ အလွန်နီးသည်။
ဒါတွေက ဆက်စပ်နေတာလား။
အဲဒီနေရာမှာ တကယ်ပဲ တစ်ခုခု ရှိနေတာလား။
ရွှီရှင်းက ငွေရောင်ဘုရင်၏ ထူးဆန်းသော အပြုအမူအကြောင်းကို ကျိချောင်းယန်အား ပြောပြလိုက်၏။
"ငွေရောင်ဘုရင်က ပိုပြီး သန်မာလာတာပေါ့... ဒါဆို ဒီနေ့ အဲဒီနေရာကိုပဲ အဓိကထားပြီး စူးစမ်းကြရအောင်"
ကျိချောင်းယန်က ဆုံးဖြတ်လိုက်သည်။
"ငါ့အိမ်နားမှာလည်း ထူးခြားတဲ့ နေရာတစ်ခု ရှိသေးတယ်"
ရွှီရှင်းက သတ္တုရိုင်းထွက်တဲ့ တောင်ကုန်းနဲ့ ဆားတွင်းဂူကို ရည်ညွှန်းပြီး ပြောလိုက်၏။
"ခံစစ်တိုက်ပွဲ ပြီးကတည်းက အဲဒီကို မရောက်ဖြစ်သေးဘူး"
"ငါ့အိမ်နားမှာလည်း ထူးခြားတဲ့ နေရာတစ်ခု ရှိတယ်လေ၊ ငါတို့ အိမ်တွေကလည်း မဝေးဘူးဆိုတော့ အတူတူ သွားကြတာပေါ့"
"ရတာပေါ့၊ လမ်းကြောင်းကလည်း တစ်ဆက်တည်းပဲ။ အရင်ဆုံး လီယာကျွင်း အိမ်နားကို သွားမယ်၊ ပြီးရင် ငါ့ဆီ၊ နောက်ဆုံးမှ မင်းဆီ သွားကြမယ်"
သူတို့ ခရီးစဉ်ကို အတည်ပြုလိုက်ကြ၏။
ထိုအချိန်မှာပင် လီဝမ်ရှီးနှင့် ချီရွှယ်ဖေးတို့သည် ဟင်း လေးပန်းကန်ကို ကိုင်ကာ ထွက်လာကြသည်။
" ဒီမှာ ဟင်းသုံးမျိုးနဲ့ ဟင်းချိုတစ်မျိုး၊ ဘယ်လိုလဲ။ မဆိုးဘူး မဟုတ်လား"
လီဝမ်ရှီးက ဟင်းပန်းကန်တွေကို စားပွဲပေါ် တင်လိုက်ရင်း - "ဒီဟင်းနှစ်မျိုးကို ကျွန်မ ကိုယ်တိုင် ချက်ထားတာနော်။ ဒါပေမဲ့ ဟင်းခတ်အမွှေးအကြိုင် သိပ်မရှိတာကြောင့် သာမန် ဆီသတ်ချက်လေးပါပဲ" ဟု ဆိုသည်။
"... ဒီလောက်အထိ အသားဟင်းတွေ ပါတာလား။ ပါဝင်ပစ္စည်းတွေက အများကြီးပဲနော်"
ရွှီရှင်းက စားပွဲပေါ်က ဟင်းတွေကို ကြည့်ပြီး အံ့သြသွား၏။
ချီရွှယ်ဖေးဆီမှာ အအေးခန်း မရှိချေ။
ဒါ့အပြင် ဒီဟင်းတွေကိုလည်း သူ တစ်ခါမှ မမြင်ဖူးချေ။
ဒါတွေက ဆေးဘက်ဝင် အပင်တွေများလား။
သူ ထင်ထားသည့်အတိုင်းပင် ချီရွှယ်ဖေးက ဟင်းပန်းကန်တွေကို စားပွဲပေါ် တင်လိုက်ရင်း - "ဒါတွေက ငါ့ရဲ့ စိုက်ပျိုးခန်းမှာ စိုက်ထားတဲ့ ဆေးပင်တွေကို ဆီသတ်ထားတာလေ၊ အရမ်း တန်ဖိုးရှိတာမို့ ကုန်အောင် စားကြပါ" ဟု ပြောလိုက်၏။
ဆေးဘက်ဝင် အပင်တွေ ဟုတ်လား။
"ဗိုက်ဆာပြီ..."
ခဲခဲလေးက ရွှီရှင်း၏ ရင်ခွင်ထဲ တိုးဝင်လာသော်လည်း၊ အစားအသောက် ဝါသနာပါတဲ့ ဒီကောင်မလေးက ဆေးပင်တွေဆိုတာ ကြားတော့ အနည်းငယ် တွန့်ဆုတ်နေပုံရသည်။
ရွှီရှင်း၏ မျက်ခုံးများ လှုပ်သွား၏။
"အစ်မက ပုံမှန်လည်း ဆေးပင်တွေကို စားတာလား"
"ငါ့အတွက်တော့ ဆေးပင်တွေက ဟင်းသီးဟင်းရွက်တွေထက် ရှာရ ပိုလွယ်တာကိုး"
ချီရွှယ်ဖေးက အားလုံးကို ထမင်းစားတူတွေ ကမ်းပေးလိုက်ရင်း ထိုင်လိုက်သည်။
"ဒါ့အပြင် ဆေးပင်တွေကို သေသေချာချာ တွဲဖက်စားရင် ခန္ဓာကိုယ်အတွက်လည်း ကောင်းတယ်လေ။ ကမ္ဘာမြေမှာဆို ဒါတွေက ဈေးအရမ်းကြီးတာ။ အခု တောအုပ်ကြီးကလည်း ခြောက်သွေ့နေသလို၊ ကုန်သွယ်ရေးစနစ်မှာလည်း ဟင်းသီးဟင်းရွက်တွေ မရောင်းကြဘူးဆိုတော့ ဒါတွေရှိနေတာကိုပဲ ကံကောင်းတယ်လို့ မှတ်ရမှာပေါ့"
"ဆေးပင်တွေက စားလို့ကောင်းလား"
ကျိချောင်းယန်က စိတ်ဝင်စားဟန်ဖြင့် တူ နှင့် ဟင်းတစ်ဖတ်ကို ယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။
"အင်း... အရမ်းကြီးတော့ မကောင်းဘူး။ နည်းနည်း ခါးတယ်၊ ဒါပေမဲ့ စားလို့တော့ ရပါတယ်"
"အော့... ခါးလိုက်တာ၊ ဒါပေမဲ့ မွှေးတော့ မွှေးသားပဲ။ ဆေးပင်ဆီသတ်ထားတာကို စားဖူးတာ ဒါ ပထမဆုံးပဲ"
လီဝမ်ရှီးကလည်း စတင် စားသောက်နေပြီ ဖြစ်သည်။
"နင်တို့လည်း ဒီအသားဟင်းကို မြည်းကြည့်ပါဦး။ အတော်လေးတော့ ကောင်းပါတယ်၊ နည်းနည်း ခါးပေမဲ့ မွှေးတယ်"
အနည်းငယ် စားပြီးနောက် ရွှီရှင်း၏ နှုတ်ခမ်းများ တုန်ယင်သွား၏။
သူ့ပါးစပ်တစ်ခုလုံး ခါးသက်တဲ့ အရသာနဲ့ ပြည့်နှက်သွားသည်။
လက်ရှိ သူတို့ဆီမှာ အခါးဒဏ်ကို ဖုံးကွယ်ပေးနိုင်မယ့် ပဲငပိ သို့မဟုတ် ငရုတ်သီးလိုမျိုး ဟင်းခတ်ပစ္စည်းတွေ မရှိချေ။
ဆားပဲ ရှိ၏။ ဒါပေမဲ့ ဆားက အစားအသောက်ရဲ့ လတ်ဆတ်မှုကို မြှင့်တင်ပေးတာကြောင့် ဆေးပင်ရဲ့ အခါးဓာတ်ကို ပိုပြီးတောင် ပေါ်လွင်စေသည်။
ဒီဟင်းတွေက တကယ့်ကို သည်းမခံနိုင်လောက်အောင် ခါးလှပေသည်။
"အော့..."
ခဲခဲလေးကတော့ တစ်လုပ်ပဲ စားပြီး ဆက်မစားတော့ချေ။
သူမက လက်သည်းလေးနဲ့ ရွှီရှင်းကို တွန်းလိုက်ရာ သူ သဘောပေါက်သွားသည်။
သူက ပန်းသီးတစ်လုံး ကမ်းပေးလိုက်ရာ ကောင်မလေးက ပါးစပ်နဲ့ကိုက်ပြီး ဘေးမှာ သွားစားနေတော့သည်။
ဒီလိုနဲ့ သူတို့ လေးယောက်ဟာ ဆေးပင်ကိုဆီသတ်ချက်ထားတဲ့ ထမင်းဝိုင်းကို အနိုင်နိုင် စားသောက်လိုက်ကြ၏။
"ဝါး... ဒီထမင်းဝိုင်းကတော့... တကယ်ကို ထူးခြားတာပဲ"
လီဝမ်ရှီးက လျှာလေးထုတ်ပြ၏။
"အရမ်း ခါးတာပဲ"
"... အစ်မရွှယ်ဖေး၊ နောက်ကျရင် ဟင်းသီးဟင်းရွက်တွေ လိုရင် ကျွန်တော်တို့ဆီက တောင်းပါ..."
ရွှီရှင်း ပါးစပ်ထဲမှာ ခါးသက်နေသည်။
ဒီအရသာက အတော်ကြာအောင် ပါးစပ်ထဲမှာ ကျန်နေဦးမှာ ဖြစ်ပေသည်။
ရှေးလူကြီးတွေရဲ့ အဆိုကိုတော့ ယုံရမည်။
စားလို့မရတာ ဘာမှမရှိဘူးဆိုပေမဲ့၊ စားလို့ကောင်းတာတွေကိုတော့ အစားအစာအဖြစ် လုပ်ခဲ့ကြပြီး၊ စားလို့မကောင်းတာတွေကိုတော့ ဆေးဝါးအဖြစ် လုပ်ခဲ့ကြတာ မဟုတ်လား။
ဒီစကားက ရယ်စရာလိုလို ဖြစ်ပေမဲ့၊ ဆေးပင်နဲ့ အသားကို ဆီသတ်ချက်တာကတော့... တကယ့်ကို စားလို့မကောင်းလှချေ။
"ငါကတော့ အဆင်ပြေပါတယ်"
ချီရွှယ်ဖေးကတော့ အခါးဒဏ်ကို ခံနိုင်ရည်ရှိနေသလား သို့မဟုတ် အသားကျနေသလား မသိနိုင်ချေ။
သူမကတော့ တစ်ချိန်လုံး ပုံမှန်အတိုင်းပဲ စားသွားသည်။
"ငါလည်း အဆင်ပြေတယ်လို့ ထင်တယ်"
ကျိချောင်းယန်က တူကို ချလိုက်ရင်း ပြုံးလျက် ပြောသည်။
"တကယ်တော့ ကြက်ဟင်းခါးသီးလောက် မခါးပါဘူး၊ ငါကတော့ ကြက်ဟင်းခါးသီး သုပ်ကိုတောင် ကြိုက်သေးတယ်"
ရွှီရှင်း နှုတ်ခမ်း များတုန်ယင်သွားရသည်။
ကြက်ဟင်းခါးသီး သုပ် ဟုတ်လား... အဲဒါက တကယ်ပဲ လူစားတဲ့ အရာလား...။
"ဒီအကြောင်းတွေ ထားလိုက်ပါတော့။ အားလုံးလည်း ဗိုက်ဝပြီဆိုတော့၊ အချိန်ကလည်း အဖိုးတန်တာမို့ ငါတို့ ထွက်ကြစို့"
သူက စကားလမ်းကြောင်းကို ချက်ချင်း လွှဲလိုက်ပြီး ထရပ်လိုက်၏။
"အီး"
ခဲခဲလေးက နှစ်ချက်တည်းနဲ့ သူ့ပုခုံးပေါ် တွယ်တက်လာသည်။
ငွေရောင်ဘုရင်နှင့် မြင်းဖြူ တို့လည်း ထရပ်လိုက်ကြ၏။
"အင်း... ဘယ်လို သွားကြမှာလဲ။ ငါတော့ ဝံပုလွေကို နောက်တစ်ခါ ထပ်မစီးချင်တော့ဘူး..."
ချီရွှယ်ဖေးက ငွေရောင်ဘုရင်ကို လှမ်းကြည့်လိုက်သည်။
ဒီလောက် ခါးတဲ့ ဟင်းတွေကို စားတုန်းကတောင် မျက်နှာမပျက်တဲ့ သူမဟာ ဝံပုလွေစီးရမယ့် အရေး တွေးလိုက်တာနဲ့ မျက်နှာက ချက်ချင်း ဖြူဖျော့သွားရသည်။
သူမအတွက်တော့ ဒါဟာ တကယ့်ကို စိတ်ဒဏ်ရာ ဖြစ်သွားပုံရပေသည်။
"ဟိုမှာ မြင်းရှိတာပဲ၊ ကျိချောင်းယန်နဲ့ပဲ လိုက်ခဲ့လေ"
လီဝမ်ရှီးက ငွေရောင်ဘုရင်ထက်တောင် ပိုကြီးမားတဲ့ မြင်းကြီးကို ညွှန်ပြလိုက်သည်။
"ငါ ခေါ်သွားပေးလို့ ရပါတယ်"
ကျိချောင်းယန်က ခေါင်းညိတ်ပြရင်း - "စိတ်မပူပါနဲ့၊ မြင်းစီးရတာက ဝံပုလွေစီးရတာထက် အများကြီး ပိုငြိမ်ပါတယ်" ဟု ဆို၏။
"အင်း... ဒါဆိုရင်လည်း ကောင်းပါပြီ"
ချီရွှယ်ဖေးက ကျိချောင်းယန်ကို တစ်ချက်ကြည့်ပြီး သဘောတူလိုက်၏။
သူတို့ လေးယောက် သစ်ပင်အိမ်အောက်သို့ ဆင်းလာခဲ့ကြသည်။
ရွှီရှင်းက လီဝမ်ရှီးကို ဝံပုလွေကျောပေါ် တင်ပေးလိုက်ပြီးမှ သူတက်လိုက်၏။
တစ်ဖက်မှာတော့ ကျိချောင်းယန်က မြင်းဖြူပေါ် တက်လိုက်ရာ၊ ချီရွှယ်ဖေးက သူ့နောက်ကနေ ခါးကို ဖက်ပြီး ထိုင်လိုက်သည်။
"ဝါး... ရှင်တို့နှစ်ယောက်က ကြည့်ရတာ အရမ်းလိုက်ဖက်တာပဲ၊ တကယ့် မင်းသားလေးနဲ့ စနှိုးဝိုက်အတိုင်းပဲ"
လီဝမ်ရှီးက ရွှီရှင်းကို မှီထားရင်း ခဲခဲလေးကို ချီကာ စနောက်လိုက်၏။
"ဒီကောင်မလေးကတော့... လျှောက်မပြောနဲ့လေ"
ချီရွှယ်ဖေးက လီဝမ်ရှီးကို မျက်စောင်းထိုးလိုက်ရာ၊ လီဝမ်ရှီးကတော့ တခစ်ခစ် ရယ်နေတော့သည်။
"ရွှီရှင်း၊ မင်းပဲ လမ်းပြလိုက်တော့။ အရင်ဆုံး လီယာကျွင်းရဲ့ နယ်မြေကို သွားကြည့်ကြရအောင်"
ကျိချောင်းယန်ကတော့ သူတို့စနောက်နေတာကို မကြားချင်ယောင်ဆောင်ရင်း ရွှီရှင်းကို ပြောလိုက်သည်။
"အိုကေ"
ရွှီရှင်း ခေါင်းညိတ်လိုက်ပြီး ငွေရောင်ဘုရင်ကို အမိန့်ပေးလိုက်သည်။
"ငွေရောင်ဘုရင် အရင်က ပျက်စီးသွားတဲ့ သစ်ပင်အိမ်ဆီကို သွားစို့"
"ဝူးးးး"
ငွေဘုရင်က တစ်ချက် ဟိန်းလိုက်ပြီး ရှေ့သို့ ဒုန်းစိုင်းပြေးတော့သည်။
ကျိချောင်းယန်နှင့် ချီရွှယ်ဖေးတို့လည်း နောက်ကနေ ထပ်ကြပ်မကွာ လိုက်လာကြသည်။
"ဟေး... ဟေး... ရွှီရှင်း၊ ရှင်ရော ကျိချောင်းယန်နဲ့ မမရွှယ်ဖေးနဲ့ လိုက်ဖက်တယ်လို့ မထင်ဘူးလား"
လီဝမ်ရှီးက သူ့ကို နောက်ကနေ တိုးတိုးလေး မေးလိုက်၏။
"ရုပ်ရည်ရော၊ အသက်ရောဆိုရင် သူတို့က တကယ့်ကို လိုက်ဖက်တာနော်"
"မင်းကတော့လေ..."
ရွှီရှင်းက သူမကို ဘာမှမတတ်နိုင်သလို တစ်ချက်ကြည့်လိုက်သည်။
"သူတို့ ဒီနေ့မှ လူချင်းတွေ့တာကို၊ မင်းက သွားပြီး အတွဲလုပ်ပေးချင်နေပြီလား"
"ဟိဟိ... ကြည့်ရတာ အရမ်းလိုက်ဖက်လို့ပါနော်။ စဉ်းစားကြည့်လေ၊ ကျိချောင်းယန်က မမရွှယ်ဖေးထက် တစ်နှစ်ပဲ ကြီးတာဆိုပေမဲ့၊ သူတို့ အတူတူရှိနေတာက မောင်လေးက အစ်မကို ချစ်နေရသလိုမျိုး လေးနဲ့ အရမ်း ရင်ခုန်ဖို့ ကောင်းတယ်လေ"
လီဝမ်ရှီးက တွေးကြည့်ရင်း ပိုပြီး ဟုတ်နေသလို ခံစားနေရသည်။
"မင်းကတော့ တကယ့်ကို အချစ်ဇာတ်လမ်း ဝါသနာအိုးပဲ"
ရွှီရှင်းက သူမ၏ ခေါင်းကို အသာအယာ ပုတ်လိုက်သည်။
"အအေးဒဏ်ကလည်း လာတော့မှာဆိုတော့ ဘေးအန္တရာယ်တွေအတွက် သတိရှိဦးနော်"
"ဟိဟိ... အားလုံးနဲ့ အတူရှိနေရတော့ ကျွန်မ အရမ်း ဘေးကင်းတယ်လို့ ခံစားရလို့ပါ"
ပြောပြောဆိုဆိုနှင့် လီဝမ်ရှီးက ဝံပုလွေကျောပေါ်မှာ ဘေးတိုက် ထိုင်လိုက်ပြီး၊ ရွှီရှင်းကို လက်နှစ်ဖက်နဲ့ ဖက်ကာ ရင်ခွင်ထဲမှာ ခေါင်းလေးဝှက်ပြီး တိုးတိုးလေး ပြောလိုက်၏။
"ငါတို့ အားလုံး အတူတူ ကြိုးစားရင် ဒီအခက်အခဲကို ကျိန်းသေပေါက် ကျော်ဖြတ်နိုင်မှာပါ"
"အရှိန်လေး နည်းနည်း လျှော့ပါဦး၊ ငွေရောင်ဘုရင်က တောအုပ်ထဲမှာ အရမ်းမြန်လွန်းလို့ ငါတို့ လိုက်မမှီတော့ဘူး"
ကျိချောင်းယန်၏ အသံမှာ အနောက်ဘက်မှ ထွက်ပေါ်လာ၏။
"ဪ... အိုကေ"
ရွှီရှင်းက ပြန်ထူးလိုက်ကာ ငွေရောင်ဘုရင်ကို အရှိန်နည်းနည်း လျှော့ခိုင်းလိုက်သည်။
မကြာမီမှာပင် သူတို့ လေးယောက်သား မာဟုန်ယွီ၏ ပျက်စီးသွားသော သစ်ပင်အိမ် အပျက်အစီးပုံကို မြင်လိုက်ရသည်။
ချီရွှယ်ဖေးသည် ကျိချောင်းယန်၏ ခါးကို ဖက်ထားရာမှ လွှတ်လိုက်ရာ သူမ၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေ၏။
ကြည့်ရသည်မှာ မြင်းစီးရတာကလည်း သူမအတွက်တော့ သိပ်ပြီး သက်တောင့်သက်သာ မရှိလှချေ၊ ဒါပေမဲ့ ဝံပုလွေစီးတာထက်စာရင်တော့ အများကြီး ပိုကောင်းနေသည်။
"ဒါက မာဟုန်ယွီရဲ့ အိမ်ပဲ၊ သူ့ကိုတော့ ဒီအနားမှာပဲ မြှုပ်ထားတယ်"
ရွှီရှင်းက ရှင်းပြလိုက်သည်။
"ဘယ်သူ့ကို မြှုပ်ထားလဲဆိုတာ ငါ မသိချင်ပါဘူး"
ကျိချောင်းယန်က ခေါင်းခါ၏။
"ဆက်သွားကြရအောင်။ တောင်ဘက်က သစ်ပင်အိမ်က လီယာကျွင်းရဲ့ အိမ် မဟုတ်လား"
"ဟုတ်တယ်၊ အဲဒါက..."
ရွှီရှင်း စကားပြောရင်း ရုတ်တရက် ရပ်လိုက်သည်။
"ဘာဖြစ်လို့လဲ"
အားလုံးက ရွှီရှင်းကို လှည့်ကြည့်လိုက်ကြ၏။
ရွှီရှင်း၏ မျက်လုံးများက အပျက်အစီးပုံရဲ့ နောက်ကွယ်က နေရာတစ်ခုဆီမှာ ရပ်တန့်နေသည်။
သူ့အကြည့်နောက်ကို လိုက်ကြည့်လိုက်ကြတဲ့အခါ အားလုံးရဲ့ မျက်လုံးများ ကျုံ့သွားကြ၏။
ခြောက်သွေ့နေတဲ့ မြေပြင်ပေါ်မှာ တောက်ပတဲ့ အနီရောင် ပန်းတစ်ပွင့်ဟာ လေထဲမှာ ယိမ်းနွဲ့နေလေသည်။
အဲဒါက အမြင့် တစ်ပေခွဲလောက်ရှိတဲ့ ပန်းတစ်ပွင့်ဖြစ်ပြီး၊ အဝါရောင် ဝတ်ဆံတွေနဲ့အတူ တောက်ပတဲ့ အနီရောင် ပွင့်ဖတ်တွေ ရှိကာ ထူးခြားတဲ့ အလှတရားတစ်ခုကို ဖော်ဆောင်နေ၏။
"... သွေးမြူပန်းလား"
---
အခန်း ၂၇၀ ပြီး။