ကျေးရွာလူကြီးသည် ရှေ့မှဦးဆောင်၍ မင်ယွဲ့ ကို လိုက်လံပြသနေပြီး သူ၏ သမီးငယ်လေးနှင့် ရှေ့နေ ရွှီခယ်တို့မှာ နောက်မှ လိုက်ပါလာကြသည်။
"အစ်ကိုတို့က မြို့ကြီးပြကြီးက လာတာလားဟင်"
ကျေးရွာလူကြီး၏ သမီးငယ်လေးက မြို့ပြအပေါ် တမ်းတသော မျက်ဝန်းအစုံဖြင့် မေးမြန်းရှာသည်။
"ဟုတ်ပါတယ်"
ရွှီခယ်က ပြန်လည်ဖြေကြားလိုက်သည်။
"အဲ့ဒီမှာ ကောင်းကင်ထိအောင် မြင့်တဲ့ တိုက်ကြီးတွေရှိတယ်၊ ကားတွေလည်း အများကြီးပဲ... လူတွေက ကွန်ပျူတာရှေ့မှာ ထိုင်ပြီး အလုပ်လုပ်ကြတာပေါ့နော်"
ထိုမိန်းကလေးငယ်မှာ မြို့ကြီးပြကြီးသို့ တစ်ခါမျှ မရောက်ဖူးသော်လည်း တီဗွီထဲတွင် မြင်ဖူးသမျှကို အားကျမဆုံး ဖော်ပြနေတော့သည်။
ရွှီခယ်သည် ကျေးလက်၏ အေးချမ်းမှုနှင့် မြို့ပြ၏ အပြိုင်အဆိုင် များလှသော မွန်းကျပ်မှုတို့ကြားက ခြားနားချက်ကို ပြောပြချင်သော်လည်း၊ သူမ၏ မျှော်လင့်ချက်ရောင်ခြည်များကို မငြိမ်းသတ်လိုသဖြင့် မျိုသိပ်ထားလိုက်သည်။
သူ အလုပ်ပြုတ်စဉ်က ခံစားခဲ့ရသော နာကျင်မှုနှင့် ဘဝ၏ ဖိအားများကို ပြောပြလျှင်လည်း အခွင့်ထူးခံတစ်ဦး၏ မောက်မာမှုဟု ထင်သွားနိုင်သည် မဟုတ်ပါလား။
"ဟုတ်တယ်... အဲ့ဒီမှာ ခမ်းနားလှတဲ့ နန်းတော်ကြီးတွေနဲ့ တရုတ်တံတိုင်းကြီးလည်း ရှိတယ်လေ"
ရွှီခယ်က ယန်ကျင်းမြို့၏ စည်ကားပုံကို ဖော်ပြရာတွင် ထိုမိန်းကလေး၏ မျက်ဝန်းများမှာ ပိုမိုတောက်ပလာခဲ့သည်။
"ညီမလေးလည်း ကြိုးစားရင် တစ်နေ့ ယန်ကျင်းကို ရောက်မှာပါ"
"တကယ်လားဟင်"
"တကယ်ပေါ့... ကိုယ်တိုင် ဆန္ဒရှိဖို့ပဲ လိုတာပါ"
ရွှီခယ်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။ သူသည် မင်ယွဲ့၏ စွမ်းဆောင်နိုင်ရည်ကို အပြည့်အဝ ယုံကြည်ထားသူ ဖြစ်သည်။
မင်ယွဲ့ကဲ့သို့သော အမျိုးသမီးက ဤနေရာအထိ လာရောက်ခဲ့သည်ဆိုလျှင် လက်ဗလာဖြင့် ပြန်မည်မဟုတ်ဘဲ ဤရွာ၏ ကံကြမ္မာကို ပြောင်းလဲပေးလိမ့်မည်ဟု သူ သိနေသည်။
မင်ယွဲ့နှင့် ကျေးရွာလူကြီးတို့သည် စကားပြောရင်း လမ်းလျှောက်လာကြသည်။
"ရွာထဲမှာ စမ်းချောင်းရှိတဲ့ ဂူရှိသလားဟင်"
မင်ယွဲ့က မြစ်ကမ်းနားတွင် ခဏထိုင်၍ ရေကို ခပ်ဆော့ရင်း မေးလိုက်သည်။
"ရှိတာပေါ့... ဒီမြစ်ထဲက ရေတွေက အဲ့ဒီစမ်းဂူကနေ စီးဆင်းလာတာပဲ၊ ဂူကလည်း တော်တော်ကြီးတယ်... လိုက်ပြပါ့မယ်"
ဤရွာတွင် သယံဇာတ ရှားပါးသော်လည်း ဤကြည်လင်အေးမြသော စမ်းရေမှာ သူတို့ ဂုဏ်ယူရသည့် အရာတစ်ခုပင် ဖြစ်သည်။
သူတို့သည် တောင်ခြေရှိ စမ်းဂူကြီးဆီသို့ ရောက်ရှိလာကြသည်။ သဘာဝတရား၏ ဖန်တီးမှုမှာ အံ့မခန်းလှပေ။ ကျောက်နံရံများ ဝန်းရံထားသော ဂူအတွင်းမှ စမ်းရေသည် အလွန်ပင် နက်ရှိုင်းသဖြင့် အစိမ်းရောင်သမ်းနေသည်။
ရေကာတာငယ်လေးမှတစ်ဆင့် ရေများမှာ ရေတံခွန်ငယ်သဖွယ် အရှိန်ဖြင့် စီးဆင်းနေသည်။
"ဒီရေက သိပ်ကောင်းတာပဲ... ကျွန်တော်တို့ တစ်ရွာလုံး ဒီရေကိုပဲ သောက်ပြီး ကြီးပြင်းလာကြတာ"
ဟု ကျေးရွာလူကြီးက ဂုဏ်ယူစွာ ဆိုသည်။
မင်ယွဲ့သည် တစ်စုံတစ်ခုကို စဉ်းစားနေပုံရသည်။
"ကျေးရွာလူကြီး... ရွာရဲ့ အခြေအနေကို ကျွန်မတို့ နားလည်ပါပြီ၊ နောက်ရက်တွေမှာ အကြောင်းပြန်ပါ့မယ်"
ကျေးရွာလူကြီးမှာ မင်ယွဲ့တို့ ထွက်ခွာသွားမည်ကို စိုးရိမ်သဖြင့် အိမ်တွင် ဧည့်ခံကျွေးမွေးရန် အတင်းအကျပ် ဖိတ်ခေါ်တော့သည်။
မင်ယွဲ့တို့သည်လည်း သူ၏ စေတနာကို မပယ်ရှားလိုသဖြင့် လိုက်ပါလာခဲ့ကြသည်။
ကျေးရွာလူကြီး၏ အိမ်တွင် ရွာမှ တာဝန်ရှိသူများကိုပါ ဖိတ်ခေါ်၍ စည်ကားလှသော ထမင်းဝိုင်းကြီးဖြင့် ဧည့်ခံသည်။ အိမ်မွေးကြက်မကြီးကို သတ်၍ ဟင်းချက်ပေးထားသကဲ့သို့ ခြံထွက် ဟင်းသီးဟင်းရွက်များမှာလည်း လတ်ဆတ်လှသည်။
"အားမနာတမ်း စားကြပါ... အိမ်ချက်လက်ရာလေးတွေမို့ လိုအပ်တာရှိရင် ခွင့်လွှတ်ပေးပါ"
"ရပါတယ်... ကျွန်မတို့က ဒီလို အိမ်ချက်ဟင်းတွေကို ပိုကြိုက်တာ"
ဟု မင်ယွဲ့က ပြုံးရွှင်စွာ ဆိုသည်။
ရွာ၏ စာရင်းကိုင်က မင်ယွဲ့တို့အား ဝိုင်ဖြင့် တည်ခင်းရန် ကြိုးစားသော်လည်း မင်ယွဲ့က ငြင်းပယ်လိုက်သည်။
"ကျွန်မတို့ ကားမောင်းရမှာမို့ အရက်မသောက်ပါဘူး လူကြီးမင်းတို့ကို အပွင့်လင်းဆုံး ပြောရရင်တော့... ကျွန်မတို့ စစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာအရ ဒီရွာမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ပြီး ဆင်းရဲတွင်းက လွတ်ကင်းအောင် ကူညီပေးသွားမှာပါ"
ဤစကားမှာ ရွာသူရွာသားများအတွက် အကြီးမားဆုံးသော ကတိကဝတ်ပင် ဖြစ်တော့သည်။
ညတွင် မင်ယွဲ့နှင့် ရွှီခယ်တို့သည် မြို့နယ်အတွင်းရှိ ဟိုတယ်တစ်ခုတွင် တည်းခိုရင်း ရွာ၏ ဖွံ့ဖြိုးရေးစီမံကိန်းကို ဆွေးနွေးကြသည်။ မင်ယွဲ့သည် နောင်တွင် ဤဖောင်ဒေးရှင်းကို စိတ်ချရသူတစ်ဦးအား အပ်နှံလိုရာ ရွှီခယ်မှာ အကောင်းဆုံး ကိုယ်စားလှယ်လောင်းပင် ဖြစ်သည်။
"ရွာကို ငွေကြေးသက်သက်ပဲ ထောက်ပံ့ပေးနေရင် ဆင်းရဲတွင်းက လွတ်မှာမဟုတ်ဘူး ‘ငါးတစ်ကောင်ပေးမယ့်အစား ငါးဖမ်းနည်း သင်ပေးတာက ပိုကောင်းတယ်' မဟုတ်လား"
ဟု ရွှီခယ်က အကြံပြုသည်။
"ရှင် ဘာလုပ်ချင်လဲ ပြောကြည့်ပါဦး"
"မြစ်ဘေးက စမ်းရေဟာ သိပ်ကြည်လင်တာပဲ... အဲ့ဒီမှာ သောက်ရေသန့်စက်ရုံ တစ်ခု တည်ထောင်ပေးနိုင်ရင် ရွာသားတွေအတွက် အလုပ်အကိုင်လည်း ရသွားမယ်၊ ရွာအတွက်
လည်း ဝင်ငွေရမယ်လေ"
"ကောင်းတယ်... နောက်ပြီး ကျောင်းသားတွေကိုလည်း တက္ကသိုလ်တက်နိုင်အောင် ထောက်ပံ့ပေးမယ်၊ ဒါပေမဲ့ နှစ်စဉ် စာမေးပွဲ ရလဒ်တွေကို စစ်ဆေးပြီး ပညာရေးကို လျစ်လျူရှုတဲ့သူဆိုရင် ထောက်ပံ့မှုကို ရပ်ဆိုင်းမယ်"
ပညာရေး၏ အရေးပါမှုကို ကိုယ်တိုင်သိမြင်ထားသော မင်ယွဲ့သည် ကလေးငယ်များ၏ အနာဂတ်အတွက် လမ်းစများ ဖွင့်ပေးရန် ဆုံးဖြတ်လိုက်သည်။
နောက်တစ်နေ့တွင် သူတို့သည် စာချုပ်များနှင့်
အတူ ရွာသို့ ပြန်လည်ရောက်ရှိလာသည်။ ကျေးရွာလူကြီးမှာ စိတ်လှုပ်ရှားလွန်းသဖြင့် တုန်ရင်နေရှာသည်။
"ကျွန်မတို့ ပထမက ငွေသုံးသန်းလောက် တိုက်ရိုက်ထောက်ပံ့ဖို့ စဉ်းစားခဲ့ပေမယ့်... အဲ့ဒါက ရေရှည်အတွက် မကောင်းဘူးဆိုတာ တွေ့ရတယ်"
ကျေးရွာလူကြီးသည် ငွေသုံးသန်းဟူသော ပမာဏကို ကြားလိုက်ရသဖြင့် အံ့အားသင့်သွားရသည်။ သူ၏ တစ်သက်တွင် ဤမျှများပြားသော ငွေကို မမြင်ဖူးခဲ့ပေ။ သို့သော် မင်ယွဲ့၏ ရေရှည်ဖွံ့ဖြိုးရေး အယူအဆမှာ ပို၍ မှန်ကန်ကြောင်း သူ သဘောပေါက်လိုက်သည်။
"ဒါကြောင့် ကျွန်မတို့ ဒီရွာမှာ စမ်းရေသန့်စက်ရုံတစ်ခု တည်ဆောက်ပေးပါ့မယ်... ရွာသားတွေဟာ ဒီလုပ်ငန်းရဲ့ ရှယ်ယာရှင်တွေ ဖြစ်လာမှာပါ"
မင်ယွဲ့၏ စကားကြောင့် ရွာသူရွာသားများ၏ မျက်ဝန်းတွင် အနာဂတ်အတွက် မျှော်လင့်ချက် အလင်းရောင်များ တောက်ပလာခဲ့တော့သည်။
ဆင်းရဲနွမ်းပါးမှုမှ ချမ်းသာကြွယ်ဝခြင်းသို့ လှမ်းကိုင်မည့် ခရီးစဉ်မှာ ယနေ့မှစ၍ စတင်ခဲ့ပြီ ဖြစ်သည်။
***