ယခုစွမ်းရည်အသစ်များကြောင့် ရှုပ်ထွေးသော ပတ်ဝန်းကျင်များတွင် ယင်းဖုန်း၏
ကင်းထောက်ခြင်း…
ရှုပ်ထွေးသောအခြေအနေများအောက်တွင် ရုတ်တရက် လုပ်ကြံတိုက်ခိုက်ခြင်းနှင့်
အရေးပေါ်အချိန်များတွင် ရှင်သန်နိုင်ခြင်း တို့သည် အဆင့်အသစ်တစ်ခုသို့ ရောက်ရှိသွားမည်ဖြစ်သည်။
သူသည် ဝံပုလွေဂူ၏ သတင်းအချက်အလက် အတိကျဆုံး လျှို့ဝှက်မျက်လုံးနှင့် ကြောက်မက်ဖွယ်အကောင်းဆုံး လူသတ်ဓားမြှောင်တစ်လက် ဖြစ်လာပေလိမ့်မည်။
ထို့နောက် ချက်ချင်းပင် လင်းထျန်းလုံ၏ အကြည့်က ဘေးတွင် တည်ငြိမ်စွာ ရပ်နေဆဲဖြစ်သော ရန့်မြဲ့နှင့် ထျန်းပင်းတို့ဆီသို့ လှည့်သွားသည်။
ဝံပုလွေအုပ်၏ အစောဆုံး အမာခံအဖွဲ့ဝင်များဖြစ်သလို သူနှင့်အတူ အကြာဆုံး တိုက်ပွဲဝင်ခဲ့သော လုပ်ဖော်ကိုင်ဖက်များလည်း ဖြစ်သောကြောင့် အဓိကစစ်သူကြီးသုံးဦး၏ စွမ်းအားများ အတူတကွ တိုးတက်လာပြီး ဝံပုလွေအသိုက်၏ အခိုင်မာဆုံး သံမဏိတြိဂံတစ်ခု ဖြစ်ပေါ်လာစေရန် သူတို့နှင့် ကိုက်ညီသော ဆုလာဘ်များကို ချီးမြှင့်ရပေမည်။
သူ၏ အသိစိတ်က ရတနာသိုက်တစ်ခုဟုပင် ခေါ်ဆိုနိုင်သော အသိစိတ်နေရာလွတ် အတွင်းရှိ သိမ်းဆည်းထားသည်များအပေါ် လျင်မြန်စွာ ဖြတ်သန်းသွားသည်။
သန့်စင်သော နဂါးဝိညာဉ်မူလစွမ်းအားများ ပါဝင်သည့် ဝိညာဉ်နယ်မြေ မိခင်သစ်ပင်ထံမှ ရရှိသော ချီနဂါးဝိညာဉ်အနှစ်သာရ၊ ကြောက်မက်ဖွယ်ကောင်းသော ခံစစ်နှင့် တန်ပြန် နိယာမများ ပါဝင်သည့် မိစ္ဆာနဂါးထံမှ ရရှိသော မိစ္ဆာနဂါးပြောင်းပြန်ကြေးခွံတို့အပေါ် သူအကြည့်ရောက်သွားသည်။
နှစ်ခုစလုံးသည် တစ်ချို့သောအချက်များတွင် ဘုရင်အဆင့်အမြုတေတစ်ခုထက်ပင် တန်ဖိုးပိုကြီးသော ရွှေရောင် အဆင့်မြင့် ရတနာများဖြစ်သည်မှာ သေချာပေသည်။
သူတို့၏ စွမ်းအင်သဘာဝများက ဝံပုလွေနှစ်ကောင်နှင့် ပြီးပြည့်စုံစွာ ကိုက်ညီခြင်း မရှိသော်လည်း ၎င်းတို့တွင် ပါဝင်သော ကြီးမားမြင့်မြတ်သည့် စွမ်းအင်များက သူတို့၏ စွမ်းအားကို ကမ္ဘာမြေကြီးပင် တုန်လှုပ်သွားစေလောက်သည့် ဗီဇပြောင်းလဲမှုတစ်ခုဆီသို့ အတင်းအကျပ် တွန်းပို့ပေးရန် လုံလောက်လေသည်။
“ရန့်မြဲ့၊ ထျန်းပင်း”
လင်းထျန်းလုံ၏ အသံတွင် မေးခွန်းထုတ်ဖွယ်မရှိသော ပြတ်သားမှုများ ပါဝင်နေသည်။
သူ၏အသံကို ကြားသည်နှင့် ဝံပုလွေနှစ်ကောင်မှာ ချက်ချင်းပင် ခိုင်မာလေးလံသော ခြေလှမ်းများဖြင့် ရှေ့ထွက်လာကာ ဝံပုလွေခေါင်းကြီးများကို ငုံ့လျက် ဘုရင်မင်းမြတ်၏ လက်ဆောင်ကို စောင့်ဆိုင်းနေကြသည်။
“ဒီပစ္စည်းနှစ်ခုကို မင်းတို့ကို ချီးမြှင့်မယ်။ စုပ်ယူလိုက်ကြ၊ ပိုသန်မာလာအောင်လုပ်၊ နှင်းဝံပုလွေမျိုးနွယ်က မင်းတို့ရဲ့ စွမ်းအားကို လိုအပ်တယ်။”
သူ၏ တိကျသော စိတ်ထိန်းချုပ်မှုအောက်တွင် ခုန်ပေါက်နေသော နှလုံးသားတစ်ခုပမာ နူးညံ့သန့်စင်သော ဝိညာဉ်အလင်းကို ထုတ်လွှတ်နေသည့် ချီနဂါးဝိညာဉ်အနှစ်သာရက ရန့်မြဲ့ထံသို့ ဖြည်းညင်းစွာ ပျံသန်းသွားသည်။
တစ်ချိန်တည်းမှာပင် အစွန်းများတွင် နမိတ်မကောင်းသော ရွှေရောင်ရင့်ရင့် တောက်ပနေပြီး အလင်းရောင်အားလုံးကို စုပ်ယူထားသကဲ့သို့ မာကျောလွန်းသော မိစ္ဆာနဂါးပြောင်းပြန်ကြေးခွံက အသက်ရှိနေသည့်အလား လည်ပတ်ကာ ထျန်းပင်းထံသို့ ပျံသန်းသွားသည်။
အလွန်ခိုင်မာပြီး ရူးသွပ်သော အလင်းတန်းတစ်ခုက ဝံပုလွေနှစ်ကောင်လုံး၏ မျက်လုံးများတွင် တစ်ပြိုင်နက် ပေါက်ကွဲထွက်လာသည်။
ရန့်မြဲ့က ချက်ချင်း ပါးစပ်ဟကာ ဝိညာဉ်အနှစ်သာရကို ကိုယ်တွင်းသို့ စုပ်ယူလိုက်သည်။
ထျန်းပင်းကမူ ခပ်သြသြ ဟိန်းဟောက်လိုက်ကာ ပြောင်းပြန်အကြေးခွံကို သူ၏ရင်ဘတ်ပေါ်ရှိ အမာကျောဆုံး နှလုံးကာကြေးခွံချပ်ဝတ်ပေါ်သို့ သက်ရှိတစ်ခုပမာ ကပ်တွယ်ခွင့်ပြုလိုက်ပြီး လျင်မြန်စွာ ပေါင်းစပ်သွား လေသည်။
နောက်တစ်ခဏတွင် အစောပိုင်း အဆင့်တက်ခြင်းများထက် ပိုမိုအံ့ဩဖွယ်ကောင်းသော စွမ်းအင်လှိုင်းတစ်ခု ဝံပုလွေဂူ၏ အလယ်ဗဟိုတွင် ပေါက်ကွဲထွက်လာသည်။
ရန့်မြဲ့၏ ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် စူးရှတောက်ပသော ရေခဲပြာရောင် ဝိညာဉ်အလင်းများ ပေါက်ကွဲထွက်လာသည်။
အလင်းရောင်က မျက်စိကျိန်းလောက်အောင် မတောက်ပသော်လည်း ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာအထိ တိုက်ရိုက်ထိုးဖောက်နိုင်သော အအေးဓာတ်ကို သယ်ဆောင်ထားသည်။
ချီနဂါးဝိညာဉ်အနှစ်သာရ၏ သန့်စင်ပြီး ကြီးမားလှသော နဂါးဝိညာဉ်မူလစွမ်းအင်သည် ထာ၀ရတိုက်ပွဲဝိညာဉ်နှင့် အကြွင်းမဲ့ရေခဲဝိညာဉ်တို့မှ ဆင်းသက်လာသော သူ၏ ကိုယ်ပိုင် အေးစက်သည့် စိတ်ဆန္ဒများနှင့် နက်ရှိုင်းစွာ ပဲ့တင်ထပ် ပေါင်းစပ်သွားသည်။
သူ၏ စိတ်ပိုင်းဆိုင်ရာ စွမ်းအားများ စုစည်းလာပြီး မကြုံစဖူး အမြန်နှုန်းဖြင့် မြင့်တက်လာကာ ရေခဲစွမ်းအင်အပေါ် ထိန်းချုပ်နိုင်စွမ်းမှာလည်း မိမိ၏ ခြေလက်များ လှုပ်ရှားရသကဲ့သို့ သဘာဝကျလာပြီး ရေခဲနိယာမများ၏ ပိုမိုနက်ရှိုင်းသော အဆင့်တစ်ခုကို ထိတွေ့လိုက်ရသကဲ့သို့ ဖြစ်နေသည်။
မူလဝိညာဉ်ကို တိုက်ရိုက်အေးခဲစေနိုင်ပြီး မီးလျှံများကို ချေမှုန်းပစ်နိုင်သော ပိုမိုသိပ်သည်းသည့် အစွန်းရောက်အအေးဓာတ်က သူ၏ ကိုယ်တွင်းမှ ပျံ့နှံ့လာကာ အကြွင်းမဲ့ရေခဲစွမ်းအားနှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်သွားပြီး အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။
[စနစ်အသိပေးချက်]။ ။လက်အောက်ခံ ရန့်မြဲ့သည် ချီနဂါးဝိညာဉ်အနှစ်သာရကို စုပ်ယူလိုက်ပါသည်။
အဆင့် ၂၄ ပါရမီရှင်အဆင့်သို့ တက်လှမ်းသွားပါသည်။ ပင်ကိုစွမ်းရည် အကြွင်းမဲ့ရေခဲဝိညာဉ်၏ အကျိုးသက်ရောက်မှု သိသိသာသာ တိုးတက်လာပြီး ရေခဲအမျိုးအစား စွမ်းရည်များ၏ သက်ရောက်မှုအကွာအဝေးနှင့် ထိန်းချုပ်ရာတွင်တိကျမှုတို့ များစွာ မြင့်တက်လာပါသည်။
ဝိသေသလက္ခဏာသစ် နိုးထလာပါသည်။
[ဝိညာဉ်အေးခဲခြင်း] - တိုက်ခိုက်မှုများတွင် ပါဝင်သော ဝိညာဉ်အအေးဓာတ် သက်ရောက်မှုများ အားကောင်းသွားပြီး ရန်သူများကို အတွေးအေးခဲခြင်း အခြေအနေသို့ ရောက်ရှိသွားစေရန် အခွင့်အလမ်းများစွာရှိသည်။
၎င်းတို့၏ တုံ့ပြန်မှု၊ စွမ်းရည်အသုံးပြုမှုနှင့် စွမ်းအင်လည်ပတ်မှုတို့ကိုပင် သိသိသာသာ နှောင့်နှေးသွားစေနိုင်သည်။
အခြားတစ်ဖက်တွင် ထျန်းပင်းက နာကျင်မှုနှင့် အလွန်အမင်း စိတ်လှုပ်ရှားမှုတို့ ရောနှောနေသော တိုးညှင်းသည့် ဟိန်းဟောက်သံတစ်ချက်ကို ပေးလိုက်သည်။
မိစ္ဆာနဂါးပြောင်းပြန်ကြေးခွံသည် သူ၏ ခန္ဓာကိုယ်ကို ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ပူလောင်သော ရွှေရောင်ရင့်ရင့် စွမ်းအင်စီးကြောင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ၏ ခြေလက်များနှင့် အရိုးများထဲသို့ ရူးသွပ်စွာ စီးဝင်သွားကာ တောက်ပနေသော ရွှေရောင် ထာ၀ရဗာဂျရာခန္ဓာနှင့် ပြင်းထန်စွာ ဓာတ်ပြုသွားသည်။
ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံတိုင်း တုန်ခါမြည်ဟည်းနေပြီး ပိုမိုထူထဲ၊ အချိုးကျလာကာ အရောင်မှာလည်း သန့်စင်သော ရွှေရောင်မှ အကြိမ်တစ်ထောင် ထုဆစ်ထားသော နတ်သတ္တုပမာ ရွှေရောင်ရင့်ရင့်သို့ ပြောင်းလဲသွားသည်။
ပိုမိုရက်စက်ကြမ်းကြုတ်ပြီး ဖျက်ဆီး၍မရနိုင်သော အငွေ့အသက်တစ်ခု ကောင်းကင်သို့ ထိုးတက်သွားကာ သူ၏ ကိုယ်တွင်း၌ အိပ်မောကျနေသော သမိုင်းမတင်မီခေတ်က သားရဲကြီးတစ်ကောင် နိုးထလာသကဲ့သို့ ဖြစ်နေလေသည်။
ထို ပြောင်းပြန်အကြေးခွံတွင် ပါဝင်သော တန်ပြန် နိယာမကလည်း သူ၏ လွှမ်းမိုးနိုင်သော ခံစစ်အားကောင်းသည့် ခန္ဓာကိုယ်နှင့် ပေါင်းစပ်ခြင်း စတင်နေပြီဖြစ်သည်။
[စနစ်အသိပေးချက်]။ ။လက်အောက်ခံ ထျန်းပင်းသည် မိစ္ဆာနဂါးပြောင်းပြန်ကြေးခွံနှင့် ပေါင်းစပ်သွားပါသည်။
အဆင့် ၂၄ ပါရမီရှင်အဆင့် သို့ တက်လှမ်းသွားပါသည်။ ပင်ကိုစွမ်းရည် ထာ၀ရဗာဂျရာခန္ဓာ၏ အခြေခံစွမ်းအားနှင့် ခွန်အားတို့ ကြီးမားစွာ တိုးတက်လာပြီး ရေခဲနှင့် စွမ်းအင်ခုခံနိုင်စွမ်းများ သိသိသာသာ မြင့်တက်လာပါသည်။
ဝိသေသလက္ခဏာသစ် နိုးထလာပါသည် -
[ပြောင်းပြန်အကြေးခွံ] - ခံစစ်ကို ထိုးဖောက်နိုင်စွမ်းရှိသော အစွမ်းထက်သည့် တိုက်ခိုက်မှုတစ်ခုကို လက်ခံရရှိသောအခါ ပြောင်းပြန်အကြေးခွံ သက်ရောက်မှုကို အလိုအလျောက် အသက်သွင်းရန် အခွင့်အလမ်းရှိသည်။
အချိန်တိုအတွင်း မိမိ၏ ခံစစ်ကို အဆမတန် မြင့်တက်သွားစေကာ တိုက်ခိုက်ခံလိုက်ရသော ပျက်စီးမှု၏ တစ်စိတ်တစ်ပိုင်းကို သန့်စင်သော စွမ်းအင်ရိုက်ခတ်မှုအသွင်ဖြင့် တိုက်ခိုက်သူထံသို့ တန်ပြန်ရောင်ပြန်ဟပ်စေနိုင်သည်။
ဘုန်း…. ဘုန်း…
ကွဲပြားသော်လည်း ပြိုင်ဘက်ကင်း အစွမ်းထက်လှသော အငွေ့အသက်နှစ်ခု ဝံပုလွေအသိုက်ထဲတွင် ပြင်းထန်စွာ ပေါက်ကွဲထွက်လာပြီး ယင်းဖုန်း၏ နက်ရှိုင်းအေးစက်သော အငွေ့အသက်နှင့် ရောယှက်ကာ ရင်ခုန်ဖွယ်ကောင်းသော ဖိအားတစ်ခု ဖြစ်ပေါ်လာလေသည်။
အဓိကစစ်သူကြီး သုံးဦးဖြစ်သော ရန့်မြဲ့၊ ထျန်းပင်းနှင့် ယင်းဖုန်းတို့အားလုံး အဆင့် ၂၄ သို့ ခြေချနိုင်ခဲ့ကြပြီး သူတို့၏ စွမ်းအားများသည် အရင်ကထက် များစွာတိုးတက်လာကာ ကမ္ဘာကြီးကိုပင် တုန်လှုပ်သွားစေနိုင်လောက်သည့် အသွင်ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူတို့သည် နှင်းဝံပုလွေမျိုးနွယ်၏ စစ်ရေးအင်အား နတ်ခန်းမကြီးကိုး ထောက်ပံ့ပေးထားသော ကောင်းကင်သို့ ထိုးတက်နေသည့် တိုင်လုံးကြီးသုံးတိုင်နှင့် တူနေပြီး မျိုးနွယ်စုဝင်အားလုံးကို အလွန်အမင်း လုံခြုံမှုကို ပေးစွမ်းနေလေသည်။
“ကောင်းလိုက်တာ၊ အရမ်းကောင်းတာပဲ… ဦးလေးသုံးယောက်လုံး အများကြီး ပိုစွမ်းလာပြီ၊ အရင်ကထက် အများကြီး၊ အများကြီးကို ပိုသန်မာလာတာပဲ”
ရှောင်ယင်းက ဝမ်းသာအားရ လက်ခုပ်တီးရင်း နေရာတွင်ပင် ခုန်ပေါက်နေကာ သူမ၏ မျက်နှာလေးမှာလည်း ပျော်ရွှင်မှုများဖြင့် ပြည့်လျှံနေသည်။
ရှောင်လန်ကလည်း နောက်ဆုံးတွင် စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်မထားတော့ဘဲ သူမ၏ နှုတ်ခမ်းများက အသာအယာ ကွေးတက်သွားကာ အပြုံးတစ်ခု ဖြစ်ပေါ်လာလေသည်။
မတူညီသော အငွေ့အသက်များရှိကြသော်လည်း ယုံကြည်စိတ်ချရပြီး အစွမ်းထက်သော လှိုင်းများကို ထုတ်လွှတ်နေသည့် ဤဝံပုလွေဦးလေးကြီး သုံးဦးကို ကြည့်ရင်း သူမ၏ ရင်ထဲတွင် နက်ရှိုင်းသော လုံခြုံမှုခံစားချက်တို့ ပြည့်လျှံလာသည်။
ဝံပုလွေအသိုက်ကို ကာကွယ်ပေးပြီး သူတို့ကို ကာကွယ်ပေးနိုင်မည့် စွမ်းအားမျိုး ရှိနေသဖြင့် အနာဂတ်တွင် မည်သည့်အရာနှင့် ရင်ဆိုင်ရပါစေ သူတို့ ပိုမိုယုံကြည်မှု ရှိလာသကဲ့သို့ ခံစားနေရသည်။
“ရှောင်လန်ရေ၊ ကြည့်ရတာ ငါတို့ ပိုကြိုးစားရတော့မယ့်ပုံပဲ၊ မဟုတ်ရင် အနာဂတ်မှာ ဝံပုလွေဦးဦး သုံးယောက်နောက်လိုက်ပြီး တိုက်ပွဲဝင်ဖို့တောင် အရည်အချင်းပြည့်မီမှာ မဟုတ်ဘူး”
“ရှောင်ယင်း နင်ပြောတာမှန်တယ်၊ ဝံပုလွေဖေဖေက ငါတို့ကို အကောင်းဆုံးအခြေအနေတွေ ဖန်တီးပေးပြီးပြီပဲ၊ ကိုယ်တိုင် မကြိုးစားရင် နောင်တစ်ချိန်မှာ ဒီမိသားစုထဲတွင် အဖွဲ့ဝင်တွေပါလို့ ဘယ်လိုမျက်နှာနဲ့ ပြောရမှာလဲ”
လင်းထျန်းလုံသည် စွမ်းအားများ တဟုန်ထိုး မြင့်တက်လာပြီး ယခုအခါ အပြည့်အဝ ပုံပေါ်လာပြီဖြစ်သော အဆင့်မြင့် တိုက်ခိုက်ရေးစွမ်းအားနှင့် အမာခံ စစ်သူကြီး သုံးဦးကို ကြည့်ရှုနေရင်း… အရင်းအမြစ်ခွဲဝေမှု၊ နယ်မြေချဲ့ထွင်မှုနှင့် ဖြစ်လာနိုင်သော လူသားရန်သူများကို ရင်ဆိုင်ရန် ဗျူဟာများအတွက် နောက်အဆင့်များကို ဂရုတစိုက် စီစဉ်နေစဉ်…..
ထူးဆန်းစွာ ထိုးဖောက်ဝင်ရောက်လာသော အလွန်အားနည်းသည့် လှိုင်းဂယက်တစ်ခုသည် ငြိမ်သက်နေသော ရေကန်ထဲ ခဲလုံးတစ်လုံး ပစ်ချလိုက်သကဲ့သို့ အဝေးတောင်ဘက်ဆီမှ ထွက်ပေါ်လာသည်။
ဤလှိုင်းဂယက်သည် ရုပ်ပိုင်းဆိုင်ရာ အသံတစ်ခုမဟုတ်ဘဲ ဟင်းလင်းပြင်တုန်ခါမှု နိယာမများ၏ သိမ်မွေ့သော နှောင့်ယှက်မှုတစ်ခုနှင့် ပိုတူသည်။
ငွေပြာဘုရင်မျက်၀န်းမှ ယူဆောင်လာသော ထူးကဲသည့် အာရုံခံနိုင်စွမ်း၊ ဟင်းလင်းပြင်စွမ်းအင်များနှင့် ပတ်သက်၍ သူ၏ ထက်မြက်လွန်းသော ပင်ကိုယ်အသိစိတ်တို့သာ မရှိပါက ၎င်းကို ရှာဖွေတွေ့ရှိရန်မှာ မဖြစ်နိုင်သလောက်ပင်။
လင်းထျန်းလုံ၏ ငွေပြာဘုရင်မျက်၀န်းများ ရုတ်တရက် မှိန်ဖျော့ဖျော့ အလင်းဖြင့် တောက်ပလာပြီး အတိကျဆုံး ရေဒါတစ်ခုပမာ တောင်ဘက်ဆီသို့ စစ်ဆေးကြည့်လိုက်သည်။
သူ၏ အကြည့်များမှာ အလွန်စူးရှပြီး လေးနက်သွားသည်။
“ဒီလှိုင်းဂယက်က... အရင်က ငါခံစားဖူးတဲ့ ဘယ်လိုစွမ်းအင်ပုံစံနဲ့မှ လုံးဝမတူဘူး ဖော်ပြရခက်တဲ့ ရှေးဟောင်းအငွေ့အသက်တွေ၊ ထူးဆန်းမှုတွေ ရောနှောနေပြီး ဒီကမ္ဘာကြီးရဲ့ နိယာမတွေနဲ့ မသက်ဆိုင်တဲ့... ထူးခြားဆန်းကြယ်တဲ့ အငွေ့အသက်တစ်ခုတောင် ပါဝင်နေသလိုပဲ”
“ဒီခံစားချက်... အရင်က ဝိညာဉ်နယ်မြေ ပြိုကျသွားတဲ့ဘက်ဆီက ဖြစ်ပုံရတယ်၊ ပြိုကျသွားတာက အဆုံးသတ်မဟုတ်ဘဲ... တစ်ခုခုကို ဖွင့်ပေးလိုက်တာ ဒါမှမဟုတ်... တစ်ခုခုကို လွှတ်ပေးလိုက်မိတာများလား”
“ရှင်းလင်းထားပြီးသားလို့ ထင်ရတဲ့ အဲဒီအပျက်အစီးတွေထဲမှာ ပိုကြီးမားတဲ့ လျှို့ဝှက်ချက် ဒါမှမဟုတ်... အန္တရာယ်တစ်ခုခု ပုန်းကွယ်နေသေးပုံရတယ်။”
***