တောင်ဘက်မှလာသော ဟင်းလင်းပြင်လှုပ်ခတ်မှုများသည် အဆက်မပြတ်ခုန်နေသော နှလုံးခုန်သံပမာ တစ်ချက်ပြီးတစ်ချက် ပိုမိုရှင်းလင်းလာကာ လင်းထျန်းလုံ၏ အာရုံကို ဆွဲဆောင်ထားသည်။ သူ ဆက်စောင့်မနေနိုင်တော့ချေ။
“ယင်းဖုန်း”
“ရှိပါတယ်”
အရိပ်များ လိမ်ကောက်သွားပြီးနောက် အဆင့် ၂၄ သို့ တက်လှမ်းထားသော မုဆိုးခေါင်းဆောင် ပေါ်ထွက်လာသည်။ သူ၏ အငွေ့အသက်မှာ အရိပ်နှင့် နှင်းခဲများကြားတွင် ပြီးပြည့်စုံစွာ ပေါင်းစပ်ပျော်ဝင်နေသည်။
“တောင်ဘက်က ထူးခြားတဲ့ဖြစ်ရပ်ကို ကိုယ်တိုင်သွားစုံစမ်းချေ။ မင်းရဲ့ အတော်ဆုံး လက်အောက်ငယ်သားတွေကို ခေါ်သွား၊ အဲဒီ လှိုင်းတွေရဲ့ နောက်ကွယ်က အကြောင်းစုံကို ငါသိချင်တယ်”
“နားလည်ပါပြီ”
ယင်းဖုန်းသည် အပိုဆာလာစကားများ ပြောမနေတော့ချေ။ ယင်းဖုန်း၏ ပုံရိပ်သည် အတော်ဆုံး မုဆိုးအချို့နှင့်အတူ ရုတ်တရက် ချက်ချင်းပျောက်ကွယ်သွားတော့သည်။
ယင်ဖုန်းတို့အဖွဲ့သည် တစ္ဆေရေခဲအရိပ်ထွက်ပြေးခြင်း ပင်ကိုစွမ်းရည်ကို အစွမ်းကုန်အသုံးချကာ ဝိညာဉ်နယ်မြေ၏ ပျက်စီးနေသော အစိတ်အပိုင်းများကြားတွင် အစစ်အမှန်နှင့် ဗလာဟင်းလင်းပြင်ကြား လမ်းလျှောက်နေသကဲ့သို့ အလွန်လျင်မြန်စွာ ဖြတ်သန်းသွားလာနေကြသည်။
သူတို့သွားရာလမ်းတွင် ရေခဲတစ္ဆေပုံရိပ်ယောင်များသာ ကျန်ရစ်ခဲ့သည်။
တစ်နာရီကျော်ကြာပြီးနောက် တိကျသော သတင်းအချက်အလက်များ လင်းထျန်းလုံ၏ အသိစိတ်ထဲသို့ ရောက်ရှိလာသည်။
“ဘုရင်မင်းမြတ်၊ အရင်းအမြစ်ကို တွေ့ပါပြီ၊ ဟင်းလင်းပြင်ပြိုကျတဲ့နေရာမှာ တည်ငြိမ်တဲ့ အက်ကွဲကြောင်းတစ်ခု ပွင့်နေပြီး အဲဒီနောက်ကွယ်မှာ အသက်ဝင်နေတဲ့ မီးတောင်တစ်ခု ရှိပါတယ်”
“အဲဒီထဲမှာ ဧရာမသားရဲကြီး နှစ်ကောင် အသေအကြေ တိုက်ခိုက်နေကြတယ်၊ တစ်ကောင်က ပေ ၁၃၀ ကျော်ရှည်ပြီး ကိုယ်ပေါ်မှာ ရေခဲသလင်းကြေးခွံတွေနဲ့ ခေါင်းပေါ်မှာ ဦးချိုတစ်ချောင်းပါတဲ့ နဂါးစပါးအုံးကြီးပါ”
“နောက်တစ်ကောင်ကတော့ အရွယ်အစား နည်းနည်းသေးပေမယ့် ပိုပြီးသန်မာထွားကြိုင်းတယ်၊ ကျောရိုးမှာအဆူးတွေနဲ့ နီရဲရဲ ချော်ရည်ကြေးခွံတွေ ဖုံးလွှမ်းထားတဲ့ ကြေးနီရောင် မြေအောက်မီးနဂါးပါ"
“သူတို့က မီးတောင်အလယ်က ချော်ရည်အိုင်ထဲမှာရှိတဲ့ စွမ်းအင်အလွန်မြင့်မားတဲ့ ကြာပန်းပုံသဏ္ဌာန် ရတနာတစ်ခုအတွက် တိုက်နေကြတာပါ”
“နှစ်ကောင်လုံး ဒဏ်ရာရထားကြတယ်၊ ရေခဲစပါးအုံးက ဘယ်ဘက်မျက်လုံး လောင်ကျွမ်းထားပြီး မီးနဂါးကတော့ ဝမ်းဗိုက်မှာ အရိုးထိအောင်နက်တဲ့ ဒဏ်ရာရထားပေမယ့် သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုကတော့ လျော့မသွားသေးပါဘူး”
လင်းထျန်းလုံ စိတ်ကူးလိုက်သည်နှင့် စနစ်မျက်နှာပြင် ပွင့်လာလေသည်။
[စနစ်အသိပေးချက်]။ ။အစွမ်းထက်မိစ္ဆာသားရဲကို တွေ့ရှိသည်။
မျိုးနွယ် - ရေခဲနဂါးစပါးအုံး (ရှေးဟောင်းနဂါးမျိုးဆက်)
အဆင့် - ၃၈ (ပထမ ဘုရင်အဆင့်)
ပင်ကိုစွမ်းရည်များ - အစွန်းရောက်ယင်နဂါးဝိညာဉ် (ရွှေရောင် အဆင့်မြင့်)၊ လျှို့ဝှက်ရေခဲကြေးခွံချပ်ဝတ် (ရွှေရောင် အဆင့်မြင့်)
စွမ်းရည်လက္ခဏာရပ်များ - အကြွင်းမဲ့ရေခဲတိုက်ကွက် (ရွှေရောင်၊ အဆင့်မြင့်)၊ ရေခဲခွဲလက်သည်း (ခရမ်းရောင်၊ အဆင့်မြင့်)
[စနစ်အသိပေးချက်]။ ။အစွမ်းထက်မိစ္ဆာသားရဲကို တွေ့ရှိသည်။ မျိုးနွယ် - ကြေးနီမြေအောက်မီးနဂါး (နဂါးမျိုးနွယ်ခွဲ)
အဆင့် - ၃၇ (ပထမ ဘုရင်အဆင့်)
ပင်ကိုစွမ်းရည်များ - ချော်ရည်နှလုံးသား (ရွှေရောင် အဆင့်မြင့်)၊ နဂါးအရှိန်အဝါ ခြောက်လှန့်ခြင်း (ခရမ်းရော အဆင့်မြင့်)
စွမ်းရည်လက္ခဏာရပ်များ - မြေမီးလျှံပေါက်ကွဲခြင်း (ရွှေရောင် အဆင့်မြင့်)၊ တောက်လောင်နဂါးအသက်ရှူသံ (ခရမ်းရောင် အဆင့်မြင့်)
[စနစ်အသိပေးချက်]။ ။သဘာဝရတနာ မြေကမ္ဘာအမြုတေ မီးကြာပန်း (ရွှေရောင် အဆင့်မြင့်) ကို တွေ့ရှိသည်။
‘ဒဏ်ရာရနေတဲ့ ပထမ ဘုရင်အဆင့် နဂါးသားရဲ နှစ်ကောင်နဲ့ မြေကမ္ဘာအမြုတေ မီးကြာပန်းလား...’
လင်းထျန်းလုံ၏ နှလုံးသားလေး ပြင်းထန်စွာ ခုန်သွားခဲ့သည်။ ဤသည်မှာ အန္တရာယ်မဟုတ်ဘဲ ဝံပုလွေအသိုက် စွမ်းအားတိုးတက်ပြီးနောက် ကံကြမ္မာက ပေးအပ်လိုက်သော အကောင်းဆုံး စမ်းသပ်မှုနှင့် လက်ဆောင်ပင် ဖြစ်သည်။
အဆင့်တက်ခါစဖြစ်ပြီး လက်တွေ့တိုက်ပွဲဖြင့် အသားကျရန် အရေးတကြီးလိုအပ်နေသော ဝံပုလွေအုပ်စုအတွက် ဒဏ်ရာရနေသည့် ဤဧရာမသားရဲကြီးနှစ်ကောင်မှာ အသင့်တော်ဆုံး ပြိုင်ဘက်များဖြစ်သည်။
ထို့အပြင် ကြီးမားသော မီးဓာတ်မူလစွမ်းအင် ပါဝင်သည့် မြေကမ္ဘာအမြုတေ မီးကြာပန်းမှာ ဝံပုလွေအသိုက်၏ အလွန်အမင်းအေးစက်နေသော ပတ်ဝန်းကျင်ကို မျှခြေဖြစ်စေရန်နှင့် တိုတမ်မိခင်သစ်ပင်၏ နောက်ထပ်ဆင့်ကဲပြောင်းလဲမှုကို လှုံ့ဆော်ပေးရန်အတွက် အဓိကသော့ချက်လည်း ဖြစ်နိုင်သည်။
‘ဒီအခွင့်အရေးကို လက်လွတ်မခံနိုင်ဘူး'
“အားလုံးးး”
လင်းထျန်းလုံ ခေါင်းမော့ကာ အူသံရှည်ကြီး ပေးလိုက်သည်။ သူ၏အသံမှာ မိုးခြိမ်းသံပမာ ဟိန်းထွက်သွားပြီး စိတ်ချင်းဆက်သွယ်ခြင်းမှတစ်ဆင့် ဝံပုလွေတိုင်း၏ ဝိညာဉ်ထဲသို့ ရိုက်ခတ်သွားသည်။
“မင်းတို့ရဲ့ လက်သည်းနဲ့ သွားတွေကို သွေးထား၊ တိုက်ပွဲဝိညာဉ်တွေကို နှိုးလိုက်ကြ၊ တောင်ဘက်မှာ ငါတို့ ခေါင်းဖြတ်ရမယ့် ရန်သူတွေနဲ့ သိမ်းပိုက်ရမယ့် အဖိုးတန်ရတနာတွေ ရှိနေတယ်”
“ဒီတိုက်ပွဲက စမ်းသပ်မှုဖြစ်သလို ရှင်းလင်းရေးဆိုလည်း မမှားဘူး၊ ငါ့နောက်က လိုက်ခဲ့ကြ... ချီတက်မယ်”
“အာ၀ူးးးး”
ဖိနှိပ်ထားသော တိုက်ပွဲဝင်လိုစိတ်များ မီးတောင်ပေါက်ကွဲသကဲ့သို့ ထွက်ပေါ်လာသည်။
ရန့်မြဲ့ ရှေ့ထွက်လာစဉ် သူ၏ အကြွင်းမဲ့ရေခဲဝိညာဉ်က ပတ်ဝန်းကျင်မှ အအေးဓာတ်နှင့် ပဲ့တင်ထပ်နေပြီး ရေခဲသလင်းကြေးခွံများမှ တစ္ဆေဆန်ဆန် အလင်းတန်းများ စီးဆင်းနေသည်။
ထျန်းပင်းသည် ကြမ်းတမ်းစွာ ဟိန်းဟောက်လိုက်ပြီး သူ၏ ထာ၀ရဗာဂျရာခန္ဓာမှ ရွှေရောင်အလင်းများမှာ စစ်နတ်ဘုရားတစ်ပါးပမာ တောက်ပနေလေသည်။
ယင်းဖုန်း ပေါ်မလာသော်လည်း လေထုထဲရှိ အေးစက်သော အငွေ့အသက်များက ရုတ်တရက် ထက်ရှလာလေသည်။
မဟာနှင်းအစောင့်အရှောက် ခြောက်ဦးလုံး တစ်ပြိုင်နက်တည်း ရှေ့တက်လာရာ လေးလံသော ခြေလှမ်းများကြောင့် မြေကြီးပင် တုန်ခါသွားပြီး ရွေ့လျားနေသော မဟာနှင်းတံတိုင်းကြီးသဖွယ် ဖွဲ့စည်းလိုက်သည်။
ရေပြာကြေးခွံအစောင့်အရှောက် ငါးဦးကလည်း နောက်မှကပ်လိုက်လာပြီး သူတို့၏ အကြေးခွံများမှ ပွတ်တိုက်သံများ ထွက်ပေါ်နေသည်။
ပျမ်းမျှအဆင့် ၂၂ ရှိသော ပါရမီရှင်အဆင့် နှင်းဝံပုလွေ တစ်ရာကျော်သည်လည်း ခေါင်းမော့ကာ တစ်ပြိုင်နက် အူလိုက်ကြရာ ထွက်ပေါ်လာသော အသံလှိုင်းများမှာ တိမ်တိုက်များကို ထိုးဖောက်သွားပြီး ကြယ်တာရာအကာအကွယ်ကိုပင် အနည်းငယ် တုန်ခါသွားစေသည်။
နှင်းဝံပြလွေအသိုက်ဆီမှ သံမဏိရေစီးကြောင်းကြီးသည် တောင်ဘက်ဆီသို့ တစ်ဖန် ဦးတည်ချီတက်လာပြန်လေပြီ။
လင်းထျန်းလုံက ရှေ့ဆုံးမှ ဦးဆောင်နေပြီး ရှောင်လန်နှင့် ရှောင်ယင်းတို့ကို သူ၏ ကျောပေါ်တွင် စိတ်စွမ်းအားဖြင့် သေချာ ထိန်းထားပေးသည်။
ဝံပုလွေအုပ်စုသည် အကာအကွယ်ကို ဖြတ်ကျော်ကာ ဝိညာဉ်နယ်မြေအပျက်အစီးများထဲသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားသော်လည်း တိုက်ပွဲဝင်ပုံစံကို စနစ်တကျ ထိန်းသိမ်းထားသည်။
အမဲလိုက်သမားများက ပတ်ဝန်းကျင်ကို ကင်းထောက်နေကြပြီး ပင်မတပ်ဖွဲ့က အလယ်တွင်ရှိကာ စနစ်တကျ လေ့ကျင့်ထားသော စစ်တပ်ကြီးတစ်ခုပမာ အားသွန်ခွန်စိုက် ချီတက်နေကြလေသည်။
ပစ်မှတ်နှင့် နီးကပ်လာလေ ပတ်ဝန်းကျင် အခြေအနေမှာ ပြောင်းလဲလာလေ ဖြစ်သည်။
ခြေထောက်အောက်ရှိ အေးခဲနေသော မြေပြင်မှာ မာကျောမည်းနက်လာပြီး နှင်းများ လုံးဝပျောက်ကွယ်သွားကာ ကန့်နံ့နံနေသော အနက်ရောင် ကျောက်တုံးများက အစားထိုးလာလေသည်။
လေထုထဲတွင် အအေးဓာတ်များအစား ပူပြင်းခြောက်သွေ့မှုတစ်ခု ရှိနေပြီး လေအေးနှင့် လေပူတို့ ဆုံရာတွင် လေပြင်းများတိုက်ခတ်နေကာ မြေပြင်မှ အနက်ရောင် ဖုန်မှုန့်များကို လွင့်ပျံနေစေသည်။
“ဖေဖေ အရမ်းပူတာပဲ”
ရှောင်ယင်းက သူမ၏ လက်လေးဖြင့် ယပ်ခပ်ရင်း အပူရှိန်ကြောင့် မျက်နှာလေး နီမြန်းနေရင်း ပြောလိုက်သည်။
“အင်း အနံ့ကလည်း နည်းနည်း စူးလွန်းတယ်”
ရှောင်လန်က နှာခေါင်းရှုံ့လိုက်သော်လည်း ထူးခြားလွန်းသော ပတ်ဝန်းကျင်ကို မျက်တောင်မခတ် ကြည့်နေခဲ့သည်။
“ဟို အနက်ရောင်တောင်ကြီးက ဧရာမမီးဖိုကြီးနဲ့ တူနေတယ်”
“ရှောင်ယင်း... ဒီနေရာက ဝိညာဉ်ခေတ် အကြွင်းအကျန်တွေထဲမှာ ဖော်ပြထားတဲ့ မီးလျှံနက်တောင် နဲ့ လုံးဝကို ကိုက်ညီနေတာပဲ”
“ရှောင်လန်… နင်ပြောတာ မှန်တယ်၊ မှတ်တမ်းတွေအရ နောက်ပိုင်းမှာ ဘုရင်တစ်ပါးဖြစ်လာတဲ့ လျိုယင်းက ဒီလိုမျိုး လူသူမရှိတဲ့ မြေရိုင်းထဲမှာ သူ့ကို နာမည်ကြီးလာစေတဲ့ ချော်ရည်အမြုတေကို ရခဲ့တာလေ”
“ချော်ရည်အမြုတေလား၊ မဟုတ်သေးဘူး... ငါ ခံစားနေရတဲ့ စွမ်းအင်ပုံစံက မြေကမ္ဘာအမြုတေ မီးကြာပန်းနဲ့ ပိုနီးစပ်တယ်၊ အဲဒီသန့်စင်ပြီး ကြီးမားတဲ့ မီးဓာတ်မူလစွမ်းအင်ကို မှားစရာ အကြောင်းမရှိဘူး”
“အရင်က မြေအနှစ်သာရပါတဲ့ အဝါနက်ရောင် မြေစွမ်းအင်၊ အခု မြေကမ္ဘာမီးတောက်တွေ စုစည်းနေတဲ့ မြေကမ္ဘာအမြုတေ မီးကြာပန်း... ရွှေ၊ မြေ၊ မီး... ဒီဝိညာဉ်နယ်မြေက ငါးပါးဓာတ်သံသရာရဲ့ လျှို့ဝှက်ချက် တစ်ခုခုကို မွေးမြူနေတာလား”
“ဒါက အပေါ်ယံ မြင်နေရသလို ပြိုကျတော့မယ့် အပိုင်းအစတစ်ခုထက် ပိုတာတော့ သေချာတယ်”
ဝံပုလွေအုပ်စုသည် နောက်ဆုံးတွင် ယင်းဖုန်း ဖော်ပြခဲ့သော အက်ကွဲကြောင်းအနီးသို့ ရောက်ရှိလာခဲ့သည်။
၎င်းမှာ ပေပေါင်းများစွာ မြင့်မားပြီး မူမမှန်သော အနားသတ်များရှိသည့် ဧရာမ ဟင်းလင်းပြင်အက်ကြောင်းကြီးတစ်ခု ဖြစ်ကာ ကောင်းကင်ယံကို ရုပ်ဆိုးအကျည်းတန်သော အမာရွတ်တစ်ခုပမာ ဖြတ်ပစ်ထားသကဲ့သို့ ရှိသည်။
အက်ကွဲကြောင်းအတွင်းပိုင်းမှာ အပျက်အစီးများ မဟုတ်တော့ဘဲ ကန့်ငွေ့များ၊ အနီရင့်ရောင် အလင်းတန်းများဖြင့် ပြည့်နှက်နေသည့် တည်ငြိမ်သော မီးတောင်ကမ္ဘာတစ်ခု ဖြစ်နေလေသည်။
နားကွဲမတတ် ဟိန်းဟောက်သံများ၊ ပြင်းထန်သော စွမ်းအင်တိုက်ခိုက်မှုများနှင့် ကျောက်တုံးများ ကွဲအက်သံများသည် အက်ကွဲကြောင်းအတွင်းမှ အဆက်မပြတ် ထွက်ပေါ်နေသည်။
လင်းထျန်းလုံ ရှေ့ခြေထောက်ကို မြှောက်လိုက်ရာ ဝံပုလွေအုပ်ကြီးတစ်ခုလုံး ချက်ချင်း ငြိမ်သက်သွားပြီး အဖွဲ့ဝင်တိုင်း အသက်ရှူသံကို ထိန်းကာ အက်ကွဲကြောင်းအဝကို အာရုံစိုက်လိုက်ကြသည်။
သူသည် စနစ်အချက်အလက်များကို ပြန်လည်အတည်ပြုလိုက်ပြီး စိတ်ထဲတွင် ဗျူဟာကို ချမှတ်လိုက်သည်။
“ရန့်မြဲ့၊ ထျန်းပင်း”
သူ၏အသံမှာ အေးစက်သော လေပြင်းတစ်ခုပမာ ခပ်သြသြ ထွက်ပေါ်လာသည်။
“ရန့်မြဲ့ မင်း… ဟိုရေခဲစပါးအုံးကို တိုက်ခိုက်ရမယ်၊ မင်းရဲ့ အကြွင်းမဲ့ရေခဲဝိညာဉ်နဲ့ ဝိညာဉ်အေးခဲခြင်း စွမ်းရည်တွေက သူ့ကို တန်ပြန်ဖို့ အကောင်းဆုံးပဲ”
“ထျန်းပင်း မင်းရဲ့ တာဝန်က ဟိုမီးနဂါးပဲ၊ မင်းရဲ့ ထာ၀ရဗာဂျရာခန္ဓာနဲ့ ပြောင်းပြန်အကြေးခွံက မင်းရဲ့ အသန်မာဆုံး ဒိုင်းနဲ့ လှံပဲ၊ သူ့ရဲ့ တိုက်ခိုက်မှုတွေကို မင်း ခံနိုင်ရည်ရှိအောင်လုပ်ပြီး ရန့်မြဲ့တို့အတွက် အခွင့်အရေး ဖန်တီးပေးရမယ်"
“ယင်းဖုန်း မင်းကတော့ အခြေအနေကြည့်ပြီး ကူညီပေး၊ အခွင့်သာရင် အသေသတ် တိုက်ကွက်ကိုထုတ်ပြီး မီးနဂါးရဲ့ လှုပ်ရှားမှုတွေကို နှောင့်ယှက်ပေး”
“မဟာနှင်းအစောင့်အရှောက်တွေက နှင်းခဲအကာအကွယ် စွမ်းရည်ကို သုံးပြီး ပင်မတပ်ဖွဲ့ရဲ့ ဘေးဘက်ကို ကာကွယ်ပေးရမယ်၊ စွမ်းအင်ရိုက်ခတ်မှုတွေကို ခံယူပေး”
“ရေပြာကြေးခွံအစောင့်အရှောက်တွေက မဟာနှင်းအစောင့်အရှောက်တွေနောက်က လိုက်ပြီး လိုအပ်တဲ့နေရာမှာ ၀င်ကူညီပေး"
“တိုက်ပွဲကို နှောင့်ယှက်မယ့် ဘယ်လိုအရာကိုမဆိုတားဆီးထား၊ ကျန်တဲ့ ဝံပုလွေအုပ်စုကတော့ အနားမှာ ဝိုင်းထားပြီး ဘယ်သူ့မှ ထွက်မပြေးစေနဲ့”
ညွှန်ကြားချက်တိုင်းကို အဖွဲ့၀င်တိုင်း၏ အသိစိတ်ထဲသို့ တိကျစွာ ပို့ဆောင်လိုက်သည်။ အဖွဲ့၀င်များထံတွင် မည်သည့် တုံ့ဆိုင်းမှု၊ မေးခွန်းထုတ်မှုမျှ မရှိဘဲ နာခံမှုအပြည့်နှင့် တောက်လောင်နေသော တိုက်ပွဲဝင်လိုစိတ်များသာ ရှိတော့သည်။
***