“အာဝူး (နားလည်ပါပြီ)”
ရန့်မြဲ့က သူ၏ ရေခဲအငွေ့အသက်များကို အစွမ်းကုန် စုစည်းရင်း အူသံပေးလိုက်သည်။
“ကျွန်တော့်ကိုသာလွှဲထားလိုက်”
ထျန်းပင်းက သူ၏ နှင်းဝံပုလွေသွားဖြူဖြူကြီးများကို ဖြဲပြကာ ပြုံးလိုက်ပြီး သူ၏ ကိုယ်ပေါ်မှ အကြေးခွံများပေါ်တွင် ရွှေရောင်ရင့်ရင့် အလင်းများ စီးဆင်းလာသည်။
အရိပ်များထဲမှ တိုးလျလျ အသံတစ်ချက် ထွက်လာလေသည်။ ထိုသည်မှာ ယင်းဖုန်း နေရာယူပြီးပြီဖြစ်ကြောင်း အချက်ပေးခြင်းပင်။
မဟာနှင်းအစောင့်အရှောက်များက ခြေထောက်များကို တစ်ပြိုင်နက် သံပြိုင်နင်းလိုက်ကြရာ ထူထဲသော ရေခဲပြာရောင် အလင်းများက တစ်ခုတည်းအဖြစ် ဆက်သွယ်သွားပြီး နှင်းခဲတံတိုင်းကြီးပမာ မြင့်တက်လာသည်။
ရေပြာကြေးခွံအစောင့်အရှောက်များ၏ ကြေးခွံများကလည်း တောက်ပလာပြီး တံတိုင်း၏ အဓိကနေရာများကို နေရာယူလိုက်ကြသည်။
ရှောင်ယင်းက လင်းထျန်းလုံကျောပေါ်ရှိ အမွေးရှည်များကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ရင်း တိုးတိုးလေး ပြောလိုက်သည်။
“ဖေဖေ သေချာပေါက် နိုင်ရမယ်နော်...”
ရှောင်လန်ကလည်း လက်သီးလေးကို မသိမသာ ဆုပ်ထားရင်း နှုတ်ခမ်းလေးကို တင်းတင်းစေ့ကာ ထွက်ခွာတော့မယ့် ဝံပုလွေဦးဦးများကို စိုက်ကြည့်နေသည်။
“ရှောင်ယင်း၊ စတော့မယ်...”
“ရှောင်လန်၊ ငါ ဝံပုလွေဦးဦးတွေကို ယုံကြည်တယ်... ပြီးတော့ ဝံပုလွေဖေဖေရဲ့ အစီစဉ်ကိုလည်း ယုံကြည်တယ်”
ထျန်းပင်းနှင့် ရန့်မြဲ့တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီး ပင်မတပ်ဖွဲ့ကို ဦးဆောင်ကာ အက်ကွဲကြောင်းအတွင်းရှိ စစ်မြေပြင်သို့ ဓားသွားနှစ်စင်းပမာ ဝင်ရောက်ရန် ပြင်ဆင်နေစဉ်မှာပင်-
“ဂါးး”
“ဝေါင်းးး”
နာကျင်မှု၊ ဒေါသနှင့် မျှော်လင့်ချက်ကင်းမဲ့မှုတို့ ရောနှောနေသော တုန်လှုပ်ဖွယ် နဂါးဟိန်းသံကြီးနှစ်သံနှင့်အတူ ဧရာမ ဟင်းလင်းပြင်အက်ကြောင်းကြီးက အတွင်းဘက်မှ ရုတ်တရက် ဖောင်းကြွလာလေသည်။
နောက်တစ်ခဏတွင် ရေခဲပြာရောင်နှင့် အနီရင့်ရောင် ဧရာမ ပုံရိပ်ကြီးနှစ်ခုသည် ကြယ်ပျံနှစ်စင်းပမာ အက်ကွဲကြောင်းထဲမှ အရှိန်အဟုန်ဖြင့် လွင့်ထွက်လာသည်။
ထိုပုံရိပ်နှစ်ခုသည် ကျောက်ဆောင်များကို ၀င်တိုက်သွားပြီး တစ်ကောင်နှင့်တစ်ကောင် လိမ်ယှက်ကိုက်ခဲကာ ဝံပုလွေအုပ်၏ အရှေ့ ပေ ၃၀၀၀ ကျော်အကွာရှိ အနက်ရောင် ကျောက်မြေရိုင်းပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာသည်။
မြေကြီးမှာ ပြင်းထန်စွာ တုန်ခါသွားသည်။ ဖုန်မှုန့်များ၊ ရေခဲမှုန်များနှင့် မီးပွားများ ကောင်းကင်သို့ လွင့်ပျံသွားသည်။
ရေခဲနဂါးစပါးအုံးသည် ကြေးနီမြေအောက်မီးနဂါး၏ ကိုယ်ကို တင်းတင်းကြပ်ကြပ်ရစ်ပတ်ထားပြီး မျက်လုံးထဲတွင် ရူးသွပ်မှုနှင့် နာကျင်မှု အရိပ်အယောင်များ လင်းလက်နေကာ ရေခဲဆူးများပါသော အမြီးကြီးဖြင့် မြေကြီးကို ရိုက်ခတ်လိုက်ရာ ရေခဲပြင်တွင် ကျင်းကြီးများ ဖြစ်ပေါ်လာသည်။
ကြေးနီမြေအောက်မီးနဂါးကလည်း ရေခဲနဂါးစပါးအုံး၏ လည်ပင်းကို ဧရာမမေးရိုးကြီးများဖြင့် ခိုင်မြဲစွာ ခဲထားသည်။
ပူလောင်သော နဂါးသွေးများနှင့် အေးစက်သော နဂါးသွေးများ ရောနှောကာ ရေတံခွန်ပမာ စီးကျလာပြီး တရှဲရှဲ တိုက်စားသံများ ထွက်ပေါ်နေသည်။
ကြေးနီမြေအောက်မီးနဂါးသည် သူ၏ သန်မာလှသော နောက်ခြေထောက်များဖြင့် ရူးသွပ်စွာ ကန်ကျောက်နေပြီး လက်သည်းများက ရေခဲနဂါးစပါးအုံး၏ ရေခဲသလင်းကြေးခွံများကို ကုတ်ခြစ်လိုက်ရာ နားမခံသာသော အသံများနှင့်အတူ မီးပွားများ တဖျတ်ဖျတ် ထွက်ပေါ်လာသည်။
သူတို့သည် အမှန်တကယ် ဒေါသအထွတ်အထိပ်အထိ ရောက်နေကြပြီဖြစ်ကာ ဒဏ်ရာများမှာ ယင်းဖုန်း ဖော်ပြခဲ့သည်ထက် ပိုမိုပြင်းထန်နေပြီး အဆက်မပြတ် တိုက်ခိုက်နေရသဖြင့် စွမ်းအင်လှိုင်းများလည်း သိသိသာသာ အားနည်းလာနေသည်။
သို့သော် ပထမ ဘုရင်အဆင့် သက်ရှိများ၏ အသက်စွမ်းအားနှင့် ဖိအားက သာမန်ဝံပုလွေများကို ကြောက်ရွံ့ထိတ်လန့်စေဆဲပင်။
“အချိန်ပဲကောင်း”
လင်းထျန်းလုံ၏ ငွေပြာဘုရင်မျက်၀န်းထဲတွင် အေးစက်ထက်မြက်သော အလင်းတစ်ချက် လျှပ်တစ်ပြတ် ပေါ်လာသည်။
“အခုပဲ”
“သတ်ကြ”
သူ၏ အမိန့်မှာ နောက်ဆုံးစီရင်ချက်ပမာ ထွက်ပေါ်လာသည်နှင့် ပြီးပြည့်စုံသော စစ်ယန္တရားကြီးဖြစ်သည့် ဝံပုလွေအုပ်စုကြီးမှာ ဟိန်းဟောက်ရင်း လှုပ်ရှားလာတော့သည်။
နောက်ကွယ်မှ စောင့်ကြည့်နေသော ဝံပုလွေအုပ်စုကြီးသည် သူတို့၏ လက်သည်းများကို နောက်ဆုံးတွင် ထုတ်ဖော်လိုက်ပြီ ဖြစ်သည်။
ဟင်းလင်းပြင်အက်ကြောင်းပြင်ပ၊ မီးလောင်ကျွမ်းထားသော မြေရိုင်းမျက်နှာပြင်အထက်ရှိ ပူပြင်းပိတ်လှောင်နေသော လေထုထဲတွင် ကန့်နံ့နှင့် ရေခဲမှုန်များ ရောနှောနေသော အနံ့တစ်ခုက လွင့်ပျံနေသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ရေခဲနဂါးစပါးအုံး နှင့် ကြေးနီမြေအောက်မီးနဂါးတို့သည် သူသေကိုယ်သေ တိုက်ပွဲဝင်နေကြလေသည်။
ရှည်လျားသော ရေခဲသလင်းအမြီးကြီးက မီးနဂါးဝမ်းဗိုက်ပေါ်ရှိ စုတ်ပြဲနေသော ဒဏ်ရာများကို တင်းကျပ်စွာ ရစ်ပတ်ထားပြီး မီးနဂါး၏ ထက်မြက်သော သွားများကလည်း ရေခဲနဂါးစပါးအုံးလည်ပင်းရှိ ရေခဲချပ်ဝတ်ထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်နေသည်။
နဂါးသွေးများ ပန်းထွက်နေပြီး ဟိန်းဟောက်သံများက ကောင်းကင်ယံကို တုန်လှုပ်စေသည်။ ပထမ ဘုရင်အဆင့် ဖိအားကြောင့် မိုင်ပေါင်းများစွာ ပတ်လည်ရှိ ကျောက်ဆောင်များပင် အနည်းငယ် တုန်ခါနေသည်။
လင်းထျန်းလုံ၏ အမိန့်ပေးသံက ရေခဲဓားတစ်လက်ပမာ နှင်းဝံပုလွေတိုင်း၏ အသိစိတ်ကို ပွတ်တိုက်သွားသည်။
ရွှေရောင်ရင့်ရင့် ပုံရိပ်တစ်ခုက လေထုကို စတင်ခွင်းထွက်သွားသည်။
ထျန်းပင်းသည် မီးလောင်နေသော ကြယ်ပျံတစ်စင်းပမာ ထာ၀ရဗာဂျရာခန္ဓာ၏ ရွှေရောင်ရင့်ရင့် အလင်းများ စီးဆင်းနေလျက် မတားဆီးနိုင်သော အရှိန်အဟုန်ဖြင့် ကြေးနီမြေအောက်မီးနဂါး၏ ဘေးဘက်သို့ တိုက်ရိုက်ဝင်တိုက်လိုက်သည်။
ဘုန်း…
မမျှော်လင့်ထားသော ပြင်းထန်သည့် တိုက်ခိုက်မှုကြောင့် မီးနဂါးမှာ ယိမ်းယိုင်သွားပြီး ကိုက်ထားသော မေးရိုးများ အနည်းငယ် လျော့ရဲသွားကာ ဒဏ်ရာမှ ချော်ရည်ကဲ့သို့ သွေးများ ပေါက်ထွက်လာခဲ့သည်။
တစ်ပြိုင်နက်တည်းမှာပင် နှင်းခဲခံတပ်ကြီးများပမာ ရပ်နေသော မဟာနှင်းအစောင့်အရှောက်ခြောက်ဦးသည် ရှေ့သို့တက်ကာ နေရာယူလိုက်ကြသည်။
သူတို့၏ နှင်းခဲအကာအကွယ် အလင်းရောင်များမှာ တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားပြီး အအေးလှိုင်းတစ်ခုက ဝံပုလွေအုပ်ရှေ့တွင် ရေခဲတံတိုင်းတစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားကာ နဂါးနှစ်ကောင် တိုက်ပွဲထံမှ စွမ်းအင်ရိုက်ခတ်မှုအားလုံးကို ပိတ်ဆို့လိုက်သည်။
ရေခဲတံတိုင်းမျက်နှာပြင်ပေါ်တွင် ဂမ္ဘီရစာလုံးများ စီးဆင်းနေပြီး ယုံကြည်စိတ်ချရသော ခိုင်မာလွန်းသည့်အငွေ့အသက်ကို ထုတ်လွှတ်နေသည်။
“ရန့်မြဲ့ သူ့နဲ့ မျက်နှာချင်းဆိုင်မှာ ပိတ်ထားလိုက်”
“ယင်းဖုန်း သူဆုတ်မဲ့လမ်းကို ဖြတ်တားထား”
ရန့်မြဲ့၏ ရေခဲပြာရောင်ပုံရိပ်သည် တစ္ဆေတစ်ကောင်ပမာ ရေခဲနဂါးစပါးအုံး၏ ဘယ်ဘက်သို့ ရောက်ရှိနေပြီဖြစ်သည်။
အကြွင်းမဲ့ရေခဲဝိညာဉ်ကို အစွမ်းကုန်အသုံးပြုလိုက်ရာ သူ၏လက်သည်းများကြားတွင် လည်ပတ်နေသော ဖြူဖျော့ဖျော့ ရေခဲမီးတောက်တစ်ခု ထွက်ပေါ်လာကာ နဂါးစပါးအုံး၏ မျက်လုံးတစ်လုံးဆီသို့ တိုက်ရိုက်ဝင်ရောက်သွားသည်။
ထိုရေခဲမီးတောက် ဖြတ်သွားရာနေရာတိုင်းတွင် လေထုသည် အစစ်အမှန်အရာဝတ္ထုတစ်ခုပမာ အေးခဲသွားပုံရသည်။
ထိုအချိန်တွင် ယင်းဖုန်းက နဂါးစပါးအုန်း၏ အနောက်ဘက်သို့ ရောက်ရှိနေပြီဖြစ်သည်။
တစ္ဆေရေခဲအရိပ်ထွက်ပြေးခြင်းက သူ့ကို အရိပ်များနှင့် လေစီးကြောင်းများကြားတွင် အလွန်မြန်ဆန်စေပြီး သူဖြတ်သွားရာနေရာတိုင်းတွင် အသံတိတ် ရေခဲခြေရာများ ကျန်ရစ်ခဲ့သည်။
ပင်ကိုစွမ်းရည် ရေခဲခြေရာသည် စစ်မြေပြင်ပေါ်တွင် မမြင်ရသော ရေခဲပိုက်ကွန်ကြီးတစ်ခု ဖြန့်ကျက်ထားသကဲ့သို့ တိတ်တဆိတ် နေရာယူပြီးပြီဖြစ်သည်။
ရေခဲနဂါးစပါးအုံးသည် ဒေါသထွက်သွားပြီး သူ၏ မျက်လုံးတစ်လုံးတည်းတွင် အထိတ်တလန့်နှင့် သံသယအရိပ်အယောင်တစ်ခု လျှပ်တစ်ပြတ် ပေါ်လာသည်။
‘ရုတ်တရက်ပေါ်လာတဲ့ နှင်းဝံပုလွေအုပ်စုက... ဒီဘုရင်ကြီးရဲ့ တိုက်ပွဲကို ဝင်ရောက်စွက်ဖက်ရဲတယ်ပေါ့လေ'
သူ ခေါင်းရမ်းလိုက်ကာ ရန့်မြဲ့ကို နောက်ဆုတ်သွားစေရန် ကြိုးစားလိုက်သော်လည်း သူ၏ အတွေးများ ရုတ်တရက် ရပ်တန့်သွားသည်ကို ခံစားလိုက်ရသည်။
ဝိညာဉ်အေးခဲခြင်း အသက်ဝင်လေပြီ။
သူ၏ ဝိညာဉ်အနက်ရှိုင်းဆုံးနေရာအထိ ထိုးဖောက်ဝင်ရောက်လာသော အအေးဓာတ်ကြောင့် သူ၏ လှုပ်ရှားမှုများ တစ်ချက်စက္ကန့်ခန့် နှေးကွေးသွားပြီး သူ ထုတ်လွှတ်တော့မည့် အကြွင်းမဲ့ရေခဲတိုက်ကွက်မှာလည်း လည်ချောင်းထဲတွင်ပင် အေးခဲသွားသည်။
ဤ နှေးကွေးသွားသော အချိန်တိုလေးအတွင်းမှာပင်။
ရွှစ်။
ယင်းဖုန်း၏ လက်သည်းချက်က နဂါးစပါးအုံး၏ အမြီးကို ဖြတ်တောက်သွားပြီး ရေခဲသလင်း အစအနများပါ စင်ထွက်သွားသည်။
တစ္ဆေရေခဲအရိပ်ထွက်ပြေးခြင်း စွမ်းရည်မှ သူ့အား ပေးစွမ်းထားသော အလွန်လျင်မြန်သော အမြန်နှုန်းသည် ဤအခိုက်အတန့်တွင် အပြည့်အဝ ပေါ်လွင်နေလေသည်။
ကြေးနီမြေအောက်မီးနဂါးသည်လည်း သတိပြုမိသွားကာ ဟိန်းဟောက်လိုက်ပြီး နဂါးအသက်ရှုငွေ့ကို ထုတ်လွှတ်ရန် ပြင်ဆင်လိုက်သော်လည်း ထျန်းပင်း၏ နောက်ထပ် ပြင်းထန်သော လက်သည်းချက်တစ်ခုက မေးရိုးအောက်ကို တိုက်ရိုက်ထိသွားသည်။
ပြောင်းပြန်ကြေးခွံ၏ အမည်းရောင်အလင်းများ တလက်လက်တောက်ပသွားပြီး တန်ပြန်ရိုက်ခတ်မှု စွမ်းအားကြောင့် မီးနဂါးမှာ နာကျင်စွာ အော်လိုက်ရသည်။
နဂါးနှစ်ကောင်မှာ ဤပုရွက်ဆိတ်များက သူတို့၏ အသက်အား လာရိတ်သိမ်းသည် ဆိုသည်ကို နောက်ဆုံးတော့ နားလည်သွားကြသည်။
အရှက်ရမှုနှင့် ဒေါသတို့က မီးတောင်တစ်ခုပမာ ပေါက်ကွဲထွက်လာသည်။
“ဂါးးး၊ ဝေါင်းးး”
ရေခဲနဂါးစပါးအုံး၏ မျက်လုံးတစ်လုံးတည်းမှာ လုံးဝ သွေးနီရောင်ပြောင်းသွားပြီး ကိုယ်ပေါ်ရှိ ရေခဲသလင်းကြေးခွံများ တစ်လွှာပြီးတစ်လွှာ ထောင်မတ်လာကာ ပတ်၀န်းကျင်ရှိ လေနှင့် နှင်းများ ရုတ်တရက် ပြင်းထန်လာသည်။
သူ ဆက်လက် မထိန်းချုပ်ထားတော့ဘဲ သူ၏အသက်စွမ်းအင်ကို လောင်ကျွမ်းကာ အစွန်းရောက်ယင်နဂါးဝိညာဉ်၏ စွမ်းအားကို အမြင့်ဆုံးအထိ တွန်းပို့လိုက်သည်။
ကြေးနီမြေအောက်မီးနဂါးရလည်း ခေါင်းမော့ကာ စူးရှစွာ အော်ဟစ်လိုက်သည်။ မီးတောင်အနက်ပိုင်းမှ ဟိန်းဟောက်သံတစ်ခု ပဲ့တင်ထပ်လာပြီး မြေအောက်ချော်ရည်များက သူ၏ အော်သံကို တုံ့ပြန်လာသည်။
ချော်ရည်နှလုံးသားက ပြင်းထန်စွာ ခုန်လာပြီး မြေအောက်မီးစွမ်းအားများကို ဆွဲယူကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ပြည့်နှက်သွားစေသည်။
ရေခဲအမှုန်များ ပါဝင်သော လေအေးများ တိုက်ခတ်လာပြီး အပူချိန်မှာလည်း ချက်ချင်း ကျဆင်းသွားသည်။
နဂါးနှစ်ကောင်လုံး လုံး၀ ဒေါသထွက်သွားကြပြီး သူတို့၏ မူလစွမ်းအင်ကို တစ်ပြိုင်နက်တည်း လောင်ကျွမ်းကာ အသန်မာဆုံးစွမ်းအားများကို ထုတ်လွှတ်လိုက်ကြသည်။
ရေခဲနဂါးစပါးအုံး၏ ခန္ဓာကိုယ်မှ တောက်ပသော ရေပြာရောင်အလင်းများ ပေါက်ကွဲထွက်လာပြီး အစွန်းရောက်ယင်နဂါးဝိညာဉ်၏ စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်ပေးလိုက်သည်။
နှင်းမုန်တိုင်းများသဖွယ် ပြင်းထန်သည့် လေအေးများက ဧရာမလေဝဲကြီးတစ်ခုကို ဖန်တီးလိုက်ပြီး သူ၏ ပေ ၁၃၀ ကျော်ရှည်သော ခန္ဓာကိုယ်ကြီးကို လုံးဝ ဖုံးလွှမ်းသွားသည်။
လေထုထဲရှိ မော်လီကျူးများမှာ ချက်ချင်းပင် ရေတွက်မရသော ရေခဲသလင်းများအဖြစ် ပြောင်းလဲသွားပြီး နဂါးစပါးအုန်း ပတ်လည်တွင် လည်ပတ်ကခုန်ကာ အချင်း ပေ ၃၀၀ နီးပါးရှိသော အကြွင်းမဲ့ရေခဲ နယ်မြေတစ်ခုကို ဖွဲ့စည်းလိုက်လေသည်။
“သတိထား”
လင်းထျန်းလုံသည် စိတ်ထိန်းချုပ်ခြင်းစွမ်းအားဖြင့် ရှောင်လန်နှင့် ရှောင်ယင်းတို့ကို သူ၏အနောက်သို့ ညင်သာစွာ ဆွဲယူလိုက်ပြီး ငွေပြာဘုရင်မျက်၀န်းများက အနည်းငယ် တောက်ပနေကာ စစ်မြေပြင်ပေါ်ရှိ စွမ်းအင်စီးဆင်းမှုများကို တိကျစွာ ခွဲခြမ်းစိတ်ဖြာနေသည်။
***