“ဝေါင်းးး”
ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံကြီးသည် ရေခဲလေပွေကြီးကို ထိုးဖောက်ကာ ထွက်ပေါ်လာပြီး ရေခဲနဂါးစပါးအုံးသည် အကြွင်းမဲ့ရေခဲနယ်မြေအတွင်း ရုပ်ပိုင်းဆိုင်ရာ အသွင်ပြောင်းလဲမှုတစ်ခုကို စတင်လိုက်သည်။
မူလကပင် ကြီးမားနေသော ခန္ဓာကိုယ်ကြီးမှာ နောက်တစ်ကြိမ် ထပ်မံကြီးထွားလာပြီး ရေခဲသလင်းကြေးခွံများမှာ ပိုမိုထူထဲကာ ထက်ရှလာသည်။
သူ၏ မျက်လုံးတစ်လုံးတည်းမှ ရင်တုန်ဖွယ်ကောင်းသော အေးစက်စက် အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာပြီး ခေါင်းပေါ်ရှိ ဦးချိုမှာလည်း အကိုင်းအခက်များနှင့်အတူ ရှည်ထွက်လာကာ ရေခဲသလင်း သရဖူတစ်ခုနှင့်ပင် တူနေသေးသည်။
[မျိုးနွယ်] - ရေခဲပင်မနဂါးစပါးအုန်း (မူလစွမ်းအင်ထုတ်လွှတ်ထားသောအခြေအနေ)
[အဆင့်] - ၃၈ (ပထမ ဘုရင်အဆင့် အဆင့်မြင့်)
[ပင်ကိုစွမ်းရည်များ] - အစွန်းရောက်ယင်နဂါးဝိညာဉ် (ရွှေရောင် အဆင့်မြင့်)၊ လျှို့ဝှက်ရေခဲကြေးခွံချပ်ဝတ် (ရွှေရောင် အဆင့်မြင့်)
[စွမ်းရည်လက္ခဏာရပ်များ] - အကြွင်းမဲ့ရေခဲတိုက်ကွက် (ရွှေရောင် အဆင့်မြင့်)၊ ရေခဲဆုတ်ဖြဲလက်သည်း (ခရမ်းရောင် အဆင့်မြင့်)
တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်တွင် -
“ဝေါင်းးးး”
ကြေးနီမြေအောက်မီးနဂါးက လည်ပင်းကို ဆန့်ကာ အူသံရှည်ကြီး ပေးလိုက်သည်။
အနက်ရောင် မီးတောင်ကြီး ပြင်းထန်စွာ တုန်ခါသွားပြီး မီးတောင်ဝမှ အနီရင့်ရောင် ချော်ရည်များ ပေါက်ကွဲထွက်လာသည်။
ချော်ရည်နှလုံးသားက မြေအောက်ချော်ရည်ကြောများနှင့် ပဲ့တင်ထပ်သွားပြီး တောင်ပေါ်မှ ချော်ရည်များက သွေးကြောများပမာ စီးဆင်းလာကာ မီးနဂါးပတ်လည်တွင် ချော်ရည်ချပ်ဝတ်တန်ဆာတစ်ခု ဖန်တီးလိုက်သည်။
နဖူးပေါ်ရှိ အနီရောင်ဦးချိုမှ ကောင်းကင်တစ်ခုလုံး ပြည့်သွားစေနိုင်သော မီးတောက်များ ပေါက်ကွဲထွက်လာပြီး သူ၏ ကြေးခွံများမှာ ရွှေရောင်အဖြစ် ပြောင်းလဲသွားကာ ကျောပေါ်ရှိ ဆူးများမှာလည်း ပေါက်ကွဲနေသော မီးတောင်တစ်ခုပမာ လင်းလက်တောက်ပနေလေသည်။
[မျိုးနွယ်] - ကြေးနီမြေအောက်မီးနဂါး (မြေအောက်မီးပဲ့တင်ထပ်ခြင်း အခြေအနေ)
[အဆင့်] - ၃၇ (ပထမ ဘုရင်အဆင့် အဆင့်မြင့်)
[ပင်ကိုစွမ်းရည်များ] - ချော်ရည်နှလုံးသား (ရွှေရောင် အဆင့်မြင့်)၊ နဂါးအရှိန်အဝါ ခြောက်လှန့်ခြင်း (ခရမ်းရောင် အဆင့်မြင့်)
[စွမ်းရည်လက္ခဏာရပ်များ] - မြေအောက်မီးလျှံပေါက်ကွဲခြင်း (ရွှေရောင် အဆင့်မြင့်)၊ တောက်လောင်နဂါးအသက်ရှူသံ (ခရမ်းရောင် အဆင့်မြင့်)
“ဖေဖေ...”
ရှောင်ယင်းက လင်းထျန်းလုံ၏ အမွေးများကို မသိမသာ ဆုပ်ကိုင်လိုက်ပြီး တလက်လက်ဖြစ်နေသော အရိပ်များအောက်တွင် သူမ၏ မျက်နှာလေးမှာ အနည်းငယ် ဖြူရော်နေခဲ့သည်။
“သူတို့က အရမ်း ကြောက်စရာကောင်းသွားပြီပဲ”
မွန်းကျပ်ဖွယ်ကောင်းသော ဖိအားကို ခံစားရင်း ရှောင်လန်၏ မျက်၀န်းများ အနည်းငယ် ကျဉ်းမြောင်းသွားလေသည်။
“သူတို့ရဲ့ အငွေ့အသက်တွေက... အများကြီးတိုးလာတယ်၊ ဒါ ပထမ ဘုရင်အဆင့် အဆင့်မြင့် မိစ္ဆာသားရဲတွေရဲ့ အစစ်အမှန် စွမ်းအားလား”
“ရှောင်ယင်း၊ ဒါ သူတို့ရဲ့ မူလစွမ်းအင်ကို လောင်ကျွမ်းပြီးနောက် ဖြစ်လာတဲ့ အစစ်အမှန်ပုံစံပဲ” ယခင်ဘဝက ပထမ ဘုရင်အဆင့် မိစ္ဆာသားရဲများ၏ သေခါနီးရုန်းကန်မှု မှတ်တမ်းများ စိတ်ထဲတွင် ပေါ်လာရင်း ရှောင်လန် တွေးလိုက်သည်။
“ဒါပေမယ့် ဒီအခြေအနေက ကြာကြာခံမှာ မဟုတ်ဘူး”
“ရှောင်လန်၊ ဦးလေးထျန်းပင်းတို့တော့ ခက်ခက်ခဲခဲ တိုက်ရတော့မယ့်ပုံပဲ” ရှောင်ယင်းက စစ်မြေပြင်ပေါ်ရှိ ရွှေရောင်ရင့်ရင့် ပုံရိပ်ကို တင်းကြပ်စွာ စိုက်ကြည့်ရင်း ပြန်ပြောလိုက်သည်။ “ဒါပေမယ့် ဦးလေးထျန်းပင်းတို့ကလည်း... အများကြီး ပိုစွမ်းလာပြီပဲလေ”
သို့သော် လင်းထျန်းလုံ၏ ငွေပြာဘုရင်မျက်၀န်းများမှာမူ အေးစက်နေဆဲပင်။
မူလအစွမ်းအင်ထုတ်လွှတ်ခြင်းလော၊ မြေအောက်မီးလျှံ ပဲ့တင်ထပ်ခြင်းလော၊ ၎င်းတို့သည် အင်အားကုန်ခမ်းနေသော သတ္တဝါတစ်ကောင်၏ နောက်ဆုံး ပေါက်ကွဲမှုမျှသာ ဖြစ်သည်။
“ထျန်းပင်း၊ ရန့်မြဲ့၊ ယင်းဖုန်း မူလအစီအစဉ်အတိုင်းလုပ်ပြီး စစ်မြေပြင်ကို ခွဲလိုက်”
“အာဝူး (နားလည်ပါပြီ)”
ရွှေရောင်ရင့်ရင့် ပုံရိပ်၊ ရေခဲပြာရောင် ပုံရိပ်နှင့် ရေခဲအရိပ်၊ ပုံရိပ်သုံးခုသည် လေးမှလွတ်ထွက်သွားသော မြားများပမာ နဂါးနှစ်ကောင်ဆီသို့ ခုန်ဝင်သွားကြသည်။
ရေပြာကြေးခွံအစောင့်အရှောက်များနှင့် မဟာနှင်းအစောင့်အရှောက်များလည်း တစ်ပြိုင်နက် ရှေ့တက်လာပြီး သူတို့၏ နှင်းခဲခံတပ်ကြီးများက ပိုမိုသိပ်သည်းလာကာ ရှေ့သို့ တိုး၀င်သွားသည်။
ပါရမီရှင်အဆင့် နှင်းဝံပုလွေ တစ်ရာကျော်သည် ဒီရေပမာပြန့်ကျဲသွားပြီး ပြီးပြည့်စုံသော ဝိုင်းရံပိတ်ဆို့မှု ပုံစံကို ဖန်တီးလိုက်သည်။
တိုက်ပွဲသည် ချက်ချင်းပင် အပြင်းထန်ဆုံး အခြေအနေသို့ ရောက်ရှိသွားတော့သည်။
ထျန်းပင်းက မီးနဂါးနှင့် ပထမဆုံး ဝင်တိုက်လိုက်ရာ သူ၏ ရွှေရောင်ရင့်ရင့် လက်သည်းများက ချော်ရည်ချပ်ဝတ်နှင့် ပွတ်တိုက်မိသွားပြီး မျက်စိကျိန်းမတတ် မီးပွားများ ထွက်ပေါ်လာသည်။
သူ၏ ထာ၀ရဗာဂျရာခန္ဓာကို အစွမ်းကုန်အသုံးပြုကာ မီးနဂါး၏ ဒေါသတကြီး တိုက်ခိုက်မှုကို အတင်းအကျပ် ခံယူလိုက်သည်။
ဘန်း။
ထျန်းပင်း ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားရပြီး ရှေ့လက်သည်းများ အနည်းငယ် ထုံကျဉ်သွားသော်လည်း သူ၏ မျက်လုံးထဲမှ တိုက်ပွဲဝင်လိုစိတ်များမှာမူ ပိုမိုပြင်းထန်လာခဲ့သည်။
“ကောင်းတယ်ဟေ့၊ မင်းရဲ့ ခွန်အားက တကယ်ပဲ အတော်လေး တိုးလာတာပဲ”
ထိုအချိန်တွင် ရန့်မြဲ့မှာ ရေခဲပြာရောင် လျှပ်စီးကြောင်းတစ်ခုပမာ ရေခဲဂါးစပါးအုံး၏ ပတ်လည်တွင် လှည့်ပတ်သွားလာနေသည်။
အကြွင်းမဲ့ရေခဲဝိညာဉ်က ဝိညာဉ်ကိုပင် အေးခဲစေသော အအေးဓာတ်များကို အဆက်မပြတ် ထုတ်လွှတ်ကာ နဂါးစပါးအုံး၏ အတွေးများကို နှောင့်ယှက်နေပြီး ဝိညာဉ်အေးခဲခြင်းလက္ခဏာကြောင့် နဂါးကြီး၏ တိုက်ခိုက်မှုတိုင်းက စက္ကန့်ဝက်ခန့် နှေးကွေးနေသည်။
ရွှစ်၊
အကြွင်းမဲ့ရေခဲတိုက်ကွက် တစ်ခုက ရန့်မြဲ့၏ ဘေးမှ ဖြတ်သွားပြီး သူ၏အနောက်ရှိ ကျောက်ဆောင်တစ်စိတ်တစ်ပိုင်းကို ချက်ချင်း အေးခဲသွားစေသည်။
ရန့်မြဲ့၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတစ်ချက် တောက်ပသွားပြီး နဂါးစပါးအုံး အသက်ရှူပြီးနောက် တောင့်တင်းသွားသည့် အချိန်တိုလေးကို အမိအရဖမ်းကာ ဖြူဖျော့ဖျော့ ရေခဲမီးတောက်များ ပါဝင်သော လက်သည်းများဖြင့် လည်ပင်းရှိ ဒဏ်ရာဟောင်းကို ရက်စက်စွာ ဆွဲဆုတ်လိုက်သည်။
ယင်းဖုန်း၏ ပုံရိပ်က စစ်မြေပြင်တစ်ခုလုံးတွင် မှန်းဆမရအောင် ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေလေသည်။
တစ္ဆေရေခဲအရိပ်ထွက်ပြေးခြင်းက သူ့ကို အရိပ်များနှင့် လေအေးစီးကြောင်းများကြားတွင် လွတ်လပ်စွာ ဖြတ်သန်းနိုင်ရန် ထောက်ပံ့ပေးထားပြီး သူပေါ်လာတိုင်း နဂါးနှစ်ကောင်၏ကိုယ်ပေါ်တွင် ဒဏ်ရာအသစ်များ ချန်ထားရစ်ခဲ့သည်။
သူချထားခဲ့သော ရေခဲခြေရာများမှာ စတင်အသက်ဝင်လာပြီး ရေခဲနဂါးစပါးအုံး၏ လှုပ်ရှားမှုများမှာ စေးပျစ်သောရေခဲရွှံ့များကြားတွင် ရုန်းကန်နေရသကဲ့သို့ သိသိသာသာ နှေးကွေးလာသည်။
“မဟာနှင်းအစောင့်အရှောက်တွေ ရှေ့တက်” ပြင်းထန်သော တိုက်ပွဲကြားတွင်ပင် ထျန်းပင်းက အမိန့်ပေးရန် မမေ့လျော့နေခဲ့ချေ။ “ရေပြာကြေးခွံအစောင့်အရှောက်တွေ ဘယ်ဘက်ကို ပိတ်ထား”
နှင်းခဲခံတပ်ကြီးခြောက်ခုသည် တစ်ပြိုင်နက် ရှေ့တက်လာပြီး သူတို့၏ နှင်းခဲအကာအကွယ်မှ အလင်းများ တောက်ပလာကာ အအေးလှိုင်းများက အစစ်အမှန် တံတိုင်းတစ်ခုပမာ ရှေ့တွင်စုစည်းလာသည်။
ရေပြာကြေးခွံအစောင့်အရှောက် ငါးဦးကလည်း နောက်မှကပ်လိုက်လာပြီး သူတို့၏ လျှို့ဝှက်ရေခဲကြေးခွံချပ်ဝတ်များပေါ်တွင် အေးစက်သော အလင်းများ စီးဆင်းနေကာ မဟာနှင်းအစောင့်အရှောက်များ၏ ထိုးစစ်နှင့် ပူးပေါင်း၍ စစ်မြေပြင်ကို တဖြည်းဖြည်း ခွဲထုတ်လိုက်သည်။
“အမဲလိုက်တပ်ဖွဲ့ ဖိအားပေးတိုက်ခိုက်” ယင်းဖုန်း၏ အသံက အရိပ်များထဲမှ ထွက်ပေါ်လာသည်။
လျင်မြန်သော လက်သည်းအရိပ် တစ်ဒါဇင်ကျော်က နဂါးနှစ်ကောင်ကို ထောင့်ပေါင်းစုံမှ တိုက်ခိုက်လယသည်။
၎င်းတို့သည် ကြီးမားသော ထိခိုက်မှု မပေးနိုင်သော်လည်း နဂါးများကို အာရုံလွှဲရန် အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့သည်။
လင်းထျန်းလုံသည် တိုက်ပွဲကို တိတ်တဆိတ် စောင့်ကြည့်နေပြီး သူ၏ ငွေပြာဘုရင်မျက်၀န်းများဖြင့် နဂါးနှစ်ကောင်၏ အားနည်းချက်များကို အဆက်မပြတ် ခွဲခြမ်းစိတ်ဖြာနေသည်။
“ရှောင်လန်၊ ရှောင်ယင်း” သူ ရုတ်တရက် စကားပြောလာသည်။
“သေချာကြည့်ထား။ ပထမ ဘုရင်အဆင့် အဆင့်မြင့် မိစ္ဆာသားရဲတွေ ဂျောင်ပိတ်မိတဲ့အခါ တိုက်ခိုက်တဲ့ပုံစံက သမီးတို့ရဲ့ အနာဂတ် တိုးတက်မှုအတွက် အရမ်းအထောက်အကူ ဖြစ်စေလိမ့်မယ်”
ရှောင်ယင်းက အားပါးတရ ခေါင်းညိတ်လိုက်ပြီး သူမ၏ မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် စစ်မြေပြင်ကို မျက်တောင်မခတ် ကြည့်နေသည်။
“ဦးလေးထျန်းပင်းက အရမ်းမိုက်တာပဲ၊ အဲဒီလောက်ကြီးတဲ့ မီးနဂါးကြီးကိုတောင် ထိပ်တိုက် ရင်ဆိုင်နိုင်တယ်”
ရှောင်လန်ကမူ ရန့်မြဲ့၏ တိုက်ခိုက်ရေးပုံစံကို လေ့လာရန် ပိုမိုအာရုံစိုက်နေသည်။
“ဦးလေးရန့်မြဲ့က အကြိမ်တိုင်း နေရာတစ်ခုတည်းကိုပဲ ပစ်မှတ်ထားတယ်... သူ အဲဒီဒဏ်ရာကို အဆက်မပြတ် တိုးချဲ့နေတာပဲ”
“တိကျတယ်” လင်းထျန်းလုံ၏ မျက်လုံးများထဲတွင် ချီးကျူးမှုအရိပ်အယောင်တစ်ခု လျှပ်တစ်ပြတ် ပေါ်လာသည်။
“မှတ်ထား၊ အစွမ်းထက်တဲ့ရန်သူနဲ့ ရင်ဆိုင်ရတဲ့အခါ ဒီလို အားနည်းချက်မျိုးကို ရှာဖွေပြီး ဇွဲရှိရှိတိုက်ခိုက်ရမယ်”
စစ်မြေပြင်ပေါ်တွင် ထျန်းပင်းသည် မီးနဂါးနှင့် နောက်တစ်ကြိမ် ပြင်းထန်စွာ ဝင်တိုက်လိုက်ပြန်သည်။
ဘုန်း။
ဒီတစ်ကြိမ်တွင် ထျန်းပင်း နောက်ဆုတ်မသွားတော့ပေ။ သူ၏ ထာ၀ရဗာဂျရာခန္ဓာမှ ရွှေရောင်ရင့်ရင့် အလင်းများ အဆုံးစွန်အထိ စီးဆင်းသွားပြီး မီးနဂါး၏ ဝင်တိုက်မှုကို အမှန်တကယ်ပင် ခိုင်ခိုင်ခံ့ခံ့ ရပ်တန့်ရင်းကာကွယ်နိုင်ခဲ့သည်။
“ငါ့အလှည့်ပဲ” ထျန်းပင်းက ဟိန်းဟောက်လိုက်ပြီး သူ၏ ထက်ရှသော လက်သည်းများဖြင့် လေထုကိုခွဲကာ မီးနဂါး၏ ခေါင်းကို ရက်စက်စွာ ကုတ်ခြစ်လိုက်သည်။
မီးနဂါး၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုအရိပ်အယောင်တစ်ခု လျှပ်တစ်ပြတ် ပေါ်လာပြီး ရှောင်တိမ်းရန် ခေါင်းကို ကမန်းကတန်း စောင်းလိုက်သော်လည်း လက်သည်းမှ လေပြင်းက သူ၏ နားထင်ကို ပွတ်တိုက်သွားပြီး မီးပွားများ လွင့်စင်သွားလေသည်။
“ဝေါင်း” မီးနဂါးမှာ ဒေါသထွက်သွားပြီး သူ့ကိုယ်ပတ်လည်ရှိ ချော်ရည်ချပ်ဝတ်မှ မျက်စိကျိန်းမတတ် အနီရောင်အလင်းများ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
မြေအောက်မီးလျှံပေါက်ကွဲခြင်း ။
“သတိထား” ရန့်မြဲ့၏ အသံက အချိန်မီ ထွက်ပေါ်လာလေသည်။
ထျန်းပင်းက ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်ကာ သူ၏ ပုံရိပ်က လျင်မြန်စွာ နောက်ဆုတ်သွားစဉ် နှင်းခဲဒိုင်းကာခြောက်ခုက သူ၏ရှေ့တွင် ချက်ချင်း ပိတ်ဆို့လိုက်သည်။
ဘန်း။ ဘန်း။ ဘန်း။
မြေအောက်မီးလျှံရိုက်ခတ်မှုများက နှင်းခဲအကာအကွယ်ကို တစ်ချက်ပြီးတစ်ချက် ဝင်တိုက်လိုက်ရာ ရေခဲတံတိုင်းမှာ ပြင်းထန်စွာ တုန်ခါသွားသော်လည်း မပြိုလဲဘဲ ခိုင်ခိုင်မာမာ ရပ်တည်နေဆဲပင်။
အခြားတစ်ဖက်တွင် ရန့်မြဲ့၏ အဆက်မပြတ် တိုက်ခိုက်မှုများက နောက်ဆုံးတွင် အကျိုးသက်ရောက်မှုရှိလာသည်။
ရေခဲနဂါးစပါးအုံး၏ လည်ပင်းရှိဒဏ်ရာမှာ အဆက်မပြတ် ကြီးမားလာပြီး ရေခဲပြာရောင် သွေးများက စမ်းချောင်းတစ်ခုပမာ စီးကျနေသည်။
ဤအတိုင်းသာ ဆက်သွားပါက သူ အမှန်တကယ် ကျဆုံးသွားနိုင်သည်ကို သိရှိလာသဖြင့် နဂါးစပါးအုံး၏ မျက်လုံးထဲတွင် ထိတ်လန့်မှု အရိပ်အယောင်များ ပေါ်လွင်လာခဲ့သည်။
“ယင်းဖုန်း” ရန့်မြဲ့ ရုတ်တရက် အော်လိုက်သည်။
“နားလည်ပြီ”
ယင်းဖုန်း၏ ပုံရိပ်က နဂါးစပါးအုံးခေါင်းပေါ်တွင် တစ္ဆေတစ်ကောင်ပမာ ပေါ်လာပြီး သူ၏ ထက်ရှသော လက်သည်းများက အကောင်းအတိုင်းရှိနေသော မျက်လုံးဆီသို့ တိုက်ရိုက် ချိန်ရွယ်လိုက်သည်။
နဂါးစပါးအုံးက ရှောင်တိမ်းရန် ခေါင်းကို ကမန်းကတန်း နောက်ဆုတ်လိုက်သော်လည်း ဤလုပ်ရပ်က လည်ပင်းဒဏ်ရာကို ရန့်မြဲ့ရှေ့တွင် အပြည့်အဝ ဖော်ပြလိုက်သကဲ့သို့ ဖြစ်သွားသည်။
“အခုပဲ”
ရန့်မြဲ့၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတစ်ချက် ပေါက်ကွဲထွက်လာပြီး သူ၏ ခွန်အားအားလုံးကို ရှေ့လက်သည်းများထဲတွင် စုစည်းလိုက်သည်။
သူသည် အကြွင်းမဲ့ရေခဲဝိညာဉ်၏ စွမ်းအားကို အမြင့်ဆုံးအထိ တွန်းပို့လိုက်ပြီး ဝိညာဉ်အေးခဲခြင်းလက္ခဏာရပ် ပါဝင်သော အဆုံးစွန်တိုက်ကွက်တစ်ခုဖြင့် နဂါးစပါးအုံး၏ လည်ပင်းဒဏ်ရာထဲသို့ နက်ရှိုင်းစွာ ထိုးသွင်းလိုက်သည်။
“ဂါးးး”
ရေခဲနဂါးစပါးအုံးသည် စူးရှစွာ အော်ဟစ်လိုက်ပြီး သူ၏ ဧရာမခန္ဓာကိုယ်ကြီး ပြင်းထန်စွာ လိမ်ကောက်သွားကာ ရေခဲသလင်းကြေးခွံများ အရပ်မျက်နှာအနှံ့ လွင့်စင်သွားလေသည်။
တစ်ချိန်တည်းမှာပင် ထျန်းပင်းသည် မီးနဂါးမြေအောက်မီးလျှံပေါက်ကွဲခြင်းကို ထုတ်လွှတ်ပြီးနောက် အားနည်းသွားသော အချိန်ကို အမိအရဖမ်းဆုပ်လိုက်သည်။
သူ၏ ရွှေရောင်ရင့်ရင့် ပုံရိပ်သည် အမြောက်ဆံတစ်ခုပမာ မီးနဂါး၏ ရင်ဘတ်ကို ဝင်တိုက်လိုက်ပြီး သူ၏ လက်သည်းများက ပြောင်းပြန်ကြေးခွံ၏ ရိုက်ခတ်မှုစွမ်းအားကို သယ်ဆောင်ကာ ပြိုင်ဘက်၏ ဝမ်းဗိုက်ပေါ်ရှိ ဒဏ်ရာဟောင်းကို ရက်စက်စွာ ဆွဲဆုတ်လိုက်သည်။
ဗြိ။
ဝင်တိုက်လိုက်သည်နှင့် ချော်ရည်ချပ်ဝတ်မှာ အက်ကွဲသွားပြီး မီးနဂါးမှာ နာကျင်စွာ ဟိန်းဟောက်လိုက်သည်။
တိုက်ပွဲအခြေအနေမှာ ဤအခိုက်အတန့်လေးတွင် ပြောင်းလဲသွားပြီဖြစ်သည်။
***