အမျိုးသမီးက ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် တင်းမာသော အသံဖြင့် ပြောလိုက်သည်။
"လန်ချင်းချိုး..."
စကားဆိုအပြီးတွင် သူမ၏ ကိုယ်ရိပ်က တစ်ချက် လင်းလက်သွားကာ အခန်းထဲမှ ပျောက်ကွယ်သွားလေတော့သည်။
ယဲ့ပုဖန်က ခေါင်းကို ခပ်ဖွဖွ ခါယမ်းလိုက်သည်။ ဘယ်လိုလူကများ ဒီလိုနာမည်မျိုး မှည့်ထားတာပါလိမ့်။
ဒီလောက် လှပတဲ့ မိန်းကလေးက ဘာလို့ ဒီလောက်တောင် အေးစက်နေရတာလဲ။ မနေ့ညကလိုသာ စိတ်အားထက်သန်နေမယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။
သူက တံခါးကိုဖွင့်၍ အပြင်သို့ ထွက်လာခဲ့သည်။ အပြင်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ကာရာက ချက်ချင်းပင် ပြေးလာလေသည်။
"မစ္စတာယဲ့... ကျွန်တော်တို့ မနက်စာ သွားစားသင့်တယ် မဟုတ်ဘူးလား”
ထိုသို့ပြောပြီးနောက် ထိုအကောင်က ယဲ့ပုဖန်၏ ဘေးသို့ ကပ်လာကာ အားပါးတရ အနံ့ခံလိုက်ပြီးနောက် အံ့ဩသွားသော မျက်နှာထားဖြင့် ပြောလိုက်သည်။
"မစ္စတာယဲ့... ညက ခင်ဗျား အဲဒီအမျိုးသမီးနဲ့ အတူတူ ရှိနေခဲ့တာလား။ ခင်ဗျားဆီက ဘာလို့ သူမရဲ့ အနံ့တွေ ရနေတာလဲ”
ယဲ့ပုဖန်က အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
"မင်းက အဲဒါကို အနံ့ခံလို့ ရတယ်ပေါ့”
ကာရာက သူ၏ အနီရောင် နှာခေါင်းကြီးကို ပွတ်သပ်လိုက်ပြီး ဂုဏ်ယူဝင့်ကြွားနေသော ဟန်ဖြင့် ပြောလိုက်သည်။
"ဒါပေါ့... မဟုတ်ရင် ကျွန်တော်က မြောက်ဝင်ရိုးစွန်း ရေခဲပြင်ကြီးထဲမှာ သွားလာဖို့ ဘာကို အားကိုးရမယ် ထင်လို့လဲ။ ကျွန်တော်က ဒီနှာခေါင်းကို အားကိုးရတာဗျ။ ဘာအနံ့ကိုမဆို ကျွန်တော် ခံသိနိုင်တယ်”
"ဘုရားရေ... မင်းမှာ ဒီလိုစွမ်းရည်မျိုး ရှိနေတာပဲ”
ယဲ့ပုဖန်က ရုတ်တရက် မေးလိုက်သည်။
"မင်း ဒီနာမည်ကို ရပြီးမှ မင်းရဲ့ နှာခေါင်းက အာရုံခံနိုင်စွမ်း ကောင်းလာတာလား”
"မဟုတ်ပါဘူးဗျာ။ ကျွန်တော့်ရဲ့ နှာခေါင်းက ငယ်ငယ်လေးကတည်းက သာမန်လူတွေထက် အများကြီး ပိုပြီး အာရုံခံနိုင်စွမ်း ကောင်းတာပါ။ ဘယ်သူက ဘာပဲ ချက်ချက်... အရသာရှိတဲ့ အစားအစာ ဘာပဲဖြစ်ဖြစ် ကျွန်တော် အနံ့ရတယ်”
ကာရာက သိချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်သည်။
"မစ္စတာယဲ့... ဒီနှာခေါင်းရဲ့ စွမ်းဆောင်ရည်က နာမည်နဲ့များ သက်ဆိုင်နေလို့လား”
"ဒါပေါ့... သက်ဆိုင်တာပေါ့။ တရုတ်မှာဆိုရင် ဘယ်သူမှ ကိုယ့်ကိုယ်ကိုယ် ကာရာလို့ နာမည် မပေးရဲကြဘူး”
"ဘာဖြစ်လို့လဲ။ ဒီနာမည်က အရမ်းကောင်းပြီး မိုက်တာပဲဟာကို။ ကျွန်တော့်အဖေဆိုရင် ကျွန်တော့်အတွက် ဒီနာမည်ကို စဉ်းစားဖို့ သုံးရက်တောင် အချိန်ယူခဲ့ရတာ”
ယဲ့ပုဖန်က ပြုံးကာ ပြောလိုက်သည်။
"ဘာလို့လဲဆိုတော့ ငါတို့ဆီမှာ 'ကာရာဆိုတာ ခွေးတစ်ကောင်ပါ' ဆိုတဲ့ အရမ်းနာမည်ကြီးတဲ့ ရုပ်ရှင်ကား တစ်ကား ရှိလို့ပဲလေ”
ကာရာမှာ ဇဝေဇဝါ ဖြစ်သွားလေသည်။ တကယ်ကြီး အဲဒီလို ရုပ်ရှင်ကားမျိုး ရှိနေတာလား။
သူတို့နှစ်ဦးသည် အရက်ဆိုင်ငယ်လေးတွင် မနက်စာကို ထပ်မံ စားသောက်လိုက်ကြသည်။ ထို့နောက် ပစ္စည်းများကို သိမ်းဆည်းကာ မြောက်ဝင်ရိုးစွန်း ဒေသဆီသို့ အတူတကွ ထွက်ခွာလာခဲ့ကြလေသည်။
ယဲ့ပုဖန်၏ ထောက်ပံ့ရေး ပစ္စည်းများ အားလုံးမှာ သူ၏ သိုလှောင်လက်စွပ်ထဲတွင် ရှိနေသော်လည်း အခြားသူများ၏ အာရုံစိုက်မှုကို မခံရစေရန်အတွက် ကြီးမားသော ကျောပိုးအိတ်ကြီး တစ်လုံးကို သူ လွယ်ထားဆဲပင်။
သူတို့ မြောက်ဘက်သို့ ခရီးဆက်လာလေလေ၊ အပူချိန်က ပို၍ ကျဆင်းလာလေလေ ဖြစ်ပြီး ရာသီဥတုကလည်း ပိုမို ကြမ်းတမ်းလာလေသည်။ နှင်းပွင့်များနှင့် ရောနှောနေသော လေအေးများက သူတို့၏ မျက်နှာများကို ဓားဖြင့် မွှန်းသကဲ့သို့ တိုက်ခတ်နေ၏။
ထို့အပြင် သူတို့၏ ပတ်ဝန်းကျင် တစ်ခုလုံးမှာ အဖြူရောင် ရေခဲပြင်ကြီး သက်သက်သာ ဖြစ်ပြီး အဆောက်အအုံများ လုံးဝ မရှိသောကြောင့် အရပ်မျက်နှာများကို ခွဲခြားသိမြင်ရန် မဖြစ်နိုင်ပေ။
ကံကောင်းထောက်မစွာဖြင့် သူ၏ ဘေးတွင် ကာရာ ရှိနေသောကြောင့် ယဲ့ပုဖန်မှာ လမ်းခရီးအတွက် စိုးရိမ်စရာ မလိုခဲ့ပေ။ ကာရာသည် အသွင်အပြင်အားဖြင့် စုတ်ပြတ်သတ်နေပုံ ပေါက်သော်လည်း အရပ်မျက်နှာများကို ခွဲခြားရာတွင် သူ၏ ကိုယ်ပိုင် ကျွမ်းကျင်မှုများ အမှန်တကယ်ပင် ရှိနေလေသည်။
"မစ္စတာယဲ့... ဒီနေ့ ကျွန်တော်တို့ သွားမယ့် လမ်းက အဆင်ပြေသေးတယ်။ အနည်းဆုံးတော့ သံလိုက်အိမ်မြှောင်က အလုပ်လုပ်သေးတယ်လေ။ ရေခဲပြင်ကြီးရဲ့ အတွင်းပိုင်းကို နက်နက်ရှိုင်းရှိုင်း ဝင်သွားပြီဆိုရင်တော့ သံလိုက်အိမ်မြှောင်က ယုံကြည်ရတော့မှာ မဟုတ်ဘူး”
သာမန်လူများနှင့် ယှဉ်လျှင် သူတို့နှစ်ဦး၏ လှုပ်ရှားမှုမှာ အလွန် လျင်မြန်လှသည်။ တစ်နေကုန် ခရီးနှင်ခဲ့ပြီး နေဝင်ချိန်တွင် ကီလိုမီတာ ၁၀၀ ခန့် ခရီးပေါက်ခဲ့လေပြီ။
နေဝင်သွားသည်ကို မြင်လိုက်ရသောအခါ ယဲ့ပုဖန်က ပြောလိုက်သည်။
"ဒီနေ့တော့ ဒီမှာပဲ စခန်းချကြရင် ဘယ်လိုလဲ”
ကာရာက အနံ့ခံလိုက်ပြီးနောက် ကောက်ကျစ်သော အပြုံးတစ်ခုဖြင့် ပြုံးကာ ပြောလိုက်သည်။ "မစ္စတာယဲ့... ကျွန်တော်တို့ နောက်ထပ် ခြေလှမ်း နည်းနည်းလောက် ထပ်လျှောက်ရင်ကော ဘယ်လိုလဲ”
"မင်းက ဘာကို ဆိုလိုတာလဲ”
ကာရာက ပြန်ဖြေလိုက်သည်။
"မနေ့ညက ခင်ဗျားနဲ့ အတူရှိနေခဲ့တဲ့ အမျိုးသမီးက ရှေ့နားလေးမှာပဲ ရှိတယ်။ တစ်ကီလိုမီတာလောက်ပဲ ကွာတော့တာ”
ယဲ့ပုဖန်မှာ အံ့အားသင့်သွားသည်။
"ဒီလောက် ဝေးတဲ့ နေရာကနေတောင် မင်းက အနံ့ခံလို့ ရတယ်ပေါ့။ ခွေးနှာခေါင်းတောင် မင်းလောက် အာရုံခံနိုင်စွမ်း ကောင်းပါ့မလား”
ကာရာက ပြောလိုက်သည်။
"အဲဒါက ဘာမှမဟုတ်ပါဘူးဗျာ။ ဒီရေခဲပြင်မှာက အနံ့တွေက သီးသန့်ဖြစ်နေတာ။ ပြီးတော့ ကျွန်တော်တို့က လေအောက်မှာ ရောက်နေတော့ သဘာဝကျကျကို အနံ့ရနေတာပေါ့”
ယဲ့ပုဖန်က ခေတ္တမျှ စဉ်းစားလိုက်သည်။ ထိုအမျိုးသမီးသည် ထောက်ပံ့ရေး ပစ္စည်းများကို အများကြီး ယူဆောင်လာပုံ မရပေ။ သူမ ယူဆောင်လာသည်ကလည်း အလွန် နည်းပါးလွန်းပြီး ယခုဆိုလျှင် ကုန်သွားလောက်ပြီ ဖြစ်သည်။
အာကာသအဆင့် သိုင်းပညာရှင် တစ်ဦးအနေဖြင့် အချိန်တိုအတွင်း အစားအစာနှင့် သောက်ရေမရှိဘဲ နေနိုင်သည်က ပြဿနာ မဟုတ်သော်လည်း အချိန်ကြာမြင့်လာပါက ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ပေသည်။ အထူးသဖြင့် ရေခဲပြင်ကဲ့သို့သော နေရာမျိုးတွင် အအေးဒဏ်က ကိုယ်အပူချိန်ကို အမြဲတမ်း စုပ်ယူနေမည် ဖြစ်သည်။
"ကောင်းပြီလေ... ဒါဆိုရင်လည်း နောက်ထပ် ခြေလှမ်း နည်းနည်းလောက် ထပ်လျှောက်ပြီး သူမနဲ့ အတူတူ သွားစခန်းချကြတာပေါ့”
သူတို့နှစ်ဦး ခရီးဆက်ခဲ့ကြပြီး တစ်ကီလိုမီတာခန့် လျှောက်လာပြီးနောက် ရှေ့တွင် အဖြူရောင် အရိပ်တစ်ခုကို အမှန်တကယ်ပင် မြင်တွေ့လိုက်ရသည်။
ရေခဲပြင်တွင် ကွယ်ကာစရာ အတားအဆီးဟူ၍ ဘာမျှ မရှိချေ။ လန်ချင်းချိုးသည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေပြီး နွေးထွေးမှု ရရှိစေရန် သူမ၏ ချီစွမ်းအင်များကို လှည့်ပတ်နေရုံသာ တတ်နိုင်ပေသည်။
ယဲ့ပုဖန် သူမဆီသို့ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသောအခါ အမျိုးသမီး၏ အေးစက်နေသော မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး ထွက်သွားရန် အတွက် မတ်တပ်ရပ်လိုက်လေသည်။
ယဲ့ပုဖန်က သူမအား လှမ်းကိုင်လိုက်ပြီး နောက်သို့ ပြန်ဆွဲထားလိုက်သည်။ "မင်း ဘယ်သွားမလို့လဲ။ အခု မှောင်နေပြီ။ လမ်းပျောက်သွားဖို့ အရမ်းလွယ်တယ်”
လန်ချင်းချိုးက သူ၏ လက်ကို ရုန်းဖယ်လိုက်သော်လည်း နောက်ဆုံးတွင်တော့ ထွက်မသွားတော့ပေ။
ကာရာက အခြေအနေကို ပါးနပ်စွာ နားလည်ပြီး ဘေးသို့ ထွက်သွားလေသည်။ ထို့နောက် ကျောပိုးအိတ်ထဲမှ သူ၏ ပစ္စည်းများကို ထုတ်ကာ တဲထိုးရန် စတင် ပြင်ဆင်တော့သည်။
ယဲ့ပုဖန်က စောင်တစ်ထည်ကို ထုတ်ယူကာ ရေခဲပြင်ပေါ်တွင် ခင်းကျင်းလိုက်သည်။ ထို့နောက် ထိုအမျိုးသမီးအား သူနှင့်အတူ ထိုင်စေလိုက်သည်။ သူ၏ လှုပ်ရှားမှုများမှာ ဖြည်းညင်းပြီး ညင်သာလှသည်။
ထို့နောက် သူက ကျောပိုးအိတ်ထဲမှ နို့လက်ဖက်ရည် တစ်ခွက်ကို ထုတ်ယူလိုက်သည်။ ချီစွမ်းအင်သည် ယင်နှင့်ယန် နှစ်မျိုးစလုံး ဖြစ်တည်နိုင်ပေသည်။ ပူပြင်းလှသော ချီစွမ်းအင်၏ နွေးထွေးမှုအောက်တွင် နို့လက်ဖက်ရည်မှာ ချက်ချင်းပင် အငွေ့တထောင်းထောင်း ထွက်လာကာ ပူနွေးသွားလေသည်။
"နွေးသွားအောင် နို့လက်ဖက်ရည်လေး နည်းနည်း သောက်လိုက်ဦး”
သူက လန်ချင်းချိုးထံသို့ နို့လက်ဖက်ရည်ခွက်ကို ကမ်းပေးရင်း ပြောလိုက်သည်။
"ကျွန်မ မလိုဘူး”
"ဒါက ရေခဲပြင်ရဲ့ အစပိုင်းပဲ ရှိသေးတယ်။ ချီစွမ်းအင်ကိုချည်း အားကိုးနေလို့ အချိန်အကြာကြီး ခံမှာ မဟုတ်ဘူး။ လူဆိုတာ စားသောက်ဖို့ လိုအပ်သေးတယ်လေ”
ယဲ့ပုဖန်က ပြောရင်း အမျိုးသမီး၏ လက်ကလေးကို ဆွဲယူကာ နို့လက်ဖက်ရည်ခွက်ကို သူမ၏ လက်ဖဝါးလေးထဲသို့ ညင်သာစွာ ထည့်ပေးလိုက်သည်။
"ရှင့်ပစ္စည်းတွေကို ကျွန်မ မလိုချင်ပါဘူး”
လန်ချင်းချိုးက ထိုသို့ ပြောလိုက်သော်လည်း သူမ၏ သဘောထားမှာ စောစောကနှင့် စာလျှင် အနည်းငယ် ပျော့ပျောင်းလာခဲ့လေပြီ။
"ဘယ်လိုပဲဖြစ်ဖြစ် ငါက မင်းရဲ့ အသက်ကို ကယ်ခဲ့တာပဲလေ။ ငါက မင်းရဲ့ အသက်သခင် ကျေးဇူးရှင်ပါ။ သောက်လိုက်ပါ။ ငါ့ကို ကူညီတယ်လို့ပဲ သဘောထားလိုက်။ မဟုတ်ရင် ဒီလောက် ပစ္စည်းတွေ အများကြီး သယ်ရတာ အရမ်းလေးတယ်”
ယဲ့ပုဖန် ဤသို့ပြောသည်ကို ကြားသောအခါ လန်ချင်းချိုးမှာ တိတ်ဆိတ်သွားလေသည်။
"မြန်မြန် သောက်လိုက်လေ။ မဟုတ်ရင် အေးသွားလိမ့်မယ်”
ယဲ့ပုဖန်က နို့လက်ဖက်ရည်ခွက်ကို အမျိုးသမီး၏ နှုတ်ခမ်းနားသို့ တေ့ပေးလိုက်သည်။ ထိုအခါမှသာ သူမက နှုတ်ခမ်းလေးကို ဟကာ ခပ်ဖြည်းဖြည်း အကျိုက် အနည်းငယ်မျှ သောက်လိုက်တော့သည်။
အေးခဲနေသော နှင်းကမ္ဘာကြီးထဲတွင် ပူနွေးသော နို့လက်ဖက်ရည်လေး သူမ၏ ဝမ်းဗိုက်ထဲသို့ ရောက်ရှိသွားသောအခါ လန်ချင်းချိုး တစ်ယောက် သူမ၏ ခန္ဓာကိုယ် တစ်ခုလုံး နွေးထွေး သက်သောင့်သက်သာ ရှိသွားသည်ကို ချက်ချင်း ခံစားလိုက်ရသည်။
"ဒါမှပေါ့။ ပြီးတော့ ဒါလေးလည်း ငါ့ကို ကူပြီး စားပေးပါဦး”
ယဲ့ပုဖန်က ပြောရင်း အိတ်ထဲမှ မွှေးပျံ့နေသော ပေါင်မုန့်တစ်ခုနှင့် ဒေါ့ဗ်ချောကလက် နှစ်တုံးကို ထုတ်ယူကာ ကမ်းပေးလိုက်သည်။
သူ၏ စိတ်အားထက်သန်မှုနှင့် နွေးထွေးမှုများ ရှေ့တွင် လန်ချင်းချိုးသည် နောက်ဆုံး၌ မငြင်းဆန်နိုင်တော့ဘဲ အစားအစာများ အားလုံးကို ပြောင်စင်အောင် စားသောက်လိုက်လေသည်။
ယဲ့ပုဖန်က မေးလိုက်သည်။
"နေလို့ ပိုကောင်းသွားပြီလား။ ဒီလို ပတ်ဝန်းကျင်မျိုးမှာဆိုရင် ကယ်လိုရီများတဲ့ အစားအစာတွေကို စားကို စားရမယ်။ မဟုတ်ရင် ကျင့်ကြံမှု ဘယ်လောက်ပဲ မြင့်မြင့် စွမ်းအင်တွေ ကုန်ခမ်းသွားမယ့် အချိန်တစ်ခုတော့ ရှိလာမှာပဲ”
"ကျေးဇူးတင်ပါတယ်”
လန်ချင်းချိုး၏ အသံလေးမှာ တိုးညင်း နူးညံ့လှသော်လည်း ယဲ့ပုဖန်ကိုတော့ အလွန်အမင်း ပျော်ရွှင်သွားစေသည်။ ရေခဲတုံး အလှလေးသည် နောက်ဆုံးတွင်တော့ နွေးထွေးမှု အရိပ်အယောင်လေး တစ်ခုကို ပြသလာခဲ့ပြီ ဖြစ်သည်။
"ရပါတယ်... ကျေးဇူးတင်စရာ မလိုပါဘူး။ ငါတို့နှစ်ယောက်ကြားမှာ ဒီလောက်တောင် စိမ်းကားနေဖို့ လိုလို့လား”
လန်ချင်းချိုးက မေးလိုက်သည်။
"အဲဒီလူက ဘယ်မှာလဲ။ ဘာလို့ ဒီနေ့ သူ့ကို ကျွန်မ ရှာမတွေ့ခဲ့တာလဲ”
သူမ တိတိကျကျ မပြောသော်လည်း သူမ၏ မျက်လုံးများထဲရှိ သတ်ဖြတ်လိုသည့် အငွေ့အသက်များကို ကြည့်ခြင်းအားဖြင့် သူမသည် ဝံပုလွေ ဘတ်ဖွန်အကြောင်းကို ပြောနေခြင်း ဖြစ်ကြောင်း ယဲ့ပုဖန် သိလိုက်သည်။
"ငါလည်း မသိဘူး။ သူက မကောင်းတာ လုပ်ထားတယ်ဆိုတာ သိလို့ ခိုးကြောင်ခိုးဝှက် ထွက်ပြေးသွားတာနေမှာပေါ့”
"မနေ့က သူ ကျွန်မနောက်ကို လိုက်မလာခဲ့ဘူးလား”
မနေ့က ဝံပုလွေ ဘတ်ဖွန် သူမနောက်သို့ လိုက်လာစဉ်က သူမသည် အသိစိတ် လုံးဝ ကင်းလွတ်နေခဲ့ပြီး ဖြစ်ရာ မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို မှတ်မိခြင်း မရှိတော့ပေ။
ယဲ့ပုဖန်က ခေါင်းယမ်းလိုက်ပြီး ပြောလိုက်သည်။
"ဟင့်အင်း... မင်းတစ်ယောက်တည်းကိုပဲ ငါ မြင်ခဲ့တာ”
လန်ချင်းချိုးက အံကြိတ်ကာ ပြောလိုက်သည်။
"အနှေးနဲ့အမြန်တော့ သူ့ကို ကျွန်မ သတ်ပစ်မယ်”
ယဲ့ပုဖန်က စိတ်ထဲမှ ကြိတ်တွေးလိုက်သည်။
'ဒီဘဝတော့ မင်းမှာ အဲဒီလို အခွင့်အရေးမျိုး ရှိလာတော့မှာ မဟုတ်ဘူး'
ထို့နောက် သူက စကားလမ်းကြောင်း လွှဲလိုက်ပြီး မေးလိုက်သည်။ "မင်းက ဘာလို့ မြောက်ဝင်ရိုးစွန်း ဒေသကို လာခဲ့တာလဲ။ မင်းလည်း သန့်စင်စမ်းရေ အတွက် လာခဲ့တာလား”
ထိုစကားကို ကြားသောအခါ လန်ချင်းချိုးက သူ့အား သတိကြီးစွာဖြင့် ချက်ချင်း ကြည့်လိုက်လေသည်။
"မင်းက ဘာလို့ ငါ့ကို အဲဒီလို ကြည့်နေရတာလဲ။ သန့်စင်စမ်းရေ ဆိုတာ စမ်းရေတစ်မျိုးပဲလေ။ လူတစ်ယောက်တည်းက အားလုံးကို ယူသွားလို့ မရပါဘူး။ ငါက မင်းနဲ့ လုမှာ မဟုတ်ပါဘူး”
လန်ချင်းချိုးက ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်။ သန့်စင်စမ်းရေ အတွက် ကျွန်မ လာခဲ့တာ။ အဲဒီစမ်းရေကို အသုံးပြုပြီး ကျွန်မရဲ့ ဆရာသခင်ကို ကယ်တင်ချင်လို့ပါ”
***