ယဲ့ပုဖန်က မေးလိုက်သည်။ "မင်းရဲ့ ဆရာသခင်က နေမကောင်းလို့လား”
လန်ချင်းချိုးက ခေါင်းညိတ်ပြသော်လည်း ဆက်၍ စကားမပြောပေ။
"ငါ့ရဲ့ ဆေးပညာက အတော်လေး ကောင်းပါတယ်။ ငါတို့ ပြန်ရောက်ရင် မင်းရဲ့ဆရာကို သွားကြည့်ပေးလို့ ရတယ်”
လန်ချင်းချိုးက ယဲ့ပုဖန်၏ စကားများကို သူမ၏ စိတ်ထဲတွင် လုံးဝ မထားရှိကြောင်း ထင်ရှားစွာ ပြသလျက် တိတ်ဆိတ်နေဆဲပင်။
"မိန်းကလေး တစ်ယောက်အနေနဲ့ စကားပိုပြောပြီး ပိုပြုံးရင် မကောင်းဘူးလား။ ဘာလို့ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ဒီလောက်တောင် အေးစက်နေအောင် လုပ်ထားရတာလဲ”
"ရှင်နဲ့ ဘာမှမဆိုင်ဘူး”
ယဲ့ပုဖန်က ပြောလိုက်သည်။
"ဒါတွေအားလုံးက မင်းအတွက် ကောင်းဖို့ချည်းပဲ မဟုတ်ဘူးလား။ ငါတို့နှစ်ယောက်က အခုဆိုရင် ဘယ်လိုပဲဖြစ်ဖြစ်..."
သူ စကားတစ်ဝက်သာ ပြောရသေးသော်လည်း လန်ချင်းချိုး၏ အသံမှာ အေးစက်သွားပြီး ပြောလိုက်သည်။
"အဲဒါတွေ အားလုံးက နားလည်မှုလွဲတာတွေချည်းပါပဲ။ ကျွန်မတို့ကြားမှာ ဘာပတ်သက်မှုမှ မရှိဘူး”
ယဲ့ပုဖန်က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး ထပ်မံ၍ ဘာမျှမပြောတော့ပေ။
ထိုအချိန်တွင် မှိုင်းညို့နေသော ညကောင်းကင်ယံ၌ အခြား အရိပ်တစ်ခုက လေထုကို ခွဲထုတ်လာပြီး ထိုလူသုံးယောက်အနီးသို့ လျင်မြန်စွာ ရောက်ရှိလာလေသည်။
"မင်း ဖြစ်နေတာကိုး”
ထိုလူသည် ကီမိုနိုကို ဝတ်ဆင်ထားပြီး ကျောဘက်တွင် ဂျပန်ဓားတစ်လက်ကို လွယ်ထားလေသည်။ သူ ရောက်လာပြီးနောက် ယဲ့ပုဖန်ကို တစ်ချက်ကြည့်လိုက်သည်နှင့် သူ၏ မျက်လုံးများထဲမှ အမုန်းတရား အရိပ်အယောင်များ ချက်ချင်း ပစ်လွှတ်လာတော့သည်။
"ယာမာမိုတို ဆိုဂျီပဲ... ကျုပ်တို့ ဒီလောက်တောင် ရေစက်ဆုံလိမ့်မယ်လို့ ကျုပ် တကယ် မမျှော်လင့်ထားခဲ့ဘူး”
ရောက်လာသူမှာ အခြားသူမဟုတ်ဘဲ မိစ္ဆာအိုကြီး ယာမာမိုတို ဆိုဂျီပင် ဖြစ်လေသည်။ ယဲ့ပုဖန် သူ့ကို မြင်သောအခါ လှည့်၍ ထွက်ပြေးခြင်း မပြုဘဲ ပေါ့ပေါ့ပါးပါး အပြုံးတစ်ခုဖြင့် သူ့အား လက်လှမ်းပြလိုက်သည်။
တစ်လပင် မပြည့်သေးသော်လည်း ယခုအခါ အခြေအနေများမှာ ပြောင်းလဲသွားခဲ့လေပြီ။ အကယ်၍ သူသာ တစ်ဖက်လူကို သတ်ချင်ပါက ယဲ့ထျန်း၏ လက်သီးတစ်ချက်တည်းနှင့် လုံလောက်ပေသည်။
ယာမာမိုတို ဆိုဂျီက သူ၏ ကျောဘက်မှ ဂျပန်ဓားကို လျင်မြန်စွာ ဆွဲထုတ်လိုက်ပြီး ဓားသွားကို ယဲ့ပုဖန်၏ နှာခေါင်းထိပ်ဆီသို့ တိုက်ရိုက် ချိန်ရွယ်လိုက်သည်။
"ယုတ်မာ၊ အရှက်ကင်းမဲ့၊ ကာမရူး၊ ကောက်ကျစ်တဲ့ တရုတ်ကောင်... ဒီတစ်ကြိမ်တော့ မင်း ဘယ်ကို ထွက်ပြေးနိုင်ဦးမလဲဆိုတာ ကြည့်ကြသေးတာပေါ့”
ပြီးခဲ့သည့်အကြိမ် အာဖရိကတိုက်တွင် ယာမာမိုတို ဆိုဂျီက ယဲ့ပုဖန်၏ နဂါးပိတ်ဖမ်း အစီအရင်ထဲတွင် ပိတ်မိနေခဲ့ပြီး သုံးရက်တိတိ အစာရေစာ ငတ်မွတ်နေခဲ့ရသည်။ ထို့အပြင် သူ အလွန် တန်ဖိုးထားသော စွမ်းအင်ကျောက်တုံး ၈ တုံးကိုလည်း လုယူခံခဲ့ရသဖြင့် ၎င်းဖြစ်ရပ်ကို သူ့ဘဝတွင် အဆိုးရွားဆုံး ဖြစ်ရပ် ဟူ၍ သတ်မှတ်ထားပေသည်။
မူလက ထိုစွမ်းအင်ကျောက်တုံးများကို အသုံးပြု၍ အာကာသအဆင့်သို့ ချိုးဖောက်ဝင်ရောက်ရန် သူ ပြင်ဆင်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် ယဲ့ပုဖန်က ၎င်းတို့အားလုံးကို ယူဆောင်သွားခဲ့သဖြင့် သန့်စင်စမ်းရေကို ရှာဖွေရန် မြောက်ဝင်ရိုးစွန်း ဒေသသို့ လာရောက်ဖို့သာ ကြိုးစားခဲ့ရလေသည်။
ယဲ့ပုဖန်က ရယ်မောလိုက်သည်။
"ခင်ဗျား ပါးစပ်ကထွက်တိုင်း လျှောက်ပြောလို့ မရဘူးလေ။ ကျုပ်က ခင်ဗျားကို လွှတ်ပေးမယ်လို့ ကတိပေးခဲ့တယ်လေ။ ကတိအတိုင်း ကျုပ်က ခင်ဗျားကို အပြင်ထွက်ခွင့် မပေးခဲ့လို့လား။ မဟုတ်ရင် ခင်ဗျား အဲဒီထဲမှာတင် သေနေလောက်ပြီ”
ယာမာမိုတို ဆိုဂျီက ဒေါသတကြီးဖြင့် ပြောလိုက်သည်။
"စွမ်းအင်ကျောက်တုံးတွေကို ရပြီးရင် ငါ့ကို လွှတ်ပေးမယ်လို့ မင်း ကတိပေးခဲ့တာလေ။ ဒါပေမယ့် နောက်ဆုံးကျတော့ မင်းဘာသာမင်း ထွက်ပြေးသွားခဲ့တာပဲ”
"ကျုပ်က အဲဒီအချိန်မှာ မင်းကို လွှတ်ပေးမယ်လို့ပဲ ကတိပေးခဲ့တာလေ။ ခင်ဗျားကို ဘယ်လောက်ကြာမှ အပြင်ထုတ်ပေးမယ်လို့တော့ မပြောခဲ့ဘူး။ သုံးရက်ဆိုတာကတောင် ခင်ဗျား အတွက် တော်တော်လေး ကောင်းနေပါပြီ”
"ယုတ်မာတဲ့ကောင်... ဒီနေ့ ငါ မင်းကို သေချာပေါက် သတ်မယ်”
ယာမာမိုတို ဆိုဂျီ၏ သတ်ဖြတ်လိုသော အငွေ့အသက်များ ဆူပွက်လာသည်။ ယခုအခါတွင် သူ လုံးဝ အကြောက်အလန့် မရှိတော့ပေ။ ယဲ့ပုဖန်သည် သူ၏ ရှေ့တည့်တည့်တွင် ထိုင်နေပြီး အစီအရင်တစ်ခု ဖန်တီးရန် အခွင့်အရေး လုံးဝမရှိချေ။
"ခင်ဗျား ကျုပ်ကို သတ်လို့ မရပါဘူး။ ဘာလို့လဲဆိုတော့ ကျုပ်ရည်းစားက ဒီမှာရှိနေလို့ပဲ”
ယဲ့ပုဖန် စကားပြောအပြီးတွင် သူသည် အမျိုးသမီးဘက်သို့ အနည်းငယ် ကိုင်းညွတ်သွားလေသည်။
လန်ချင်းချိုးက မျက်မှောင်ကြုတ်လိုက်သည်။
"အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့။ ကျွန်မက ရှင်နဲ့ ဘာမှမပတ်သက်ဘူး။ သူ ရှင့်ကို သတ်ရင်တောင် ကျွန်မ ဂရုစိုက်မှာ မဟုတ်ဘူး”
"မင်း ဒီလောက်တောင် ရက်စက်လို့ မရပါဘူး။ ဘာပဲဖြစ်ဖြစ် မနေ့ကမှ ငါ မင်းကို ကယ်ထားတာလေ”
"သေလိုက်စမ်း... ငါ မင်းကို သတ်ပြီးရင် မင်းရဲ့ မိန်းမကို ငါ သိမ်းပိုက်မယ်”
ညအချိန် ကြာမြင့်လာသည်နှင့်အမျှ အိပ်မက်များပြားတတ်သည်ဟူသော စကားကို ယာမာမိုတို ဆိုဂျီ သိရှိထားသဖြင့် သူသည် အချိန်ကို အကြာကြီး မဆွဲထားလိုတော့ပေ။ လက်ကောက်ဝတ်ကို တစ်ချက် လှည့်လိုက်သည်နှင့် သူ၏ လက်ထဲရှိ ဂျပန်ဓားက ယဲ့ပုဖန်၏ ရင်ဘတ်ဆီသို့ ထိုးစိုက်ဝင်လာတော့သည်။
ညကောင်းကင်ယံတွင် ဂျပန်ဓားသည် လူများကို ရွေးချယ် ဝါးမျိုတတ်သော လျှပ်စီးကြောင်း တစ်ခုအလား ထက်မြက်သော သတ်ဖြတ်ခြင်း အငွေ့အသက်များဖြင့် တောက်ပနေလေသည်။
တောက်ပနေသော ဓားသွားသည် သူ၏ ရင်ဘတ်သို့ ရောက်ရှိနေပြီဖြစ်သည်ကို မြင်လိုက်ရသော်လည်း ယဲ့ပုဖန်မှာ ရှောင်တိမ်းလိုသည့် အရိပ်အယောင် လုံးဝ မပြသေးချေ။
လန်ချင်းချိုး မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏ အေးစက်နေသော မျက်နှာပေါ်တွင် အနည်းငယ်သော စိတ်ခံစားမှု အပြောင်းအလဲ တစ်ခု ပေါ်လာလေသည်။
ဂျပန်ဓားသည် ရှေ့သို့ ဆက်လက် တိုးဝင်လာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ယဲ့ပုဖန်၏ အဝတ်အစားများကို ထိမိတော့မည့် အနေအထားသို့ ရောက်လာသည်။ အကယ်၍ နောက်ထပ် လက်တစ်ဆစ်ခန့်သာ ရှေ့ဆက်တိုးသွားပါက သူ၏ ဝမ်းဗိုက်ကို ဖောက်ထွက်သွားတော့မည် ဖြစ်သည်။
သို့သော်လည်း သူက မလှုပ်မယှက် ထိုင်နေဆဲဖြစ်ပြီး မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့လေး တစ်ခုနှင့် အတူ ပြန်လည် တိုက်ခိုက်ခြင်းလည်း မရှိ။ ရှောင်တိမ်းခြင်းလည်း မပြုချေ။
ယာမာမိုတို ဆိုဂျီမှာ အနည်းငယ် အံ့အားသင့်သွားသော်လည်း ရပ်တန့်ရန် အစီအစဉ် လုံးဝ မရှိပေ။ သူ၏ မျက်လုံးများထဲတွင် ကြမ်းကြုတ်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး ဂျပန်ဓားကို ရှေ့သို့ ပြင်းထန်စွာ ထိုးစိုက်လိုက်လေသည်။
ထိုအခိုက်အတန့်၌ ညကောင်းကင်ယံမှ နောက်ထပ် မျက်စိကျိန်းမတတ် တောက်ပသော လျှပ်စီးကြောင်း တစ်ခု လင်းလက်လာပြီး ယခင် လျှပ်စီးကြောင်းထက် ပို၍ တောက်ပကာ ပို၍ လျင်မြန်လှပေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုအရာသည် ဂျပန်ဓားနှင့် ရိုက်ခတ်သွားတော့သည်။
ပြတ်သားလှသော ထန်း ဟူသည့် အသံနှင့်အတူ အဖိုးတန် ဓားတစ်လက်က ယာမာမိုတို ဆိုဂျီ၏ ဂျပန်ဓားကို ရိုက်ချလိုက်လေသည်။ တိုက်ခိုက်လိုက်သူမှာ လန်ချင်းချိုးပင် ဖြစ်သည်။
"ထွက်သွားစမ်း... မဟုတ်ရင် ငါ နင့်ကို သတ်မယ်”
သူမက ယာမာမိုတို ဆိုဂျီအား အေးစက်စွာ ပြောလိုက်သည်။
"အာကာသအဆင့် သိုင်းပညာရှင်လား”
ယာမာမိုတို ဆိုဂျီ၏ မျက်နှာအမူအရာမှာ ထိတ်လန့်သွားလေသည်။ လန်ချင်းချိုး၏ လှုပ်ရှားမှုမှာ တစ်ခဏမျှသာ ဖြစ်သော်လည်း သူမ၏ ခွန်အားနှင့် ပြင်းထန်လှသော သတ်ဖြတ်ခြင်း အငွေ့အသက်များကို သူ ခံစားလိုက်ရပေသည်။
သူ အနိုင်ရပြီဟု ထင်မှတ်ထားခဲ့သော်လည်း တစ်ဖက်လူတွင် ဤမျှ အစွမ်းထက်သော ချစ်သူကောင်မလေး တစ်ယောက် ရှိနေမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ယဲ့ပုဖန်က သူ့ကို လှောင်ပြောင်သော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။ "ဘယ်လိုလဲ။ ကျုပ်ကို ခင်ဗျား သတ်လို့မရပါဘူးလို့ ကျုပ် ပြောသားပဲ”
ယာမာမိုတို ဆိုဂျီက သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးများမှာ အမုန်းတရားများဖြင့် ပြည့်နှက်နေသော်လည်း ထပ်မံ တိုက်ခိုက်ရန် သတ္တိ မရှိတော့ပေ။
သူ့ရှေ့တွင် ရှိနေသည်မှာ အာကာသအဆင့် သိုင်းပညာရှင် တစ်ဦး ဖြစ်ပြီး သူမသည် သူ့အား သတ်လိုပါက ကြက်ကလေး ၊ ငှက်ကလေး တစ်ကောင်လို သတ်နိုင်ပေသည်။ ထို့ကြောင့် သူက ချက်ချင်း လှည့်ကာ ညအမှောင်ထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားလေတော့သည်။
ပတ်ဝန်းကျင်မှာ တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။ တစ်နေ့လုံး ဟစ်အော်နေခဲ့သော လေပြင်းများ ရပ်တန့်သွားပြီး ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွား၏။ လူတိုင်းက သူတို့၏ ကိုယ်ပိုင် အသက်ရှူသံများကိုပင် ရှင်းလင်းစွာ ကြားနိုင်ပေသည်။
ခဏအကြာတွင် လန်ချင်းချိုးက ပြောလိုက်သည်။
"ဒီကနေစပြီး အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့တော့။ ကျွန်မ ရှင်နဲ့ ဘာမှမပတ်သက်ဘူး။ ပြီးတော့ ကျွန်မက ရှင့်ကောင်မလေး လုံးဝ မဟုတ်ဘူး”
ယဲ့ပုဖန်က ပြန်ပြောလိုက်သည်။ "ဒါပေမယ့် မင်းက ဟုတ်တယ်လို့ ငါ ထင်တာပဲ”
သူ၏ စိတ်ထဲတွင်မူ သူတို့နှစ်ဦးသည် အိပ်ရာပေါ်တွင် လုံးထွေးခဲ့ကြရုံသာမက ၁၈ ကြိမ်တိုင်တိုင် ချစ်ကျွမ်းဝင်ခဲ့ကြသည် မဟုတ်ပါလား…။ ဤအခြေအနေအရ သူမသည် သူ၏ အမျိုးသမီး ဖြစ်ပေသည်။
"လူယုတ်မာ... ရှင်သာ အဲ့ဒါတွေကို ဆက်ပြောနေမယ် ဆိုရင် ရှင့်ကို ကျွန်မ သတ်ပစ်မယ်”
လန်ချင်းချိုး၏ လေသံမှာ အလွန် အေးစက်နေသော်လည်း ယဲ့ပုဖန်က သူမထံမှ မည်သည့် သတ်ဖြတ်လိုသော အငွေ့အသက်ကိုမျှ မခံစားရပေ။
"ငါကတော့ မယုံပါဘူး။ မင်းသာ ငါ့ကို သတ်ချင်ရင် စောစောက ငါ့ကို ကယ်မှာ မဟုတ်ဘူးလေ”
"ကျွန်မက ကျေးဇူးပြန်ဆပ်ရုံ သက်သက်ပါ။ ဒီကစပြီး ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် ဘာအကြွေးမှ မရှိတော့ဘူး”
လန်ချင်းချိုးက ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် မေးလိုက်သည်။ "စောစောကသာ ကျွန်မ ဝင်မပါခဲ့ရင် အဲဒီဂျပန်က ရှင့်ကို သတ်တာကို ဒီအတိုင်း ငြိမ်ခံနေမှာလား”
သူမသည် အာကာသအဆင့် သိုင်းပညာရှင် တစ်ဦးဖြစ်ပြီး စောစောက အခြေအနေကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်။ အကယ်၍ သူမသာ ဝင်မပါခဲ့ပါက ထိုဓားသည် သူ၏ ရင်ဘတ်ကို ကျိန်းသေပေါက် ဖောက်ထွင်းသွားမည်ဖြစ်ပြီး သူ ရှောင်တိမ်းရန် အချိန်ရမည် မဟုတ်ပေ။
ယဲ့ပုဖန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။ အအေးစက်ဆုံး အမျိုးသမီးပင်လျှင် အမျိုးသမီး တစ်ယောက်သာ ဖြစ်ပြီး စူးစမ်းချင်စိတ် ရှိခြင်းကို သူမ ရှောင်လွှဲ၍ မရနိုင်ပေ။
စောစောက သူ မလှုပ်မယှက် ထိုင်နေရခြင်း၏ အကြောင်းအရင်းမှာ လန်ချင်းချိုးက သူ့ကို ကယ်တင်မည်ဆိုသည်ကို သူ ရှစ်ဆယ်ရာခိုင်နှုန်း သေချာနေသောကြောင့် ဖြစ်သည်။
သို့သော် သေချာသည်မှာ သူ၏ အသက်ကို အခြားသူတစ်ယောက်၏ လက်ထဲသို့ သူ ပေါ့ပေါ့တန်တန် ထည့်ပေးမည် မဟုတ်ပေ။ ကျန်ရှိနေသော နှစ်ဆယ်ရာခိုင်နှုန်းမှာ သူ၏ ရင်ဘတ်ပေါ်ရှိ သံချပ်ကာပင် ဖြစ်သည်။
ယာမာမိုတို ဆိုဂျီ၏ လက်ထဲရှိ ဂျပန်ဓားမှာ အဖိုးတန် ဓားတစ်လက် မဟုတ်ပေ။ ၎င်းသည် မျက်လုံးသုံးလုံး မိုးကြိုးမြွေ၏ အရေခွံဖြင့် ပြုလုပ်ထားသော သံချပ်ကာကို လုံးဝ ဖောက်ထွင်းနိုင်မည် မဟုတ်ချေ။
သို့သော် သူက ဤအရာများကို အပြင်သို့ ထုတ်ပြော၍ မရပေ။
"ဘာလို့လဲဆိုတော့ မင်း ငါ့ကို သေချာပေါက် ကယ်မယ်ဆိုတာ ငါ သိနေလို့ပဲ”
လန်ချင်းချိုးက နှုတ်ခမ်းကို အံကြိတ်ကာ မေးလိုက်သည်။
"ရှင်က ဘယ်လိုလုပ်ပြီး အဲဒီလောက် သေချာနေရတာလဲ”
“ဘာလို့လဲဆိုတော့ မင်းက အမြဲတမ်း အေးစက်နေသလို ဟန်ဆောင်နေပေမယ့် တကယ်တမ်းမှာ မင်းက အပြစ်မဲ့တဲ့သူတွေကို ရမ်းသန်းမသတ်တတ်တဲ့ သဘောကောင်းတဲ့ မိန်းမတစ်ယောက် ဖြစ်နေလို့ပဲလေ။ မဟုတ်ရင် ဒီမနက်ကတည်းက မင်း ငါ့ကို တိုက်ခိုက်ပြီးလောက်ပြီပေါ့”
လန်ချင်းချိုးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သော်လည်း ထပ်မံ၍ ဘာမျှမပြောတော့ပေ။
ယဲ့ပုဖန်က အနည်းငယ် ပြုံးကာ ပြောလိုက်သည်။
"ကောင်းပြီလေ... ညလည်း နက်နေပြီ။ မြန်မြန် အနားယူကြရအောင်။ မဟုတ်ရင် မနက်ဖြန် ခရီးဆက်ဖို့ ခွန်အားရှိမှာ မဟုတ်ဘူး”
စကားပြောအပြီးတွင် သူသည် ကျောပိုးအိတ်ထဲမှ တဲကို ထုတ်ယူကာ ဆောက်လိုက်ပြီး ပြောလိုက်သည်။
"လာပါ... အပြင်မှာ အရမ်းအေးတယ်။ တဲထဲမှာက ပိုနွေးတယ်”
"ကျွန်မ မသွားဘူး”
လန်ချင်းချိုး၏ အပြင်ပန်း အသွင်အပြင်မှာ အေးစက်နေသော်လည်း သူမ၏ စိတ်နှလုံးထဲတွင် သိမ်မွေ့သော အပြောင်းအလဲများ ဖြစ်ပေါ်နေလေပြီ။
သူမသည် နွေးနွေးထွေးထွေး နေချင်သော်လည်း ထိုတဲမှာ သေးငယ်လွန်းပြီး ယဲ့ပုဖန်နှင့် အတူတကွ တိုးဝှေ့နေရမည်ကို သူမ ရှက်ရွံ့နေပေသည်။
သူမ၏ အတွေးများကို မြင်နေရသည့်အလား ယဲ့ပုဖန်က ပြောလိုက်သည်။ "ငါတို့ နှစ်ယောက်စလုံးက သိုင်းပညာရှင်တွေလေ။ တဲထဲကို ဝင်သွားရင်တောင် တင်ပျဉ်ခွေထိုင်ပြီး တရားမှတ်နေကြရုံပါပဲ။ မင်းက ငါ့အပေါ် မသင့်တော်တဲ့ အတွေးတွေ ရှိမနေဘူး မဟုတ်လား”
သူ၏ စကားကို ကြားသောအခါ လန်ချင်းချိုး၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး နောက်ဆုံးတွင် အေးစက်စွာ နှာခေါင်းရှုံ့ကာ တဲထဲသို့ ဝင်သွားလေတော့သည်။ ယဲ့ပုဖန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာပြီး သူလည်း ချက်ချင်းပင် တဲထဲသို့ တွားသွား၍ ဝင်လိုက်လေသည်။
***