ယဲ့ပုဖန်၏ တဲမှာ အတော်လေး ကျယ်ဝန်းသည်ဟု ဆိုရသော်လည်း ၎င်းသည် တစ်ယောက်အိပ် တဲငယ်လေးသာ ဖြစ်ရာ လူနှစ်ယောက် တိုးဝှေ့နေရသောအခါ အနည်းငယ် ကျပ်တည်းသွားလေသည်။
လန်ချင်းချိုးက ဝင်လာသည်နှင့် တစ်ပြိုင်နက် တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း သူမ ခံစားလိုက်ရသည်။ ဤတဲသည် အိပ်စက်ရန်အတွက်သာ အဆင်ပြေပြီး မတ်တပ်ရပ်ရန်ပင် မဖြစ်နိုင်ချေ။ တင်ပျဉ်ခွေထိုင်၍ ကျင့်ကြံရန်ဆိုလျှင် ပို၍ပင် ဆိုဖွယ်ရာ မရှိတော့ပေ။
"ရှင် ထလိုက်... ကျွန်မ အပြင်ထွက်တော့မယ်”
"မင်းက ဝင်လာပြီးမှတော့ ဘာလို့ အပြင်ပြန်ထွက်ချင်ရတာလဲ" ယဲ့ပုဖန်က ပြောလိုက်သည်။
"တကယ်တော့ လူတစ်ယောက်ရဲ့ ကျင့်ကြံမှုအဆင့်က ငါတို့အဆင့်ကို ရောက်လာပြီဆိုရင် ထိုင်လျက် ကျင့်ကြံဖို့ချည်း တကူးတက ဖိအားပေးနေစရာ မလိုတော့ပါဘူး။ ပုံစံဆိုတာက ဒုတိယ ဦးစားပေးပါ။ ငါတို့တွေ လှဲလျောင်းနေရင်းနဲ့တောင် ကျင့်ကြံလို့ ရနေပြီလေ”
စကားပြောအပြီးတွင် သူသည် တဲ၏ တစ်ဖက်ခြမ်း၌ လှဲလျောင်းလိုက်ပြီး အခြားတစ်ဖက်ကို လက်ဖြင့် ပုတ်ကာ ပြောလိုက်သည်။
"လိပ်ပြာသန့်ရင် လောကကြီးက ကျယ်ဝန်းပါတယ်။ မင်းရဲ့ ကျင့်ကြံမှုက ငါ့ထက်တောင် မြင့်နေတာကို ဘာတွေ ကြောက်စရာ ရှိလို့လဲ။ ဒါမှမဟုတ် မင်းက ငါ့အပေါ် တခြားရည်ရွယ်ချက် တစ်ခုခုများ ရှိနေလို့လား”
လန်ချင်းချိုးက ခေတ္တမျှ တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင်တော့ တဲထဲမှ တွားသွား၍ ထွက်မသွားတော့ပေ။ ယဲ့ပုဖန်၏ အခြားတစ်ဖက်ခြမ်းတွင် သူမ လှဲလျောင်းလိုက်လေသည်။
သို့သော်လည်း သူမသည် သူတို့နှစ်ဦးကြားတွင် ကွက်လပ်တစ်ခု ချန်ထားခဲ့ပြီး ထိုနေရာတွင် သူမ၏ အဖိုးတန် ဓားကို ချထားလိုက်လေသည်။ ဤသည်မှာ ရှင်းလင်းလှသော သတိပေးချက် တစ်ခုပင် ဖြစ်ပေသည်။
ယဲ့ပုဖန်က အနည်းငယ် ပြုံးလိုက်သည်။
"ကောင်းပြီလေ... မင်း တစ်နေ့လုံး ပင်ပန်းလာပြီ။ မြန်မြန် အိပ်တော့”
လန်ချင်းချိုးက မကျေမနပ်ဖြင့် ပြောလိုက်သည်။
"ရှင်က ကျင့်ကြံတော့မယ်လို့ ပြောထားတာ မဟုတ်ဘူးလား”
"မင်း ကျင့်ကြံချင်ရင် ကျင့်ကြံလို့ ရပါတယ်။ ငါကတော့ အိပ်တော့မယ်။ ကျင့်ကြံတယ်ဆိုတာလည်း အလုပ်နဲ့ အနားယူတာကို မျှတအောင် လုပ်ဖို့ လိုသေးတယ်လေ”
ထိုသို့ပြောပြီးနောက် သူသည် လျင်မြန်စွာပင် အိပ်မောကျသွားတော့သည်။ လန်ချင်းချိုးက သူ့အား ခေတ္တမျှ စိုက်ကြည့်နေပြီးနောက် ကျင့်ကြံခြင်းကို စတင်လိုက်လေသည်။
အချိန်အတော်ကြာပြီးနောက် ယဲ့ပုဖန်ထံမှ မည်သည့် လှုပ်ရှားမှုမျှ မရှိသည်ကို မြင်သောအခါ သူမလည်း အိပ်ပျော်သွားတော့သည်။ သူတို့နှင့် မလှမ်းမကမ်းရှိ အခြားတဲတစ်လုံးထဲတွင်တော့ ကာရာက သူတို့အား အားကျသော မျက်လုံးများဖြင့် ကြည့်နေလေသည်။
"မစ္စတာယဲ့က တကယ့်ကို ကံကောင်းတာပဲ။ အတူတူ အိပ်ဖို့အတွက် ဒီလောက် လှပတဲ့ အမျိုးသမီး တစ်ယောက်ကို ရထားတယ်။ ငါ့မှာသာ တစ်ယောက်တည်း အချမ်းဒဏ်ကို ခံရင်း အိပ်မပျော်နိုင် ဖြစ်နေရတယ်”
နောက်တစ်နေ့ နံနက်စောစော ရွှေရောင် နေရောင်ခြည်များအောက်တွင် ယဲ့ပုဖန်သည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ ထို့နောက် သူ အံ့အားသင့်သွားရသည်မှာ ယခင်က ရေခဲတမျှ အေးစက်နေတတ်သော လန်ချင်းချိုးသည် သူ၏ ရင်ခွင်ထဲတွင် အခန့်သား နေရာယူထားခြင်းပင် ဖြစ်လေသည်။
သူမ၏ ဖြူဖွေးသော လက်မောင်းလေးက သူ၏ လည်ပင်းကို ဖက်တွယ်ထားပြီး သူမ၏ ခြေထောက် တစ်ဖက်က သူ၏ ဝမ်းဗိုက်အောက်ပိုင်းတွင် တင်ထားလေသည်။ သူမအား ကြည့်ရသည်မှာ အိပ်ပျော်နေသော ကိုအာလာဝက်ဝံလေး တစ်ကောင်အလား။
သူမ အိပ်ပျော်နေချိန်တွင် သူမ၏ လှပသော မျက်နှာလေးပေါ်၌ ယခင်ကကဲ့သို့ အေးစက်မှုများ မရှိတော့ပေ။ ချစ်စရာကောင်းပြီး လှပသည့်အပြင် အနည်းငယ်သော အပြစ်ကင်းစင်မှုလေးများပင် ပါဝင်နေလေသည်။
ယဲ့ပုဖန်က ထရန် အလောတကြီး မလုပ်ပေ။ သူ့ရှေ့ရှိ အမျိုးသမီးကိုသာ တိတ်တဆိတ် ကြည့်နေပြီး အမျိုးသမီးများနှင့် ပတ်သက်လာလျှင် သူ၏ ကံကြမ္မာမှာ တကယ့်ကို ယှဉ်နိုင်သူ ကင်းမဲ့လှကြောင်း တွေးကာ စိတ်ထဲမှ ကြိတ်၍ သက်ပြင်းချလိုက်မိသည်။
ဤမျှ အေးခဲလှသော နေရာမျိုးတွင်ပင် ထိုကံကြမ္မာက လျော့ကျသွားမည့် အရိပ်အယောင်မျှ မရှိပါချေ။
သူ၏ အကြည့်များကို ခံစားမိသွားသည့်အလား လန်ချင်းချိုးက ရုတ်တရက် နိုးလာလေသည်။
သူမ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ယဲ့ပုဖန်၏ ခန့်ညားသော မျက်နှာကို မြင်လိုက်ရပြီး ချက်ချင်းပင် အော်ဟစ်လိုက်တော့သည်။
"ရှင် ဘာလုပ်နေတာလဲ။ ရှင်က ဒီလိုလူစားမျိုး ဖြစ်နေမယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး။ ရှင် ကျွန်မကို အခွင့်အရေး ယူရဲတယ်ပေါ့လေ”
ယဲ့ပုဖန်က လက်ကိုမြှောက်၍ သူမ၏ လက်မောင်းကို တစ်ချက် ထို့နောက် သူမ၏ ခြေထောက်ကို တစ်ချက် ညွှန်ပြလိုက်သည်။
"ညီမလေး... သေချာကြည့်ပါဦး။ ငါက ဒီမှာ ငြိမ်ငြိမ်လေး လှဲနေတာပါ။ ဘယ်သူက ဘယ်သူ့ကို အခွင့်အရေး ယူနေတာလဲ”
"အာ..."
ထိုအခါမှသာ လန်ချင်းချိုး တစ်ယောက် သူမသည် သူ၏ ရင်ခွင်ထဲသို့ တိုးဝင်နေပြီး သူမ၏ ခြေထောက်က သူ၏ ခါးကို ဖက်တွယ်ထားကြောင်း သတိပြုမိသွားတော့သည်။ ချက်ချင်းပင် ရှက်ရွံ့မှုများ လွှမ်းမိုးသွားပြီး သူမ၏ အဖိုးတန် ဓားကို ဆွဲယူကာ တဲထဲမှ ပြေးထွက်သွားလေသည်။ ပုံမှန်အားဖြင့် အေးစက်နေတတ်သော သူမ၏ လှပသည့် မျက်နှာလေးမှာ သွေးထွက်မတတ် နီရဲနေတော့သည်။
အပြင်ဘက်တွင် အနှုတ် ၃၀ သို့မဟုတ် ၄၀ ဒီဂရီရှိသော လေအေးများက တိုက်ခတ်နေပြီး သူမ မျက်နှာပေါ်ရှိ ရှက်သွေးဖြာမှုများမှာ ဖြည်းညင်းစွာ လျော့ကျသွားလေသည်။ စောစောက အရှက်ရဖွယ် မြင်ကွင်းကို တွေးမိသောအခါ ယဲ့ပုဖန်၏ မျက်နှာကို ထပ်မံ ကြည့်ရန်ပင် သူမ အလွန်အမင်း ရှက်ရွံ့နေမိသည်။
"ကျွန်မ သွားတော့မယ်”
ထိုစကားလုံးများကို လှမ်းပြောလိုက်ပြီးနောက် သူမ၏ လှပသော ကိုယ်ရိပ်လေးမှာ ကျယ်ပြောလှသော ရေခဲပြင်ကြီးထဲသို့ ပျောက်ကွယ်သွားတော့သည်။
"ဟေ့... မသွားနဲ့လေ။ ဒီကိစ္စကို ငါ မင်းအပေါ် အပြစ်မယူဘူးဆိုရင် မရဘူးလား...။ မင်း သွားမယ် ဆိုရင်တောင် အစားအစာနဲ့ ရေ နည်းနည်းလောက် ယူသွားသင့်တယ်လေ..."
သို့သော် လန်ချင်းချိုးမှာ နောက်သို့ လှည့်မကြည့်တော့ပေ။ ယဲ့ပုဖန် တဲထဲမှ တွားထွက်လာချိန်တွင်တော့ သူမ၏ ကိုယ်ရိပ်မှာ လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီ။
သူသည် ခေါင်းကိုသာ ကူကယ်ရာမဲ့စွာ ခါယမ်းလိုက်မိသည်။ အနှီ အမျိုးသမီးသည် တကယ့်ကို မျက်နှာပါးလွန်းလှသည်။
သူတို့ အဲဒီကိစ္စကို... ၁၈ ကြိမ်တောင် လုပ်ခဲ့ပြီးပြီပဲ။ ဘာလို့ ဒီလောက်တောင် ရှက်နေရသေးတာလဲ။
ထိုအချိန်တွင် ကာရာက ကောက်ကျစ်သော အမူအရာဖြင့် ရောက်လာပြီး ပြောလိုက်သည်။ "မစ္စတာယဲ့... ခင်ဗျားရဲ့ စွမ်းရည်ကို ကျွန်တော် တကယ် လေးစားသွားပြီ။ ခင်ဗျားက ဒီလောက် လှပပြီး အဆင့်အတန်းမြင့်တဲ့ အမျိုးသမီးကို ဒီလိုမျိုး အလွယ်တကူ သိမ်းပိုက်နိုင်တာပဲ”
"တော်တော့... စကားကို လျှော့ပြောပြီး မနက်စာ မြန်မြန်စား။ ပြီးရင် ငါတို့ ခရီးဆက်မယ်”
ယဲ့ပုဖန်သည် လန်ချင်းချိုးနှင့် ထပ်မံ ဆုံတွေ့နိုင်ရန် မျှော်လင့်ချက်ဖြင့် ရှေ့သို့ အမြန် ဆက်သွားချင်နေလေပြီ။
သို့သော် သူ စိတ်ပျက်သွားရသည်မှာ သုံးရက်တိုင်တိုင် လမ်းလျှောက်ခဲ့ပြီး မြောက်ဝင်ရိုးစွန်း ဒေသထဲသို့ အတော်လေး နက်ရှိုင်းစွာ ရောက်ရှိနေပြီ ဖြစ်သော်လည်း လန်ချင်းချိုး၏ အရိပ်အယောင်ကိုမျှ မတွေ့ရသေးချေ။
သုံးရက်တာ ကာလအတွင်း သူတို့သည် လေပြင်းများ၊ နှင်းမုန်တိုင်းများနှင့် အအေးလှိုင်းများကို ကြုံတွေ့ခဲ့ရသော်လည်း ကာရာ၏ ကြွယ်ဝသော အတွေ့အကြုံများကြောင့် သူတို့အားလုံးကို တည်ငြိမ်စွာ ဖြတ်ကျော်နိုင်ခဲ့သည်။
စတုတ္ထနေ့တွင် နှင်းများ ထပ်မံ၍ သည်းထန်စွာ ကျဆင်းလာပြီး ပတ်ဝန်းကျင် တစ်ခုလုံး အဖြူရောင် လွှမ်းသွားကာ မည်သည့်အရာကိုမျှ မမြင်ရတော့ပေ။
ကာရာက ပြောလိုက်သည်။
"မစ္စတာယဲ့... ရှေ့မှာက သေမင်းတမန်ဇုန်ပဲ။ ကျွန်တော် ခင်ဗျားကို ဒီနေရာအထိပဲ လိုက်ပို့နိုင်တော့မယ်”
ယဲ့ပုဖန်က ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ”
ကာရာက အချိန်ကို အတည်ပြုရန် သူတို့နှစ်ဦးစလုံး၏ အီလက်ထရောနစ် နာရီများကို ထပ်မံ ယူကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
"ဒီနေ့ကစပြီး သုံးရက်ကြာရင် ကျွန်တော် ဒီနေရာမှာ ပထမဆုံး အမွှေးတိုင် တစ်တိုင် ထွန်းထားမယ်။ မီးခိုးကို မြင်ရရင် ခင်ဗျား ကျွန်တော့်ကို လာရှာလို့ ရပါပြီ”
"တကယ်လို့ ခင်ဗျား သုံးရက်အတွင်း ပြန်မလာဘူးဆိုရင် ခုနစ်ရက်ပြည့်တဲ့နေ့မှာ ဒုတိယ အမွှေးတိုင်ကို ကျွန်တော် ထွန်းမယ်။ ပြီးတော့ လဝက်ပြည့်တဲ့နေ့မှာ တတိယ အမွှေးတိုင်ကို ထွန်းမယ်”
"ကျွန်တော့်ဆီမှာ ရှိတဲ့ ပစ္စည်းတွေနဲ့ အရင်းအမြစ်တွေက ဒီလောက်ပဲ ရှိတာ။ ခင်ဗျားကို ဒီနေရာကနေ အများဆုံး လဝက်ပဲ စောင့်နိုင်လိမ့်မယ်။ လဝက်ကြာတဲ့အထိ ခင်ဗျား ပြန်မလာသေးဘူးဆိုရင်တော့ ကျွန်တော့်ဘာသာကျွန်တော် ပြန်သွားရလိမ့်မယ်”
"အဲဒါ အစီအစဉ်ကောင်းပဲ။ လဝက်အတွင်း ငါ့ကို မတွေ့ဘူးဆိုရင် မင်း ထွက်သွားလိုက်တော့”
ယဲ့ပုဖန် စကားပြောအပြီးတွင် ကျောပိုးအိတ်ကို လွယ်ကာ ကျယ်ပြောလှသော နှင်းပြင်ကြီးထဲသို့ လျှောက်သွားလေတော့သည်။
သူသည် မိမိ၏ အလိုလို သိမြင်နိုင်စွမ်းကို အားကိုးကာ မြောက်ဘက်သို့ ဆက်လက် လျှောက်လှမ်းခဲ့၏။ သူ့အား ဆွဲထားမည့် ကာရာ မရှိတော့သဖြင့် သူ၏ အမြန်နှုန်းမှာ ယခင်ကထက် များစွာ ပိုမို မြန်ဆန်လာလေသည်။
ကျူးယိုးကွမ်ကျီ၏ မြေပုံကြမ်းနှင့် ကာရာ၏ အရိပ်အမြွက် ပြောကြားချက်များအရ နှင်းဝံပုလွေတောင်သည် ဤနေရာမှ ကီလိုမီတာ ၁၀၀ ခန့် ကွာဝေးမည် ဖြစ်သည်။
သို့သော် သူသည် တစ်နေကုန်နီးပါး လျှောက်ခဲ့သော်လည်း သူ၏ အမြန်နှုန်းအရ အနည်းဆုံး ကီလိုမီတာ ၁၅၀ ခန့် ခရီးပေါက်သင့်ပြီ ဖြစ်သည်။ သို့တိုင်အောင် မည်သည့် ထူးခြားမှုကိုမျှ မတွေ့ရသေးဘဲ ပတ်ဝန်းကျင်မှာ အဖြူရောင် ရေခဲပြင်ကြီး သက်သက်သာ ဖြစ်နေဆဲပင်။
တစ်ခါတစ်ရံတွင် နှင်းဝံပုလွေ အနည်းငယ်နှင့် ဝင်ရိုးစွန်း ဝက်ဝံအချို့က သူ့ဘေးမှ ဖြတ်သွားတတ်ကြသည်။ မူလက အနှီ သတ္တဝါများသည် သူ့အား အမဲလိုက်ရန် စဉ်းစားခဲ့ကြသော်လည်း သူ၏ အစွမ်းထက်သော အရှိန်အဝါကို ခံစားမိပြီးနောက် နောက်ဆုတ်သွားကြလေသည်။
တစ်နေရာ အရောက်တွင် သူ ရပ်တန့်လိုက်သည်။ ဤအတိုင်း ဆက်သွားနေခြင်းက အဖြေ မဟုတ်ကြောင်း သူ သိလိုက်သည်။
ခေါင်းဖြတ်ခံထားရသော ယင်ကောင်တစ်ကောင်အလား လှည့်လည်သွားလာနေခြင်းက လိုရာခရီးကို မရောက်နိုင်သည့် အပြင် သူ့အား ပိုမို ဝေးကွာသွားစေပြီး နောက်ဆုံးတွင် လမ်းပျောက်သွားစေလိမ့်မည် ဖြစ်သည်။
သူ၏ ကျင့်ကြံမှုကြောင့် ဤနေရာရှိ အအေးဒဏ်ကို သူ မကြောက်သလို သူ၏ သိုလှောင်လက်စွပ်ထဲရှိ ထောက်ပံ့ရေး ပစ္စည်းများကလည်း ဆယ်နှစ် ရှစ်နှစ်ခန့် အသက်ရှင်နေထိုင်ရန် လုံလောက်သော်လည်း ဤနေရာတွင် သူ ထာဝရ နေထိုင်သွား၍ မရနိုင်ပေ။
"နှင်းဝံပုလွေတောင်ကို ငါ ဘယ်လို ရှာရမလဲ” ဤမေးခွန်းကို သူ အလေးအနက် စတင် စဉ်းစားလိုက်သည်။ အတိတ်က ကျူးယိုးကွမ်ကျီသည်လည်း ဤနေရာသို့ မတော်တဆ ရောက်ရှိသွားခြင်းသာ ဖြစ်မည်ဟု သူ ယုံကြည်ပြီး အကယ်၍ သူသာ ထပ်မံ လာရောက်မည် ဆိုပါက နှင်းဝံပုလွေတောင်၏ တည်နေရာကို ရှာတွေ့နိုင်မည် မဟုတ်ပေ။
ရုတ်တရက် အကြံတစ်ခု ရသွားလေသည်။ ကာရာနှင့် အခြားသူများ၏ ပြောစကားအရ သန့်စင်စမ်းရေသည် နှင်းဝံပုလွေတောင်တွင် ရှိနေသည်။
ထို့အပြင် သူသည် ကျင့်ကြံသူ တစ်ဦးဖြစ်ပြီး အခြားသူများတွင် မရှိသော အားသာချက် တစ်ခုကို ပိုင်ဆိုင်ထားလေသည်။ ၎င်းမှာ သူသည် ဝိညာဉ်စွမ်းအင်များအပေါ် အလွန် အာရုံခံနိုင်စွမ်း ရှိခြင်းပင် ဖြစ်သည်။
ဤအချက်က ကိစ္စရပ်များကို များစွာ ရိုးရှင်းသွားစေသည်။ သူသည် ဤနေရာရှိ ဝိညာဉ်စွမ်းအင်ကို အာရုံခံနိုင်ပြီး ဝိညာဉ်စွမ်းအင် အထူထပ်ဆုံး နေရာသို့ သွားရောက်နိုင်ပေသည်။
ဝိညာဉ်စွမ်းအင်ကို အာရုံခံ၍ သန့်စင်စမ်းရေကို ရှာတွေ့နိုင်မည် ဟု သူ ယုံကြည်ပြီး ထိုသို့ ပြုလုပ်ခြင်းဖြင့် နှင်းဝံပုလွေတောင်ကိုလည်း ရှာတွေ့နိုင်မည် ဖြစ်သည်။
ဤအချက်ကို တွေးမိပြီးနောက် သူသည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ သူ၏ စိတ်ဝိညာဉ် အာရုံကို အသုံးပြု၍ ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး ဝိညာဉ်စွမ်းအင်များကို စတင် ခံစားလိုက်လေသည်။ မကြာမီမှာပင် သူသည် အရပ်မျက်နှာ တစ်ခုကို အတည်ပြုနိုင်ခဲ့ပြီး ထိုအရပ်ဆီသို့ လျင်မြန်စွာ ပြေးထွက်သွားတော့သည်။
နှစ်နာရီကြာပြီးနောက် ကြီးမားခမ်းနားလှသော နှင်းတောင်ကြီးတစ်ခု သူ၏ ရှေ့တွင် ပေါ်လာလေသည်။ ၎င်း၏ တောင်ထွတ်များမှာ လေပြင်းများနှင့် နှင်းများကြားသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်နေပြီး အဆုံးအစကိုပင် မမြင်ရချေ။
သူ၏ ပတ်ဝန်းကျင်ရှိ ထူထပ်လှသော ကောင်းကင်နှင့် မြေကြီး ဝိညာဉ်စွမ်းအင်များကို ခံစားလိုက်ရသောအခါ ယဲ့ပုဖန်၏ စိတ်နှလုံးထဲတွင် ပျော်ရွှင်မှုများ ပြည့်နှက်သွားတော့သည်။ နောက်ဆုံးတော့ နှင်းဝံပုလွေတောင်သို့ ရောက်ရှိလာခဲ့လေပြီ။
***