"အိပ်မက်မက်နေလိုက်လေ... ရှင့်ရဲ့ အလိုဆန္ဒတွေကို သဘောတူရမယ့်အစား သေသွားတာကမှ ပိုကောင်းဦးမယ်”
လန်ချင်းချိုး၏ လေသံမှာ ပြတ်သားနေသော်လည်း ရုတ်တရက် လူရိပ် တစ်ခုက သူမ၏ စိတ်ထဲတွင် ပေါ်လာပြီးနောက် သူမ၏ နှလုံးသားထဲတွင် ဝမ်းနည်းမှု အရိပ်အယောင်လေးတစ်ခု ပေါ်ပေါက်လာတော့သည်။ ကြည့်ရသည်မှာ ဤဘဝတွင် သူမ သူ့ကို ထပ်မံ မြင်တွေ့ရတော့မည် မဟုတ်ပေ။
"မင်းက သေချင်နေမှတော့ သွားသေလိုက်တော့။ မင်း သေသွားရင်တောင်မှ မင်းကို ရုပ်သေးရုပ် တစ်ရုပ်ဖြစ်အောင် ငါ ဖန်တီးလို့ရသေးတယ်”
အိုလက်ဂ် စကားပြောအပြီးတွင် သူသည် သူ၏ မှော်စွမ်းအင်များကို တစ်ဖန် စုစည်းလိုက်ရာ ဧရာမ အနက်ရောင် မြွေကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး လန်ချင်းချိုး၏ ရှေ့တွင် ပေါ်လာလေသည်။
လန်ချင်းချိုးသည် သူမ၏ ဓားကို လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး သူမ၏ ချီစွမ်းအင်များကို အထွတ်အထိပ်သို့ ရောက်အောင် တွန်းပို့လိုက်သည်။ သူမသည် ကိုယ့်ကိုယ်ကိုယ် စတေးကာ အိုလက်ဂ် ဟူသော လူယုတ်မာကိုပါ သူမနှင့်အတူ ငရဲပြည်သို့ ခေါ်သွားနိုင်ရန် စိတ်ပိုင်းဖြတ်လိုက်လေပြီ။
သို့သော်လည်း သူမသည် အတွင်းဒဏ်ရာ နှစ်ကြိမ် ဆက်တိုက် ရရှိထားပြီး ဖြစ်ရာ ယခုတစ်ကြိမ် သူမ၏ ချီစွမ်းအင်များကို အတင်းအဓမ္မ လှည့်ပတ်လိုက်ခြင်းက သူမ၏ အတွင်းဒဏ်ရာများကို ပိုမို ဆိုးရွားသွားစေခဲ့သည်။ သူမ၏ အမြင်အာရုံများ မှောင်မိုက်သွားသည်ကို ခံစားလိုက်ရပြီး သူမ၏ ခန္ဓာကိုယ် တစ်ခုလုံး နောက်သို့ ဖြည်းညင်းစွာ လဲကျသွားတော့သည်။
နောက်ဆုံးသော အခိုက်အတန့်လေးတွင် သူမသည် တောင့်တင်းခိုင်မာသော လက်မောင်းတစ်စုံပေါ်သို့ ကျရောက်သွားသည်ကို ခံစားလိုက်ရပြီးနောက် သူမ၏ အသိစိတ်များ လုံးဝ ပျောက်ကွယ်သွားတော့သည်။
ယဲ့ပုဖန်က လက်လှမ်း၍ လန်ချင်းချိုးကို ဖမ်းပွေ့လိုက်သည်။ ထို့နောက် သူမကို မြေပြင်ပေါ်သို့ ညင်သာစွာ ချထားလိုက်ပြီး အိုလက်ဂ်ကို ကြည့်လိုက်သည်။
"ခွေမသား… မင်းက ငါ့ရဲ့ မိန်းမကို ဒဏ်ရာရအောင် လုပ်တဲ့ကောင်ပေါ့”
"တရုတ်ကောင်... မင်းက ပုန်းနေရာကနေ ထွက်လာပြီး သေလမ်းရှာရဲတယ်ပေါ့လေ။ ဒါဆိုရင်လည်း သွားသေလိုက်တော့”
အိုလက်ဂ်က သူ၏ အနက်ရောင် ဝတ်ရုံကို ဝှေ့ယမ်းလိုက်သည်နှင့် အနက်ရောင် မြွေကြီးက ယဲ့ပုဖန်ထံသို့ ခုန်အုပ်လာတော့သည်။
အကယ်၍ အခြား အာကာသအဆင့် သိုင်းပညာရှင် တစ်ဦးဆိုလျှင် အနှီ တိုက်ခိုက်မှုကို ယဲ့ပုဖန် သေချာပေါက် ခုခံနိုင်မည် မဟုတ်ပေ။ သို့သော် အနက်ရောင် မှော်ဆရာ တစ်ဦး ဖြစ်နေပါက ကွဲပြားခြားနားသွားလေပြီ။
သူသည် မိစ္ဆာသန့်စင်အိုး ဟူသော နတ်ဘုရားလက်နက်ကို ပိုင်ဆိုင်ထားပြီး ၎င်းသည် မိစ္ဆာ မှော်ပညာ ကျင့်ကြံသူများ အတွက် သဘာဝရန်သူ ဖြစ်ကာ အနက်ရောင် မှော်စွမ်းအင်များကို ဖိနှိပ်နိုင်စွမ်း ရှိလေသည်။
မြွေကြီး ယဲ့ပုဖန်ထံသို့ ခုန်အုပ်သွားသည်နှင့် အိုလက်ဂ်၏ မှုန်မှိုင်းသော မျက်လုံးများထဲတွင် အောင်ပွဲခံသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူ၏ အမြင်တွင် ဤလူငယ်လေးမှာ သေချာပေါက် သေဆုံးရတော့မည် ဖြစ်သည်။
သို့သော် ထိုအခိုက်အတန့်မှာပင် တုန်လှုပ်ဖွယ် မြင်ကွင်းတစ်ခု ပေါ်ထွက်လာ၏။ မြွေကြီးသည် ချက်ချင်းပင် အနက်ရောင် မီးခိုးငွေ့တန်းလေး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ယဲ့ပုဖန်၏ လက်ထဲရှိ ပုလင်းငယ်လေးထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားတော့၏။
"ဘာတွေ ဖြစ်နေတာလဲ”
သူ ထိတ်လန့်နေဆဲ အချိန်မှာပင် ဧရာမ လက်သီးကြီး တစ်ဆုပ်က သူ၏ ကျောဘက်တွင် ရုတ်တရက် ပေါ်လာပြီး သူ၏ ရင်အုပ်ရိုးကို ဘန်းခနဲ ရိုက်ချိုးလိုက်လေသည်။
တိုက်ခိုက်လိုက်သူမှာ ယဲ့ထျန်းပင် ဖြစ်ပြီး သူက ယဲ့ပုဖန်၏ အမိန့်ဖြင့် အခွင့်ကောင်းကို မိမိရရ အသုံးချလိုက်ခြင်း ဖြစ်ပေသည်။ အိုလက်ဂ် အာရုံလွင့်ပါးနေစဉ် ယဲ့ထျန်းက အိုလက်ဂ်၏ ရင်ဘက်ကို အပေါက် ဖောက်ပေးလိုက်လေသည်။
ဤသို့ဖြင့် အာကာသအဆင့် သိုင်းပညာရှင် တစ်ဦးနှင့် တန်းတူ ခွန်အားရှိသော မဟာမှော်ဘုရင် အိုလက်ဂ်သည် ယဲ့ထျန်း၏ လက်ထဲတွင် ချက်ချင်းပင် သေဆုံးသွားခဲ့ရလေသည်။
ယဲ့ပုဖန်က ထိုမျှနှင့် ရပ်တန့်ရန် အစီအစဉ် မရှိပေ။ သူ၏ လက်ထဲရှိ မိစ္ဆာသန့်စင်အိုးက ထပ်မံ ထွက်ပေါ်လာပြီး ကြီးမားသော စုပ်ယူအား တစ်ခုက အိုလက်ဂ်ကို လွှမ်းခြုံသွားတော့သည်။
မဟာမှော်ဘုရင် အိုလက်ဂ် သေဆုံးသွားသော်လည်း တစ်ပြိုင်နက် သူ၏ မှော်စွမ်းအင်များမှာ ကျန်ရှိနေဆဲ ဖြစ်ရာ ချက်ချင်းပင် အနက်ရောင် မီးခိုးငွေ့များအဖြစ် ပြောင်းလဲသွားပြီး မိစ္ဆာသန့်စင်အိုး၏ စုပ်ယူခြင်းကို ခံလိုက်ရလေသည်။
ပြီးခဲ့သည့်အကြိမ်က ရှန်ကွမ် မိသားစုတွင် ရှန်ကွမ်ရှုံး၏ ရွှေအလောင်း ကို စုပ်ယူခဲ့သော်လည်း ၎င်းမှ သန့်စင်ရရှိသော ဆေးလုံးမှာ ယဲ့ထျန်းကို ထပ်မံ အဆင့်တက်စေရန် မလုံလောက်ခဲ့ပေ။
ယခင် စမ်းသပ်မှုများအရ မှော်ပညာ၏ စွမ်းအားများမှာ အရင်းအမြစ် တစ်ခုတည်းမှ လာခြင်းဖြစ်ပြီး မဟာမှော်ဘုရင်ထံမှ သန့်စင်ရရှိသော ဆေးလုံးသည် ယဲ့ထျန်းအတွက်လည်း အကျိုးသက်ရောက်မှု ရှိကြောင်း သူ တွေ့ရှိခဲ့ရသည်။
မဟာမှော်ဘုရင် တစ်ဦးအနေဖြင့် အိုလက်ဂ်၏ အသက်ကို မှော်စွမ်းအင်များဖြင့် ထိန်းသိမ်းထားခြင်း ဖြစ်သည်။ သူ၏ မှော်စွမ်းအင်များ လုံးဝ စုပ်ယူခံလိုက်ရသောအခါ အိုလက်ဂ်သည် မြေပြင်ပေါ်သို့ ချက်ချင်း ခွေကျသွားပြီး နောက်ဆုံးတွင် အနက်ရောင် ဝတ်ရုံတစ်ထည် အဖြစ်သာ ကျန်ရစ်ခဲ့တော့သည်။
ယဲ့ပုဖန်က မိစ္ဆာသန့်စင်အိုးကို တစ်ချက် ကြည့်လိုက်ရာ ယခုအခါ ၎င်းထဲတွင် ကြီးမားသော ဆေးလုံး တစ်လုံးနှင့် သေးငယ်သော ဆေးလုံးတစ်လုံး စုစုပေါင်း အနက်ရောင် ဆေးလုံးနှစ်လုံး ရှိနေသည်။ သူက ၎င်းတို့ကို ထုတ်ယူကာ ယဲ့ထျန်းထံသို့ ပစ်ပေးလိုက်သည်။
ယဲ့ထျန်းက ဆေးလုံးများကို ဖမ်းယူကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ချက်ချင်းပင် ရွှေရောင် အလင်းတန်း တစ်ခုက သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာတော့သည်။ ဤသို့ဖြင့် ယဲ့ထျန်းသည် အဆင့် ၃ ရွှေအလောင်း အဖြစ်မှ အောင်မြင်စွာ အဆင့်တက်နိုင်သွားခဲ့လေ၏။
ယဲ့ပုဖန်၏ စိတ်နှလုံးထဲတွင် ပျော်ရွှင်မှုများ ပြည့်နှက်သွားတော့သည်။ မြောက်ဝင်ရိုးစွန်း ဒေသသို့ လာရောက်ရာတွင် အာကာသအဆင့် သိုင်းပညာရှင်များကို တစ်ယောက်ပြီး တစ်ယောက် တွေ့ဆုံနေရသဖြင့် သူ့အား အနည်းငယ် ရတက်မအေး ဖြစ်သွားစေခဲ့လေသည်။
ယခုမူ သူက အခြေအနေ ကောင်းသွားလေပြီ။ ယဲ့ထျန်းသည် အာကာသအဆင့် အလယ်အလတ် ကျင့်ကြံမှုသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ယဲ့ထျန်းသည် သူ၏ အလောင်းရုပ်သေး ဖြစ်ရာ သူသည်လည်း အာကာသအဆင့် ခွန်အားကို ပိုင်ဆိုင်ထားပြီ ဟု ဆိုနိုင်ပေသည်။
သို့သော်လည်း လျှို့ဝှက်ဖဲချပ်များကို ဖုံးကွယ်ထားခြင်းက ပိုကောင်းပေသည်။ ယဲ့ပုဖန်က ချက်ချင်း ယဲ့ထျန်းကို သိုလှောင်လက်စွပ်ထဲသို့ ပြန်လည် သိမ်းဆည်းလိုက်သည်။
ဤအရာအားလုံးကို ပြုလုပ်ပြီးနောက် သူသည် ဒန်မီးတစ်ချက် ဖန်တီးကာ အိုလက်ဂ်၏ အနက်ရောင် ဝတ်ရုံကို ပြာအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။ ထို့နောက် လန်ချင်းချိုးကို ပွေ့ချီကာ တောင်ကြားထဲသို့ ပြန်လာခဲ့လေသည်။
ပြန်ရောက်သောအခါ သူက စောင်တစ်ထည်ကို ထုတ်ယူကာ မြေပြင်ပေါ်တွင် ခင်းကျင်းလိုက်ပြီး လန်ချင်းချိုးကို ညင်သာစွာ ချထားလိုက်သည်။
သူမ၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်လိုက်သောအခါ ယဲ့ပုဖန် မျက်မှောင်ကြုတ်သွားတော့သည်။ လန်ချင်းချိုးမှာ ပြင်းထန်စွာ ဒဏ်ရာရထားပြီး သူမ၏ ကိုယ်တွင်းအင်္ဂါများမှာ နေရာရွေ့လုနီးပါး ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။
သူမသည် ဆက်တိုက် ဒဏ်ရာရရှိခဲ့ပြီးနောက် ထွက်ပြေးရန် သူမ၏ ချီစွမ်းအင်ကို အတင်းအဓမ္မ အသုံးပြုခဲ့ပုံ ရသည်။ ထို့နောက် အိုလက်ဂ်နှင့် နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ခြင်းကြောင့် သူမ၏ ဒဏ်ရာများမှာ ဤအခြေအနေအထိ ရောက်ရှိသွားခြင်း ဖြစ်ပေမည်။
အကယ်၍ သူ့ကိုသာ မတွေ့ခဲ့ပါက သူမ သေချာပေါက် သေလုမြောပါး ဖြစ်နေလောက်ပြီ ဖြစ်သည်။
ယဲ့ပုဖန်က ကုသရေး ဆေးလုံးတစ်လုံးကို ထုတ်ယူကာ လန်ချင်းချိုး၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။ ထို့နောက် ကြိုးကြာပျံ ရွှေအပ်များကို ထုတ်ယူကာ ကုသရန်အတွက် အပ်စိုက်ခြင်းကို စတင် ပြုလုပ်တော့သည်။
လန်ချင်းချိုး အိပ်မက်တစ်ခု မက်နေလေသည်။ သူမ လက်ထပ်နေသည်ဟု အိပ်မက်မက်နေပြီး သတို့သားမှာ သူမ၏ အပျိုစင်ဘဝကို ယူဆောင်သွားခဲ့သော ထိုလူပင် ဖြစ်လေသည်။
သူတို့နှစ်ဦး လက်ချင်းတွဲကာ မင်္ဂလာအခန်းထဲသို့ ဝင်သွားကြပြီး အရေးအကြီးဆုံး အပိုင်းသို့ ရောက်လုဆဲဆဲတွင်ပင် သူမ ရုတ်တရက် နိုးလာတော့သည်။
သို့သော် နိုးလာပြီးနောက်တွင်လည်း ခန့်ညားသော မျက်နှာက သူမ၏ အမြင်အာရုံထဲတွင် ရှိနေဆဲပင်။ စောစောက သူမ အိပ်မက်မက်နေတာ မဟုတ်ဘဲ အရာအားလုံးက တကယ်ကြီးများလား။
ယဲ့ပုဖန်က ပြောလိုက်သည်။
"မင်း နိုးလာပြီပဲ။ ဘယ်လိုနေသေးလဲ။ သက်သာရဲ့လား”
လန်ချင်းချိုးက စောင်ပေါ်မှ ထိုင်လိုက်ပြီး သူမကိုယ်သူမ စမ်းသပ်ကြည့်လိုက်သည်။ သူမ ပြင်းထန်စွာ ဒဏ်ရာရထားသည်မှာ ထင်ရှားသော်လည်း ယခုမူ မည်သည့် နာကျင်မှုကိုမျှ မခံစားရတော့ပေ။
သူမ၏ စိတ်နှလုံးများ လေးလံသွားတော့သည်။ သူမ သေသွားခဲ့ပြီလား။
"ရှင် ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ။ ရှင်လည်း သေသွားပြီလား”
သူမကိုယ်သူမ သေသွားပြီဟု ယုံကြည်နေသဖြင့် သူမ၏ လေသံမှာ များစွာ နူးညံ့ ပျော့ပျောင်းသွားလေသည်။
ယဲ့ပုဖန် အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း အနည်းငယ် ပြုံးလိုက်သည်။ "မဟုတ်ပါဘူး... ငါတို့နှစ်ယောက်စလုံး အသက်ရှင်လျက် ကျန်းကျန်းမာမာ ရှိနေပါသေးတယ်။ ငါ မင်းကို ကယ်လိုက်တာပါ”
"ရှင် ကျွန်မကို ကယ်လိုက်တာလား” လန်ချင်းချိုးက သူမ၏ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ ရေကန်တစ်ခု၊ မြက်ခင်းစိမ်းစိမ်းများနှင့် နွေဦးရာသီကဲ့သို့ နွေးထွေးနေပေသည်။
"ရှင်က သေသွားပြီကို။ ဘာလို့ ကျွန်မကို လိမ်နေသေးတာလဲ။ ဒါက နတ်ပြည်လား”
သူမ၏ မှတ်ဉာဏ်ထဲတွင် သူမ မသေသေးလျှင်တောင်မှ အေးခဲနေသော မြောက်ဝင်ရိုးစွန်း ရေခဲပြင်ကြီးထဲတွင်သာ ရှိနေရမည် ဖြစ်ပြီး ဤကဲ့သို့သော သာယာသည့် နေရာမျိုးတွင် မဟုတ်ချေ။
သူမ သေသွားပြီဟု ယုံကြည်နေသည်ကို မြင်သောအခါ ယဲ့ပုဖန်က သဘောကျသဖြင့် ရယ်မောလိုက်မိသည်။ သူက ရှေ့သို့ တက်သွားကာ လန်ချင်းချိုး၏ မျက်နှာကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်၍ နဖူးကို နမ်းလိုက်လေသည်။
ထိုအခိုက်အတန့်၌ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံး လျှပ်စစ်စီးသွားသကဲ့သို့ ခံစားလိုက်ရပြီး နှလုံးခုန်နှုန်းများ အဆများစွာ မြန်ဆန်လာကာ ပါးပြင်များ ပူနွေးလာပြီး သွေးထွက်မတတ် နီရဲသွားတော့သည်။
"ရှင် ဘယ်လိုလုပ်ပြီး ဒီလိုလုပ်ရတာလဲ။ မြန်မြန် လွှတ်စမ်း”
သူမက ယဲ့ပုဖန်ကို တွန်းထုတ်လိုက်သည်။
"ဘယ်လိုလဲ။ အခုတော့ မင်း အသက်ရှင်လျက် ကျန်းကျန်းမာမာ ရှိနေသေးတယ်ဆိုတာ သိသွားပြီ မဟုတ်လား”
"အာ..."
ထိုအခါမှသာ စောစောက ခံစားမှုများ အားလုံးမှာ အစစ်အမှန် ဖြစ်ကြောင်း လန်ချင်းချိုး သိရှိသွားတော့သည်။ ယဲ့ပုဖန်က သူမကို တကယ် နမ်းခဲ့ပြီး သူမ အမှန်တကယ် အသက်ရှင်နေသေးသည်။
"ဒါဆို ငါတို့ မသေသေးဘူးပေါ့”
"ဒါပေါ့ မသေသေးပါဘူး။ ငါ မင်းကို ကယ်ခဲ့တာလေ”
လန်ချင်းချိုးက သူမ၏ ခန္ဓာကိုယ်ကို ကြည့်ကာ မယုံနိုင်စွာဖြင့် ပြောလိုက်သည်။ "ဒါဆို ကျွန်မရဲ့ ဒဏ်ရာတွေကရော”
"ငါ့ရဲ့ ဆေးပညာက အရမ်းကောင်းတယ်လို့ ငါ ပြောထားသားပဲ။ ငါ ကုပေးလိုက်တာပေါ့”
လန်ချင်းချိုးက မေးလိုက်သည်။
"ကျွန်မ သတိလစ်နေတာ ဘယ်လောက်ကြာပြီလဲ။ ကျွန်မက မြောက်ဝင်ရိုးစွန်း ရေခဲပြင်ကြီးထဲမှာ ရှိနေရမှာ မဟုတ်ဘူးလား။ ပြီးတော့ ဒါက ဘယ်နေရာလဲ”
"ဒါက မြောက်ဝင်ရိုးစွန်း ရေခဲပြင်ကြီးပဲလေ”
ယဲ့ပုဖန်က လက်ကိုမြှောက်၍ အနီးရှိ ရေကန်ကို ညွှန်ပြလိုက်သည်။ "ကြည့်... ဒါ မင်းရှာနေတဲ့ သန့်စင်စမ်းရေ ပဲ”
"သန့်စင်စမ်းရေလား။ ကျွန်မ တကယ်ပဲ သန့်စင်စမ်းရေဆီကို ရောက်လာတာလား။ ရှင် ကျွန်မကို လိမ်နေတာတော့ မဟုတ်ပါဘူးနော်”
လန်ချင်းချိုးသည် မူလက အလွန် အေးစက်သော သဘာဝရှိသူ တစ်ဦး ဖြစ်သော်လည်း ယခုအခါတွင်မူ တုန်လှုပ်မှု အများအပြားကို ကြုံတွေ့နေရပေသည်။ သူမ တစ်ကြိမ်သာ သတိလစ်သွားခဲ့ပြီး နိုးလာသောအခါ အရာအားလုံး ပြောင်းလဲသွားခဲ့လေပြီ။
လွန်ခဲ့သည့် ရက်အနည်းငယ်က သူမ အလွန်အမင်း ဒုက္ခရောက်ခဲ့ရသည်။ မည်သည့် ထောက်ပံ့ရေး ပစ္စည်းမျှ မပါဘဲ မြောက်ဝင်ရိုးစွန်း ရေခဲပြင်ကြီးထဲတွင် သုံးရက်တိတိ လှည့်လည် သွားလာနေခဲ့ရသော်လည်း သန့်စင်စမ်းရေ၏ အရိပ်အယောင်ကိုမျှ မတွေ့ခဲ့ရပေ။
ယဲ့ပုဖန်က အနည်းငယ် ပြုံးကာ ပြောလိုက်သည်။
"ဒါပေါ့... ငါ မင်းကို မလိမ်ပါဘူး။ ဒါက သန့်စင်စမ်းရေပါ။ မဟုတ်ရင် မြောက်ဝင်ရိုးစွန်း ရေခဲပြင်ကြီးထဲမှာ ဒီလိုမျိုး ဒုတိယမြောက် နေရာတစ်ခု ရှိလိမ့်မယ်လို့ မင်း ထင်နေလို့လား”
လန်ချင်းချိုးက စမ်းရေကို လက်တစ်ဆုပ်စာ ခပ်ယူကာ ပါးစပ်နားသို့ တေ့လိုက်သည်။ ချက်ချင်းပင် မယုံနိုင်လောက်အောင် လန်းဆန်းသွားသော ခံစားချက်က သူမ၏ ခန္ဓာကိုယ် တစ်ခုလုံး ပြည့်နှက်သွားတော့သည်။
"ဒါ တကယ်ပဲ သန့်စင်စမ်းရေပဲ။ ဆရာသခင်... ကျွန်မ သန့်စင်စမ်းရေကို ရှာတွေ့ပြီ။ ဆရာ့ကို ကယ်နိုင်ပြီ”
***