လန်ချင်းချိုးက ပြောလိုက်သည်။ "ဒီမှာ ကျင့်ကြံနေရင် ဘယ်သူကမှ အစောင့်အရှောက် လုပ်ပေးမှာ မဟုတ်ဘူး။ ပြီးတော့ ဟိုလူတွေကလည်း ကျွန်မတို့ကို မကြာခင် ရှာတွေ့သွားနိုင်တယ်။ နောက်ပြီး ကျွဣ်မရဲ့ ဆရာသခင်ကလည်း သူ့ရောဂါကို ကုဖို့ ကျွန်မ ပြန်အလာကို စောင့်နေတာလေ။ ကျွန်မ ဒီမှာ အကြာကြီး မနေနိုင်ဘူး”
ယဲ့ပုဖန်က ပြန်ပြောလိုက်သည်။ "မင်းရဲ့ အတွင်းဒဏ်ရာတွေက မပျောက်သေးသလို မင်းရဲ့ ကျင့်ကြံမှုတွေကလည်း အပြည့်အဝ ပြန်မကောင်းသေးဘူး။ အခု အပြင်ထွက်ဖို့ဆိုတာ အရမ်း အန္တရာယ်များလိမ့်မယ်။ ဘေးကင်းရေးအတွက်ကတော့ မင်း စိတ်ပူစရာ မလိုပါဘူး။ ငါ ဒီမှာ အစီအရင်တစ်ခု ဖန်တီးထားပြီးသားပါ။ ဘယ်သူမှ ငါတို့ကို ရန်မမူနိုင်ဘူး”
သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် တောင်ကြားအပြင်ဘက်မှ လေကိုခွဲကာ ပြေးလာသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီးနောက် လူဆယ်ယောက်ကျော်ခန့် တောင်ကြားအဝင်ဝတွင် ပေါ်လာတော့သည်။
"သန့်စင်စမ်းရေ… သန့်စင်စမ်းရေ ဒီမှာပဲ… ငါ နောက်ဆုံးတော့ ရှာတွေ့ပြီဟေ့"
စိတ်လှုပ်ရှားစွာ အော်ဟစ်သံများနှင့်အတူ အဝတ်အစား မျိုးစုံ ဝတ်ဆင်ထားကာ အစွမ်းထက်သော အမျိုးသား၊ အမျိုးသမီး တစ်စုသည် တောင်ကြားထဲသို့ ခုန်ဝင်လာကြပြီး သူတို့နှစ်ဦး၏ ရှေ့သို့ ရောက်ရှိလာတော့သည်။
ထိုလူများသည် တောင်ကြားထဲသို့ ဝင်ရောက်လာပြီး သန့်စင်စမ်းရေကန်ကို မြင်လိုက်ရသောအခါ အလွန်အမင်း ဝမ်းသာအားရ ဖြစ်သွားကြကာ အသံမျိုးစုံ ထွက်ပေါ်လာတော့သည်။
"စာတန် စောင်မလို့... ဒါ တကယ်ကြီး သန့်စင်စမ်းရေပဲ။ ငါ နောက်ဆုံးတော့ ရှာတွေ့ပြီ!"
"ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ဒီလောက်များတဲ့ သန့်စင်စမ်းရေ တွေနဲ့ဆိုရင် ငါ့ရဲ့ အနာဂတ် ခွန်အားတွေက ဘယ်လောက်တောင် တိုးတက်လာမလဲ မသိဘူး..."
"တောက်... ဒီရေတွေ အကုန်လုံးက ငါ့အပိုင်ပဲ။ မင်းတို့ထဲက တစ်ယောက်ယောက်မှ လာလုဖို့ မစဉ်းစားနဲ့..."
လူစိမ်း တစ်ယောက်ချင်းစီ၏ မျက်လုံးများထဲတွင် ရူးသွပ်မှုများ ပြည့်နှက်နေပြီး ယဲ့ပုဖန်နှင့် လန်ချင်းချိုးကို လုံးဝ လျစ်လျူရှုကာ သူတို့၏ စိတ်လှုပ်ရှားမှုများကို နည်းမျိုးစုံဖြင့် ဖော်ပြနေကြသည်။
လန်ချင်းချိုးက ယဲ့ပုဖန်ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ သူမ၏ အကောင်းဆုံး အခြေအနေတွင်ပင် ဤမျှလောက် များပြားသော သိုင်းပညာရှင်များကို သူမ အနိုင်ရရန် မျှော်လင့်ချက် မရှိနိုင်ချေ။ သူမ၏ ဒဏ်ရာများ မသက်သာသေးဘဲ ကျင့်ကြံမှုမှာလည်း ယခင်ကထက် ထက်ဝက်ပင် မရှိတော့ပေ။
သူမက တိုးတိုးလေး ကပ်မေးလိုက်သည်။ "ငါတို့ ဘာလုပ်ကြမလဲ။ ဒီလူတွေရဲ့ ကျင့်ကြံမှုက အရမ်းမြင့်တယ်။ ပြီးတော့ အများစုက ငါ့ကို အရင်က ဝိုင်းတိုက်ခိုက်ခဲ့တဲ့ လူတွေပဲ”
"သူတို့ကို ဂရုမစိုက်နဲ့... အရာအားလုံးကို ငါ ကိုင်တွယ်ဖြေရှင်းပါ့မယ်”
ယဲ့ပုဖန်ကမူ အနည်းငယ်မျှပင် အလောတကြီး မဖြစ်ပါချေ။ အပြင်ဘက်တွင် မိုးကြိုးငါးသွယ် မကောင်းဆိုးဝါးနှင် အစီအရင် ကာကွယ်ပေးထားသဖြင့် ကောင်းကင်ဘုရင် ဆင်းလာလျှင်ပင် သူ မကြောက်ပါချေ။
လန်ချင်းချိုးက ခေါင်းညိတ်ပြလိုက်သည်။ အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ သူမထက် သိသိသာသာ ငယ်ရွယ်ပြီး ကျင့်ကြံမှုမှာလည်း သူမထက် မသာလွန်လှသည့် ယဲ့ပုဖန် ဟူသော လူငယ်လေးသည် သူမအား ကြီးမားသော လုံခြုံမှု ခံစားချက်ကို ပေးစွမ်းနိုင်နေဆဲပင်။
ထိုအချိန်တွင် စိတ်လှုပ်ရှားနေသော လူအုပ်ကြီးသည် သူတို့နှစ်ဦးကို နောက်ဆုံး၌ သတိပြုမိသွားကြသည်။ စစ်ဆင်ကြီး ကာဆိုက လန်ချင်းချိုးကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားပြီး အံ့ဩတုန်လှုပ်စွာ အော်ဟစ်လိုက်တော့သည်။
"တရုတ်မ... မင်း မသေသေးဘူးလား”
သူတို့၏ အမြင်တွင် မဟာမှော်ဘုရင် အိုလက်ဂ်၏ ပစ်မှတ်ထားခြင်းကို ခံရသော အမျိုးသမီးတစ်ဦးမှာ အသက်ရှင်ရန် မျှော်လင့်ချက် လုံးဝ မရှိနိုင်ချေ။ ထို့ကြောင့် လန်ချင်းချိုးကို ထပ်မံ မြင်တွေ့လိုက်ရသောအခါ ထိုလူများအားလုံး၏ မျက်နှာတွင် အံ့ဩဘရဲ အမူအရာများ ပေါ်ထွက်လာတော့သည်။
ယဲ့ပုဖန်က ပြန်ပြောလိုက်သည်။
"မင်း သေရင်တောင် သူမကတော့ သေမှာ မဟုတ်ဘူး”
"ကောင်လေး... မင်းက ငါ့ကို ဒီလို ပြောရဲတယ်ပေါ့လေ။ မင်းကို ငါ ရိုက်သတ်ပစ်မယ်ဆိုတာ မယုံဘူးလား”
ကာဆိုသည် သူ၏ ထွားကြိုင်းလှသော ခန္ဓာကိုယ်ကြီးကို ယိမ်းထိုးလျက် ရှေ့သို့ တစ်ဟုန်ထိုး ပြေးဝင်လာတော့သည်။ သူ၏ အထင်တွင် လန်ချင်းချိုးမှာ မသေသေးလျှင်ပင် ပြင်းထန်စွာ ဒဏ်ရာရနေပြီး ယဲ့ပုဖန်ကိုမူ သူက ခြိမ်းခြောက်မှုတစ်ခုအဖြစ်ပင် မယူဆပါချေ။
အခြားသူများကလည်း ထိုနည်းတူပင် တွေးတောနေကြသည်။ ယဲ့ပုဖန် တစ်ယောက် ရက်စက် ကြမ်းကြုတ်လှသော စစ်ဆင်ကြီး ကာဆိုကို ရင်ဆိုင်နိုင်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားကြပေ။
ယာမာမိုတို ဆိုဂျီကလည်း စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။
"ကာဆို... ဒီကောင့်ကို အခု မသတ်နဲ့ဦး။ ပြီးမှ ငါကိုယ်တိုင် သူ့ကို အစိမ်းလိုက် နှိပ်စက်ဦးမှာ”
"စိတ်မပူပါနဲ့... သူ့ရဲ့ ခြေလက်တွေကိုပဲ ငါ ချိုးထားလိုက်မယ်။ သူ့ရဲ့ အသက်လေးကိုတော့ ခဏလောက် ချန်ထားပေးပါ့မယ်”
ကာဆိုက အရူးအမူး ရယ်မောလိုက်ပြီး ယဲ့ပုဖန်၏ လည်ပင်းကို ဖမ်းညှစ်ရန် ယပ်တောင်အလား ကြီးမားသော သူ၏ လက်ကြီးကို ဆန့်ထုတ်လိုက်သည်။ သို့သော် သူ၏ ရယ်မောသံ မဆုံးမီမှာပင် သူ၏ မျက်စိရှေ့၌ အလင်းတစ်ချက် လင်းလက်သွားပြီးနောက် သူ၏ လက်ပေါ်တွင် အသားစိုင်များ စုတ်ပြဲသွားသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရတော့သည်။
သူ့၏ အမွေးအမှင်များ ထူထပ်နေသော လက်ဖဝါးကြီးမှာ ဒုတ်ခနဲ အသံနှင့်အတူ မြေပြင်ပေါ်သို့ ပြတ်ကျသွားပြီး ကြက်သီးထဖွယ် သွေးစက်များမှာ ဖျန်းခနဲ ပန်းထွက်လာတော့သည်။
ကာဆိုသည် မြေကမ္ဘာအဆင့် အလယ်ပိုင်း ကျင့်ကြံမှုသာ ရှိသဖြင့် ယဲ့ပုဖန်အတွက်မူ ခြိမ်းခြောက်မှု တစ်ခု အဖြစ်ပင် မယူဆနိုင်ပါချေ။ သူသည် အစီအရင်ကိုပင် အသုံးမပြုဘဲ ဓားတစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ကာဆို၏ လက်ကို အပြတ်ပိုင်းပစ်လိုက်ခြင်း ဖြစ်ပေသည်။
"အား..."
ကာဆိုက တောနွားရိုင်းတစ်ကောင်အလား နာကျင်စွာ အော်ဟစ်လိုက်ရာ ကျယ်လောင်လှသော အသံလှိုင်းများကြောင့် တောင်ကြား တစ်ခုလုံး တုန်ခါသွားသကဲ့သို့ ထင်မှတ်ရလေသည်။
သူ၏ နောက်ဘက်တွင် ရပ်ကြည့်နေကြသော လူများလည်း အံ့အားသင့်သွားကြသည်။ ကာဆိုသည် သူတို့ကြားတွင် အစွမ်းထက်ဆုံး သိုင်းပညာရှင် မဟုတ်သော်လည်း သူ၏ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်မှာမူ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။
သာမန် ဓား၊ လှံ၊ လက်နက်များက သူ့အား ဒဏ်ရာရအောင် မလုပ်နိုင်သော်လည်း ဤလူငယ်လေးကမူ ခြေလှမ်း တစ်လှမ်းအတွင်းမှာပင် သူ၏ လက်တစ်ဖက်ကို ဖြတ်တောက်ပစ်လိုက်ခြင်း ဖြစ်သည်။
ယဲ့ပုဖန်က လက်ကောက်ဝတ်ကို တစ်ချက် လှည့်လိုက်ရာ နောက်ထပ် ဓားအလင်းတန်းတစ်ခု လင်းလက်သွားပြီး ကာဆို၏ လည်ချောင်းကို တိုက်ရိုက် လှီးဖြတ်လိုက်ကာ သူ့အား ကန်ထုတ်လိုက်တော့သည်။
ဤသို့ဖြင့် အနောက်တိုင်း မြေအောက်လောကတွင် နာမည်ကျော်ကြားလှသော စစ်ဆင်ကြီး ကာဆိုမှာ ဤနေရာတွင်ပင် လွယ်လွယ်ကူကူ သေဆုံးသွားခဲ့ရလေသည်။
"ဒီကောင့်ရဲ့ ဓားက တကယ့်ကို ကောင်းတဲ့ပစ္စည်းပဲ... ငါ့အပိုင် ဖြစ်ရမယ်”
"ငါနဲ့ လာမလုနဲ့... ငါလည်း အဲဒီဓားကို မျက်စိကျနေတာ။ အပြင်ကိုသာ ယူသွားနိုင်ရင် အနည်းဆုံး ဒေါ်လာ သန်းချီပြီး ရောင်းရမှာ..."
အနောက်တိုင်း မြေအောက်လောကသည် မူလကတည်းက သွေးစွန်းနေသော နေရာတစ်ခု ဖြစ်ပေသည်။ ဤလူများသည် အသက်ကို တန်ဖိုးထားလေ့မရှိသဖြင့် ကာဆို သေဆုံးသွားခြင်းကို သူတို့က လုံးဝ ဂရုမစိုက်ကြပါချေ။ အများစုက ယဲ့ပုဖန် လက်ထဲရှိ နဂါးစွယ်ဓားကိုသာ အငမ်းမရ စိုက်ကြည့်နေကြတော့သည်။
ယာမာမိုတို ဆိုဂျီသည် ယဲ့ပုဖန်ကို အလွန်အမင်း မုန်းတီးနေသော်လည်း သူက အလွန် ပါးနပ်လှသည်။ လန်ချင်းချိုးက ယဲ့ပုဖန်၏ ဘေးတွင် ရပ်နေသဖြင့် သူက ရှေ့သို့ တစ်ဟုန်ထိုး မတိုးရဲသေးပါချေ။
"အားလုံးပဲ... လာမလုကြပါနဲ့ဦး။ ဒီတရုတ်က မောင်လေးက ငါ့အပိုင်ပဲ... ငါ သူ့ကို တစ်စစီ ဝါးစားပစ်ချင်လို့”
ထိုစဉ် အလွန်အမင်း ညို့ဓာတ်ပြင်းထန်သော အမျိုးသမီးတစ်ဦးက စကားပြောရင်း တောင်ကြားထဲ လမ်းလျှောက်ဝင်လာလေသည်။ သူမက အရပ်ရှည်ပြီး လမ်းလျှောက်နေပုံမှာ နွဲ့နှောင်းနေသော မြွေလှလှလေး တစ်ကောင်အလားပင်။
အနောက်တိုင်း မြေအောက်လောက၏ အဆင့် ၉ နေရာတွင်ရှိသော သိုင်းပညာရှင် မြွေမိန်းကလေး ဖိလီ။
သူမက သူမ၏ သွေးနီရောင် လျှာကြီးကို ထုတ်၍ နှုတ်ခမ်းကို လျက်လိုက်ရင်း ယဲ့ပုဖန်ကို အစာရှာနေသည့် မြွေတစ်ကောင်အလား အငမ်းမရ ကြည့်လိုက်သည်။
"မောင်လေး... ဟိုအပြစ်ကင်းစင်ဟန်ဆောင်နေတဲ့ ကောင်မလေးနဲ့ ကစားတာက ဘာပျော်စရာရှိမှာလဲ။ အခုကစပြီး ငါနဲ့ပဲ ကစားရအောင်။ မောင်လေးကို ဒီလောကမှာရှိတဲ့ သာယာမှုအားလုံးကို ပေးစွမ်းပြီး နတ်ဘုရား တစ်ပါးလို ပျော်ရွှင်သွားစေရမယ်လို့ ငါ အာမခံပါတယ်”
ထိုစကားကို ကြားသောအခါ နောက်ဘက်ရှိ လူအုပ်ကြီးထံမှ ရယ်မောသံများ ထွက်ပေါ်လာတော့သည်။ "ဖိလီ... နင် သတိထားဦးနော်။ လည်ချောင်းမှာ အရိုးစူးနေဦးမယ်”
"စိတ်မပူပါနဲ့... ငါ့ရဲ့ သွားတွေက အရမ်းသန်မာပါတယ်”
ယဲ့ပုဖန်က ကာဆိုကို သတ်လိုက်သော်လည်း ဖိလီကမူ ၎င်းကို စိတ်ထဲမထားပါချေ။ တစ်ဖက်လူမှာ သူ၏ လက်ထဲရှိ ဓားကြောင့်သာ သတ်နိုင်ခြင်း ဖြစ်ပြီး အစစ်အမှန် ခွန်အားမှာ သူမထက် မသာလွန်နိုင်ဟု သူမ ထင်မှတ်နေပေသည်။
သူမတွင်လည်း ထိုသို့ ယုံကြည်နိုင်လောက်သော ခွန်အား ရှိလေသည်။ သူမ၏ ကျင့်ကြံမှုမှာ မြေကမ္ဘာအဆင့် ပြည့်စုံခြင်း သိုင်းပညာရှင် တစ်ဦးနှင့် တန်းတူ ရှိပေသည်။ သိုင်းပညာရှင်များစွာ ရှိလှသော အနောက်တိုင်း မြေအောက်လောကတွင်ပင် သူမအား မည်သူမျှ လျှော့မတွက်ရဲကြပါချေ။
စကားပြောနေရင်း သူမက ညို့ဓာတ်ပြင်းလှသော အမူအရာဖြင့် ရှေ့သို့ လျှောက်လာလေသည်။ သူမ၏ လှုပ်ရှားမှုများမှာ ဝမ်းဗိုက်ကသိုင်း ကနေသည့်အလားပင် လှုပ်ရွနေ၏။
သူမ၏ အပိုအလို မရှိလှသော ကိုယ်လုံးကိုယ်ပေါက်မှာ ဟိုဘက်ဒီဘက် ယိမ်းနွဲ့နေပြီး ခြေလှမ်းတိုင်း၌ သူမ၏ သေးကျဉ်လှသော ခါးလေးနှင့် စွင့်ကားလှသော တင်ပါးများက ကြီးမားလှသော ဆွဲဆောင်မှုများကို ပေးစွမ်းနေပေသည်။
သူမ၏ ရွှေရောင် မျက်လုံးအစုံက ယဲ့ပုဖန်ကို ကစားစရာတစ်ခုအလား အငမ်းမရ စိုက်ကြည့်နေတော့သည်။
"မောင်လေး... လာပါ။ အစ်မက မစောင့်နိုင်တော့ဘူး”
ဤအမျိုးသမီးက ယဲ့ပုဖန်ကို ဖျားယောင်းရန် ကြိုးစားနေသည်ကို မြင်လိုက်ရသောအခါ လန်ချင်းချိုး တစ်ယောက် အလွန်အမင်း နေရထိုင်ရ ခက်သလို ခံစားလိုက်ရပြီး သူမ၏ ကျောဘက်မှ ဓားကို ဆွဲထုတ်လိုက်သည်။
"ငါပဲ ကိုင်တွယ်လိုက်မယ်”
"မလိုဘူး... မင်းက ဒီအတိုင်းပဲ ကြည့်နေပေးပါ”
ယဲ့ပုဖန်က လန်ချင်းချိုးကို တားဆီးလိုက်ပြီးနောက် ဖိလီကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။ "ထွက်သွားမလား... ဒါမှမဟုတ် သေမလား”
"မောင်လေးက တကယ့်ကို သတ္တိရှိတာပဲ။ ငါကလည်း ဒီလို အရိုင်းဆန်တဲ့ အမျိုးသားမျိုးကိုမှ သဘောကျတာ။ လာပါ... ငါတို့ အတူတူ ကစားကြရအောင်”
ဖိလီ စကားပြောအပြီးတွင် သူမ၏ မြွေတစ်ကောင်အလား နွဲ့နှောင်းနေသော ခန္ဓာကိုယ်ကို တွန့်လိမ်လျက် ယဲ့ပုဖန်ထံသို့ ခုန်အုပ်လိုက်တော့သည်။
"မင်းက ကစားချင်တယ်ဆိုမှတော့... ငါ မင်းကို စိတ်လှုပ်ရှားစရာ တစ်ခုခုနဲ့ ကစားခိုင်းရမှာပေါ့”
ယဲ့ပုဖန်၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။ သူက မြေပြင်ကို ခြေဖျားနှင့် ခပ်ဖွဖွလေး တစ်ချက် နင်းလိုက်သည်နှင့် တစ်ပြိုင်နက် မိုးကြိုးငါးသွယ် မကောင်းဆိုးဝါးနှင် အစီအရင်က အသက်ဝင်လာတော့သည်။
ကြီးမားလှသော ဖိအားကြီးတစ်ခုနှင့်အတူ ထူထပ်လှသော မြူခိုးများက ရေကန်ကို ဗဟိုပြု၍ မီတာတစ်ရာ ပတ်လည်ကို လုံးဝ လွှမ်းခြုံသွားလေသည်။
တောက်ပလှသော ကောင်းကင်မိုးကြိုးပုတီးစေ့သည် အစီအရင်၏ ဗဟိုချက်တွင် ထွန်းလင်း တောက်ပနေသော နေမင်းငယ်လေး တစ်စင်းအလား ထွက်ပေါ်လာတော့သည်။
ဖိလီ တစ်ယောက် ဘာတွေ ဖြစ်ပျက်နေသည်ကို နားမလည်နိုင်သေးမီမှာပင် ကြက်ဥတစ်လုံးခန့် အချင်းရှိသော မိုးကြိုးလျှပ်စီးတန်းတစ်ခုက သူမ၏ မျက်စိရှေ့တွင် ရုတ်တရက် ပေါ်လာလေသည်။
ကျယ်လောင်လှသော ‘ဘုန်း’ ဟူသည့် ပေါက်ကွဲသံနှင့်အတူ အလွန်အမင်း စွမ်းအားကြီးလှသော မိုးကြိုးသည် အစီအရင်ထဲမှနေ၍ သူမအား တိုက်ရိုက် ရိုက်ချလိုက်ရာ သူမမှာ မီတာပေါင်းများစွာ ဝေးရာသို့ လွင့်စင်သွားတော့သည်။ သူမ မြေပြင်ပေါ်သို့ ပြန်လည် ကျရောက်လာချိန်တွင်တော့ သူမ၏ ခန္ဓာကိုယ်မှာ မီးကျွမ်းထားသော ကျောက်မီးသွေးတုံးကြီး တစ်ခုအလား မည်းမှောင်နေသလို အသက်ဓာတ်လည်း ကင်းမဲ့နေချေပြီ။
***