လူတိုင်းသည် စောစောက ကာဆို အသတ်ခံလိုက်ရစဉ်ကထက် ပို၍ပင် ထိတ်လန့် တုန်လှုပ်သွားကြသည်။
ပထမအချက်မှာ အနောက်တိုင်း မြေအောက်လောကစာရင်းတွင် အဆင့် ၉ နေရာ၌ ရှိသော မြွေမိန်းကလေး ဖိလီသည် ကာဆိုထက် ပို၍ အစွမ်းထက်သော်လည်း တစ်ဖက်လူ၏ တိုက်ကွက် တစ်ချက်ကိုပင် မခုခံနိုင်ဘဲ သေဆုံးသွားခြင်း ဖြစ်သည်။
ဒုတိယအချက်မှာ သေဆုံးသွားပုံမှာ အလွန်ပင် ထူးဆန်းလွန်းလှသည်။ တစ်ဖက်လူက လေဟာနယ်ထဲမှ နေ၍ မိုးကြိုးများကို မည်သို့များ ခေါ်ယူလိုက်သနည်း။ ၎င်းကို မည်သို့ ပြုလုပ်လိုက်သနည်း။
ထို့အပြင် ယခုလေးတင် ရာသီဥတုက ကောင်းမွန်နေခဲ့သော်လည်း ရုတ်တရက်ဆိုသလို ထူထပ်လှသော မြူခိုးများ အဘယ်ကြောင့် ပေါ်ထွက်လာပြီး ဤမျှ ကျဉ်းမြောင်းသော နေရာလေးတွင် စုစည်းနေရသနည်း။
တရုတ်လူမျိုး နှစ်ဦးမှာကော မည်သည့် နေရာသို့ ရောက်သွားကြသနည်း။
"တောက်... ဒါ အစီအရင်ပဲ။ စက်ဆုပ်စရာကောင်းတဲ့ တရုတ်တွေရဲ့ အစီအရင်ပဲ”
ယာမာမိုတို ဆိုဂျီက ပထမဆုံး တုံ့ပြန်လိုက်သူ ဖြစ်သည်။ သူသည် ယခင်က နဂါးပိတ်ဖမ်း အစီအရင်တွင် ဒုက္ခရောက်ဖူးသဖြင့် ယဲ့ပုဖန်၏ အစီအရင်အတတ် ကျွမ်းကျင်မှုကို ကောင်းစွာ သိရှိထားပေသည်။
တစ်ချိန်တည်းမှာပင် သူသည် စောစောက ရမ်းသန်း၍ မတိုက်ခိုက်မိခြင်းအတွက် တိတ်တဆိတ် ဝမ်းသာမိသွားသည်။ မဟုတ်ပါက ယခု သေဆုံးနေသူမှာ သူကိုယ်တိုင် ဖြစ်နေလောက်ပေပြီ။
အစီအရင်ကြီး၏ အတွင်းဘက်တွင်တော့ လန်ချင်းချိုးမှာလည်း အံ့အားသင့်နေမိသည်။ အပြင်ဘက်တွင် ထူထပ်သော မြူခိုးများ ဖုံးလွှမ်းနေသော်လည်း အတွင်းဘက်မှာတော့ ကြည်လင် လန်းဆန်းနေပြီး မြူမှုန်တစ်စမျှပင် မရှိချေ။
ထို့အပြင် အပြင်ဘက်တွင်ရှိသော လူများ၏ တုံ့ပြန်မှုများကိုလည်း သူမ အတိုင်းသား မြင်တွေ့နေရပေသည်။
"ရှင်က တကယ်ပဲ အစီအရင်ဆရာ တစ်ယောက်လား”
သူမက ယဲ့ပုဖန်ကို အံ့ဩတုန်လှုပ်သော အမူအရာဖြင့် ကြည့်လိုက်သည်။ သူနှင့် ပတ်သက်နေသည့် အချိန် ကြာလာလေလေ၊ ဤအမျိုးသားမှာ ပို၍ ပို၍ ခန့်မှန်းရခက်လေလေ ဖြစ်ကြောင်း သူမ တွေ့ရှိလာရသည်။
ယဲ့ပုဖန်က အနည်းငယ် ပြုံးကာ ပြောလိုက်သည်။
"ဟုတ်တယ်လို့ ပြောလို့ ရသလို မဟုတ်ဘူးလို့လည်း ပြောလို့ ရတယ်... အစီအရင်တွေအကြောင်း နည်းနည်းပါးပါး နားလည်ရုံသက်သက်ပါ”
"ရှင့်ဘက်က ကြိုတင်ပြင်ဆင်ထားလို့ တော်သေးတာပေါ့။ မဟုတ်ရင် တကယ့်ကို ဒုက္ခရောက်မှာ"
ထို့နောက် လန်ချင်းချိုးက မေးလိုက်သည်။ "ရှင့်ရဲ့ အစီအရင်က ဘယ်လောက်အထိ ခံမှာလဲ”
ယဲ့ပုဖန်က ပြောလိုက်သည်။
"ငါကိုယ်တိုင် ဒီအစီအရင်ထဲမှာ ရှိနေပြီး အစီအရင်ကြီး လည်ပတ်မှုကို ထိန်းချုပ်နေသရွေ့တော့ ဒါကို အကန့်အသတ်မရှိ ထိန်းထားလို့ ရပါတယ်”
မိုးကြိုးငါးသွယ် မကောင်းဆိုးဝါးနှင် အစီအရင်၏ စွမ်းအားက သူ့ကိုပင် အံ့အားသင့်စေခဲ့သည်။ ကောင်းကင်မိုးကြိုးပုတီးစေ့နှင့် သန့်စင်စမ်းရေကန်တို့၏ ပံ့ပိုးမှုအောက်တွင် ၎င်းသည် အပြင်ဘက်မှာထက် များစွာ ပိုမို အစွမ်းထက်နေပေသည်။ အာကာသအဆင့် အထွတ်အထိပ် သိုင်းပညာရှင် တစ်ဦးနှင့် တွေ့လျှင်ပင် သူ ခံစစ်ကစားနိုင်ပေသည်။
အစီအရင် အပြင်ဘက်တွင်တော့ ပုဆိန်ကြီး တစ်လက်ကို ကိုင်ထားသော အနက်ရောင်ဝတ် လူသန်ကြီး တစ်ဦးက အော်ဟစ်လိုက်သည်။
"ဒါက ဘယ်လို နုံချာတဲ့ အစီအရင်လဲ။ ဒီမြူခိုးတစ်ဆုပ်က ငါ့ကို တားနိုင်မယ်လို့ မင်းတို့ ထင်နေတာလား။ ငါတော့ မယုံဘူးဟေ့”
စကားပြောအပြီးတွင် သူသည် လက်ထဲမှ ပုဆိန်ကြီးကို ဝှေ့ယမ်းလျက် အစီအရင်ထဲသို့ တစ်ဟုန်ထိုး ပြေးဝင်သွားတော့သည်။ သူ အစီအရင်ကြီးထဲသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် နောက်ထပ် အလင်းတန်းတစ်ခု လင်းလက်သွားပြီး ထိုလူသန်ကြီးမှာလည်း မီးကျွမ်းထားသော ကျောက်မီးသွေးတုံးကြီး တစ်ခုအဖြစ် ပြောင်းလဲကာ အပြင်သို့ ပြန်လည် လွင့်ထွက်သွားတော့သည်။
မိုးကြိုးငါးသွယ် မကောင်းဆိုးဝါးနှင် အစီအရင်၏ စွမ်းအားမှာ တကယ့်ကို နာမည်နှင့် လိုက်ဖက်လှပေသည်။
ယခုအခါ လူတိုင်း ဆွံ့အသွားကြပြီး မည်သူမျှ အစီအရင်ထဲသို့ မဆင်မခြင် ဝင်ရောက်ခြင်း မပြုရဲကြတော့ပေ။
ယာမာမိုတို ဆိုဂျီက အော်ပြောလိုက်သည်။
"အားလုံးပဲ... မဆင်မခြင် မလုပ်ကြပါနဲ့။ တရုတ်တွေရဲ့ အစီအရင်က အရမ်းအစွမ်းထက်တယ်။ အထဲကို ဝင်တာက ကိုယ့်အသက်ကို ကိုယ် အလဟဿ စတေးတာနဲ့ တူတူပဲ”
"ဒါပေမဲ့... ငါတို့ နောက်ဆုံးတော့ ဒီနေရာကို ရှာတွေ့ခဲ့တာပဲ။ သန့်စင်စမ်းရေကို ဒီအတိုင်း လက်လွတ်ခံလိုက်လို့ မဖြစ်ဘူး မဟုတ်လား”
"ဟုတ်တယ်... သန့်စင်စမ်းရေ ဆိုတာ ကောင်းကင်နဲ့ မြေကြီးရဲ့ ဝိညာဉ်ပစ္စည်းပဲ။ ဒီတရုတ်နှစ်ယောက်ကို အလကားသက်သက် အကျိုးခံစားခွင့် မပေးနိုင်ဘူး..."
ထိုအချိန်တွင် တစ်စုံတစ်ယောက်က ယာမာမိုတို ဆိုဂျီကို မေးလိုက်သည်။ "မင်းလည်း အရှေ့တိုင်းသားပဲလေ။ ဒီအစီအရင်ကို မင်း မဖျက်နိုင်ဘူးလား”
ယာမာမိုတို ဆိုဂျီက ခေါင်းယမ်းလိုက်သည်။
"ဒါက တရုတ်တွေရဲ့ အစီအရင်ပဲ။ ငါက အဲ့ဒါကို သိပဲ သိတယ်။ မဖျက်ဆီးနိုင်ဘူး”
အတိတ်က သူတို့၏ ဂျပန်ကျွန်းစုသည် တရုတ်နိုင်ငံထံမှ သံရည်ကျိုအတတ်၊ ဆေးပညာနှင့် ဓာတ်ကြီးငါးပါး လွတ်မြောက်ခြင်း အတတ်တို့ကို သင်ယူခဲ့ပြီး နင်ဂျာအတတ်ပညာများကို တီထွင်ခဲ့ကြသော်လည်း အစီအရင်အတတ်ကိုမူ သူတို့ ဘာမျှ မသိရှိကြပါချေ။
"ဒါဆို ငါတို့ ဘာလုပ်ကြမလဲ။ ဒီမှာပဲ ထိုင်စောင့်နေလို့တော့ မဖြစ်ဘူးလေ”
ထိုလူများ ဆွေးနွေးနေကြစဉ်မှာပင် နောက်ထပ် ကိုယ်ရိပ်နှစ်ခု တောင်ကြားအဝင်ဝတွင် ရုတ်တရက် ပေါ်လာပြန်သည်။
ရှေ့မှ လျှောက်လာသူမှာ အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ မျက်နှာတစ်ခုလုံးကို ဝတ်ရုံဦးထုပ်ဖြင့် လုံးဝ နီးပါး ဖုံးအုပ်ထားလေသည်။ သူ၏ လက်ထဲတွင် အနက်ရောင် လခြမ်းကွေးဓားကြီး တစ်လက်ကို ကိုင်ထားပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှ ကြောက်မက်ဖွယ် ကောင်းသော သတ်ဖြတ်ခြင်း အငွေ့အသက်များ ထွက်ပေါ်နေပေသည်။
သေမင်းတမန် ဟောင်းဝပ်…
အနောက်တိုင်း မြေအောက်လောက စာရင်း၏ ထိပ်ဆုံး အဆင့်တွင် ရှိသူ ဖြစ်သည်။
သူ၏ နောက်မှ လိုက်ပါလာသူမှာ အသားမည်းမည်း လူတစ်ယောက်ဖြစ်ပြီး သိပ်ပြီး လူကောင် မကြီးလှသော်လည်း ခေါင်းတစ်ခုလုံးတွင် ကျစ်ဆံမြီးသေးသေးလေးများ ကျစ်ထားကာ သူ၏ မျက်လုံးများမှာ အလွန် စူးရှပြီး လျင်မြန်သော ကျားသစ်တစ်ကောင်အလားပင်။
သူက လှံရှည်တစ်လက်ကို ကိုင်ထားပြီး သူ၏ အရှိန်အဝါမှာလည်း အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလေသည်။ သူကား မြေကမ္ဘာစာရင်းတွင် အဆင့် ၂ နေရာ၌ ရှိသော ကျားသစ်နက်ပင် ဖြစ်လေသည်။
ထိုနှစ်ဦးကို မြင်လိုက်ရသောအခါ တောင်ကြားထဲရှိ လူများမှာ ချက်ချင်းပင် အော်ဟစ် အားပေးလိုက်ကြတော့သည်။
"သေမင်းတမန်နဲ့ ဆရာကြီး ကျားသစ်နက်တို့ ရောက်လာပြီဟေ့။ သူတို့သာ ရှိရင် ဒီအစီအရင်ကို သေချာပေါက် ဖျက်ဆီးနိုင်မှာပဲ”
"ဟုတ်တယ်... အဲဒီတရုတ်ကောင်ရဲ့ အစီအရင် ဘယ်လောက်ပဲ အစွမ်းထက်ပါစေ သေမင်းတမန်ကြီးကိုတော့ တားနိုင်မှာ မဟုတ်ပါဘူး”
"ပြီးတော့ ပြိုင်ဘက်ကင်း ဆရာကြီး ကျားသစ်နက်လည်း ရှိသေးတယ်။ သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့ အဲဒီတရုတ်ကောင်လေးကို သတ်နိုင်မှာပါ..."
အနောက်တိုင်း မြေအောက်လောက၏ သိုင်းပညာရှင်များအနေဖြင့် သူတို့သည် ဤလူနှစ်ဦးအပေါ်တွင် ရိုသေကြောက်ရွံ့မှုများ ရှိကြလေသည်။
မြေအောက်လောက စာရင်း၏ ထိပ်ဆုံး သုံးယောက်အနက် မည်သူ့ကိုမဆို ထုတ်ယူကြည့်လိုက်ပါက နာမည်ကျော် သိုင်းပညာရှင်များချည်း ဖြစ်ကြပေသည်။ မဟာမှော်ဘုရင် အိုလက်ဂ် ပျောက်ဆုံးနေခြင်းမှာ နှမြောစရာပင်။ မဟုတ်ပါက သူတို့၏ ခွန်အားမှာ ပို၍ပင် ကြီးမားနေလောက်ပေသည်။
ဤအခိုက်အတန့်တွင် ထိုနှစ်ဦးမှာ ဖြည်းဖြည်းချင်း လျှောက်လှမ်းနေပုံ ပေါက်သော်လည်း သူတို့၏ အမြန်နှုန်းမှာ မယုံနိုင်လောက်အောင် မြန်ဆန်လှပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် လူတိုင်း၏ ရှေ့သို့ ရောက်ရှိလာတော့သည်။
"ဘာတွေ ဖြစ်နေတာလဲ”
သေမင်းတမန်က အသံတိုးတိုးဖြင့် မေးလိုက်သည်။ သူ၏ မျက်လုံးများကို မည်သူမျှ မမြင်ရသော်လည်း လူတိုင်းမှာ စောင့်ကြည့်ခံနေရသကဲ့သို့ ခံစားလိုက်ရသည်။
"သေမင်းတမန်ကြီး... ကျွန်တော်တို့ သန့်စင်စမ်းရေကို ရှာတွေ့ခဲ့ပါတယ်။ အဲဒီရေတွေက ကျွန်တော်တို့အားလုံး သုံးဖို့တောင် လုံလောက်ပါတယ်..."
"သေမင်းတမန်ကြီး... သန့်စင်စမ်းရေကို အခု တရုတ်နှစ်ယောက်က သိမ်းပိုက်ထားပါတယ်။ သူတို့က အစီအရင်တစ်ခု ဖန်တီးထားလို့ ကျွန်တော်တို့ အထဲကို ဝင်လို့ လုံးဝ မရဘူး ဖြစ်နေတာပါ..."
"သေမင်းတမန်ကြီး... ပြီးတော့ အဲဒီတရုတ်ကောင်က စစ်ဆင်ကြီး ကာဆိုနဲ့ မြွေမိန်းကလေး ဖိလီကို သတ်လိုက်ပါတယ်..."
လူများက တစ်ယောက်တစ်ပေါက် ပြောဆိုနေကြပြီး သေမင်းတမန်ကြီး၏ ရှေ့တွင် မျက်နှာရရန် ကြိုးစားနေကြသည်။
"အားလုံး ငြိမ်စမ်း... ပါးစပ်ပိတ်ထားကြ”
သေမင်းတမန်၏ အသံမှာ မကျယ်လောင်သော်လည်း ရောက်ရှိနေသူ အားလုံးအား ဆောင်းတွင်း ရောက်နေသော ပုစဉ်းရင်ကွဲများအလား တုန်လှုပ်သွားစေပြီး ချက်ချင်းပင် ငြိမ်သက်သွားစေတော့သည်။
သူက လက်ကိုမြှောက်၍ ယာမာမိုတို ဆိုဂျီကို ညွှန်ပြလိုက်သည်။
"မင်း ပြောစမ်း။ ဘာတွေ ဖြစ်ခဲ့တာလဲ”
"ဒီလိုပါ ဆရာကြီး..."
ယာမာမိုတို ဆိုဂျီက ဖြစ်ပျက်ခဲ့သမျှ အားလုံးကို အစမှ အဆုံးအထိ ပြန်လည် ပြောပြလိုက်ပြီး နောက်ဆုံးတွင် ပြောလိုက်သည်။
"အဲဒီတရုတ်ကောင်ရဲ့ ကျင့်ကြံမှုက မမြင့်ပေမယ့် ဒီအစီအရင်ကတော့ တကယ်ပဲ ထူးထူးခြားခြား အစွမ်းထက်လှပါတယ်။ ကျွန်တော်တို့ အထဲကို လုံးဝ ဝင်လို့ မရပါဘူး”
"မြူခိုးတစ်ဆုပ်လေးက မင်းတို့ကို ဒီလောက်အထိ ထိတ်လန့်သွားစေတာလား။ မင်းတို့တွေက တကယ်ကို အသုံးမကျတဲ့ လူတွေပဲ”
ကျားသစ်နက်က ခေါင်းကို ခါယမ်းလိုက်ရာ သူ၏ ဦးခေါင်းပေါ်ရှိ ကျစ်ဆံမြီးလေးများမှာ တလှုပ်လှုပ်နှင့် ဖြစ်သွားတော့သည်။
"ငါ အဲဒါကို ဘယ်လို ဖျက်ဆီးမလဲဆိုတာ ကြည့်နေလိုက်”
ကျားသစ်နက်က ပြောရင်း လက်ထဲမှ လှံရှည်ကို မြှောက်ကာ အစီအရင်ကြီးထဲသို့ ပစ်လွှတ်လိုက်လေသည်။
ဤလှံရှည်သည် သူ၏ လက်နက်လည်း ဖြစ်သလို သူ၏ လက်နက်ပုန်းလည်း ဖြစ်သည်ဟု ဆိုရပေမည်။
မြေအောက်လောက စာရင်း၏ နံပါတ်နှစ် နေရာတွင် ရှိသည့် အားလျော်စွာ မြူခိုးများက သူ့အား ပိတ်ဆို့ထားသော်လည်း အစီအရင်ကြီးအတွင်းရှိ အသက်ဓာတ် အရှိန်အဝါကို သူ ခံစားသိရှိနိုင်သဖြင့် လှံရှည်ကို ယဲ့ပုဖန် ရှိနေသည့် နေရာဆီသို့ တိကျစွာ ပစ်လွှတ်လိုက်ခြင်းပင်။
သူ၏ ခွန်အားမှာ အမှန်တကယ်ပင် အလွန်တရာ ကြီးမားလှပေသည်။ လှံရှည်မှာ လျှပ်စီးကြောင်းတစ်ခု အလား လေကို ခွဲသွားသည့် အသံနှင့်အတူ ဟိန်းထွက်သွားပြီး လေဟာနယ်ကိုပင် ဆွဲဖြဲပစ်တော့မည့် အလား ရှိနေပေသည်။
သို့သော်လည်း လှံရှည်မှာ မြူခိုးများနှင့် ထိမိရုံရှိသေးသည်။ အထဲမှနေ၍ ထိုလှံထက် ပို၍ပင် ထူထပ်လှသော မိုးကြိုးလျှပ်စီးတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး လှံရှည်ကို ချက်ချင်းပင် နှစ်ပိုင်း ပိုင်းပစ်လိုက်လေသည်။
"ထန်း..."
လှံရှည်မှာ မိုးကြိုး အပစ်ခံလိုက်ရသဖြင့် အစီအရင် အပြင်ဘက်သို့ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ကျရောက်သွားတော့သည်။ ထိပ်တန်း သံမဏိများဖြင့် သန့်စင်ဖန်တီးထားသည့် ထိုလှံရှည်မှာ ယခုအခါတွင်တော့ သံစုတ်သံပဲ့ တစ်ခုသာ ဖြစ်သွားခဲ့လေပြီ။
"ဒီလောက်တောင် အစွမ်းထက်တာလား”
ကျားသစ်နက်မှာ ထိတ်လန့်သွားလေသည်။ သူတို့အားလုံးမှာ အနောက်တိုင်း မြေအောက်လောကမှ ဖြစ်ကြပြီး အနောက်တိုင်းမှ အစွမ်းထက်သူများနှင့်သာ တွေ့ဆုံဖူးကြရာ အရှေ့တိုင်း အစီအရင်များ အကြောင်းကို ဘာမျှ မသိရှိကြပါချေ။ ယခုမှသာ အရှေ့တိုင်း အတတ်ပညာ၏ အံ့ဩဖွယ်ကောင်းပုံကို သူတို့ သိရှိသွားကြတော့သည်။
သေမင်းတမန် ဟောင်းဝပ်၏ အနက်ရောင် ဝတ်ရုံမှာ အနည်းငယ် တုန်လှုပ်သွားရာ သူသည်လည်း ဤမြင်ကွင်းကြောင့် အံ့အားသင့်သွားကြောင်း ထင်ရှားလှလေသည်။
"တရုတ်လူမျိုး... အပြင်ကို ထွက်ခဲ့ပါ။ ငါတို့ ဒီသန့်စင်စမ်းရေကို အညီအမျှ ခွဲဝေယူနိုင်ပါတယ်။ ခင်ဗျားကို အများဆုံး ဝေစုပေးဖို့လည်း ငါတို့ ခွင့်ပြုနိုင်ပါတယ်”
သေမင်းတမန် ဟောင်းဝပ်က ရှေ့သို့ တည့်တည့် စိုက်ကြည့်ကာ ပြောလိုက်သည်။ ထိုစကားများ ထွက်ပေါ်လာသည်နှင့် ရောက်ရှိနေသူ အားလုံး အံ့အားသင့်သွားကြသည်။
သေမင်းတမန် ဆရာကြီးက အလျော့ပေး စကားပြောသည်ဆိုသည်မှာ ယခင်က လုံးဝ မရှိဖူးသော ကိစ္စပင် ဖြစ်လေသည်။
သေမင်းတမန် ဟောင်းဝပ်ကို သေမင်းတမန် ဟု ခေါ်ဆိုရခြင်း၏ အကြောင်းရင်းမှာ သူ၏ ပြိုင်ဘက်ကင်း ခွန်အားကြောင့် ဖြစ်ကြောင်း သိထားသင့်ပေသည်။ သူသည် အနည်းငယ်မျှ စိတ်အလိုမကျ ဖြစ်ပါက တစ်ဖက်လူကို ချက်ချင်း သတ်ပစ်လေ့ရှိပြီး မည်သည့် ညှိနှိုင်းမှုမျိုးကိုမျှ ပြုလုပ်လေ့ မရှိပေ။
***